မီအဲ့ဘုရားကျောင်း
Vol. 13 Ch. 193
ယင်းသည် ထူးဆန်းသည်။
သို့သော်လည်း ကျန်းစန်းနှင့် ရွှီချင်းတို့က ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို မြင်ဖူးခဲ့ပြီးသား ဖြစ်သည်။ အမှန်စင်စစ် ယခု ခေါင်းဆောင် လုပ်သွားခဲ့သည့်အရာနှင့် ယှဉ်လျှင် အပြင်ဘက်မှ ထိုမမြင်နိုင်သော ရန်သူများက များများစားစား ရှိဟန်မတူပေ။
ရွှီချင်း လေးစားရသည့်လူ များစွာ မရှိပေ။ ဆင်းရဲသားရပ်ကွက်မှဆရာ၊ ရတနာမုဆိုးစခန်းမှ ခေါင်းဆောင်လဲ့၊ ဆေးပင်များအကြောင်း သင်ပြပေးခဲ့သည့် သမားတော်ကြီးပိုင်တို့မှာ သူ၏ရင်ထဲမှနေ၍ လေးစားသည့်လူများ ဖြစ်သည်။
သို့သော် ယခုတွင် နောက်တစ်ယောက် ထပ်တိုးလာပြီဖြစ်သည်။
ခေါင်းဆောင်၏ အသက်ကို အဓိကမထားဘဲ ရူးသွပ်မှုမျိုးကို ရွှီချင်း လေးစားသည်။
ယခုအချိန်၌ ပင်လယ်နက်ထဲသို့ သွားပြီး ကျူးယင်၏ အသွေးအသားကို အသက်နှင့်ရင်း၍ လုယူဝံ့ရန်မှာ အရူးအမူးဖြစ်နေသည့်လူများသာ လုပ်နိုင်ကြပေမည်။ ခေါင်းဆောင်၏ အစစ်အမှန်ပုံစံနှင့် ကျင့်ကြံခြင်းအဆင့်တို့နှင့် ပတ်သက်ပြီး ရွှီချင်း နောက်ထပ် မခန့်မှန်းချင်တော့ပေ။ ယင်းက အဓိပ္ပာယ်မရှိပေ။
“ ခေါင်းဆောင် အောင်မြင်မှာပါ ”
ရွှီချင်းက ခပ်တိုးတိုး ပြောလိုက်သည်။
ခေါင်းဆောင်က သူ့ကို အခြေတည်အဆင့်ဆေးလုံးများ ပေးကာ အလဲအလှယ်အနေဖြင့် ဤနေရာတွင် ဆယ့်ငါးမိနစ်ခန့် စောင့်ကြပ်ပေးရန် တောင်းဆိုခဲ့သည်။ သူ့ကတိကို သူ ထိန်းသိမ်းရပေမည်။ သူက ဘုရားကျောင်းတံခါးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ရွှီချင်းက ဘေးရှိ ဟင်းလင်းပြင်ကို ကြည့်လိုက်ပြီးနောက် ညာလက်ကို မြှောက်၍ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် အဆိပ်မှုန့်အမြောက်အမြား လွင့်ပျံထွက်လာပြီး ပင်လယ်ရေနှင့် ရောယှက်သွားကာ အလျင်အမြန် ပျံ့နှံ့သွားသည်။
ယခုတစ်ခေါက် အဆိပ်မှုန့်များက အရောင်မဲ့မနေတော့ဘဲ အနက်ရောင်၊ အနီရောင်၊ အပြာရောင်နှင့်အစိမ်းရောင်တို့ ဖြစ်သည်။ ထိုအရောင်များ ပေါင်းစည်းသွားသောအခါ ရောင်စုံဖြစ်သွားပြီး အဆိပ်ပြင်းအားသည်လည်း အဆပေါင်းများစွာ မြင့်တက်သွားသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ဘုရားကျောင်းအပြင်ဘက်မှ တရှဲရဲှမြည်သံများ ထွက်ပေါ်လာပြီး တွန့်လိမ်ကွေးကောက်နေသည့်အရိပ်အယောင်များလည်း ပြသလာသည်။
ထို့နောက် ရွှီချင်းရှေ့ရှိ လေဟာနယ်ထဲမှ ပေါင်တစ်လုံးစာမျှ တုတ်သော အသားလက်ကြီးတစ်ဖက် ချက်ချင်း တိုးထွက်လာပြီး သူ့ထံ ဝင်ရောက်သွားသည်။
၎င်းက လျင်မြန်လွန်းလှသည်ဖြစ်ရာ ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း လှိုင်းတွန့်လေးများ ပေါ်ထွက်လာသည်။ ယင်းအပြင် ထိုလက်တစ်ဖက်သာ မဟုတ်ဘဲ တခြားနေရာများမှလည်း လက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ရွှီချင်းထံ တစ်ပြိုင်နက်တည်း ဝင်ရောက်သွားကြသည်။
ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူက သူ့ထံဝင်ရောက်လာသည့် လက်တစ်ဖက်ကို ရှောင်တိမ်းလိုက်ပြီး ဓားမြှောင်ဖြင့် ထက်ခြမ်းပိုင်းလိုက်သည်။
ထို့နောက် ဝင်ရောက်လာကြသည့် တခြားလက်များကို သူ တိုက်ခိုက်လိုက်သည်။
တခဏလေးအတွင်း နေရာအနှံ့ အသွေးအသားများ ပြန့်ကျဲသွားသည်။ လက်များစွာ ရှိနေသည့်အတွက်ကြောင့် ရွှီချင်း၏ ဓားမြှောင်မှာ ရစ်ပတ်ခံလိုက်ပြီး ကောင်းစွာ လှုပ်ရှား၍ မရတော့ပေ။ သူက ဓားမြှောင်ကို လွှတ်လိုက်ပြီး သူ့ရှေ့ရှိ လက်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲယူလိုက်သည်။
မြေပြင် တုန်ခါသွားပြီး ဖားလောင်းတစ်ကောင်ကဲ့သို့ ထူးဆန်းသော သတ္တဝါတစ်ကောင် ဆွဲထုတ်ခံလိုက်ရသည်။ ၎င်း၏ ခေါင်းကြီးတွင် သွေးဆာနေသော ပါးစပ်ကြီးတစ်ခု ပါပြီး ၎င်းက ခန္ဓာကိုယ်ကို တွန့်လိမ်၍ ရွှီချင်းအား လှမ်းကိုက်လိုက်သည်။
ရွှီချင်းက ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ ‘ ပါ ’ အရိပ်ချက်ချင်း ရုပ်လုံးပေါ်လာပြီး တိုးဝင်လာသော ခေါင်းကြီး သားရဲထံသို့ ကြမ်းတမ်းစွာ ထိုးနှက်လိုက်သည်။
ပင်လယ်ရေများ ပေါက်ကွဲသွားဟန်တူပြီး ထိုခေါင်းကြီးသားရဲမှာ ချက်ချင်း ပြိုလဲသွားသည်။
ယင်းသည် အဆုံးသတ်မဟုတ်ချေ။ ရွှီချင်းက နောက်ထပ် လက်တစ်ဖက်ထံ သွား၍ ထပ်မံ ထိုးနှက်လိုက်သည်။
ဘုရားကျောင်းထဲရှိနေသော ကျန်းစန်းမှာ ထိန်းချုပ်မထားနိုင်တော့ဘဲ တအံ့တသြ ဖြစ်သွားရသည်။
“ ဒီကောင်လေးက ခေါင်းဆောင်ရဲ့ ရူးသွပ်မှုမျိုးကို မယှဉ်နိုင်ဘူးဆိုပေမဲ့ တော်တော်လေး ကြမ်းတမ်းတာပဲ ”
ကျန်းစန်း တီးတိုးရေရွတ်လိုက်သည်။ သူသည်လည်း ငြိမ်သက်မနေဘဲ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ အပ်ချည်ကြိုးမျှင်များ တိုးထွက်သွားပြီး ဘုရားကျောင်းအဘက်သို့ ပြေးထွက်သွားသည်။
သူသည်လည်း ရန်သူများကို သတ်ဖြတ်လိုက်သည်။
အပြင်ဘက်မှ တဝုန်းဝုန်း စက်ပစ္စည်းမြည်သံများ မကြာခဏ ထွက်ပေါ်လာသည်။ ကျန်းစန်း မြေမြှုပ်ထားခဲ့သည့် နေရာများမှ စက်ပစ္စည်းများ တစ်ခုပြီးတစ်ခု ပျက်စီးကုန်သည်။ ရွှီချင်း၏ အဆိပ်ပေါင်းစုံကြောင့် အရောင်မျိုးစုံစွန်းထင်းနေသည့် အရိပ်များ ပေါ်ထွက်လာသည်။
၎င်းတို့အားလုံး ရေသူမများဖြစ်ကြသည်။
သို့သော်လည်း ၎င်းတို့က သာမန်ရေသူမများနှင့် ကွဲပြားသည်။ ၎င်းတို့က အတိုင်းအတာတစ်ခုထိ ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိဟန်တူကာ ပို၍ပင် ရက်စက်ကြမ်းကြုတ်ကြသည်။ ၎င်းတို့အားလုံး သွေးများ အန်ထုတ်လိုက်ပြီး ၎င်းတို့ခန္ဓာကိုယ်များပေါ်တွင် အဆိပ်အမျှင်တန်းများ ရှိနေပါသော်လည်း နောက်မဆုတ်ပေ။ ၎င်းတို့က ဘုရားကျောင်းဝင်ပေါက်သို့ ဆက်လက်၍ တန်းတန်းမတ်မတ် ဝင်သွားကြသည်။
၎င်းတို့၏ ပစ်မှန်က ရွှီချင်း မဟုတ်ဘဲ ဘုရားကျောင်းထဲရှိ ရုပ်ထုထဲမှ အသားပိုင်းကြီး ဖြစ်သည်။
ထိုအသားပိုင်းကြီး ထွက်ပေါ်လာခြင်းသည် အမျိုးအမည်ခွဲခြားရခက်သော သက်ရောက်မှု ဖြစ်သွားစေခဲ့ပြီး ၎င်းတို့ကို အရူးအမူးဖြစ်သွားစေဟန်တူသည်။
သို့သော်လည်း ထိုရေသူမအနွယ်ဝင်များ ဘုရားကျောင်းဝင်ပေါက်နှင့် နီးကပ်သွားသောအခါတွင် တဝုန်းဝုန်းမြည်ဟည်းသံ ချက်ချင်း ထွက်ပေါ်လာသည်။
ကျန်းစန်းက ဝင်ပေါက်၌ ထောင်ချောက်အမြောက်အမြား တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ရွှီချင်း ဖြတ်သွားသောအခါတွင် ဘာမှမဖြစ်သေးသော်လည်း ထိုရေသူမမျိုးနွယ်ဝင်များ ချဉ်းကပ်လာသောအခါတွင် မြေပြင်တစ်ခုလုံး တုန်ဟီးသွားလေသည်။
ပြင်းထန်သောပေါက်ကွဲအားလှိုင်းကြောင့် ရေသူမမျိုးနွယ်ဝင်များ တစ်ယောက်ပြီးတစ်ယောာက် နောက်ဆုတ်သွားကြသည်။ တချိန်တည်းမှာပင် လက်များနှင့် တိုက်ခိုက်နေသော ရွှီချင်းမှာ ကွက်ခနဲ မျက်နှာပျက်သွားသည်။
မြေကြီးထဲမှ ဘုရားကျောင်းသို့ ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို သူ အာရုံခံမိလိုက်သည်။
“ အစ်ကိုကြီးကျန်း၊ ရုပ်ထုကို အပြင်သယ်ခဲ့လိုက် ”
ရွှီချင်းက ချက်ချင်း အော်ပြောလိုက်သည်။
ကျန်းစန်းသည်လည်း အလျင်အမြန် ဆုတ်သွားပြီး တွေဝေတွန့်ဆုတ်မနေဘဲ အသွေးအသားရုပ်ထုကြီးကို ဘုရားကျောင်းအပြင်ဘက်သို့ သယ်ဆောင်လိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ပတ်လည်တွင် အမျှင်တန်းများ လည်ပတ်သွားသည်။
ဘုရားကျောင်းအပြင်ဘက်သို့ သူ ရောက်သွားသည့်အခိုက် ဘုရားကျောင်းတစ်ခုလုံး ပြိုကျသွားသည်။ မြေအောက်မှ ပုပ်သိုးဆွေးမြေ့နေေသော လက်ကြီးတစ်ဖက် ထွက်လာသည်။ ထိုလက်ကြီးက လွဲချော်သွားသည်နှင့် မြေပြင်ကို ဘုန်းခနဲ ပုတ်၍ ထိုပုတ်အားကို အားပြု၍ ပေတစ်ထောင်ရှည်သော အရိပ်ကြီးတစ်ရိပ် တွားသွားထွက်လာသည်။
၎င်းထွက်ပေါ်လာခြင်းနှင့်အတူ ထူထပ်သိပ်သည်းသော အလောင်းအဆိပ်များ လွင့်ပျံလာသည်။
ထိုအရိပ်က အမှန်စင်စစ် အလောင်းတစ်လောင်းဖြစ်ပြီး အလောင်းအမြောက်အမြား ပေါင်းစည်း၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်း၏ လက်များနှင့် ခြေထောက်များက မြေပြင်ကို ကြမ်းတမ်းစွာ ပုတ်လိုက်ပြီး သားရိုင်းတစ်ကောင်အလား ကျန်းစန်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။
ကျန်းစန်းက သူ သယ်လာသော ရုပ်ထုကို ရွှီချင်းထံ အလျင်အမြန် ပစ်ပေးလိုက်သည်။
ရွှီချင်းက ခုန်၍ အသွေးအသားရုပ်ထုကို လက်တစ်ဖက်တည်းဖြင့် ဖမ်းလိုက်သည်။ သူက နောက်ဆုတ်လိုက်ပြီး ဘယ်လက်ဖြင့် ဓားမြှောင်ကို ကိုင်ကာ ဘေးမှ လေဟာနယ်ထဲသို့ ပိုင်းဖြတ်လိုက်သည်။ ရုတ်တရက် သွေးများ ဖွာခနဲ ပန်းထွက်သွားပြီး ခေါင်းတစ်လုံး ထွက်ပေါ်လာသည်။
တချိန်တည်းမှာပင် အဝေးမှ ဧရာမအလောင်းကြီးသည်လည်း ဦးတည်ချက်ပြောင်း၍ ရွှီချင်းထံ ဟိန်းဟောက်မာန်ဖီကာ ဝင်ရောက်သွားသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး အဝေးသို့ ပြေးထွက်သွားသည်။ တချိန်တည်းမှာပင် ကျန်းစန်းသည်လည်း ဆောင့်ဆွဲခံလိုက်ရသည့်အလား ရွှီချင်းအနားသို့ ချက်ချင်း နီးကပ်သွားသည်။
ရွှီချင်းမှာ အံ့အားသင့်မသွားပေ။ အသွေးအသားရုပ်ထုကို သူ ဖမ်းလိုက်စဉ်အခါက ထိုရုပ်ထုပေါ်ရှိ အမျှင်တန်းကို အာရုံခံမိခဲ့သည်။ ယင်းက ကျန်းစန်း၏ အမျှင်တန်းဖြစ်သည်။
“ ပင်လယ်နက်ထဲကို ခေါင်းဆောင် သွားလို့ရအောင် လုပ်နိုင်တာ ဘယ်လိုဟာမျိုး ဖြစ်နေလို့တုံး။ ဒါပေါ်လာတာနဲ့ ဒီအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေနဲ့ ရေသူမမျိုးနွယ်တွေတောင် အရူးအမူးဖြစ်နေတာပဲဟ ”
ကျန်းစန်းက အံ့အားသင့်နေလျက် တိုးကပ်သွားသည်။
ရွှီချင်းတွင် အဖြေမရှိပါသော်လည်း အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်တိုင်အောင် ရုပ်ထုကို ကာကွယ်ရန် ခေါင်းဆောင်ပြောခဲ့သည်ကို သတိရလိုက်သည်။ သူက အသွေးအသားရုပ်ထုကို ကျန်းစန်းထံ ပစ်ပေးလိုက်၏။
“ အစ်ကိုကြီးကျန်း၊ ဒီမှာစောင့်နေ ”
ပြောပြီးသည်နှင့် ရွှီချင်း၏ မျက်လုံးများထဲမှ လူသတ်ငွေ့များ ထွက်ပေါ်လာသည်။ သူက ဘယ်လက်ဖြင့် ဓားမြှောင်ကို ကိုင်လိုက်ပြီး ညာလက်ဖြင့် သံတုတ်လေးကို ဆုပ်လိုက်သည်။ သူ့နောက်မှ ‘ ပါ ’ အရိပ်က ဟိန်းဟောက်မာန်ဖီနေပြီး တိုးဝင်လာသော ဧရာမအလောင်းကြီးထံသို့ သူ တဟုန်ထိုး ပြေးဝင်သွားသည်။
သူက ကြောက်ခမန်းလိလိ မြန်ဆန်နေပေရာ တခဏလေးအတွင်း အနီးသို့ ရောက်သွားသည်။ ကောင်းကင်တွင် တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး ရွှီချင်း၏ ‘ ပါ ’ အရိပ်က လက်သီးများ တရစပ် ပစ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် သူ၏အဆိပ်များလည်း လွင့်ပျံသွားသည်။
သူ ဖြတ်သန်းသွားသည့်နေရာတိုင်း ခန္ဓာကိုယ်များ ပုပ်ပွကာ စူးစူးဝါးဝါးအော်ဟစ်၍ မြေပြင်သို့ လဲကျသွားသည်။ ဧရာမအလောင်းကြီးသည်လည်း နောက်သို့ တရစပ် ဆုတ်ခွာနေရသည်။
နောက်ဆုံးတွင် ရွှီချင်း၏ ထိန်းချုပ်မှုကြောင့် ရေစက်အမြောက်အမြားက ချုပ်နှောင်သည့်အသွင်ဖြင့် ပေါ်ထွက်လာသည်။ ထိုရေစက်များက ဧရာမအလောင်းကြီးကို ချုပ်နှောင်လိုက်သည့်အခိုက် ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ မှော်လှေကြီး ပေါ်လာကာ နတ်တန်ခိုးများ ချက်ချင်း ပြေးဝင်သွားသည်။
အရာအားလုံးကို သန့်စင်ပေးနိုင်စွမ်းရှိဟန်တူသည့်် ရွှေရောင်အလင်းတန်းကြီးက ပင်လယ်ရေကို ဖောက်ထွင်း၍ ဧရာမအလောင်းကြီးပေါ် ကျရောက်သွားသည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ အလောင်းကြီး တုန်ရီသွားပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။
ရွှီချင်းက နတ်အစွမ်းများကို အလဟဿမဖြစ်စေလို၍ မှော်လှေကို ချက်ချင်းသိမ်းဆည်းလိုက်ပြီး ဘေးပတ်လည်ရှိ တခြားရေသူမများထံ ဝင်ရောက်သွားသည်။
သူက ဓားမြှောင်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် သွေးများ ဖွာခနဲ ပန်းထွက်သွားသည်။ သံတုတ်လေးသည်လည်း တရွှီရွှီမြည်လျက် သူ့ပတ်လည်တွင် လည်ပတ်နေပြီး ရေသူမမျိုးနွယ်ဝင်များထံ ဝင်ရောက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ချုပ်နှောင်ခံလိုက်ရပြီး နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပါသော်လည်း ထိုသံတုတ်လေးက လက်နက်စောင့်ဝိညာဉ်ရှိလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းလာသည်။
ခဏအကြာ ထိုနေရာတစ်ခုလုံးကို ရွှီချင်း အပြီးတိုင် ရှင်းလင်းလိုက်ပြီ ဖြစ်သည်။
သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေပြီး သူ မောပန်းနွမ်းနယ်နေသည်။ သို့သော်လည်း သူ့မျက်လုံးများထဲတွင် လူသတ်ငွေ့များ အားကောင်းစွာ ရှိနေဆဲပင်။
ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ လေထဲလွင့်ပျံနေသည့်အတွက်ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး နိုးထလာတော့မည့်အလား သံတုတ်ကလေးမှ အခြေတည်အဆင့် အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။
ရွှီချင်း၏ နောက်မှ ‘ ပါ ’ အရိပ်က ဤသတ်ပွဲကို သက်သေထူနေသည့်အလား ခက်ထန်တင်းမာစွာ ရပ်နေသည်။
ထိုမြင်ကွင်းကို ကြည့်၍ ကျန်းစန်း၏ ရင်ထဲ တုန်ရီသွားသည်။
မြေပြင်ပေါ်မှ သွေးကွက်များကို သူ ကြည့်လိုက်ပြီးနောက် ဓားတစ်လက်အလား စူးရှပြတ်သားဟန်ရှိသော ရွှီချင်းကို ကြည့်ကာ အစောပိုင်းက သူ၏ ခန့်မှန်းချက် လွဲမှားသွားသည်ဟု ခံစားလိုက်ရသည်။ သူ့ရှေ့ရှိ ရွှီချင်းက ခေါင်းဆောင်ကဲ့သို့ မရူးသွပ်နိုင်လောက်ပါသော်လည်း ရက်စက်ကြမ်းကြုတ်သည့်နေရာတွင် ခေါင်းဆောင်နှင့် အတူတူပင် ဖြစ်ပေသည်။
မြေပြင်ပေါ်မှ အလောင်းအများစု၌ လည်လှီးရာများ ရှိနေပေသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်က ကုန်လွန်သွားပြီ ဖြစ်သည်။
သို့သော် ခေါင်းဆောင် ပြန်ရောက်မလာသေးပေ။
ရွှီချင်း ငြိမ်သက်နေပြီး ကျန်းစန်း သယ်ထားသည့် အသွေးအသားရုပ်ထုကို လှမ်းကြည့်ကာ နောက်ထပ် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အထိ စောင့်လိုက်သည်။
ကျန်းစန်းသည်လည်း အချိန်အတော်ကြာနေပြီဖြစ်သည်ကို သိနေပြီး မျက်မှောင်ကြုတ်နေသည်။
“ အစ်ကိုကြီးကျန်း၊ အချိန်ကတော့ ကျော်သွားပြီ။ ကျနော် သွားရမယ့်နေရာတွေ ရှိသေးလို့ သွားဦးမယ်။ ဂရုစိုက်ဗျာ ”
ရွှီချင်းက ခပ်တိုးတိုး ပြောလိုက်သည်။ ကျန်းစန်းကို အဆိပ်အိတ်တစ်အိတ်ပေးလိုက်ပြီး မည်သို့အသုံးပြုရမည်ကို ပြောပြလိုက်သည်။ ပြီးသည်နှင့် သူ အဝေးသို့ လျှောက်သွားသည်။
ခေါင်းဆောင် အောင်မြင်ရန် သူ မျှော်လင့်ထားပါသော်လည်း အချိန်ကြာသည်အထိ သူ မစောင့်နိုင်ပေ။ ဤရေသူမလောကတွင် ရွှီချင်းမှာ လုပ်စရာများစွာ ရှိနေသေးသည် မဟုတ်ပါလား။
သူ တဟုန်ထိုး ပြေးသွားသည်။ တစ်ယောက်မှ မရှိသည့်နေရာသို့ ရောက်သောအခါ လင်းရှီမီးအိမ်ကို ထုတ်၍ သူ့အရိပ်ထဲတွင် ထည့်ကာ တည်နေရာကို အာရုံခံလိုက်သည်။ မကြာခင် တည်နေရာအစစ်အမှန်ကို သူ အတည်ပြုနိုင်လိုက်သည်။ ထို့နောက် သူက လင်းရှီမီးအိမ်ကို သိမ်းဆည်းလိုက်ပြီး ဘုရားကျောင်းအစုအဝေးကြီး၏ အတွင်းပိုင်းသို့ တိုးဝင်သွားသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ထိုဘုရားကျောင်းအစုအဝေးကြီးက အလွန် ကျယ်ဝန်းသည်။ တစ်နာရီကြာပြီးနောက် ရွှီချင်းက ရပ်လိုက်ပြီး ရှေ့မှ သာမန်ဘုရားကျောင်းကို မော့ကြည့်လိုက်သည်။
ထိုဘုရားကျောင်းက ဘေးပတ်လည်မှ ဘုရားကျောင်းများနှင့် ကွဲပြားသွားခြင်းမျိုး မရှိပါသော်လည်း လင်းရှီမီးအိမ်၏ ဝိညာဉ်အငွေ့အသက်များက ညွှန်ပြနေသည့်နေရာမှာ ဤနေရာ ဖြစ်ပေသည်။
ရွှီချင်းက ဘေးပတ်လည်ကို စိုးရိမ်တကြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤနေရာတွင် အတားအဆီးများ မရှိကြောင်း သူ အတည်ပြုပြီးနောက် ဘေးပတ်လည်တွင် အဆိပ်များစွာ ချက်ချင်း ပတ်လိုက်ရာ ဘုရားကျောင်းတစ်ခုလုံးကိုသာမက ဘုရားကျောင်းအတွင်းပိုင်းသို့တိုင်အောင် အဆိပ်များ လွင့်ပျံသွားသည်။
ရွှီချင်းက ကမူးရှူးထိုး မလှုပ်ရှားသေးဘဲ ပုန်းအောင်း၍ ငြိမ်သက်စွာ စောင့်နေလိုက်သည်။ မူမမှန်သည့်အရာတစ်ခုမှ မရှိကြောင်း သူ သိလိုက်ရပြီးနောက် ဘုရားကျောင်းထဲသို့ သူ ဝင်သွားလိုက်သည်။ အထဲသို့ သူ ရောက်သည်နှင့် ဘေးပတ်လည်ကို လျင်မြန်စွာ ကြည်ရှုလိုက်သည်။
ဘုရားကျောင်းထဲ၌ ရုပ်ထုတစ်ခုမှလွဲ၍ ဘာမှမရှိပေ။
ထိုရုပ်ထုက ကျူးယင်ရုပ်ထုမဟုတ်ဘဲ ရေသူမအကြီးအကဲတစ်ယောက်၏ ရုပ်ထုဖြစ်သည်။ သူက ခံ့ညားထည်ဝါသောအမူအရာရှိပြီး ခေါင်းတွင် သရဖူတစ်ခုရှိသည်။ သူနှင့်ပတ်သက်၍ ထူးခြားသည့်အရာတစ်ခုမှ ရှိဟန်မတူပေ။
ရွှီချင်းက ဘုရားကျောင်းနံရံများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
နံရံများမှာလည်း ဘာမှရှိမနေချေ။ ရွှီချင်းက အချိန်အတော်ကြာသည်အထိ ရှာပြီးသည့်တိုင်အောင် ထူးခြားသည့်အရာတစ်ခုမှ မတွေ့ပေ။ သူက လင်းရှီမီးအိမ်ကို ထုတ်၍ ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြန်ပါသော်လည်း မထူးခြားပေ။
ရွှီချင်းက စဉ်းစားကြည့်လိုက်ပြီး လင်းရှီမီးအိမ်ကို မီးညှိလိုက်သည်။ ဘုရားကျောင်းထဲ သူ တစ်ပတ် ပတ်လိုက်ပါသော်လည်း ဘာမှမတွေ့ပေ။
ရွှီချင်းက တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး မီးအိမ်ကို သူ့အရိပ်ထဲ ထည့်လိုက်သည်။
တခဏလေးအတွင်း မီးအိမ်အရောငာ်က အဝါရောင်ဖျော့ဖျော့မှ အစိမ်းပုပ်ရောင်သို့ ပြောင်းလဲသွားသည်။ အလင်းက ဘေးပတ်လည်ကို ဖြာကျသွားပြီး နံရံပေါ်သို့လည်း အလင်းအနည်းငယ် ကျရောက်သွားရာ အပြောင်းအလဲအနည်းငယ် ပေါ်လာဟန်တူသည်။
ရွှီချင်း အနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။
သူ အနီးသို့ ရောက်သွားသည်နှင့် အစိမ်းပုပ်ရောင်အလင်းတန်းက နံရံပေါ်သို့ သိသိသာသာ ကျရောက်သွားပြီး နံရံမှာ တဖြည်းဖြည်း တွန့်လိမ်ပုံပျက်လာသည်။ ရွှီချင်း၏ စိတ်ထဲ တုန်ရီသွားပြီး နံရံပေါ်ရှိ မူလက ဘာမှမရှိသောနေရာတွင် နံရံဆေးရေးပန်းချီကားတစ်ချပ် ပေါ်လာသည်။
ထိုပန်းချီကားက မြင်ကွင်းကျယ်တစ်ခုကို ရေးဆွဲထားခြင်းဖြစ်ပြီး ဧရာမယဇ်ပလ္လင်ကြီးတစ်လုံး၏ တည်နေရာကို ဖော်ပြထားသည်။ ထိုပလ္လင်ကြီး ပတ်လည်တွင် အရိုးပင်လယ်ကြီးရှိပြီး ထိုအရိုးပင်လယ်ကြီးပေါ်တွင် မြင့်မားသော အရိပ်သုံးရိပ်ရှိသည်။
အရိပ်နှစ်ရိပ်က ခေါင်းများငုံ့ကာ အရိုအသေပေးနေပြီး ကျန်အရိပ်က ခံ့ထည်စွာ မားမားမတ်မတ် ရပ်နေသည်။
အရိုအသေပေးနေကြသော အရိပ်နှစ်ရိပ်အနက် ညာဘက်မှအရိပ်မှာ ဘုရားကျောင်းထဲရှိ ရေသူမမျိုးနွယ်ဝင် အဘိုးအိုဖြစ်သည်။ သို့သော်လည်း နံရံဆေးရေးပန်းချီထဲတွင် သူက ဧကရာဇ်တစ်ပါးအလား ပို၍ပင် ခံ့ညားထည်ဝါနေသည်။ သူက တန်ခိုးအရှိန်အဝါများဖြင့် ပြည့်နှက်နေလျက် ရပ်နေပြီး သူ့ခေါင်းပေါ်မှ သရဖူတွင်လည်း ကျောက်မျက်ရတနာတစ်ခု မြှုပ်နှံထားသည်။
တခြားတစ်ဖက်မှအရိပ်က လက်များပြည့်နှက်နေသည့် ငါးအရိုးဝတ်ရုံကို ဝတ်ဆင်ထားသော အဘွားအိုတစ်ယောက်ဖြစ်သည်။ အဘွားအို၏ နောက်ကျောတွင် တစ္ဆေမျက်နှာကြီးတစ်ခုလည်း ရှိနေသည်။ ယင်းအရိပ်မှာ ကျူးယင်မှလွဲ၍ တခြားမဟုတ်ချေ။
သူတို့ အရိုအသေပေးနေသည့်အရိပ်မှာ ခန္ဓာကိုယ်ပတ်လည်တွင် ခေါင်းကိုးလုံးမြွှေများ ရစ်ပတ်ထားသည့် လူ့ဘီလူးကြီးတစ်ယောက်ဖြစ်သည်။
ထိုလူ့ဘီလူးကြီးက ကမ္ပည်းစာများ မရေမတွက်နိုင်လောက်အောင် ရေးထွင်းထားသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ့ပခုံးနှစ်ဖက်တွင် လောကကြီးနှစ်ခုကို ထမ်းထားပြီး သူ့ခေါင်းအထက်တွင် ဓားကြီးတစ်လက် လွင့်မျောနေသည်။ ထိုဓားကြီးကို ကြည့်ရသည်မှာ ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်နှင့် မြေပြင်ကို ထပ်ခြမ်းပိုင်းဖြတ်နိုင်သည့်အလား ဝိညာဉ်တုန်ရီသွားစေနိုင်သည့် ခံစားချက်မျိုး ဖြစ်စေသည်။
ရေသူမဧကရာဇ်နှင့် ကျူးယင်တို့ အရိုအသေပေးနေသည့် အရိပ်မှာ နတ်ဘုရားတစ်ပါးနှင့် ပို၍ ဆင်တူသည်။
သူ့ခန္ဓာပေါ်ရှိ မြွှေခေါင်းတစ်လုံး၏ ပါးစပ်ထဲတွင် တဟုန်းဟုန်း တောက်လောင်နေသော မီးအိမ်တစ်လုံးကို ကိုင်ထားသည်။
ထိုမီးအိမ်၏ ပုံစံက အနက်ရောင်ထီးတစ်လက်အား ပက်လက်လှန်ထားသည့်ပုံစံနှင့် ဆင်တူပြီး လင်းရှီမီးအိမ်နှင့် တစ်ပုံစံတည်းဖြစ်ပါသော်လည်း ၎င်းတို့နှစ်ခုမှာ တူညီသောအဆင့်မှာမဟုတ်သည့်အလား ကွဲပြားသည့်ခံစားချက်မျိုး ဖြစ်စေသည်။
၎င်းတို့နှစ်ခုကြားရှိ ကွာခြားချက်က ကျောက်ရိုင်းတုံးနှင့် လှပသော ကျောက်မျက်ရတနာတစ်ခုကဲ့သို့ပင်။
၎င်းတွင် အထွတ်အထိပ်တန်ခိုးစွမ်းအားများ ကိန်းအောင်းနေပြီး မြင်သူတိုင်းကို တစ်ချက်ကြည့်မိရုံဖြင့် စစ်မှန်သော ပစ္စည်းဖြစ်ကြောင်း ပြောနိုင်မည်ဖြစ်သည်။