ရွှီချင်းကလည်း ရူးနေတာ ( ၂ )
Vol. 13 Ch. 195
ထိုအကြောင်းကို ရေသူမမျိုးနွယ် မသိသည်မှာ ထင်ရှားသည်။ ထိုသို့မဟုတ်လျှင် မျိုးနွယ်စုကြီးများထံ သူတို့ သတင်းပို့ကာ အကာအကွယ်ရယူမည် ဖြစ်သည်။
အရိပ်ကြောင့်သာ မဟုတ်ပါက ရွှီချင်းသည်လည်း ၎င်းကို ရှာတွေ့မည် မဟုတ်ပေ။
ရွှီချင်းသည် ခံစားချက်ပေါင်းများစွာဖြင့် သက်စောင့်မီးအိမ်ကို လှမ်းကြည့်လိုက်သည်။ သူက ကမူးရှူးထိုး မလုပ်ဘဲ အသက်ပြင်းပြင်းရှူသွင်းကာ ရင်ထဲမှ ခံစားချက်များကို ဖိနှိပ်လိုက်သည်။
သူ့မျက်လုံးများထဲမှ စီးကျလာသော သွေးများကို သူ သုတ်ပစ်လိုက်သည်။ ခရမ်းရောင်သလင်းကျောက်က အဆက်မပြတ် ကုသပေးနေခြင်းကြောင့် သူ၏ အခြေအနေက အစောပိုင်းကထက် အနည်းငယ် ပိုကောင်းလာသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းမှာ စိတ်တည်ငြိမ်သွားပြီး မီးအိမ်ကို ထပ်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည့်အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။
သူက လှေကားထစ်များအထက်သို့ ရောက်သည့်တိုင်အောင် လျှောက်သွားသည်။ သူက လှေကားထစ်ကြီးများကို ငုံ့ကြည့်လိုက်ပြီး ခုန်ချလိုက်သည်။
သို့သော်လည်း ဒုတိယမြောက်လှေကားထစ်ပေါ် သူ ခြေချလိုက်သည့်အခိုက် အစောပိုင်းကထက် ပို၍ ပြင်းထန်သော ဖိအားတစ်ရပ်ကို သူ ခံစားလိုက်ရသည်။
သူ့တစ်ကိုယ်လုံး ထပ်မံတုန်ရီလာပြီး လည်ပင်းမှ ငံကျိကျိအရသာကို ခံစားလိုက်ရကာ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူ၏အသားအရေမှာ အလွန် ဖြူဖျော့နေပြီး တစ်ကိုယ်လုံး ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူက ချက်ချင်းပင် ထိုင်ချလိုက်ပြီး အသက်ရှူသံကို ထိန်းညှိလိုက်သည်။
ပြန်လည်သက်သာရန် သူ အချိန်အတော်ယူလိုက်သည်။ သူ အံတင်းတင်းကြိတ်လိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။ သူ့ခန္ဓာကိုယ်တုန်ခါနေပြီး သူ့ကိုယ်တွင်းအင်္ဂါများမှ သွေးများ ထွက်နေသည်။ သူ၏အရိုးများ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မည့်အလား ဖြစ်လာသည်။
ဒုတိယမြောက်လှေကားထစ်အစွန်းသို့ သူ နီးကပ်သွားသောအခါတွင် သူ၏ခန္ဓာကိုယ်က ခံနိုင်ရည်ကို ရောက်သွားပြီဖြစ်ပြီး သူ၏အမြင်အာရုံများ ဝေဝါးလာသည်။
သူ ဆက်မလုပ်နိုင်တော့ကြောင်း သူ သိသည်။ တတိယမြောက်လှေကားထစ်ကိုသာ သူ သွားခဲ့ပါက သေရေးရှင်ရေးအန္တရာယ်နှင့် ကြုံတွေ့လိုက်ရမည်ကို သူ ပြင်းပြင်းထန်ထန် အာရုံရနေသည်။
သက်စောင့်မီးအိမ်ကို သူ စူးစိုက်စွာ ကြည့်လိုက်ပြီး လက်ဗလာဖြင့် သူ ထွက်မသွားချင်သည့်အတွက်ကြောင့် သူ့ခြေထောက်အောက်ရှိ မြေပြင်ကို ကြည့်လိုက်သည်။
အလင်းက သူ့ရှေ့မှ ထွက်ပေါ်နေသည့်အတွက်ကြောင့် အရိပ်က သူ့နောက်တွင် ပေါ်နေသည်။
သူက ခေါင်းလှည့်၍ အရိပ်ကို လှမ်းကြည့်ကာ မျက်လုံးများ မှေးသွားပြီး ပြောလိုက်သည်။
“ ထစမ်း၊ မီးငြှိမ်းရတာကို မင်း ကြိုက်တယ်မလား။ ငါ့ကို အဲဒီအလင်းတွေ သွားငြှိမ်းပေးစမ်းပါ ”
သူက ပြောလိုက်ရင်း အရိပ်ကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ အရိပ်မှာ တွန့်လိမ်ရှုံ့တွသွားပြီး ရှေ့ဆက်မသွားချင်သည့်အလား သူ့ခြေထောက်အောက်မှ မြေကြီးထဲသို့ ချက်ချင်း ပြန်ဆုတ်လိုက်ပါသော်လည်း ရှေ့သို့ ပြန်လည်ဆန့်ထွက်လာသည်။
အလင်းရောင်ကြောင့် ရှေ့သို့ ဆန့်ထွက်လာသော အရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူ၏အသိဖြင့်သာ အရိပ်ကို သူ အာရုံခံနိုင်သည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် အရိပ်က တတိယမြောက်လှေကားထစ်ပေါ်သို့ ရောက်သွားသည်။
သူ စိတ်မသက်မသာ မခံစားရပေ။ သူ၏မျက်လုံးများထဲ စူးရှသောအလင်းတစ်ခု ဝင်းလက်သွားပြီး အရိပ်ကို ထိန်းချုပ်၍ ဆန့်ထုတ်လိုက်ရာ စတုတ္ထမြောက်လှေကားထစ်၊ ပဉ္စမမြောက်လှေကားထစ်သို့တိုင်အောင် ရောက်သွားသည်။
နောက်ဆုံးတွင် အရိပ်က လှေကားထစ်များအားလုံးပေါ် ပျံ့နှံ့သွားပြီး ယဇ်ပလ္လင်အောက်ခြေသို့ ရေက်သွားသည်။ ထို့နောက် ၎င်းက ရှေ့ဆက်တိုးသွားပြီး အရိုးပင်လယ်ကြီးထဲရှိ ရုပ်ထုသုံးခုဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
အရိပ် မည်မျှ ဆန့်ထွက်နိုင်မည်နှင့်ပတ်သက်ပြီး ရွှီချင်းမှာ အဖြေမရှိပေ။
သို့သော်လည်း အရိပ်ကို ပို၍ ဆန့်ထုတ်လိုက်သည်နှင့် သူ ပို၍ ထိန်းချုပ်ရန် လိုအပ်လာသည်ကို ခံစားမိလိုက်သည်။ တချိန်တည်းမှာပင် အရိပ်က ပို၍ မငြိမ်မသက်ဖြစ်လာဟန်တူသည်။
အရိုးပင်လယ်ထဲရှိ ရုပ်ထုသုံးခုအနီးသို့ ရောက်လုဆဲဆဲအချိန်တွင် အရိပ် မတည်မငြိမ်ဖြစ်နေသည့် ခံစားချက်မှာ ပို၍ပင် ပြင်းထန်လာပြီး အရိပ်ကို ဆက်လက်ဆန့်ထုတ်၍ မရတော့ပေ။
ရွှီချင်း၏ မျက်လုံးများ နီမြန်းသွားသည်။ သက်စောင့်မီးအိမ်ကို သူ ကြည့်လိုက်ပြီး အရိပ်ကို အာရုံခံလိုက်သည်။ တခြားရွေးချယ်စရာမရှိတော့သည်ဖြစ်၍ သူက ခရမ်းရောင်သလင်းကျောက်၏ ချုပ်အားကို နှိုးဆွ၍ အရိပ်ကို ဆန့်ထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ချုပ်အား မသက်ရောက်ခင် မူလက မငြိမ်မသက်ဖြစ်နေသော အရိပ်မှာ ရုတ်တရက် တုန်ရီလာသည်။ ၎င်းက ရှိရင်းစွဲထက် ဆွဲဆန့်လိုက်သည့်အလား ရုတ်တရက် ရှည်ထွက်သွားသည်။
ဧရာမလူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားပြီး မြွေခေါင်း၏ ပါးစပ်ထဲမှ သက်စောင့်မီးအိမ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ၎င်း၏ ကန့်သတ်ချက်သို့ အမှန်တကယ် ရောက်သွားပြီဖြစ်သည်။ ၎င်းက တဆတ်ဆတ်တုန်ရီကာ စုတ်ပြဲတော့မည့်လက္ခဏာများ ပြသလာသည်။
ချုပ်အား သက်ရောက်လိုက်သည့်တိုင်အောင် ၎င်းကို ဆက်လက်ရှည်ထွက်သွားစေရန် မလုပ်နိုင်တော့ပေ။ ၎င်းက တောင့်မခံနိုင်တော့သည့်အလား နောက်သို့ပင် ဆုတ်ရန်ပြင်နေ၏။
ရွှီချင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။ အရိပ်ကို သူ မယုံကြည်ပေ။ အရိပ်က ထပ်မံရှည်မထွက်နိုင်တော့သည်လား သို့တည်းမဟုတ် ရည်ရွယ်ချက်ရှိရှိ ဆန့်မထွက်တာလား ဆိုသည်ကို သူ မသိသည် မဟုတ်ပါလား။ သူက အရိပ်ကို စူးစိုက်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“ ငါ အဲဒါကို မရရင် အပြင်ရောက်လို့ ငါ သေရင်တောင် မင်းကို အကြိမ်ပေါင်းတစ်ထောင်လောက် ဖိသတ်ပြီးမှ သေမယ် ”
ရွှီချင်း၏အသံက အလွန် တည်ငြိမ်နေသည်။
ထိုစကားသံထဲတွင် ပါဝင်သည့် အေးစက်စက်အငွေ့အသက်များက အရိပ်ကို အလန့်တကြား ဖြစ်သွားစေဟန်တူသည်။ အရိပ်က ရှေ့သို့ ဆန့်ထွက်ရန် အရူးအမူး ကြိုးစားလိုက်ပါသော်လည်း ၎င်း၏ ကန့်သတ်ချက်သို့ ရောက်သွားဟန်တူပြီး စုတ်ပြဲတော့မည့်လက္ခဏာများက ပို၍ပင် သိသာလာသည်။
ရွှီချင်းက ထိုမြင်ကွင်းကို အာရုံခံမိလိုက်ပြီး ထိုအခါမှသာ သူ ယုံကြည်သွားသည်။ သူ၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည့်အရိပ်အယောင်များ ချက်ချင်း ပေါ်လာသည်။ သူက အဆောင်များနှင့် မှော်လှေကို ထုတ်၍ မှော်လှေ၏ အကာအကွယ်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။
ထို့နောက် မှော်လှေပေါ်သို့ သူ ခုန်တက်လိုက်ပြီး မန္တန်အစီအရင်မြောင်းထဲသို့ ဝိညာဉ်ကျောက်တုံးအမြားအပြား ထည့်သွင်းကာ မှော်လှေ၏ အကာအကွယ်ကို တိုးမြှင့်လိုက်သည်။
ပြီးသည်နှင့် သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တတိယမြောက်လှေကားထစ်၏ အထက်သို့ ပျံတက်ရန် မှော်လှေကို ထိန်းချုပ်လိုက်သည်။
သူက မှော်လှေနှင့် ရှေ့တိုးသွားလိုက်သည့်အခိုက် အရိပ်သည်လည်း နောက်တစ်လှမ်း တိုးသွားသည်။ ၎င်းက မြွေ၏ပါးစပ်ထဲရှိ သက်စောင့်မီးအိမ်ကို ထိလိုက်ပြီး ဆွဲယူလိုက်သည်။
သို့သော်လည်း ထိုအချိန်၌ ယခင်ထက် အဆပေါင်းများစွာ ကျယ်လောင်သော မြည်ဟည်းသံကြီး သူ့ရှေ့မှ ထွက်ပေါ်လာသည်။ ထိုမြည်ဟည်းသံကြီးက အားလှိုင်းကြီးအသွင်ဖြင့် ရွှီချင်းထံ တိုးဝင်လာသည်။
သူ၏မှော်လှေမှာ ပထမဆုံး ပြိုလဲသွားသည်။ ရွက်တိုင်များဖြင့် ပြုလုပ်ထားသော အကာအကွယ်ပထမတစ်လွှာ ချက်ချင်း စုတ်ပြတ်သွားပြီး မှော်လှေတစ်ခုလုံး နောက်သို့ လိမ့်သွားသည်။
ထို့နောက် ဒုတိယအလွှာသည်လည်း ပေါက်ကွဲကာ ပျက်စီးသွားသည်။ ဝိညာဉ်ကျောက်တုံးများစွာဖြင့် ၎င်းကို ပံ့ပိုးပေးထားသည့်တိုင်အောင် အသုံးမဝင်ပေ။ မှော်လှေမှာမူ ပို၍ပင် နောက်သို့ လိမ့်သွား၏။
နောက်ထပ်ဒဏ်ခံလိုက်ရသည်မှာ လှေထိပ်ပိုင်းဖြစ်သည်။ ပင်လယ်ဖွတ်အရေခွံပေါ်ရှိ နတ်အစွမ်း လွင့်ပျံသွားပါသော်လည်း အားလှိုင်းကို ပျက်ပျယ်သွားအောင် မလုပ်နိုင်သေးဘဲ ၎င်းသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ပြီးသည်နှင့် လှေ၏ ထိပ်ပိုင်းတစ်ဝက်လုံး ပျက်စီးသွား၏။
ထိုအားလှိုင်းက ရွှီချင်း၏ အဆောင်များစွာအပေါ်သို့လည်း သက်ရောက်လာသည်။
အကာအကွယ်အဆောင်များက အရူးအမူး တားဆီးလိုက်ကြပါသော်လည်း အဆောင်များပေါ်ရှိ စကားလုံးများ ချက်ချင်း မှိတ်ဖျော့ကာ ပျောက်ကွယ်သွားသည်။ လက်ကျန်အားလှိုင်းက ရွှီချင်းအပေါ်သို့ ကျရောက်လာ၏။
ရွှီချင်းမှာ တောင်ကြီးတစ်လုံးဖြင့် အဆောင့်ခံလိုက်ရသည့်အလား အပြင်းအထန် တုန်ရီသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ အရိုးများစွာ ကျိုးပဲ့သွားပြီး အသားများလည်း စုတ်ပြဲသွားသည်။ သူ၏မှော်လှေသည်လည်း နောက်သို့ ကန်ထွက်သွားသည်။ ဘေးပတ်လည်မှ အလင်းများ ပြိုးပြိုးပြက်ပြက်ဝင်းလက်လာပြီး ရွှီချင်းနှင့် သူ၏ ပျက်စီးနေသော မှော်လှေမှာ ပန်းချီကားချပ်အပြင်သို့ ရုတ်ခြည်း တွန်းထုတ်ခြင်းခံလိုက်ရသည်။
ရွှီချင်း သွေးများစွာ အန်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းများစွာ ပျက်စီးသွားပြီး အရိုးများစွာ ကျိုးနေသည်ကို အထင်းသား မြင်နေရသည်။
သူ၏ဝမ်းဗိုက်တွင်လည်း ခန္ဓာကိုယ်ထဲသို့တိုင်အောင် တိုးလျှိုပေါက်ဒဏ်ရာကြီးတစ်ခု ရှိနေသည်။ သူ၏ဝတ်ရုံမှာလည်း အပိုင်းငယ်လေးတစ်ခုသာ ကျန်တော့သည်။
မြေပြင်ပေါ်သို့ သွေးများ အဆက်မပြတ် စီးကျနေသည်။ ရွှီချင်း၏ အမြင်အာရုံများ ဝေဝါးလာသည်။ သူ၏ဒဏ်ရာများက မကြုံဖူးလောက်အောင် ပြင်းထန်လွန်းနေပါသော်လည်း ပစ္စည်းကို သူ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ယင်းပစ္စည်းမှာ အရိပ် ဆွဲယူခဲ့သည့် သက်စောင့်မီးအိမ်ပင် ဖြစ်ပေသည်။
“ ငါ သတိလစ်သွားလို့ မဖြစ်ဘူး ”
သူ၏ အမြင်အာရုံများ ဝေဝါးလာသည်နှင့် သူက လျှာကို အညှာအတာမဲ့စွာ ကိုက်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့သိုလှောင်အိတ်ထဲမှ ဆေးလုံးအမြောက်အမြားကို ခက်ခက်ခဲခဲ သူ ယူလိုက်သည်။ ဆေးလုံးများကို သူ စားနေရန် အချိန်မရှိသည့်အတွက်ကြောင့် ဒဏ်ရာများပေါ်သို့ ဖိသိပ်လိုက်သည်။ အန္တရာယ်များကို ရှောင်တိမ်းရန် ဘေးပတ်လည်သို့ အဆိပ်များလည်း ပက်လိုက်သည်။
သက်စောင့်မီးအိမ်ကို သူ စစ်ဆေးနေရန် အချိန်မရှိဘဲ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ ရခဲ့သည့် သိုလှောင်ပုတီးစေ့ထဲသို့ အလျင်အမြန် ထည့်လိုက်သည်။
သူ စိုးရိမ်နေဆဲဖြစ်၍ သိုလှောင်ပုတီးစေ့ကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ သို့သော်လည်း သူ စိတ်အေးလက်အေး မခံစားရဆဲဖြစ်၍ ထိုသိုလှောင်အိတ်ကို နောက်ထပ်သိုလှောင်အိတ်တစ်ခုထဲ ထည့်လိုက်သည်။ အလွှာအထပ်ထပ် ပိတ်လှောင်ခံလိုက်ရပြီးနောက်တွင် သက်စောင့်မီးအိမ်၏ အရှိန်အဝါက အပြင်သို့ လွင့်ပျံလာခြင်း မရှိတော့ပေ။
ထို့ပြင် လှေပျက်ကြီးထဲတွင် နတ်အစွမ်းအနည်းငယ် ကျန်နေသေးသည်။ ရွှီချင်းမှာ ခေါင်းကိုက်နေရန် အချိန်မရှိဘဲ မှော်လှေကို ထိန်းချုပ်၍ နတ်အစွမ်းကို ဖြန့်ကျက်လိုက်ရာ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည့် အကာအကွယ်အလွှာတစ်ခုအသွင် ပြောင်းလဲသွားသည်။
ထိုသို့ပြုလုပ်ပြီးနောက် ရွှီချင်းက နောက်ထပ်သွေးတစ်ပွက် အန်လိုက်သည်။ အားအင်ချိနဲ့လာခြင်းကြောင့် သေမင်းက ဆင့်ခေါ်နေသည့်အလား သူ ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်က ခရမ်းရောင်အလင်းဖျော့ဖျော့ ထုတ်လွှတ်လျက် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။
ပြင်းထန်သော နာကျင်မှုကြောင့် သူ ညည်းညူလိုက်ရသည်။ သို့သော် သူက အံတင်းတင်းကြိတ်၍ ဆက်လက်တောင့်ခံလိုက်ပြီး ခရမ်းရောင်သလင်းကျောက်က သူ့အား ကုသပေးမည့်အချိန်ကို အလွန်အမင်း စိတ်ပင်ပန်းစွာဖြင့် စောင့်နေသည်။