အခန်း (၅၄၅-၅၄၆)
Vol. 55 Ch. 545-546
အခန်း ၅၄၅ - ဝင်္ကပါက ဝိညာဉ်ကို သန့်စင်ခြင်း နှင့် လုချင်း၏ မဟာဗျူဟာ
"အဲ့ဒါ ခေါင်းဆောင်သခင် မြောင်ယွီပဲ" ထိုအသံ ထွက်ပေါ်လာသည့်အခိုက်အတန့်တွင် မော့ဟုန်ယွင်နှင့် ချန်းလန်မြို့စားမင်းနှစ်ဦးစလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။ ထိုအသံသည် အစစ်အမှန် အသံတစ်ခုမဟုတ်ဘဲ ဝိညာဉ်လှိုင်း အတက်အကျတစ်ခုသာ ဖြစ်၏။
သူတို့ ချက်ချင်းပင် နားလည်လိုက်ကြသည်။ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာအတွင်း၌ ခေါင်းဆောင်သခင် မြောင်ယွီ၏ ဝိညာဉ်အသိ အမျှင်တန်းလေးတစ်ခု အမှန်တကယ် ကျန်ရစ်နေသေးသည်ဆိုခြင်းကိုပင်။
"ခန်းမဆောင်သခင်၊ ခင်ဗျားရဲ့ အာရုံတွေကို ပိတ်ထားပြီးတော့ ခင်ဗျားရဲ့ နှလုံးသားနဲ့ ဝိညာဉ်ထဲက မြင့်မြတ်တဲ့အလင်းကို ကာကွယ်ထားပါ။ ကျွန်တော် မခေါ်မချင်း ကြွက်သားလေးတစ်ခုကိုတောင် မလှုပ်ပါနဲ့" လုချင်း၏ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ အမိန့်ကို ပြတ်သားစွာ ပြောဆိုလိုက်တော့သည်။
မော့ဟုန်ယွင်ကလည်း ချက်ချင်းပင် နာခံလိုက်၏။ သူမသည် သူမ၏ အာရုံငါးပါးကို ပိတ်ချလိုက်ပြီးနောက်၌ သူမ၏ ဝိညာဉ်အမြုတေရှိ မြင့်မြတ်သောအလင်းကို ကာကွယ်ရန် သူမ၏ စိတ်ဆန္ဒအားလုံးကို စုစည်းလိုက်လေတော့သည်။ ကျိန်စာအမှတ်အသားတွင် ခေါင်းဆောင်သခင် မြောင်ယွီ၏ ဝိညာဉ်အသိ အမျှင်တန်းလေးတစ်ခု ပါဝင်နေသည်ဖြစ်ရာ နောက်ထပ် ဖြစ်လာမည့်အရာများမှာ သူမ၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေပြီဖြစ်ကြောင်းကို သူမ သိထားလေ၏။ ယခုအခါ၌ အရာအားလုံးသည် လုချင်းအပေါ်တွင်သာ မူတည်နေတော့သည်။
မော့ဟုန်ယွင်က သူမ၏ ဝိညာဉ်ကို စတင်ကာကွယ်နေသည်ကို မြင်သောအခါမှ လုချင်းခင်မျာ နောက်ဆုံးတွင် စိတ်အေးသွားခဲ့လေတော့သည်။ ပြီးနောက်၌ သူသည် သူမ၏ ရင်ဘတ်ပေါ်ရှိ ထူးဆန်းသော ကျိန်စာအမှတ်အသားဆီသို့ တိုက်ရိုက် အာရုံစိုက်လိုက်၏။ ကျယ်ပြန့်သော တွက်ချက်မှုများမှတစ်ဆင့် နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို နားလည်သဘောပေါက်ထားပြီးဖြစ်ရာ မြောင်ယွီ ပေါ်ထွက်လာခြင်းကို သူ လုံးဝ အံ့သြခြင်းမရှိခဲ့ပေ။
မော့ဟုန်ယွင်၏ ရင်ဘတ်ရှိ ကျိန်စာအမှတ်အသားသည် အမြဲတမ်းပင် ခေါင်းဆောင်သခင် မြောင်ယွီ၏ ဝိညာဉ်စွမ်းအားမှ ပုံဖော်ထားခြင်း ဖြစ်လေသည်။ ၎င်းတွင် အသိစိတ် အမျှင်တန်းလေးတစ်ခု ကျန်ရှိနေခြင်းမှာ လုံးဝ မျှော်လင့်ထားပြီးသား ကိစ္စတစ်ခုပင် ဖြစ်၏။ သို့သော် ကျိန်စာအတွင်းရှိ အသိစိတ်မှာ ခွဲထွက်လာသော အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ကြောင်းကိုလည်း သူ နားလည်ထားလေသည်။ ယခုအခါ အမှတ်အသားကို ဖိနှိပ်ထားပြီး ခွဲခြားထားသော သူ၏ လက်ရှိဝင်္ကပါကြောင့် ၎င်းသည် ပင်မခန္ဓာကိုယ်နှင့် ဆက်သွယ်နိုင်တော့မည် မဟုတ်ပေ။
ဤသည်မှာ ဂရုတစိုက် တွက်ချက်မှုများမှတစ်ဆင့် လုချင်းရရှိလာခဲ့သော အကောင်းဆုံး ဖြေရှင်းနည်းပင် ဖြစ်ပါ၏။ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို ဖြေရှင်းရန် ပထမဆုံးခြေလှမ်းမှာ ခေါင်းဆောင်သခင် မြောင်ယွီနှင့် ၎င်း၏ ချိတ်ဆက်မှုကို ဖြတ်တောက်ရန်ပင်။
ဤသည်မှာ သူ့အနေဖြင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ခံစားသိရှိကာ အဝေးမှနေ၍ ကျိန်စာမှတစ်ဆင့် စွမ်းအားများ လမ်းကြောင်းပေးလာမည့်အရေးကို တားဆီးရန်သာမက မော့ဟုန်ယွင်ထိခိုက်မှုမရှိစေရန်အတွက် ၎င်းကို အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်နိုင်ခြင်းမှ ပိတ်ဆို့ရန်အတွက်လည်း ဖြစ်လေသည်။
သေချာသည်မှာ ဤချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းဆောင်သခင် မြောင်ယွီကို သတိပေးသလို ဖြစ်သွားလိမ့်မည်ပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ထျန်းယွမ်ကမ္ဘာလောကကြီးတွင် နေထိုင်လေသည်။ ချန်းလန်မြို့စားမင်း၏ အဆိုအရ အထက်ကမ္ဘာမှ ကျင့်ကြံသူများသည် အောက်ကမ္ဘာသို့ ဆင်းသက်ရန်မှာ မလွယ်ကူလှပေ။ သန္ဓေသားဝိညာဉ်အဆင့်ရှိသူများပင်လျှင် နေရာလွတ်တာအိုကို နက်နက်ရှိုင်းရှိုင်း တတ်ကျွမ်းပြီး ကမ္ဘာမြေကို ဖြတ်ကျော်နိုင်သည့် ဝိညာဉ်စွမ်းရည်ကို ကျွမ်းကျင်ထားခြင်း မရှိပါက ရှောင်ချန်းကမ္ဘာသို့ ဝင်ရောက်ရန်အတွက် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခုကို လိုအပ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီး၏ ကမ္ဘာ့အမြှေးပါးသည် ပေါ့ပေါ့တန်တန် သဘောထားရမည့် အရာတစ်ခု မဟုတ်သောကြောင့် ဖြစ်ပါ၏။ ပိုမိုအားနည်းသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ထိုအတားအဆီးကို လုံးဝ မဖြတ်ကျော်နိုင်ကြပေ။
သူသည် ချန်းလန်မြို့စားမင်းကိုပင် မေးမြန်းခဲ့သေးပါ၏။ ဟယ်ဟွမ်ဂိုဏ်းသည် ရှောင်ချန်းကမ္ဘာတွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခုကို တည်ဆောက်ထားခြင်း မရှိပေ။ ထို့ကြောင့် ခေါင်းဆောင်သခင် မြောင်ယွီက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလျှင်တောင်မှ သူ ဆင်းသက်လာဖို့တွက် အချိန်လိုအပ်ပေဦးလိမ့်မည်သာ။ လုချင်း၏ အစီအစဉ်တစ်ခုလုံးသည် မော့ဟုန်ယွင်အတွက် ကျိန်စာကို အပြည့်အဝ ဖြေရှင်းပြီး ဖယ်ရှားရန်အတွက် ထိုအချိန်ကွာဟမှုကို အသုံးပြုခြင်းအပေါ်တွင် လည်ပတ်နေခြင်း ဖြစ်လေတော့သည်။
ထိုဂုဏ်သိက္ခာရှိပြီး အမိန့်ပေးလိုသော အသံကို ရင်ဆိုင်ရချိန်တွင် လုချင်းသည် ၎င်းကို လျစ်လျူရှုထားလိုက်ပြီး အလွန်အမင်း အာရုံစူးစိုက်ကာ လက်သင်္ကေတများကိုသာ ဖော်ဆောင်နေလေတော့သည်။ ကျိန်စာတွင် ခေါင်းဆောင်သခင် မြောင်ယွီ၏ အသိစိတ် အမျှင်တန်းလေးတစ်ခုသာ ပါဝင်နေသော်လည်း စတုတ္ထ အတိဒုက္ခအဆင့်ရှိ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးထံမှ ဝိညာဉ်အမျှင်တန်းတစ်ခုဆိုသည်က သာမန်ကိစ္စတစ်ခုတော့ မဟုတ်ပေ။ ထိုအဆင့်တွင် သူတို့၏ ဝိညာဉ်စွမ်းရည်များနှင့် သဘာဝလွန် စွမ်းအားများသည် စိတ်ကူးဉာဏ်ထက်တောင် ကျော်လွန်နေလေပြီပင်။
လုချင်း၏ လက်သင်္ကေတများ အလျင်အမြန် ပြီးစီးသွားသည်နှင့်အမျှ သူ့အောက်ရှိ ဝင်္ကပါကလည်း ရှုပ်ထွေးလှသော ဂါထာမန္တန်များကို စတင်ပုံဖော်လာလေတော့သည်။ အဆုံးတွင်တော့ ဂါထာမန္တန်တံဆိပ်တစ်ခု စုစည်းဖြစ်တည်လာကာ မော့ဟုန်ယွင်၏ ရင်ဘတ်ရှေ့တွင် ဝဲပျံနေလေ၏။ ၎င်းထံမှ အလင်းလှိုင်းများမှာ ဖြာထွက်နေလျက်ဖြင့် သူမ၏ ရင်ဘတ်ရှိ ကျိန်စာအမှတ်အသားကို ဖိနှိပ်ရန် အသင့်ဖြစ်နေတော့သည်။
ဝင်္ကပါ၏ အပြင်ဘက်တွင်တော့ ချန်းလန်မြို့စားမင်းသည် ကြီးမားလာသော အံ့အားသင့်မှုများဖြင့် စောင့်ကြည့်နေခဲ့၏။ လုချင်းဝင်္ကပါမှ စုစည်းဖန်တီးလိုက်သော ဂါထာမန္တန်အမှတ်အသားသည် မော့ဟုန်ယွင်၏ ရင်ဘတ်ပေါ်ရှိ ကျိန်စာအမှတ်အသားနှင့် ထူးဆန်းစွာ တူညီနေကြောင်းကို သူ ရုတ်တရက် သတိပြုမိလိုက်လေသည်။ ကွာခြားချက်မှာ အသွင်အပြင်တွင်သာ ဖြစ်၏။
ကျိန်စာအမှတ်အသားမှာ အနီရောင်ဖြစ်ပြီး အဆက်မပြတ် လူးလွန့်နေကာ ဆိုးရွားသော အငွေ့အသက်များကို ယိုစိမ့်ထွက်ပေါ်နေသည်။ သို့သော် ဝင်္ကပါ၏ ဂါထာမန္တန်အမှတ်အသားမှာမူ ကြီးမြတ်ပြီး ဖြောင့်မတ်သော တောက်ပမှုများဖြင့် လင်းလက်နေကာ ၎င်း၏ ရည်ရွယ်ချက်မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
"ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးဖြစ်တဲ့ မင်းကများ ဒီအရှင်ကို ဒီလောက်ထိတောင် ရိုင်းစိုင်းရဲရသလား" ကျိန်စာအတွင်းရှိ ခေါင်းဆောင်သခင် မြောင်ယွီ၏ ဝိညာဉ်အသိ အမျှင်တန်းလေးသည် လုချင်းက သူ့ကို လျစ်လျူရှုရုံသာမက သူ့ကို ဖိနှိပ်ရန်ပါ ကြိုးစားနေသည်ကို မြင်သောအခါ၌ ဒေါသတကြီး ပေါက်ကွဲသွားလေတော့သည်။ မော့ဟုန်ယွင်၏ ရင်ဘတ်ရှိ အမှတ်အသားမှာ ပြင်းထန်စွာ လိမ်ကောက်သွားပြီး ဝေဝါးသော ပုံရိပ်တစ်ခု စတင်ထွက်ပေါ်လာလေ၏။
"မကောင်းတော့ဘူးဟေ့။ ခေါင်းဆောင်သခင် မြောင်ယွီက သူ့ရဲ့ ကိုယ်ပွားကို ဖန်တီးဖို့ ကြိုးစားနေတာပဲ" ချန်းလန်မြို့စားမင်းမှာ အလွန်ကိုမှ တုန်လှုပ်သွားခဲ့လေသည်။
သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးသည် အတိဒုက္ခလေးပါးကို ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ ဝိညာဉ်သည် နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းရပြီး ပိုမိုနက်ရှိုင်းသော လျှို့ဝှက်ချက်များကို ရရှိလာလေသည်။ သူတို့၏ မန္တန်များနှင့် ဝိညာဉ်စွမ်းရည်များမှာ များစွာ တိုးတက်လာလိမ့်မည် ဖြစ်၏။ ဝိညာဉ်ကို ခွဲခြားကာ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်စွမ်းမှာလည်း ထိုစွမ်းရည်များထဲမှ တစ်ခုပင် ဖြစ်လေသည်။
ယခင်က ကုန်းရှုယွီသုံးခဲ့သော တာအိုကာကွယ်ရေး ကျောက်စိမ်းအဆောင်တွင်ပင် စတုတ္ထ အတိဒုက္ခအဆင့်ရှိ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်တစ်ခု ပါဝင်နေခဲ့သည် မဟုတ်ပါလော။
မော့ဟုန်ယွင်၏ ရင်ဘတ်ရှိ ကျိန်စာအမှတ်အသားတွင်လည်း ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုး ပါဝင်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
ဤဝိညာဉ်မှာ ကုန်းရှုယွီ၏ အဆောင်ထဲရှိ ဝိညာဉ်ထက် ပို၍ အားနည်းပုံရသော်လည်း သူ၏ လက်ရှိ ဒဏ်ရာရနေသော အခြေအနေအရဆိုလျှင် သူသည် ၎င်းနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
"ကိုယ်ပွားကို ဖန်တီးနေတာလား။ ငါကလည်း ဒါကို စောင့်နေတာလေ" လုချင်း၏ မျက်လုံးများက အေးစက်သွားပြီး သူ၏ လက်သင်္ကေတများကလည်း ပြောင်းလဲသွားတော့၏။ ထို့နောက်၌ ရုတ်ချည်းပင် သူ့အောက်ရှိ ဝင်္ကပါမှာ အလင်းရောင်များဖြင့် တောက်ပသွားလေသည်။
ဝင်္ကပါအဖုအဆစ်များတွင် မြှုပ်နှံထားသော အဆင့်မြင့် ကျောက်စိမ်းအဆောင် ၁၀၈ခုသည် စွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီးနောက်၌ ဂါထာမန္တန်အမှတ်အသားထဲသို့ စီးဝင်သွားလေတော့၏။ ဝင်္ကပါ၏ စွမ်းအားများ ၎င်းထဲသို့ လမ်းကြောင်းပေးလိုက်သည်နှင့်အမျှ ဂါထာမန္တန်အမှတ်အသား၏ စွမ်းအားမှာလည်း ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။
ထို့ကြောင့် ခေါင်းဆောင်သခင် မြောင်ယွီ၏ အသစ်ပေါ်ထွက်လာသော ကိုယ်ပွားမှာ လှုပ်ရှားခွင့်ပင် မရလိုက်ဘဲ အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရလေတော့သည်။
"သူက ကိုယ်ပွားဝိညာဉ်ကို တကယ်ကြီး ဖိနှိပ်လိုက်တာလား" ချန်းလန်မြို့စားမင်းမှာ မှင်သက်သွားလေ၏။ ဤသည်မှာ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အားနည်းသော ဝိညာဉ်တစ်ခု ဖြစ်ကြောင်း သူ ခံစားမိပါ၏။
သတ်မှတ်ချက်ကို ကျော်လွန်ကာစ ဖြစ်နိုင်ပေသည်။ သို့တိုင်အောင် ၎င်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ကိုင်တွယ်နိုင်သင့်သည့်အရာထက် အလွန်အမင်းကိုမှ ကျော်လွန်နေသေးပါ၏။ သို့သော် လုချင်းကတော့ ၎င်းကို လုံးဝဖိနှိပ်ရန်တွက် သူ၏ ဝင်္ကပါစွမ်းအားကို အသုံးပြုကာ ထိုသို့ပင် တိတိကျကျ လုပ်ဆောင်လိုက်ခြင်းပင်။
၎င်းမှာ ယုန်လေးတစ်ကောင်က ဆင်တစ်ကောင်အား မြေကြီးပေါ်သို့ ရုတ်တရက် ပစ်ချလိုက်သည်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။ သူသည် လုချင်းအပေါ် အလွန်အမင်း လေးစားမှုထားရှိပြီးဖြစ်သော်လည်း ယခုအခါတွင်မူ အတော်လေးကို အံ့အားသင့်ကာ မှင်သက်သွားခဲ့ရဆဲ ဖြစ်လေတော့သည်။
"ပိုးကောင်ကများ၊ မင်းက ဘယ်လိုသတ္တိတွေနဲ့များ ရဲတင်းနေရတာလဲ" သာမန် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် ခေါင်းဆောင်သခင် မြောင်ယွီ၏ ဒေါသသည် ကျိန်စာအမှတ်အသားအတွင်းမှ ပေါက်ကွဲထွက်လာတော့သည်။ ၎င်းမှာ ဝိညာဉ်အမျှင်တန်းလေးတစ်ခုသာ ဖြစ်သော်လည်း ဤစော်ကားမှုမှာ သည်းခံနိုင်စရာမရှိအောင် ဖြစ်နေ၏။
"ပိုးကောင်... မင်းက သေဖို့ ထိုက်တန်တယ်" သူ၏ ဝိညာဉ် ကိုယ်ပွားသည် တောက်လောင်နေသော ဒေါသများဖြင့် စိုက်ကြည့်နေလေရာ သူ၏အကြည့်များသည် လေဟာနယ်ကိုပင် အပေါက်များဖြစ်အောင် လောင်ကျွမ်းသွားစေနိုင်မည့်အလား ထင်မှတ်ရလေသည်။ အာခံနေသော လုချင်းကို သုတ်သင်ရန် အသင့်ဖြစ်နေလျက် သူသည် လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီးနောက်၌ မြင့်မြတ်သော စွမ်းအားများသည် သူ့လက်ချောင်းထိပ်တွင် စုစည်းလာလေတော့၏။
"ခင်ဗျားကို လှုပ်ခွင့်ပေးမယ်လို့ ကျွန်တော် ပြောခဲ့မိလို့လား" သူ၏ လက် မြင့်တက်လာချိန်မှာပင် လုချင်းက အေးစက်စွာ ပြောလိုက်သည်။
သူ၏ စိတ်ဆန္ဒ တစ်ချက်ဖြင့် သူ့အောက်ရှိ ဝင်္ကပါမှာ ပို၍ပင် တောက်ပလာတော့၏။ ထိုအခါ၌ ခေါင်းဆောင်သခင် မြောင်ယွီ၏ ဝိညာဉ် ကိုယ်ပွားသည် မမြင်ရသော အင်အားတစ်ခုဖြင့် ထပ်မံ ချည်နှောင်ခံလိုက်ရပြန်သည်။ ထိုမြင့်တက်နေသော လက်ချောင်းမှာ လေထဲတွင်သာ ရပ်တန့်သွားပြီး အောက်သို့ ကျဆင်းလာနိုင်ခြင်း မရှိတော့ချေ။
"ဘာ" ဤတစ်ကြိမ်တွင်မူ ခေါင်းဆောင်သခင် မြောင်ယွီကိုယ်တိုင်ပင် အမှန်တကယ် အံ့အားသင့်သွားခဲ့ရတော့သည်။
သူ၏ ဝိညာဉ် စွမ်းအားကို အပြည့်အဝထုတ်သုံးနေချိန်မှာတောင် သူ့ကို ချုပ်နှောင်ထားနိုင်သည့် ဤဝင်္ကပါကား မည်သည့် ဝင်္ကပါမျိုးနည်း။
သူ့ကို ပို၍ပင် တုန်လှုပ်သွားစေသည်မှာ ထိုဝင်္ကပါတွင် သူ့အပေါ် သဘာဝအရ ဖိနှိပ်နိုင်သည့် အရာတစ်မျိုးမျိုး ရှိနေပုံရခြင်းပင်ဖြစ်၏။
သူသည် သူ၏ ပင်မခန္ဓာကိုယ်ထံမှ စွမ်းအားများကို မရယူနိုင်တော့သည်သာမက သူ၏ အသိစိတ်ကို ကျောက်ချထားပေးသည့် ကျိန်စာအမှတ်အသားသည်ပင် ယခုအခါ အပြည့်အဝ ဖိနှိပ်ခံထားရပြီ ဖြစ်လေသည်။ ဆက်တိုက်ဆိုသလို ဆုတ်ယုတ်မှုများ ခံစားရပြီးနောက် နောက်ဆုံးတွင် ခေါင်းဆောင်သခင် မြောင်ယွီ သဘောပေါက်သွားလေတော့၏။
သူ၏ရှေ့တွင် ရပ်နေသော ဤရွှေအမြုတေ ကျင့်ကြံသူသည် လျှော့တွက်ရမည့်သူ မဟုတ်ချေ။
သူ့ရှေ့ရှိ ဂါထာမန္တန်အမှတ်အသားကို သေချာစွာ စစ်ဆေးကြည့်သောအခါ၌ ထူးဆန်းသော ရင်းနှီးမှုကို သူ ခံစားလိုက်ရသည်။ ခဏတာမျှ သေချာစွာ စစ်ဆေးပြီးနောက်တွင် ရုတ်တရက် သဘောပေါက်မှုတစ်ခုက ရိုက်ခတ်လာခဲ့လေ၏။ ဤဂါထာမန္တန်အမှတ်အသားကို သူ ဂုဏ်အယူရဆုံး မန္တန်တစ်ခုဖြစ်သည့် နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာ၏ တည်ဆောက်ပုံကို အသုံးပြုကာ တည်ဆောက်ထားခြင်းပင်။
သူ့ကို ပို၍ပင် အံ့အားသင့်သွားစေသည်မှာ ဤဂါထာမန္တန်အမှတ်အသားသည် သူကိုယ်တိုင် ဖန်တီးခဲ့သော ကျိန်စာအမှတ်အသားထက်ပင် ပိုမို၍ သန့်စင်နေပုံရခြင်းပင်။
"ဒါကြီးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဤအရာကို သဘောပေါက်သွားသောအခါ၌ ခေါင်းဆောင်သခင် မြောင်ယွီသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာသည် သူကိုယ်တိုင် ဖန်တီးထားသော တာအိုမန္တန်တစ်ခု ဖြစ်လေ၏။
အခြားသူတစ်ယောက်က သူ့ထက် ပို၍ ပြည့်ပြည့်စုံစုံကြီး ဘယ်လိုလုပ် နားလည်နိုင်မည်နည်း။
"မင်းက ဘယ်သူလဲ။ ဒီအရှင်ရဲ့ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို မင်းက ဘယ်လိုလုပ် သိနေတာလဲ" သူ၏ အကြည့်များသည် လုချင်းအပေါ်သို့ တည့်မတ်စွာ ကျရောက်သွားလေသည်။ နောက်ဆုံးတွင်တော့ ဤရွှေအမြုတေ ပိုးကောင်လေးသည် သူ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ခဲ့ပြီပင်။
"ခင်ဗျားက အခု ကျွန်တော့်ကို မေးခွန်းထုတ်ခွင့် ရှိတယ်လို့ ထင်နေတာလား" လုချင်းသည် ဝိညာဉ်ကိုယ်ပွားကို ကြည့်ကာ ခပ်ဟဟ ပြုံးလိုက်သည်။ "ခင်ဗျားက အသိစိတ် အမျှင်တန်းလေးတစ်ခုသာသာပဲလေ။ ဒါကိုတောင် ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အရမ်းကို မြင့်မြတ်နေသလိုမျိုး ဟန်ဆောင်နေတုန်းပဲလား"
"မင်းက ဝင်္ကပါရဲ့အကူအညီနဲ့ ငါ့ကို ခဏလောက် ဖိနှိပ်ထားနိုင်ခဲ့ရုံလေးပါ။ ငါ ရုန်းထွက်ပြီး မင်းကို ပြန်မတိုက်ခိုက်နိုင်ဘူးလို့ တကယ်ပဲ ယုံကြည်နေတာလား" မြောင်ယွီက အေးစက်စွာ ပြောလိုက်၏။
"အေးလေ၊ ခင်ဗျားရဲ့ ဝိညာဉ်အပိုင်းအစလေးကို ဖိနှိပ်ပြီး စမှုန်တုံးပစ်ဖို့အတွက် ဒီဝင်္ကပါကို ကျွန်တော်က အပြည့်အဝကို အသုံးချမှာ" လုချင်းက ပြန်ပြီးဟောက်ဟမ်းလိုက်တော့သည်။ "ဒီဝင်္ကပါမှာ ခင်ဗျားအတွက် အထူးပြင်ဆင်ထားတဲ့ အဆင့်မြင့် ရွှေအမြုတေ အဆောင်ပေါင်း ၁၀၈ခုတောင် ပါတယ်။ တကယ်လို့ ခင်ဗျားမှာ စွမ်းရည်ရှိတယ်ဆိုရင်တော့... ရုန်းထွက်နိုင်ဖို့ ကြိုးစားကြည့်ကြည့်ပေါ့"
ထိုသို့ပြောပြီးနောက်၌ လုချင်းသည် သူ၏ လက်သင်္ကေတကို ပြောင်းလဲလိုက်ရာ သူ့အောက်ရှိ ဝင်္ကပါသည် မျက်စိကျိန်းမတတ် တောက်ပမှုများဖြင့် ပေါက်ကွဲထွက်လာလေတော့၏။ ဝင်္ကပါ၏ အပြည့်အဝ စွမ်းအားများကို နောက်ဆုံးတွင် ထုတ်လွှတ်လိုက်ပြီပင်။ အဆင့်မြင့် အဆောင် ၁၀၈ခုမှ တစ်ခုစီသည် လျှို့ဝှက်နက်နဲသော ဂါထာမန္တန်တစ်ခုကို ထုတ်လွှတ်လိုက်ပြီးနောက်၌ ဂါထာမန္တန်အမှတ်အသားထဲသို့ စီးဝင်သွားကြတော့သည်။ ထိုအခိုက်အတန့်တွင် ဂါထာမန္တန်အမှတ်အသားမှာ သိသိသာသာ ကြီးထွားလာပြီးနောက် ကွဲဟသွားကာ ခေါင်းဆောင်သခင် မြောင်ယွီ၏ ဝိညာဉ်ကိုယ်ပွားအား တစ်ကျိုက်တည်းဖြင့် မျိုချပစ်လိုက်တော့၏။
ကိုယ်ပွားကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ လုချင်းသည် အချိန်မဖြုန်းတော့ချေ။ သူ၏ လက်ချောင်းများကို ဖြန့်ကားကာ ဂါထာမန္တန်မြောက်မြားစွာကို ဆွဲထုတ်လိုက်ပြီး မော့ဟုန်ယွင်၏ ရင်ဘတ်ပေါ်ရှိ ထူးဆန်းသော ကျိန်စာအမှတ်အသားဆီသို့ ပျံသန်းသွားစေလိုက်သည်။ မြောင်ယွီ၏ ဝိညာဉ်အသိမှာ ဂါထာမန္တန်အမှတ်အသားအတွင်း ချိတ်ပိတ်ခံထားရသဖြင့် ယခုအခါ၌ သခင်မဲ့နေသော ကျိန်စာအမှတ်အသားမှာ လုချင်း၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံနိုင်စွမ်း မရှိတော့ပေ။
ဤအခိုက်၌ ဂါထာမန္တန်များသည် အသိုက်ဆီသို့ ပြန်လာသော ငှက်များအလား အမှတ်အသားထဲသို့ ဝင်ရောက်သွားကြလေ၏။ ပေါင်းစပ်ဝင်ရောက်သွားသော ဂါထာတစ်ခုစီတိုင်းက အမှတ်အသား၏ အနီရောင်ကို အနည်းငယ်စီ မှိန်ဖျော့သွားစေလေသည်။ ၎င်းမှာ ဂါထာမန္တန်များက ၎င်း၏ စွမ်းအားကို အတွင်းပိုင်းမှနေ၍ ပျော်ဝင်သွားစေသကဲ့သို့ပင် ဖြစ်နေတော့၏။
ဂါထာမန္တန်များ ပို၍ပို၍ ဝင်ရောက်လာသည်နှင့်အမျှ ကျိန်စာအမှတ်အသားမှာလည်း ပိုမို၍ပင် ဖြူရော်လာခဲ့လေသည်။ အဆုံးတွင်တော့ ကြက်သွေးရောင် အရိပ်အယောင်လေး တစ်ခုသာ ကျန်ရှိနေတော့ချိန်၌ လုချင်း၏ လက်ချောင်းများသည် လက်သည်းကဲ့သို့ ကွေးကောက်သွားပြီး လေဟာနယ်ကို ဖြတ်၍ ပွတ်ဆွဲကာ ၎င်းကို ဆုပ်ကိုင်လိုက်လေတော့သည်။ ဝင်္ကပါ၏ စွမ်းအား ဖြည့်တင်းမှုဖြင့် မမြင်ရသော အင်အားတစ်ခု ထွက်ပေါ်လာပြီး ယခုအခါ၌ မှိန်ဖျော့နေပြီဖြစ်သော ကျိန်စာအမှတ်အသားကို သူမ၏ ရင်ဘတ်မှ ဆွဲနုတ်လိုက်၏။ ၎င်းသည် လေထဲတွင် အနီရင့်ရောင် နှလုံးသားတစ်ခုအလား ဝဲပျံနေပြီး တဆတ်ဆတ်ဖြင့် လှုပ်ရှားလူးလွန့်နေကာ မြောင်ယွီ၏ ကိုယ်ပွားကို ချုပ်နှောင်ထားသော ဂါထာမန္တန်အမှတ်အသားဆီသို့ ထွက်ပြေးရန် ကြိုးစားနေဆဲပင်။
သို့သော် လုချင်းက မည်သို့လျှင် ထိုသို့ ခွင့်ပြုနိုင်မည်နည်း။
သူ ကျိန်စာအမှတ်အသားကို ဆွဲထုတ်လိုက်သည့်အခိုက်အတန့်မှာပင် သူ၏ လည်ပင်းမှ ရှေးဟောင်းဒယ်အိုးငယ်တစ်ခု ပျံထွက်လာစေရန် စိတ်ဆန္ဒပြုလိုက်ရာ ၎င်းက အမှတ်အသားကို ချက်ချင်းပင် မျိုချသွားတော့၏။
"ယန်"
"ကျုပ်တာဝန်သာ ထားလိုက်" လီဟော်ဒယ်အိုးအတွင်းမှ ယန်သည် စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်၏။
ကျယ်လောင်သော ဟစ်အော်သံနှင့်အတူ သူသည် သူ၏ ပုံစံအစစ်အမှန်ဖြစ်သော ချီနဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလိုက်ပြီး ကျိန်စာအမှတ်အသားကို ရစ်ပတ်ရန်အတွက် မရေမတွက်နိုင်သော နန်မင်မီးတောက်အမျှင်တန်းများကို ဆင့်ခေါ်လိုက်လေတော့သည်။
ကျိန်စာအမှတ်အသားမှာ စတုတ္ထ အတိဒုက္ခအဆင့်ရှိ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်သော်လည်း ယခုအခါ၌ ၎င်း၏ အရင်းအမြစ်နှင့် အဆက်အသွယ် ပြတ်တောက်နေပြီး ၎င်း၏ အသိစိတ်မှာလည်း ချိတ်ပိတ်ခံထားရပြီဖြစ်ရာ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အနှစ်သာရမှာ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ဖြစ်သည့် လီဟော်ဒယ်အိုးအတွင်းမှ မီးတောက်များကို မခံနိုင်တော့ပေ။
ပြင်းထန်သော နေရောင်အောက်ရှိ နှင်းများအလား ၎င်းသည် အလျင်အမြန်ပင် အရည်ပျော်သွားခဲ့ပြီး အဆုံးတွင်တော့ လုံးဝကိုသန့်စင်ခံလိုက်ရကာ ဘာမျှမရှိသော အခြေအနေသို့ ရောက်ရှိသွားလေတော့၏။
ကျိန်စာ ငြိမ်းအေးသွားချိန်တွင် သူမ၏ မြင့်မြတ်သောအလင်းကို အပြည့်အဝ အာရုံစူးစိုက်ကာ ကာကွယ်နေခဲ့သော မော့ဟုန်ယွင်သည် တိုးညှင်းစွာဖြင့် ညည်းတွားလိုက်ပါ၏။ ရုတ်တရက်ဆိုသလိုပင် သူမ၏ ဝိညာဉ်ထဲမှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသလို သူမ ခံစားလိုက်ရလေ၏။ ၎င်းမှာ သူမ၏ နှလုံးသားထဲမှ တောင်ကြီးတစ်လုံး ဖယ်ရှားခံလိုက်ရသည်နှင့်ပင် တူသေးသည်။ သို့သော် လုချင်း၏ သတိပေးချက်ကို သူမ မှတ်မိနေသေးပါ၏။ ထို့ကြောင့် သူမမှာ မျက်လုံးများကို မဖွင့်သေးဘဲ သူမ၏ ဝိညာဉ်အမြုတေကိုသာ အစွမ်းကုန် ဆက်လက်ကာကွယ်နေခဲ့တော့သည်။
"မင်းကများ.... အသုံးမကျတဲ့ ပိုးကောင်... ဘယ်လိုတောင် ရဲတင်းရတာလဲ" ထိုအခိုက်အတန့်မှာပင် ဂါထာမန္တန်အမှတ်အသားထဲတွင် ပိတ်မိနေဆဲဖြစ်သော ခေါင်းဆောင်သခင် မြောင်ယွီ၏ ဝိညာဉ်ကိုယ်ပွားသည် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
သူသည် မယုံကြည်နိုင်မှုများဖြင့် လွှမ်းမိုးခံလိုက်ရလေ၏။ ဤကောင်လေး လုပ်ဆောင်ခဲ့သမျှ အရာအားလုံးနှင့် အဆင့်တိုင်းသည် ကြိုတင်ကြံစည်ထားပုံပင်။ လုပ်ရပ်တစ်ခုစီတိုင်းကို ကြိုတင်မြင်ထားခဲ့သကဲ့သို့နှယ် သူ့ကို ထောင်ချောက်ဆင်ရန်အတွက် အကွက်တိုင်းကို တိကျစွာ တွက်ချက်ထားခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါ၌ သူ လွန်ခဲ့သော အချိန်များစွာကတည်းက မော့ဟုန်ယွင်တွင် စိုက်ပျိုးထားခဲ့သော နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာမှာပင် ဖယ်ရှားခံလိုက်ရပြီ ဖြစ်၏။ ထိုမိန်းမသည် သူ နှစ်ပေါင်းများစွာ ချမှတ်ထားခဲ့သော အစီအစဉ်တစ်ခု၏ အဓိကအခရာဖြစ်ပြီး သန္ဓေသားဝိညာဉ်အဆင့်၏ ပဉ္စမ အတိဒုက္ခအဆင့် သို့မဟုတ် ဆဌမ အတိဒုက္ခအဆင့်သို့ သူ ချိုးဖောက်ဝင်ရောက်ရန်အတွက် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။
သို့ပေသိ ယခုတော့...
ထိုသည်တို့အားလုံးသည် သာမန် ရွှေအမြုတေ ကျင့်ကြံသူလေး လုချင်းကြောင့် ပျက်စီးသွားခဲ့ရပြီပင်။ ထိုအတွေးကြောင့် ခေါင်းဆောင်သခင် မြောင်ယွီထံတွင် ဒေါသမီးတောက်များ တစ်ဟုန်ထိုး ထိုးတက်လာခဲ့တော့၏။
"စိတ်မပူပါနဲ့။ ခင်ဗျားကိုလည်း ကျွန်တော် ဆက်ပြီး ရှင်းလင်းပေးမှာပါ" လုချင်းသည် ဂါထာမန္တန်အမှတ်အသားအတွင်းမှ ဒေါသများကို ခံစားသိရှိနိုင်လေသည်။
သို့သော်ငြား သူ မကြောက်ရွံ့ခဲ့ပေ။ ယခုအခါ၌ မော့ဟုန်ယွင်အပေါ်ရှိ ကျိန်စာ ဖြေရှင်းပြီးသွားပြီဖြစ်ရာ ဤဝိညာဉ်အမျှင်တန်းလေးကို သူ အတားအဆီးမရှိ တိုက်ခိုက်နိုင်ပြီ ဖြစ်၏။
"အဘိုးကြီး... ခင်ဗျားရဲ့ အသိစိတ် အမျှင်တန်းလေးက ဒီဝင်္ကပါရဲ့ သန့်စင်မှုကို ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမလဲဆိုတာ ကျွန်တော် သိချင်မိသား" လုချင်း၏ မျက်နှာမှာ မှုန်ကုပ်နေလေ၏။ ကိုယ်ကျိုးအတွက် အခြားသူများ၏ အသက်နှင့် ကျင့်ကြံမှုများကို ပေါ့ပေါ့တန်တန် ခိုးယူတတ်သူတစ်ဦးကို သူ လုံးဝ သဘောမကျပေ။ သူသည် အားနည်းနေသေးပြီး ဤမကောင်းဆိုးဝါးကြီး၏ ပြိုင်ဘက်ဖြစ်ရန် အလှမ်းဝေးနေသေးသော်လည်း ဤဝိညာဉ်အစွန်းအစလေးကိုတော့ အသေအချာကို ဖျက်ဆီးပစ်ရန် သူ ဆုံးဖြတ်ထားလေသည်။
သူ နောက်ထပ် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်သည်နှင့် ဝင်္ကပါမှာ တစ်ဖန် လင်းလက်လာပြန်၏။ ပြီးနောက်၌ လုချင်း၏ အနောက်တွင် ရှေးဟောင်းဒယ်အိုးတစ်ခု၏ ပုံရိပ်ယောင် ပေါ်ထွက်လာပြီး ဝင်္ကပါထဲသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။ ဤထပ်ဆောင်း စွမ်းအားနှင့်အတူ ဂါထာမန္တန်အမှတ်အသား၏ စွမ်းအားမှာ နောက်တစ်ကြိမ် မြင့်တက်သွားပြန်လေ၏။ အတွင်းရှိ ဂါထာများသည် တောက်ပလာပြီး ၎င်းတို့ကိုယ်တိုင် ရှုပ်ထွေးလှသော ဝင်္ကပါတစ်ခုအဖြစ် အလွှာများထပ်သွားကာ ပိတ်မိနေသော ကိုယ်ပွားကို အရပ်မျက်နှာအားလုံးမှ ဖိနှိပ်လာတော့သည်။
ပိတ်လှောင်လာသော စွမ်းအားကို ခံစားလိုက်ရသဖြင့် ခေါင်းဆောင်သခင် မြောင်ယွီသည် ခုခံမနေတော့ပေ။ ဝင်္ကပါက သူ၏ ဝိညာဉ်ကို ကြိတ်ချေသွားရန် ရိုးရှင်းစွာပင် သူ ခွင့်ပြုလိုက်တော့၏။ သူ၏ ပင်မခန္ဓာကိုယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ကျောက်ဆူးတစ်ခုအဖြစ် လုပ်ဆောင်ပေးသည့် ကျိန်စာအမှတ်အသားလည်း မရှိတော့သည့်အပြင် စွမ်းအားကြီးမားသော ဝင်္ကပါနှင့် အစွမ်းထက် ဝိညာဉ်လက်နက် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသော လုချင်းကို ပြန်လည်ခုခံရန်တွက် သူ့တွင် စွမ်းအား မရှိတော့ကြောင်း သူ နားလည်ထားသည်။
သို့ဖြစ်၍ သူသည် လုချင်းကို စိုက်ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်လေ၏။
"ကောင်လေး... မင်းရဲ့ ဝိညာဉ်အငွေ့အသက်ကို ငါ မှတ်ထားလိုက်ပြီ။ စိတ်မပူပါနဲ့... ငါ မင်းကို မကြာခင် ရှာတွေ့မှာပါ။ ငါ ရှာတွေ့တဲ့အချိန်ကျရင် မင်းကို သေရတာထက် ပိုဆိုးတဲ့ သိအောင်လုပ်ပစ်မယ်။ ဝူကျန့် ငရဲတွင်းနက်ထဲမှာ ဒုက္ခခံစားရပြီးတော့ ထာဝရ အဆုံးအစမရှိတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေထဲမှာ မင်း ပိတ်မိနေစေရမယ်"
ထိုအရိုးခိုက်မတတ် ခြိမ်းခြောက်မှုနှင့်အတူ သူ၏ ဝိညာဉ်သည် နောက်ဆုံးတွင်တော့ အမှတ်အသား၏ သန့်စင်မှုစွမ်းအားဖြင့် ဖျက်ဆီးခံလိုက်ရပြီး ဘာမျှမရှိသော အခြေအနေသို့ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
…
အခန်း ၅၄၆ - ကံကြမ္မာပုလဲနှင့် အသွင်ပြောင်းအဆောင်
"...အဲ့အချိန်ရောက်ရင် မင်းကို သေချင်ရင်တောင်မှ သေလို့မရအောင်ထိ ငါလုပ်ပြမယ်။ ပြီးတော့ တစ်သက်လုံး ငရဲမီးတွင်းမှာ အဆုံးအစမရှိ လောင်ကျွမ်းခံရအောင် လုပ်ပစ်မယ်"
ထိုသို့ အေးစက်ကာ ခံစားချက်ကင်းမဲ့လှသော ခြိမ်းခြောက်စကားနှင့်အတူ ခေါင်းဆောင်သခင် မြောင်ယွီ၏ ကိုယ်ပွားသည် နောက်ဆုံးတွင် ပြိုလဲကာ ပျက်ပြယ်သွားလေတော့သည်။
အဆောင်ဝင်္ကပါတို့၏ အဆက်မပြတ် သန့်စင်မှုအောက်တွင် ၎င်းသည် လုံးဝကို အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေ၏။
ကျန်ရစ်ခဲ့သော စိမ့်အေးသည့် အငွေ့အသက်မျှသာ ခန်းမဆောင်အတွင်း ပဲ့တင်ထပ်နေဆဲပင်။
သို့သော် ခေါင်းဆောင်သခင် မြောင်ယွီ၏ နောက်ဆုံး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသည့်တိုင်အောင် လုချင်း၏ မျက်နှာအမူအရာမှာတော့ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပေ။
မော့ဟုန်ယွင်အား ကျိန်စာဖြေရန် ကူညီပေးမည်ဟု သူရွေးချယ်လိုက်သည့်အချိန်ကတည်းက စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအား ရန်စမိရန် ကံဖန်လာခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ဤခြိမ်းခြောက်မှုက သူ့အတွက် အရေးလုပ်စရာပင် မဟုတ်တော့ချေ။
သူ့အမြင်တွင် ဤအရာသည် ကျရှုံးသွားသော ကိုယ်ပွားတစ်ခု၏ စွမ်းအားမဲ့ ဒေါသတရားမျှသာ ဖြစ်၏။
ထို့အပြင် ခေါင်းဆောင်သခင် မြောင်ယွီ၏ ဤအသိစိတ်တစ်စသည် သူ၏ ဝင်္ကပါကြောင့် ပင်မခန္ဓာကိုယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီပင်။
ဤနေရာတွင် ဘာဖြစ်သွားခဲ့သည်ကို သူ၏ပင်မခန္ဓာကိုယ်က သိနိုင်၊ မသိနိုင်ဆိုသည်မှာပင် မသေချာလှချေ။
အဆိုးဆုံးအခြေအနေအား တွေးကြည့်မည်ဆိုလျှင်ပင်၊ စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်၏ နတ်စွမ်းအင်များသည် သူ့စိတ်ကူးထက် ကျော်လွန်နေပြီး ဤအသိစိတ်လေး ပျက်စီးသွားချိန်တွင် သူ၏ပင်မခန္ဓာကိုယ်က တစ်စုံတစ်ရာကို ခံစားသိရှိနိုင်မည်ဆိုလျှင်တောင်မှ လုချင်းကတော့ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ပြီးပြည့်စုံသော ရွှေအမြုတေကို သန့်စင်ထားသည့်အပြင် အသွင်သဏ္ဌာန်မဲ့သော ခြေရာဖျောက်နိုင်စွမ်းကို ရရှိထားသောကြောင့် သူသည် သူ၏အငွေ့အသက်ကို ပြောင်းလဲနိုင်ရုံသာမက စိတ်ဝိညာဉ်လှိုင်းများကိုပါ စိတ်ကြိုက် ဖိနှိပ်ထားနိုင်လေသည်။
ခေါင်းဆောင်သခင် မြောင်ယွီနှင့် မျက်နှာချင်းဆိုင် ရပ်နေမည်ဆိုလျှင်ပင် သူ့အနေနှင့် လုချင်းကို မှတ်မိနိုင်မည် မဟုတ်ချေ။
ဤယုံကြည်ချက်ဖြင့် လုချင်းသည် မော့ဟုန်ယွင်၏ ကျိန်စာကို ဖယ်ရှားပေးရန် ရဲရဲဝံ့ဝံ့ ကူညီပေးခဲ့ခြင်းဖြစ်၏။
ထိုသို့မဟုတ်ပါက သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို မဆင်မခြင် အဘယ်ကြောင့် ရန်စဝံ့မည်နည်း။
ဝိညာဉ်စွမ်းအင်များဖြင့် သေချာစွာ စစ်ဆေးပြီး ကိုယ်ပွား၏အသိစိတ်မှာ အမှန်တကယ် လုံးဝပျက်စီးသွားကြောင်း အတည်ပြုပြီးနောက်တွင်တော့ လုချင်းသည် နောက်ဆုံးတွင် လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်တော့၏။
မြင့်မားလှသော အဆောင်ဝင်္ကပါကြီးသည် အနည်းငယ် တုန်ခါသွားပြီးနောက်၌ မရေမတွက်နိုင်သော ဂါထာမန္တန်များအဖြစ် ပြန့်ကျဲသွားကာ ဝင်္ကပါအတွင်းသို့ ပြန်ပြီးဝင်ရောက်သွားတော့သည်။
ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသော အလင်းတန်းသည်လည်း မှေးမှိန်သွားပြီး ဝင်္ကပါအတွင်းသို့ ပြန်၍စုပ်ယူခံလိုက်ရသည်။
ဤအရာအားလုံး ပြီးဆုံးသွားမှသာ လုချင်းသည် ဝိညာဉ်ရေးရာ သတင်းစကားတစ်ခု ပေးပို့လိုက်ပြီး သတိလစ်နေဆဲဖြစ်သော မော့ဟုန်ယွင်အား လှမ်းခေါ်လိုက်လေသည်။
ဝင်္ကပါ၏ အပြင်ဘက်တွင်မူ ချန်းလန်မြို့စားမင်းသည် လုံးဝကို မှင်သက်စွာဖြင့် ရပ်နေခဲ့၏။
သူသည် သူ့ရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။
"သူက ခေါင်းဆောင်သခင် မြောင်ယွီရဲ့ ကိုယ်ပွားကို တကယ်ကြီး သန့်စင်လိုက်တာလား။ ကိုယ်ပွားရဲ့ အသိစိတ်ကအစ လုံးဝကို ဖျက်ဆီးခံလိုက်ရတာလား"
ချန်းလန်မြို့စားမင်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေသည်။
စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ်ပွားသည် မည်မျှပင် အားနည်းနေပါစေ၊ သာမန် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ကိုင်တွယ်နိုင်မည့် အရာမျိုး မဟုတ်သင့်ပေ။
သို့တိုင်အောင် လုချင်းက ၎င်းကို အနည်းငယ်မျှပင် ခုခံခွင့်မရစေဘဲ ချေမှုန်းပစ်လိုက်သည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြည့်နေခဲ့ရသည်။
အစမှအဆုံးတိုင်အောင် ကိုယ်ပွားသည် ကောင်းစွာ တန်ပြန်တိုက်ခိုက်မှုပင် မလုပ်နိုင်ဘဲ လုံးလုံးလျားလျား ပြိုကွဲသွားခဲ့ရ၏။
လှုပ်ရှားမှုတိုင်းသည် လုချင်း၏ တွက်ချက်မှုအတွင်း၌သာ ရှိနေခဲ့ပြီး မယုံကြည်နိုင်လောက်အောင်ပင် အားစိုက်ထုတ်စရာမလိုဘဲ ပြီးမြောက်သွားခဲ့လေ၏။
"ခန်းမဆောင်သခင်၊ ပြီးသွားပါပြီဗျ။ ခင်ဗျားရဲ့ စိတ်အာရုံကို ပြန်ပြီးရုတ်သိမ်းလို့ရပါပြီ"
သူမ၏ ဝိညာဉ်အလင်းရောင်ကို စောင့်ရှောက်နေခဲ့သော စိတ်အာရုံ၏ နက်ရှိုင်းသော နေရာမှနေ၍ မော့ဟုန်ယွင်သည် လုချင်း၏ အသံ ပဲ့တင်ထပ်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
"ဒါက တာအိုမိတ်ဆွေလုရဲ့အသံပဲ... သူ အောင်မြင်သွားပြီလား"
သူမ၏ ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများလွှမ်းမိုးသွားတော့သည်။ အစောကပင် သူမ၏ ဝိညာဉ်ထဲတွင် ရုတ်တရက် ပေါ့ပါးသွားသလို ခံစားခဲ့ရပြီးဖြစ်သည်။
တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမ၏ စိတ်အာရုံကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ပို့ဆောင်ကာ နောက်တစ်ကြိမ် ထိန်းချုပ်လိုက်လေ၏။
သူမ၏ စိတ်အာရုံက ခန္ဓာကိုယ်အတွင်း၌ ပြန်လည်အခြေချသွားသည်နှင့် မော့ဟုန်ယွင်သည် ခြားနားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။
ပြီးပြည့်စုံသော ပေါင်းစည်းမှုနှင့် အားစိုက်ထုတ်စရာမလိုသော စီးဆင်းမှု ခံစားချက်တစ်ခုက သူမ၏ ခန္ဓာကိုယ်အနှံ့ လွှမ်းခြုံသွားလေသည်။
အောက်သို့ ငုံ့ကြည့်လိုက်သောအခါ၌ သူမ၏ နှလုံးသားကို အိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်ကာ အဆုံးမဲ့ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကို ယူဆောင်လာခဲ့သော ထူးဆန်းသည့် သွေးရောင် ကျိန်စာအမှတ်အသားသည် ယခုအခါ၌ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လုံးဝကို ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူမ မြင်တွေ့လိုက်ရတော့သည်။
"တာအိုမိတ်ဆွေလု၊ ဒါက..."
မော့ဟုန်ယွင်သည် တွေဝေစွာဖြင့် သူမ၏ ရင်ဘတ်ကို ငေးကြောင်၍ ကြည့်နေမိ၏။
"ဟုန်ယွင်၊ - နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကို တာအိုမိတ်ဆွေလုက အရှင်းဖယ်ပေးလိုက်ပြီ။ ခေါင်းဆောင်သခင် မြောင်ယွီရဲ့ ကိုယ်ပွားကိုတောင် သန့်စင်ပြီး ဖျက်ဆီးပစ်လိုက်ပြီလေ"
ချန်းလန်မြို့စားမင်းက အလျင်အမြန် ရှင်းပြလိုက်သည်။
မော့ဟုန်ယွင်သည် လုချင်းအား ရုတ်ချည်း မော့ကြည့်လိုက်လေ၏။
သူကလည်း အနည်းငယ် ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။ "ခန်းမဆောင်သခင်၊ ခင်ဗျား အခု စိတ်အေးလက်အေးနဲ့ နေလို့ရပါပြီဗျ။ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာပျောက်သွားပြီဆိုတော့ ခေါင်းဆောင်သခင် မြောင်ယွီက ခင်ဗျားရဲ့ တည်ရှိမှုကို မခံစားနိုင်တော့သလို ခင်ဗျားရဲ့ ကံကြမ္မာကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်လို့ မရနိုင်တော့ပါဘူးဗျ"
"ငါ... ငါ နောက်ဆုံးတော့ လွတ်လပ်သွားပြီပေါ့"
သူ၏ အတည်ပြုစကားကို ကြားသောအခါ မော့ဟုန်ယွင်သည် နောက်တစ်ကြိမ် တွေဝေသွားပြီး သူမဘာသာ တီးတိုးရေရွတ်နေမိတော့သည်။
နှစ်ပေါင်းများစွာတိုင် မျှော်လင့်ချက်မဲ့စွာဖြင့် သူမကို ချည်နှောင်ထားခဲ့သော ကံကြမ္မာ၏ သံကြိုးများသည် နောက်ဆုံးတွင်တော့ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။
သို့သော် သူမ ခံစားရသည့် ပထမဆုံး ခံစားချက်မှာ အတိုင်းမသိ ဝမ်းသာပျော်ရွှင်မှု မဟုတ်ဘဲ နက်ရှိုင်းသော ရှုပ်ထွေးမှုသာ ဖြစ်နေပြီး လမ်းပျောက်နေသကဲ့သို့ပင် ဖြစ်နေလေ၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူမသည် ရုတ်တရက် ဒူးထောက်ချလိုက်ကာ လုချင်းအား လေးနက်စွာ ဦးညွှတ်လိုက်လေတော့သည်။
"ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေလု။ ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ကျွန်မ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးရှင်"
"ထပါ ခန်းမဆောင်သခင်။ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဗျ"
လုချင်းသည် သူ၏လက်ကိ ညင်သာစွာ ဝှေ့ယမ်းလိုက်ကာ သူမကို ပုံသဏ္ဌာန်မဲ့သော အင်အားတစ်ခုဖြင့် မတ်တတ်ရပ်စေလိုက်သည်။
"ဒီရက်ပိုင်းမှာ ခန်းမဆောင်သခင်က ကျွန်တော့်အပေါ် ကြင်နာမှုနဲ့ အခွင့်အရေးတွေ ပေးခဲ့တယ်လေ။ ကျွန်တော်က ကျေးဇူးဆပ်ရုံပါပဲဗျ။"
"နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာပျောက်သွားပေမဲ့လည်း ခေါင်းဆောင်သခင် မြောင်ယွီကတော့ ဒါကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူးဗျ။"
"ခင်ဗျား ရှောင်ချန်းကမ္ဘာကနေ အမြန်ဆုံး ထွက်သွားသင့်တယ်။ သူ ခင်ဗျားကို လုံးဝ ရှာမတွေ့နိုင်တာ အကောင်းဆုံးပဲ။"
"ပြီးတော့ သူနဲ့ ခင်ဗျားရဲ့ ကံကြမ္မာဆက်နွယ်မှုက နက်ရှိုင်းတာမလို့ ကံကြမ္မာကနေတစ်ဆင့် ခင်ဗျားကို ရှာတာမျိုး မလုပ်နိုင်အောင်လို့ ကံကြမ္မာတွက်ချက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ ရတနာတစ်ခုကို ဝတ်ထားသင့်တယ်ဗျ"
လုချင်းက လေးလေးနက်နက် သတိပေးလိုက်လေသည်။
"သူပြောတာ မှန်တယ် ဟုန်ယွင်" ချန်းလန်မြို့စားမင်းက ဖြည့်စွက်ပြောလာသည်။ "ခေါင်းဆောင်သခင် မြောင်ယွီက စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပဲ။ သူက ဟောကိန်းထုတ်တဲ့နေရာမှာ မကျွမ်းကျင်ရင်တောင်မှ သူ့ရဲ့ ကံကြမ္မာ တွက်ချက်မှုစွမ်းရည်က တော်တော်လေးကိုမှ ကြောက်စရာကောင်းမှာ ကျိန်းသေပေါက်ပဲ"
"မင်း သတိထားမှရမယ်။"
"ငါ့ဆီမှာ ကံကြမ္မာပုလဲလို့ခေါ်တဲ့ ဝိညာဉ်လက်နက်တစ်ခု ရှိတယ်။ အဲဒါကို အမြဲတမ်း ဝတ််ထားပါ။ အဲ့တာနဲ့သာဆို ကမ္ဘာကြီးတွေကို ဖြတ်ကျော်သွားရင်တောင်မှ သူလည်း မင်းရဲ့ တည်နေရာကို တွက်ချက်နိုင်တော့မှာ မဟုတ်ဘူး"
ထို့နောက်၌ သူ၏ သိုလှောင်အိတ်ထဲမှ ဖရိုဖရဲ အရောင်အဆင်းရှိသော လက်မအရွယ်အစား ပုလဲတစ်လုံးကို ထုတ်ယူကာ မော့ဟုန်ယွင်ထံသို့ ကမ်းပေးလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် ဦးလေး"
မော့ဟုန်ယွင်သည် တုံ့ဆိုင်းမနေဘဲ ကံကြမ္မာပုလဲကို ယူကာ ၎င်းကို သန့်စင်ရန်အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း စလိုက်လေ၏။
အမှန်တကယ်ပင် သူမတွင် ကံကြမ္မာခြေရာခံခြင်းကို တားဆီးနိုင်သော အခြားရတနာ မရှိပေ။ ထိုသို့သော အရာများသည် ရှားပါးပြီး ဤကဲ့သို့သော ဝိညာဉ်လက်နက် အမျိုးအစားဆိုလျှင် ပို၍ပင် ရှားပါးလှလေသည်။
သူမ၏ ရတနာခန်းမဆောင်တွင်ပင် ပစ္စည်းလက်ကျန် မရှိချေ။
လုချင်းသည် သူမအတွက် ကျိန်စာကို ဖယ်ရှားပေးရန် များစွာ ကြိုးပမ်းခဲ့ရသည်။ ခံစားချက်များကြောင့် ထိုကြိုးစားအားထုတ်မှုကို အချည်းနှီးမဖြစ်စေလိုပေ။
ချန်းလန်မြို့စားမင်းသည် ပုလဲကို သူမထံ မပေးမီကတည်းက သူ၏ ဝိညာဉ်ရေးရာ အမှတ်အသားကို ဖျက်ပစ်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် မော့ဟုန်ယွင်သည် သူမ၏ ဝိညာဉ်အမှတ်အသားကို ၎င်းအပေါ် လွယ်ကူစွာ ရိုက်နှိပ်နိုင်ခဲ့ပြီး အောင်မြင်စွာ သန့်စင်နိုင်ခဲ့ကာ သူမ၏ ခန္ဓာကိုယ်နှင့် ကပ်၍ ဝတ်ဆင်ထားလိုက်တော့သည်။
ချန်းလန်မြို့စားမင်းသည် နောက်ဆုံးတွင် စိတ်အေးသွားသော အပြုံးတစ်ခုကို ပြသလိုက်လေ၏။
ဤအရာနှင့်ဆိုလျှင် မော့ဟုန်ယွင်သည် နောက်ဆုံးတွင် အမှန်တကယ်ပဲ ဘေးကင်းသွားပြီဖြစ်သည်။
ခေါင်းဆောင်သခင် မြောင်ယွီပင်လျှင် ယခုအခါ သူမကို ရှာဖွေရန် ရုန်းကန်ရမည်ပင်။
"ခန်းမဆောင်သခင်၊ ခေါင်းဆောင်သခင် မြောင်ယွီရဲ့ စိတ်သဘောထားကို သိတာမလို့ သူက ဒီအရှက်ကွဲမှုကို ခံပြင်းနေမယ်လို့ ကျွန်တော်တော့ ထင်တယ်ဗျ။ သူကိုယ်တိုင် ဒီအောက်ကမ္ဘာကို ဆင်းလာနိုင်တယ်။"
"ဒါကြောင့်မလို့ ခင်ဗျား မြန်မြန် ထွက်သွားသင့်တယ်ဗျ။ ရှောင်ချန်းကမ္ဘာက မလုံခြုံတော့ဘူး။"
လုချင်းက ထပ်မံ အကြံပေးလိုက်သည်။
"စိတ်မပူပါနဲ့ တာအိုမိတ်ဆွေလု။ ကျွန်မ မလာခင်ကတည်းက ရတနာခန်းမဆောင်ကို ဖျက်သိမ်းခဲ့ပြီးပြီရှင့်။"
"ရတနာတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကိုလည်း အကြီးအကဲတွေကြားမှာ ခွဲဝေပေးပြီးပြီရှင့်။"
"ကျွန်မ အချိန်မရွေး ထွက်သွားလို့ရပါတယ်။"
မည်သို့ပင်ဆိုစေကာမူ မော့ဟုန်ယွင်သည် ချိုသာစွာ ပြုံးလိုက်ရုံသာ ပြုံးပြီး လုချင်းကို အံ့အားသင့်သွားစေမည့် အရာတစ်ခုကို ပြောပြလိုက်လေ၏။
"ခင်ဗျားက တကယ်ပဲ ရတနာခန်းမဆောင်ကို ဖျက်သိမ်းလိုက်တာလား" လုချင်းက အံ့သြစွာ မေးလိုက်သည်။
"ဟုတ်တယ်။ ဒါကြောင့်မို့ တာအိုမိတ်ဆွေလုအနေနဲ့ ကျွန်မကို ခန်းမဆောင်သခင်လို့ ခေါ်စရာ မလိုတော့ပါဘူးရှင့်။ ဟုန်ယွင်လို့ပဲ ခေါ်ပါ" သူမက ပြုံးလျက် ပြန်ဖြေလိုက်သည်။
လုချင်းသည် လေးစားစွာဖြင့် သက်ပြင်းချလိုက်တော့သည်။
ရတနာခန်းမဆောင် ဟူသော ဧရာမ ကုန်သွယ်ရေးအင်အားစုကြီးကို တစ်ကိုယ်တော် တည်ဆောက်ခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် ထိုက်တန်လှပေသည်။ ဤမျှ ရဲရင့်သော ဆုံးဖြတ်ချက်ချနိုင်မှုမျိုးမှာ အလွန်ပင် ရှားပါးလှပေ၏။
"ဟုန်ယွင်၊ မင်းမှာ အခု ဘာအစီအစဉ်ရှိလဲ" ချန်းလန်မြို့စားမင်းက မေးလိုက်သည်။ "တကယ်တမ်း ပြောရရင် အလုံခြုံဆုံးနေရာက ငါတို့ နန်ကုန်း မျိုးနွယ်စုပဲ။"
"ခေါင်းဆောင်သခင် မြောင်ယွီက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ သူက ငါတို့ နန်ကုန်း မျိုးနွယ်စု ထဲမှာတော့ မဆင်မခြင် လှုပ်ရှားရဲမှာ မဟုတ်ဘူးလေ။"
"မင်း ငါတို့နဲ့သာ အတူနေရင်..."
သူက သူမကို ဖျောင်းဖျရန် ကြိုးစားသော်လည်း မော့ဟုန်ယွင်၏ မျက်လုံးများထဲမှ အေးစက်သော အကြည့်က သူ့ကို နှုတ်ဆိတ်သွားစေပြီး သူ့အား ဆက်မပြောရဲတော့သည်အထိ ဖြစ်စေသဖြင့် သူ့အသံမှာ တဖြည်းဖြည်း တိုးဝင်သွားလေ၏။
သူမ၏ ဦးလေးက လိမ္မာပါးနပ်စွာ တိတ်ဆိတ်သွားပြီးနောက်မှသာ မော့ဟုန်ယွင်သည် သူမ၏ အကြည့်ကို ရုတ်သိမ်းလိုက်တော့သည်။
သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီးနောက်၌ "ကျွန်မ ဘယ်သွားသွား ကိစ္စမရှိပါဘူး။ ကျွန်မမှာ အခု သံယောဇဉ် ဘာမှမရှိတော့ဘူးလေ။ ရှောင်ချန်းကမ္ဘာကနေ ထွက်သွားတာကတော့ အကောင်းဆုံး ဖြစ်နိုင်ပါတယ်"
"ပြီးခဲ့တဲ့နှစ်တွေမှာ နှလုံးသားတိုက်စား ယစ်မူးပျော်မွေ့ခြင်း ကျိန်စာကြောင့် ကျွန်မမှာ ကျင့်ကြံဖို့ကိုတောင် အမြဲတမ်း ဝန်လေးနေခဲ့ရတယ်။"
"ကျွန်မရဲ့ ကျင့်ကြံမှုက ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ အကုန်လုံးက တခြားတစ်ယောက်ရဲ့ အကျိုးအတွက်ပဲ ဖြစ်နေမှာလေ။"
"ဒါပေမဲ့ အခုတော့ ကျွန်မ ကမ္ဘာအနှံ့ ခရီးသွားပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံချင်တယ်ဆိုရင်တောင်မှ လွတ်လွတ်လပ်လပ် လုပ်လို့ရပြီ။"
"တစ်နေ့နေ့ သန္ဓေသားဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်ပြီးတော့ ယင်ကျောက်စိမ်းခန္ဓာကို လုံးဝကျွမ်းကျင်နိုင်ဖို့အထိ ကံကောင်းခဲ့မယ်ဆိုရင်၊ နောက်ဆို ဘယ်သူမှ ကျွန်မရဲ့ ကံကြမ္မာကို ထပ်ပြီး ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး"
သူမမျက်နှာပေါ်ရှိ ပြတ်သားမှုကို ကြည့်ရင်း လုချင်းသည် ခဏမျှ စဉ်းစားလိုက်၏။
ထို့နောက် သူသည် သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်အတွင်းသို့ လက်နှိုက်ကာ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
"ခန်းမဆောင်သခင်၊ ဒီအဆောင်ကိုယူပြီး သန့်စင်လိုက်ပါဗျ။ သန့်စင်ပြီးသွားရင် ခင်ဗျားရဲ့ ရွှေအမြုတေ ထဲမှာ သိမ်းထားလိုက်ပါ။"
"အဲဒါက ခင်ဗျားရဲ့ အငွေ့အသက်ကို ဖုံးကွယ်ဖို့ ကူညီပေးနိုင်တဲ့အပြင်ကိုမှ ခင်ဗျားရဲ့ ယင်ကျောက်စိမ်းခန္ဓာရဲ့ လျှို့ဝှက်ချက်တွေကိုပါ တခြားသူတွေ မမြင်နိုင်အောင်လို့ ကာကွယ်ပေးလိမ့်မယ်ဗျ။"
"ဒီအဆောင်က ကျွန်မရဲ့ ယင်ကျောက်စိမ်းခန္ဓာရဲ့ အငွေ့အသက်ကိုပါ ဖုံးပေးနိုင်တယ်ပေါ့။"
မော့ဟုန်ယွင်သည် ကျောက်စိမ်းအဆောင်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။
"ဟုတ်တယ်ဗျ။ သန့်စင်ပြီးတာနဲ့ တစ်ယောက်ယောက်ကသာ ဝိညာဉ်စွမ်းအင်နဲ့ နက်နက်ရှိုင်းရှိုင်း မစစ်ဆေးဘူးဆိုရင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင်မှ ခင်ဗျားရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ကို သိဖို့ ခက်လိမ့်မယ်" လုချင်းက အတည်ပြုပေးလိုက်၏။
အဆိုပါ အဆောင်သည် သူ့ပြီးပြည့်စုံသော ရွှေအမြုတေ၏ ပုံသဏ္ဌာန်မဲ့ အသွင်ပြောင်းလဲခြင်း စွမ်းရည်ကို အခြေခံထားခြင်းဖြစ်သည်။
ဂါထာမန္တန်လမ်းစဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုခြင်းဖြင့် သူသည် ဤအသွင်ပြောင်းအဆောင်ကို ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။
ရှောင်လီနှင့် ဝူရှင်းပင်လျှင် သူတို့၏ မိစ္ဆာအမြုတေများပေါ်၌ သူရေးဆွဲထားသော တူညီသည့် ဖုံးကွယ်ခြင်း ဂါထာမန္တန်ကြောင့် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏ မျက်စိအောက်တွင် ရှာမတွေ့နိုင်ဘဲ နေနိုင်ခဲ့ခြင်းဖြစ်၏။
"ဒီလိုအံ့ဩစရာကောင်းတဲ့အဆောင်မျိုး ရှိနေမယ်လို့ ထင်တောင်မထင်ထားမိဘူး... တာအိုမိတ်ဆွေလု၊ ဂါထာမန္တန် လမ်းစဉ်မှာ ရှင်ရဲ့ အောင်မြင်မှုတွေက တကယ့်ကို အံ့မခန်းပါလားရှင်။"
အလွန်အမင်း ဝမ်းသာသွားသော မော့ဟုန်ယွင်သည် အဆောင်ကို လက်ခံရယူကာ ၎င်းကို ချက်ချင်းပင် စတင်သန့်စင်လေတော့၏။
သန့်စင်ပြီးသွားသောအခါ၌ သူမသည် ၎င်းကို ဒျန်ထျန်အတွင်းသို့ စုပ်ယူလိုက်တော့၏။
အတွေးတစ်ချက်ဖြင့် သူမ၏အငွေ့အသက်မှာ သိသိသာသာကို ပြောင်းလဲသွားတော့သည်။
သူမ၏ အေးစက်ပြီး ဆွဲဆောင်မှုရှိသော မူလအသွင်အပြင်မှာဆိုလျှင် လုံးဝကို သာမန်အရာတစ်ခုအဖြစ် ချက်ချင်းပင် မှေးမှိန်သွားလေ၏။
သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ချန်းလန်မြို့စားမင်းပင်လျှင် သူမ၏ အငွေ့အသက်မှာ လုံးဝ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရပြီး သူကိုယ်တိုင်သာ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရပါက သူမအား သူ၏တူမဖြစ်ကြောင်းကိုပင် ယုံကြည်နိုင်မည် မဟုတ်ချေ။
"ကောင်းလိုက်တာ ကံကြမ္မာပုလဲရော၊ ဒီအဆောင်ပါ ရှိနေပြီဆိုတော့ ဟုန်ယွင်၊ မင်းရဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှာကို စိတ်ပူစရာမလိုဘဲနဲ့ ခရီးသွားလို့ရပြီပေါ့" သူက ဝမ်းသာအားရ ပြောလိုက်၏။
မော့ဟုန်ယွင်မှာ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။
သူမ၏ ဘဝတစ်လျှောက်လုံးတွင် သူမကို ဒုက္ခအပေးဆုံးအရာမှာ သူမ၏ ယင်ကျောက်စိမ်းခန္ဓာပင်ဖြစ်၏။
ဤသဘာဝအလျောက် ဆွဲဆောင်မှုရှိပြီး မီးဖိုကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံက တပ်မက်သော မျက်လုံးများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ခရီးသွားနေစဉ်တွင်ပင် အခြားသူများ သူမ၏လျှို့ဝှက်ချက်ကို မသိစေရန်အတွက် သူမသည် အမြဲတမ်းလိုလို နိုးနိုးကြားကြား ရှိနေဖို့ လိုခဲ့၏။
သို့သော် လုချင်း၏ အဆောင်နှင့်ဆိုပါက သူမ၏လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်ခြေမှာ သိသိသာသာပင် လျော့ကျသွားပြီဖြစ်၏။
သူမ မည်သို့လျှင် မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
အကယ်၍ သူမတွင် ထိုစဉ်ကတည်းက ဤကဲ့သို့သော အဆောင်မျိုး ရှိခဲ့ပါက ခေါင်းဆောင်သခင် မြောင်ယွီသည်လည်း သူမကို မည်သည့်အခါမှ သတိပြုမိမည်မဟုတ်သလို ပစ်မှတ်ထားခဲ့မည်လည်း မဟုတ်ပေ။
တည်ငြိမ်သွားပြီးနောက်၌ မော့ဟုန်ယွင်သည် သူမကိုယ်ပေါ်မှ သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
"တာအိုမိတ်ဆွေလု၊ ရှင်ရဲ့ ကျေးဇူးကို ဆပ်ဖို့ တခြားဘာနည်းလမ်းမှ မရှိတော့ပါဘူးရှင်။ ကျေးဇူးပြုပြီး ဒီအိတ်ကို လက်ခံပေးပါ။"
"ခန်းမဆောင်သခင်၊ ဒါက..." လုချင်းသည် အိတ်ကို ချက်ချင်း မယူဘဲ သူမကိုသာ ကြည့်နေလေ၏။
"ဒါက ဝိညာဉ်ကျောက်တုံးတချို့ပါ" မော့ဟုန်ယွင်က ညင်သာစွာ ပြောလိုက်၏။ "ရှင်က ဒါတွေကို တန်ဖိုးထားတဲ့ပုံပဲ။ ပြီးတော့ နှစ်တွေအကြာကြီး ရတနာခန်းမဆောင်ကို အုပ်ချုပ်လာခဲ့တာ ကျွန်မဆီမှာ တခြား ဘာမှမရှိရင်တောင်မှ ဝိညာဉ်ကျောက်တုံးတွေတော့ လုံးဝ မရှားပါဘူးရှင့်။"
"ဒါကြောင့်မို့ ကျေးဇူးပြုပြီး ယူလိုက်ပါ။"
"ရှင့်ရဲ့ ကြီးမားတဲ့ကျေးဇူးကို ဘာမှပြန်မပေးဘဲ ဒီတိုင်းကြီးလက်ခံလိုက်မိရင် ကျွန်မကိုယ်ကျွန်မတောင် မျက်နှာပူနေရမှာမလို့ပါ။"
လုချင်းသည် သူမ၏ မျက်နှာပေါ်ရှိ ရိုးသားမှုကို မြင်သောအခါ၌ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ အိတ်ကို ယူလိုက်တော့သည်။
"ဒါဆိုရင်လည်း ကျွန်တော် လေးလေးစားစားနဲ့ပဲ လက်ခံလိုက်ပါ့မယ်ဗျ။"
သူ အိတ်အား လက်ခံလိုက်သည်ကို မြင်သောအခါ၌ မော့ဟုန်ယွင်သည် နောက်ဆုံးတွင်တော့ စိတ်အေးသွားသည့်အလား ပြုံးလိုက်တော့၏။
ထို့နောက် ဆက်ဖြစ်လာသည်များမှာ ရိုးရှင်းလှပေသည်။
လုချင်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရွှေအမြုတေအဆင့်ရှိ အဆင့်မြင့် အဆောင် ၁၀၈ ခုကို ကောက်ယူလိုက်သည်။
ထို့နောက် သူသည် ဝင်္ကပါ၏ ခြေရာလက်ရာအားလုံးကို ဖျက်ပစ်လိုက်လေ၏။
ဤတစ်ကြိမ် သူ အသုံးပြုခဲ့သော ဝင်္ကပါသည် အလိုအလျောက် ဖန်တီးမှုတစ်ခုပင်။ သို့သော် ၎င်း၏ အကျိုးသက်ရောက်မှုမှာတော့ ထူးခြားလှပေ၏။
စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးထံမှ အသိစိတ်တစ်စပင်လျှင် သန့်စင်ခြင်း ခံခဲ့ရသည်။
သို့ဖြစ်၍ ၎င်းသည် သူ၏ ဂါထာမန္တန်လမ်းစဉ်တွင် ကြီးမားသော တိုးတက်မှုတစ်ခုကို အမှတ်အသားပြုလိုက်ခြင်းပင်။
ဤဝင်္ကပါသည် အနာဂတ်တွင် သူ့အတွက် များစွာ အသုံးဝင်လာနိုင်ပေ၏။
ထို့ကြောင့် ၎င်း၏ လျှို့ဝှက်ချက်များကို မည်သူတစ်ဦးတစ်ယောက်မျှ အလွယ်တကူ ဖော်ထုတ်ခွင့် မပေးနိုင်ပေ။
"တာအိုမိတ်ဆွေလု၊ ဝင်္ကပါပညာရပ်တွေမှာ မင်းရဲ့ အောင်မြင်မှုတွေက တကယ့်ကို အံ့မခန်းပါပဲ။"
"တကယ်စွမ်းအားကြီးတဲ့ ဝင်္ကပါဆရာတွေက နတ်ဘုရားတွေနဲ့ တစ္ဆေတွေလိုမျိုး စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်လို့ ပြောကြတယ်။"
"ဝင်္ကပါတစ်ခု တည်ဆောက်ဖို့ အချိန်လုံလုံလောက်လောက်သာ ရမယ်ဆိုရင် သူတို့က တောင်တွေကိုတောင် ရွှေ့ပြောင်းနိုင်ပြီးတော့ ပင်လယ်တွေကို မှောက်လှန်နိုင်ရုံတင်မကဘဲ ပိုမြင့်တဲ့ နယ်ပယ်တွေကိုတောင် စိန်ခေါ်နိုင်တယ်တဲ့။"
"ဒီနေ့တော့ ငါကိုယ်တိုင် မြင်လိုက်ရပြီ။"
လုချင်းတစ်ယောက် မြေပြင်ပေါ်ရှိ ခြေရာလက်ရာများအား ဖျက်နေသည်ကို ကြည့်ရင်း ချန်းလန်မြို့စားမင်းသည် အစောပိုင်းက မြင်ကွင်းကို ပြန်လည်အမှတ်ရသွားကာ အသံထွက်၍ပင် ချီးကျူးမိလေ၏။
တစ်ဆက်တည်းမှာပဲ လုချင်းက ကုန်းရှုယွီကို အားစိုက်ထုတ်စရာပင်မလိုဘဲ ချေမှုန်းပစ်ခဲ့သည့်အခိုက်အတန့်ကိုလည်း သူ အမှတ်ရမိသည်။
ထို့နောက်၌ လုချင်း၏ စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုအပေါ် သူ၏ ခံစားချက်မှာ ပို၍ပင် အားကောင်းလာတော့သည်။
ယခုအခါ သူ သံသယဝင်နေသည်မှာ အကယ်၍ လုချင်းတွင် ဝင်္ကပါတစ်ခု ပြင်ဆင်ရန် အချိန်အလုံအလောက်သာ ရှိခဲ့မည်ဆိုလျှင် သူ၏ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းနေလျှင်တောင်မှ ဤလူငယ်ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ဟုပင် ထင်မြင်မိပါ၏။
"မြို့စားမင်းကတော့ ကျွန်တော့်ကို မြှောက်ပြောနေပြန်ပါပြီဗျာ။ ဒီတစ်ကြိမ်မှာ ကျွန်တော့်ဘက်က ကြိုတင်မြင်နိုင်စွမ်းနဲ့ အစီအစဉ်ဆွဲနိုင်တဲ့ အားသာချက် ရှိနေလို့ပါဗျ။ ခေါင်းဆောင်သခင် မြောင်ယွီက ရန်သူကို အထင်သေးသွားရုံလေးပါ။"
"အဲ့လိုမှ မဟုတ်ရင် သူ့ကို ထောင်ချောက်ဆင်ပြီး သန့်စင်ဖို့က ဒီလောက်ထိ လွယ်မှာမဟုတ်ဘူးလေ။"
လုချင်းသည် နှိမ့်ချစွာဖြင့် ခေါင်းယမ်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ ရွှေအမြုတေအဆင့်မှာပဲ ရှိနေသေးတာတောင်မှ စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ပွားကို သန့်စင်နိုင်ခဲ့တာကိုက... ဒီသတင်းသာ ပျံ့သွားမယ်ဆိုရင် အထက်ကမ္ဘာတွေမှာတောင် အုတ်အော်သောင်းနင်း ဖြစ်သွားလိမ့်မယ်။"