← Chapters

ရွှီချင်းကလည်း ရူးနေတာ ( ၁ )

Vol. 13 Ch. 194

ရွှီချင်းကလည်း ရူးနေတာ ( ၁ )

Vol. 13 Ch. 194

ရွှီချင်းက နံရံဆေးရေးပန်းချီကို ကြည့်ရင်း ရင်ထဲ တုန်ရီလာရသည်။ ရုတ်တရက် ပန်းချီထဲရှိ ထီးနက်ပုံစံမီးအိမ်က အမှန်တကယ် တည်ရှိနေသည့်အလား ဝင်းလက်သွားသည်။ အလင်းက ပန်းချီကားချပ်ကို ဖောက်ထွင်း၍ အပြင်လောကကြီးကိုပါ လင်းထိန်သွားသည်။

တချိန်တည်းမှာပင် ရွှီချင်း၏လက်ထဲရှိ လင်းရှီမီးအိမ်သည်လည်း စူးရှတောက်ပစွာ ဝင်းလက်လာကာ အလင်းပင်လယ်ကြီးအသွင် ဖြစ်သွားသည်။

ရွှီချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ နောက်ဆုတ်ချင်ပါသော်လည်း နောက်ကျသွားသည်။ သူ့ကို အလင်းပင်လယ်က လွှမ်းခြုံသွားပြီဖြစ်၏။

မျက်တောင်တစ်ချက်ခတ်အတွင်း အလင်းပင်လယ်ပျောက်ကွယ်သွားသည်နှင့် ရွှီချင်းသည်လည်း ပျောက်ကွယ်သွားသည်။

အချိန်များစွာ ကုန်လွန်သွားခဲ့သည့်ပမာ ခံစားလိုက်ရသလို အချိန်တခဏလေးသာ ကုန်ဆုံးသွားသေးဟန်လည်း တူသည်။

ရွှီချင်း၏အမြင်အာရုံ ဝေဝါးသွားရာမှ ပြန်လည်ကြည်လင်လာသောအခါတွင် ပထမဆုံး သူ ခံစားာလိုက်ရသည့်အရာမှာ ကြောက်ခမန်းလိလိ ပြင်းထန်သော ဖိအားတစ်ရပ် ဖြစ်သည်။ ယင်းသည် ပြိုင်ဘက်ကင်း သားရဲကြီးတစ်ကောင်၏ ဟိန်းသံ လွင့်ပျံလာသည်နှင့် ဆင်တူသည်။

မည်သည့်အသံမျှ မကြားရဘဲ ဖိအားသက်ရောက်ခြင်းသာ ဖြစ်ပါသော်လည်း ရွှီချင်း၏ နားထဲတွင် တဝီဝီမြည်ကာ သွေးများပင် လျှံတက်လာသည်။

နားများသာမက သူ့နှာခေါင်းများမှလည်း သွေးများ စီးထွက်လာသည်။ သူ့မျက်လုံးများသည်လည်း ပြင်းထန်စွာ နာကျင်လွန်း၍ ဖွင့်ရန်ပင် ခက်ခဲနေသည်။

သူ့ကိုယ်တွင်းအင်္ဂါများ တုန်ခါနေသည့်အလား သူ့တစ်ကိုယ်လုံး ဒယိမ်းဒယိုင်ဖြစ်နေသည်။

ထိုအခြင်းအရာအားလုံးက ပြင်းထန်သော နာကျင်မှုအသွင် ပြောင်းလဲသွားပြီး ရွှီချင်းကို မျက်လုံးဖွင့်မကြည့်ဘဲ ဘေးပတ်လည်ရှိ မည်သည့်အရာကိုမဆို မထိရဲ၊ မကိုင်ရဲအောင် ဖြစ်သွားစေသည်။

သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး တိုက်ခိုက်တော့မည့်ဟန် အလိုလို ပြောင်းလဲလိုက်သည်။ တချိန်တည်းမှာပင် သံတုတ်ကလေးကို ထုတ်လိုက်ပြီး ဘေးပတ်လည်ကို အဆိပ်များ ပက်လိုက်သည်။ သူက တွေဝေမနေဘဲ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ပြန်လွှတ်ပေးလိုက်သည်။

အချုပ်အနှောင် ပျက်ပျယ်သွားသည်နှင့် သံတုတ်လေးမှ အငွေ့တန်းတစ်ခု ထွက်လာသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး နိုးထလာပြီဖြစ်သည်။ သို့သော် သူ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“ သခင်လေး၊ ကျနော်မျိုး မှားပါပြီ။ ကျနော်မျိုး တကယ် မှားပါပြီ။ ဒါ ဘယ်လိုနေရာကြီးတုံး၊ သောက်ကျိုးနဲ … ဒီ … ဒီနေရာက …”

“ သခင်လေး၊ သခင်လေးက ကျနော်မျိုးကို ဒီနေရာမှာ စွန့်ပစ်ပြီး တစ်သက်လုံး နာကျင်ခံစားရအောင် လုပ်မလို့လား။ ကျနော်မျိုး ဖတ်ခဲ့ဖူးတဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာတော့ ဇာတ်ကောင်တွေ အများစုက ဒီလိုမျိုး ကြုံတွေ့ရတာ ”

“ သခင်လေး၊ ကျနော်မျိုး သခင်လေးရဲ့ လက်နက်စောင့်ဝိညာဉ်အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ပါ့မယ်။ ကျနော်မျိုးကို မသတ်ပစ်ပါနဲ့။ ကျနော်မျိုး ကျိုးကျိုးနွံနွံနေပါ့မယ်။ ကျနော်မျိုးရဲ့ အမှားကို သိပါပြီ။ ကျနော်မျိုး အမှန်အတိုင်းပဲ ပြောပါတော့မယ်။ တကယ်တော့ ကျနော်မျိုး တခြားနေရာမှာ ဝိညာဉ်ကျောက်တုံးတွေအများကြီး မြှုပ်ထားခဲ့တာပါ။ တာအိုရောင်းရင်းတချို့ကိုလဲ သူတို့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ရင် သခင်လေးဆီကို လာရှာဖို့ ကျနော်မျိုး ပိုက်ဆံအများကြီးပေးထားခဲ့ပါတယ် ”

“ အခု သူတို့ ဘယ်သူတွေလဲဆိုတာ ကျနော်မျိုး ပြောပြပါ့မယ်။ အဲဒီသူတွေကို သခင်လေး သတ်လို့ရအောင် ကျနော်မျိုး ကူညီပေးမှာပါ ”

“ ပါးစပ်ပိတ်ထားစမ်း ”

ရွှီချင်းက မျက်လုံးများကို ဖွင့်မကြည့်နိုင်ဘဲ အံတင်းတင်းကြိတ်၍ ငေါက်လိုက်သည်။

“ ဒီမှာ ဘာတွေရှိတုံး ငါ့ကို ပြော ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ပို၍ပင် တုန်ရီသွားသည်။ သို့သော်လည်း ရွှီချင်း၏ စကားများကို သူ မနာခံဘဲ မနေဝံ့ပေ။ သူ့အသက်ဝိညာဉ်က ရွှီချင်း၏ လက်ထဲတွင် ရှိနေပြီး ရွှီချင်း၏ အတွေးတစ်ချက်ဖြင့် သူ၏သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် သူက တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“ သခင်လေး၊ ဒီနေရာက ယဇ်ပလ္လင်တစ်လုံး ဖြစ်မယ်။ ဘေးမှာ အရိုးတွေနဲ့ ပြည့်နေတာ။ ကျနော်မျိုးတို့က အမြင့်တစ်နေရာကို ရောက်နေတာ။ ကျနော်မျိုးတို့ရှေ့မှာ အောက်ကိုဆင်းတဲ့ လှေကားတစ်စင်းရှိတယ်။ အဲဒီလှေကားရဲ့အဆုံးမှာ ဘေးနှစ်ဖက်က ကျောက်နံရံတွေနဲ့ လမ်းလေးတစ်ခုရှိတယ်။ အဲဒီလမ်းလေးရဲ့ အဆုံးမှာ စက်ဝိုင်းပုံစံ ယဇ်ပလ္လင်တစ်လုံး ရှိတယ်”

“ အဲဒီယဇ်ပလ္လင်ရဲ့ ရှေ့က အရိုးတွေနဲ့ ပြည့်နေတယ်။ သောက်ကျိုးနဲ … ဒီနေရာက ကြီးလှချည်လား။ အဲဒီရှေ့မှာ ဧရာမရုပ်ထုကြီးသုံးခုလည်း ရှိတယ် ”

“ အဲဒီရုပ်ထုသုံးခုက မျက်နှာချင်းဆိုင် ရပ်နေကြတာလား ”

ရွှီချင်းက ခပ်တိုးတိုး မေးမြန်းလိုက်သည်။

“ တစ်ခုက မတ်တတ်ရပ်နေပြီးတော့ ကျန်တဲ့နှစ်ခုက အရိုအသေပေးနေတာပါ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သေရေးရှင်ရေးအခြေအနေတွင် ဝေ့လည်ကြောင်ပတ်လုပ်နေရန် စိတ်ကူးမရှိချေ။

“ ဆက်ပြော ”

ရွှီချင်းက တစ်ခွန်းချင်း ပြောလိုက်သည်။

“ အဲဒီမှာ ရပ်နေတဲ့လူက ခန္ဓာကိုယ်မှာ ခေါင်းကိုးလုံး မြွေပတ်ထားတဲ့ ဧရာမလူ့ဘီလူးကြီးပါ။ သူ့ကြည့်ရတာ နတ်ဘုရားတစ်ပါးလိုပါပဲ။ ချီးပဲကွာ … ဒါ ဘယ်လိုနေရာကြီးတုံး။ သူ့ကို ကြည့်ရတာ မျက်လုံးကန်းတော့မလိုပဲ။ လက်နက်စောင့်ဝိညာဉ်မဟုတ်ဘဲ သာမန်လူ့ခန္ဓာသာ ရှိနေရင် မျက်လုံးကန်းနေတာ ကြာပြီ။ သခင်လေး၊ ကျနော်မျိုး မှားမှန်းသိပါပြီ။ ဒါ ဘယ်လိုနေရာကြီးတုံး ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခပ်လေးလေးစကားသံကြောင့် ရွှီချင်း၏ ရင်ထဲ တုန်ရီသွားရသည်။ ရုပ်ပုံပန်းချီကားချပ်ထဲက လောကထဲသို့ သူ ရောက်နေသည်ကို သူ သိလိုက်သည်။

တခဏကြာ သူ စဉ်းစားပြီးနောက် စကားမပြောတော့ဘဲ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ချုပ်နှောင်ကာ ဆက်လက်အိပ်စေလိုက်သည်။ သူ၏ခန္ဓာကိုယ် သက်သာကာ ဖိအားဒဏ်ခံလာနိုင်သည်အထိ သူ ငြိမ်သက်စွာ စောင့်နေလိုက်သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုသနိုင်စွမ်းက ဆက်လက်ပျံ့နှံ့လာပြီး ဘေးပတ်လည်ရှိ ဖိအားကို သူ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိလာသည်။

သူ့တစ်ကိုယ်လုံး နာကျင်နေပြီး ပြိုလဲတော့မည့်အလား ခံစားနေရသေးသော်လည်း သူ မျက်လုံးကို အတင်းအကြပ် ဖွင့်ကြည့်လိုက်ရာ ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဤနေရာသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပြောသွားခဲ့သည့်အတိုင်း အမှန်ပင် ဖြစ်သည်။ ရွှီချင်း ရောက်နေသည့်နေရာသည် ဂူတစ်ဂူ သို့မဟုတ် တခြားလောကကဲ့သို့ပင်။

ရှေ့တူရှုမှ လှေကားထစ်များက အလွန်ကြီးမားပြီး လူသားများ လျှောက်သွားသည်နှင့်ပင် မတူချေ။ ရှေ့မှ အရိုးပင်လယ်ကြီးထဲတွင် ခံ့ညားထည်ဝါသော ရုပ်ထုကြီးသုံးခု ရှိသည်။

ရွှီချင်း မခံမရပ်နိုင်လောက်အောင် ခံစားနေရသည့် ဖိအားက ထိုရုပ်ထုကြီးများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရွှီချင်း၏ မျက်လုံးများ စပ်ဖျဉ်းဖျဉ်းဖြစ်ကာ သွေးများ ထွက်လာသည်။ သူ အံတင်းတင်းကြိတ်ကာ လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ချက်ချင်း မှေးသွားသည်။ အရိုးပင်လယ်ထဲရှိ ထောင်ထောင်မောင်းမောင်းနှင့် ဧရာမလူ့ဘီလူးကြီးကို ရစ်ပတ်ထားသည့် မြွေခေါင်းတစ်ခေါင်း၏ ပါးစပ်တွင် ထီးနက်ပုံစံ မီးအိမ်တစ်အိမ်ကို သူ မြင်လိုက်ရသည်။

ထိုထီးနက်ပုံစံမီးအိမ်က လင်းရောင်ခြည်တန်းလေးများ ထုတ်လွှတ်နေပြီး လူ့ဘီလူးကြီး၏ ပခုံးနှစ်ဖက်ပေါ်ရှိ လောကများကို အလင်းပေးကာ ထိုလောကကြီးနှစ်ခုကို သက်ဝင်လှုပ်ရှားအောင် လုပ်နေသည်။

ရွှီချင်း၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာပြီး ရင်တဒိန်းဒိန်းခုန်လာသည်။ သူ့ခေါင်းထဲတွင် တဝီဝီမြည်နေပြီး ပြူးကျယ်နေသော မျက်လုံးများဖြင့် ထီးနက်ပုံစံ မီးအိမ်ကို သူ စူးစိုက်ကြည့်နေသည်။

“ သက်စောင့်မီးအိမ်လား ”

ရွှီချင်း၏စိတ်ထဲ အရှိန်အဟုန်ပြင်းစွာ တုန်ရီနေသည်။ မကြာသေးခင်က သက်စောင့်မီးအိမ်အကြောင်း ခေါင်းဆောင် ပြောခဲ့သည့်စကားများ သူ့စိတ်ထဲပေါ်လာပြီး သူ၏ရင်ထဲတွင် ဖော်ပြ၍မရနိုင်လောက်သော စိတ်ဆန္ဒတစ်ခု ပေါက်ဖွားလာသည်။

သူ စရောက်ကတည်းက ခန့်မှန်းထားပြီး ဖြစ်ပါသော်လည်း မြင်ကွင်းကြောင့် တုန်လှုပ်နေရဆဲပင်။

ဤနေရာတွင် သက်စောင့်မီးအိမ်တစ်လုံး အမှန်တကယ် ရှိနေပေသည်။

ထိုသတင်းသာ ပျံ့နှံ့သွားပါက အပြင်ဘက်ရှိ ပြိုင်ပွဲက ချက်ချင်း အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။ ဂိုဏ်းသားအားလုံး၏ မျက်လုံးများအားလုံးက ဤနေရာတွင် စုစည်းသွားမည်ဖြစ်ပြီး ဝမ်ကူးဒေသကြီးမှ ခုနစ်ဂိုဏ်းမဟာမိတ်သည်လည်း ချက်ချင်းပင် အလျင်အမြန် ရောက်လာမည်ဖြစ်သည်။

အမှန်စင်စစ် ထိုသတင်းသာ ပေါက်ကြားသွားခဲ့လျှင် အပြင်လောကကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားမည်မှာ သေချာသည်။ ဤသက်စောင့်မီးအိမ်နှင့်ယှဉ်ပါက ရေသူမမျိုးနွယ်မှာ စာမဖွဲလောက်တော့ပေ။

All Chapters