← Chapters

အခန်း (၅၄၇-၅၄၈)

Vol. 55 Ch. 547-548

အခန်း (၅၄၇-၅၄၈)

Vol. 55 Ch. 547-548

အခန်း ၅၄၇ - နဂါးပင်လယ်တွင်းသို့ ဝင်ရောက်ခြင်းနှင့် အထက်ကမ္ဘာသို့ တက်လှမ်းခြင်း

လုချင်းသည် ချန်းလန်မြို့စားမင်း၊ မော့ဟုန်ယွင်တို့နှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေလေ၏။

ချန်းလန်မြို့စားမင်း၏ မျက်နှာအရောင်မှာ တဖြည်းဖြည်းနှင့် တိုးတက်ကောင်းမွန်လာသည်ကို လုချင်း သိနိုင်ပေသည်။

ယင်းက သူ၏ အခြေအနေမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

ဤနှုန်းအတိုင်းဆိုလျှင် သူသည် မိုးမလင်းမီတွင်မှာပဲ သူ၏ ခွန်အားအများစုကို ပြန်၍ရရှိနိုင်ဖွယ် ရှိနေ၏။

ဤအရာက လုချင်းအား အတော်လေးကို ကျေနပ်သွားစေလေ၏။

ဤသည်က ကျိန်းသေပေါက်ကို သတင်းကောင်းတစ်ခုပင်။

ချန်းလန်မြို့စားမင်း ဒဏ်ရာရထားခြင်းမှ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာလေလေ၊ သူသည်လည်း ထျန်းယွမ်ကမ္ဘာလောကသို့ အမြန်ဆုံး ဝင်ရောက်နိုင်လေလေ ဖြစ်ပေမည်။

လုချင်းတစ်ယောက် မြို့စားမင်း၏ ပြန်လည်ကောင်းမွန်လာမှုကို စောင့်ဆိုင်းနေစဉ်...

ကျယ်ပြောလှသော ထျန်းယွမ်ကမ္ဘာလောကရှိ ဟယ်ဟွမ်ဂိုဏ်း၏ ခမ်းနားထည်ဝါသော ဂူစံအိမ်တစ်ခုအတွင်း၌

မှုန်ဝါးပြီး ဖမ်းဆုပ်ရခက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ပန်းရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် တရားမှတ်ခြင်းမှ တဖြည်းဖြည်း နိုးထလာခဲ့၏။

"မော့ဟုန်ယွင်ပေါ် ငါ ချထားခဲ့တဲ့ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို... တစ်ယောက်ယောက်က တကယ်ကြီး ဖြေပေးလိုက်တာလား။ ငါ ချန်ထားခဲ့တဲ့ ဝိညာဉ် အသိစိတ်တစ်စကတောင် ဖျက်ဆီးခံလိုက်ရပြီပဲ။"

"ဘယ်သူကများ ငါ့ကို ဒီလို အာခံရဲတာလဲ"

ခေါင်းဆောင်သခင် မြောင်ယွီ၏ မျက်လုံးများထဲတွင် သံသယများ ဖုံးလွှမ်းသွားတော့သည်။

သူ၏ ဝိညာဉ်နှင့် အဆက်အသွယ်ကို ဖြတ်တောက်ပြီး သူ့ကို အသိမပေးဘဲ ကျိန်စာကို ဖယ်ရှားနိုင်ခြင်းမှာ အစွမ်းထက်သော ကျင့်ကြံမှုရှိသူတစ်ဦး၏ လက်ချက်သာ ဖြစ်ရမည်။

အနည်းဆုံးတော့ သူတို့သည် သူ့အဆင့်အတန်းနှင့်တန်းတူ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။

"မော့မျိုးနွယ်စုရဲ့ ဘိုးဘေးများလား။ မဟုတ်ဘူး၊ သူ့မှာ အဲ့လိုစွမ်းရည်မျိုး မရှိဘူး။ ပြီးတော့ မော့မျိုးနွယ်စုက ဟယ်ဟွမ်ဂိုဏ်းကို ရန်စရဲမှာ မဟုတ်ဘူး။"

"ဒါဆို ဘယ်မျက်လုံးကန်းနေတဲ့အရူးကများ လုပ်ရဲတာလဲ"

"အဆက်အသွယ်ကို အရင်ဖြတ်တောက်ပြီးမှ ကျိန်စာကို ဖယ်ရှားတယ်ဆိုတော့... သူတို့ရဲ့ အမှတ်အသားကို ငါ သိသွားမှာ ကြောက်လို့ဆိုတာ သိသာနေတာပဲ"

"နယ်လှည့်ခရီးသွား သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလား"

ခေါင်းဆောင်သခင် မြောင်ယွီသည် သေချာမစဉ်းစားတတ်တော့ချေ။ ထို့နောက်၌ သူသည် ပန်းရောင် စိပ်ပုတီးတစ်ကုံးကို ဆင့်ခေါ်လိုက်ရာ ထိုစိပ်ပုတီးက သူ့ရှေ့တွင် ဝဲပျံလာခဲ့၏။

ဂါထာမန္တန် အနည်းငယ် ရွတ်ဆိုလိုက်သည်နှင့် ယင်းပုတီးစေ့များကလည်း စတင်၍ လည်ပတ်လာတော့သည်။

သို့သော် အတန်ကြာပြီးနောက်၌ မည်သည့်အရာမျှ ပေါ်ထွက်လာခြင်း မရှိချေ။ ထို့ကြောင့် သူ၏မျက်ခုံးများပင် တွန့်ချိုးသွားရတော့၏။

"ကံကြမ္မာရဲ့ အလုပ်လုပ်ပုံတွေက ဖုံးကွယ်ခံထားရတာပါလား။ မော့ဟုန်ယွင်ရဲ့ ကံကြမ္မာကြိုးမျှင်တောင်မှ ဖုံးကွယ်ခံထားရသေးတယ်... ကျိန်စာကို ဖြေပေးခဲ့တဲ့သူက ဒါတွေကို သေချာ စဉ်းစားပြီးမှ လုပ်ခဲ့တာပဲ။"

"ဒါပေမဲ့ ဒါလေးနဲ့တင် ငါ့လက်ထဲကနေ လွတ်မြောက်နိုင်မယ်လို့ မင်းက ထင်နေတာလား"

သူ၏ မျက်နှာအမူအရာမှာ အေးစက်သွားလေ၏။ "မင်း ဘယ်သူပဲဖြစ်နေပါစေ၊ ငါ အမှတ်အသားလုပ်ထားတဲ့သူကို ထိရဲရင်တော့ တန်ဖိုးပေးဆပ်ဖို့သာ ပြင်ထားပေတော့"

ထို့နောက်၌ သူသည် မတ်တတ်ထရပ်လိုက်ကာ သူ၏ သီးသန့်အခန်းတံခါးကို လက်တစ်ချက်ဝှေ့ယမ်းလိုက်လျက် ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လာလိုက်တော့သည်။

"အချစ်လေး၊ ရှင် တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီလား"

"အချစ်လေး ထွက်လာပြီ"

"ဂါရဝပြုပါတယ် သခင်"

...

သူ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိန်းမလှလေးတစ်သိုက်သည် သူ့ကို ကြိုဆိုရန် ရှေ့သို့ တိုးလာကြတော့သည်။

ရင်သပ်ရှုမောဖွယ် အမျိုးသမီး ခုနစ်ဦး၊ ရှစ်ဦးခန့်လောက်က သူ့ဝန်းကျင်တွင် စုရုံးလာကြပြီး ဂရုစိုက်မှုနှင့် မြှောက်ပင့်မှုများကို ပြသနေကြ၏။

"တော်တော့။ ငါ အပြင်ထွက်မလို့။ ဟုန်လွမ်၊ မင်း ငါနဲ့လိုက်ခဲ့။"

သူသည် သူတို့၏ မျက်နှာချိုသွေးမှုများကြောင့် တုန်လှုပ်ခြင်းမရှိဘဲ အေးစက်စွာဖြင့်ပဲ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါရှင့်။" သွေးရင့်ရောင်ဝတ်ရုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက ကျက်သရေရှိစွာ တုံ့ပြန်လိုက်၏။

ထိုစဉ် အခြားသူများက သူမဘက်သို့ မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြလေ၏။

သို့သော် မည်သူမျှ တစ်ခွန်းမှ မဟရဲကြပေ။

သူတို့၏ သခင်က သူ၏ အမျိုးသမီးများကြားတွင် အကြံအစည်များ ကြံစည်ခြင်းကို ရွံရှာရုံသာမက ဟုန်လွမ်သည် သူတို့ထဲတွင် သန္ဓေသားဝိညာဉ်အဆင့်သို့ ရောက်ရှိထားသော တစ်ဦးတည်းသော သူလည်း ဖြစ်နေသောကြောင့်ပင်တည်း။

သာမန် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူမဟုတ်ဘဲ ပထမ အတိဒုက္ခအဆင့်ကို ကျော်ဖြတ်ထားသူ တစ်ဦးလည်း ဖြစ်လေသည်။

သူမသည် သူ အနှစ်သက်ဆုံး ကိုယ်လုပ်တော်ဖြစ်ရုံသာမက သူတို့ မကျူးလွန်ရဲသော သူတစ်ဦးလည်း ဖြစ်ပေ၏။

ဂူစံအိမ်မှ ထွက်ခွာပြီးနောက်၌ ခေါင်းဆောင်သခင် မြောင်ယွီသည် ပန်းရောင် တိမ်တိုက်ပုံစံ လက်နက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး ဟုန်လွမ်နှင့်အတူ အပေါ်သို့ တက်လှမ်းလိုက်တော့သည်။

နောက်တစ်စက္ကန့်တွင်တော့ တိမ်တိုက်သည် နေရာလွတ်အလွှာများကိုပင် ဖောက်ထွင်းကာ တိကျသော ဦးတည်ချက်တစ်ခုဆီသို့ အလွန်ကိုမှ မြန်ဆန်သောနှုန်းဖြင့် ပျံသန်းသွားလေတော့၏။

"အချစ်လေး၊ ကျွန်မတို့ ဘယ်သွားကြမလို့လဲဟင်"

ဟုန်လွမ်မှာ အံ့အားသင့်သွားသည်။ သူ့အနေဖြင့် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုဖြစ်သော တိမ်တိုက်လက်နက်ကို ထုတ်ယူလာသည်ဆိုသည်မှာ ဤခရီးစဉ်သည် သာမန်မဟုတ်ကြောင်း အဓိပ္ပာယ်ရပေ၏။

ထို့ပြင် သူတို့သည် အမြန်ဆုံးသော အမြန်နှုန်းထားဖြင့် ခရီးသွားနေကြခြင်းပင်။

ပြင်းထန်သော တစ်စုံတစ်ရာများ ဖြစ်ပျက်သွားခဲ့သလား။

"ရှောင်ချန်းကမ္ဘာကို သွားမယ်။ မော့ဟုန်ယွင်ပေါ် ငါချထားတဲ့ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာက ကျိန်စာဖြေခံလိုက်ရပြီ။"

သူက အဆိုပါကိစ္စကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။

သူ၏ကိုယ်လုပ်တော်များသည် သူ၏နည်းလမ်းများဖြင့် အချိန်ကြာမြင့်စွာ သွန်သင်ခံထားရသောကြောင့် လုံးဝကို သစ္စာရှိကြပြီး သစ္စာဖောက်ရန် မဖြစ်နိုင်ချေ။

"မော့ဟုန်ယွင်... ကျွန်မတို့ရဲ့ အနာဂတ်ညီမလေး ဖြစ်လာမယ့်သူလား။ ရှင် ပိုင်ဆိုင်ထားတဲ့ မိန်းမကို တစ်ယောက်ယောက်ကများ ထိရဲတယ်ပေါ့"

ဟုန်လွမ်မှာ ကြက်သေသေသွားတော့သည်။

သူမက တိတ်တဆိတ်လည်း စိတ်လှုပ်ရှားသွားလေ၏။

သူမက သူမ၏သခင်၏စိတ်သဘောထားကို ကောင်းစွာ သိပါသည်။ သူက သူ၏အမျိုးသမီးများကို အလွန်အမင်းကိုမှ တန်ဖိုးထားပါ၏။ သူ့အတွက်တော့ သူတို့က မည်သူမျှ ထိ၍မရသောအရာများပင် ဖြစ်သည်။

ယခုအခါတွင်တော့ တစ်စုံတစ်ယောက်က ထိုအရာကို စိန်ခေါ်ရဲခဲ့ပြီပင်။

သို့ဖြစ်၍ တိမ်တိုက်လက်နက်ကို သူ ထုတ်ယူလာသည်မှာ မဆန်းတော့ပေ။

ဒါက စိတ်ဝင်စားစရာကောင်းလာတော့မှာပဲ။

ခေါင်းဆောင်သခင် မြောင်ယွီသည် ဟုန်လွမ်၏ စိတ်ခံစားချက်ကို အာရုံခံမိသော်လည်း လျစ်လျူရှုလိုက်၏။

မော့ဟုန်ယွင်သည် ယင်ကျောက်စိမ်းခန္ဓာကို ပိုင်ဆိုင်ထားပြီး မော့မျိုးနွယ်စု၏ သွေးကြောစွမ်းရည်ကိုပါ နိုးကြားစေခဲ့သည်။

နှစ်ခုစလုံးက သူ့အတွက် ကြီးမားသော အရေးပါမှုများ ရှိနေပါ၏။

၎င်းတို့သည် သူ၏ အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့သော အခက်အခဲကို ဖြတ်ကျော်ကာ ပို၍မြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိရန် အခရာပင် ဖြစ်နေနိုင်ပေ၏။

ထို့အတွက်ကြောင့် သူမကို ဆုံးရှုံးခံ၍ မရချေ။

ယခုအခါ သူ၏ ကျင့်ကြံမှု လမ်းစဉ်ကို မည်သူက နှောင့်ယှက်ရဲသနည်း ဆိုသည်ကို ဖော်ထုတ်ရန် သူ ဆုံးဖြတ်ချက်ချထားပြီးပြီပင်။

ပြန်တွေးကြည့်လျှင် မော့ဟုန်ယွင်ကို ရှောင်ချန်းကမ္ဘာသို့ ဆင်းသွားခွင့်ပြုခဲ့မိသည်ကို သူ အနည်းငယ်ပင် နောင်တရမိပါ၏။

သို့သော် သူသည် သူ၏နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို အထင်ကြီးလွန်းခဲ့သည်။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် သူ့ကို အသိမပေးဘဲ ၎င်းကို ဖြေနိုင်စွမ်း မရှိသင့်ပေ။

သူမသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ဆက်ရှိနေမည်ဟု သူ ယုံကြည်ခဲ့သောကြောင့် သူမကို အနှစ်ငါးဆယ် လွတ်လပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

သို့တိုင်အောင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ပေါ်လာခဲ့လေ၏။

ယခု ကျိန်စာ ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး မော့ဟုန်ယွင်တွင် ကံကြမ္မာနှင့် ဗေဒင်ဟောကိန်းကို တားဆီးနိုင်သော ရတနာတစ်ခုခု ရှိနေနိုင်သည်။

သူမသည် ရှောင်ချန်းကမ္ဘာမှ ထွက်ပြေးရန် အခွင့်အရေးကို ဆုပ်ကိုင်သွားနိုင်သည်ဖြစ်ရာ ထိုအတွေးက သူ့ကို စိတ်မသက်မသာဖြစ်စေတော့သည်။

ထို့ကြောင့် သူသည် တိမ်တိုက်လက်နက်ကို ပို၍ပို၍ပင် မြန်မြန်မောင်းနှင်လိုက်တော့၏။

ကံမကောင်းစွာဖြင့် ဟယ်ဟွမ်ဂိုဏ်းတွင် ရှောင်ချန်းကမ္ဘာသို့ တိုက်ရိုက်သွားနိုင်သော နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမရှိချေ။ အနီးဆုံးတစ်ခုမှာ ဂိုဏ်းနှင့် ဝေးကွာသော ဝေးလံခေါင်သီသည့် မြို့ငယ်လေးတစ်ခုတွင်သာ ရှိ၏။

ထိုသို့မဟုတ်ပါက သူသည် ဤကဲ့သို့သော တုံ့ပြန်မှုသက်သက်အနေအထားမျိုးတွင် ပိတ်မိနေမည် မဟုတ်ပေ။

သူ ခရီးကို အလျင်စလို သွားနေစဉ်...

တစ်ဖက်တွင်လည်း လူရိပ်အချို့သည် သက်သောင့်သက်သာဖြင့် ခရီးသွားနေကြလေ၏။

"သခင်လေး ထျန်း၊ ကျွန်တော်တို့က မီးတောက်နီ လျှို့ဝှက်နယ်မြေကို သွားနေတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး အစီအစဉ် ပြောင်းသွားတာလဲ။"

တောင့်တောင့်တင်းတင်းနှင့် အမျိုးသားတစ်ဦးက အဖွဲ့ကို ဦးဆောင်နေသည့် ဆံပင်အနီရောင်နှင့် လူငယ်ကို မေးလိုက်သည်။

"ငါ အခုလေးတင် မျိုးနွယ်စုဆီကနေ သတင်းစကားတစ်ခု ရလိုက်တယ်" ဆံပင်အနီရောင်နှင့် လူငယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဪ သူတို့ ဘာပြောလိုက်လို့လဲ" ထိုအမျိုးသားက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ကုန်းရှုယွီသေသွားပြီတဲ့။"

"ဘာ… သခင်လေး ယွီ သေသွားပြီ"

ထိုအမျိုးသားမှာ အလွန်ပင် အံ့အားသင့်သွားတော့သည်။

အခြားသူများပင်လျှင် မယုံကြည်နိုင်သော မျက်နှာအမူအရာများကို ပြသလာကြလေ၏။

"သခင်လေး ထျန်း၊ သူက ဘယ်လိုလုပ်သေသွားတာလဲ။ သတင်းက အတည်ပြုပြီးပြီလားဗျ။" သူက အလျင်စလို မေးလိုက်သည်။

"အတည်ပြုပြီးပြီ တကယ်တဲ့။ မျိုးနွယ်စုမှာရှိတဲ့ သူ့ရဲ့ ဝိညာဉ်မီးခွက်က ငြိမ်းသွားပြီလေ။ သံသယဖြစ်စရာ မလိုတော့ဘူး" လူငယ်က ဂရုမစိုက်သလို ပြန်ဖြေလာခဲ့၏။

အားလုံး တိတ်ဆိတ်သွားကြတော့သည်။

ဝိညာဉ်မီးခွက်နှင့် ၎င်း၏ သခင်ကြားရှိ ဆက်သွယ်မှုကို သူတို့ ကောင်းစွာ နားလည်ထားကြသည်။

မီးခွက် ငြိမ်းသွားပြီဆိုလျှင် ကုန်းရှုယွီသည်လည်း အမှန်တကယ်ပင် သေဆုံးသွားပြီ ဖြစ်ရမည်။

"ဒါပေမဲ့ ဘယ်လိုလုပ်ပြီး... သူ့ကို ဦးလေးချိုက်နဲ့ သန္ဓေသားဝိညာဉ်အဆင့် အစေခံအိုကြီးတစ်ယောက်က စောင့်ရှောက်ပေးထားတာ မဟုတ်ဘူးလား။"

"ဒါ့အပြင် မျိုးနွယ်စုက သူ့ကို ပေးထားတဲ့ တာအိုကာကွယ်ရေး ကျောက်စိမ်းအဆောင်လည်း ရှိသေးတာကို... ဘယ်လိုလုပ် ရုတ်တရက်ကြီး သေသွားနိုင်မှာလဲ"

ထိုအမျိုးသားမှာ ခဏအကြာတွင် ထပ်မမေးဘဲ မနေနိုင်တော့ချေ။

အဓိကမျိုးနွယ်စုမှ အမွေဆက်ခံသူတစ်ဦးအဖြစ်သော်လည်းကောင်း၊ ကံကြမ္မာ၏ အချစ်တော်တစ်ဦးအဖြစ်သော်လည်းကောင်း ကုန်းရှုယွီသည် အသက်ကယ် ရတနာမြောက်မြားစွာကို ပိုင်ဆိုင်ထားပါ၏။

သန္ဓေသားဝိညာဉ်အဆင့် အစောင့်အရှောက်တစ်ဦးပင်လျှင် သူ့ကို လိုက်ပါစောင့်ရှောက်ပေးထားခဲ့သေးသည်ပင်။

သို့သည့်တိုင် သူ မည်သို့ သေဆုံးသွားနိုင်သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေ၏။

သူတို့က အတိဒုက္ခအဆင့်အများကြီးကို ကျော်ဖြတ်ထားတဲ့ အမြင့်ဆုံး ကျင့်ကြံသူတစ်ယောက်ယောက်ကိုများ ရန်စမိခဲ့ကြတာလား။

"မျိုးနွယ်စုဆီက သတင်းစကားက အသေးစိတ်တော့ မဟုတ်ဘူး" ဆံပင်အနီရောင် လူငယ်က ခေါင်းယမ်းလိုက်သည်။ "နန်ကုန်း မျိုးနွယ်စုက လူတွေနဲ့ ပတ်သက်နေတယ်လို့ပဲ သိရတယ်။"

"ကုန်းရှုယွီက ရှောင်ချန်းကမ္ဘာမှာ သေသွားတာ။ သူတင် မကဘူး။ ဦးလေးချိုက်နဲ့ တခြားသူတွေလည်း ပျောက်နေကြတယ်။ အဆက်အသွယ်လုံးဝပြတ်သွားပြီတဲ့။"

"သူက တကယ်ကြီး ရှောင်ချန်းကမ္ဘာမှာ သေသွားတာလား။ ပြီးတော့ နန်ကုန်း မျိုးနွယ်စုက လုပ်ခဲ့တာပေါ့လေ။"

အဖွဲ့မှာ မှင်သက်သွားကာ အံ့အားသင့်မှုနှင့်တကွ စိတ်ဝင်စားမှုများပါ ရောယှက်သွားတော့သည်။

ကုန်းရှု မျိုးနွယ်စုသည် နန်ကုန်း မျိုးနွယ်စုနှင့် အမြဲတမ်း သဘောထားကွဲလွဲနေခဲ့သော်လည်း

အထက်တန်းလွှာ မျိုးနွယ်စုတစ်ခု၏ အမွေဆက်ခံသူကို သတ်ဖြတ်ခြင်းကဲ့သို့ ဤမျှ ပြင်းထန်သော အရာမျိုးကတော့ ယခင်က တစ်ကြိမ်တစ်ခါမျှပင် မဖြစ်ပွားခဲ့ဖူးပေ။

နန်ကုန်း မျိုးနွယ်စုက ကုန်းရှု မျိုးနွယ်စုကို စစ်ကြေညာဖို့များ ရည်ရွယ်နေတာလား။

တစ်ခဏမျှ သူတို့အားလုံး တုန်လှုပ်သွားကြတော့၏။

အကယ်၍ အထက်ကမ္ဘာမှ မျိုးနွယ်စု နှစ်ခု ထိပ်တိုက်တွေ့ကြမည်ဆိုလျှင် ထျန်းယွမ်ကမ္ဘာလောက တစ်ခုလုံးမှာလည်း တုန်လှုပ်သွားနိုင်ပေသည်။

ထိုအမျိုးသားမှာ ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်သွား၏။ "နေပါဦး။ ရှောင်ချန်းကမ္ဘာလား။ သခင်လေး ထျန်း၊ မဟုတ်မှလွဲရော ရှောင်ချန်းကမ္ဘာကို သခင်လေး သွားနေတာလို့တော့ မပြောနဲ့နော်။"

"ဟုတ်တယ်" ဆံပင်အနီရောင် လူငယ်က စိတ်ဝင်စားစွာဖြင့် ပြန်ဖြေလာသည်။ "ကုန်းရှုယွီတကယ်ကြီး ရှောင်ချန်းကမ္ဘာမှာ သေသွားမယ်လို့ ထင်မထားဘူး။ သူက အသုံးမကျဘူးလေ၊ ဧကရာဇ် နှလုံးသား ကျမ်းစာရဲ့ မျက်နှာပြင်လောက်ကိုပဲ ကုတ်ခြစ်နိုင်ခဲ့ပေမဲ့ ခွန်အားတော့ နည်းနည်း ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ပြိုင်ဘက်တစ်ယောက်ပဲလေ။"

"အခု သူ သေသွားပြီဆိုတော့ ငါ့အတွက် ဒီအတားအဆီးကို ဖယ်ပေးခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ငါ သိချင်နေမိလို့။"

"သခင်လေး လုံးဝ မသွားသင့်ဘူးဗျ။ သခင်လေး ထျန်းရေ ဒါကြီးက အရမ်း အန္တရာယ်များတယ်လို့" ထိုအမျိုးသားက အလျင်စလို ပြောလိုက်သည်။ "သခင်လေး ယွီတောင် သေသွားသေးတာပဲ။ သေချာတာကတော့ ရှောင်ချန်းကမ္ဘာက တစ်ယောက်ယောက်က ကျွန်တော်တို့ ကုန်းရှု မျိုးနွယ်စုအပေါ် နက်ရှိုင်းတဲ့ အမုန်းတရားတွေ ထားနေတာပဲ။"

"ပြီးတော့ အဲဒါက စွမ်းအားကြီးတဲ့ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်တောင် ဖြစ်နိုင်တယ်။ သူသာ ကျွန်တော်တို့ကို ရှာတွေ့သွားမယ်ဆိုရင် သခင်လေးရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးဗျ။"

"စိတ်အေးအေးထားပါကွာ။ ငါက အန္တရာယ်ထဲကို ခေါင်းပြူပြီး တိုးဝင်သွားလောက်တဲ့အထိ မမိုက်မဲပါဘူး" ဆံပင်အနီရောင် လူငယ်က ရယ်မောလိုက်၏။ "မျိုးနွယ်စုရဲ့ သတင်းစကားမှာ အဘိုး ၄လည်း ရှောင်ချန်းကမ္ဘာကို ထွက်သွားပြီလို့ ပါလာတယ်လေ။"

"သူ ရောက်လာတဲ့အထိ ငါ စောင့်ပြီးမှ သူနဲ့ အတူတူ သွားမှာ။"

"အဘိုး ၄ကိုယ်တိုင် သွားတာလား။"

ထိုအမျိုးသားနှင့် အခြားသူများမှာ နောက်တစ်ကြိမ် မှင်သက်သွားကြပြန်သည်။

"သေချာတာပေါ့။ အဲ့ဒါကြောင့် မင်းတို့ စိတ်ပူစရာ ဘာမှမရှိဘူး။ ငါ့ဘေးမှာ အဘိုး ၄ရှိနေမှတော့ ရှောင်ချန်းကမ္ဘာက ဘယ်သူကများ ငါ့ကို ခြိမ်းခြောက်နိုင်မှာတဲ့လဲ"

အဖွဲ့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်၌ အားလုံး သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြလေတော့သည်။

"အဘိုး ၄နဲ့သာ သခင်လေး အတူရှိနေမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။"

…

"မိတ်ဆွေ လု၊ ကျုပ်ဒဏ်ရာတွေ အတော်လေး သက်သာသွားပြီမလို့ အခု နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို စပြီးအသက်သွင်းလို့ ရပါပြီ။"

နောက်တစ်နေ့ မိုးသောက်ယံအချိန်၌ လုချင်းသည် တင်ပလ္လင်ခွေထိုင်ကာ တရားမှတ်နေစဉ် သူ့အနီးတွင် ထိုင်နေခဲ့သော ချန်းလန်မြို့စားမင်း၏ အသံကို ကြားလိုက်ရလေသည်။

"ဒီလောက်တောင် မြန်တာလားဗျ" လုချင်းက အံ့အားသင့်စွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။

သူက နောက်ထပ် နာရီအနည်းငယ်လောက် ထပ်ကြာဦးမည်ဟု ထင်ထားခဲ့ခြင်းပင်။

"အချိန်က အရေးကြီးတယ်လေ။ နန်ကုန်း မျိုးနွယ်စုကလည်း တစ်ကဏ္ဍပေါ့၊ ဒါပေမဲ့ အဲဒီ ခေါင်းဆောင်သခင် မြောင်ယွီကောပဲ။ သူ့ရဲ့ စိတ်သဘောထားက တော်တော့်ကိုမှ ရက်စက်ပြီး ခန့်မှန်းရခက်တယ်လေ။ သူ ဘယ်အချိန် ရောက်လာနိုင်မလဲဆိုတာ ပြောလို့မရဘူး။ ကျုပ်တို့ အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ" မြို့စားမင်းက ပြောလိုက်၏။

"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်ဗျာ မြို့စားမင်း"

ထိုစကားများကြောင့် လုချင်း၏ ရင်ထဲတွင် တင်းကျပ်သွားတော့သည်။

စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး။

ထိုသို့သော သတ္တဝါမျိုးသည် စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

သူ၏ အသက်ကယ် နည်းလမ်းများနှင့်ပင် သူ အထိအခိုက်မရှိ လွတ်မြောက်နိုင်မည်ဟု သေချာပေါက် မပြောနိုင်ချေ။

ထို့ကြောင့် သူ ရှောင်ချန်းကမ္ဘာမှ အမြန်ဆုံး ထွက်ခွာနိုင်လေ ပိုကောင်းလေ ဖြစ်၏။

"ဟုန်ယွင်၊ မင်းလည်း ငါတို့နဲ့ အတူတူ လိုက်ခဲ့ရမယ်။"

"ဟုတ်ကဲ့ပါ ဦးလေး။"

မော့ဟုန်ယွင်သည်လည်း ကန့်ကွက်ခြင်း မရှိပေ။

ရှောင်ချန်းကမ္ဘာမှ လွတ်မြောက်ရန် သူမ၏ဦးလေးအကူအညီ လိုအပ်ကြောင်း သူမ သိထားပါ၏။

သူမဘာသာဆိုလျှင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခုကို အသက်သွင်းနိုင်ခဲ့လျှင်တောင်မှ ခေါင်းဆောင်သခင် မြောင်ယွီက လိုက်မမီခင် သူမ သိပ်ဝေးဝေး ရောက်နိုင်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ကျယ်ပြောလှသော ကြယ်စင်ကောင်းကင်ယံတွင် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး၏ အမြန်နှုန်းသည် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

အထက်ကမ္ဘာနှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါသည် မြို့စားမင်း၏ အိမ်တော်အတွင်း နက်ရှိုင်းသော နေရာရှိ ခမ်းနားကြီးကျယ်သော ခန်းမဆောင်တစ်ခုအတွင်း၌ တည်ရှိလေသည်။

လုချင်းသည် ချန်းလန်မြို့စားမင်း၏ နောက်မှလိုက်ကာ ခန်းမအတွင်းသို့ ဝင်ရောက်သွားသောအခါ၌ သူ ပထမဆုံး သတိပြုမိသည်မှာ အလယ်ဗဟိုရှိ နက်ရှိုင်းသော သင်္ကေတများဖြင့် ထွင်းထုထားသော ဧရာမ ကျောက်စိမ်းစင်မြင့်ကြီးပင် ဖြစ်သည်။

နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါများနှင့် လက်ရှိ ရင်းနှီးကျွမ်းဝင်မှုအရ ၎င်းတို့သည် ဝင်္ကပါဂါထာမန္တန်များ ဖြစ်ကြောင်း သူ ချက်ချင်းပင် သိလိုက်ပါ၏။

"မိတ်ဆွေ လု၊ ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက နန်ကုန်း မျိုးနွယ်စုရဲ့ အဖွဲ့ခွဲအင်အားစုတစ်ခုနဲ့ ချိတ်ဆက်ထားတာလေ။"

"ဟိုဘက်ကို ရောက်သွားတဲ့အခါကျ မလိုအပ်တဲ့ နားလည်မှုလွဲတာတွေ မဖြစ်ရအောင်လို့ ကျေးဇူးပြုပြီး သတိထားပါ။ ပြီးတော့လည်း ဟိုဒီလျှောက်သွားတာမျိုးလည်း ရှောင်ကြဉ်ပေးပါ" မြို့စားမင်း က သတိပေးလိုက်သည်။

"ကျွန်တော် နားလည်ပါတယ်ဗျ" လုချင်းက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူ တစ်စုံတစ်ရာကို သတိရသွားပြီး လက်တစ်ဖက်ကို မြှောက်လိုက်၏။ "မြို့စားမင်း၊ ခဏလောက် စောင့်ပါဦး။"

"တစ်ခုခု မေ့ကျန်ခဲ့လို့လား မိတ်ဆွေ လု"

"မမေ့ပါဘူးဗျ၊ ဒါပေမဲ့ မေးစရာတစ်ခုတော့ ရှိတယ်။ ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက နေရာလွတ် ဝိညာဉ်လက်နက်တွေထဲမှာ ဖုံးကွယ်ထားတဲ့ သက်ရှိတွေကို ခေါ်ဆောင်သွားတာမျိုးကိုကော တားမြစ်ထားလားဗျ။"

"အင်း။ ဒီဝင်္ကပါကို ဖန်တီးခဲ့တုန်းက အထူး ကန့်သတ်ချက်တစ်ခုကို ထည့်ထားခဲ့တယ်လေ။ ဝင်္ကပါနဲ့ တိုက်ရိုက် ထိတွေ့နေတဲ့ သက်ရှိတွေကိုပဲ ပို့ပေးနိုင်တယ်။"

"ဒါက မိစ္ဆာ သူလျှိုတွေ နေရာလွတ်လက်နက်တွေထဲမှာ ပုန်းအောင်းပြီးတော့ ကျုပ်တို့ရဲ့ ဖြောင့်မတ်တဲ့ နယ်မြေထဲ ခိုးဝင်လာမှာကို ကာကွယ်ဖို့ပါ။"

မြို့စားမင်းက ခေါင်းညိတ်ပြလေ၏။

လုချင်းက တိတ်တဆိတ် တွေးလိုက်သည်။ "ငါ ထင်ထားတဲ့အတိုင်းပဲ။"

ကြယ်စင်မြို့တော်တွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြုစဉ်ကလည်း တူညီသော ကန့်သတ်ချက်ကို သူ့အား အသိပေးခဲ့ဖူးသည်။

၎င်းသည် ရှောင်ချန်းကမ္ဘာသို့ ရောက်ရှိပြီးနောက် ဝိညာဉ်ကျောက်တုံးများ ရရှိရန် သူ အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

ထျန်းယွမ်ကမ္ဘာလောကနှင့် ချိတ်ဆက်ထားသော ထျန်းရှင်းမြို့ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွင်လည်း တူညီသော ကန့်သတ်ချက် ရှိနေကြောင်း သူ ရှာဖွေတွေ့ရှိထားသည်မှာ ကြာလှပြီဖြစ်၏။

ထိုသို့မဟုတ်ပါက သူသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို စုဆောင်းထားနိုင်မည်ပင်။

သေချာသည်မှာ လက်နက်ဝိညာဉ်များနှင့် ဝိညာဉ်အသိစိတ်များသည် ဤစည်းကမ်းချက်ကြောင့် ကန့်သတ်ခံရခြင်း မရှိပေ။

"ဘာဖြစ်လို့လဲ မိတ်ဆွေ လု။ မင်းရဲ့ လက်နက်ထဲမှာ တခြားသူတွေ ရှိနေလို့လား" မြို့စားမင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

မော့ဟုန်ယွင်ပင်လျှင် စိတ်ဝင်တစား ရှိနေပုံရသည်။

သူမသည် လုချင်းကို ရတနာခန်းမဆောင်တွင် အချိန်အတော်ကြာ နေထိုင်ပြီး သူ၏ ကျင့်ကြံရေးဂူတွင်သာ အမြဲတမ်း တစ်ကိုယ်တည်း ကျင့်ကြံနေသည်ကို မြင်တွေ့ခဲ့ရသည်။ သူ အခြားမည်သူနှင့်မျှ အဆက်အသွယ် လုပ်သည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

"ကျွန်တော်မွေးထားတဲ့ ဝိညာဉ်သားရဲနှစ်ကောင်ပါပဲဗျ" လုချင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။

အတွေးတစ်ချက်နှင့်အတူ သူ၏ ခါးရှိ နေရာလွတ် ချီအိတ်ထဲမှ ပုံရိပ်နှစ်ခု ပျံထွက်လာပြီး သူ၏ ပခုံးများပေါ်သို့ ဆင်းသက်လာလေသည်။ ၎င်းတို့မှာ ရှောင်လီ နှင့် ဝူရှင်းတို့ပင် ဖြစ်တော့သည်။

"ရှောင်လီ၊ ဝူရှင်း၊ ဒီက ချန်ပေ့နှစ်ယောက်ကို နှုတ်ဆက်လိုက်ကြပါဦး" လုချင်းက ညွှန်ကြားလိုက်လေ၏။

"ဂါရဝပြုပါတယ် ချန်ပေ့တို့" ဝိညာဉ်သားရဲ နှစ်ကောင်စလုံးသည် ချန်းလန်မြို့စားမင်းနှင့် မော့ဟုန်ယွင်တို့အား သူတို့၏ သက်ဆိုင်ရာ နည်းလမ်းများဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

"မင်းဆီမှာ ဒီလောက်ထိ ဉာဏ်ကောင်းတဲ့ ဝိညာဉ်သားရဲတွေ ရှိနေမယ်လို့ ထင်မထားမိဘူး" မြို့စားမင်းက သူ၏ မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်လေးတစ်ခုဖြင့် ပြောလေ၏။

သူ၏ ကျင့်ကြံမှုအဆင့်အရ ဤနှစ်ကောင်မှာ သာမန်နှင့် ဝေးကွာကြောင်း သူ ခံစားမိပါ၏။

တစ်ချိန်တည်းမှာပင် မော့ဟုန်ယွင်သည် ရှောင်လီကို စိုက်ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် ကြယ်ပွင့်လေးများ တောက်ပနေလေတော့သည်။

လုချင်း၏ ဝိညာဉ်သားရဲလေးမှာ အလွန်ကိုမှ ချစ်စရာကောင်းလွန်းလှပေသည်။

အကယ်၍ သူတို့သာ နေရာရွှေ့ပြောင်းခြင်း လုပ်ရန် ဤမျှ အလျင်လိုမနေခဲ့ပါက၊ သူမက ၎င်းကို ခဏလောက် ပွေ့ချီထားလို့ ရနိုင်မလားဟုပင် မေးခဲ့မိပေလိမ့်မည်။

"မြို့စားမင်း၊ ဒီဝိညာဉ်သားရဲနှစ်ကောင်က နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါထဲမှာ ဝန်ပိတာမျိုး ဖြစ်စေနိုင်လားဗျ။" လုချင်းက မေးလိုက်သည်။

"ပြဿနာမရှိပါဘူး။ ဝင်္ကပါက သေးတဲ့ပုံပေါက်ပေမဲ့လည်း၊ တစ်ခါတည်း သက်ရှိ ဆယ်ကောင်အထိ ပို့ပေးနိုင်တယ်လေ။ သူတို့ကို ထည့်လိုက်လို့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။"

သူ့စကားများက လုချင်း၏ စိတ်ကို အေးချမ်းသွားစေလေ၏။

"ကဲ၊ မင်းတို့ရဲ့ စိတ်အာရုံတွေကို စောင့်ရှောက်ထားကြ။ ငါ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို စတော့မယ်"

ညင်သာသော စကားပြောသံနှင့်အတူ ချန်းလန်မြို့စားမင်းသည် ကျောက်စိမ်းစင်မြင့်၌ ဂါထာမန္တန်များကို ဆက်တိုက် ရွတ်ဆိုရင်း စတင်လိုက်လေတော့သည်။

ထို့နောက်၌ နေရာရွှေ့ပြောင်းခြင်း စင်မြင့်တစ်ခုလုံးသည် မှေးမှိန်သော အလင်းရောင်တစ်ခုကို စတင် ထုတ်လွှတ်လာသည်။

လုချင်းနှင့် အခြားသူများသည် သူတို့၏ စိတ်အာရုံများကို စုစည်းထားလိုက်ကြ၏။

အလင်းရောင်မှာ ပိုပို၍ လင်းလက်လာသည်နှင့်အမျှ ရှုပ်ထွေးသော ဂါထာမန္တန်များလည်း ထွက်ပေါ်လာပြီး ဝင်္ကပါတစ်ခုလုံးမှာ စွမ်းအားများဖြင့် တုန်ခါရင်း အသံမြည်လာတော့သည်။

နောက်ဆုံးတွင်တော့ နေရာလွတ် ဝဲဂယက်တစ်ခု ပွင့်လာကာ အားကောင်းသော စုပ်ယူအားတစ်ခုကို ထုတ်လွှတ်လိုက်တော့၏။

ယင်းနောက်တွင်တော့ လုချင်းနှင့် အခြားသူများ၏ ပုံရိပ်များသည် စင်မြင့်ပေါ်မှ ပျောက်ကွယ်သွားကြလေ၏။

ထို့နောက် နာရီဝက်ခန့်အကြာတွင်...

ချန်းလန်မြို့ အထက်တွင် ပန်းရောင် တိမ်တိုက်တစ်ခု ပေါ်ထွက်လာလေတော့သည်။

……..

အခန်း ၅၄၈ - တိုက်ရှန်အကြီးအကဲနှင့် ကုန်းရှုဘိုးဘေး၊ သံသယနှင့် ကြောက်ရွံ့ထိတ်လန့်မှု

ချန်းလန်မြို့ အထက်ကောင်းကင်ယံတွင် ပန်းရောင်တိမ်တိုက်များ လွင့်မျောနေလေ၏။

ဟုန်လွမ်သည် ပျက်စီးယိုယွင်းနေသော အောက်ဘက်ရှိမြို့ကို အံ့သြသည့်အမူအရာဖြင့် ငုံ့ကြည့်လိုက်တော့သည်။

"ဒါက ဟုန်ယွင် နေတဲ့မြို့လား။ ဘယ်လောက်တောင် စုတ်ပြတ်သတ်နေရတာလဲ..."

"ဒီနေရာမှာ သန္ဓေသားဝိညာဉ်အဆင့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်" တိုက်ရှန်အကြီးအကဲက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

သို့သော်လည်း မြို့တွင်း၌ ကျန်ရစ်နေဆဲဖြစ်သော သန္ဓေသားဝိညာဉ်အဆင့် စွမ်းအားအတက်အကျများကို ခံစားမိလိုက်သည့်အခါ၌ သူပင်လျှင် အံ့အားသင့်သည့်အရိပ်အယောင်ကို မဖုံးကွယ်နိုင်ခဲ့ချေ။

သူသည် မော့ဟုန်ယွင်ကို ပြန်ခေါ်လာရန်နှင့် သူ၏မိန်းမကို ရဲတင်းစွာ ထိပါးဝံ့သည့် အကောင်သိမ်အကောင်မွှားများကို ရှင်းလင်းပစ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်ပေသည်။

သို့ရာတွင် သူ၏ရှေ့မှောက်ရှိ မြင်ကွင်းက ဤကိစ္စသည် သူထင်ထားသလောက် မရိုးရှင်းကြောင်း ရှင်းလင်းစွာ ဖော်ပြနေတော့၏။

သူ့ကို ပို၍ စိတ်မသက်မသာ ဖြစ်စေသည့်အချက်ကတော့ မော့ဟုန်ယွင်၏ အရိပ်အယောင်ကို မြို့တွင်းရှိ မည်သည့်နေရာတွင်မှ ခံစား၍မရခြင်းပင်။

သူ နောက်ကျသွားခဲ့ပြီလား...

"သန္ဓေသားဝိညာဉ်အဆင့် တိုက်ပွဲလား" ဟုန်လွမ်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။ "ရှောင်ချန်းကမ္ဘာမှာ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ သိပ်မကျန်တော့ဘူးမလား။ သူတို့က ဘာလို့ တိုက်ခိုက်ရတာလဲ"

"ဘယ်လိုလုပ်သိမှာလဲ။ တစ်ယောက်ယောက်ကို မေးကြည့်လိုက်ကြတာပေါ့"

တိုက်ရှန်အကြီးအကဲသည် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ဘယ်ဆီကမှန်းမသိသော အဘိုးအိုတစ်ဦးကို ဖမ်းဆုပ်လိုက်တော့၏။ မျက်စိတစ်မှိတ်အတွင်း ထိတ်လန့်နေသော အဘိုးအိုမှာ အပေါ်သို့ ဆွဲတင်ခံလိုက်ရပြီး ကိုယ်ပျောက်နေသည့်အင်အားတစ်ရပ်က သူ့ကို လေထဲသို့ သယ်ဆောင်သွားစဉ် သူ၏အိမ်ခေါင်မိုးကိုပင် ဖောက်ထွက်သွားလေတော့သည်။

အဘိုးအိုသည် ကောင်းကင်ယံတွင် သူ့ကိုစောင့်ကြိုနေသော လူနှစ်ဦးကို မြင်လိုက်ရသောအခါ၌ သူ၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့၏။

"ချန်ပေ့တို့... ကျွန်တော့်ကို ချမ်းသာပေးကြပါဗျာ"

သူကိုယ်တိုင်မှာ ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြားလည်း လုံးဝကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။ ဤကဲ့သို့ ဖမ်းဆီးခံရပြီး ကောင်းကင်ပေါ်သို့ ဆွဲတင်ခံရခြင်းကို ကြည့်လျှင် ဤလူနှစ်ဦးသည် သူ လုံးဝကို အမျက်မရှမိစေရန် သတိထားရမည့်သူများ ဖြစ်ကြောင်း ထင်ရှားလှပေ၏။

သို့ရာတွင် တိုက်ရှန်အကြီးအကဲကတော့ သူ့ကို စကားပြောရန်ပင် အဖက်မလုပ်ခဲ့ချေ။

သူ၏မျက်လုံးများမှ ပန်းရောင်အလင်းတန်းနှစ်ခုက ရုတ်တရက် တောက်ပလာပြီး အဘိုးအို၏ မျက်လုံးများဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။

ကျင့်ကြံသူအဘိုးအိုမှာ ချက်ချင်းပင် တောင့်တင်းသွားကာ သူ၏သူငယ်အိမ်များ ကျယ်လာပြီး မျက်နှာမှာလည်း နာကျင်မှုကြောင့် သိသိသာသာကို ရှုံ့မဲ့သွားလေ၏။

"ဝိညာဉ်ရှာဖွေခြင်း သိုင်းပညာပါလား...လောင်ကုန်းက ဒီတစ်ကြိမ်တော့ တကယ်ကြီး ဒေါသထွက်နေတာပဲ၊ ဒီလို တားမြစ်ထားတဲ့ နည်းလမ်းကိုတောင် တုံ့ဆိုင်းမနေဘဲ သုံးလိုက်ပါလား" ဟုန်လွမ်က တွေးလိုက်မိရင်းဖြင့် သူမ၏ကိုယ်တွင်း၌ ကြက်သီးမွေးညင်းများပင် ထသွားလေတော့သည်။

ဝိညာဉ်ရှာဖွေခြင်းသည် ခံရသူ၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ထိခိုက်စေလေ၏။ အကောင်းဆုံးအခြေအနေတွင် သူတို့၏ဝိညာဉ်သည် ပြင်းထန်သော ဒဏ်ရာများကို ခံစားရမည်ဖြစ်ပြီး၊ အဆိုးဆုံးအခြေအနေတွင်မူ လုံးဝကို ပျက်စီးသွားနိုင်ပေသည်။

ထို့ကြောင့် တရားမျှတသည့်လမ်းစဉ် ကျင့်ကြံသူများကြားတွင် ၎င်းကို တားမြစ်ထားသော အတတ်ပညာတစ်ခုအဖြစ် သတ်မှတ်ထားပြီး မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို သတ်ဖြတ်ရာမှလွဲ၍ အခြားအချိန်များ၌ အသုံးပြုခဲလှပေသည်။

အခြားသူတစ်ဦး ၎င်းကို အသုံးပြုနေသည်ကို မြင်တွေ့ရခြင်းကပင် ဝင်ရောက်စွက်ဖက်ရန် လုံလောက်သော အကြောင်းပြချက် ဖြစ်လေ့ရှိ၏။

ရွှေအမြုတေ အဘိုးအို၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေစဉ် တိုက်ရှန်အကြီးအကဲကတော့ သူလိုအပ်သော အချက်အလက်များကို ထိုလူ၏ ဝိညာဉ်ထဲမှ ဆွဲထုတ်လိုက်တော့သည်။

ထို့နောက်၌ သူ၏ စိတ်အာရုံကို ရုတ်သိမ်းလိုက်ပြီး ဝိညာဉ်ရှာဖွေခြင်းကို ရပ်တန့်လိုက်လေ၏။

ရွှေအမြုတေ ကျင့်ကြံသူမှာတော့ ယခုအခါ၌ လွတ်ဟာနေသော မျက်လုံးများနှင့် ပါးစပ်ဟောင်းလောင်းဖြစ်နေသည့် အမူအရာကို ဆောင်နေတော့သည်။ သူ၏ ပါးစပ်ထောင့်မှ တံတွေးများပင် စီးကျနေလေ၏။

သူ၏ဝိညာဉ်သည် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ခံနိုင်ရည်ရှိသည်ထက် များစွာကျော်လွန်သော ဒဏ်ရာများကို ရရှိသွားခဲ့ကြောင်း ထင်ရှားလှပေသည်။ သူသည် အရူးတစ်ယောက်အဖြစ်သို့ အဆင့်ကျသွားခဲ့လေပြီပင်။

တိုက်ရှန်အကြီးအကဲသည် ရွံရှာဖွယ် အကြည့်တစ်ချက်ဖြင့် ထိုလူကို မြေပြင်ပေါ်သို့ ပြန်လွှင့်ပစ်လိုက်ပြီးနောက် သေသလား၊ ရှင်သလားကိုပင် ဂရုမစိုက်တော့ချေ။

"လောင်ကုန်း... ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိရပြီလား။ ပြီးတော့ ဟုန်ယွင်ကကော ဘယ်ရောက်သွားလဲဆိုတာ သိရပြီလား" ဟုန်လွမ်က မေးလိုက်သည်။

"နန်ကုန်း မျိုးနွယ်စုနဲ့ ကုန်းရှု မျိုးနွယ်စုတို့ ဒီမှာ ထိပ်တိုက်တွေ့ခဲ့ကြတယ်။ ကုန်းရှု မျိုးနွယ်စုရဲ့ သွေးသားရင်း တာအိုသခင်လေးတစ်ယောက်တောင် တိုက်ပွဲထဲမှာ အသတ်ခံလိုက်ရတယ်" တိုက်ရှန်အကြီးအကဲက တိုတုတ်စွာ ရှင်းပြလိုက်လေ၏။

"နန်ကုန်း မျိုးနွယ်စုနဲ့ ကုန်းရှု မျိုးနွယ်စုလား" ဟုန်လွမ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ဤမျိုးနွယ်စုများသည် သာမန်မျိုးနွယ်စုများ မဟုတ်ကြပေ။ အထက်တန်းလွှာ မျိုးနွယ်စု ၃၆ခုကြားတွင်ပင် သူတို့သည် အထက်တန်းအဆင့်၌ ခိုင်မာစွာ ရပ်တည်နေကြခြင်း ဖြစ်လေသည်။

ဟယ်ဟွမ်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုပင်လျှင် သူတို့နှင့်ပတ်သက်လာလျှင် သတိထား၍ ဆက်ဆံရလေ၏။

မျိုးနွယ်စုနှစ်ခု ထိပ်တိုက်တွေ့ကြခြင်း။

အထူးသဖြင့် ကုန်းရှု၏ တာအိုသခင်လေးတစ်ဦး သေဆုံးသွားခြင်းက ကြီးမားသည့်ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်နေပေသည်။ သူမ၏ ရင်တွင်း၌ စိတ်မသက်မသာဖြစ်မှုတစ်ခု ပေါ်ပေါက်လာတော့၏။

မော့ဟုန်ယွင်သည် သာမန်မဟုတ်သော ကိစ္စရပ်တစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရကြောင်း သူမ ခံစားမိနေလေတော့သည်။

"ဒီက မြို့စားမင်းက နန်ကုန်း မျိုးနွယ်စုက သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ၊ ပြီးတော့ မော့ဟုန်ယွင်ရဲ့ ဦးလေးဆိုလည်း ဟုတ်တယ်။ သူက မြို့ထဲမှာ အတော်လေးကို ဂယက်ရိုက်သွားစေခဲ့တာလေ၊ နောက်ဆုံးကျတော့ မျိုးနွယ်စုနှစ်ခုလုံးက သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေ ထိပ်တိုက်တွေ့တဲ့အထိ ဖြစ်သွားခဲ့တယ်။ ကုန်းရှု တာအိုသခင်လေးကလည်း အဲဒီပဋိပက္ခမှာ သေသွားခဲ့တာပဲ"

တိုက်ရှန်အကြီးအကဲ၏ မျက်ခုံးများ တွန့်ချိုးသွားလေ၏။

ဤကိစ္စသည် သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေပေသည်။ ပထမဆုံးအနေဖြင့် မော့ဟုန်ယွင်သည် နန်ကုန်း မျိုးနွယ်စုနှင့် ဆက်နွှယ်နေကြောင်း ပေါ်ပေါက်လာခြင်းမှာ သူကြိုတင်မသိထားခဲ့သော အချက်ပင်ဖြစ်တော့၏။

သို့သော် သူမတွင် ဤမျှကြီးမားသော နောက်ခံရှိနေပါက အဘယ်ကြောင့် ယခင်က နန်ကုန်း မျိုးနွယ်စုထံမှ အကူအညီ မတောင်းခဲ့ရသနည်း။

အကယ်၍ သူသာ ဤအကြောင်းကို စောစောစီးစီး သိခဲ့ပါက ဆက်ဆံရေးကောင်းမွန်မှုကို ထိန်းသိမ်းရန်အတွက် သူမကို လွှတ်ပေးရန်ပင် စဉ်းစားခဲ့ကောင်းစဉ်းစားမိမည်ပင်။

ဖုံးကွယ်ထားသော အကြောင်းပြချက်များ ရှိနေနိုင်မည်လော။

သို့တိုင်အောင် မော့ဟုန်ယွင်အပေါ် ကျရောက်နေသည့် နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာက မည်သို့ ပျက်ပြယ်သွားခဲ့သနည်းဆိုသည်ကိုမူ ယခု သူနားလည်သွားခဲ့လေပြီပင်။

သူမအပေါ် တွယ်ကပ်ထားသည့် သူ၏ဝိညာဉ်အငွေ့အသက်များပင်လျှင် အရိပ်အယောင် အနည်းငယ်မျှမကျန်အောင် လုံးဝ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ပေသည်။ သူ၏ ဝိညာဉ်လက်နက်များပင်လျှင် မည်သည့်အရာကိုမျှ ခြေရာမခံနိုင်ခဲ့ချေ။

အကယ်၍ နန်ကုန်း မျိုးနွယ်စုမှ တစ်စုံတစ်ယောက်က နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်ပါက အရာအားလုံး အဓိပ္ပာယ်ရှိသွားလေတော့သည်။

သို့သော် ထိုအချက်က.......

ဤကိစ္စသည် သေးငယ်သော ပြဿနာမဟုတ်ကြောင်း ဆိုလိုနေပေသည်။ ၎င်းသည် နန်ကုန်း မျိုးနွယ်စုနှင့် ပတ်သက်နေပါက သူ သတိထား၍ ခြေလှမ်းရတော့မည်ပင်။

"ဒါဆို ဟုန်ယွင်က တကယ်ကြီး ပါဝင်ပတ်သက်နေတာပေါ့..." သူမ၏မျက်လုံးများတွင် နားလည်သဘောပေါက်သွားသည့်အရိပ်အယောင်များ ပေါ်လာကာ တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် "အဲဒါကြောင့် လောင်ကုန်းက ဒီလောက်ထိ ကမန်းကတန်း ပြေးလာခဲ့တာလား"

ထို့နောက် သူမက ဆက်မေးလိုက်သည်။ "အခု ကျွန်မတို့ ဘာလုပ်ကြမလဲ။ ပြီးတော့ ဟုန်ယွင်ကကော ဘယ်မှာလဲ"

တိုက်ရှန်အကြီးအကဲက ပြန်ဖြေရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏အမူအရာ ပြောင်းလဲသွားပြီး ရှေ့သို့ စူးရှစွာ ကြည့်လိုက်လေ၏။ အလားတူပင် ခံစားမိလိုက်သော ဟုန်လွမ်ကလည်း လှည့်ကြည့်လိုက်တော့သည်။

မိုးကုပ်စက်ဝိုင်းပေါ်တွင် လှေပျံတစ်စင်း ပေါ်လာပြီး သူတို့ရှိရာသို့ လျင်မြန်စွာ နီးကပ်လာနေပေသည်။ ၎င်းသည် အဆင့်မြင့် ဝိညာဉ်လက်နက်ဖြစ်သော လှေပျံတစ်ခုဖြစ်၏။

၎င်း၏ ကြီးမားလှသော စွမ်းအားကို ခံစားမိလိုက်သောအခါ၌ တိုက်ရှန်အကြီးအကဲ၏ အမူအရာမှာ တင်းမာသွားတော့သည်။

အမြန်နှုန်း၊ တိုက်ခိုက်မှုနှင့် ကာကွယ်မှုတို့ကို ပေါင်းစပ်ထားသော ဤအဆင့်ရှိ လှေပျံများသည် သူ၏ ပန်းရောင်တိမ်တိုက် ဝိညာဉ်လက်နက်ထက် ပို၍ ရှားပါးပြီး ပိုပြီးတန်ဖိုးကြီးမားလှပေသည်။

၎င်းကို ထိန်းချုပ်နေသူ မည်သူမဆို အလွန်ကိုမှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။

"ဟယ်ဟွမ်ဂိုဏ်းက တိုက်ရှန်အကြီးအကဲများလား" အနီးအနားတွင် လှေပျံ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် လှေအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာလေ၏။

ထို့နောက် လူငါးဦး၊ ခြောက်ဦးခန့် ဆင်းသက်လာကြသည်။ သူတို့အထဲမှ အချို့က တိုက်ရှန်အကြီးအကဲနှင့် ဟုန်လွမ်တို့ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြတော့၏။

တိုက်ရှန်အကြီးအကဲသည် ရှေ့ဆောင်လာသော အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းကို မြင်လိုက်ရသောအခါ၌ သူ၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။ သို့သော် သူသည် ချက်ချင်းပင် ဟန်ကို ပြန်၍ထိန်းလိုက်တော့သည်။

"ခင်ဗျားကိုး... ကုန်းရှုမျိုးနွယ်က ဘိုးဘေး ၄။ ဒီမှာသေသွားတဲ့ ခင်ဗျားတို့မျိုးနွယ်စုက တာအိုသခင်လေး အတွက် လာတာနေမှာပေါ့"

သူ၏စကားကြောင့် တစ်ဖက်မှ ကျင့်ကြံသူများ၏ အမူအရာများ တင်းမာသွားလေ၏။ အနက်ရောင်ဝတ်ရုံနှင့်လူ၏ အကြည့်များမှာ ချက်ချင်းပင် စူးရှသွားတော့သည်။

"စကားအရဆိုရင်တော့ တိုက်ရှန်အကြီးအကဲက ကျုပ်တို့ရဲ့ တာအိုသခင်လေး သေဆုံးမှုက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောချင်နေတာပေါ့လေ"

"ခင်ဗျားတို့ရဲ့ သွေးသားရင်း တာအိုသခင်လေးကို ကျုပ် သတ်တယ်လို့ ထင်နေတာလား" ဟု ပြောရင်း တိုက်ရှန်အကြီးအကဲသည် ထိုအဖွဲ့ မည်သည့်အတွက်ကြောင့် ဤမျှ ရန်လိုစွာ ရောက်ရှိလာသည်ကို ချက်ချင်း သဘောပေါက်လိုက်လေ၏။ သူ မလုပ်ခဲ့သောအရာအတွက် အပြစ်တင်ခံရန် သူ့တွင် ရည်ရွယ်ချက် မရှိခဲ့ချေ။

"ခင်ဗျားတို့ နားလည်မှုလွဲနေပြီ။ ကျုပ်ကိုယ်တိုင်လည်း ချန်းလန်မြို့ကို အခုမှ ရောက်လာတာပဲ။ ပျက်စီးနေတာတွေကို မြင်တော့ ဒေသခံတွေကို မေးကြည့်ရင်းနဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိခဲ့ရတာ။ ခင်ဗျားတို့ရဲ့ တာအိုသခင်လေး သေဆုံးမှုက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး"

"ဪ... စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူဖြစ်တဲ့ ဟယ်ဟွမ်ဂိုဏ်းက တိုက်ရှန်အကြီးအကဲတစ်ယောက်က ရှောင်ချန်းကမ္ဘာရဲ့ ဒီမြို့ငယ်လေးမှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေတယ်ပေါ့လေ။ ကျုပ် မှတ်မိသလောက်ဆိုရင် ဟယ်ဟွမ်ဂိုဏ်းက ဒီမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကိုတောင် လုပ်ထားတာ မရှိပါဘူး"

အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဤမျှလွယ်ကူစွာ ယုံကြည်မည်မဟုတ်ကြောင်း ထင်ရှားနေလေ၏။

တိုက်ရှန်အကြီးအကဲ ပေါ်လာသည့် အချိန်ကိုက်မှုမှာ အလွန်ပင် အဆင်ပြေလွန်းနေပေသည်။ ဤမျှ ရုတ်တရက် ပေါ်လာခြင်းကပင် ကိုယ်တိုင်ကိုယ်ကျ အလွန်အမင်း သံသယဖြစ်ဖွယ်ကောင်းနေတော့၏။

ထိုသူက သူတို့ကို မြင်သောအခါ အံ့ဩသွားသည့်အရိပ်အယောင်ကို ရှင်းလင်းစွာ ပြသခဲ့သည့်အချက်ကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဤအရာအားလုံးက အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း၏ တိုက်ရှန်အကြီးအကဲအပေါ် ထားရှိသည့် သံသယများကို ပို၍ပင် နက်ရှိုင်းသွားစေခဲ့လေတော့သည်။

"ကျုပ် ဒီကို ဘာလို့ရောက်နေတာလဲဆိုတာကို ခင်ဗျား စိတ်ပူစရာ မလိုပါဘူး" တိုက်ရှန်အကြီးအကဲက အေးစက်စွာ တုံ့ပြန်လိုက်ပြီး "ကျုပ်ကို သံသယရှိနေတုန်းပဲဆိုရင် မြို့ထဲသွားပြီး ကိုယ်တိုင် စုံစမ်းကြည့်ပါလား။ ခင်ဗျားတို့ ကုန်းရှု မျိုးနွယ်စုရဲ့ တာအိုသခင်လေးကို ကျုပ် တကယ်ပဲ သတ်ခဲ့သလားဆိုတာ သွားရှာကြည့်လိုက်ပေါ့"

သူသည် အောက်ကမ္ဘာသို့ ဆင်းသက်လာရသည့် သူ၏အဓိကအကြောင်းရင်းကို ဖွင့်ဟရန် ရည်ရွယ်ထားခြင်း မရှိသေးချေ။

သူသည် ကုန်းရှု မျိုးနွယ်စုကို အနည်းငယ် သတိထားနေသော်လည်း အောက်ကျခံဖို့တော့ အစီအစဉ်မရှိပေ။ ဤ ကုန်းရှုမျိုးနွယ်စုမှ ဘိုးဘေး ၄ဆိုသူမှာ အလွန်ဆုံးမှ သူနှင့် အဆင့်တူသာ ဖြစ်လေ၏။

အကယ်၍ တိုက်ပွဲဖြစ်ပွားခဲ့လျှင်တောင် သူရှုံးနိမ့်မည်ဟု အာမခံနိုင်စရာ မရှိချေ။

တိုက်ရှန်အကြီးအကဲ၏ တည်ငြိမ်ပြီး ပွင့်လင်းသော အမူအရာကို မြင်သောအခါ၌ အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ တုံ့ဆိုင်းသွားတော့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူက အမိန့်ပေးလိုက်လေ၏။ "မင်းတို့နှစ်ယောက်၊ မြို့ထဲသွားပြီး ယန္တရားတစ်ထောင် အလုပ်ရုံမှာ စုံစမ်းကြည့်လိုက်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ရှာခဲ့ကြ"

"ဟုတ်ကဲ့ပါ ဘိုးဘေး"

လူနှစ်ဦးမှာ ချက်ချင်းပင် အောက်သို့ ဆင်းသက်သွားကြတော့သည်။

ချန်းလန်မြို့၏ ကာကွယ်ရေး ဝင်္ကပါမှာ ကုန်းရှုယွီကြောင့် အစောပိုင်းကတည်းက ပျက်စီးနေခဲ့ပြီ ဖြစ်၏။

ဝင်္ကပါကို ထိန်းသိမ်းထားသော မြို့စားမင်းမှာလည်း ထွက်ခွာသွားခဲ့ပြီပင်။

မြို့စားမင်းအိမ်တော်မှ အစောင့်များကလည်း သူတို့၏ ဒဏ်ရာများကို ကုသနေကြဆဲ ဖြစ်လေ၏။

ထို့ကြောင့် ထိုနှစ်ဦးမှာ မြို့တွင်းသို့ အခက်အခဲမရှိ ဆင်းသက်နိုင်ခဲ့ကြတော့သည်။

အချိန်တိုအတွင်းမှာပင် သူတို့သည် လူတစ်ဦးကို ခေါ်ဆောင်ကာ ပြန်ပြီးရောက်ရှိလာကြလေ၏။

"ဘိုးဘေး၊ ဒီအမျိုးသမီးက ယန္တရားတစ်ထောင် အလုပ်ရုံက အိမ်တော်ထိန်းတစ်ယောက်ပါဗျ။ မနေ့က ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူ သိတယ်လို့ ပြောပါတယ်"

သူတို့ ခေါ်ဆောင်လာသော အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ယန္တရားတစ်ထောင် အလုပ်ရုံသခင်၏ ယုံကြည်ရသော လက်ထောက်များထဲမှ တစ်ဦးဖြစ်သည့် လျိုယန်ပင်ဖြစ်လေသည်။

"ကျွန်မ လျိုယန်၊ ဘိုးဘေးကို ဂါရဝပြုပါတယ်" သူမက ရိုသေစွာ ပြောလိုက်သည်။

သူမ၏ပတ်လည်ရှိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ခံစားမိသည်နှင့် တစ်ပြိုင်နက် သူမ ချက်ချင်း နားလည်သွားခဲ့သည်။ ဤလူတစ်ဦးစီတိုင်းမှာ သူမထက် များစွာ သာလွန်သော ကျင့်ကြံသူများ ဖြစ်ကြပေ၏။

သူမအနေဖြင့် မည်သူတစ်ဦးကိုမျှ အမျက်ရှအောင် မလုပ်ရဲချေ။

"မင်းက ချန်းလန်မြို့က ယန္တရားတစ်ထောင် အလုပ်ရုံကလား။ ကုန်းရှုချန်က ဒီမှာ တာဝန်ယူထားတယ်လို့ ငါထင်ထားတာ" အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းက မျက်မှောင်ကြုတ်လိုက်၏။

အောက်သို့ မဆင်းသက်မီက သူသည် ရှောင်ချန်းကမ္ဘာ၏ အခြေအနေများကို စုံစမ်းထားခဲ့ပြီး ဖြစ်သည်။

"အလုပ်ရုံသခင်ကို မြို့စားမင်းက သန္ဓေသားဝိညာဉ်အဆင့် ချန်ပေ့နှစ်ယောက်နဲ့တူတူ မြို့စားမင်း အိမ်တော်ကို ခေါ်သွားပါတယ်ရှင့်" လျိုယန်က သတိကြီးစွာဖြင့် ပြန်ဖြေလိုက်တော့သည်။

"သူတို့ မသေသေးဘူးပေါ့" အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး "သေချာရှင်းပြစမ်း။ ဘာတွေဖြစ်ခဲ့တာလဲ"

"ဟုတ်ကဲ့ပါ ဘိုးဘေး..."

ထို့နောက်တွင်တော့ လျိုယန်သည် ချန်းလန်မြို့တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို လျင်မြန်စွာဖြင့် ပြန်ပြီးပြောပြလိုက်လေ၏။

ရတနာခန်းမဆောင်က ငှားရမ်းထားသည့် လျှို့ဝှက်ဆန်းကြယ်သော မန္တန်အဆောင် ဆရာသခင်က ဈေးကွက်ကို ဈေးပေါသော အဆောင်များနှင့် ရုတ်တရက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမှအစ၊ မနေ့က ဖြစ်ပွားခဲ့သော သန္ဓေသားဝိညာဉ်အဆင့် တိုက်ပွဲအကြောင်းနှင့် သခင်လေးယွီကို ထိုလျှို့ဝှက်ဆန်းကြယ်သော မန္တန်အဆောင် ဆရာသခင်က ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီးနောက် နောက်ပိုင်းတွင် မြို့စားမင်းကိုယ်တိုင် သတ်ဖြတ်ခဲ့ပုံများအထိ ပြောပြလိုက်တော့သည်။

ထို့နောက်၌ ယန္တရားတစ်ထောင် အလုပ်ရုံသခင်နှင့် အခြားသူများကို မြို့စားမင်းက ဖမ်းဆီးခဲ့ပုံများကိုပါ ရှင်းပြလိုက်လေ၏။

သူမသည် မည်သည့်အရာကိုမျှ ပိုမို ချဲ့ကားခြင်းမပြုဘဲ အဖြစ်အပျက်တစ်ခုလုံးကို ရိုးရှင်းပြီး တိုက်ရိုက်ကျသော စကားလုံးများဖြင့် ပြောပြခဲ့ပါ၏။

အကြောင်းမှာ ဤလူများသည် သူမ၏ စိတ်ဝိညာဉ် မှ အနုစိတ်သော အတက်အကျများကိုပင် ခံစားသိရှိနိုင်စွမ်းရှိကြောင်း သူမ ကောင်းစွာ သိရှိထားသောကြောင့်ပင်။

အကယ်၍ သူမ လိမ်ညာပြောဆိုခြင်းကိုသာ မိသွားပါက သူမသာလျှင် ဒုက္ခရောက်ရမည်ပင်။

သူမ ပြောဆိုပြီးဆုံးသွားသောအခါ၌ တစ်ဖွဲ့လုံးမှာ ခေတ္တမျှ တိတ်ဆိတ်သွားကြတော့သည်။

ချန်းလန်မြို့ ကဲ့သို့သော နေရာသေးသေးလေးတစ်ခုတွင် ဤမျှလောက် မုန်တိုင်းထန်သော အဖြစ်အပျက်များ ဖြစ်ပျက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

အစောပိုင်းက အဆောင်ဈေးကွက်နှင့် ပတ်သက်သည့် အငြင်းပွားမှုမှာ သူတို့အမြင်တွင် အသေးအဖွဲသာ ဖြစ်လေ၏။

သို့သော် ၎င်းနောက်တွင် ဖြစ်ပွားခဲ့သော သန္ဓေသားဝိညာဉ်အဆင့် တိုက်ပွဲကမူ သူတို့၏ နှလုံးသားများကို အနည်းငယ် တုန်လှုပ်သွားစေခဲ့တော့သည်။

"မင်းပြောတာက နန်ကုန်းယွမ်ဝူက ဝိညာဉ်လက်နက်ကို ကိုယ်တိုင်ဖောက်ခွဲလိုက်လို့ ကုန်းရှုချိုက်တို့ အရေးနိမ့်သွားတာပေါ့။ ပြီးတော့ ကုန်းရှုယွီကို လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်က ထိပ်တိုက်ရင်ဆိုင်ပြီးတော့ အနိုင်ယူသွားတယ်ပေါ့"

အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းပင်လျှင် အံ့အားသင့်နေပုံရလေ၏။

သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ဦးနှင့် တာအိုကာကွယ်ရေး ကျောက်စိမ်းအဆောင် ပါရှိသည့် ကုန်းရှုယွီသည် မည်သူမျှ မထိခိုက်နိုင်သူဖြစ်မည်ဟု သူ ယူဆထားခဲ့ပေသည်။

သေချာပေါက် သူ၏သေဆုံးမှုတွင် အလွန်ကိုမှ အစွမ်းထက်သော ထိပ်တန်းကျွမ်းကျင်သူ တစ်ဦး ပါဝင်ပတ်သက်နေရမည် ဖြစ်လေ၏။

အဓိက အကြောင်းရင်းမှာ နန်ကုန်းယွမ်ဝူ၏ ဝိညာဉ်လက်နက် ဖောက်ခွဲမှုကြောင့် ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

"ဟုတ်ပါတယ် ဘိုးဘေး" လျိုယန်က ရိုသေစွာ အတည်ပြုလိုက်သည်။

"ပြီးတော့ ကုန်းရှုယွီကို အနိုင်ယူသွားတဲ့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေအမြုတေ ကျင့်ကြံသူက ဘယ်သူလဲ" ကုန်းရှု မျိုးနွယ်စုမှ ဆံပင်နီနှင့် လူငယ်တစ်ဦးက အရေးတကြီး မေးလိုက်လေ၏။

"သူ ဘယ်ကလာတယ် ဆိုတာတော့ ကျွန်မလည်း မသိပါဘူး" လျိုယန်က ပြန်ဖြေလိုက်ပြီး "ကျွန်မ သိသလောက်ကတော့ သူ့ကို ရတနာခန်းမဆောင်က မန္တန်အဆောင် ဆရာသခင်အဖြစ် ငှားထားတာပါ၊ ပြီးတော့ သူ ချန်းလန်မြို့ ကို ရောက်လာတာ မကြာသေးပါဘူးရှင့်။ ဒါပေမဲ့ ကျွန်မတို့ ဘယ်လိုပဲ စုံစမ်းစုံစမ်း၊ သူ့ရဲ့ ဇာစ်မြစ်တို့ နောက်ခံတို့ကို ခြေရာခံလို့ မရခဲ့ပါဘူးရှင့်"

"မဖြစ်နိုင်တာ..."

ဆံပင်နီနှင့်လူငယ်မှာ သိသိသာသာပင် တုန်လှုပ်သွားတော့သည်။

သူ တစ်ချိန်က အထင်အမြင်သေးစွာ ကြည့်ရှုခဲ့ဖူးသော ပြိုင်ဘက်ဖြစ်သည့် ကုန်းရှုယွီသည် အဆင့်တူ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်ဆိုခြင်းကို သူ မယုံကြည်နိုင်ခဲ့ချေ။

သူသည် ကုန်းရှုယွီကို မကြာခဏ ဝေဖန်လေ့ရှိပြီး ဧကရာဇ်နှလုံးသားကျမ်းစာတွင် သူ၏ကျင့်ကြံမှု တိမ်ယံမှုကို သရော်လေ့ရှိသော်လည်း၊ သူ၏အစွမ်းအစကိုတော့ အသိအမှတ်ပြုထားဆဲပင်။

အကယ်၍ သူတို့သာ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် သူ့အနေဖြင့် အနိုင်ရရန် အခွင့်အရေး ခြောက်ဆယ်ရာခိုင်နှုန်းခန့်သာ ရှိမည်ဟု တွက်ဆထားခဲ့ပေ၏။

သို့သော် ကုန်းရှုယွီသည် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ လုံးဝ ချေမှုန်းခံလိုက်ရသည် ဟူသော သတင်းကို ခုလေးတင်ပဲ ကြားလိုက်ရခြင်းလော။

သူ ထိုသတင်းကို လက်ခံရန် အတော်လေးကို ခက်ခဲနေတော့သည်။

"အဲဒီလူက ရွှေအမြုတေအဆင့်မှာ ရှိနေတာ သေချာရဲ့လား" သူက ထပ်မေးလိုက်လေ၏။

"အင်း..." လျိုယန်က တုံ့ဆိုင်းသွားသည်။

သူမ သေချာ မပြောနိုင်ခဲ့ပေ။ သို့သော် အလိုလိုသိစိတ်အရ ထိုလျှို့ဝှက်ဆန်းကြယ်သည့် မန္တန်အဆောင် ဆရာသခင်ထံတွင် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ထင်ရှားသော အရှိန်အဝါမျိုး မရှိခဲ့ချေ။

"တော်လောက်ပြီ။ မင်းက ငါတို့ကို ထပ်ပြီး အရှက်ခွဲဖို့ ကြိုးစားနေတာလား" အနက်ရောင်ဝတ်ရုံနှင့် ဘိုးဘေးက အေးစက်စွာ ပြောလိုက်ပြီး "သူက ရွှေအမြုတေအဆင့် ဖြစ်ဖြစ် မဖြစ်ဖြစ်၊ သူ့ကို ဖမ်းမိရင် ငါတို့ သိရမှာပဲ။ ဟိုဘက်က မြို့စားမင်းအိမ်တော် မဟုတ်လား။ ကုန်းရှု မျိုးနွယ်စုရဲ့ တာအိုသခင်လေးကို သတ်ရဲလောက်အောင် နန်ကုန်းယွမ်ဝူမှာ ဘယ်လိုသတ္တိမျိုး ရှိနေလဲဆိုတာ ငါ မြင်ချင်သေးတယ်"

ထိုသို့ပြောပြီးနောက်၌ အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းသည် သူ၏ လှေပျံကို ပြန်ရုတ်သိမ်းလိုက်ပြီး ချန်းလန်မြို့ အလယ်ဗဟိုသို့ တိုက်ရိုက် ပျံသန်းသွားလေတော့သည်။

ဆံပင်နီနှင့် လူငယ်နှင့် အခြားသူများလည်း လျင်မြန်စွာ လိုက်ပါသွားကြလေ၏။

"လောင်ကုန်း... ကျွန်မတို့ ဘာလုပ်ကြမလဲ" ဟုန်လွမ်က စိတ်ဝိညာဉ်အသံလွှင့်ခြင်းဖြင့် မေးလိုက်သည်။

"လိုက်သွားရမှာပေါ့။ ကုန်းရှုနဲ့ နန်ကုန်း မျိုးနွယ်စုတွေကြားက ပဋိပက္ခကို ငါတို့က ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ"

တိုက်ရှန်အကြီးအကဲသည် ချန်းလန်မြို့တွင် ဤမျှများပြားသော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ယခုအခါ မော့ဟုန်ယွင်လည်း မြို့စားမင်းအိမ်တော်တွင် ရှိနေနိုင်ကြောင်း ကြားသိရသဖြင့် သူ ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိတော့ပေ။

မော့ဟုန်ယွင်၏ နန်ကုန်း မျိုးနွယ်စုနှင့် ဆက်နွှယ်မှုကို သိရှိပြီးနောက်၌ အစောပိုင်းက သူ ဆုတ်ခွာသင့်မသင့်ကို တွေဝေနေခဲ့လေ၏။

သို့သော် ယခုအခါ၌ ကုန်းရှု မျိုးနွယ်စုက နန်ကုန်း မျိုးနွယ်စုကို ဆန့်ကျင်လှုပ်ရှားနေပြီ ဖြစ်ရာ...

နောက်ကျိနေသော ရေထဲတွင် ငါးဖမ်းရန် အခွင့်အရေးကောင်းတစ်ခုကို သူ မြင်တွေ့လိုက်ရတော့သည်။

အကယ်၍ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် သူက မော့ဟုန်ယွင်ကို ခေါ်ဆောင်သွားနိုင်မည်ဆိုပါက သူ၏ တာအိုလမ်းစဉ်အတွက် မျှော်လင့်ချက် ရှိလာနိုင်ဦးမည်ပင်။

...

တိုက်ရှန်အကြီးအကဲက သူ၏နောက်ထပ် ခြေလှမ်းအတွက် အကြံအစည်များ စဉ်းစားနေစဉ်...

အဝေးတစ်နေရာ၊ ထျန်းယွမ်ကမ္ဘာလောကကြီး၏ လူသူကင်းမဲ့သော တောင်ကြားတစ်ခုတွင်တော့ လုချင်းသည် သူ၏ပတ်ဝန်းကျင်ကို အကဲခတ်နေလေတော့သည်။

All Chapters