အခန်း (၅၄၁-၅၄၂)
Vol. 55 Ch. 541-542
အခန်း ၅၄၁ - ကုသခြင်းနှင့် စူးစမ်းလေ့လာခြင်း၊ အထက်လောကသို့ ဝင်ရောက်နိုင်မည့် အခြားသောနည်းလမ်းများ
"ဒီမိန်းမကတော့..."
ချိုးရုံတစ်ယောက် မော့ဟုန်ယွင်၏ လက်ဖဝါးရိုက်ချက်တစ်ချက်တည်းဖြင့် မျက်နှာတစ်ခြမ်း ပျက်စီးသွားကာ သတိလစ်မေ့မြောသွားသည်ကို သူတို့ မြင်လိုက်ရလေ၏။
ထို့အပြင် မော့ဟုန်ယွင်၏ မျက်နှာပေါ်တွင် အေးစက်စက် အမူအရာများ ဖုံးလွှမ်းနေဆဲဖြစ်ကာ သူမ၏ ဒေါသများ မပြေပျောက်သေးကြောင်းကိုလည်း တွေ့မြင်လိုက်ရပါ၏။
လူတိုင်းမှာ မှင်သက်သွားကြလေ၏။ အထူးသဖြင့် ယန္တရားတစ်ထောင် အလုပ်ရုံသခင်နှင့် အခြားသူများပင် ဖြစ်သည်။ သူတို့၏ နှလုံးသားများမှာ အေးစက်သွားကြတော့သည်။
ထိုမိန်းမသည် ယခုအခါ သူတို့အပေါ် အလွန်အမင်း နာကြည်းချက်များ ထားရှိနေမည်ကို သူတို့ သဘောပေါက်လိုက်ကြသည်။
အကယ်၍သာ မြို့စားမင်းက သွေးထွက်သံယိုမှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးချင်စိတ် မရှိခဲ့ပါက၊ သူတို့၏ ကံကြမ္မာသည်လည်း ယခုထက် ပို၍ ကောင်းမွန်နေမည် မဟုတ်ကြောင်းကို သိလိုက်ကြလေ၏။
ချိုးရုံကို သတိလစ်သွားစေပြီးနောက်တွင်လည်း မော့ဟုန်ယွင်သည် ထိုမျှနှင့် ရပ်တန့်မသွားခဲ့ပေ။
သူမသည် နောက်ထပ် ဝိညာဉ်စွမ်းအင်တစ်ခုကို ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ပို၍ပင် အားကောင်းပြင်းထန်လှပြီး ချိုးရုံ၏ ဦးခေါင်းခွံတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေတော့သည်။
ထိုအခါ၌ သွေးများနှင့် ဦးနှောက်အစအနများက နေရာအနှံ့ ပန်းထွက်သွားလေရာ ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးသည် သတိပြန်မလည်လာနိုင်တော့ဘဲ ထိုနေရာတွင်ပင် ဇီဝိန်ချုပ်သွားခဲ့ရရှာလေတော့သည်။
ဤမြင်ကွင်းက ယန္တရားတစ်ထောင် အလုပ်ရုံသခင်နှင့် သူ့လူများ၏ နှလုံးသားကို နောက်ထပ်တစ်ကြိမ် တုန်လှုပ်သွားစေပြန်၏။ သူတို့ရှေ့ရှိ အမျိုးသမီး၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်မှုကို နောက်တစ်ကြိမ် ထပ်မံသတိပေးခံလိုက်ရသကဲ့သို့ ရှိတော့သည်။
ချန်းလန်မြို့စားမင်းအတွက်မူ သူ၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ ပေါ်ထွက်မလာခဲ့ပေ။
သူ၏အမြင်တွင်တော့ သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုသည်မှာ အရေးပါလှသူ မဟုတ်ချေ။ ထို့ပြင် ထိုလူကလည်း သတ်ချင်စရာကောင်းအောင် လုပ်ခဲ့သူလည်းဖြစ်သည်။ ထို့ကြောင့် သူသေဆုံးသွားခြင်းက မြို့စားမင်းအတွက်တော့ အနည်းငယ်မျှပင် ဂရုစိုက်စရာ မဟုတ်ခဲ့ပေ။
မော့ဟုန်ယွင်၏သတ်ဖြတ်ခြင်းကိစ္စ ပြီးဆုံးသွားပြီးနောက်၌ မြို့စားမင်းက စကားစလိုက်သည်။
"ဒေါသထွက်လို့ ဝပြီလား။ ဒါဆိုရင် ဦးလေးနဲ့တူတူ မြို့စားမင်းအိမ်တော်ကို လိုက်ခဲ့တော့လေ"
"အခု ကုန်းရှုယွီသေသွားပြီဆိုတော့ သတင်းက ကုန်းရှုမျိုးနွယ်စုဆီ မကြာခင် ရောက်သွားတော့မှာပဲ။ သူတို့ဘက်က အထက်လောကနေ တစ်ယောက်ယောက်ကို အချိန်မဆွဲဘဲ လွှတ်လောက်တယ်"
"မင်းကို ကာကွယ်ပေးနိုင်ဖို့အတွက် ဦးလေးနဲ့တူတူ လိုက်ခဲ့ဖို့ လိုတယ်"
"ဟုတ်ကဲ့ပါ ဦးလေး" မော့ဟုန်ယွင်က ဘာမှမငြင်းဆန်နေတော့ဘဲ ပြန်ဖြေလိုက်သည်။ ယခုအချိန်သည် ခေါင်းမာနေရမည့် အချိန်မဟုတ်ကြောင်း သူမ ကောင်းကောင်းနားလည်ပေသည်။
"ဒါပေမဲ့ ကျွန်မ ရတနာခန်းမဆောင်ဘက်က ကိစ္စတချို့ကိုတော့ အရင်ရှင်းလင်းဖို့ လိုပါသေးတယ်။ အားလုံးပြီးသွားတာနဲ့ ချက်ချင်း လိုက်လာခဲ့ပါ့မယ်"
"ရပါတယ်၊ ဒါပေမဲ့ အချိန်အကြာကြီးတော့ မဆွဲနဲ့ပေါ့။ အထက်လောကကနေ ဆင်းသက်လာဖို့ အချိန်ယူရမယ်ဆိုပေမဲ့ ကုန်းရှုမျိုးနွယ်စုက တစ်ရက်အတွင်း လူလွှတ်လိမ့်မယ်လို့ ဦးလေးတော့ ခန့်မှန်းမိတယ်။ မင်း ရတနာခန်းမဆောင်ကို ရှင်းလင်းဖို့ အချိန်တစ်ခဏလောက်ပဲ ရလိမ့်မယ်" ချန်းလန်မြို့စားမင်းက သတိပေးလိုက်၏။
"ကျွန်မ နားလည်ပါပြီ"
မော့ဟုန်ယွင်ကို မှာကြားစရာရှိသည်များ မှာကြားပြီးနောက်တွင်တော့ မြို့စားမင်းက လုချင်းဘက်သို့ လှည့်လာလေသည်။ "တာအိုမိတ်ဆွေလုမှာကော ဘာအစီအစဉ်များ ရှိသေးလဲ"
ထိုအခါ၌ လူတိုင်း၏ အကြည့်များက လုချင်းထံသို့ ရောက်ရှိသွားကြသည်။
ဤဆူပူအုံကြွမှုကြီးတစ်ခုလုံးက အခြေခံအားဖြင့် သူ့ကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ဆုံးတွင် အခြေအနေကို တည်ငြိမ်သွားစေသူမှာလည်း သူပင်ဖြစ်သည်။ သို့သော်လည်း သူ၏ ဇာစ်မြစ်နှင့် ပတ်သက်၍မူ မည်သူကမျှ တစ်လုံးတစ်ပါဒမျှ မသိကြချေ။ သဘာဝကျစွာပင် လူတိုင်းက လုချင်းဘာဆက်ပြောမည်ကို သိချင်နေကြလေ၏။
အထူးသဖြင့် မော့ဟုန်ယွင်ပင် ဖြစ်သည်။
လုချင်းသည်သာ သူမ၏ ကံကြမ္မာအနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်ရန် ကူညီပေးနိုင်မည့်သူဖြစ်ကြောင်း ယခုအခါ သူမ အပြည့်အဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ ဘယ်ကိုဆက်သွားမည်ဆိုသည့်အပေါ် သူမ အလွန်အမင်း ဂရုတစိုက် ရှိနေခဲ့လေသည်။
လုချင်းကတော့ လူအများရှေ့တွင် သူ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြောဆိုရလောက်အောင် မိုက်မဲသူ မဟုတ်ပေ။
သူက ပြုံးလိုက်ပြီး "ဝမ်ပေ့မှာ မြို့စားမင်းကို မေးစရာ မေးခွန်းတချို့ ရှိနေလို့ပါ။ မြို့စားမင်းအိမ်တော်ကို ခဏလောက် လိုက်ခဲ့ခွင့်ပြုနိုင်မလားဗျ"
"ရတာပေါ့" မြို့စားမင်းက အနည်းငယ်ဝမ်းသာအားရဖြင့် တုံ့ပြန်လိုက်သည်။ "ကျုပ်လည်း တာအိုမိတ်ဆွေလုနဲ့ တာအိုသဘောတရားတွေအကြောင်း ဆွေးနွေးချင်နေတာနဲ့ အတော်ပဲပေါ့"
ထို့နောက်တွင် ဖြစ်ပျက်ခဲ့သည်များကတော့ အတော်လေးကို ရိုးရှင်းသွားခဲ့လေတော့သည်။
မော့ဟုန်ယွင်က ရတနာခန်းမဆောင်ရှိ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ထွက်သွားပြီး လုချင်းကတော့ ချန်းလန်မြို့စားမင်းနှင့်အတူ မြို့စားမင်းအိမ်တော်သို့ လိုက်ပါသွားခဲ့လေ၏။
တစ်နည်းအားဖြင့်ဆိုရလျှင် မြို့စားမင်း၏ ကျန်းမာရေးအခြေအနေသိပ်မကောင်းလှသောကြောင့် သူက သက်တော်စောင့်အဖြစ်ပါ လိုက်ပါသွားခြင်းမျိုး ဖြစ်သည်။ အကယ်၍သာ မကောင်းသော ရည်ရွယ်ချက်ရှိသူတစ်ဦးဦးက ဝင်ရောက်တိုက်ခိုက်လာပါက မြို့စားမင်းအနေဖြင့် ခုခံကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
ရှောင်လီနှင့် ဝူရှင်းတို့အတွက်မူ လုချင်းက အစကတည်းက ကောင်းကင်နှင့်မြေကြီးချီအိတ်ထဲတွင် သိမ်းဆည်းထားခဲ့ပြီး ဖြစ်သည်။
ဝိညာဉ်လက်နက်ကို ပြန်လည်ပုံသွင်းပြီး လက်နက်အတွက် ဝိညာဉ်အသစ်တစ်ခုကို မွေးဖွားပေးခဲ့ပြီးကတည်းက ထိုအိတ်အတွင်းရှိ နေရာလွတ်မှာ အတော်လေးကို ကျယ်ပြန့်လာခဲ့လေ၏။ ယခုအခါ၌ လီဟော်ဒယ်အိုးနှင့်ပင် နှိုင်းယှဉ်လာနိုင်သည့်အပြင် ရွှေအမြုတေအဆင့်ရှိ သက်ရှိသတ္တဝါများကိုပင် ထည့်သွင်းထားနိုင်နေပြီ ဖြစ်သည်။
သို့သော်လည်း အတွင်း၌ရှိသော ဝိညာဉ်စွမ်းအင်ကန့်သတ်ချက်များကြောင့် ရှောင်လီနှင့် အခြားသူများမှာ အတွင်း၌ နေထိုင်ရုံသာ နေနိုင်ပြီး ကျင့်ကြံရန်မူ မဖြစ်နိုင်ချေ။ ထို့ကြောင့် အရေးပေါ်အခြေအနေမျိုး မဟုတ်လျှင် လုချင်းသည် များသောအားဖြင့် သူတို့ကို ဝိညာဉ်လက်နက်ထဲတွင် သိမ်းဆည်းထားလေ့မရှိပေ။
ချန်းလန်မြို့ကြီးက အလွန်ကျယ်ဝန်းလှသော်လည်း၊ လုချင်းကဲ့သို့သော အဆင့်ရှိသည့် ကျင့်ကြံသူများအတွက်မူ ထိုအကွာအဝေးက မပြောပလောက်ချေ။
မကြာမီမှာပင် သူသည် ချန်းလန်မြို့စားမင်းကို အိမ်တော်သို့ ဘေးကင်းစွာ လိုက်ပို့ပေးနိုင်ခဲ့လေတော့သည်။
"သခင်ကြီး... သခင်ကြီး အဆင်ပြေရဲ့လား"
ထိုအချိန်တွင် အသက်အရွယ်ကြီးရင့်သော အစေခံအိုကြီးတစ်ဦးက ပြေးထွက်လာကာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သော မြို့စားမင်းကို စိုးရိမ်တကြီးဖြင့် ကြည့်ရှုလိုက်လေ၏။
"ငါ အဆင်ပြေပါတယ်။ အစောင့်တွေကော ဘယ်လိုနေလဲ" မြို့စားမင်းက လက်ကို ခပ်ယဲ့ယဲ့ ဝှေ့ယမ်းပြရင်း မေးလိုက်သည်။
အစေခံအိုကြီး၏ မျက်နှာအမူအရာက မှိုင်းညို့သွား၏။ "အစောင့်တွေရဲ့ ထက်ဝက်နီးပါးလောက်က ဝင်္ကပါရဲ့ တန်ပြန်သက်ရောက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရကုန်ကြပြီး သတိလစ်သွားကြပါတယ်။ ကျန်တဲ့သူတွေကတော့... သူတို့ရဲ့ ရွှေအမြုတေတွေ ပျက်စီးသွားကြလို့ နောက်ထပ် တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ပါဘူး"
"ဘယ်သူမှ မသေဘူးမလား။ အဲ့ဒါနဲ့တင် အဆင်ပြေနေပါပြီ။ ဒါတွေက သာမန်ဒဏ်ရာတွေပဲဟာ၊ အချိန်တန်ရင် ပြန်ကောင်းလာပါလိမ့်မယ်" မြို့စားမင်းက သိပ်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "အပြင်ဘက်က လူတွေကိုခေါ်သွားပြီး ကျောက်နက်အကျဉ်းထောင်ထဲမှာ ချုပ်ထားလိုက်"
"ပြီးရင် ဘဏ္ဍာတိုက်ထဲသွားပြီး အစောင့်တွေအတွက် ဆေးလုံးတချို့ ယူသွားလိုက်။ သူတို့ မြန်မြန်သက်သာလာအောင် ကူညီပေးလိုက်ဦး"
"ဟုတ်ကဲ့ပါ သခင်ကြီး"
အစေခံအိုကြီး ထွက်သွားပြီးနောက်၌ ချန်းလန်မြို့စားမင်းသည် လုချင်း၏ အံ့သြနေသော မျက်နှာကို သတိပြုမိသွားလေ၏။
သူက ခါးသီးစွာ ရယ်မောလိုက်ပြီး ရှင်းပြလေသည်။ "ကျုပ်လည်း အရှက်ကွဲရတော့တာပါပဲဗျာ။ ကျုပ်ရဲ့အိမ်တော်က အစောင့်တွေက သိပ်ပြီး အသုံးမကျဘူးလေ။ တိုက်ပွဲမှာ ကျုပ်ကို အထောက်အကူဖြစ်အောင်လို့ သူတို့ကို မဟာဝင်္ကပါကြီးကို ထိန်းချုပ်ခိုင်းထားခဲ့တာ"
"တန်ပြန်သက်ရောက်မှုတစ်ချက်တည်းနဲ့ သူတို့အားလုံး ဒုက္ခရောက်သွားလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့မိဘူး"
"ဒီလိုမှ မဟုတ်ရင် ခုနက ယန္တရားတစ်ထောင် အလုပ်ရုံက လူရွှင်တော်တွေ အဲ့ဒီလောက်ထိ ရမ်းကားခွင့် ရပါ့မလား"
လုချင်းမှာ ယခုမှပင် သဘောပေါက်သွားတော့၏။
ချန်းလန်မြို့ကို အုပ်ချုပ်သူဖြစ်ပါလျက်နှင့် မြို့စားမင်းသည် တိုက်ပွဲအတွင်း အဘယ်ကြောင့် တစ်ယောက်တည်း ရပ်တည်နေရသနည်းဟု သူ တွေးတောနေခဲ့မိပါ၏။ သူ ဒဏ်ရာရသွားသည့်တိုင်အောင် မြို့စားမင်းအိမ်တော်မှ မည်သည့် စစ်ကူမျှ ရောက်မလာခဲ့ပေ။
ကုန်းရှုမျိုးနွယ်စုမှ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးဦးနှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဝင်္ကပါ၏ တန်ပြန်သက်ရောက်မှုကြောင့် အစောင့်များအားလုံး စွမ်းဆောင်ရည် ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရလေတော့သည်။
"ကျုပ် ရှောင်ချန်းကမ္ဘာကို ဆင်းလာတုန်းက ထိပ်တန်းအစောင့်တွေကို မခေါ်လာခဲ့မိတာ နာတာပဲ"
"အခု ကျုပ်အိမ်တော်က အစောင့်တွေက ကျုပ် ဒီမြို့ကို လွှဲပြောင်းရယူပြီးမှ ကိုယ်တိုင်လေ့ကျင့်ပေးထားတဲ့သူတွေလေ"
"တကယ်လို့သာ နန်ကုန်းမျိုးနွယ်စုရဲ့ ထိပ်တန်းအစောင့်တွေကို ကျုပ် ခေါ်လာခဲ့မယ်ဆိုရင် သူတို့ချပေးတဲ့ မဟာဝင်္ကပါကြီးက ဒီလောက်လွယ်လွယ်နဲ့ ပျက်စီးသွားမှာ မဟုတ်ဘူး"
ချန်းလန်မြို့စားမင်းက နောင်တတရားများဖြင့် သက်ပြင်းချလိုက်လေ၏။
လွန်ခဲ့သော အချိန်များက သူသည် ရှောင်ချန်းကမ္ဘာတွင် ဤရာထူးကို လက်ခံခဲ့ခြင်းမှာ သူ၏ လက်ကျန်ဘဝကို အေးချမ်းစွာ ကုန်ဆုံးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူသည် မကြာမီ ကျရောက်လာတော့မည့် သန္ဓေသားဝိညာဉ်အဆင့် အတိဒုက္ခကို ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ထိုအတိဒုက္ခကို ကျော်လွှားနိုင်မည်ဟုလည်း ယုံကြည်ချက် မရှိခဲ့ချေ။
ထို့အပြင် မျိုးနွယ်စုအတွင်း ဖြစ်ပျက်ခဲ့သော အရှက်ရဖွယ် ကိစ္စရပ်အချို့ကြောင့်လည်း သူ စိတ်ပျက်အားငယ်နေခဲ့ရသည်။ ထို့ကြောင့် ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို ရှာဖွေလိုသဖြင့် ဤနေရာရှိ ရာထူးကို လက်ခံခဲ့ခြင်း ဖြစ်လေ၏။
ရလဒ်အနေဖြင့် သူသည် လူအင်အားများများစားစား ခေါ်ဆောင်လာခဲ့ခြင်း မရှိဘဲ သစ္စာရှိသော ရွှေအမြုတေအဆင့် နောက်လိုက် အနည်းငယ်ကိုသာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ ထိုနေ့က မျိုးနွယ်စု၏ ထိပ်တန်းအစောင့်များကို သူ ခေါ်ဆောင်လာခဲ့ပါက ယနေ့တိုက်ပွဲသည် အတော်လေး ကွဲပြားခြားနားစွာ အဆုံးသတ်သွားနိုင်ပေသည်။
သေချာသည်မှာ မြို့စားမင်းက အသေးစိတ်ကိုတော့ ပြောပြနေခဲ့ခြင်း မရှိပေ။ သူက လုချင်းကို အနည်းငယ်မျှသာ အရိပ်အမြွက် ပြောပြခဲ့ခြင်း ဖြစ်၏။
အတန်ကြာ စကားပြောဆိုပြီးနောက် မြို့စားမင်း၏ ရှင်သန်မှုစွမ်းအင်များ အနည်းငယ် ပြန်လည်ကောင်းမွန်လာပုံရလေ၏။
ထိုအချိန်တွင် သူက သူ၏ သိုလှောင်ဝိညာဉ်လက်နက်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို ဖွင့်လိုက်သောအခါ၌ ဆေးမြူများဖြင့် လွှမ်းခြုံထားသော ခရမ်းရောင် ဆေးလုံးတစ်လုံးကို မြင်တွေ့လိုက်ရသည်။
ဆေးရနံ့က ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီး ထိုရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့်ပင် လုချင်းတစ်ယောက် လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ်စွမ်းအင်များ လည်ပတ်မှုမှာလည်း ပို၍ပင် ချောမွေ့သွားလေ၏။ ဤဆေးလုံးမှာ အလွန်တရာ အဆင့်မြင့်သော ဆေးလုံးတစ်လုံးဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။
ချန်းလန်မြို့စားမင်းက သူ့လက်ထဲရှိ ဆေးလုံးကို နှမြောတသဖြစ်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။
မူလကတော့ ဤဆေးလုံးကို သူ၏ နောက်တစ်ကြိမ် သန္ဓေသားဝိညာဉ်အဆင့် အတိဒုက္ခအတွက် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ သူ၏ ဒဏ်ရာများက အလွန်အမင်း ပြင်းထန်နေခဲ့ပြီပင်။ အကယ်၍ သဘာဝအတိုင်း ကုသပျောက်ကင်းမှုကိုသာ အားထားရမည်ဆိုပါက အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
ကုန်းရှုမျိုးနွယ်စုက အချိန်မရွေး ဆင်းသက်လာနိုင်သည့်အတွက် သူ့တွင် စောင့်ဆိုင်းနေရန် အချိန်မရှိပေ။ ထို့ကြောင့် ဤအဖိုးတန် ဆေးလုံးကို မဖြစ်မနေ သောက်သုံးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
ခဏတာမျှ ရင်နာသွားပြီးနောက်တွင်တော့ ချန်းလန်မြို့စားမင်း၏ အကြည့်များက ခိုင်မာပြတ်သားသွားလေတော့သည်။ သူက ဆေးလုံးကို မျိုချလိုက်ပြီး ဆေးအာနိသင်များကို စုပ်ယူနိုင်ရန် သူ၏ စွမ်းအင်များကို စတင်လည်ပတ်စေလိုက်၏။
မကြာမီမှာပင် သူ၏မျက်နှာပေါ်ရှိ ဖြူရော်နေမှုများ ပျောက်ကွယ်သွားပြီး ကျန်းမာသော သွေးရောင်များ ပါးပြင်ထက်သို့ ပြန်၍ရောက်ရှိလာခဲ့လေသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း မျက်စိရှေ့တွင်ပင် မြန်မြန်ဆန်ဆန်ဖြင့် ကျက်သွားလေ၏။ လက်ဖက်ရည်တစ်ခွက်စာအချိန်အတွင်းမှာပင် ပြင်ပဒဏ်ရာများ အားလုံး ပျောက်ကွယ်သွားခဲ့လေတော့သည်။
ထို့နောက်၌ ချန်းလန်မြို့စားမင်းမျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ အကြည့်များက ကြည်လင်တက်ကြွနေပြီး အစောပိုင်းက နွမ်းနယ်နေသည့် အရိပ်အယောင်များ စိုးစဉ်းမျှပင်မရှိတော့။
"မြို့စားမင်းရဲ့ ဒဏ်ရာတွေက လုံးဝပျောက်ကင်းသွားပြီလားဗျ"
လုချင်းက တိတ်တဆိတ် အံ့အားသင့်နေမိ၏။
ဤမျှတိုတောင်းသော အချိန်အတွင်း ဤကဲ့သို့သော အံ့ဖွယ်အမှုမျိုးကို လုပ်ဆောင်ပေးနိုင်သည့် ဆေးလုံးက မည်သည့်အမျိုးအစားများ ဖြစ်မည်နည်း။
အပြောင်းအလဲက အလွန်ကိုမှ ကြီးမားလွန်းလှပေသည်။
ကံမကောင်းစွာဖြင့် မြို့စားမင်းက ဆေးလုံးကို အလွန်လျင်မြန်စွာ မျိုချလိုက်သဖြင့် လုချင်းအနေဖြင့် သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ ထိုဆေးလုံးကို ခွဲခြမ်းစိတ်ဖြာကြည့်ရန် အခွင့်အရေး မရလိုက်ချေ။
"ဘယ်ဟုတ်ပါ့မလဲ" မြို့စားမင်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "အပြင်ဘက်က ဒဏ်ရာတွေလောက်ပဲ ပျောက်သွားတာပါ။ ကျုပ်ရဲ့ ဝိညာဉ်အသိထိခိုက်သွားတာက ပိုပြီးတော့ ဒုက္ခပေးတာလေ။ အပြည့်အဝ ပြန်ကောင်းလာဖို့ အချိန်ပိုယူရဦးမယ်"
"ဒါပေမဲ့ ပြဿနာမရှိပါဘူး။ မနက်ဖြန်လောက်ဆိုရင်တော့ ကျုပ်ရဲ့ စွမ်းအားအများစုကို ပြန်ရလောက်ပါပြီ"
"ဒါကို ကြားရတာ ဝမ်းသာစရာပါပဲဗျာ။ မြို့စားမင်း ပြန်ကောင်းလာပြီဆိုတော့ ကျွန်တော်တို့ အားလုံးလည်း ပိုပြီး ယုံကြည်ချက် ရှိသွားတာပေါ့" လုချင်းက ပြုံးလျက် ဆိုလိုက်၏။
"တာအိုမိတ်ဆွေလုကတော့ ကျုပ်ကို မြှောက်ပြောနေပြန်ပါပြီ။ ကျုပ်က တခြားသူတွေထက် ကျင့်ကြံတဲ့ သက်တမ်း ပိုရှည်ရုံလေးပါပဲဗျာ"
"ဒါပေမဲ့ တာအိုမိတ်ဆွေလုကတော့ တစ်မူထူးခြားတယ်နော်။ ဝန်ခံရရင် ကျုပ် တော်တော်လေးကို အံ့သြမိတယ်"
"ကုန်းရှုယွီမှာ အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့လည်း သူက ကုန်းရှုမျိုးနွယ်စုရဲ့ အမွေဆက်ခံသူတွေထဲက တစ်ယောက်လေ"
"သူက ကောင်းကင်အတိဒုက္ခကိုးဆင့်ကိုတောင် ကျော်လွှားနိုင်ခဲ့ပြီးတေယ့ ခြောက်ပစ်ကင်း သဲလဲစင်တဲ့ အထက်တန်းအဆင့် ရွှေအမြုတေကိုတောင် ဖွဲ့တည်နိုင်ခဲ့တာလေ"
"သူက ကုန်းရှုမျိုးနွယ်စုရဲ့ အတော်လေးကိုနက်နဲလှတဲ့ ဧကရာဇ်နှလုံးသား ကျမ်းစာကိုပါ ကျင့်ကြံခဲ့လို့ ရွှေအမြုတေအဆင့်ရဲ့ အဋ္ဌမ အသွင်ပြောင်းခြင်းအဆင့်ကိုတောင် ရောက်နေခဲ့ပြီ"
"သူက လူငယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံး မဟုတ်ခဲ့ရင်တောင်မှ ရွှေအမြုတေအဆင့်မှာတော့ ထိပ်တန်းအဆင့်ထဲမှာ ပါနေတာ ကျိန်းသေပေါက်ပဲ"
"ဒါပေမဲ့ တာအိုမိတ်ဆွေလုကတော့ သူ့ကို အလွယ်လေး အနိုင်ယူသွားခဲ့တယ်လေ။ သူကတော့ အစကနေ အဆုံးအထိ ပြန်တောင် မတိုက်ခိုက်နိုင်ခဲ့ဘူးမလား"
"ကျုပ်အမြင်မှာတော့ တာအိုမိတ်ဆွေလုရဲ့ စွမ်းအားက အများကြီး ပိုပြီးတော့ လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်ပါတယ်။ မေးခွင့်ပြုမယ်ဆိုရင်... တာအိုမိတ်ဆွေလုရဲ့ ဆရာက ဘယ်သူများလဲ၊ ပြီးတော့ ဘယ်ကမ္ဘာလောကကြီးကနေ လာခဲ့တာလဲ"
နောက်ဆုံးတွင်တော့ မြို့စားမင်းသည် သူ အောင့်အည်းထားခဲ့ရသော မေးခွန်းကို မေးလိုက်လေတော့သည်။
"ခွင့်လွှတ်ပါဗျ၊ ဒါပေမဲ့ ဝမ်ပေ့ရဲ့ ဆရာ့အမိန့်က တင်းကျပ်လွန်းလို့ပါ။ ခရီးသွားနေစဉ်အတွင်း ဆရာ့နာမည်ကို ထုတ်ပြောဖို့ တားမြစ်ထားပါတယ်ဗျ"
"ဒါကြောင့် ဝမ်ပေ့ရဲ့ ဇာစ်မြစ်ကို ပြောပြလို့ မရပါဘူး။ မြို့စားမင်းအနေနဲ့ နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်"
လုချင်း၏ အသံက တည်ငြိမ်နေသော်လည်း မည်သည့် အရိပ်အယောင်မျှ ပြသခြင်း မရှိခဲ့ချေ။
"ဒါဆိုရင် မင်းရဲ့ဆရာက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်လောက်ဘူး။ မင်းလို တပည့်မျိုးကို သင်ကြားပေးနိုင်ဖို့ဆိုတာ သာမန် ကျင့်ကြံသူတစ်ယောက်အနေနဲ့ မဖြစ်နိုင်ဘူးလေ"
မြို့စားမင်းက လုချင်း၏ အဖြေအတွက် မကျေမနပ် မဖြစ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လုချင်း၏ နောက်ခံဇာစ်မြစ်က အလွန်အမင်း အင်အားကြီးမားရမည်ဆိုသည့် သူ၏ သံသယကို ပို၍ပင် ခိုင်မာသွားစေခဲ့လေ၏။ လုချင်း၏ ဆရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားလှသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ပေသည်။ ထိုသို့မဟုတ်ပါက ဤမျှ လျှို့ဝှက်ထားရန် ညွှန်ကြားထားမည် မဟုတ်ချေ။
"တကယ်လို့ ဝမ်ပေ့ရဲ့ဆရာသာ မြို့စားမင်းရဲ့ ဒီလိုချီးကျူးစကားကို ကြားလိုက်ရရင် သေချာပေါက် ဝမ်းသာနေမှာပါ" လုချင်းက ပြုံးလျက် တုံ့ပြန်လိုက်သည်။
"အာ... မဟုတ်တာ၊ ဒီလိုမျိုး မနောက်ပါနဲ့ဗျာ" မြို့စားမင်းက သူ၏လက်များကို ယမ်းပြရင်း အလျင်စလို ပြောလိုက်သည်။ "ကျုပ်လို သာမန် သန္ဓေသားဝိညာဉ်အဆင့်လေးက သူ့အကြောင်း ပြောနေတယ်ဆိုတာကို မင်းရဲ့ဆရာသာ ကြားသွားရင် ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ ဘယ်သူသိနိုင်မလဲ"
"နန်ကုန်းမျိုးနွယ်စုဝင်တစ်ယောက်အနေနဲ့တောင်မှ ကျုပ်က အဲ့လိုမျိုး အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်မျိုးကို မစော်ကားချင်ပါဘူး"
သူက အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲလိုက်လေ၏။ "ဒါနဲ့ တာအိုမိတ်ဆွေလု... ခုနက ကျုပ်ကို မေးစရာရှိတယ်ဆိုတာ ဘာများလဲ"
"ဟုတ်တယ်ဗျ" လုချင်း၏ မျက်နှာအမူအရာက လေးနက်သွားလေ၏။ "ဝမ်ပေ့က မူလကတော့ ထျန်းယွမ်ကမ္ဘာလောကကြီးမှာ သွားလေ့ကျင့်ဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ဒီနေ့ဖြစ်ရပ်တွေပြီးတဲ့နောက်မှာတော့ အဲ့ဒါက ဖြစ်နိုင်ပါဦးမလားလို့ တွေးနေမိတယ်"
"မင်းက လေ့ကျင့်ဖို့ ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ချင်တာလား"
မြို့စားမင်းမှာ တစ်ခဏမျှ မှင်သက်သွားလေ၏။ လုချင်း၏ မေးခွန်းက ထိုအရာဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ဟုတ်ပါတယ်ဗျ။ ဝမ်ပေ့ ရှောင်ချန်းကမ္ဘာမှာ ဆက်နေဖြစ်နေတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အထက်လောကကို ဝင်ဖို့ လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေ မရှိသေးလို့ပါ"
"အခု ဝိညာဉ်ကျောက်တုံးတွေ လုံလောက်အောင် စုဆောင်းပြီးသွားတော့မှ ကုန်းရှုမျိုးနွယ်စုနဲ့ ပဋိပက္ခက ဖြစ်လာခဲ့တယ်လေ"
"ဒါကြောင့် မေးချင်တာက လက်ရှိအခြေအနေနဲ့ဆို ဝမ်ပေ့ အထက်လောကကို ဝင်လို့ရနိုင်ပါဦးမလားဗျ"
"တကယ်လို့ မရဘူးဆိုရင်ကော ရှောင်ချန်းကမ္ဘာကနေ ဘယ်လိုထွက်သွားလို့ ရနိုင်မလဲဗျ"
ကြယ်စင်မြို့တော်ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြု၍ ရှောင်ချန်းကမ္ဘာမှ ထွက်ခွာနိုင်ကြောင်းကို လုချင်းသိထားပြီး ဖြစ်သည်။ သို့သော်လည်း ထိုနေရာကို စောင့်ကြပ်နေသည့် အင်အားကြီးမားသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူက သူ့ကို ဖြတ်သန်းခွင့်ပြု၊ မပြုဆိုသည်ကိုတော့ သူ သေချာမသိပေ။ အထူးသဖြင့် ထိုသူက ကုန်းရှုမျိုးနွယ်စုနှင့် ပတ်သက်မှုများ ရှိနေပါက ပို၍ပင် ဆိုးရွားပေလိမ့်မည်။
သို့သော်လည်း မြို့စားမင်းက ချက်ချင်း အဖြေမပေးခဲ့ချေ။ ထိုအစား သူက မေးခွန်းပြန်ထုတ်လိုက်သည်။ "မင်းက ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ချင်တယ်ဆိုတော့ လုပ်ထုံးလုပ်နည်းတွေကို သိထားတယ်မလား"
"သိပါတယ်" လုချင်းခေါင်းညိတ်လိုက်သည်။ "အဲ့ဒီထဲကို ဝင်ဖို့အတွက် ရှောင်ချန်းကမ္ဘာရဲ့ အလယ်မှာရှိတဲ့ ထျန်းရှင်းမြို့ကိုသွားပြီး ကမ္ဘာလောကနယ်နိမိတ်ကို ချိုးဖောက်နိုင်တဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြုရမှာပါ"
"ဒါပေမဲ့ ကုန်ကျစရိတ်က တော်တော်များတယ်။ တစ်ကြိမ်အသုံးပြုဖို့အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာ ပေးရတယ်"
"ကုန်ကျစရိတ် များတယ်လား" မြို့စားမင်းက ရယ်မောလိုက်သည်။ "အဲ့ဒါက မင်းတို့လို ပြင်ပလူတွေအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတစ်ခုပါပဲ"
"အဲ့ဒီဝင်္ကပါကို တစ်ကြိမ် အသက်သွင်းဖို့ စွမ်းအင် အများကြီး ကုန်ကျတာကတော့ အမှန်ပဲ။ ဒါပေမဲ့ အဲ့ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးအရေအတွက်တော့ အကုန်အကျ မခံနိုင်ပါဘူး"
"တကယ်လို့ အဲ့ဒီလောက်သာ ကုန်ကျမယ်ဆိုရင် အထက်လောကက ထိပ်တန်းအင်အားစုတွေတောင် တတ်နိုင်မှာ မဟုတ်ဘူး"
"တကယ်တော့ ထျန်းရှင်းမြို့ကနေ နေရာရွှေ့ပြောင်းဖို့အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးလောက်ပဲ လိုအပ်တာပါ"
"ရှောင်ချန်းကမ္ဘာက ထျန်းယွမ်ကမ္ဘာလောကကြီးနဲ့ သိပ်မဝေးပါဘူး။ ဝင်္ကပါရဲ့ စွမ်းအင် သုံးစွဲမှုကလည်း သင့်တင့်ရုံလေးပါပဲ"
"ဝမ်ပေ့ နားလည်ပါတယ်" လုချင်းက ဆိုလေ၏။ "ဒါပေမဲ့ ဝမ်ပေ့မှာ တခြားရွေးချယ်စရာမှ မရှိတာ၊ ဒါကြောင့် စည်းကမ်းအတိုင်း လိုက်နာရတာပေါ့"
စွမ်းအင် ကုန်ကျစရိတ်က ထိုမျှလောက် မများပြားကြောင်းကို လုချင်းက အစကတည်းက သိရှိထားပြီး ဖြစ်လေသည်။ အထူးသဖြင့် ကြယ်စင်မြို့တော်ရှိ ဝင်္ကပါ၏ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်သွားပြီးနောက်တွင် သူက အလုံးစုံကို နှံ့နှံ့စပ်စပ် နားလည်သွားခဲ့ခြင်း ဖြစ်သည်။
ထျန်းရှင်းမြို့က သူ့လို ပြင်ပမှ ကျင့်ကြံသူများကို ခေါင်းပုံဖြတ်ရန်အတွက်သာ ထိုမျှလောက်များပြားသော ဈေးနှုန်းကို တောင်းခံနေခြင်း ဖြစ်သည်။
သို့သော် သူ ဘာလုပ်နိုင်မည်နည်း။
ထျန်းယွမ်ကမ္ဘာလောကကြီးသည် အလွန်အမင်း အင်အားကြီးမားလှပေသည်။ ၎င်း၏ ကမ္ဘာလောက အမြှေးပါးသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ခိုင်မာလွန်းလှပြီး နေရာလွတ် ဟင်းလင်းပြင် ခရီးသွားလာမှုကိုပါ တားဆီးနိုင်စွမ်း ရှိလေ၏။ သာမန် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင် ဖောက်ထွက်နိုင်ခြင်း မရှိကြချေ။ သူ၏လှေပျံသည်လည်း ၎င်း၏ရှေ့တွင်တော့ အသုံးမဝင်ဖြစ်ခဲ့ရသည်။
ထို့ကြောင့် သူ့ကဲ့သို့သော ကျင့်ကြံသူများမှာ ဈေးနှုန်းကို နှမြောနေသော်လည်း ထျန်းယွမ်ကမ္ဘာလောကကြီးအတွင်းမှ အခွင့်အရေးများအတွက် မဖြစ်မနေ ပေးချေရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"သာမန် အပြင်လူတွေကတော့ ဒီပြဿနာကို ရှောင်လွှဲလို့ မရနိုင်ပါဘူး" မြို့စားမင်းက ပြုံးလျက် ဆိုလိုက်သည်။ "ဒါပေမဲ့ တာအိုမိတ်ဆွေလုကတော့... 'သာမန်' မှ မဟုတ်တာ"
"မြို့စားမင်း အဲ့ဒါကို ဘာသဘောနဲ့ ပြောတာလဲဗျ" လုချင်းက အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်သည်။
သို့သော် မြို့စားမင်းက တိုက်ရိုက် မဖြေဆိုသေးပေ။
ထိုအစား သူက အခြားမေးခွန်းတစ်ခုကို မေးလိုက်လေ၏။ "တာအိုမိတ်ဆွေလု ပြောကြည့်ပါဦး... အထက်လောကကနေ လာတဲ့ ကျုပ်တို့လို ကျင့်ကြံသူတွေက အဲ့ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွေကို အသုံးပြုဖို့အတွက် ဘယ်လောက်ကုန်ကျမယ်လို့ ထင်လဲ"
"ဝမ်ပေ့... ဝမ်ပေ့ မသိပါဘူးဗျ" လုချင်းက ဝန်ခံလိုက်သည်။ "ဒါပေမဲ့ သိပ်အများကြီးတော့ မကုန်လောက်ဘူးလို့ ထင်ပါတယ်"
သို့သော်လည်း မြို့စားမင်း၏ အဖြေက သူ့ကို အံ့အားသင့်သွားစေခဲ့လေ၏။
"ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် မကုန်ပါဘူး" မြို့စားမင်းက ပြောလိုက်သည်။ "မျိုးနွယ်စုကြီး ၃၆ခုကနေ လာတဲ့ ကျုပ်တို့လို လူတွေအတွက်က ထျန်းရှင်းမြို့ကိုတောင် ဖြတ်သွားစရာ မလိုပါဘူး။ ရှောင်ချန်းကမ္ဘာနဲ့ ထျန်းယွမ်ကမ္ဘာလောကကြီး ကြားကို သွားလာဖို့ တခြားနည်းလမ်းတွေ ရှိပြီးသားပါ"
……
အခန်း ၅၄၂ - မော့ဟုန်ယွင်၏ တောင်းဆိုမှု၊ သခင်မြောင်ယွီ
"ထျန်းရှင်းမြို့မှာရှိတဲ့ ကမ္ဘာလောကနယ်နိမိတ်ကို ချိုးဖောက်နိုင်တဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက မင်းတို့လို လှည့်လည်သွားလာသူ ကျင့်ကြံသူတွေအတွက် သီးသန့်ပဲ"
"တကယ်တော့ ကျုပ်တို့ မျိုးနွယ်စုကြီး ၃၆ခုလို ထိပ်တန်းအဆင့် မျိုးနွယ်စုတွေနဲ့ အခြားထိပ်တန်းဂိုဏ်းတွေမှာ ထျန်းယွမ်ကမ္ဘာလောကကြီးကို ချိတ်ဆက်ထားတဲ့ ကိုယ်ပိုင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွေ အသီးသီး ရှိကြတယ်"
"ဒါပေမဲ့ ရှောင်ချန်းကမ္ဘာက အရင်းအမြစ် ကန့်သတ်ချက်တွေရှိတဲ့ ကမ္ဘာငယ်လေးတစ်ခုလေးလေ။ အဲ့တော့ ကမ္ဘာလောကနယ်နိမိတ်ကို ချိုးဖောက်နိုင်တဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွေကို တည်ဆောက်နိုင်စွမ်းရှိတဲ့ အင်အားစုအများစုက ဒီနေရာကို သိပ်ပြီး စိတ်မဝင်စားကြဘူး"
"တချို့က စိတ်ဝင်စားတယ်ဆိုရင်တောင်မှ ဒီနေရာက ကိစ္စတွေကို စီမံခန့်ခွဲဖို့အတွက် လူနည်းနည်းလောက်ကိုပဲ လွှတ်လေ့ရှိကြတယ်"
"ဥပမာပြောရရင် ယန္တရားတစ်ထောင် အလုပ်ရုံကိုပဲ ကြည့်လေ။ အဲ့ဒါက တကယ်တော့ ကုန်းရှုမျိုးနွယ်စုရဲ့ တရားဝင် ဇနီးတစ်ယောက် နာမည်နဲ့ ဖွင့်ထားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုသာသာပဲ"
"ဒါကြောင့် အင်အားစုတိုင်းမှာ ရှောင်ချန်းကမ္ဘာမှာ တည်ဆောက်ထားတဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါရှိမနေကြဘူးလေ"
ချန်းလန်မြို့စားမင်းရှင်းပြနေစဉ်မှာပင် လုချင်း၏ မျက်လုံးများက ပိုပို၍ အရောင်လက်လာတော့၏။
"ဒါဆိုရင် မြို့စားမင်း... မြို့စားမင်းရဲ့ နန်ကုန်းမျိုးနွယ်စုမှာကော..."
လုချင်း၏ မျှော်လင့်ချက်အပြည့် ပါဝင်နေသော အကြည့်များနှင့် ဆုံမိသောအခါ ချန်းလန်မြို့စားမင်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်တယ်။ ကျုပ်တို့ နန်ကုန်းမျိုးနွယ်စုမှာလည်း ဒီရှောင်ချန်းကမ္ဘာမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအသေးလေးတစ်ခု ရှိနေတယ်။ ပြီးတော့ အဲ့ဒါက ဒီချန်းလန်မြို့ထဲမှာတင် ရှိတာ"
"ဟိုးအရင်တုန်းက ကျုပ် အထက်လောကနေ ဆင်းလာတုန်းကလည်း အဲ့ဒီဝင်္ကပါကိုပဲ သုံးခဲ့တာလေ"
ဤစကားက လုချင်းကို အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားစေခဲ့လေ၏။ "ဒါဆိုရင် ဝမ်ပေ့အနေနဲ့ ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ဖို့အတွက် အဲ့ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ငှားရမ်းသုံးစွဲခွင့် တောင်းခံလို့ ရနိုင်မလားဗျ"
တစ်ချိန်တည်းမှာပင် ကုန်းရှုမျိုးနွယ်စုမှ လူများ ဆင်းသက်လာမည်ကို သိနေပါလျက်နှင့် အခြားတစ်ဖက်မှ အဘယ်ကြောင့် စိုးရိမ်ပူပန်နေခြင်း မရှိသနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။ သူတို့တွင် အရန်အစီအစဉ်တစ်ခုဖြစ်သည့် အထက်လောကသို့ ပြန်လည်ဆုတ်ခွာနိုင်မည့် လမ်းကြောင်းတစ်ခု ရှိနေခဲ့ခြင်းပင် ဖြစ်၏။
တစ်ဆက်တည်းတွင်ပဲ ထျန်းယွမ်ကမ္ဘာလောကကြီးသို့ ဝင်ရောက်နိုင်မည့် အခြားသောနည်းလမ်းများ ရှိသေးသည်ဟု မော့ဟုန်ယွင်ပြောခဲ့ခြင်း၏ အဓိပ္ပာယ်ကိုလည်း သူ သဘောပေါက်သွားခဲ့လေ၏။ သူမက ဤအရာကို ရည်ညွှန်းခဲ့ခြင်း ဖြစ်တန်ရာသည်။
"ရတာပေါ့" မြို့စားမင်းက ပြန်ဖြေလိုက်သည်။ "တာအိုမိတ်ဆွေလုက ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တာလေ။ တကယ်လို့သာ စောစောက ကုန်းရှုယွီကို မင်း ဝင်မတားပေးခဲ့ဘူးဆိုရင် ကျုပ်လည်း အသတ်ခံရပြီး ကျုပ်ရဲ့သန္ဓေသားဝိညာဉ်လည်း ထုတ်ခံလိုက်ရလောက်ပြီ"
"ကုန်းရှုယွီကို နောက်ဆုံးမှာ သတ်လိုက်တာက ကျုပ်ဖြစ်ပေမဲ့၊ မင်း သူနဲ့တိုက်ခိုက်ခဲ့တာကို မြို့ထဲက လူတော်တော်များများ တွေ့လိုက်ကြတယ်လေ"
"သူ့ကို သတ်ဖြတ်လိုက်တဲ့ ကံကြမ္မာအကျိုးဆက်က ကျုပ်အပေါ်ကို ကျရောက်လာမယ်ဆိုပေမဲ့၊ ကုန်းရှုမျိုးနွယ်စုအတွက် မင်းဆီကို ခြေရာခံဖို့ကလည်း သိပ်ခက်ခဲမှာ မဟုတ်ဘူး"
"အဲ့ဒီလို အခြေအနေမျိုးမှာတောင် မင်းက ထျန်းယွမ်ကမ္ဘာလောကကြီးကို သွားဖို့ ဆုံးဖြတ်ထားတုန်းပဲလား"
"မြို့စားမင်းက ဝမ်ပေ့ အထက်လောကကို ရောက်သွားရင် အန္တရာယ်ကင်းပါ့မလားလို့ စိုးရိမ်နေတာလား" လုချင်းက ရယ်မောလိုက်သည်။ "စိတ်ချပါ၊ ဝမ်ပေ့ရဲ့ ခြေရာတွေကို ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည်အပေါ်မှာ ဝမ်ပေ့ကိုယ်တိုင် ယုံကြည်မှုတချို့တော့ ရှိပါတယ်"
"ကံကြမ္မာရဲ့ အကျိုးဆက်က ဝမ်ပေ့အပေါ် ကျရောက်မလာဘူးဆိုတော့၊ ကုန်းရှုမျိုးနွယ်စုအနေနဲ့ ဝမ်ပေ့ကို ခြေရာခံဖို့ လွယ်ကူမှာ မဟုတ်ပါဘူးဗျ"
ချန်းလန်မြို့စားမင်းမှာ တစ်ခဏမျှ မှင်သက်သွားပြီးနောက်၌ လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို သူကိုယ်တိုင်ပင် အကဲခတ်၍ မရနိုင်ကြောင်းကို သတိရသွားလေ၏။ ချက်ချင်းဆိုသလိုပင် အရာအားလုံးက သဘာဝကျသွားတော့သည်။
သူ ထင်ထားသည်မှာ မှန်ကန်ပုံရသည်။ လုချင်းတွင် သူ၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ပြီး ခြေရာခံ၍မရအောင် ပြုလုပ်ပေးနိုင်သည့် ရှားပါးဝိညာဉ်လက်နက်တစ်ခု ရှိနေသည်မှာ သေချာပေ၏။
"မင်းက အဲ့ဒီလောက်တောင် ယုံကြည်ချက်ရှိနေမှတော့ ကျုပ်လည်း ထပ်ပြီး မတားတော့ပါဘူး။ ဘယ်အချိန်လောက် ထွက်ခွာချင်လဲ"
"အမြန်ဆုံးပါပဲဗျ" လုချင်းက တုံ့ဆိုင်းမနေဘဲ ပြောလိုက်လေ၏။
သူ၏ ကန့်သတ်ချက်များကို သူ ကိုယ်တိုင် အသိဆုံးဖြစ်သည်။ အခြားသူများက သူ၏ နောက်ခံဇာစ်မြစ်မှာ အလွန်အမင်း ကြီးမားလိမ့်မည်ဟု ထင်မှတ်နေကြသော်လည်း သူကိုယ်တိုင်သာ အမှန်တရားကို သိရှိလေသည်။ အကယ်၍သာ သူသည် ကုန်းရှုမျိုးနွယ်စုကဲ့သို့သော အင်အားကြီးမားသည့် မျိုးနွယ်စုကြီးကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရမည်ဆိုပါက ကြက်ဥနှင့် ကျောက်ခဲကို ပေါက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် အစောဆုံး ထွက်ခွာနိုင်လေ အကောင်းဆုံးပင် ဖြစ်တော့သည်။
မြို့စားမင်းက တစ်ခဏမျှ စဉ်းစားလိုက်လေ၏။ "ဒီလိုဆိုရင်တော့ နည်းနည်းလောက် စောင့်ပေးပါ။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသက်သွင်းဖို့က ဝိညာဉ်စွမ်းအင် အများကြီး လိုအပ်တယ်၊ ပြီးတော့ လက်ရှိအခြေအနေအရ ကျုပ်လည်း နည်းနည်း အားနည်းနေသေးတယ်လေ"
"မနက်ဖြန် မနက်အထိ စောင့်ဖို့ အဆင်ပြေမယ်ဆိုရင်၊ ကျုပ် နည်းနည်း ပြန်ကောင်းလာတာနဲ့ မင်းကို အထက်လောကဆီ ကိုယ်တိုင် ပို့ပေးပါ့မယ်။ အဆင်ပြေနိုင်မလား"
"မြို့စားမင်းရဲ့ အစီအစဉ်အတိုင်းပါပဲဗျ"
သဘာဝကျစွာပင် လုချင်းတွင် မည်သည့် ကန့်ကွက်စရာမျှ မရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်လေတော့သည်။
သူတို့ ဆက်လက်၍ အေးအေးလူလူ စကားစမြည် ပြောဆိုနေကြပြီး လုချင်းက ထိုအခွင့်အရေးကို အသုံးချကာ ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြို့စားမင်းထံမှ လမ်းညွှန်မှုများ တောင်းခံခဲ့လေ၏။
မည်သို့ပင်ဆိုစေ ဤသည်မှာ သူ အနီးကပ် ဆက်ဆံဖူးသည့် ပထမဆုံးသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးက လက်လွှတ်ခံရန်အတွက် အလွန်တရာမှ ရှားပါးလွန်းလှပါ၏။
မြို့စားမင်းကလည်း သဘောထားကြီးစွာဖြင့် မေးခွန်းတိုင်းကို ဂရုတစိုက် ဖြေကြားပေးကာ သင်ကြားပြသပေးလေသည်။ သို့သော် သူ ဖြေကြားပေးနေစဉ်မှာပင် သူ့ကိုယ်သူ အံ့အားသင့်နေမိကြောင်း တွေ့ရှိလိုက်ရလေ၏။
လုချင်း၏ မေးခွန်းများစွာက အလွန်အမင်း နက်နဲသိမ်မွေ့လွန်းလှပြီး သန္ဓေသားဝိညာဉ်အဆင့်၏ နယ်ပယ်ကိုပင် ထိစပ်နေသည့်အတွက် ဖြေဆိုရန် အတော်လေး ခက်ခဲနေကြောင်း သူ တွေ့ရှိလိုက်ရသည်။ မေးခွန်းများက နေရာလွတ် ဟင်းလင်းပြင် တာအိုလမ်းစဉ်ဆီသို့ ဦးတည်သွားသောအခါ မြို့စားမင်း၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များပင် စတင်စို့လာတော့၏။
ကံကောင်းစွာဖြင့် သူတို့၏ စကားဝိုင်းကို အသံတစ်သံက ဝင်ရောက် နှောင့်ယှက်လိုက်လေသည်။
"ဦးလေး"
ထိုသူမှာ ရတနာခန်းမဆောင်ရှိ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးနောက် မြို့စားမင်းအိမ်တော်သို့ ရောက်ရှိလာသည့် မော့ဟုန်ယွင်ပင် ဖြစ်လေသည်။
"ဟုန်ယွင်... မင်းရောက်လာပြီကိုး" မြို့စားမင်းက သိသာထင်ရှားစွာ သက်သာရာရသွားဟန်ဖြင့် အလျင်အမြန် မတ်တတ်ရပ်ကာ ကြိုဆိုလိုက်၏။
"မြို့စားမင်းရဲ့ စကားတွေကို ကြားရတာက ဆယ်နှစ်တာ တံခါးပိတ် ကျင့်ကြံရတာထက်ကို ပိုပြီးတော့ အသိပညာတွေ တိုးပွားစေပါတယ်ဗျ။ အကယ်၍များ ဖြစ်နိုင်မယ်ဆိုရင် နောက်ထပ်တစ်ကြိမ်လောက် ထပ်ပြီး လမ်းညွှန်မှုတွေ တောင်းခံချင်ပါသေးတယ်ဗျ" လုချင်းက ဆွေးနွေးပွဲကို အဆုံးသတ်ရမည်ကို အနည်းငယ် နှမြောနေဆဲဖြစ်ကာ ပြောလိုက်သည်။
သူ အမှန်တကယ်ပင် များစွာ အကျိုးအမြတ် ရရှိခဲ့လေသည်။ သူ၏ နတ်မျက်စိစွမ်းရည်ကြောင့် သိုင်းပညာရပ်များကို အလွယ်တကူ နားလည်သဘောပေါက်ပြီး ကျွမ်းကျင်ပိုင်နိုင်စေရန် ပြုလုပ်နိုင်သော်လည်း၊ "အခြားသူများ၏ ကျောက်တုံးများက မိမိ၏ ကျောက်စိမ်းကို ပွတ်တိုက်ပေးနိုင်သည်" ဆိုသည့် စကားတစ်ခွန်း ရှိလေသည်။
သန္ဓေသားဝိညာဉ်အဆင့်ရှိ ထိပ်တန်းကျင့်ကြံသူတိုင်းတွင် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပတ်သက်၍ လေးနက်သော နားလည်သဘောပေါက်မှုများ ရှိကြပေ၏။ သူတို့၏ အတွေ့အကြုံများက လုချင်းကဲ့သို့သော သူတစ်ယောက်အတွက် မယုံနိုင်လောက်အောင် အဖိုးတန်လှပေသည်။
မြို့စားမင်းကမူ ထိုစကားများကို ကြားလိုက်ရသောအခါ အနည်းငယ် တောင့်တင်းသွားပြီးနောက် အတင်းအကြပ် ပြုံးပြလိုက်ရလေ၏။
"အဲ့ဒါက စီစဉ်ပေးဖို့ လွယ်ပါတယ်" ဟု သူက ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးဖြစ်လေသည်။ မနက်ဖြန်နံနက်ပိုင်း သူ ပြန်လည်သက်သာလာသည်နှင့် တစ်ပြိုင်နက် လုချင်းကို အထက်လောကသို့ ချက်ချင်း ပို့ဆောင်ပေးရန်ပင် ဖြစ်တော့၏။
အကယ်၍ ဤလူငယ်လေးကသာ မေးခွန်းများ ဆက်မေးနေမည်ဆိုပါက သူ အမှန်တကယ်ပင် အရှက်ကွဲရနိုင်ချေ ရှိလေသည်။ မည်သို့ပင်ဆိုစေ မေးခွန်းများက ပိုပို၍ နက်နဲလာနေပြီပင်။ အချို့သော မေးခွန်းများဆိုလျှင် နေရာလွတ် ဟင်းလင်းပြင် နိယာမများနှင့်ပင် သက်ဆိုင်နေပြီး ထိုအရာများကို သန္ဓေသားဝိညာဉ်အဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိနေသော အင်အားအကြီးမားဆုံး ကျင့်ကြံသူများသာလျှင် စတင် နားလည်သဘောပေါက်နိုင်စွမ်း ရှိကြပေသည်။
သူက ပထမ အတိဒုက္ခအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါလော။ သူက ဘယ်လိုလုပ် ဖြေနိုင်ပါမည်နည်း။
ပို၍ ဆိုးရွားသည်မှာ သူ၏ အလိုအလျောက် သိစိတ်က လုချင်းသည် ရမ်းတုတ်ပြီး မေးခွန်းထုတ်နေခြင်း မဟုတ်ကြောင်းကိုပါ သတိပေးနေခြင်းပင် ဖြစ်၏။ သူသည် နေရာလွတ် ဟင်းလင်းပြင် တာအိုလမ်းစဉ်နှင့် ပတ်သက်၍ အမှန်တကယ်ပင် နားလည်သဘောပေါက်မှု အချို့ရှိနေပြီး၊ သူ၏ မေးခွန်းများက အဓိကအချက်ကို တိုက်ရိုက် ထိမှန်နေလေသည်။
"ဒီလုချင်းဆိုတဲ့ ကောင်လေးက ဘယ်လို ဉာဏ်ကြီးရှင် သတ္တဝါဆန်းလေးများပါလိမ့်" မြို့စားမင်းသည် သူ၏ စိတ်ထဲတွင် ကျိတ်၍ ရေရွတ်နေမိတော့သည်။
ဤအချက်က လုချင်း၏ နောက်ခံဇာစ်မြစ်မှာ အလွန်အမင်း ထူးခြားပြောင်မြောက်ရမည်ဆိုသည့် သူ၏ ယုံကြည်ချက်ကို ပို၍ပင် ခိုင်မာသွားစေခဲ့၏။
ထိုသို့မဟုတ်ပါက ရွှေအမြုတေအဆင့်ရှိ သူတစ်ယောက်က နေရာလွတ် ဟင်းလင်းပြင် တာအိုလမ်းစဉ်နှင့် ပတ်သက်၍ မည်သို့လုပ် သိရှိနိုင်မည်နည်း။
သူ၏ ဆရာဖြစ်သူက သင်ကြားပြသပေးစဉ်အတွင်း ထိုအရာကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သေချာနေပေသည်။
ထိုအဓိပ္ပာယ်မှာ လုချင်း၏ ဆရာသည် နေရာလွတ် ဟင်းလင်းပြင် တာအိုလမ်းစဉ်တွင် ပြိုင်ဘက်ကင်း ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ရမည်ဟု ဆိုလိုခြင်းပင်။
"ဦးလေးတို့ နှစ်ယောက် ခုနက ဘာအကြောင်းတွေ ပြောနေကြတာလဲ" မော့ဟုန်ယွင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။
"ဘာမှမဖြစ်ပါဘူး။ ဝမ်ပေ့ ကြုံတွေ့ရတဲ့ ကျင့်ကြံခြင်းဆိုင်ရာ အခက်အခဲတချို့ကို မြို့စားမင်းဆီကနေ လမ်းညွှန်မှု တောင်းခံနေတာပါ။ သူရဲ့ ဉာဏ်ပညာနဲ့ ကျင့်ကြံခြင်းက တကယ်ပဲ နက်နဲလွန်းပါတယ်"
"သူနဲ့ စကားတစ်ခွန်း ပြောရုံနဲ့တင် ဝမ်ပေ့အတွက် ကြီးမားတဲ့ အသိအမြင်တွေကို ရစေပါတယ်ဗျ" လုချင်းက ရိုးသားစွာ ချီးကျူးလိုက်သည်။
"တာအိုမိတ်ဆွေလုကတော့ ကျုပ်ကို မြှောက်ပြောနေပြန်ပါပြီ" မြို့စားမင်းက အတင်းအကြပ် ပြုံးပြရင်း ဆိုလိုက်၏။
"သြော်... အဲ့ဒီလိုကိုး" မော့ဟုန်ယွင်က ပြောလိုက်သည်။ ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်များ ဖြစ်နေသည့်အတွက် သူမ ထပ်ပြီး အတင်းအကြပ် မမေးမြန်းတော့ချေ။
ထိုအစား သူမက လုချင်းထံသို့ သိုလှောင်အိတ်တစ်လုံး ကမ်းပေးလိုက်၏။ "ရော့... တာအိုမိတ်ဆွေလု။ ဒါက ရှင့်အတွက်"
"ဒါက ဘာလဲဗျ" လုချင်းက လက်ခံယူလိုက်ရင်း အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"အဲ့ဒါက ချိုးရုံ ယူသွားတဲ့ သိုလှောင်အိတ်လေ။ ရှင်က သူ့ကို ဖမ်းဆီးခဲ့တာဆိုတော့ ဒီစစ်ပွဲကရတဲ့ တိုက်ပွဲဝင်ပစ္စည်းက ရှင့်အတွက်ပဲ ဖြစ်သင့်တာပေါ့"
"အဲ့ဒါ သိပ်မမှန်သလိုပဲနော်။ သူက ရတနာခန်းမဆောင်ရဲ့ အကဲဖြတ်ပညာရှင်တစ်ယောက်လေ။ ဒီပစ္စည်းတွေက ခန်းမဆောင်ရဲ့ ပစ္စည်းတွေ ဖြစ်သင့်တာပေါ့" လုချင်းက ဆိုလေ၏။
"အဲ့ဒီ သစ္စာဖောက် ကိုင်ခဲ့တဲ့ ပစ္စည်းတစ်ခုကိုမှ ကျွန်မ မလိုချင်ဘူး။ ပြီးတော့ ရတနာခန်းမဆောင်မှာလည်း အရင်းအမြစ်တွေ မရှားပါဘူး။ ယူသာယူထားလိုက်ပါ တာအိုမိတ်ဆွေလုရယ်"
မော့ဟုန်ယွင်၏ မျက်နှာပေါ်တွင် ရွံရှာစက်ဆုပ်မှုများ ပြည့်နှက်နေလေသည်။
ဤသည်ကို မြင်သောအခါ၌ လုချင်းကလည်း ရိုးရှင်းစွာပင် ပြောလိုက်၏။ "ဒါဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်"
ထိုစကားနှင့်အတူ သူက သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်လေတော့သည်။ သို့သော် သူတို့နှစ်ဦး၏ရှေ့တွင်တော့ အိတ်အတွင်းမှ အရာများကို သူ ချက်ချင်း စစ်ဆေးကြည့်ရှုခြင်း မပြုခဲ့ချေ။
သူ ပစ္စည်းကို ယူလိုက်သည်ကို မြင်သောအခါ မော့ဟုန်ယွင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။
"တာအိုမိတ်ဆွေလု... ချန်းလန်မြို့က အခု လုံခြုံမှုမရှိတော့ဘူး။ ရှင့်မှာ ဘာအစီအစဉ်တွေများ ရှိနေလဲ"
"ဝမ်ပေ့ ရှောင်ချန်းကမ္ဘာကနေ ထွက်ပြီး လေ့ကျင့်ဖို့နဲ့ အတွေ့အကြုံသစ်တွေ ရဖို့အတွက် ထျန်းယွမ်ကမ္ဘာလောကကြီးကို သွားဖို့ ရည်ရွယ်ထားပါတယ်" လုချင်းက ပြန်ဖြေလိုက်သည်။
"ရှင်က ထျန်းယွမ်ကမ္ဘာလောကကြီးကို သွားချင်သေးတာလား" မော့ဟုန်ယွင်မှာ အံ့သြတုန်လှုပ်သွားလေ၏။
မည်သို့ပင်ဆိုစေ လုချင်းက ယခုလေးတင်မှ ကုန်းရှုယွီကို သတ်ဖြတ်ထားခဲ့ခြင်း မဟုတ်ပါလော။
နောက်ဆုံး အသေအချာကို သတ်ဖြတ်လိုက်သူမှာ သူမ၏ ဦးလေးဖြစ်သော်လည်း၊ ကောင်းကင်ယံထက်တွင် လုချင်းတစ်ယောက် ကုန်းရှုယွီအား သတ်ပုတ်နေခဲ့သည်ကိုတော့ ကျင့်ကြံသူ မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ကြပြီးပြီပင်။
ကုန်းရှုမျိုးနွယ်စု၏ ဩဇာလွှမ်းမိုးမှုအရ သူတို့ အမှန်တရားကို ဖော်ထုတ်နိုင်ရန်မှာ အချိန်ကသာ ပြဿနာတစ်ခုဖြစ်၏။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် လုချင်းက ထျန်းယွမ်ကမ္ဘာလောကကြီးကို ဝင်ချင်နေသေးသည်လော။
သူက ကုန်းရှုမျိုးနွယ်စုတစ်ခုလုံး၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရမည်ကို မကြောက်ရွံ့သည်လော။
မော့ဟုန်ယွင်က သူမ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလိုက်လေ၏။
"ဝမ်ပေ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည်လေးတချို့တော့ ရှိပါတယ်ဗျ။ ထျန်းယွမ်ကမ္ဘာလောကကြီးက အရမ်းကိုကျယ်ဝန်းတာလေ။ ကုန်းရှုမျိုးနွယ်စုအတွက် ဝမ်ပေ့ကို ခြေရာခံဖို့ သိပ်တော့ လွယ်ကူမှာ မဟုတ်ပါဘူးဗျ" လုချင်းက ပြုံးလျက် ဆိုလိုက်သည်။
လုချင်းက သွားရန် ခိုင်မာစွာ ဆုံးဖြတ်ထားကြောင်းကို မြင်သောအခါ၌ မော့ဟုန်ယွင်လည်း တိတ်ဆိတ်သွားလေ၏။
"ဟုန်ယွင်... ဘာဖြစ်လို့လဲ" ချန်းလန်မြို့စားမင်းက သူမ၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး မေးလိုက်သည်။
မော့ဟုန်ယွင်က တစ်ခဏမျှ တုံ့ဆိုင်းသွားလေ၏။ သူမ၏ မျက်နှာပေါ်တွင် အတွင်းစိတ် ပဋိပက္ခများကို အထင်းသားမြင်တွေ့နေရပြီး နောက်ဆုံးတွင်တော့ သူမ နှုတ်ခမ်းကို ကိုက်ကာ လုချင်းဘက်သို့ လှည့်လိုက်လေတော့သည်။
"တာအိုမိတ်ဆွေလု... ရှင့်ကို တစ်ခုလောက် တောင်းဆိုလို့ ရနိုင်မလား"
"ဗျာ... ခန်းမဆောင်သခင်က ဝမ်ပေ့ဆီကနေ ဘယ်လိုကိစ္စမျိုးကို အကူအညီ လိုအပ်နေတာလဲ မသိဘူး" လုချင်းမျက်ခုံးပင့်လိုက်ကာ အံ့သြသွားပါ၏။
သူမ ဘာပဲပြောပြော ရိုးရှင်းသည့်ကိစ္စတော့ မဟုတ်လောက်ဘူးဟု သူ ခံစားလိုက်ရသည်။
ထိုသို့မဟုတ်ပါက သူမက အဘယ်ကြောင့် သူမ၏ ဦးလေးဖြစ်သူ တစ်နည်းအားဖြင့် သူမကို သိသာထင်ရှားစွာ မြတ်နိုးတန်ဖိုးထားသော လေးစားဖွယ် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူကို ကျော်လွန်ကာ သူ၏အကူအညီကို တောင်းခံရမည်နည်း။
ထိုအချက်က သိသာထင်ရှားစွာပင် ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်နေလေသည်။
"ရှင့်အနေနဲ့ ကျွန်မကို ကူညီနိုင်မလား၊ မကူညီနိုင်ဘူးလားဆိုတာကိုတော့ ကျွန်မလည်း သေချာမသိဘူး၊ ဒါပေမဲ့ ကျွန်မ ကျင့်ကြံထားတဲ့ လျှို့ဝှက်သိုင်းပညာရပ်ကတော့ ကျွန်မကို ပြောနေတယ်... ရှင်က အောင်မြင်ဖို့ အလားအလာအရှိဆုံး လူတစ်ယောက်ပဲတဲ့"
"လျှို့ဝှက်သိုင်းပညာရပ် ဟုတ်လား" လုချင်းသည် မော့ဟုန်ယွင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူ၏ နတ်စွမ်းရည်ဖြင့် ဖော်ထုတ်တွေ့ရှိခဲ့သော မှတ်စုကို ပြန်၍အမှတ်ရသွားတော့၏။ ထိုမှတ်စုတွင် သူမထံ၌ ကံကြမ္မာကို ဟောကိန်းထုတ်နိုင်သည့် နတ်ဘုရားစွမ်းရည်တစ်ခု ရှိကြောင်း ဖော်ပြထားခဲ့သည်။
မြို့စားမင်း၏ မျက်နှာအမူအရာပင် ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ဖြစ်သွား၏။ "ဟုန်ယွင်...မဟုတ်မှလွဲရော..."
"ကျွန်မ ကျင့်ကြံထားတဲ့ လျှို့ဝှက်သိုင်းပညာရပ်ကလေ၊ ပိုပြီး တိတိကျကျ ပြောရရင် ကျွန်မရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်က အနာဂတ်ကို ဟောကိန်းထုတ်နိုင်ပြီး ကံကြမ္မာကိုပါ သိနိုင်တဲ့ စွမ်းရည်တစ်ခုပါ" မော့ဟုန်ယွင်က ပြောလိုက်သည်။
"အနာဂတ် ကံကြမ္မာကို သိမြင်နိုင်တဲ့ နတ်ဘုရားစွမ်းရည် ဟုတ်လား" လုချင်း၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော အံ့အားသင့်မှုများ ပေါ်ထွက်လာ၏။
"ဟုတ်ပါတယ်။ ကျွန်မရဲ့ စွမ်းရည်က မော့မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ထဲကနေ နက်နက်ရှိုင်းရှိုင်း မြစ်ဖျားခံလာတာလို့ ဆိုကြတယ်။ ဒါပေမဲ့ မကြာသေးမီက ထောင်စုနှစ်တွေအတွင်းမှာတော့ မော့မျိုးနွယ်စုဝင်တွေထဲကနေ ဒီစွမ်းရည်ကို နိုးကြားလာနိုင်တဲ့သူ တော်တော်လေးကိုမှ ရှားသွားခဲ့ပြီလေ"
"ဒါက ကြီးမားတဲ့ ကောင်းချီးတစ်ခုလိုပဲနော်။ ဒါဆို ဘာဖြစ်လို့များ..." လုချင်းမှာ နားမလည်နိုင် ဖြစ်သွားရပါ၏။
မြို့စားမင်းကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေပုံရလေသည်။ "မင်းက ကံကြမ္မာကို ဟောကိန်းထုတ်နိုင်တဲ့ နတ်ဘုရားစွမ်းရည်ကို နိုးကြားစေနိုင်ခဲ့တာလား။ ဘာလို့ ဦးလေးကို မပြောခဲ့တာလဲ"
"ကျွန်မ ပြောပြခဲ့ရင်ကော ဘာအကျိုးထူးလာမှာမို့လို့လဲ" မော့ဟုန်ယွင်က လှောင်ပြောင်လိုက်၏။ "အဲ့ဒီတုန်းက ရှင့်ရဲ့ နန်ကုန်းမျိုးနွယ်စုက ကျွန်မရဲ့ အဖေနဲ့အမေအပေါ်မှာ ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာကို ရှင် မေ့သွားပြီလား"
မြို့စားမင်းမှာ တိတ်ဆိတ်သွားပြီး သိသာထင်ရှားစွာ အံ့အားသင့်သွားလေတော့သည်။
ထိုစဉ် လုချင်းကလည်း သူတို့ကြားတွင် နက်ရှိုင်းပြီး ရှုပ်ထွေးသော သမိုင်းကြောင်းတစ်ခု ရှိနေကြောင်း သိလိုက်လေ၏။
ဦးလေးဖြစ်သူကို ရင့်သီးစွာ ပြောဆိုပြီးနောက်၌ မော့ဟုန်ယွင်က လုချင်းဘက်သို့ ပြန်လှည့်လာလေသည်။
"ကံကြမ္မာကို ဟောကိန်းထုတ်နိုင်တဲ့ စွမ်းရည်အပြင် ကျွန်မ နောက်ထပ် ခန္ဓာကိုယ်အမျိုးအစားတစ်ခုကိုလည်း နိုးကြားစေနိုင်ခဲ့တယ်... အဲ့ဒါကတော့ နက်နဲတဲ့ ယင်ကျောက်စိမ်းခန္ဓာပဲ"
"နက်နဲတဲ့ ယင်ကျောက်စိမ်းခန္ဓာ ဟုတ်လား"
မြို့စားမင်းမှာ နောက်ထပ်တစ်ကြိမ် အံ့သြတုန်လှုပ်သွားပြန်လေ၏။ သို့သော် မော့ဟုန်ယွင်၏ အကြည့်အောက်တွင် သူ ထပ်ပြီး ဘာမှ မပြောရဲတော့ချေ။
"နက်နဲတဲ့ ယင်ကျောက်စိမ်းခန္ဓာဆိုတာက ဘာများလဲဗျ" လုချင်းက မေးလိုက်သည်။
"အဲ့ဒါက ထိပ်တန်းအဆင့် ခန္ဓာကိုယ်အမျိုးအစားတစ်ခုလို့ ဆိုကြတယ်။ ဒီလိုခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကျင့်ကြံခြင်းမှာ ထူးခြားပြောင်မြောက်တဲ့ ပါရမီ ရှိရုံတင်မကဘဲ တချို့သိုင်းပညာရပ်တွေကို ကျင့်ကြံမယ်ဆိုရင် အကောင်းဆုံး ယစ်မူးပျော်မွေ့ ကျင့်ကြံဖော်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်လေ"
"ယုတ်မာတဲ့ တချို့ကျင့်ကြံခြင်း နည်းလမ်းတွေကဆိုရင် ဒီလိုအမျိုးသမီးတွေကို သက်ရှိ ဒယ်အိုးတွေအဖြစ်... အဆင့်အမြင့်ဆုံးသော လူသား ဆေးလုံးတွေအဖြစ်တောင် ပြောင်းလဲပစ်ကြတယ်"
"ကျင့်ကြံခြင်း ပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက်၊ ကျင့်ကြံသူက သူတို့ရဲ့ အပျိုစင်ဘဝ၊ ကျင့်ကြံခြင်းအဆင့်၊ နတ်ဘုရားစွမ်းရည်တွေကိုပါ လုယူဖို့အတွက် စွမ်းအင်ထုတ်ယူတဲ့ နည်းလမ်းတွေကို သုံးကြတာပေါ့" သူမက မှုန်ကုပ်ကုပ်ဖြင့် ဆိုလေ၏။
ဤစကားကို ကြားသောအခါ လုချင်း၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားလေသည်။ အစောပိုင်းက သူ၏နတ်မျက်စိစွမ်းရည်ဖြင့် ဖော်ထုတ်တွေ့ရှိခဲ့သော မှတ်စုတွင် "နက်နဲသော ယင်ကျောက်စိမ်းခန္ဓာ" ဆိုသည့် ဝေါဟာရကို သူ မြင်တွေ့ခဲ့ရသော်လည်း၊ ယင်းမှာ ယင်အခြေခံ သိုင်းပညာရပ်များကို ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သော ခန္ဓာကိုယ်ဖြစ်ကြောင်းကိုသာ ဖော်ပြထားခဲ့ခြင်း ဖြစ်၏။ ဤရက်စက်ကြမ်းကြုတ်လှသော ယစ်မူးပျော်မွေ့ ကျင့်ကြံခြင်း နည်းလမ်းများနှင့် ပတ်သက်၍မူ ဘာတစ်ခုမှ ဖော်ပြထားခြင်း မရှိခဲ့ချေ။
ရှင်းလင်းစွာပင် နက်နဲသော ယင်ကျောက်စိမ်းခန္ဓာဆိုသည်မှာ သဘာဝတရား၏ ထူးခြားပြောင်မြောက်သော ပါရမီတစ်ခု ဖြစ်သော်လည်း၊ လူဆိုးများ၏ လက်ထဲတွင်မူ ကျိန်စာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
"ကျွန်မ ပထမဆုံး နက်နဲတဲ့ ယင်ကျောက်စိမ်းခန္ဓာကို နိုးကြားလာခဲ့တဲ့အချိန်မှာ ကျွန်မရဲ့ မိဘတွေက တော်တော်လေးကို ထိတ်လန့်သွားခဲ့ကြတယ်"
"တကယ်လို့ ဒီသတင်းသာ ပေါက်ကြားသွားရင် လူတော်တော်များများက ကျွန်မကို တပ်မက်လာကြလိမ့်မယ်ဆိုတာ သူတို့ သိခဲ့ကြတယ်လေ"
"ဒါကြောင့် ငယ်ငယ်လေးကတည်းက ဘယ်သူ့ကိုမှ ဒီအကြောင်းတွေ မပြောဖို့ သူတို့က ကျွန်မကို သတိပေးခဲ့ကြတယ်"
"ကျွန်မလည်း သူတို့ရဲ့ အကြံပေးချက်ကို လိုက်နာပြီးတော့ အခြားသူတွေကို အမှန်တရားကို ဘယ်တော့မှ ထုတ်မပြောခဲ့ဘူး"
"ကံကြမ္မာကို ဟောကိန်းထုတ်နိုင်တဲ့ စွမ်းရည်ကို နိုးကြားစေနိုင်ခဲ့ပြီးနောက်မှာတောင် ကျွန်မ လျှို့ဝှက်ထားခဲ့တာပဲ"
"ဒါတွေအားလုံးက မျိုးနွယ်စုထဲမှာ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် တတ်နိုင်သမျှ သတိမပြုမိအောင် နေထိုင်ခဲ့တာပါ"
"တစ်နေ့ကျရင် သန္ဓေသားဝိညာဉ်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်နဲ့ တိတ်တဆိတ်ပဲ ကျင့်ကြံခဲ့တယ်"
"ဒီလိုခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်က အဲ့ဒီအဆင့်ကို ရောက်သွားပြီဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပြီလို့ ဆိုကြတယ်"
"အဲ့ဒီအခါကျရင် တခြားသူတွေက သူ့ကို တပ်မက်လာမှာကို ကြောက်စရာ မလိုတော့ဘူးပေါ့" သူမက ဆက်ပြောလေ၏။
"မော့မျိုးနွယ်စုမှာ နေရတဲ့ ကျွန်မရဲ့ နေ့ရက်တွေက ငြိမ်းချမ်းခဲ့ပါတယ်"
"မိဘတွေက အမှန်တရားကို ဖုံးကွယ်ပေးထားတော့ ဘယ်သူကမှ ဘာကိုမှ သံသယမဝင်ခဲ့ကြဘူးလေ"
"ဒါပေမဲ့... တစ်ခုခုဖြစ်သွားပြီး သူတို့နှစ်ယောက်လုံး ရုတ်တရက်ကြီး ဆုံးပါးသွားခဲ့ကြတယ်"
ဤနေရာသို့ ရောက်သောအခါ ချန်းလန်မြို့စားမင်းမှာ အနည်းငယ် တုန်ရီနေပြီး သူ၏မျက်နှာက မသက်မသာဖြစ်မှုကြောင့် တောင့်တင်းနေသည်ကို လုချင်းသတိပြုမိလိုက်လေ၏။ ရှင်းလင်းစွာပင် ဤဖြစ်ရပ်က သူတို့နှစ်ဦးကြားရှိ အထင်လွဲမှားမှုများ၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။
မော့ဟုန်ယွင်ကလည်း ဦးလေးဖြစ်သူ၏ ပြောင်းလဲမှုကို သတိပြုမိသော်လည်း လုံးဝကို လျစ်လျူရှုထားလိုက်သည်။
သူမက ဆက်ပြောလာ၏။ "သူတို့ ဆုံးပါးသွားပြီးနောက်မှာတော့ မျိုးနွယ်စုထဲမှာ တာဝန်တွေ ပိုယူလာရတော့တာပေါ့"
" တိတ်ဆိတ်တဲ့ ခြံဝင်းလေးထဲမှာပဲ ဆက်ပြီး ပုန်းအောင်းနေလို့ မရတော့ဘူးလေ"
"သူတို့ချန်ထားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတချို့ကို ကျွန်မ စပြီး စီမံခန့်ခွဲခဲ့ရတယ်"
"အစပိုင်းမှာတော့ အဆင်ပြေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက ရွှေအမြုတေအဆင့်ကို ရောက်နေပြီဆိုတော့ မော့မျိုးနွယ်စုထဲမှာ အလယ်အလတ်အဆင့် ပညာရှင်တစ်ယောက်လို့ သတ်မှတ်ခံထားရတာကိုး"
"ဒါပေမဲ့ တစ်နေ့ကျတော့ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့ မျိုးနွယ်စု အကြီးအကဲတချို့နဲ့တူတူ ကျွန်မ သွားခဲ့တယ်"
"ကျွန်မ ဘယ်လောက်ပဲ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါစေ၊ အဲ့ဒီနေရာက တစ်ယောက်ယောက်က တစ်ချက်ကြည့်ရုံနဲ့တင် ကျွန်မရဲ့ နက်နဲတဲ့ ယင်ကျောက်စိမ်းခန္ဓာကို မြင်သွားခဲ့တယ်လေ"
"အဲ့ဒါ ဘယ်သူလဲ" မြို့စားမင်းက ထပ်ပြီး သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
မော့ဟုန်ယွင်က သူ့ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ ပြောလိုက်လေ၏။ "သူ့ရဲ့ ဘွဲ့နာမည်က ခေါင်းဆောင်သခင် မြောင်ယွီတဲ့... ဟယ်ဟွမ်ဂိုဏ်းရဲ့ အကြီးအကဲချုပ်ပါ"
"ဘာ....ခေါင်းဆောင်သခင် မြောင်ယွီ ဟုတ်လား"
ထိုနာမည်ကို ကြားလိုက်ရသောအခါ၌ မြို့စားမင်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ်ကို ပြောင်းလဲသွားပြီး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။