အခန်း ၅၈၆
Vol. 42 Ch. 586
အခန်း ( ၅၈၆ ) - သုံးကြိမ်တိုင်တိုင် လာရောက်ခြင်း၊ ကုချန် ပြန်လည်ရောက်ရှိလာခြင်းနှင့် အကြောင်းရင်းက ဘာများလဲ
အရှင်သခင်၏ စွမ်းအားများ ကြီးထွားလာသည်နှင့်အမျှ ချီလျန်မျိုးနွယ်သည် သူ့အတွက် တဖြည်းဖြည်း အသုံးမဝင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ချီမုန်သည် ဤအချက်ကို ရှင်းလင်းစွာ မြင်တွေ့ထား၏။
ဤအကြောင်းကြောင့်ပင် သူ အနည်းငယ် စိုးရိမ်ပူပန်လာရခြင်းဖြစ်သည်။
အကယ်၍ ချီလျန်မျိုးနွယ်သာ အရှင်သခင်အတွက် အသုံးမဝင်တော့ပါက သူကိုယ်တိုင်လည်း အရှင်သခင့်အတွက် အသုံးမဝင်တော့ဘူးဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ထိုကဲ့သို့သော နေ့ရက်မျိုးကို ချီမုန် လုံးဝ မမြင်တွေ့ချင်ပေ။
နတ်ဆိုးနယ်မြေ နယ်စပ်တွင် အရှင်သခင်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်ကို သူ ပြန်လည်သတိရမိသည်။ အရင်က အရှင်သခင်နှင့် 'တန်းတူ' ရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါတွင် သူ၏ကျောပြင်ကိုပင် မမြင်နိုင်တော့ကြောင်း တွေးမိသောအခါ ချီမုန်၏ရင်ထဲတွင် စိတ်ပျက်အားငယ်မှုတစ်ခု လှိုင်းထန်သွားတော့သည်။
သို့သော် မိခင်ဖြစ်သူ၏ စကားများက သူ့အား ရှေ့ဆက်ရမည့်လမ်းကို ပြသပေးသော လမ်းပြမီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေ၏။
ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် သနားနေခြင်းက အလဟဿသာဖြစ်သည်။ ၎င်းက အရှင်သခင်၏ ရင်ထဲရှိ ချီလျန်မျိုးနွယ်၏ နေရာကိုသာ လျော့ကျသွားစေလိမ့်မည်။
သံပူတုန်း ထုရမည်သာဖြစ်၏။
အရှင်သခင်၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ထူးခြားသော တန်ဖိုးတစ်ခု ပိုင်ဆိုင်ထားရမည်။
ဤအချက်သည် သူ့အတွက်သာမက ချီလျန်မျိုးနွယ်စုတစ်ခုလုံးအတွက်ပါ အကျုံးဝင်ပေသည်။
ဤအရာကို တွေးမိသောအခါ ချီမုန်၏ အကြည့်များမှာ ခိုင်မာသွားလေသည်။ သူသည် လေးနက်စွာ ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။
" အမေ... သမီး နားလည်ပါပြီ "
ချီမုန်၏ ပြတ်သားသော မျက်နှာအမူအရာကို မြင်သောအခါ သမီးဖြစ်သူသည် သူ၏စကားများကို ရင်ထဲရောက်သွားပြီဖြစ်ကြောင်း ချီလျို သိလိုက်ပြီး စိတ်သက်သာရာရစွာ ပြုံးလိုက်၏။
ချီမုန် တစ်ယောက် အကျပ်အတည်းထဲ ပိတ်မိပြီး ကျင့်ကြံခြင်းကို ပစ်ထားမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုမူ သူ၏ ဖျောင်းဖျမှုများက ထိရောက်ခဲ့ပုံရသည်။ သူ၏သမီးသည် ကိုယ့်ကိုယ်ကိုယ် လက်မလျော့ခဲ့ပေ။
သမီးဖြစ်သူ ဆက်လက်၍ ကြိုးစားပမ်းစား ကျင့်ကြံနေလျှင်တောင်မှ နောင်တစ်ချိန်တွင် အရှင်သခင်ကို မီနိုင်ရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း ချီလျို ကောင်းကောင်းသိပါသည်။ သို့သော် သူ့ကို အလုပ်အကျွေးပြုနိုင်ပြီး လက်အောက်ငယ်သားတစ်ယောက်၏ တာဝန်များကို ကျေပွန်နိုင်သရွေ့ လုံလောက်ပြီဖြစ်သည်။
" အမေ… နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်… ထုံထျန်းနတ်ဆိုးတောင်က လူလွှတ်တာ ဒါနဲ့ဆို သုံးကြိမ်ရှိနေပြီ… အရှင်သခင်ကို ထပ်ပြီး ဆက်သွယ်ကြည့်သင့်လား "
ချီမုန်၏ အမေးသံတွင် အနည်းငယ် တွေဝေမှုများ ပါဝင်နေ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က ထုံထျန်းနတ်ဆိုးတောင်မှ လိပ်အိုကြီးသည် ချီလျန်မျိုးနွယ်၏ စခန်းချရာနေရာသို့ နောက်တစ်ကြိမ် ရောက်လာခဲ့ပြီး နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်အရဟုဆိုကာ ကုချန်ကို ထုံထျန်းနတ်ဆိုးတောင်သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။
ယခင်က အတွေ့အကြုံရှိခဲ့ဖူးသဖြင့် ချီလျိုနှင့် အခြားသူများမှာ မည်သည့်သံသယမျှ မရှိခဲ့ပေ။ သို့သော် ကုချန်သည် လွန်ခဲ့သော နှစ်တစ်ရာနီးပါးကတည်းက ကွေ့ရွှီးနယ်မြေသို့ စူးစမ်းလေ့လာရန် ချီလျန်မျိုးနွယ်၏ စခန်းမှ ထွက်ခွာသွားခဲ့သဖြင့် ချီမုန်တို့သည် သူ၏တည်နေရာကို မသိခဲ့ကြချေ။
သို့သော် လိပ်အိုကြီး၏ သိသာထင်ရှားသော အလျင်စလိုဖြစ်နေမှုကို မြင်သောအခါ ချီမုန်နှင့် ချီလျိုတို့ နှစ်ဦးစလုံးသည် နတ်ဆိုးဧကရာဇ်ကြီး၏ ဖိတ်ကြားချက်ကို အချိန်မီ အသိပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ ဝိညာဉ်အမှတ်အသားများမှတစ်ဆင့် ကုချန်ကို ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် ထိုအချိန်က ကုချန်သည် ကွေ့ရွှီးနယ်မြေထဲတွင် စွန့်စားနေခဲ့သဖြင့် ပြင်ပအဆက်အသွယ်များနှင့် လုံးဝ ပြတ်တောက်နေခဲ့၏။ ချီမုန်နှင့် ချီလျိုတို့၏ ခေါ်ဆိုမှုများမှာ သဘာဝကျကျပင် ပင်လယ်ထဲ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ သတင်းအစအနမျှမရဘဲ ပျောက်ကွယ်သွားခဲ့သည်။
ထိုမှ နှစ်နှစ်အကြာတွင် လိပ်အိုကြီးသည် ဒုတိယအကြိမ် ဖိတ်ကြားရန် ရောက်လာခဲ့ပြန်သည်။
ဤအရာက နတ်ဆိုးဧကရာဇ်ကြီးသည် အရှင်သခင်ကို တွေ့ရန် မည်မျှအလျင်စလို ဖြစ်နေကြောင်းကို ချီမုန်နှင့် ချီလျိုတို့အား သဘောပေါက်သွားစေခဲ့၏။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် ဘာကြောင့် အရှင်သခင်ကို ဤမျှ တွေ့ချင်နေရသနည်း။
ချီမုန်နှင့် ချီလျိုတို့မှာ လုံးဝ နားမလည်နိုင်ဖြစ်နေပြီး နတ်ဆိုးဧကရာဇ်ကြီးတွင် အရှင်သခင်နှင့် ဤမျှအလျင်စလို တွေ့ဆုံရန် မည်သို့သော အရေးတကြီးကိစ္စများ ရှိနေသနည်းဆိုတာကို မသိခဲ့ကြပေ။
မည်သို့ပင်ဆိုစေ သူတို့လုပ်နိုင်သောအရာမှာ အရှင်သခင်ကို အမြန်ဆုံး ဆက်သွယ်ပြီး ထုံထျန်းနတ်ဆိုးတောင်သို့ အကြောင်းပြန်ရန်သာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယခင်က နတ်ဘုရားဝိညာဉ်အဆက်အသွယ် ပြုလုပ်ရန် ကျရှုံးခဲ့မှုက ကုချန်သည် အလွန်အန္တရာယ်များသော နေရာတစ်ခုတွင် ရှိနေနိုင်ကြောင်းကို အမျိုးသမီးနှစ်ဦးအား သဘောပေါက်စေခဲ့၏။ ထို့ကြောင့် သူ့ကို အာရုံလွဲသွားစေမည်ကို စိုးရိမ်သဖြင့် မဆင်မခြင် ထပ်မဆက်သွယ်ရဲခဲ့ကြပေ။
ယခုမူ ထုံထျန်းနတ်ဆိုးတောင်မှ ဆင်းသက်လာသော လိပ်အိုကြီးသည် တတိယအကြိမ် ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။
အရှင်သခင်ကို ထပ်ပြီး ဆက်သွယ်ကြည့်သင့်သလား။
ကုချန်ကို စွန့်စားပြီး ထပ်ခေါ်သင့်မခေါ်သင့် ချီလျိုနှင့် ချီမုန်တို့ တွေဝေနေစဉ်မှာပင် ပင်မခန်းမဆောင်အတွင်း လေနုအေးလေးတစ်ခု တိုက်ခတ်သွားခဲ့၏။
နောက်တစ်ခဏတွင် သွယ်လျသော ပုံရိပ်တစ်ခုက ခန်းမဆောင်အတွင်း ပေါ်လာခဲ့လေသည်။
" အရှင်သခင်! "
ခန်းမဆောင်အတွင်း ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို မြင်သောအခါ ချီလျိုသည် ထိုင်ခုံမှ ချက်ချင်းမတ်တတ်ရပ်ကာ ရှေ့သို့ ပြေးသွားလိုက်ပြီး သူ၏ လှပသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
အရှင်သခင် ဟုတ်လား။
မိခင်ဖြစ်သူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသောအခါ ချီမုန်သည် ပထမဆုံး အံ့အားသင့်သွားပြီးနောက် တစ်ခုခုကို သဘောပေါက်သွားပုံရ၏။ သူ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်ကို မြင်လိုက်ရသဖြင့် သူ၏ ရင်ထဲတွင်လည်း တုန်ခါသွားတော့သည်။ သူ၏မိခင် ဘာကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသည်ကို သူ နားလည်သွားပြီး မနေနိုင်စွာ လွှတ်ခနဲပင် အော်လိုက်မိ၏။
" အရှင်သခင်! "
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ကွေ့ရွှီးနယ်မြေမှ ထွက်ခွာလာပြီး အဆုံးမဲ့ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိလာသော ကုချန်ပင် ဖြစ်လေသည်။
" အင်း "
စိတ်လှုပ်ရှားနေသော သားအမိနှစ်ဦးရှေ့တွင် ကုချန်မှာမူ အလွန်အမင်း တည်ငြိမ်နေခဲ့သည်။ သူသည် ရှေ့သို့ အေးဆေးစွာ လျှောက်သွားပြီး ခန်းမဆောင်ရှိ အဓိကထိုင်ခုံတွင် ထိုင်လိုက်ကာ ချီလျိုနှင့် ချီမုန်တို့ကို ငုံ့ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
" ငါမရှိတဲ့အချိန်အတွင်း အဆုံးမဲ့ကောင်းကင်ဘုံမှာ ဘာတွေများ ဖြစ်ခဲ့သေးလဲ "
မည်သို့ပင်ဆိုစေကာမူ ယခု ကုချန်သည် အမည်ခံအားဖြင့် အဆုံးမဲ့ကောင်းကင်ဘုံ၏ အရှင်သခင်ဖြစ်နေပြီဖြစ်ရာ အဆုံးမဲ့ကောင်းကင်ဘုံ၏ အခြေအနေကို မေးမြန်းခြင်းမှာ လုံးဝ ပုံမှန်ကိစ္စပင်ဖြစ်သည်။
" အရှင်သခင်ကို တင်ပြရရင်... အရှင်သခင် မရှိတဲ့အချိန်အတွင်း အဆုံးမဲ့ကောင်းကင်ဘုံက ငြိမ်းချမ်းနေခဲ့ပြီး ကြီးကြီးမားမား ပြဿနာ ဘာမှမရှိခဲ့ပါဘူး "
ချီလျိုမှ အလျင်အမြန် အစီရင်ခံလေသည်။
နောက်နေတာလား။
အရှင်သခင်သည် မကြာသေးမီကမှ အဆုံးမဲ့ကောင်းကင်ဘုံ၏ အရှင်သခင်နေရာသို့ တက်လှမ်းခဲ့ခြင်းဖြစ်ပြီး ထိုဘွဲ့ကို နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင် ပေးသနားခဲ့ခြင်းဖြစ်သည်။ ၎င်းက သူတို့နှစ်ဦးကြား နက်ရှိုင်းသော ဆက်ဆံရေးရှိကြောင်း ရှင်းလင်းစွာ ပြသနေ၏။ ပတ်ဝန်းကျင် ကောင်းကင်ဘုံများအနက် မည်သူက အဆုံးမဲ့ကောင်းကင်ဘုံတွင် ပြဿနာလာရှာရဲမည်နည်း။
အင်မော်တယ်ဘုရင်များသည် ထိုသို့သော မိုက်မဲသည့်အလုပ်မျိုးကို လုပ်မည်မဟုတ်သကဲ့သို့ အင်မော်တယ်ဘုရင်အဆင့်အောက် တည်ရှိမှုများမှာမူ ထိုကဲ့သို့ လုပ်ရဲသည့် သတ္တိ လုံးဝမရှိကြချေ။
" ဒါပေမယ့် ဘာမှမဖြစ်ခဲ့ဘူးလို့ ပြောရင်တော့ လိမ်ရာကျသွားပါလိမ့်မယ်… ရှီမိုကောင်းကင်အရှင် သေဆုံးသွားကတည်းက ရှီမိုကောင်းကင်က အကြွင်းအကျန် အင်အားစုတွေ ရှိနေဆဲပါ… သူတို့က ရှီမိုကောင်းကင်အရှင် မကျဆုံးသေးဘူးလို့ ယုံကြည်ပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေဆဲဖြစ်သလို အဆုံးမဲ့ကောင်းကင်ဘုံရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချဖို့ ကြိုးစားနေတုန်းပါပဲ…..
ဒါပေမယ့် အရှင်သခင် စိတ်ချပါ… ဒီလို ကိစ္စလေးတွေကို ကျွန်မတို့ ဖြေရှင်းနိုင်ပါတယ်… အရှင်သခင် ပူပန်နေစရာ မလိုပါဘူး "
ချီလျိုမှ ဆက်လက် အစီရင်ခံလေသည်။
ရှီမိုကောင်းကင်အရှင် သေဆုံးသွားသော်လည်း ရှီမိုကောင်းကင်၏ အကြွင်းအကျန် အင်အားစုများ ရှိနေဆဲဖြစ်သည်။ ဤကိစ္စများကို ချီလျန်မျိုးနွယ်နှင့် အဆုံးမဲ့ကောင်းကင်ဘုံမှ အထက်တန်းလွှာအသစ်များ ပူးပေါင်းကာ ကောင်းမွန်စွာ ဖြေရှင်းနိုင်ပေ၏။ ကုချန်ထံသို့ ဤကိစ္စကို အစီရင်ခံရခြင်းမှာ ချီလျန်မျိုးနွယ်အတွက် အသိအမှတ်ပြုခံရရန် မဟုတ်ဘဲ အဆုံးမဲ့ကောင်းကင်ဘုံလက်အောက်ရှိ ကိစ္စရပ်အသီးသီးကို ချီလျန်မျိုးနွယ်က ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ကုချန်ကို သိစေရန်သက်သက်သာ ဖြစ်သည်။
ပြီးတော့ ကုချန်ကလည်း ဤကိစ္စများကို အမှန်တကယ်ပင် ဂရုမစိုက်ချေ။ ရှီမိုကောင်းကင်အရှင်၏ အကြွင်းအကျန်များအကြောင်း ဆိုရလျှင် ရှီမိုကောင်းကင်အရှင်သာ ရှင်သန်လာပြီး သူ၏ရှေ့တွင် ပြန်လည်ရပ်တည်လာလျှင်တောင်မှ လက်ရှိ ကုချန်၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ထက် ပို၍ စွမ်းအားကြီးလာမည် မဟုတ်ပေ။
ခုန်ပေါက်နေသော ပုရွက်ဆိတ်လေးများမျှသာဖြစ်ရာ သူ သဘာဝကျကျပင် ဂရုစိုက်နေမည်မဟုတ်ဘဲ ချီလျန်မျိုးနွယ်များကိုသာ ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်မည်ဖြစ်သည်။
" တခြား ဘာများရှိသေးလဲ "
ကုချန်မှ ဆက်၍ မေးမြန်းလိုက်၏။
" အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ ရှိပါသေးတယ် "
ချီလျိုမှ အလျင်အမြန် အစီရင်ခံလိုက်ပြန်၏။
" အရှင်သခင် ထွက်သွားကတည်းက ထုံထျန်းနတ်ဆိုးတောင်က လိပ်အိုကြီး ရောက်လာတာ တတိယအကြိမ် ရှိနေပါပြီ… နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်ကို သယ်ဆောင်လာတာလို့ ဆိုပြီး အရှင်သခင်ကို ထုံထျန်းနတ်ဆိုးတောင်ကို လာဖို့ ဖိတ်ကြားနေပါတယ် "
လိပ်အိုကြီးက သုံးကြိမ်ဆက်တိုက် လာရောက်ပြီး နတ်ဆိုးဧကရာဇ်ကြီးနဲ့ တွေ့ဆုံဖို့ ထုံထျန်းနတ်ဆိုးတောင်ကို ဖိတ်ကြားခဲ့တယ် ဟုတ်လား။
ချီလျို၏စကားကို ကြားသောအခါ ကုချန်မှာ အံ့အားသင့်သွားရကာ မျက်လုံးများထဲတွင် တွေဝေမှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
နတ်ဆိုးဧကရာဇ်ကြီးတွင် သူ့ကို ဤမျှအလျင်စလို ရှာဖွေရလောက်အောင် မည်သည့်ကိစ္စများ ရှိနေသနည်းဆိုတာကို သူလည်း နားမလည်နိုင်ဖြစ်နေတော့သည်။