← Chapters

အခန်း ၅၈၈

Vol. 42 Ch. 588

အခန်း ၅၈၈

Vol. 42 Ch. 588

အခန်း ( ၅၈၈ ) - ရှာနာကို ပစ်မှတ်ထားသည်လား၊ဇာတ်လမ်းအစအဆုံး လုံးဝ ဖော်ထုတ်ခံလိုက်ရခြင်း

ကုချန်မှ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် တောင့်တင်းသွားခဲ့၏။

မူလက ဤအခွင့်အရေးကို အသုံးပြု၍ ကုချန်နှင့် ပိုမိုရင်းနှီးအောင် လုပ်ချင်ခဲ့သော်လည်း ဤလူငယ်သည် ယခင်ကထက် သူ၏အပေါ် များစွာ ပို၍ အေးစက်နေပုံရသည်။

အစောပိုင်းက ချူးဧကရာဇ်နှင့် ဖြစ်ခဲ့သော ပြဿနာကြောင့်များ ဤလူငယ်မှာ သူ့အပေါ် အမြင်မကြည်ဖြစ်သွားသလော။

နတ်ဆိုးဧကရာဇ်ကြီးမှာ ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။

ထိုအချိန်က သူသည် စေတနာကောင်းဖြင့် ကုချန်ကို စည်းရုံးရန်နှင့် သူ့အတွက် အကျိုးအမြတ်အချို့ ရရှိစေရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။ သို့မှသာ နောင်တွင် သူ လိုအပ်လာသည့်အခါ ကုချန်ကို အသုံးချနိုင်မည်ဖြစ်သည်။

သို့သော် သူ၏ အစီအစဉ်များအားလုံးက နောက်ဆုံးတွင် သူ၏ခြေထောက်ကို ပြန်လည်ရိုက်ခတ်သွားလိမ့်မည်ဟု မည်သူက သိမည်နည်း။

နတ်ဆိုးဧကရာဇ်များ၏ နှလုံးသားကို မရရှိခဲ့ရုံသာမက ဤလူငယ်ကိုပါ သူ့အပေါ် သံသယဝင်သွားစေခဲ့သည်။

သံသယတစ်ခု ပေါ်လာပြီဆိုပါက ၎င်းကို ဖယ်ရှားပစ်ရန်မှာ ထိုမျှ မလွယ်ကူတော့ပေ။

ထို့အပြင် ဤလူငယ်ကို ယခုတစ်ကြိမ် ပြန်လည်တွေ့ဆုံရချိန်တွင် ယခင်အကြိမ်နှင့် အနည်းငယ် ကွာခြားနေ၏။

ယခု ကုချန်ကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား မျိုးဆက်သစ်တစ်ဦး သို့မဟုတ် လူငယ်တစ်ဦးအဖြစ် သဘောထားရန် မသိစိတ်မှပင် ခက်ခဲနေပြီး သူနှင့် အဆင့်တူညီသော တည်ရှိမှုတစ်ခုအဖြစ် အလိုအလျောက် သဘောထားကာ တာအိုမိတ်ဆွေတစ်ဦး၏ ရိုသေလေးစားမှုမျိုးဖြင့် ဆက်ဆံလိုစိတ် ဖြစ်ပေါ်နေမိသည်။

ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။

နတ်ဆိုးဧကရာဇ်ကြီးမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ ဤမျှတိုတောင်းသော အချိန်လေးအတွင်း ဤလူငယ်သည် နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရှိသွားပြီလော။

အကယ်၍ ထိုသို့ဆိုလျှင် ၎င်းမှာ အလွန်တရာ ထူးဆန်းလွန်းလှလေသည်။

အဘယ်ကြောင့်ဆိုသော် ကုချန်သည် လွန်ခဲ့သော နှစ်တစ်သောင်းမတိုင်မီလေးကမှ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သူ မှတ်မိနေသောကြောင့်ပင်။

နှစ်တစ်သောင်းအတွင်း အင်မော်တယ်ဘုရင်အဆင့်မှ နတ်ဆိုးဧကရာဇ်အဆင့်သို့ ခုန်ပျံကျော်လွှားသွားခြင်းမှာ အတော်ကို လက်ခံနိုင်စရာ မရှိလှပေ။ နတ်ဆိုးနယ်မြေ၏ သမိုင်းကြောင်းတစ်ခုလုံးတွင် ဤမျှ ကောင်းကင်ဘုံကို အာခံနိုင်သော တည်ရှိမှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။ ယခင် နတ်ဆိုးဧကရာဇ်အရှင်သခင်ပင်လျှင် ထိုသို့ မစွမ်းဆောင်နိုင်ခဲ့ပေ!

သို့သော် ဤတစ်ကြိမ်တွင် ကုချန်ကို ခေါ်ယူခဲ့ရသည့် ရည်ရွယ်ချက်ကို တွေးမိကာ နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ ရင်ထဲမှ ထူးဆန်းသော ခံစားချက်ကို ဖိနှိပ်ထားလိုက်ပြီး အေးဆေးစွာ ပြောဆိုလိုက်၏။

" ငါအရှင်က ပြီးခဲ့တဲ့အကြိမ် ရှာနာနတ်ဆိုးဧကရာဇ်ရဲ့ အကြံအစည်ထဲမှာ ပါဝင်ခဲ့ရတဲ့ ကိစ္စကို အမြဲတမ်း မှတ်မိနေပါတယ်… အထူးသဖြင့် တာအိုမိတ်ဆွေလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ရတဲ့အတွက် ငါအရှင် ပိုပြီးတောင် ရှက်မိပါတယ်…

ထုံဟွမ်သစ်သီးကို တောင်းပန်တဲ့အနေနဲ့ ပေးအပ်ခဲ့ပြီးဖြစ်ပေမယ့် ငါအရှင်က နည်းနည်းတော့ စိတ်မကောင်းဖြစ်နေတုန်းပဲ… တိုက်ဆိုင်စွာနဲ့ အခု ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းဖို့ အခွင့်အရေးတစ်ခု ပေါ်လာပြီ… တာအိုမိတ်ဆွေရော ပါဝင်ဖို့ စိတ်ဝင်စားမှုရှိမလားလို့ သိချင်ပါတယ် "

ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းမည့် အခွင့်အရေး ဟုတ်လား။

နတ်ဆိုးဧကရာဇ်ကြီး၏ စကားကို ကြားသောအခါ ကုချန်မှာ ရုတ်တရက် အံ့အားသင့်သွားခဲ့သလို သူ၏ အကြည့်များမှာလည်း အနည်းငယ် ထူးဆန်းသွားလေသည်။

ရှာနာနတ်ဆိုးဧကရာဇ်သည် ယခု သူ၏ အသစ္စာရှိဆုံးနှင့် အားအထားရဆုံး လက်အောက်ငယ်သားဖြစ်နေပြီဆိုသည်ကို နတ်ဆိုးဧကရာဇ်ကြီး လုံးဝ မသိခဲ့ပေ။ အရှင်သခင်ဖြစ်သူ သူ့အနေဖြင့် မိမိ၏ လက်အောက်ငယ်သားကို ပစ်မှတ်ထားရမည်လော။

တကယ့်ဟာသပဲ!

ကုချန်သည် အလိုအလျောက်ပင် ငြင်းဆိုချင်သွား၏။

သို့သော် ရှာနာနတ်ဆိုးဧကရာဇ်၏ ဘေးကင်းရေးအတွက်ရော နတ်ဆိုးဧကရာဇ်ကြီး ဘာကြံစည်နေသလဲဆိုသည်ကို ကြည့်ရန်အတွက်ပါ ကုချန်သည် အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

" အို... အဲ့ဒီ ရှာနာနတ်ဆိုးဧကရာဇ်က ခြေရာဖျောက်ကောင်းတယ်… သူ့နေရာကို သိဖို့ခက်တယ်… ပြီးတော့ သူ့စိတ်ကလည်း အရမ်းကို သေသေချာချာ စဉ်းစားတတ်တာ… ဘယ်လို အခွင့်အရေးမျိုးကများ သူ့ကို ဆွဲဆောင်နိုင်မှာတဲ့လဲ…..

ပြီးခဲ့တဲ့အကြိမ်ကလို သူကပဲ ကျွန်တော်တို့ကို ပြန်ပြီး အကွက်ဆင်သွားတာမျိုး ဖြစ်သွားရင်ရော… အဲ့ဒါဆိုရင်တော့ မကောင်းဘူး "

" အဲ… "

ကုချန်၏ ထက်မြက်လှသော စကားများက နတ်ဆိုးဧကရာဇ်ကြီးကို တစ်ခဏမျှ စကားစွန့်အသွားစေခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ပြီးခဲ့သည့်အကြိမ်က အတွေ့အကြုံမှာ သူ၏ မှတ်ဉာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။ သူ၏ပေါ့ဆမှုကြောင့် ကုချန်မှာ သီသီလေး ပါဝင်ပတ်သက်သွားရသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ယခု ကုချန်က ဤကိစ္စကို ထုတ်ဖော်ပြောဆိုလာလျှင်တောင်မှ နတ်ဆိုးဧကရာဇ်ကြီးတွင် ငြင်းပယ်စရာ အကြောင်းပြချက် မရှိချေ။

သို့သော် ယခုတစ်ကြိမ် ကုချန်အား ပါဝင်ရန် အတင်းအကျပ် ဖိတ်ကြားရခြင်းမှာ ပထမအချက်အနေဖြင့် ယခင်က ရှာနာနတ်ဆိုးဧကရာဇ်၏ အကွက်ဆင်ခံခဲ့ရသည့် ကိစ္စအတွက် လက်စားချေရန်နှင့် ကုချန်၏ အထင်သေးမှုကို မခံရစေရန်အတွက် ဤရှေးဟောင်းနတ်ဆိုးဧကရာဇ်၏ စွမ်းရည်များကို ကုချန်အား ပြသလို၍ ဖြစ်သည်။

ဒုတိယအချက်မှာ ကုချန်၏ နောက်ကွယ်ရှိ 'လျှို့ဝှက်လက်နက်' ကို ပိုမိုအတည်ပြုရန်ဖြစ်သည်။

ယခင်က နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်နှင့် နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အထွတ်အထိပ် သန့်စင်သောနယ်မြေတို့ ဆက်စပ်နေကြောင်း ဝေဝါးဝါး တွက်ချက်ရရှိခဲ့သော်လည်း ဤအချက်ကို အတည်ပြုရန် ပိုမိုအသေးစိတ်ကျသော သက်သေအထောက်အထား မရှိခဲ့ပေ။

ယခု ရှာနာနတ်ဆိုးဧကရာဇ်နှင့် အခွင့်အရေးကို အသုံးချကာ ကုချန်ထံမှ 'သဲလွန်စ' အချို့များ ထွက်ပေါ်လာမလားဆိုသည်ကို သူ မြင်တွေ့လိုပြီး ထိုမှတစ်ဆင့် သူ၏တွက်ချက်မှုကို အတည်ပြုနိုင်မည်ဖြစ်သည်။

အမှန်တကယ်တော့ ကုချန်သာ ဤကိစ္စတွင် ပါဝင်ရန် သဘောတူရဲပါက နတ်ဆိုးဧကရာဇ်ကြီး၏ အမြင်တွင် အစောပိုင်း တွက်ချက်မှုမှာ လုံးဝနီးပါး မှန်ကန်နေပြီဖြစ်သည်။

စမ်းတွေးကြည့်ပါ။ အကယ်၍ ကုချန်သာ နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အထွတ်အထိပ် သန့်စင်သောနယ်မြေနှင့် မပတ်သက်ဘူးဆိုလျှင် အင်မော်တယ်ဘုရင် ခန္ဓာကိုယ်နှင့် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုကို အကြိမ်ကြိမ် အကွက်ဆင်ရဲသည့် သတ္တိမျိုး ဘယ်ကရလာပါမည်နည်း။

နတ်ဆိုးဧကရာဇ်တစ်ပါး၏ ဒေါသအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားမည်ကို သူ မကြောက်ဘူးလော။

ဘာကိုမှ မကြောက်ရလောက်အောင် အစွမ်းထက်သည့် နောက်ခံတစ်ခုကသာ သူ့ကို ဒီလိုလုပ်ဖို့ ထောက်ပံ့ပေးထားနိုင်တာပဲ။

သို့သော် ကုချန်၏ အေးစက်သော အမူအရာကို မြင်သောအခါ ကုချန်ကို အမှန်တကယ် စိတ်ဝင်စားလာစေရန် အတွင်းရေးအချို့ကို ဖော်ထုတ်ပြမှ ရမည်ဖြစ်ကြောင်း နတ်ဆိုးဧကရာဇ်ကြီး သိလိုက်သည်။

ထို့ကြောင့် သူသည် အသံကို နှိမ့်ကာ ဆက်၍ ပြောဆိုလေသည်။

" ဒါကတော့ ဇာတ်လမ်းရှည်ကြီးပဲ… ပြီးတော့ နောက်ထပ် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုလည်း ပါဝင်ပတ်သက်နေသေးတယ် "

" အို… "

နတ်ဆိုးဧကရာဇ်ကြီး ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ ကုချန်သည် ချက်ချင်း စိတ်ဝင်စားသွားလေ၏။

နောက်ထပ် နတ်ဆိုးဧကရာဇ်တစ်ပါး ပါဝင်ပတ်သက်နေသေးတယ် ဟုတ်လား။

ဒီကိစ္စက နတ်ဆိုးဧကရာဇ်ကြီးနဲ့ ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားက ရန်ငြိုးသက်သက် မဟုတ်ဘူးလား။ တခြား ဘယ်နတ်ဆိုးဧကရာဇ်ကများ ပါဝင်ပတ်သက်နိုင်မှာလဲ။

" ချီဖျန့်ဧကရာဇ် "

နတ်ဆိုးဧကရာဇ်ကြီးမှ ကုချန်ကို လုံးဝ အံ့အားသင့်သွားစေသည့် အဖြေတစ်ခုကို ပေးလိုက်လေသည်။

" ချီဖျန့်ဧကရာဇ်လား "

ကုချန်သည် နားမလည်သည့် အမူအရာကို ဟန်ဆောင်ပြလိုက်သော်လည်း အမှန်တကယ်တွင်မူ သူသည် နားစွင့်ထားပြီး နတ်ဆိုးဧကရာဇ်ကြီး၏ နောက်ဆက်တွဲ စကားများကို အပြည့်အဝ အာရုံစိုက်ကာ စောင့်ဆိုင်းနေခဲ့၏။

ချီဖျန့်ဧကရာဇ် မသေသေးဘူးဆိုတာကို သူ အစောကတည်းက သံသယရှိခဲ့သော်ငြားလည်း ချီဖျန့်ဧကရာဇ်မှ နတ်ဆိုးဧကရာဇ်ကြီးကို သွားရှာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ!

ဒီနှစ်ယောက်ကြားမှာ အတိတ်က ဆက်နွှယ်မှုတစ်ခုခုများ ရှိခဲ့လို့လား။

" ပြောရရင်တော့ ငါအရှင်နဲ့ ချီဖျန့်ဧကရာဇ်က အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာပါ… သိပ်ပြီးတော့ မရင်းနှီးကြပါဘူး "

နတ်ဆိုးဧကရာဇ်ကြီးမှ ဖြည်းညင်းစွာ ရှင်းပြလေသည်။

" ဒါပေမယ့် ရန်သူရဲ့ရန်သူက မိတ်ဆွေပဲလေ… ဒီတစ်ကြိမ် သူ ငါအရှင့်ဆီ လာရတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်…..

မကြာသေးခင်က ချီဖျန့်ဧကရာဇ်ဟာ ချူးဧကရာဇ်နဲ့အတူ ရှာနာနတ်ဆိုးဧကရာဇ်ကို အကွက်ဆင်ဖို့ ကွေ့ရွှီးနယ်မြေထဲကို ဝင်ရောက်စွန့်စားခဲ့တယ်… အော်... ပြောဖို့ မေ့နေတာ… ချူးဧကရာဇ်နဲ့ ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားမှာလည်း ရန်ငြိုးရှိတယ်… ဒါပေမယ့် အဲ့ဒါတွေက ရန်ငြိုးဟောင်းတွေဆိုတော့ ဒီမှာ အသေးစိတ် မပြောတော့ဘူး…..

ချူးဧကရာဇ်နဲ့ ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားက ရန်ငြိုးက… အရမ်းကို နက်ရှိုင်းတယ်ဆိုတာလောက်ပဲ တာအိုမိတ်ဆွေ သိထားရင် ရပြီ…..

ရှာနာနတ်ဆိုးဧကရာဇ်ကို အကွက်ဆင်ဖို့ ချူးဧကရာဇ်က ချီဖျန့်ဧကရာဇ်ကို အကူအညီတောင်းခဲ့တယ်… ဒါပေမယ့် နောက်ဆုံးအချိန်ကျမှ ချူးဧကရာဇ်က ရုတ်တရက် သစ္စာဖောက်သွားပြီး ရှာနာနတ်ဆိုးဧကရာဇ်နဲ့ပေါင်းပြီးတော့ ချီဖျန့်ဧကရာဇ်ကို ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်… အဲ့ဒါကြောင့် ချီဖျန့်ဧကရာဇ် သေလုနီးပါး ဖြစ်ခဲ့ရတယ်…..

အဲ့ဒီလိုနဲ့ ကွေ့ရွှီးနယ်မြေကနေ ထွက်လာပြီးနောက်မှာ ငါအရှင်နဲ့ ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားက ရန်ငြိုးကို သူသိထားတဲ့အတွက် သူက ငါအရှင့်ဆီ လာခဲ့တာပဲ… အခု ချီဖျန့်ဧကရာဇ်က ချူးဧကရာဇ်နဲ့ရော ရှာနာနတ်ဆိုးဧကရာဇ်နဲ့ပါ မတည့်တော့ဘူး… ပြီးတော့ ရန်သူရဲ့ရန်သူက မိတ်ဆွေပဲလေ… ဒါကြောင့် ရှာနာနတ်ဆိုးဧကရာဇ်ကို အတူတူ ပစ်မှတ်ထားဖို့ ချီဖျန့်ဧကရာဇ်က ငါအရှင်နဲ့ ပူးပေါင်းဖို့ တွေးလိုက်တာပဲ… ဒါကတော့ ဇာတ်လမ်းရဲ့ အစအဆုံးပါပဲ "

နတ်ဆိုးဧကရာဇ်ကြီးမှ ဇာတ်လမ်းအစအဆုံးကို ကုချန်အား တစ်ခုပြီးတစ်ခု အသေးစိတ် ပြောပြလေသည်။

" အော်... ဒါကြောင့်ကိုး "

ကုချန်၏မျက်နှာပေါ်တွင် ရုတ်တရက် နားလည်သွားသည့် အမူအရာတစ်ခု ပေါ်လာ၏။ ချီဖျန့်ဧကရာဇ်မှ နတ်ဆိုးဧကရာဇ်ကြီး၏ တံခါးကို လာခေါက်ရခြင်းမှာ အကြောင်းမရှိဘဲ မဟုတ်ပေ။ ကွေ့ရွှီးနယ်မြေရှိ သူ၏ အတွေ့အကြုံက ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ ပူးပေါင်းနေကြကြောင်း ချီဖျန့်ဧကရာဇ်ကို သဘောပေါက်သွားစေခဲ့ခြင်း ဖြစ်သည်။

ရန်သူရဲ့ရန်သူက မိတ်ဆွေပဲဆိုတဲ့ စကားအတိုင်းပင်။

ရှာနာနတ်ဆိုးဧကရာဇ်နှင့် ရန်ငြိုးဖွဲ့ခဲ့သော ချီဖျန့်ဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ရန်ငြိုးရှိသော နတ်ဆိုးဧကရာဇ်ကြီးကို သဘာဝကျကျပင် ရှာဖွေခဲ့သည်။ ဤအရာမှာ အပြည့်အဝ ယုတ္တိရှိပေသည်။

All Chapters