အခန်း (၅၄၃-၅၄၄)
Vol. 55 Ch. 543-544
အခန်း ၅၄၃ - နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာနှင့် လုချင်း၏ အစီအစဉ်
"တိုက်ရှန်အကြီးအကဲ နောက်တစ်ယောက်လား"
လုချင်းသည် ချန်းလန်မြို့စားမင်း၏ မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် ထိုတိုက်ရှန်အကြီးအကဲဆိုသူမှာ သာမန်ကျင့်ကြံသူတစ်ဦးမဟုတ်မှန်း ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။
"တိုက်ရှန်အကြီးအကဲဆိုတာ အထက်ကမ္ဘာက ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်တဲ့ ဟယ်ဟွမ်ဂိုဏ်းရဲ့ အကြီးအကဲချုပ်တစ်ယောက်ပဲ။ သူက စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်မှာရှိတဲ့အပြင် တော်တော်လေးကိုမှ ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ပေါ့" မော့ဟုန်ယွင်က ဖြည်းညင်းစွာ ပြောလာသည်။
"စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်..." လုချင်း၏ နှလုံးသားမှာ တစ်ချက် တုန်လှုပ်သွားတော့သည်။
သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အတိဒုက္ခတစ်ခုကို ကျော်ဖြတ်ပြီးတိုင်း ၎င်းတို့၏ စွမ်းအားများသည် အလုံးစုံ ပြောင်းလဲတိုးတက်သွားတတ်ပေသည်။ အတိဒုက္ခလေးခုတိုင်တိုင် ကျော်ဖြတ်ထားသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ သာမန်အသက်ရှူထုတ်လိုက်သော လေတစ်ချက်ကပင် ယခုအချိန်၌ လုချင်းခံနိုင်ရည်ရှိမည့်အရာမျိုး မဟုတ်ပေ။
"စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူဆိုတာနဲ့တင် ဆိုးရွားနေပြီကို အဲ့ဒီတိုက်ရှန်အကြီးအကဲက သူ့ရဲ့ ကာမဂုဏ်လိုက်စားမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူလေ။ သူက ထူးခြားတဲ့ ခန္ဓာကိုယ်ရှိတဲ့ အမျိုးသမီးတွေကို စုဆောင်းပြီးတော့ သူ့ရဲ့ တူနှစ်ကိုယ်ကျင့်ကြံဖက်တွေအဖြစ် လုပ်ရတာကို အထူးနှစ်သက်တယ်လေ" ချန်းလန်မြို့စားမင်းက မျက်နှာပျက်ယွင်းစွာဖြင့် ပြောလိုက်၏။
"ဟုန်ယွင်.. ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။ အဲဒီတိုက်ရှန်အကြီးအကဲက ဟယ်ဟွမ်ဂိုဏ်းရဲ့ အမြင့်ဆုံးကျင့်စဉ်ဖြစ်တဲ့ ယစ်မူးပျော်မွေ့ခြင်း တရားထိုင်ကျင့်စဉ်ကို ကျင့်ကြံထားတယ်လို့ ဦးလေး ကြားဖူးတယ်။ အဲဒီကျင့်စဉ်က တော်တော့်ကိုမှ ယုတ်မာကောက်ကျစ်ပြီးတော့ ရင်ဆိုင်ဖို့ အရမ်းခက်ခဲတယ်တဲ့။ သူ မျက်စိကျခံရတဲ့ ဘယ်အမျိုးသမီးမဆို သူ့လက်ကနေ လွတ်မြောက်သွားတာမျိုး ရှားတယ်လေ"
"ဒီ့ထက် ဘာဆက်ဖြစ်နိုင်ဦးမှာလဲ" မော့ဟုန်ယွင်က ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။ "ကျွန်မက သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးတစ်ယောက်သာသာပဲလေ။ အဲဒီလိုလူမျိုးရဲ့ မျက်စိကျတာကို ခံလိုက်ရမှတော့ ကိုယ့်ကံကြမ္မာကို ကိုယ်လက်ခံလိုက်ရုံကလွဲပြီး ဘာရွေးချယ်စရာများ ရှိတော့မှာလဲ။
"ကျွန်မတို့ မော့မျိုးနွယ်စုရဲ့ ဘိုးဘေးဆိုရင်တောင် စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်မှာပဲ ရှိတာလေ။ သူက ဟယ်ဟွမ်ဂိုဏ်းလို ဧရာမအင်အားစုကြီးကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်ရဲမှာလဲ။
အဲဒီမွေးနေ့ပွဲမှာတုန်းက ကျွန်မကို သူမှတ်မှတ်ရရ မျက်စိကျသွားမှန်း ကျွန်မကိုယ်တိုင်တောင် မသိလိုက်ဘူး။
ကျွန်မ မျိုးနွယ်စုဆီ ပြန်ရောက်မှပဲ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခု ထူးခြားနေတယ်ဆိုတာကို သတိထားမိလိုက်တော့တာ"
စကားပြောနေရင်းဖြင့် မော့ဟုန်ယွင်သည် သူမ၏ ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ရင်ဘတ်ပေါ်သို့ ဖြတ်၍ မျဉ်းတစ်ကြောင်း ဆွဲလိုက်တော့သည်။
အဝတ်အစား အစအနများ လွင့်စင်ကျသွားပြီးနောက်၌ သူမ၏ ရင်ဘတ်နေရာမှ နှင်းလိုဖြူဖွေးနေသော အသားအရေ ထွက်ပေါ်လာခဲ့သော်လည်း လုချင်းနှင့် ချန်းလန်မြို့စားမင်းတို့နှစ်ဦးစလုံးက ထိုအရာကို ဂရုမထားမိကြချေ။
သူတို့၏ အကြည့်များက သူမ၏ နှလုံးသားနေရာရှိ ထူးဆန်းသော အမှတ်အသားတစ်ခုပေါ်တွင်သာ စူးစိုက်နေကြလေ၏။
ထိုအရာသည် လက်မအရွယ်အစားခန့်ရှိပြီး အနီရောင်ကြိုးမျှင်များဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ် ကျိန်စာအမှတ်အသားတစ်ခု ဖြစ်နေသည်။ ၎င်းသည် အသက်ဝင်နေသည့်အလား မှေးမှိန်စွာ လှုပ်ရှားနေပြီး မြင်ရသူအပေါင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်အောင် ထိတ်လန့်ဖွယ်ကောင်းလှသည်။
"ဒါက တကယ်ကြီး နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာပဲ" ချန်းလန်မြို့စားမင်းက မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားလျက် အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။
"ဒါက တိုက်ရှန်အကြီးအကဲရဲ့ နာမည်ကြီး တာအိုပညာရပ်တွေထဲက တစ်ခုပဲ။ တော်တော့်ကိုမှ ထူးဆန်းပြီး ကြောက်စရာကောင်းတယ်။
ဒီကျိန်စာသင့်ခံရတဲ့ ဘယ်သူမဆို စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်း တိုက်စားခံရပြီးတော့ နောက်ဆုံးကျ သူ့အပေါ် လုံးဝနာခံတတ်တဲ့သူဖြစ်သွားတော့တာပဲ။ သူ့အတွက်ပဲ အသက်ရှင်တော့တဲ့သူပေါ့ရှင့်။ ဒါ့အပြင် ဒီကျိန်စာအမှတ်အသားက ကျိန်စာတိုက်သူရဲ့ အလုံးစုံထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရှိနေတာလေ။
ကျိန်စာသင့်ခံရသူက ဘယ်လောက်ပဲ ဝေးဝေး ထွက်ပြေးဖို့ ကြိုးစားပါစေ.. ချက်ချင်း အာရုံခံမိပြီး လွတ်မြောက်နိုင်စရာ အကြောင်းကို မရှိတော့ဘူး။"
"ဟုန်ယွင်... မင်းမှာ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာသင့်နေတယ်ဆိုတာကို ဘာလို့ ဦးလေးကို စောစောစီးစီး မပြောခဲ့ရတာလဲ"
မြို့စားမင်း၏ မျက်နှာမှာ ပို၍ပင် မှောင်မိုက်သွားတော့သည်။ မော့ဟုန်ယွင်တစ်ယောက် ဤမျှလောက် လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီးကို တစ်ချိန်လုံး ထမ်းပိုးထားခဲ့ရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထင်ခဲ့မိပေ။
"ကျွန်မ စောစောစီးစီး ပြောပြခဲ့တယ်ဆိုရင်ကော ဘာတွေများ ကွာခြားသွားမှာမို့လို့လဲ။ ဦးလေးက ကျွန်မအတွက် ဒီ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို ဖြေရှင်းပေးနိုင်မှာမို့လို့လား။
ဒါမှမဟုတ် ဦးလေးတို့ နန်ကုန်း မျိုးနွယ်စုက ဘိုးဘေးတွေကရော ကျွန်မလို တရားမဝင်မွေးလာတဲ့ ကလေးတစ်ယောက်ကို ကယ်တင်ဖို့ ဆန္ဒရှိပါ့မလား" မော့ဟုန်ယွင်က အေးစက်စက် လေသံဖြင့် မေးလိုက်၏။
ချန်းလန်မြို့စားမင်းမှာ ဆွံ့အသွားလေတော့သည်။
ဤ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို တိုက်ရှန်အကြီးအကဲကိုယ်တိုင် ဖန်တီးချမှတ်ထားခြင်းဖြစ်ရာ ၎င်းကိုချိုးဖျက်ရန်ဆိုသည်မှာ သူ၏ စွမ်းဆောင်နိုင်ရည်ထက် အများကြီး ပိုလွန်နေပါ၏။ သူတို့ မျိုးနွယ်စု၏ ဘိုးဘေးများက ပို၍စွမ်းအားကြီးမားသည်မှာ သေချာသော်လည်း မော့ဟုန်ယွင်အတွက် ၎င်းတို့ကိုယ်တိုင် အန္တရာယ်ခံပြီး ကယ်တင်ပေးရန် တောင်းဆိုဖို့ဆိုသည်မှာ......
သူကိုယ်တိုင်ပင် သူတို့ သဘောတူပါ့မလားဆိုတာကို မသေချာနိုင်ပေ။
"ဟုတ်တယ်မလား.. ဦးလေးတို့ရဲ့ မွန်မြတ်လှတဲ့ နန်ကုန်း မျိုးနွယ်စုကြီးက ကျွန်မလို တရားမဝင်တဲ့ကောင်မလေးကို သေစေချင်နေတာ ကြာလှပြီပဲ။
ကျွန်မလို အသုံးမကျတဲ့ အသက်တစ်ချောင်းကို ကယ်တင်ဖို့အတွက်နဲ့ သူတို့ရဲ့ မြင့်မြတ်လှတဲ့ လက်တွေကို ဘာလို့ ဆန့်ထုတ်ပေးရမှာလဲ။
ပြီးတော့ ကျွန်မရဲ့ မိဘတွေ ဦးလေးတို့ နန်ကုန်း မျိုးနွယ်စုဆီ အလည်လာတုန်းကလည်း ဘာရှင်းပြချက်မှ မရှိဘဲ ပဟေဠိဆန်ဆန်နဲ့ သေဆုံးသွားခဲ့ရတယ်လေ။
အဲဒီနေ့ကစပြီး.. ကျွန်မ ဘယ်လောက်ပဲ နက်ရှိုင်းတဲ့ ငရဲတွင်းထဲ ကျရောက်နေပါစေ နန်ကုန်း မျိုးနွယ်စုဆီကနေ အကူအညီ လုံးဝမတောင်းဘူးလို့ သစ္စာဆိုခဲ့တာ"
မော့ဟုန်ယွင်၏ မျက်နှာပေါ်ရှိ နာကြည်းမုန်းတီးမှုများကို မြင်လိုက်ရသောအခါ၌ မြို့စားမင်းမှာ ပို၍ပင် နှုတ်ဆိတ်သွားတော့သည်။
နန်ကုန်း မျိုးနွယ်စုအပေါ် သူမ ထားရှိသော အငြိုးအတေးမှာ မည်သည့်အခါမျှ ပြေပျောက်နိုင်မည် မဟုတ်ကြောင်းကို သူ နားလည်လိုက်ပါ၏။ အကယ်၍ ဤတစ်ကြိမ်တွင် သူမကို ကယ်တင်ရန် သူ အသက်စွန့်ပြီး မကြိုးစားခဲ့ပါက သူမသည် သူ့ကို ဦးလေးတစ်ယောက်အဖြစ်ပင် အသိအမှတ်ပြုခဲ့မည် မဟုတ်ပေ။
သို့တိုင်အောင် တူမဖြစ်သူ၏ လုံခြုံရေးအတွက်မူ သူ စိုးရိမ်ပူပန်နေမိဆဲပင်။
"မင်းတို့ မော့မျိုးနွယ်စုရဲ့ ဘိုးဘေးဆီကရော အကူအညီ မတောင်းကြည့်ဘူးလား။ သူကလည်း စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတော့ တစ်ခုခုတော့ တတ်နိုင်လောက်မှာပေါ့။
မင်းက ကံကြမ္မာဟောကိန်းထုတ်ခြင်း မြင့်မြတ်တဲ့စွမ်းရည်ကို နိုးကြားစေနိုင်ခဲ့တော့ အနာဂတ်မှာ သန္ဓေသားဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ သေချာသလောက် ရှိနေတဲ့သူလေ။ မော့မျိုးနွယ်စု ဘိုးဘေးသာ ဒါကို သိသွားရင် ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
"ကျွန်မ အဲဒီအကြောင်း မစဉ်းစားဖူးဘူးလို့ ဦးလေးက ထင်နေတာလား" မော့ဟုန်ယွင်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "ဒါပေမဲ့ ကျွန်မ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာအတိုက်ခံရပြီး သိပ်မကြာခင်မှာပဲ ဟယ်ဟွမ်ဂိုဏ်းက မင်္ဂလာဖိတ်စာ ပို့လာခဲ့တယ်။
တိုက်ရှန်အကြီးအကဲက ကျွန်မကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ချင်နေတာလေ။ တကယ်လို့ ကျွန်မတို့ဘက်ကသာ ငြင်းဆန်ခဲ့ရင် မော့မျိုးနွယ်စုတစ်ခုလုံး အထက်ကမ္ဘာမှာ ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့ပါ သူတို့က ခြိမ်းခြောက်ခဲ့သေးတယ်။
ဟယ်ဟွမ်ဂိုဏ်းရဲ့ အင်အားက ဦးလေးတို့ပြောပြောနေတဲ့ မျိုးနွယ်စုကြီး ၃၆ခုနဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့ အနေအထားမှာ ရှိနေတာ။
တိုက်ရှန်အကြီးအကဲတစ်ယောက်တည်းနဲ့တင် မော့မျိုးနွယ်စု ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး... တခြား ပိုပြီးကြောက်စရာကောင်းတဲ့ အကြီးအကဲချုပ်တွေကိုတော့ ထည့်ပြောမနေနဲ့တော့။
မိဘတွေလည်း မရှိတော့သလို နောက်ခံအင်အားလည်း ဘာမှမရှိတဲ့ ကျွန်မလို သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးတစ်ယောက်အတွက်နဲ့ မော့မျိုးနွယ်စုက အဲဒီလောက် ဧရာမအင်အားစုကြီးကို ရန်စဝံ့မယ်လို့ ဦးလေးက တကယ်ပဲ ထင်နေတာလား။
အကူအညီတောင်းဖို့ဆိုတာ အသာထား... ကျွန်မမှာ ကံကြမ္မာဟောကိန်းထုတ်ခြင်း စွမ်းရည် နိုးကြားလာတာတို့၊ နက်နဲတဲ့ယင် ကျောက်စိမ်းခန္ဓာကိုယ် ရှိနေတာတို့ကိုတောင် ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ဘူး။
အကယ်၍များ မော့မျိုးနွယ်စုကသာ ဒါကို သိသွားခဲ့ရင် သူတို့ရဲ့ မြင့်မြတ်တဲ့ စွမ်းရည်လျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့အတွက်...
သူတို့ရဲ့ ပထမဆုံးအတွေးက ကျွန်မကို ကယ်တင်ဖို့ မဟုတ်ဘဲ ကျွန်မကို သတ်ပစ်ဖို့ပဲ ဖြစ်လာလိမ့်မယ်"
မြို့စားမင်းမှာ တစ်ဖန် ပြန်၍နှုတ်ဆိတ်သွားရပြန်သည်။
လုချင်းကိုယ်တိုင်လည်း ကျောရိုးထဲ စိမ့်တက်သွားသလို ခံစားလိုက်ရတော့၏။
ယခင်က မော့ဟုန်ယွင်ရှင်းပြခဲ့သည့်စကားများအရ အချို့သော တူနှစ်ကိုယ်ကျင့်စဉ်များသည် အမျိုးသမီးတစ်ဦး၏ အပျိုစင်ဘဝကို ရယူလိုက်သည်နှင့် တစ်ပြိုင်နက် နက်နဲသောယင် ကျောက်စိမ်းခန္ဓာကိုယ်၏ စွမ်းအားများနှင့် စွမ်းရည်များကိုပါ တစ်ပါတည်း ဆွဲယူဖယ်ရှားပစ်နိုင်စွမ်း ရှိပေသည်။
အကယ်၍ မော့ဟုန်ယွင်တွင် နက်နဲသောယင် ကျောက်စိမ်းခန္ဓာကိုယ်နှင့် ကံကြမ္မာဟောကိန်းထုတ်ခြင်း စွမ်းရည် နှစ်ခုစလုံး ရှိနေကြောင်းကို မော့မျိုးနွယ်စုကသာ သိရှိသွားခဲ့ပါက..
သူတို့၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန်အလို့ငှာ သူမကို သတ်ပစ်ရန်ပင် ဝန်လေးမည်မဟုတ်ချေ။
"ကျွန်တော် သိချင်တာလေးတစ်ခု ရှိလို့ပါ" လုချင်းက နောက်ဆုံးတွင် နှုတ်ဖွင့်လိုက်၏။ "တကယ်လို့ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာက အဲဒီလောက်အထိ အစွမ်းထက်တယ်ဆိုရင် ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီချန်းလန်မြို့မှာ အခုချိန်ထိ နေနိုင်နေရတာလဲ။
တိုက်ရှန်အကြီးအကဲက ခင်ဗျားကို တားဆီးမှာမဟုတ်ဘူးလား"
ဤသည်ကား လုချင်းကို အတန်ကြာ စိတ်ရှုပ်ထွေးစေခဲ့သော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။
သူ သိထားသလောက်ဆိုလျှင် မော့ဟုန်ယွင်သည် ချန်းလန်မြို့ရှိ ရတနာခန်းမဆောင်ကို ဆယ်စုနှစ်နှင့်ချီ၍ စီမံအုပ်ချုပ်လာခဲ့သူ ဖြစ်သည်။
ထိုတိုက်ရှန်အကြီးအကဲ၏ အနိုင်ကျင့် ဗိုလ်ကျတတ်သော စရိုက်အရ သူမကို ဤနေရာတွင် ဤမျှကာလကြာရှည်စွာ နေထိုင်ခွင့်ပြုထားခြင်းမှာ အဘယ်ကြောင့်နည်း။
ထို့ထက်ပို၍ အရေးကြီးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် သူမ၏ စိတ်ပိုင်းဆိုင်ရာသည် အဘယ်ကြောင့် တိုက်စားမခံရဘဲ ရှိနေသေးသနည်း။
"ကျိန်းသေပေါက်ကိုပဲ အဲဒီခွေးအိုကြီးက ကျွန်မကို ရှောင်ချန်းကမ္ဘာကို ဆင်းလာစေချင်တာ မဟုတ်ဘူးလေ" မော့ဟုန်ယွင်က အမုန်းတရားများ အပြည့်ပါဝင်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "ကျွန်မက ကိုယ့်အသက်နဲ့လဲပြီး ဒီကို လာခဲ့ရတာ၊ အဲဒီခွေးအိုကြီးက ကျွန်မကို ကိုယ်လုပ်တော်အဖြစ် လိုချင်ခဲ့တာက ကျွန်မရဲ့ နက်နဲတဲ့ယင် ကျောက်စိမ်းခန္ဓာကိုယ်နဲ့ သွေးကြောထဲက ကံကြမ္မာဟောကိန်းထုတ်ခြင်း စွမ်းရည်ကို မက်မောလို့လေ။"
"ဒါပေမဲ့ သူက စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်ပြီးတော့ ကျွန်မက ရွှေအမြုတေအဆင့်လေးပဲ ရှိသေးတာလေ"
"ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသလို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ရတဲ့အတွက် ကျွန်မရဲ့ ကံကြမ္မာဟောကိန်းထုတ်ခြင်း စွမ်းရည်ကလည်း မြင့်မားတဲ့အဆင့်ကို မရောက်သေးဘူးလေ။ သူက ကျွန်မရဲ့ အပျိုစင်အမြုတေကို အတင်းအဓမ္မ ယူခဲ့မယ်ဆိုရင်တောင်မှ သူ့အတွက် ရနိုင်မယ့် အကျိုးကျေးဇူးက တော်တော်လေးကိုမှ နည်းနေမှာ။"
"သူ့ရဲ့ မူလအစီအစဉ်က ကျွန်မကို ဟယ်ဟွမ်ဂိုဏ်းဆီ ခေါ်သွားပြီးတော့ ကျွန်မ သန္ဓေသားဝိညာဉ်အဆင့်ကို ရောက်တဲ့အထိရယ် ပြီးတော့ မြင့်မြတ်တဲ့စွမ်းရည်တွေ ပြီးပြည့်စုံသွားတဲ့အထိ စောင့်နေဖို့ပဲ။ အဲဒီအခါကျမှ ကျွန်မဆီက အရာအားလုံးကို လုယူဖို့ စဉ်းစားထားတာလေ။"
"ဒါပေမဲ့ သူ့အကြံအစည် အောင်မြင်သွားအောင်လို့ ကျွန်မက ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးနိုင်မှာလဲ။"
"ကျွန်မရဲ့ အသက် သက်တမ်းအနှစ်တစ်ရာကို စတေးပြီးတော့ ကံကြမ္မာရဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးကို ဟောကိန်းထုတ်ကြည့်ခဲ့တယ်။ အဲဒီအခွင့်အရေးက ဒီချန်းလန်မြို့မှာ ရှိနေတယ်ဆိုတာ တွေ့ခဲ့ရတာပဲ။"
"ပြီးတော့ ချက်ချင်းပဲ ကျွန်မအသက်ကို ရင်းပြီး သူ့ကို ခြိမ်းခြောက်ခဲ့တယ်... လွတ်လပ်ခွင့် အနှစ်ငါးဆယ် ပေးဖို့ တောင်းဆိုခဲ့တယ်လေ။ တကယ်လို့ သူသာ သဘောမတူရင် ကျွန်မရဲ့ ရွှေအမြုတေကို အဲဒီနေရာမှာတင် ချက်ချင်း ဖောက်ခွဲပစ်လိုက်မယ်၊ အဲ့ကျ သူလည်း ဘာတစ်ခုမှ ရလိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပေါ့။"
"ပြီးတော့ သူ သဘောတူမယ်ဆိုရင် အဲဒီအနှစ်ငါးဆယ်ကို ကျင့်ကြံပြီး ကျွန်မရဲ့ မြင့်မြတ်တဲ့စွမ်းရည်ကို နားလည်သဘောပေါက်အောင် ကြိုးစားမယ်လို့ ကတိပေးခဲ့တယ်"
"အချိန်စေ့သွားတဲ့အခါကျ ကျွန်မရဲ့ အရာအားလုံးကို သူ့ဆီ ပုံအပ်ပါ့မယ်လို့ပေါ့"
ထိုခွေးအိုကြီးသည် အကျိုးအပြစ်များကို ချိန်ဆကြည့်ပြီးနောက် နောက်ဆုံးတွင် သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်ကာ အောက်ကမ္ဘာသို့ ဆင်းသက်ခွင့်ပြုလိုက်ခြင်းပင်။
မည်သို့ပင်ဖြစ်စေ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာရှိနေသည့်အတွက် သူမ ထွက်ပြေးသွားမည်ကို သူ မကြောက်ရွံ့ခဲ့ပေ။ သူမ ရှောင်ချန်းကမ္ဘာမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်း အာရုံခံမိမည် ဖြစ်သည်။ သူ၏ ကြီးမားလှသော မြင့်မြတ်သည့် စွမ်းရည်များဖြင့် သူမကို ပြန်ဆွဲခေါ်လာရန်ဆိုသည်မှာ အသေးအဖွဲ ကိစ္စလေးတစ်ခုမျှသာ ဖြစ်လေ၏။
"ဪ.. ဒီလိုကိုး" လုချင်းက ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သနားကြင်နာမှုအရိပ်အယောင်လေးတစ်ခု ပေါ်လာတော့သည်။
ချန်းလန်မြို့ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လေးစားကြည်ညိုခြင်းကို ခံရကာ တောက်ပစွာ ရပ်တည်နေသော ရတနာခန်းမဆောင်၏ သခင်မသည် တကယ့်တကယ်တွင်တော့ ဤမျှ အဖြစ်ဆိုးလှသော ကံကြမ္မာ၏ ဖိနှိပ်ခြင်းကို ခံစားနေရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထင်ခဲ့မိပေ။
ထိုစဉ် ချန်းလန်မြို့စားမင်းမှာမူ ပို၍ပင် တုန်လှုပ်သွားရတော့၏။
ဤအချိန်တစ်လျှောက်လုံး သူ၏တူမလေးက ဤမျှ ကြီးမားလှသော ဖိအားကြီးကို ခံစားနေရမှန်း သူ လုံးဝ မသိခဲ့ပေ။ သူ တစ်ခုခုပြောလို၍ ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်ပေါ်မလာခဲ့။
"ခန်းမဆောင်သခင်.. ခင်ဗျားပြောစကားအရဆိုရင် ကျွန်တော်ကပဲ ခင်ဗျားကို ဒီအဖြစ်အပျက်တွေ အကုန်လုံးကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မယ့်သူလို့ ယုံကြည်နေတာလားဗျ" လုချင်းက မေးလိုက်သည်။
"ဟုတ်ပါတယ်။ အဲဒီတုန်းက ကျွန်မရဲ့ အသက် သက်တမ်းအနှစ်တစ်ရာကို သုံးပြီးတော့ သွေးကြောထဲက မြင့်မြတ်တဲ့စွမ်းရည်ကို နှိုးဆွခဲ့တာလေ။"
"ဟောကိန်းက ပြခဲ့တာကတော့ ကံကြမ္မာရဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်နိုင်မယ့် အခွင့်အရေးက ချန်းလန်မြို့မှာ ရှိနေတယ်ဆိုတာပဲ။ ကျွန်မ ရတနာခန်းမဆောင်ကို တည်ထောင်ခဲ့တာကလည်း ချန်းလန်မြို့မှာ ဆက်နေဖို့နဲ့ တတ်နိုင်သမျှ လူအများကြီးနဲ့ ဆက်သွယ်ဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ သက်သက်ပဲ။"
"ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျင့်ကြံသူပေါင်းများစွာနဲ့ ဆုံတွေ့ခဲ့ရပေမဲ့...
ကျွန်မရဲ့ ကံကြမ္မာဟောကိန်းထုတ်ခြင်း စွမ်းရည်ကို နိုးကြားလာစေတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။
တာအိုမိတ်ဆွေလုနဲ့ ဆုံတွေ့ရတဲ့နေ့အထိပေါ့"
မော့ဟုန်ယွင်က ခဏတဖြုတ် ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလာသည်။ "ရှင်နဲ့ စအဆက်အသွယ်ရပြီးတဲ့နောက်ပိုင်း ကျွန်မရဲ့ မြင့်မြတ်တဲ့စွမ်းရည်က စလှုပ်ရှားလာပြီး ရှေ့ပြေးနိမိတ်တွေ ပေးလာခဲ့တယ်။"
"အဲဒီအချိန်ကစပြီး ကျွန်မ သိလိုက်ပြီလေ... ကျွန်မရဲ့ ကံကြမ္မာအနှောင်အဖွဲ့တွေကို ချိုးဖျက်ဖို့ အဓိကက ရှင့်ဆီမှာပဲ ရှိတယ်ဆိုတာကိုပေါ့"
"ခန်းမဆောင်သခင်.. ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေတာများ မဟုတ်ဘူးလားဗျာ" လုချင်းက ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်က ရွှေအမြုတေအဆင့်မှာပဲ ရှိသေးတဲ့ သာမန်ကျင့်ကြံသူလေးတစ်ယောက်ပါဗျ။ စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ တာအိုပညာရပ်တွေကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲဗျ"
"တိုက်ရှန်အကြီးအကဲလို လူမျိုးက သူ့ရဲ့ သာမန်အသက်ရှူထုတ်လိုက်တဲ့ လေတစ်ချက်နဲ့တင် ကျွန်တော့်ကို ပြာကျသွားအောင် လုပ်နိုင်စွမ်းရှိတယ်လေ"
သူ၏ စကားများကို ကြားလိုက်ရသောအခါ၌ မော့ဟုန်ယွင်မှာ ကျောက်ရုပ်တစ်ရုပ်နှယ် တောင့်တင်းသွားတော့သည်။
အတန်ကြာပြီးနောက်မှ သူမက အခက်အခဲကြီးစွာဖြင့် နှုတ်ဖွင့်လာလေ၏။ "တာအိုမိတ်ဆွေလု... တကယ်ပဲ ကျွန်မကို ကူညီပေးနိုင်မယ့် နည်းလမ်း လုံးဝမရှိတော့ဘူးလားရှင်"
"တိုက်ရှန်အကြီးအကဲလို လူမျိုးကို ရင်ဆိုင်ဖို့အတွက်က ကျွန်တော့်မှာ တကယ့်ကို အစွမ်းအစ မရှိတာပါ။ စတုတ္ထ အတိဒုက္ခအဆင့်အဆင့်ဆိုတာ အသာထား... သန္ဓေသားဝိညာဉ်အဆင့်ကို ခုမှတက်လှမ်းထားတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် ကျွန်တော် လုံးဝယှဉ်နိုင်မှာ မဟုတ်ဘူးဗျ" လုချင်းက ရိုးသားစွာပင် ပြောလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ..."
မော့ဟုန်ယွင်၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့ခြင်းများ ဖုံးလွှမ်းသွားတော့သည်။
သူမကို အချိန်အကြာကြီး ခြောက်လှန့်နေခဲ့သော ဤကြောက်မက်ဖွယ် အရိပ်မည်းကြီးထဲမှ နောက်ဆုံးတွင် လွတ်မြောက်နိုင်တော့မည်ဟု သူမ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် လုချင်းတစ်ယောက် ကုန်းရှုယွီအား ကြီးမားလှသော အင်အားဖြင့် လွယ်လင့်တကူ အနိုင်ယူချေမှုန်းခဲ့သည်ကို မြင်တွေ့ပြီးနောက်တွင် သူမ၏ ရှေ့မှောက်၌ အမှန်တကယ် မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီဟု ခံစားခဲ့ရလေ၏။
သို့သော် ယခု လုချင်းက သူ့အနေဖြင့် အကူအညီမပေးနိုင်ပါဟု ဆိုလာသောအခါတွင်တော့ ထိုမျှော်လင့်ချက်မဲ့ခြင်းများက ယခင်ကထက် ပို၍ပင် ပြင်းထန်စွာ ပြန်လည်ဝင်ရောက်လာတော့သည်။
သူမ၏ အသက် သက်တမ်းအနှစ်တစ်ရာကို လောင်ကျွမ်းစေပြီး ရှာဖွေတွေ့ရှိခဲ့သော မျှော်လင့်ချက် ရောင်ခြည်လေးမှာ ယခုအခါ၌တော့ အပိုင်းပိုင်းအစစ ကွဲအက်သွားပြီဟု ထင်မှတ်လိုက်ရတော့၏။
"တာအိုမိတ်ဆွေလု... တကယ်ပဲ ဘာမှလုပ်လို့မရတော့ဘူးလား။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... ကျုပ်အနေနဲ့ ပေးဆပ်ဖို့ အသင့်ရှိပါတယ်" ချန်းလန်မြို့စားမင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
မော့ဟုန်ယွင်၏ မျက်လုံးများထဲမှ မျှော်လင့်ချက်ရောင်ခြည်များ မှေးမှိန်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ၌ လုချင်းအနေဖြင့် သနားစိတ်အနည်းငယ် ဝင်လာမိတော့၏။
သူ တကယ့်ကို ကူညီပေးချင်ပါသည်။ သို့သော် ယခုအချိန်တွင်မူ စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်က အစွမ်းထက်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နိုင်ရန်အတွက် သူ၏ စွမ်းအားက လုံလောက်မှု မရှိသေးချေ။
အထူးသဖြင့် ထိုရန်သူ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော ဂိုဏ်းတစ်ခုက ကျောထောက်နောက်ခံ ပြုပေးနေသေးသည် မဟုတ်ပါလော။
ထို့ကြောင့် သူက ခေါင်းယမ်းလိုက်ပြီး "တောင်းပန်ပါတယ် ခန်းမဆောင်သခင်။ ခင်ဗျားကို ကျွန်တော် တကယ်ပဲ မကူညီနိုင်လို့ပါ။ ဒါမှမဟုတ်ရင်... ခင်ဗျား ရှောင်ချန်းကမ္ဘာကနေ ထွက်ပြေးဖို့ ကြိုးစားကြည့်ပါလားဗျ"
"ထွက်ပြေးရမယ် ဟုတ်လား.. ဘယ်ကိုသွားရမှာလဲ" မော့ဟုန်ယွင်က ခါးသီးစွာ ပြုံးလိုက်သည်။ "ဒီ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာက ကျွန်မဆီမှာ ရှိနေသရွေ့ ကျွန်မ ရှောင်ချန်းကမ္ဘာကနေ ထွက်သွားတာနဲ့ အဲဒီခွေးအိုကြီးက ချက်ချင်းကို သိလိမ့်မယ်လေ"
"ပြီးတော့ သူ့ရဲ့ မြင့်မြတ်တဲ့စွမ်းရည်တွေနဲ့ဆိုရင် သူကိုယ်တိုင် ကိုယ်ထင်ပြစရာတောင် မလိုဘူး။ အဝေးကနေပဲ ကျိန်စာအမှတ်အသားကို အသက်သွင်းပြီးတော့ ကျွန်မဘဝကို ငရဲခန်းတစ်ခုလို ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်"
သူမ၏ မျှော်လင့်ချက်မဲ့မှုမှာ အလွန်ကိုမှ နက်ရှိုင်းလှသဖြင့် တိုက်ရှန်အကြီးအကဲအကြောင်းကို ပြောဆိုရာတွင် လေးစားမှုပြသရန်ပင် မကြိုးစားတော့ဘဲ "ခွေးအိုကြီး" ဟုသာ ခေါ်ဆိုတော့သည်။
ချန်းလန်မြို့စားမင်းမှာ ဤသည်ကို မြင်လိုက်ရသောအခါ၌ ပြင်းထန်သော နာကျင်မှုများဖြင့် ပြည့်နှက်သွားရလေ၏။ ကွယ်လွန်သွားပြီဖြစ်သော ညီမလေး၏ တစ်ဦးတည်းသော ကလေးကို ကူညီရန် စွမ်းအားမရှိသည့် မိမိကိုယ်ကိုယ်ပင် မုန်းတီးလာမိသည်။
သို့သော် မော့ဟုန်ယွင်၏ စကားကို ကြားလိုက်ရချိန်တွင် လုချင်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားတော့သည်။
"ဒီတော့ ခန်းမဆောင်သခင်... ခင်ဗျားရဲ့ အခုလက်ရှိ အကြီးမားဆုံး ပြဿနာက ခင်ဗျားရင်ဘတ်ပေါ်မှာရှိနေတဲ့ ဒီ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်းကျိန်စာပဲပေါ့ ဟုတ်လား" သူက မေးလိုက်သည်။
"ရှင် ဘာပြောလိုက်တာ"
မော့ဟုန်ယွင်မှာ သူ၏စကားကို ချက်ချင်းနားမလည်နိုင်ဘဲ တွေဝေစွာဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။
သို့သော် လုချင်းကမူ မှုန်ဝါးဝါး အချက်အလက်တစ်ခုကို ဖမ်းဆုပ်မိနေပြီပင်။
သူက မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားခန်းဝင်လိုက်ပြီးနောက်၌ "တကယ်လို့ အဲဒီလိုဆိုရင်တော့... ကျွန်တော် စမ်းကြည့်လို့ရနိုင်တယ်ဗျ။ ခန်းမဆောင်သခင်.. ရိုင်းတယ်လို့တော့ မထင်ပါနဲ့ဗျာ။ ခင်ဗျားရင်ဘတ်ပေါ်က ကျိန်စာအမှတ်အသားကို ကျွန်တော် သေချာလေး စစ်ဆေးကြည့်လို့ ရမလားဗျ"
မော့ဟုန်ယွင်မှာ နောက်ဆုံးတွင် တွေဝေနေမှုများမှ ရုန်းထွက်နိုင်သွားပြီး "တာအိုမိတ်ဆွေလု.. တစ်ခုခုကိုများ စဉ်းစားမိလို့လား"
"ကျွန်တော် အတွေးတချို့ ရထားလို့ပါ။ သေချာတော့ မသိသေးပါဘူးဗျ။ ကျေးဇူးပြုပြီး အရမ်းကြီးတော့ မျှော်လင့်ချက် မထားပါနဲ့ဦး" လုချင်းက သူမကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားစေရန် ပြောလိုက်သည်။
သူ အမှန်တကယ် ကျရှုံးသွားခဲ့ပါက သူမကို ပို၍ နက်ရှိုင်းသော မျှော်လင့်ချက်မဲ့ခြင်းထဲသို့ မကျရောက်စေချင်ပေ။
သို့တိုင်အောင် မော့ဟုန်ယွင်၏ နှလုံးသားထဲတွင်တော့ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု တစ်ဖန် ပြန်၍လင်းလက်လာပြန်သည်။
သူမက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "အခုထက် ပိုဆိုးနိုင်စရာ ဘာရှိတော့မှာလဲ။ တာအိုမိတ်ဆွေလု... လွတ်လွတ်လပ်လပ် စစ်ဆေးကြည့်ပါရှင်။ ကျွန်မတို့လို ကျင့်ကြံသူတွေအတွက် အသားအရေဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုသက်သက်ပါပဲ.. အသွင်အပြင်က ဘာမှအဓိပ္ပာယ်မရှိပါဘူးရှင့်"
"ဒါဆိုရင်လည်း ကျွန်တော့်ကို ရိုင်းပြခွင့်ပြုပါ"
ထို့နောက်၌ လုချင်းက သူ၏နတ်မျက်စိစွမ်းရည်ကို ချက်ချင်းအသက်သွင်းလိုက်ပြီး မော့ဟုန်ယွင်၏ နှလုံးသားပေါ်ရှိ ကျိန်စာအမှတ်အသားကို အာရုံစိုက်လိုက်တော့သည်။
၎င်း၏ နာမည်နှင့် လိုက်ဖက်စွာပင် နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာသည် စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အကောင်းဆုံး လက်ရာတစ်ခု ဖြစ်နေပါ၏။
လုချင်း၏ လက်ရှိစွမ်းအားဖြင့် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်ပါက အဆင့်မြင့် ဝိညာဉ်ရေးရာ လက်နက်များကိုပင် အသက်ရှိုက်စာ ဆယ်ကြိမ်စာအတွင်း ၎င်းတို့၏ သဘောသဘာဝများကို ဖော်ထုတ်ပြသနိုင်ပေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ကျိန်စာအမှတ်အသားထံမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သတင်းအချက်အလက် စာကြောင်းအချို့ လေထဲတွင် ပေါ်လာရန်အတွက် အသက်ရှူအကြိမ်ပေါင်းများစွာ ကြာမြင့်ခဲ့လေ၏။
[နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာအမှတ်အသား - တိုက်ရှန်အကြီးအကဲကိုယ်တိုင် ချမှတ်ထားသော ကျိန်စာတစ်ခု ဖြစ်သည်။]
[ဤကျိန်စာသည် စိတ်ကို တိုက်စားပြီး ခြယ်လှယ်နိုင်စွမ်းရှိသည်။ ၎င်း၏ ယုတ်မာမှုမှာ အထွတ်အထိပ်တွင် ရှိသည်။]
[ကျိန်စာသင့်ခံရသူများသည် အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ အသက်ရှင်နေရပြီး ၎င်းတို့၏ဘဝသည် ၎င်းတို့ပိုင်ဆိုင်ခြင်း မရှိတော့ပေ။ မည်မျှပင် ဝေးဝေး ထွက်ပြေးစေကာမူ ကျိန်စာတိုက်သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။]
[ကျိန်စာတိုက်သူ တိုက်ရှန်အကြီးအကဲသည် ဟယ်ဟွမ်ဂိုဏ်း၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်ပြီး ကြီးမားလှသော ကျင့်ကြံမှုအဆင့်နှင့် အစွမ်းထက်သော တာအိုပညာရပ်များကို ပိုင်ဆိုင်ထားသည့် စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။]
[အမွေအနှစ်ကို ရှာဖွေတွေ့ရှိပါပြီ။ ၎င်းကို ဒေါင်းလုဒ်ဆွဲပြီး ပုံဖော်လိုပါသလား။]
လေထဲတွင် ပေါ်နေသော သတင်းအချက်အလက် စာကြောင်းများကို လုချင်းသေချာစွာ ဖတ်ရှုလိုက်သည်။ အစပိုင်းမှ အချက်အလက်များက သူ့ကို မအံ့ဩစေခဲ့ပေ။ မော့ဟုန်ယွင်ပြောပြထားခဲ့သည်များနှင့် ကိုက်ညီနေသောကြောင့်ပင်။ သို့သော် သူ၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ပေါ်လာစေခဲ့သည်ကမူ နောက်ဆုံး သတင်းအချက်အလက်လေးကြောင့်ပဲ ဖြစ်လေ၏။ ဤသည်မှာ သူ စောင့်ဆိုင်းနေခဲ့သော အရာပင် ဖြစ်သည်။
သို့ဖြစ်၍ တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ လုချင်းက ရွေးချယ်လိုက်တော့သည်။
ဒေါင်းလုဒ်ဆွဲပြီး ပုံဖော်မယ်။
...
အခန်း ၅၄၄ - အဆောင်မန္တန် ပုံဖော်ခြင်းနှင့် ဝင်္ကပါအခြေခံ ကျိန်စာဖြေရှင်းခြင်းနည်းလမ်း
[ဒေါင်းလုဒ်ဆွဲနေပါသည်။ ၁% ၂% ၃%....၉၈% ၉၉% ၁၀၀%။]
[ဒေါင်းလုဒ်ဆွဲခြင်း ပြီးဆုံးပါပြီ။ ပုံဖော်ခြင်းကို စတင်မည်လား။]
လုချင်းသည် ပုံဖော်ရန် ရွေးချယ်လိုက်လေ၏။
[ပုံဖော်နေပါသည်။ ၁% ၂% ၃%....၉၈% ၉၉% ၁၀၀%။]
[ပုံဖော်ခြင်း ပြီးဆုံးပါပြီ။ သင်ယူခြင်းကို စတင်မည်လား။]
ဝိညာဉ်စွမ်းအင်မှ ပေးလာသော အချက်ပြမှုကို မြင်ပြီးနောက်တွင် လုချင်းသည် သင်ယူမှုကို ချက်ချင်းမစတင်သေးဘဲ သူ၏အကြည့်များကို ရုတ်သိမ်းကာ မတ်မတ်ထိုင်လိုက်တော့သည်။
"တာအိုမိတ်ဆွေလု... ဘယ်လိုနေလဲဟင်" မော့ဟုန်ယွင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
လုချင်းသည် သူမ၏ ရင်ဘတ်ပေါ်ရှိ ကျိန်စာအမှတ်အသားကို စိုက်ကြည့်နေခဲ့သည်ကို သူမ မြင်တွေ့ခဲ့ရသော်လည်း ထိုမှလွဲ၍ အခြားမည်သည့်အရာမျှ လုပ်ဆောင်နေသည်ကို သူမ မခံစားမိခဲ့ပေ။ သူသည် ထိုအမှတ်အသားကို ထိလည်းမထိတွေ့ခဲ့သလို စစ်ဆေးရန်အတွက်လည်း နတ်အသိကို အသုံးမပြုခဲ့ချေ။ ယခုအခါတွင် သူထလာသည်ကို မြင်လိုက်ရသဖြင့် သူမ မမေးဘဲ မနေနိုင်တော့ပေ။
"ဖြေရှင်းဖို့ နည်းလမ်းကိုတော့ အခုချက်ချင်း ရှာမတွေ့သေးပါဘူးဗျ။ ဒါပေမဲ့ ကျွန်တော့်မှာ စိတ်ကူးတချို့တော့ ရှိနေပြီမလို့ နားလည်သဘောပေါက်ဖို့ အချိန်နည်းနည်းလောက်တော့ ထပ်လိုသေးတယ်ဗျ။ အဲဒီအတောအတွင်းတော့ ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့ဦးဗျ" လုချင်းက ပြန်ဖြေလိုက်တော့၏။
"ရှင် စိတ်ကူးရနေပြီလား" မော့ဟုန်ယွင်၏ မျက်လုံးများမှာ အံ့သြဝမ်းသာမှုကြောင့် အရောင်လက်သွားသည်။
သူတို့ အတူတကွ ဖြတ်သန်းခဲ့ရသော နေ့ရက်များတစ်လျှောက် လုချင်းသည် လျှို့ဝှက်နက်နဲမှုများ ဖုံးလွှမ်းနေဆဲဖြစ်သည်ဟု သူမ ခံစားရသေးသော်လည်း သူ၏ စရိုက်လက္ခဏာကိုမူ စတင်၍နားလည်လာခဲ့လေပြီပင်။ သူသည် အလွတ်သဘော ကြွားလုံးထုတ်တတ်သူမျိုး မဟုတ်ကြောင်းကို သူမ သိထားပါ၏။
သူက နည်းလမ်းရှိသည်ဟု ပြောလျှင် အမှန်တကယ်ပင် နည်းလမ်းရှိနေနိုင်ပေ၏။
ချန်းလန်မြို့စားမင်းသည်လည်း လုချင်း၏ စကားများကြောင့် ဝမ်းသာအားရဖြစ်သွားသော မျက်နှာအမူအရာကို ဖော်ပြလိုက်တော့သည်။
"အင်း" လုချင်းက ခေါင်းညိတ်လိုက်၏။
ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ သူ၏ ဝိညာဉ်စွမ်းအား သင်ယူမှုလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေတော့သည်။ နောက်တစ်ခဏ၌ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာနှင့် ပတ်သက်သော ကြီးမားလှသည့် အသိပညာ ဗဟုသုတများစွာသည် သူ၏ စိတ်ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက်လာတော့၏။
လုချင်းသည် ထိုအသိပညာများကို အလျင်အမြန်ပင် စုပ်ယူလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော တာအိုသိုင်းပညာတစ်ရပ်ဖြစ်သည့် နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာနှင့်ပတ်သက်၍ သူ၏နားလည်သဘောပေါက်မှုသည် အံ့မခန်း မြန်ဆန်သောနှုန်းဖြင့် တိုးတက်လာခဲ့လေတော့သည်။
"ဒါ... ဒါက ဉာဏ်အလင်းပွင့်တာပဲ။ ဒီလောက်တောင် လွယ်လွယ်ကူကူ ဝင်ရောက်သွားနိုင်တာလား" ချန်းလန်မြို့စားမင်းသည် လုချင်းထံမှ ဖြာထွက်လာသော ထူးဆန်းပြီး သိမ်မွေ့သည့် အငွေ့အသက်ကို ခံစားလိုက်ရသောအခါ၌ သူ၏မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။
သူ အလွန်အမင်းကိုပဲ အံ့အားသင့်သွားခဲ့ရ၏။ လုချင်းသည် ယခုအခါတွင် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ အထင်အရှားကို သိမြင်နေရလေသည်။
သို့သော် ဉာဏ်အလင်းပွင့်ခြင်းဆိုသည်က အမှန်တကယ်ပင် ဤမျှ လွယ်ကူစွာ ရရှိနိုင်သောအရာ ဖြစ်ပါသလော။
သန္ဓေသားဝိညာဉ်အဆင့်တွင်ရှိသော သူ့လိုလူတစ်ယောက်အတွက်ပင် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိရန်မှာ ရေရှည်စုဆောင်းမှုများနှင့် နက်ရှိုင်းသော နားလည်မှုများမှ ပေါက်ဖွားလာသည့် ရုတ်တရက် ထိုးထွင်းသိမြင်မှုတို့ လိုအပ်လှပေသည်။ သို့တိုင်အောင် လုချင်းသည် တရားထိုင်ရုံမျှဖြင့် ထိုအခြေအနေသို့ ဝင်ရောက်သွားခဲ့လေပြီပင်။
ဤအရာက မည်သို့လျှင် မအံ့သြဘဲ နေနိုင်ပါမည်နည်း။
"ဒီတာအိုမိတ်ဆွေလုက... ဘယ်လို သတ္တဝါဆန်းမျိုးပါလိမ့်။ ဒီလို ပါရမီမျိုးနဲ့သာဆိုရင် မသေမျိုး မြင့်မြတ်နယ်မြေတစ်ခုမှာတောင် သူက အဓိကအဆင့် တာအိုကလေးငယ်တစ်ယောက် ဖြစ်လာနိုင်တယ်။ တော်တော့်ကိုမှ ထူးချွန်ပြောင်မြောက်ပြီး ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ" မြို့စားမင်း၏ နှလုံးသားထဲတွင် လုချင်း၏ ဇာစ်မြစ်နှင့်ပတ်သက်၍ ပိုပို၍ပင် မရေမရာ ဖြစ်လာခဲ့လေတော့သည်။
သို့သော်လည်း မော့ဟုန်ယွင်ကမူ လုချင်း၏ လက်ရှိ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကို သတိမပြုမိခဲ့ပေ။ သူမ၏ ကျင့်ကြံမှုအဆင့်မှာ ၎င်းကို ခံစားသိရှိနိုင်ရန်အတွက် အလွန်ပင် နိမ့်ကျနေသေးသောကြောင့် ဖြစ်၏။ သို့သော် လုချင်းသည် သူမ၏ ပြဿနာကို ဖြေရှင်းရန် အားထုတ်ကြိုးပမ်းနေကြောင်းကိုတော့ သူမ မြင်တွေ့နိုင်ပြီး ယင်းက သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ပြန်၍လင်းလက်လာစေခဲ့တော့သည်။
လုချင်း၏ အံ့ဖွယ်လုပ်ရပ်များကို သူမ အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးပြီပင်။ သူမကို ဤချောက်ကမ်းပါးထဲမှ ကယ်တင်ပေးနိုင်မည့် အံ့ဖွယ်အရာတစ်ခုကို သူ ထပ်မံဖန်တီးနိုင်ပါစေရန်သာ သူမ ဆုတောင်းနေမိတော့၏။
သူတို့နှစ်ဦး၏ စောင့်ကြည့်နေမှုအောက်တွင်ပဲ လုချင်းသည် သူ၏ ထိုးထွင်းသိမြင်မှု လက်ခံရယူခြင်း အဆုံးသတ်သို့ ရောက်ရှိသွားခဲ့လေသည်။ နောက်ဆုံးသော ဉာဏ်အလင်းပွင့်ခြင်း အမျှင်တန်းလေးများ သူ့အထဲသို့ စီးဆင်းဝင်ရောက်သွားချိန်တွင်တော့ သူ၏ နှလုံးသားထဲ၌ နားလည်သဘောပေါက်မှုတစ်ခု ပေါ်ပေါက်လာတော့၏။
"ဒီလိုကိုး။ ဒီနှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာက အခြေခံအားဖြင့် ဝိညာဉ်စွမ်းအားနဲ့ ဖွဲ့စည်းထားတဲ့ ဂါထာမန္တန်အမှတ်အသားတစ်ခုပဲ။ သဘာဝအရတော့ အဆောင်ဝင်္ကပါတစ်ခုနဲ့ သိပ်မကွာခြားဘူးပဲ။ အဓိကကွာခြားချက်ကတော့ သူက ဝိညာဉ်စွမ်းအားကနေ ပေါက်ဖွားလာပြီးတော့ အဆုံးအစမရှိ ပြန်လည်မွေးဖွားနိုင်စွမ်း ရှိနေတာပဲ။ သက်ရှိတစ်ကောင်လိုပဲ ပစ်မှတ်ရဲ့ စွမ်းအင်၊ ဝိညာဉ်၊ ပြီးတော့ အနှစ်သာရတွေနဲ့ သူ့ကိုယ်သူ ရစ်ပတ်ထားတယ်။ ဒါကြောင့်မလို့လည်း သူက တော်တော်လေးကို အန္တရာယ်များတာပဲ"
ထိုးထွင်းသိမြင်မှုများကို အပြည့်အဝ လက်ခံရရှိပြီးနောက်တွင် လုချင်းသည် နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာ၏ အခြေခံအုတ်မြစ်များကို နောက်ဆုံး၌ နားလည်သွားခဲ့လေတော့သည်။ ကျိန်စာတိုက်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးနှင့် ၎င်းကို ဖွဲ့စည်းထားသည့် ဝိညာဉ်ဂါထာမန္တန်များကိုပင် သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ ယခုအခါ သူ၏ မျက်လုံးများထဲတွင် ဤကျိန်စာသည် မည်သည့် လျှို့ဝှက်ချက်မျှ မရှိတော့ချေ။
သို့သော် ၎င်းကို နားလည်ခြင်းက တစ်ပိုင်းဖြစ်ပြီး မော့ဟုန်ယွင်အတွက် မည်သို့ ဖြေရှင်းပေးရမည်ဆိုသည်ကတော့ အခြားတစ်ပိုင်း ဖြစ်နေလေသည်။ ဤကျိန်စာကို စတုတ္ထ အတိဒုက္ခအဆင့်ရှိ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက ကျိန်စာတိုက်ထားခဲ့ခြင်းဖြစ်ပြီး ထိုသူမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် တည်ရှိမှုတစ်ခုပင် ဖြစ်၏။ ကျိန်စာကို ဖွဲ့စည်းထားသည့် ဝိညာဉ်စွမ်းအားများမှာ တိုက်ရှန်အကြီးအကဲထံမှ အစွန်းအစလေးမျှသာ ဖြစ်နေလျှင်တောင်မှ လုချင်းကဲ့သို့ ရွှေအမြုတေအဆင့်ရှိသူ တစ်ယောက်က တိုက်ရိုက်ဖြေရှင်းနိုင်သည့် စွမ်းရည်ထက်တော့ အလွန်အမင်းကိုပဲ ကျော်လွန်နေသေးပေသည်။
တိုက်ရိုက်ကြိုးစားမှုသည် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ သူ အခြားနည်းလမ်းတစ်ခုကိုသာ ရှာဖွေရတော့မည်ပင်။
လုချင်းသည် သူ၏ မျက်လုံးများကို မဖွင့်သေးဘဲ ဝိညာဉ်စွမ်းအား သင်ယူမှုအခြေအနေတွင်သာ ဆက်လက်နေထိုင်နေခဲ့သည်။ အတည်ငြိမ်ဆုံးနှင့် အလုံခြုံဆုံးသော နည်းလမ်းဖြင့် ကျိန်စာကို မည်သို့ ဖြေရှင်းရမည်ဆိုသည်ကို သူ စတင်၍ ပုံဖော် တွက်ချက်နေလေ၏။
ထိုသို့ဖြင့် အချိန်များမှာ ဖြည်းညင်းစွာဖြင့်ပဲ ကုန်ဆုံးသွားခဲ့သည်။ သူ၏နတ်မျက်စိစွမ်းရည်မှ ထူးခြားနက်နဲသော စွမ်းအားများကို ရယူကာ လုချင်းသည် တွက်ချက်မှုများကို ဆက်လက်၍ပြုလုပ်နေခဲ့တော့သည်။ ထို့ကြောင့် နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာအပေါ် သူ၏ နားလည်မှုသည် အချိန်နှင့်အမျှ ပိုမိုပြီးနက်ရှိုင်းလာခဲ့လေသည်။
အဆုံးတွင်တော့ သူ၏ နှလုံးသားထဲ၌ ထိုးထွင်းသိမြင်မှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာလေတော့၏။ ကျိန်စာ၏ နောက်ကွယ်ရှိ တာအိုသိုင်းပညာကို သူ အပြည့်အဝ ကျွမ်းကျင်သွားခဲ့ပြီပင်။ သူ၏ ဗားရှင်းမှာ တိုက်ရှန်အကြီးအကဲ၏ စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသော်လည်း တိကျသေချာမှုအပိုင်းတွင်တော့ လျော့ကျခြင်း မရှိပေ။ အပြည့်အဝ ကျွမ်းကျင်သွားပြီးနောက်တွင်တော့ လုချင်းသည် ကျိန်စာကို မည်သို့ ဖယ်ရှားရမည်ဆိုသည့် ခိုင်မာသော စိတ်ကူးတချို့ကို ရရှိလာခဲ့လေတော့သည်။
အခြေခံအားဖြင့် ဤကျိန်စာကို ဝိညာဉ်စွမ်းအားဖြင့် ပုံဖော်ထားသည့် ဂါထာမန္တန်များမှ တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်းမှာ အဆောင်များနှင့် ဝင်္ကပါပညာရပ်များ၏ နယ်ပယ်အတွင်း၌ အခိုင်အမာ တည်ရှိနေပါ၏။
ယခုအခါတွင် လုချင်းသည် ထိုလမ်းစဉ်၌ ဆရာတစ်ဆူ ဖြစ်နေပြီပင်။ ဤအတွေးလမ်းကြောင်းအတိုင်း လိုက်ကာ သူ၏ ပုံဖော်မှုများကို ဆက်၍လုပ်ဆောင်ခဲ့လိုက်တော့သည်။
"ဒီတာအိုမိတ်ဆွေလုရဲ့ ဉာဏ်အလင်းပွင့်တဲ့အချိန်က.... နည်းနည်းလေး ပိုပြီး ကြာမနေဘူးလား" ချန်းလန်မြို့စားမင်းက တီးတိုးရေရွတ်လိုက်မိသည်။
လုချင်းသည် နက်ရှိုင်းသော တရားထိုင်ခြင်းထဲတွင် ရှိနေဆဲဖြစ်ပြီး ထိုထူးဆန်းသော တာအိုအငွေ့အသက်ကို မပြတ်တမ်း ထုတ်လွှတ်နေခဲ့၏။
သို့ဖြစ်၍ မြို့စားမင်း၏ အံ့အားသင့်မှုမှာလည်း ပိုပို၍ပင် ကြီးမားလာခဲ့တော့သည်။
သာမန်ကျင့်ကြံသူများအတွက်မူ ဉာဏ်အလင်းပွင့်ခြင်းကို ရရှိသည့်တိုင်အောင် ထိုကြာချိန်မှာ အလွန်အမင်းကိုမှ ကန့်သတ်ချက် ရှိလှပေသည်။ ထိုအခြေအနေတွင် တစ်နာရီ၏ လေးပုံတစ်ပုံခန့် နေထိုင်နိုင်ခြင်းကပင် အံ့ဖွယ်တစ်ခု ဖြစ်နေလေပြီပင်။ သို့သော် လုချင်းသည် နာရီဝက်နီးပါးခန့် ထိုအခြေအနေထဲတွင် ရှိနေခဲ့ပြီး ခုထိတိုင် နိုးထလာခြင်း မရှိသေးပေ။
ဤမျှကြာရှည်စွာ ဉာဏ်အလင်းပွင့်ခြင်းကို ထိန်းသိမ်းထားနိုင်ရန် ဤလူငယ်လေးသည် မည်မျှအထိ နားလည်သဘောပေါက်မှု အဆင့်တစ်ခုကို ရရှိထားသနည်းဆိုသည်ကို မြို့စားမင်းခင်မျာ ခန့်မှန်းရပင်ခက်ခဲနေတော့လေ၏။
"ဒီလို ကျင့်ကြံမှု ပါရမီမျိုးနဲ့ဆိုရင် ကုန်းရှုယွီလုံးဝရှုံးနိမ့်သွားတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။ သူက အထက်တန်းလွှာ မျိုးနွယ်စုက ဆင်းသက်လာသူဆိုပေမဲ့ ဒီလိုပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်နဲ့တော့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ" မြို့စားမင်းသည် စိတ်ထဲမှ မအံ့သြဘဲ မနေနိုင်တော့ချေ။
လုချင်းသည် ထူးကဲလှသော မြင့်မြတ်သည့် ကျင့်ကြံခြင်းနယ်မြေတစ်ခုမှ လာခြင်းဖြစ်ကြောင်းကို သူ ပို၍ပင် သေချာလာခဲ့တော့သည်။ ၎င်းမှာ သူတို့၏ နန်ကုန်းမျိုးနွယ်စုပင်လျှင် လေးစားစွာ မော့ကြည့်ရမည့်နေရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါ၏။
ထိုအချိန်တွင် လုချင်းသည် နက်နက်နဲနဲ တွေးတောရင်း ငြိမ်သက်စွာ နေနေဆဲဖြစ်သောကြောင့် မော့ဟုန်ယွင်၏ မျှော်လင့်ချက်များကလည်း ဆက်ပြီးကြီးထွားလာခဲ့လေသည်။ သူ ပိုပြီး စဉ်းစားတွေးတောလေလေ၊ နည်းလမ်းတစ်ခုကို အမှန်တကယ် ရှာတွေ့နိုင်ခြေ ပိုပို၍ ရှိလေလေပင် ဖြစ်တော့၏။ သူတို့နှစ်ဦး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေစဉ် နောက်ထပ် ၁၅မိနစ်ခန့် ကုန်လွန်သွားခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ လုချင်းတစ်ယောက် မျက်လုံးများကို ဖွင့်လာခဲ့လေတော့သည်။
သူ၏ အကြည့်များထဲတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။ သန္ဓေသားဝိညာဉ်အဆင့် နည်းစနစ်များဖြင့် အချိန်ကြာမြင့်စွာ ပြင်းပြင်းထန်ထန် တွက်ချက်မှုများ ပြုလုပ်ရခြင်းက သူ့ကို သိသိသာသာပင် ပင်ပန်းစေခဲ့သည်မှာ ထင်ရှားလှပေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ အခြေခံအုတ်မြစ်မှာ ခိုင်မာလှပြီး သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေသည်လည်း အံ့ဖွယ်ကောင်းလှသော ပြန်လည်ကုစားနိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားလေသည်။ စွမ်းအင်လှည့်ပတ်မှု တစ်ပတ်တည်းဖြင့် သူ၏ ကုန်ဆုံးသွားသော စိတ်ဝိညာဉ်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ အလျင်အမြန် ပြန်လည်ကောင်းမွန်လာခဲ့တော့သည်။
"တာအိုမိတ်ဆွေလု... ဘယ်လိုနေလဲ" မြို့စားမင်းက အလျင်အမြန် မေးလိုက်လေ၏။
"ကျွန်တော် ခင်ဗျားတို့ကို စိတ်ပျက်အောင် မလုပ်ပါဘူး။ နောက်ဆုံးတော့ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတစ်ခုကို ကျွန်တော် စဉ်းစားလို့ရသွားပြီ" လုချင်းက ပြုံးလျက် ပြောလိုက်တော့သည်။ "ဒီနည်းလမ်းက အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကိုတော့... ကျွန်တော်တို့ စမ်းသပ်ကြည့်မှပဲ သိရလိမ့်မယ်"
"ရှင် တကယ်ပဲ နည်းလမ်းရှာတွေ့သွားပြီလား" မော့ဟုန်ယွင်မှာ အံ့သြမှင်သက်သွားပြီး ရုတ်တရက် ပေါ်ပေါက်လာသော ဝမ်းသာပျော်ရွှင်မှုများကြောင့် သူမကိုယ်သူမပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရလေသည်။
"စမ်းသပ်ကြည့်မှပဲ သေချာသိရမှာပါ" လုချင်းက လေးနက်စွာ ပြောလိုက်လေ၏။ "ဒါက အောင်မြင်ချင်မှလည်း အောင်မြင်လိမ့်မယ်။ ပြီးတော့ ကျိန်စာအမှတ်အသားကို ထိခိုက်မိတာနဲ့ တိုက်ရှန်အကြီးအကဲကို ချက်ချင်း သတိပေးသလို ဖြစ်သွားနိုင်ခြေ အလွန်ကိုမှ များပါတယ်။ ခန်းမဆောင်သခင်၊ ခင်ဗျားအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်"
"ဆက်သာလုပ်ပါ။ ဘာပဲဖြစ်ဖြစ် အဆိုးဆုံးကတော့ သေရုံပဲပေါ့။ ဒီထက်ပိုပြီး ဆိုးစရာမရှိတော့ပါဘူး" မော့ဟုန်ယွင်က ခိုင်မာပြတ်သားစွာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မဆုတ်မနစ်သော ဆုံးဖြတ်ချက်များ ပြည့်နှက်နေလေတော့သည်။ ဤနှစ်များတစ်လျှောက်လုံးတွင် သူမ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို မြင်တွေ့ခဲ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်လေသည်။ ဤအရာသာ ကျရှုံးသွားခဲ့မည်ဆိုလျှင် သူမ၏ ကံကြမ္မာ အဆုံးသတ်သွားပြီဟု ဆိုလိုခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သေခြင်းတရားက ပို၍ပို၍ သန့်ရှင်းသော အဆုံးသတ်တစ်ခု ဖြစ်နိုင်ပေသည်။
"အဲဒီလောက်ထိတော့ မဆိုးပါဘူး" လုချင်းက ဖြတ်ခနဲ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်တော့၏။ "ကျွန်တော့်အနေနဲ့ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို အပြည့်အဝ မဖြေရှင်းနိုင်ရင်တောင်မှ ခင်ဗျားရဲ့ အသက်အန္တရာယ်တော့ ရှိလာမှာ မဟုတ်ပါဘူး"
ကျိန်စာနှင့်ပတ်သက်၍ သူ၏ လက်ရှိ နားလည်သဘောပေါက်မှုများအရ လုချင်းသည် ထိုအချက်ကိုတော့ အတော်လေးကို ယုံကြည်မှုရှိနေလေသည်။
"ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတချို့တော့ လုပ်ဖို့ လိုသေးတယ်။ ခန်းမဆောင်သခင်ကို ခဏလောက် စိတ်ရှည်ရှည်ထားပေးဖို့ တောင်းဆိုချင်ပါတယ်။ ပြီးတော့ မြို့စားမင်း... တချို့ပစ္စည်းတွေကို သန့်စင်ဖို့အတွက် ကျွန်တော် အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်းတချို့ လိုအပ်လိမ့်မယ်။ အဆင်ပြေနိုင်မလား"
"ရတာပေါ့။ ကျုပ်လူတွေကို ရတနာတိုက်ထဲကနေ အခုချက်ချင်း သွားယူခိုင်းလိုက်မယ်" ချန်းလန်မြို့စားမင်းက တုံ့ဆိုင်းခြင်း အလျင်းမရှိ ပြန်ဖြေလိုက်လေသည်။
သူ၏ အမိန့်ပေးမှုအောက်တွင် စောစောက အစေခံအဘိုးအိုသည် ရတနာတိုက်မှ ကျောက်စိမ်းသေတ္တာတစ်လုံးနှင့်အတူ မကြာမီ ပြန်လည်ရောက်ရှိလာပြီး လုချင်းထံသို့ ကမ်းပေးလိုက်လေ၏။ လုချင်းသည် သေတ္တာကို ဖွင့်လိုက်ရာ အနာအဆာကင်းမဲ့သော ဝိညာဉ်ကျောက်စိမ်း ရာဂဏန်းခန့်ကို မြင်တွေ့လိုက်ရပြီး အားလုံးမှာ အမြင့်ဆုံးအဆင့်များ ဖြစ်နေလေတော့သည်။
"လိုအပ်သလောက် အားမနာတမ်း သုံးပါ တာအိုမိတ်ဆွေလု။ အကယ်၍ မလောက်ဘူးဆိုရင် ကျုပ် ထပ်ယူလာခိုင်းလိုက်မယ်"
"ဒါက တော်တော်လေးကိုမှ လုံလောက်ပါတယ်ဗျ" လုချင်းစိတ်ထဲမှ မအံ့သြဘဲ မနေနိုင်တော့ချေ။
တကယ့်ကိုပင် မြို့စားမင်းတစ်ဦး၏ ကြွယ်ဝချမ်းသာမှုမှာ အထင်ကြီးစရာကောင်းလှပေသည်။ သူက အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်း ရာဂဏန်းလောက်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ပေးနိုင်နေပါ၏။
ထို့နောက် လုချင်းသည် ကျောက်စိမ်းတစ်တုံးကို ကောက်ယူလိုက်ပြီး သူ့ရှေ့တွင် ဝဲပျံနေစေကာ လေထဲတွင် လျှို့ဝှက်နက်နဲသော ဂါထာမန္တန်များကို စတင်ရေးဆွဲလိုက်တော့၏။ ပြီးနောက်တွင် သူ၏ စိတ်ဆန္ဒဖြင့် ၎င်းတို့ကို ကျောက်စိမ်းထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်လေတော့သည်။
"လေထဲမှာတင် အဆောင်တွေကို တိုက်ရိုက် ဖန်တီးနေတာလား... ဂါထာမန္တန်လမ်းစဉ်မှာ တာအိုမိတ်ဆွေလုရဲ့ ကျွမ်းကျင်မှုတွေက တော်တော်လေးကို ထူးခြားပြောင်မြောက်တာပဲ" မြို့စားမင်းသည် စောင့်ကြည့်နေရင်းဖြင့် သူ၏ နှလုံးသားထဲတွင် သိမ်မွေ့စွာ တုန်လှုပ်သွားခဲ့ရလေသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကတည်းက သူသည် မြို့စားမင်းအိမ်တော်တွင် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး မြို့ရေးမြို့ရာ ကိစ္စအဝဝကို သူ၏ အိမ်တော်ထိန်းထံ လွှဲအပ်ထားခဲ့ခြင်း ဖြစ်လေ၏။ သူ့ကို နိုးထစေခဲ့သော မိစ္ဆာအငွေ့အသက်သာ မရှိခဲ့လျှင် သူသည် ရတနာခန်းမဆောင်သို့ပင် အချိန်မီ ရောက်ရှိလာနိုင်ခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် လွန်ခဲ့သည့် တစ်လတာကာလအတွင်း မြို့ထဲတွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများစွာကို သူ မသိရှိခဲ့သလို လုချင်းက မန္တန်အဆောင် ဆရာသခင်တစ်ဦး ဖြစ်သည်ဆိုသည်ကိုလည်း သူ မသိထားခဲ့ပေ။
လုချင်းသည် ကျောက်စိမ်းအဆောင်များကို မယုံနိုင်လောက်အောင် မြန်ဆန်သောနှုန်းဖြင့် သန့်စင်နေခဲ့လေသည်။
မြို့စားမင်း၏ ပြောစကားအရ ကုန်းရှုမျိုးနွယ်စုသည် နောက်ရက်တွင်ပင် ရောက်ရှိလာနိုင်ခြေ ရှိနေပါ၏။ အချိန်မှာ တိုတောင်းလှသဖြင့် လုချင်းအတွက် အချိန်ဆွဲနေရန် အခွင့်အရေးမရှိတော့ချေ။
စိတ်ဝိညာဉ်ခွဲခြမ်းခြင်း နည်းစနစ်ကို အသုံးမပြုသည်မှလွဲ၍ သူ၏ အမြန်နှုန်းကို အမြင့်ဆုံးအထိ တွန်းတင်ထားကာ အဆောင်တစ်ခုပြီးတစ်ခု သန့်စင်နေခဲ့တော့သည်။ အဆောင်တစ်ခုပြီးတစ်ခု အဆက်မပြတ် လျင်မြန်စွာ ဖန်တီးနေမှုကြောင့် မြို့စားမင်းမှာ အနည်းငယ် ကြောင်အမ်းအမ်းပင် ဖြစ်သွားခဲ့ရလေ၏။ ဤမျှ မြန်ဆန်စွာဖြင့် အဆောင်များ ဖန်တီးနိုင်သူတစ်ဦးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
တစ်နာရီကြာပြီးနောက်တွင်တော့ လုချင်းသည် ကျောက်စိမ်းအဆောင် ၁၀၈ခု အပြည့်အစုံကို ဖန်တီးပြီးစီးသွားခဲ့ပြီးဖြစ်ရာ ထိုအခါမှသာ သူ ရပ်တန့်လိုက်တော့သည်။ အလွန်အမင်း ရှားပါးလှသည့် ပြီးပြည့်စုံသော ရွှေအမြုတေကို သူ ဖန်တီးထားနိုင်ခဲ့ခြင်းက များစွာ အထောက်အကူ ဖြစ်စေခဲ့ပြီး ၎င်းက သူ့ကို ထူးခြားပြောင်မြောက်လှသော ပြန်လည်ကုစားနိုင်စွမ်းကို ပေးစွမ်းထားလေသည်။ သို့မဟုတ်ပါက ဤမျှများပြားသော အရေအတွက်ကို တစ်ထိုင်တည်းဖြင့် ဆက်တိုက် ဖန်တီးနိုင်ရန်မှာ သူ တတ်စွမ်းနိုင်မည်ပင် မဟုတ်ပေ။
လုချင်းသည် အနားမယူတော့ဘဲ ဓားတိုတစ်လက်ကို ဆွဲထုတ်လိုက်ပြန်၏။ ယင်းနောက်၌ သူသည် ကောင်းကင်လှေကားထစ် ခြေလှမ်းများကို နင်းလျှောက်ကာ ကျွမ်းကျင်ပိုင်နိုင်သော ခြေလှမ်းများဖြင့် လှုပ်ရှားနေလျက် သူ့လက်ထဲရှိ ဓားတိုမှာ နဂါး သို့မဟုတ် မြွေတစ်ကောင်အလား ကခုန်နေကာ ကျောက်တုံးကြမ်းပြင်ပေါ်တွင် ရှုပ်ထွေးလှသော ဂါထာမန္တန်များကို ထွင်းထုနေတော့သည်။ မကြာမီမှာပင် နက်နဲပြီး ရှုပ်ထွေးလှသော ဝင်္ကပါတစ်ခုကို ထွင်းထုပြီးစီးသွားခဲ့လေ၏။
"ခန်းမဆောင်သခင်... ကျေးဇူးပြုပြီး ဝင်္ကပါရဲ့ အလယ်ဗဟိုမှာ ဝင်ထိုင်ပေးပါဗျ" ဝင်္ကပါကို အပြီးသတ်ပြီးနောက်၌ လုချင်း၏ အသံမှာ လေးနက်သွားခဲ့သည်။
မော့ဟုန်ယွင်သည်လည်း ညွှန်ကြားထားသည့်အတိုင်း ဝင်္ကပါထဲသို့ ဝင်ရောက်ကာ ထိုင်ချလိုက်လေ၏။
ထိုအခိုက်အတန့်တွင် လုချင်းအပေါ် သူမ၏ ယုံကြည်မှုမှာ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေခဲ့ပြီပင်။ အနည်းဆုံးတော့ သူ၏ ကြိုတင်ပြင်ဆင်မှု အတိုင်းအတာက သူ၏ ဂရုတစိုက် စဉ်းစားဆင်ခြင်မှုကို ထင်ရှားစွာ ပြသနေပေသည်။ အခြားအရာများ မည်သို့ပင်ရှိစေ သူမ၏ ခြေအောက်ရှိ ဝင်္ကပါသည် သူမ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပါ၏။ ၎င်းသည် အလွန်ကိုမှ နက်နဲသိမ်မွေ့သည်ဟု ခံစားရပြီး ရွှေအမြုတေအဆင့်တွင် ရှိသောအရာတစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။
မော့ဟုန်ယွင်နေရာယူပြီးသွားသောအခါ၌ လုချင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ စောစောက ဖန်တီးထားခဲ့သော ကျောက်စိမ်းအဆောင် ၁၀၈ခုသည် လေထဲသို့ မြင့်တက်သွားပြီး ဝင်္ကပါ၏ သက်ဆိုင်ရာ အဖုအဆစ်နေရာများတွင် ဝင်ရောက်မြှုပ်နှံသွားကြတော့၏။
"ခန်းမဆောင်သခင်၊ ဒီဝင်္ကပါကို နေရာလွတ်ကို ခွဲခြားထားဖို့နဲ့ ခင်ဗျားအထဲက ကျိန်စာကို ဖိနှိပ်ထားဖို့အတွက် အထူးတည်ဆောက်ထားတာပါဗျ။ ကျွန်တော်တို့ ဖြေရှင်းတဲ့ လုပ်ငန်းစဉ်ကို စတဲ့အခါကျ အပြောင်းအလဲတွေကို အဲ့တိုက်ရှန်အကြီးအကဲ ချက်ချင်း မသိနိုင်အောင်လို့ ဒီဝင်္ကပါက တားဆီးပေးနိုင်ကောင်း တားဆီးပေးပါလိမ့်မယ်ဗျ" လုချင်းက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
မော့ဟုန်ယွင်ကလည်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
"အခု ခင်ဗျားရဲ့ အတွေးတွေကို ငြိမ်အောင်ထားပြီး အာရုံစူးစိုက်ထားပါ။ ကျိန်စာဖြေတာကို စတဲ့အခါကျ နာကျင်မှုက တော်တော်လေးကို ပြင်းထန်နိုင်ပါတယ်ဗျ... ဒါကြောင့်မို့ တတ်နိုင်သလောက် သည်းခံနိုင်ဖို့ ကြိုးစားပါ" လုချင်းက သူမကို သတိပေးလိုက်သည်။
"ရှင် လုပ်ရမယ့်အရာကိုသာ လုပ်ပါ။ ကျွန်မအတွက် စိတ်မပူပါနဲ့" သူမက ခိုင်မာပြတ်သားစွာ ပြောလိုက်၏။ ထို့နောက် လုချင်း၏ ညွှန်ကြားချက်များအတိုင်း နောက်ထပ်ဖြစ်လာမည့် အရာများအတွက် စိတ်ပြင်ဆင်ရင်း သူမ၏ စိတ်နှင့် ဝိညာဉ်ကို တည်ငြိမ်အောင် စပြီးထိန်းချုပ်နေလိုက်တော့သည်။
"မြို့စားမင်း... နောက်ထပ် ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ကျွန်တော်တို့ကို လာမနှောင့်ယှက်ပါစေနဲ့ဗျ"
"စိတ်ချပါ။ ကျုပ်ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ ဘယ်သူမှ ဒီအခန်းထဲကို ဝင်လာမှာ မဟုတ်ဘူး" ချန်းလန်မြို့စားမင်း၏ လေသံမှာ ခိုင်မာပြီး ယုံကြည်ချက်အပြည့်ရှိနေလေသည်။
လုချင်းလည်း ခေါင်းညိတ်ပြလိုက်၏။
မော့ဟုန်ယွင်အသင့်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် လက်သင်္ကေတအစီအစဉ်တစ်ခုကို ဖော်ဆောင်လိုက်ပြီး သူ၏ အသိစိတ်အမျှင်တန်းတစ်ခုကို သူ့အောက်ရှိ ဝင်္ကပါထဲသို့ ချလိုက်လေတော့သည်။ ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းအဆောင် ၁၀၈ခုမှာ မှိန်ဖျော့ဖျော့ လင်းလက်လာကာ ဝင်္ကပါထဲမှ အလင်းတန်းအတားအဆီးတစ်ခုကလည်း ထွက်ပေါ်လာပြီးနောက် သူ့ကိုယ်သူနှင့်တကွ မော့ဟုန်ယွင်ကိုပါ လွှမ်းခြုံပိတ်လှောင်လိုက်လေတော့၏။
၎င်း အသက်ဝင်လာသည့်အခိုက်အတန့်တွင် ဝင်္ကပါအပြင်ဘက်ရှိ မြို့စားမင်းသည် ထူးဆန်းသောအရာတစ်ခုကို ခံစားလိုက်ရလေသည်။ လုချင်းနှင့် မော့ဟုန်ယွင်တို့မှာ သူ၏ မျက်စိရှေ့တွင်ပင် ရှိနေသော်လည်း သူတို့၏ အငွေ့အသက်များမှာတော့ သူ၏ အာရုံခံစားမှုများထဲမှ လုံးဝပျောက်ကွယ်သွားခဲ့ပြီပင်။ ၎င်းမှာ သူတို့သည် အခြားသော နေရာလွတ်အလွှာတစ်ခုထဲသို့ ပို့ဆောင်ခံလိုက်ရသကဲ့သို့ ဖြစ်နေပြီး မြင်သာသော်လည်း အာရုံခံ၍ မရတော့ပေ။
"ဒီဝင်္ကပါက... အငွေ့အသက်ကို ပိတ်ဆို့နိုင်တဲ့အပြင်ကိုမှ နေရာလွတ်ကို အပြင်ကမ္ဘာနဲ့ ဖြတ်တောက်နိုင်တာလား" မြို့စားမင်း၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။
နေရာလွတ်ကို နားလည်သဘောပေါက်ခြင်းဆိုသည်မှာ ထိပ်တန်းအဆင့်ရှိ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏ ကျင့်ကြံမှုတွင် နက်ရှိုင်းစွာ တက်လှမ်းနိုင်ခဲ့သူများသာလျှင် စတင်ဆုပ်ကိုင်နိုင်သည့် အရာတစ်ခု ဖြစ်ပေသည်။
သို့တိုင်အောင် သာမန် ရွှေအမြုတေ ကျင့်ကြံသူလေးဖြစ်သော လုချင်းကတော့ နေရာလွတ်နိယာမများကို သိမ်မွေ့စွာ ဖော်ဆောင်နိုင်သည့် ဝင်္ကပါတစ်ခုကို ထွင်းထုနိုင်ခဲ့သည်လော။
ဤအရာမှာ ယုံကြည်နိုင်စရာပင် မရှိတော့ချေ။
ဤအချိန်တွင်ပဲ စောစောက လုချင်းသူ့ကို မေးခဲ့သော မေးခွန်းကို မြို့စားမင်း ပြန်၍သတိရသွားလေသည်။ တစ်ဆက်တည်းတွင်ပဲ သူကိုယ်တိုင်ပင် ယုံကြည်ရန် ဝန်လေးနေသော အံ့သြဖွယ်အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ရိုက်ခတ်လာခဲ့တော့၏။
"မဟုတ်မှလွဲရော... တာအိုမိတ်ဆွေလုက သူ့ဆရာ သင်ပေးထားလို့ အဲ့ဒီမေးခွန်းကို မေးခဲ့တာ မဟုတ်ဘဲ... သူကိုယ်တိုင်က နေရာလွတ်နိယာမတွေကို ထိတွေ့နားလည်ထားပြီးသား ဖြစ်နေလို့များလား"
မြို့စားမင်းတစ်ယောက် အံ့အားသင့်ကာ ငေးမောနေစဉ်မှာပင် နောက်ဆုံး၌ လုချင်းသည် ဝင်္ကပါအတွင်းရှိ နောက်ထပ်လှုပ်ရှားမှုကို စတင်လိုက်လေတော့သည်။ သူသည် ဝင်္ကပါ၏ အဓိက အဖုအဆစ်နှစ်ခုပေါ်သို့ ခြေချလိုက်ပြီးနောက်၌ ၎င်း၏ စွမ်းအားကို လမ်းကြောင်းပေးကာ သူ၏ စိတ်ကို အာရုံစူးစိုက်လိုက်၏။
ပြီးနောက် သန့်စင်ထားသော ဝိညာဉ်စွမ်းအား တစ်ဟုန်ထိုး စီးဆင်းမှုသည် မော့ဟုန်ယွင်၏ ရင်ဘတ်ပေါ်ရှိ ထူးဆန်းသော ကျိန်စာအမှတ်အသားအပေါ်သို့ ဖိကျသွားလေတော့သည်။ ဝိညာဉ်စွမ်းအား၏ လှုံ့ဆော်မှုကြောင့် သက်ရှိတစ်ကောင်ကဲ့သို့ မှိန်ဖျော့ဖျော့ လှုပ်ရှားနေခဲ့သော ကျိန်စာအမှတ်အသားမှာ ရုတ်တရက် အပြင်းအထန်ကိုပဲ လူးလွန့်လာခဲ့၏။
ထို့နောက်တွင်တော့ ယောက်ျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ်သော အသံတစ်ခုမှာ ဖိနှိပ်ချုပ်ချယ်လိုသော အာဏာစက်များနှင့် ပြည့်နှက်နေပြီး အမှတ်အသားထဲမှ ပေါက်ကွဲထွက်ပေါ်လာခဲ့လေတော့သည်။
"ဘယ်သူကများ ရဲတင်းနေတာလဲ... ဒီအရှင် ချမှတ်ထားတဲ့ ကျိန်စာကို ဘယ်သူကများ လာနှောင့်ယှက်ရဲတာလဲကွ"