← Chapters

အခန်း ၅၈၀

Vol. 42 Ch. 580

အခန်း ၅၈၀

Vol. 42 Ch. 580

အခန်း ( ၅၈၀ ) - ကြိုတင်ပိတ်သိမ်းသွားခြင်း၊ ကွေ့ရွှီးနယ်မြေမှ ထွက်ခွာခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ဧရာမလက်ဝါးကြီး

" နှမြောစရာပဲ "

ကုချန်မှ တိုးညင်းစွာ သက်ပြင်းချလိုက်၏။ အကယ်၍ သူသာ ဤကွေ့ရွှီးနယ်မြေထဲတွင် နောက်ထပ် နတ်ဆိုးဧကရာဇ် အနည်းငယ်ခန့်နှင့် ထပ်တွေ့ခဲ့လျှင် ချူးဧကရာဇ်ကို အောင်နိုင်ခဲ့သကဲ့သို့ သူ၏အောင်မြင်မှုကို ပုံတူကူးကာ အခြားနတ်ဆိုးဧကရာဇ်များကိုပါ သိမ်းသွင်းနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤကွေ့ရွှီးနယ်မြေသည် အသီးခြားဆုံးဖြစ်ပြီး အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေစေကာမူ ပြင်ပကမ္ဘာသို့ သတင်းပေါက်ကြားနိုင်မည်မဟုတ်ပေ။ ဤနေရာတွင် လှုပ်ရှားခြင်းက အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်လေသည်။

သို့သော် အိပ်မက်တို့က လှပသော်ငြား အဖြစ်မှန်ကတော့ ခါးသီးလှသည်။

ကွေ့ရွှီးနယ်မြေသို့လာသော သူ၏ခရီးစဉ်တစ်လျှောက်လုံးတွင် အခြားနတ်ဆိုးဧကရာဇ်များကို သိမ်းသွင်းရန်ဆိုသည်ထား၊ ကုချန်နှင့် သူ၏ လက်အောက်ငယ်သားနှစ်ဦးသည် အခြားနတ်ဆိုးဧကရာဇ်များ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။ တကယ်ကို ဟာလာဟင်းလင်း ဖြစ်နေခဲ့၏။

သို့သော် ပြန်တွေးကြည့်လျှင်လည်း ဒါက ပုံမှန်ပင်ဖြစ်သည်။

ကွေ့ရွှီးနယ်မြေသည် အလွန်ကျယ်ပြောလှပြီး ဝင်ရောက်လာကြသော နတ်ဆိုးဧကရာဇ် အရေအတွက်မှာလည်း လက်ချိုးရေတွက်လို့ရလောက်အောင် နည်းပါးလှ၏။ အကယ်၍ သူတို့သာ တစ်ပါးပါးနှင့် ဆုံတွေ့ခဲ့လျှင် ထိုအရာက အံ့ဖွယ်တစ်ခုပင် ဖြစ်နေလိမ့်မည်။

" ဒီတစ်ခါတော့ ကွေ့ရွှီးနယ်မြေက နည်းနည်းစောပြီး ပိတ်တော့မယ်ထင်တယ် "

ချူးဧကရာဇ်သည် ကျယ်ပြောလှသော လေဟာနယ်ကို မော့ကြည့်ရင်း ရေရွတ်လိုက်၏။

လွန်ခဲ့သောအချိန်ခဏလေးကပင် ချူးဧကရာဇ်၊ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ကုချန်တို့၏ စိတ်နှလုံးထဲတွင် တစ်ခုခုကို တဖြည်းဖြည်းချင်း သိမြင်နားလည်လာခဲ့၏။ ထိုအရာမှာ ကွေ့ရွှီးနယ်မြေကြီး ပိတ်တော့မည် ဟူ၍ပင်။ သူတို့အနေဖြင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာရမည်ဖြစ်ပြီး သို့မဟုတ်ပါက ဤနေရာတွင် ထာဝရပိတ်မိနေကာ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

ကွေ့ရွှီးနယ်မြေ ပိတ်တော့မည့် အချက်ပြမှုကို ခံစားမိလိုက်သောကြောင့်ပင် ကုချန်သည် ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကို အလျင်စလို ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ကွေ့ရွှီးနယ်မြေ မပိတ်မီတွင် ကုချန် လုပ်စရာတစ်ခု ကျန်နေသေးသည်။

သူသည် ဝေလငါးကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော ပျက်စီးနေသည့် စကြာဝဠာဆီသို့ ပြန်သွားခဲ့ပြီး ကတိပေးထားသည့်အတိုင်း ဝေလငါးကြီးကို ခေါ်ထုတ်သွားရန် ရည်ရွယ်ထား၏။

“ ဝူး…! “

ဤပျက်စီးနေသော စကြာဝဠာထဲတွင် ဒဏ်ရာသက်သာအောင် အနားယူနေသည့် ဝေလငါးကြီးသည် ကုချန် ရောက်လာသည်ကို မြင်သောအခါ အံ့အားသင့်မှုနှင့် ဝမ်းသာမှု ရောယှက်နေသော အော်သံတစ်ခုကို ပြုလုပ်လိုက်လေသည်။

ဝေလငါးကြီးသည် ကုချန် သူ့ကို စွန့်ပစ်သွားမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

ကျိန်စာသင့်နေသော ဤနေရာ၏ နေထိုင်မှုအခြေအနေမှာ အလွန်တရာ ကြမ်းတမ်းလှပြီး ၎င်းနေထိုင်ခဲ့သော ဟွမ်သွမ့်ပင်လယ်နှင့် လုံးဝမတူညီပေ။ ဤကွေ့ရွှီးနယ်မြေထဲတွင် ဝေလငါးကြီးမှာ ပျက်စီးနေသော စကြာဝဠာထဲ၌သာ ကျုံ့ကျုံ့လေး ပုန်းအောင်းနေရုံသာတတ်နိုင်ကာ လုံးဝထွက်သွား၍ မရချေ။

အပြင်ဘက်ရှိ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်ကို ကုချန်ကဲ့သို့သော နတ်ဆိုးဧကရာဇ်အဆင့်ရှိသည့် တည်ရှိမှုများသာ ရှင်သန်ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

သူ့အတွက်တော့လော။ ဤပျက်စီးနေသော စကြာဝဠာထဲမှ ထွက်သွားသည့်အခိုက်အတန့်၌ပင် ဘယ်ဆီက တိုက်ခတ်လာမှန်းမသိသော ကပ်ဘေးလေရိုင်းများကြောင့် ၎င်း၏ ခန္ဓာကိုယ်ရော နတ်ဘုရားဝိညာဉ်ပါ လုံးဝ ပျက်သုဉ်းသွားလောက်သည်။

ယခုအခါ ကတိအတိုင်း လာရောက်ကယ်တင်သော ကုချန်ကို မြင်တွေ့လိုက်ရသဖြင့် ဝေလငါးကြီးမှာ သဘာဝကျကျပင် အလွန်တရာ ပျော်ရွှင်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လွတ်မြောက်ရန် မျှော်လင့်ချက်ပင် ဖြစ်သောကြောင့်တည်း။

ဝေလငါးကြီးကို ခေါ်ဆောင်ပြီးနောက် ကုချန်သည် ချူးဧကရာဇ်ကို ကြည့်ကာ မေးမြန်းလိုက်၏။

" ကွေ့ရွှီးနယ်မြေ ပိတ်တော့မယ့် အချက်ပြမှုက ရောက်လာပြီဆိုတော့ နောက်ကျရင် ငါတို့ ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ "

" အရှင်သခင်ကို တင်ပြရရင်... ကျွန်တော်တို့ တိတ်တဆိတ် စောင့်နေဖို့ပဲ လိုပါတယ်… မကြာခင်မှာ ပြင်ပကမ္ဘာကို ဆက်သွယ်ထားတဲ့ လဟာနယ်လမ်းကြောင်းတစ်ခု ပွင့်လာပါလိမ့်မယ်… ကျွန်တော်တို့က အဲ့ဒီလေဟာနယ်လမ်းကြောင်းကို ဖြတ်ပြီး ကွေ့ရွှီးနယ်မြေကနေ ထွက်သွားပြီး နတ်ဆိုးနယ်မြေကို ပြန်သွားရုံပါပဲ "

ချူးဧကရာဇ်မှ ရိုသေစွာဖြင့် အစီရင်ခံလေသည်။

" အဲ့ဒီလေဟာနယ်လမ်းကြောင်းက အရင်တုန်းက ငါတို့ ဒီကွေ့ရွှီးနယ်မြေထဲကို ဝင်လာခဲ့တဲ့နေရာဆီ ပြန်ရောက်သွားမှာပဲလား "

ကုချန်မှ ထပ်မံမေးမြန်းလိုက်၏။

" မဟုတ်ပါဘူး "

ချူးဧကရာဇ်မှ ခေါင်းခါယမ်းကာ ပြန်လည် ဖြေဆိုလိုက်၏။

" ကွေ့ရွှီးနယ်မြေကနေ ထွက်ခွာရမယ့် နေရာက ကျပန်းပါပဲ… ကျွန်တော်တို့က နတ်ဆိုးနယ်မြေရဲ့ ဘယ်နေရာကိုမဆို ရောက်သွားနိုင်ပါတယ်… ဒါပေမယ့် နတ်ဆိုးနယ်မြေရဲ့ နယ်နိမိတ်အတွင်းမှာပဲ အမြဲရှိနေမှာဖြစ်ပြီး တစ်ခြားကောင်းကင်ကမ္ဘာတွေကိုတော့ ရောက်သွားမှာ မဟုတ်ပါဘူး "

ချူးဧကရာဇ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုချန်သည် နောက်ဆုံးတွင် နားလည်သွားသလို အနည်းငယ်လည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့၏။

ဤကွေ့ရွှီးနယ်မြေနှင့် နတ်ဆိုးနယ်မြေတို့ကြားတွင် မည်သို့သော ဆက်နွှယ်မှု ရှိနေသနည်း။

ဝင်ပေါက်က နတ်ဆိုးနယ်မြေထဲမှာ ရှိနေရုံသာမက ထွက်ပေါက်နေရာများကလည်း နတ်ဆိုးနယ်မြေ၏ နယ်နိမိတ်အတွင်းမှာသာ ရှိနေလေသည်။

သို့သော် ကံကောင်းထောက်မစွာပင် ချူးဧကရာဇ်ပြောစကားအရ ထွက်ပေါက်နေရာမှာ မသေချာသော်ငြား နတ်ဆိုးနယ်မြေအတွင်း၌သာ အမြဲရှိနေမည်ဖြစ်သည်။ ယခု ကုချန်အတွက်တော့ သူသည် အဆုံးမဲ့ကမ္ဘာနှင့် အဝေးဆုံးဖြစ်သော နတ်ဆိုးနယ်မြေ၏ တစ်နေရာသို့ ရောက်သွားလျှင်တောင်မှ အဆုံးမဲ့ကမ္ဘာသို့ ပြန်ရန်မှာ မျက်တောင်တစ်ခတ်စာ အချိန်သာ ကြာမြင့်မည်ပင်။

" ဒါပေမယ့် ဒီတစ်ကြိမ် ကွေ့ရွှီးနယ်မြေ ပိတ်သိမ်းမယ့်အချိန်က နည်းနည်းလောလွန်းနေတယ်လို့ ကျွန်တော် ထင်မိတယ် "

ချူးဧကရာဇ်မှ အနည်းငယ် စိုးရိမ်မကင်းသောအသံဖြင့် ပြောဆိုလိုက်၏။

သူသည် ယခင်က ကွေ့ရွှီးနယ်မြေသို့ အကြိမ်အနည်းငယ် ဝင်ရောက်စူးစမ်းဖူးပြီး ထိုသို့စူးစမ်းရာမှတစ်ဆင့် ခြေရာခံရာတွင်အသုံးပြုသည့် 'ချူးထွန်းလင်းခြင်း' ဟုခေါ်သော နတ်ဘုရားအဆင့် ရတနာကို ရရှိခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချူးဧကရာဇ်သည် ကွေ့ရွှီးနယ်မြေ၏ စည်းမျဉ်းများကို ကောင်းကောင်းနားလည်ထားသည်ဟု ယုံကြည်ထားခဲ့သည်။

ကွေ့ရွှီးနယ်မြေ ပွင့်လာသည့် အကြိမ်တိုင်းတွင် အနည်းဆုံး နှစ်ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာအထိ ကြာမြင့်လေ့ရှိသည်။

သို့သော် ယခုတစ်ကြိမ်ကဲ့သို့ 'အလျင်စလို' ပြီးဆုံးသွားသည့် အစဉ်အလာမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။

မှန်ပါသည်။ အလျင်စလို ဖြစ်နေခြင်းပင်။

အဘက်ဘက်မှ ပြန်လည်စဉ်းစားကြည့်လျှင် ဤကွေ့ရွှီးနယ်မြေသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ယခု ပိတ်တော့မည့် အချက်ပြမှု ရောက်လာချိန်အထိ အချိန်မည်မျှ ကြာသွားခဲ့သနည်း။

နှစ်ငါးဆယ်ပင် မပြည့်သေးချေ။

ပုံမှန်အားဖြင့်ဆိုလျှင် ဤအချိန်မှာ ကွေ့ရွှီးနယ်မြေကို အစောပိုင်း စူးစမ်းလေ့လာသည့်ကာလပင် မကုန်ဆုံးသေးသည့် အချိန်ပေ။

သို့သော် ယခုမူ ကွေ့ရွှီးနယ်မြေသည် ပိတ်သိမ်းတော့မည်။

ပွင့်လာချိန်မှ ပိတ်သွားချိန်အထိ ကြာမြင့်ချိန်မှာ အလွန်တိုတောင်းလွန်းလှသဖြင့် အလျင်စလိုဖြစ်နေသည်ဟု ဆိုခြင်းမှာ လုံးဝ ပုံကြီးချဲ့နေခြင်း မဟုတ်ပေ။

" အရင်က ကွေ့ရွှီးနယ်မြေ ဒီလို မြန်မြန်ဆန်ဆန် ပိတ်သွားဖူးတဲ့ အစဉ်အလာမျိုး ရှိခဲ့ဖူးလား "

ကုချန်မှ မေးမြန်းလိုက်၏။

" မရှိခဲ့ဖူးပါဘူး "

ချူးဧကရာဇ် စကားမပြောနိုင်မီ ရှာနာနတ်ဆိုးဧကရာဇ်မှ အလျင်အမြန် ဝင်ရောက်ဖြေဆိုလေသည်။

" လတ်တလော ကွေ့ရွှီးနယ်မြေ ပွင့်ခဲ့တဲ့ အကြိမ်တွေမှာဖြစ်ဖြစ် ရေတွက်လို့မရတဲ့ ကပ်ကမ္ဘာပေါင်းများစွာကဖြစ်ဖြစ် ကွေ့ရွှီးနယ်မြေက ဒီလောက် မြန်မြန်ဆန်ဆန် ပိတ်သွားတဲ့ အစဉ်အလာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး "

ထိုသို့သော အစဉ်အလာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးလော။

ဤစကားကို ကြားသောအခါ ကုချန်၏ မျက်နှာအမူအရာသည် နောက်ဆုံးတွင် အနည်းငယ် ပို၍ လေးနက်တည်ကြည်သွားလေတော့သည်။

ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်ပေါ်လာလျှင် မိစ္ဆာတစ်ကောင်ကောင် ရှိနေတတ်စမြဲပင်။

ယခုတစ်ကြိမ် ကွေ့ရွှီးနယ်မြေ၏ ပုံမှန်မဟုတ်သော ပိတ်သိမ်းမှုက တစ်ခုခု မှားယွင်းနေကြောင်း သဘာဝကျကျပင် ပြသနေသည်။

သို့သော် ဤအပြောင်းအလဲက မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်လာသည်ကိုတော့ ကုချန် လုံးဝမသိခဲ့ချေ။

သူ အစောပိုင်းက သွားရောက်ခဲ့သော ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသော အပိုင်းများနှင့်များ သက်ဆိုင်နေမည်လော။

ဤအခိုက်အတန့်တွင် ကုချန်သည် သူ၏ ပင်မခန္ဓာကိုယ်မှ ယခုလေးတင် စူးစမ်းလေ့လာခဲ့ပြီးဖြစ်သော အဆုံးမဲ့တာအိုသခင်များကို ချိတ်ဆွဲထားသည့် နေရာကို ရုတ်တရက် သတိရလိုက်၏။

အင်မော်တယ်ဧကရာဇ် အလောင်းကောင်များဖြင့် တည်ဆောက်ထားသော တောင်ကြီးကို ကြည့်ခြင်းအားဖြင့် သူ၏ ပင်မခန္ဓာကိုယ် အစောပိုင်းက ဝင်ရောက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် နေရာသည် ဤကွေ့ရွှီးနယ်မြေနှင့် ရှုပ်ထွေးနက်နဲသော ဆက်နွှယ်မှုများ အမှန်တကယ်ပင် ရှိနေကြောင်း ရှင်းလင်းထင်ရှားနေသည်။

သို့သော် ယခုတစ်ကြိမ် ကွေ့ရွှီးနယ်မြေ ရုတ်တရက် စောစီးစွာ ပိတ်သိမ်းသွားခြင်းသည် သူ၏ ပင်မခန္ဓာကိုယ်မှ ယခင်လုပ်ဆောင်ချက်များနှင့် ဆက်စပ်နေခြင်း ရှိမရှိကိုတော့ ကုချန် အပြည့်အဝ မသေချာပေ။

သို့သော် ယခု လောလောဆယ် အတည်ပြုနိုင်သည့် တစ်ခုတည်းသော အရာမှာ ဤကွေ့ရွှီးနယ်မြေမှ အမြန်ဆုံး ထွက်ခွာရန် လိုအပ်နေခြင်းပင် ဖြစ်သည်။

အပြောင်းအလဲ၏ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေကာမူ စောစောထွက်ခွာခြင်းသည် သံသယဝင်စရာမလိုဘဲ အလုံခြုံဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

ထို့ကြောင့် ကွေ့ရွှီးနယ်မြေအထက် ကောင်းကင်ယံတွင် နတ်ဆိုးနယ်မြေနှင့် ဆက်သွယ်ထားသော ရှည်လျားကျဉ်းမြောင်းသည့် လေဟာနယ်အက်ကွဲကြောင်းကြီး ပွင့်လာသောအခါ ကုချန်သည် ချူးဧကရာဇ်၊ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ဝေလငါးကြီးတို့ကို ချက်ချင်းခေါ်ဆောင်ကာ လေဟာနယ်လမ်းကြောင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်၍ ကွေ့ရွှီးနယ်မြေမှ ထွက်ခွာသွားလေတော့သည်။

ကုချန်နှင့် အခြားသူများ လေဟာနယ်အက်ကွဲကြောင်းထဲသို့ ခြေချလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် မူလက သေမင်းတမျှ တိတ်ဆိတ်ငြိမ်သက်နေသော ကွေ့ရွှီးနယ်မြေသည် ရုတ်တရက် ကြီးမားကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။

မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြာဝဠာများသည် ဒေါသတကြီး လှိုင်းထန်နေသော ပင်လယ်ပြင်မှ လှေငယ်လေးများကဲ့သို့ အထက်အောက် လွင့်စင်လူးလွန့်သွားကြသည်။

“ ဘုန်း...! “

ကွေ့ရွှီးနယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်သွားလုမတတ် ဧရာမဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။

ဤကွေ့ရွှီးနယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် အဆုံးအစမရှိ ကြီးမားလှသော ဧရာမလက်ဝါးကြီးများက အရပ်မျက်နှာအသီးသီးမှ ကွေ့ရွှီးနယ်မြေအား ရိုက်နှက်ဆုပ်ကိုင်နေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်။

ထိုဧရာမလက်ဝါးကြီးများ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ စကြာဝဠာများမှာ ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရပြီး ဟွမ်သွမ့်စွမ်းအင်များမှာ ရူးသွပ်စွာ လှိုင်းထန်သွားတော့သည်။

၎င်းတို့ဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် မည်သည့်အရာကမှ ခုခံနိုင်စွမ်းမရှိသလို တားဆီးနိုင်ခြင်းလည်း မရှိချေ။

နောက်ဆုံးတွင် ထိုဧရာမလက်ဝါးကြီးများသည် အဆုံးမရှိသော ပျက်စီးနေသည့် စကြာဝဠာများကြားမှ တစ်စုံတစ်ရာကို ဆယ်ယူလိုက်သကဲ့သို့ ဖြစ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည်ရုပ်သိမ်းသွားလေတော့သည်။

All Chapters