အခန်း ၅၈၇
Vol. 42 Ch. 587
အခန်း ( ၅၈၇ ) - ကျေးဇူးနှင့် ရန်ငြိုးကို ရှင်းလင်းစွာ ခွဲခြားခြင်း၊ နတ်ဆိုးတောင်သို့ တစ်ဖန်ပြန်တက်ခြင်းနှင့် လိုရင်းကိုသာ တိုက်ရိုက်ပြောခြင်း
ကုချန်သည် ခဏမျှ စဉ်းစားခန်းဝင်သွားသော်လည်း နတ်ဆိုးဧကရာဇ်ကြီးက သူ့အား အဘယ်ကြောင့် ဤမျှ အလျင်စလို ခေါ်ယူချင်နေရသနည်းဆိုသည်ကို အမှန်တကယ်ပင် နားမလည်နိုင်ဖြစ်နေသည်။
ထို့ကြောင့် သူသည် လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
" သွား... အဲ့ဒီ လိပ်အိုကြီးကို ဒီကို ခေါ်လာခဲ့ "
" ဟင် "
ကုချန်၏ အမိန့်ကို ကြားသောအခါ ချီလျိုသည် ပထမဆုံး အံ့အားသင့်သွားပြီးနောက် တွေဝေစွာဖြင့် ပြောဆိုလိုက်၏။
" အရှင်သခင်… အဲ့ဒီလိပ်အိုကြီးက ဘာပဲဖြစ်ဖြစ် နတ်ဆိုးဧကရာဇ်ကြီးရဲ့ တမန်တော်လေ… အရှင်သခင်က သူ့ကို ဒီကို လာခေါ်ခိုင်းတယ်ဆိုရင်... သူ့အပေါ် နည်းနည်း မလေးမစား လုပ်ရာ မကျဘူးလား "
အရှင်သခင်၏ လုပ်ရပ်များမှာ အမှန်တကယ်ပင် အနည်းငယ် ရိုင်းစိုင်းလွန်းသည်ဟု ချီလျို ခံစားလိုက်ရသည်။
အရှင်သခင်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့ကြား ဆက်ဆံရေး မည်မျှပင် ကောင်းမွန်နေပါစေ ဤလိပ်အိုကြီးကို အထင်သေး၍ မရပေ။
ဤလိပ်အိုကြီးသည် နတ်ဆိုးဧကရာဇ်ကြီး အားနည်းစဉ်အချိန်ကတည်းက သူ့နောက်သို့ လိုက်ပါလာခဲ့သူဖြစ်သည်။ အစေခံတစ်ဦးဆိုသည်ထက် သူတို့၏ ဆက်ဆံရေးက ပို၍ ရင်းနှီးပေသည်။
ဤအကြောင်းကြောင့်ပင် နတ်ဆိုးဧကရာဇ်ကြီး၏ ကောင်းကင်ဘုံများစွာမှ အင်မော်တယ်ဘုရင် အားလုံးနီးပါးသည် ဤလိပ်အိုကြီး၏ရှေ့တွင် အလွန်တရာ ရိုသေလေးစားသော သဘောထားကို ထားရှိကြခြင်းဖြစ်သည်။
ဤသည်မှာ လိပ်အိုကြီးကြောင့်သာမက လိပ်အိုကြီးသည် နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။ ဤလိပ်အိုကြီးကို မလေးမစားပြုခြင်းသည် နတ်ဆိုးဧကရာဇ်ကြီးကို မလေးမစားပြုခြင်းပင် ဖြစ်သည်။
ဤအချက်ကို အင်မော်တယ်ဘုရင်တိုင်းနီးပါး ရှင်းလင်းစွာ သိရှိထားကြ၏။
ယုတ္တိရှိရှိ တွေးကြည့်မည်ဆိုလျှင် နတ်ဆိုးဧကရာဇ်ကြီး၏ တမန်တော်ဖြစ်သော နတ်လိပ်ကြီး လာရောက်လည်ပတ်ရာတွင် ယခု အရှင်သခင်က သတင်းစကားကို သိရှိသွားပြီဖြစ်၍ ကိုယ်တိုင် သွားရောက်ကြိုဆိုသင့်ပေသည်။ နတ်လိပ်ကြီးကို ဤနေရာသို့ လာရန် ဆင့်ခေါ်ခြင်းမှာ မည်သို့လျှင် ယုတ္တိရှိပါမည်နည်း။
အကယ်၍ နတ်လိပ်ကြီးသည် ယနေ့ အရှက်ခွဲခံရပါက နောင်တစ်ချိန်တွင် နတ်ဆိုးဧကရာဇ်ကြီးထံ၌ အရှင်သခင်အကြောင်း မကောင်းပြောကောင်း ပြောပေလိမ့်မည်။
ဤလုပ်ရပ်မှာ အမှန်တကယ်ပင် အနည်းငယ် မသင့်လျော်ပေ။ ထို့ကြောင့်ပင် ချီလျိုက သတိပေးရန် ဝင်ပြောခဲ့ခြင်းဖြစ်သည်။
သို့သော် ချီလျို၏ အကြည့်နှင့် ဆုံသောအခါ ကုချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိဘဲ အေးဆေးစွာဖြင့် ပြောဆိုလိုက်၏။
" အဲ့ဒီ လိပ်အိုကြီးကို ဒီကို ခေါ်လာခဲ့လို့ ငါပြောလိုက်တယ်… နားမလည်ဘူးလား "
မည်သို့ပင် စဉ်းစားသည်ဖြစ်စေ ဤလိပ်အိုကြီးကို သူကိုယ်တိုင် သွားရောက်တွေ့ဆုံရန် အကြောင်းပြချက် မရှိချေ။
သူသည် အမည်ခံအားဖြင့် အဆုံးမဲ့ကောင်းကင်ဘုံ၏ အရှင်သခင် ဖြစ်နေသော်လည်း ကုချန်ကမူ သူ့ကိုယ်သူ နတ်ဆိုးဧကရာဇ်ကြီး၏ လက်အောက်ငယ်သားတစ်ဦးအဖြစ် တစ်ခါမျှ သတ်မှတ်ထားခြင်း မရှိခဲ့ပေ။
ထို့အပြင် ယခု သူ၏လက်အောက်တွင် နတ်ဆိုးဧကရာဇ်အဆင့်ရှိ လက်အောက်ငယ်သားနှစ်ဦး ရှိနေပြီး သူကိုယ်တိုင်၏ တိုက်ခိုက်ရေးစွမ်းအားကလည်း သာမန် နတ်ဆိုးဧကရာဇ်များထက် များစွာ သာလွန်နေပြီဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ကုချန်သည် နတ်ဆိုးဧကရာဇ်တစ်ပါး၏ လက်အောက်ငယ်သားရှေ့၌ မည်သို့လျှင် အောက်ကျို့ဟန်ဆောင်နိုင်မည်နည်း။
ကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ ရဲရင့်စွာ ရှေ့သို့တက်လှမ်းပြီး ကြည်လင်ပြတ်သားကာ အနှောင့်အယှက်ကင်းသော စိတ်နှလုံးကို ရရှိခြင်းပင် ဖြစ်သင့်သည်။
ယခု သူသည် အစွမ်းထက်သော နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားကို ရှင်းလင်းစွာ ပိုင်ဆိုင်ထားလျက်နှင့် နတ်ဆိုးဧကရာဇ်တစ်ပါး၏ အစေခံရှေ့တွင် အောက်ကျို့ရမည်ဆိုလျှင် ကုချန်သည် ထိုသို့သော မိုက်မဲသည့်လုပ်ရပ်မျိုးကို သေချာပေါက် လုပ်မည်မဟုတ်ပေ!
သူ၏လက်ရှိအဆင့်အတန်းသည် နတ်ဆိုးဧကရာဇ်ကြီးနှင့် တန်းတူရပ်တည်ရန် သို့မဟုတ် သူ့ထက်ပင် သာလွန်နေရန် လုံလောက်နေပြီဖြစ်သည်။ သူ့ကိုယ်သူ အဆင့်နှိမ့်ချမည့် အရာမျိုးကို သူ ဘယ်လိုလုပ်ပြီး လုပ်နိုင်မည်နည်း။
ထို့အပြင် ကုချန်၏ စိတ်နှလုံးထဲတွင် နတ်ဆိုးဧကရာဇ်ကြီး၏ အရေးပါမှုမှာ အမှန်တကယ်ပင် ထိုမျှလောက် မကြီးမားလှချေ။
နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အပေါ် အမြဲတစေ စေတနာထားမှုကို ပြသခဲ့သော်လည်း ကုချန်၏ အာရုံခံနိုင်စွမ်းမှာ အလွန် ထက်မြက်လှသည်။ နတ်ဆိုးဧကရာဇ်ကြီး၏ စေတနာမှာ မသိရသော အကြောင်းပြချက်တစ်ခုခုကြောင့် တစ်စုံတစ်ရာကို ကြံစည်နေခြင်းမျှသာ ဖြစ်ကြောင်း သူ ခံစားသိရှိနိုင်လေသည်။
ထို့ကြောင့် ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီး၏ စေတနာအပေါ် အမြဲတစေ သတိကြီးစွာထားခဲ့ပြီး အပြည့်အဝ လက်မခံခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ အပြန်အလှန် အသုံးချသည့် ဆက်ဆံရေးတစ်ခုမျှသာ ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီး၏ရှေ့တွင် အဘယ်ကြောင့် နှိမ့်ချစွာ နေရမည်နည်း။
ကုချန်၏ စရိုက်လက္ခဏာမှာ ကျေးဇူးနှင့် ရန်ငြိုးကို အမြဲတမ်း ရှင်းလင်းစွာ ခွဲခြားထားတတ်၏။
အကယ်၍ တစ်စုံတစ်ယောက်က သူ့အပေါ် အမှန်တကယ် ကျေးဇူးရှိခဲ့ပြီး သစ္စာရှိမည်ဆိုပါက ထိုသူ၏ စွမ်းအား မည်မျှပင် အားနည်းနေပါစေ ကုချန်သည် သူ့အပေါ် ယဉ်ကျေးစွာ ဆက်ဆံမည်ဖြစ်သည်။
သို့သော် အကယ်၍ ၎င်းမှာ ဟန်ဆောင်စေတနာနှင့် အပေါ်ယံ အကူအညီမျှသာ ဖြစ်ခဲ့လျှင် ထိုသူ၏ စွမ်းအား မည်မျှပင် ကြီးမားနေပါစေ ကုချန်သည် သူ့အပေါ် လွန်ကဲသော လေးစားမှုကို ပြသမည်မဟုတ်ပေ။ အရာအားလုံးသည် စွမ်းအားအပေါ်တွင်သာ မူတည်လိမ့်မည်။
နတ်ဆိုးဧကရာဇ်ကြီးသည် ယခုအခါ ကုချန်၏ စိတ်နှလုံးထဲတွင် ဒုတိယအမျိုးအစားအဖြစ် သတ်မှတ်ခံထားရပြီဖြစ်သည်။
ဤအကြောင်းကြောင့်ပင် သူသည် နတ်ဆိုးဧကရာဇ်ကြီးအပေါ် သဘာဝကျကျပင် လွန်ကဲသော လေးစားမှုကို ပြသမည်မဟုတ်ချေ။
ဤလိပ်အိုကြီးအပေါ် ထားရှိသော သူ၏ လက်ရှိသဘောထားမှာ နတ်ဆိုးဧကရာဇ်ကြီးအပေါ် ထားရှိသော သူ၏ သဘောထားကို ထင်ဟပ်နေခြင်းမျှသာ ဖြစ်သည်။
" ဟုတ်ကဲ့ပါ "
ကုချန်၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ချီလျိုသည် ဤတစ်ကြိမ်တွင် သူ၏အရှင်သခင်ကို ဖျောင်းဖျနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် သတ္တိမွေးကာ လိပ်အိုကြီးကို သွားတွေ့ရန်သာ တတ်နိုင်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အရှင်သခင်သည် နတ်ဆိုးဧကရာဇ်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ အဘယ်ကြောင့် ဤမျှ ရိုင်းစိုင်းနေရသနည်းဟုလည်း သူ တွေဝေသွားမိ၏။
" တမန်တော်ကြီး… အရှင်သခင် ပြန်ရောက်နေပါပြီ… သူက အခု လူကြီးမင်းကို လာတွေ့ဖို့ ခေါ်ခိုင်းလိုက်လို့ပါ "
လိပ်အိုကြီးရှေ့သို့ ရောက်သောအခါ ချီလျိုသည် ကုချန်၏ သတင်းစကားကို စိုးရိမ်တကြီးဖြင့် သူ့အား ပါးလိုက်လေသည်။
သို့သော် သူ အံ့အားသင့်သွားသည်မှာ လိပ်အိုကြီးသည် ကုချန်၏ 'မာနကြီးမှု' အပေါ် မည်သည့် ထူးခြားသော တုံ့ပြန်မှုမျှ မပြသခဲ့သကဲ့သို့ ဒေါသထွက်ခြင်းလည်း မရှိခဲ့ပေ။ သူသည် ချီလျိုအား လမ်းပြရန် အချက်ပြလိုက်ပြီး အနောက်မှ ဖြည်းညင်းစွာ တွားသွား၍ လိုက်လာခဲ့လေသည်။
မကြာမီမှာပင် ချီလျို၏ လမ်းပြမှုဖြင့် လိပ်အိုကြီးသည် ကုချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
" နှစ်တစ်ရာလောက် မတွေ့ရပေမယ့် အဆုံးမဲ့ကောင်းကင်အရှင်ရဲ့ ခမ်းနားတဲ့ အသွင်အပြင်က ရှိနေဆဲပါပဲလား "
လိပ်အိုကြီးမှ ဖြည်းညင်းစွာ ပြောလိုက်ရာ သူ၏မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခုလည်း ဖြတ်ပြေးသွားခဲ့၏။
ကုချန်ကို ယခုတစ်ကြိမ် ပြန်လည်မြင်တွေ့ရချိန်တွင် နှစ်တစ်ရာမျှသာ ကြာမြင့်ခဲ့သော်လည်း လိပ်အိုကြီး၏ အမြင်တွင် ကုချန်သည် လွန်ခဲ့သော နှစ်တစ်ရာကနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးပြောင်းပြန်လှန်သွားသကဲ့သို့ အပြောင်းအလဲကြီးများနှင့် ကြုံတွေ့ခဲ့ရပုံပေါ်လေသည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင် ရှင်းပြ၍မရသော ထိုအငွေ့အသက်တစ်ခုတည်းကပင် သာမန် အင်မော်တယ်ဘုရင်များ ယှဉ်ပြိုင်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။
ကြောင်တောင်တောင်ဖြင့် လိပ်အိုကြီးသည် နတ်ဆိုးဧကရာဇ်ကြီး၏ ရှေ့မှောက်တွင် ရောက်နေသကဲ့သို့သော ထင်ယောင်ထင်မှားဖြစ်မှုပင် ဖြစ်ပေါ်သွားခဲ့၏။
သူ၏ရှေ့တွင် ရပ်နေသူမှာ အင်မော်တယ်ဘုရင်တစ်ပါး မဟုတ်ဘဲ အစစ်အမှန် ပြိုင်ဘက်ကင်း နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်နေသည့်အလားပင်!
" ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ "
လိပ်အိုကြီးမှာ အနည်းငယ် တွေဝေသွားသော်လည်း အခြားမည်သည့် သံသယမျှ မရှိခဲ့သဖြင့် နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်ကိုသာ ပါးလိုက်တော့သည်။
" အဆုံးမဲ့ကောင်းကင်အရှင် ပြန်ရောက်လာပြီးရင် ထုံထျန်းနတ်ဆိုးတောင်ကို အမြန်ဆုံး လာစေချင်တယ်လို့ သခင်ကြီးက ပြောပါတယ်… သခင်ကြီးက အရှင်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေလို့ပါ "
" ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေပြန်ပြီတဲ့လား "
လိပ်အိုကြီး၏ စကားကို ကြားသောအခါ ကုချန်မှာ ရယ်ပင်ရယ်ချင်သွားတော့သည်။
နတ်ဆိုးဧကရာဇ်ကြီးသည် ဘာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာကြီးမားသော နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် သူ့တွင် ဆွေးနွေးစရာ အရေးကြီးကိစ္စများ အမြဲတမ်း ဤမျှများပြားနေရသနည်း။
မသိတဲ့လူတွေဆိုရင် သူကများ ထုံထျန်းနတ်ဆိုးတောင်ရဲ့ အရှင်သခင်လို့တောင် ထင်သွားကြလိမ့်မယ်!
သို့သော် ၎င်းမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း နတ်ဆိုးဧကရာဇ်ကြီးက သူ့ကို ထပ်ပြီး သတိရသွားစေသည့် အရာမှာ ဘာလဲဆိုတာကို ကုချန် သိချင်နေမိသည်။
ပြီးခဲ့သည့်အကြိမ်က ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းရန် ဖြစ်သည်။
ဒီတစ်ကြိမ်မှာရော ဘာဖြစ်မလဲ။
ကုချန်သည် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်လာပြီး နတ်ဆိုးဧကရာဇ်ကြီးတွင် ဘာပြောစရာ ရှိသေးသလဲဆိုတာကို ကြားချင်လာသဖြင့် လိပ်အိုကြီးအား ပြောဆိုလိုက်၏။
" ဒီလိုဆိုမှတော့ ငါ မင်းနဲ့ လိုက်ခဲ့မယ် "
လိပ်အိုကြီး၏ လမ်းပြပေးမှုနှင့်အတူ သူတို့နှစ်ဦးသည် ထုံထျန်းနတ်ဆိုးတောင်ခြေသို့ အလျင်အမြန် ရောက်ရှိသွားကြ၏။
သူတို့ ငြိမ်အောင်ပင် မရပ်နိုင်သေးမီမှာပင် ထုံထျန်းနတ်ဆိုးတောင်ထိပ်မှ မင်္ဂလာတိမ်တိုက်တစ်ခု ဆင်းသက်လာပြီး နတ်ဆိုးဧကရာဇ်ကြီး၏ အားရပါးရ ရယ်မောသံနှင့်အတူ ထွက်ပေါ်လာလေသည်။
" အဆုံးမဲ့... မင်းက ဧကရာဇ်ကို စောင့်နေရအောင် လုပ်တာပဲ! မြန်မြန် တက်လာခဲ့! "
ကုချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် လိပ်အိုကြီးနှင့်အတူ မင်္ဂလာတိမ်တိုက်ပေါ်သို့ တက်လိုက်ပြီး မကြာမီမှာပင် မင်္ဂလာတိမ်တိုက်က ကုချန်ကို ထုံထျန်းနတ်ဆိုးတောင်ထိပ်သို့ နောက်တစ်ကြိမ် ခေါ်ဆောင်သွားလေတော့သည်။
ကုချန်သည် မင်္ဂလာတိမ်တိုက်ပေါ်မှ ဆင်းလိုက်ပြီး ရိုးရှင်းပုံရသော သက်ကယ်မိုးတဲလေးရှေ့သို့ နောက်တစ်ဖန် ရောက်ရှိသွား၏။ အတွင်းသို့ ဝင်လိုက်သည်နှင့် နတ်ဆိုးဧကရာဇ်ကြီး ရပ်နေသည်ကို ချက်ချင်း မြင်လိုက်ရပြီး လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေသည်။
" နတ်ဆိုးဧကရာဇ်ကြီး ကျွန်တော့်ကို ဒီကို ခေါ်ရတဲ့ ကိစ္စက ဘာများလဲဆိုတာ သိချင်လို့ပါ "
ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီးနှင့် အပိုစကားများ ပြောဆိုနှုတ်ဆက်ကာ အချိန်ဖြုန်းနေရန် ရည်ရွယ်မထားဘဲ အဓိကအကြောင်းအရာသို့ တိုက်ရိုက် ဝင်လိုက်ခြင်းဖြစ်သည်။ နတ်ဆိုးဧကရာဇ်ကြီးကို အလုပ်ရှုပ်ခံ၍ သူ၏တမန်တော်ကို သုံးကြိမ်တိုင်တိုင် လွှတ်ကာ ဖိတ်ကြားရလောက်အောင် ဖြစ်စေခဲ့သည့် ဤကိစ္စက ဘာလဲဆိုတာကို သူလည်း သိချင်နေခဲ့၏။