အခန်း (၅၅၃-၅၅၄)
Vol. 56 Ch. 553-554
အခန်း ၅၅၃ - ရုတ်တရက် အပြောင်းအလဲ၊ အစွမ်းထက် လေပြင်းသားရဲများ၊ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်း
"မဟန်ဘူးဟေ့၊ လေပြင်းသားရဲပဲ။"
အဝေးမှ သားရဲဟိန်းဟောက်သံကို ကြားလိုက်ရသောအခါ သံချပ်ကာဝတ်လူကြီး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားလေ၏။
"လေပြင်းလွင်ပြင်ထဲ ဝင်ဝင်ချင်းမှာပဲ လေပြင်းသားရဲက ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ။ သူတို့က များသောအားဖြင့် အတွင်းပိုင်းမှာပဲ ပုန်းနေတတ်တာ မဟုတ်ဘူးလား။"
သူ့ဘေးရှိ လူလတ်ပိုင်းသည်လည်း အလားတူပင် မှုန်ကုပ်နေလေ၏။
သူတို့ရွေးချယ်ခဲ့သော ဤလမ်းကြောင်းမှာ ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်ပေသည်။
ပုံမှန်လမ်းကြောင်းအရဆိုလျှင် သူတို့သည် လေပြင်းသားရဲ အသိုက်အများစုကို ရှောင်ကွင်းသွားနိုင်သင့်ပါ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ လေပြင်းလွင်ပြင်အတွင်းသို့ ရောက်ရုံသာရှိသေးသော်လည်း လေပြင်းသားရဲတစ်ကောင် ပေါ်လာခဲ့ပြီပင်။
ရုတ်ချည်းပင် အဖွဲ့ပေါ်သို့ စိတ်မသက်မသာဖြစ်မှုတစ်ခု ကျရောက်လာတော့၏။
လေပြင်းသားရဲ ရုတ်တရက် ပေါ်လာခြင်းက လေပြင်းလွင်ပြင်အတွင်း၌ အမည်မသိ ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေကြောင်း အရိပ်အမြွက်ပြသနေပေသည်။
ထို့အပြင် ဤအချိန်တွင် သူတို့ နောက်ပြန်လှည့်ချင်လျှင်ပင် အခါနှောင်းသွားခဲ့ပြီဖြစ်၏။
ယာဉ်တန်းမှာ ဖြည်းညင်းစွာ ရွေ့လျားနေချိန်တွင် လေပြင်းသားရဲများမှာတော့ သူတို့၏ အမြန်နှုန်းကြောင့် နာမည်ကြီးလှသဖြင့် ယာဉ်တန်းကို အလွယ်တကူမီနိုင်လေသည်။
ပတ်ဝန်းကျင်ရှိ လေပြင်းများမှာ ပို၍ပင် ပြင်းထန်လာပြီး လေနှင့်သဲများက မျက်စိကို ကန်းစေကာ ရှေ့ကိုမြင်ရရန်ပင် မဖြစ်နိုင်သလောက် ဖြစ်နေတော့၏။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သံချပ်ကာဝတ်လူကြီးသည် အံကြိတ်လျက် မီးအိမ်ပုံစံ ဝိညာဉ်လက်နက်တစ်ခုကို ဆင့်ခေါ်လိုက်လေသည်။
နောက်တစ်ခဏတွင်တော့ ဝိညာဉ်လက်နက်မှ အစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာတော့၏။ တောက်ပနေသော အတားအဆီးတစ်ခု ပြန့်ကျဲသွားပြီးနောက်၌ ယာဉ်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့လေသည်။
အတားအဆီးသည် အားကောင်းသော ကာကွယ်မှုကို ပေးရုံသာမက သောင်းကျန်းနေသော လေနှင့် သဲများကိုပါ လူများနှင့် ကန့်ပေးလိုက်၏။
မုန်တိုင်းထဲတွင် ယိမ်းထိုးနေသော အဖွဲ့နှင့် လန်ကျလုနီးပါးဖြစ်နေသော မြင်းလှည်းများမှာ ရုတ်တရက် တည်ငြိမ်မှုကို ပြန်၍ရရှိသွားကြလေ၏။
"အားလုံးပဲ သတိထားကြပါ။ မကြာခင်မှာ လေပြင်းသားရဲတွေ တိုက်ခိုက်လာနိုင်ခြေ များတယ်။ ဒါကြောင့်မလို့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ပြင်ထားကြပါ။"
"ပြီးတော့ ဘာပဲဖြစ်ဖြစ် လေငြိမ်မီးအိမ်ရဲ့ အလင်းတန်း အပြင်ဘက်ကို မထွက်ကြပါနဲ့။ အပြင်ရောက်ပြီး မျက်စိလည်သွားရင် ငါတို့က အသက်စွန့်ပြီး လာကယ်မယ်လို့တော့ မမျှော်လင့်နဲ့နော်။"
လေသံမှာ အလွန်ကျယ်လောင်လွန်းလှသောကြောင့် သံချပ်ကာဝတ်လူကြီးမှာ သူ၏သတိပေးချက်ကို အော်ပြောဖို့အတွက် စိတ်ဝိညာဉ် အသံလွှင့်ခြင်းကိုပင် အသုံးပြုခဲ့ရပါ၏။
"ဒီလူက တော်တော်လေးကိုတာဝန်ယူတတ်တာပဲ။"
မြင်းလှည်းတစ်စီး၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသော လုချင်း၏ မျက်လုံးများမှာ သံချပ်ကာဝတ်လူကြီး၏ စကားများကြောင့် အရောင်လက်သွားတော့သည်။
သေးငယ်သော ယာဉ်တန်းများသည် ကုန်သည်အသင်းကို အကာအကွယ်ပေးခအဖြစ် ပေးဆောင်ထားသော်လည်း
ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို ထည့်သွင်းစဉ်းစားပါက သံချပ်ကာဝတ်လူကြီးသည် အားလုံးကို ကာကွယ်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုဖို့ ရွေးချယ်ခဲ့သေးသည်မှာ ချီးကျူးထိုက်ပေသည်။ ၎င်းက တာဝန်ယူမှုအစစ်အမှန်ကို ပြသနေပါ၏။
"ဒါပေမဲ့... အခြေအနေတွေက သိပ်မကောင်းတာတော့ ကျိန်းသေပေါက်ပဲ။"
လုချင်းသည် သူ၏ပတ်ဝန်းကျင်ကို ညင်သာစွာ အာရုံခံလိုက်ပြီးနောက် စိတ်အတွင်း၌သာ ခေါင်းခါလိုက်မိတော့သည်။
သူ၏ ကျင့်ကြံမှုမှာ ဤနေရာရှိ မည်သူ့ထက်မဆို များစွာ သာလွန်နေပါ၏။
သို့ဖြစ်၍ ရှေ့တွင် မည်သည့်အရာများ ရှိနေသည်ကို သူ သိရှိထားပြီးနှင့်ပြီပင်။
"မိတ်ဆွေလေး၊ တစ်ခုခု မှားနေတာကို သတိထားမိလို့လား။"
သူ့ဘေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
လုချင်းသည် အနည်းငယ် တုံ့ဆိုင်းသွားမိရာမှ ထိုမြေခွေးအိုကြီး၏ နိုးကြားမှုကို စိတ်ထဲမှ ကြိမ်းမောင်းလိုက်မိတော့သည်။
သူက တစ်ချက်ကလေးတောင်မှသတိမလွတ်ဘူးပဲ။
မြင်းလှည်းအတွင်းရှိ အခြားသူများကလည်း သူ့ဘက်သို့ ကြည့်လာကြသည်ကို မြင်သောအခါ လုချင်းသည် ရှက်ရွံ့နေသော အမူအရာကို ဖန်တီးလိုက်၏။ "ချန်ပေ့ကတော့ မြှောက်ပြောနေပါပြီဗျာ။ ကျွန်တော်က စိုးရိမ်နေရုံပါ... ဒီလေပြင်းတွေက တကယ့်ကို ပြင်းထန်လွန်းတယ်လေ။ ကျွန်တော်တို့အားလုံး ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။"
"မင်းက အဲဒါကို စိုးရိမ်နေတာလား" အဘိုးချောင်က ရယ်မောလျက် ပြောလိုက်သည်။ "ဒါပေမဲ့ စိုးရိမ်စရာ မလိုပါဘူး။ ကုန်သည်အသင်းက လေပြင်းလွင်ပြင်ကို ပုံမှန်ဖြတ်သန်းနေကျဆိုတော့ အတွေ့အကြုံ အများကြီးရှိတယ်လေ။"
"မဟုတ်ရင် ဒီကုန်သည်လေးတွေက သူတို့ကို လမ်းပြအဖြစ် ငှားဖို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးချင်ကြမှာ မဟုတ်ဘူးလေ။"
"ဟမ့် ငကြောက်။"
ပိန်ပါးသောလူငယ်တစ်ဦးက ရုတ်တရက် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏လေသံမှာ အထင်အမြင်သေးမှုများ ပြည့်နှက်နေ၏။ "ဒီလောက် လေပြင်းလေးကိုပဲ ဘာကြောက်စရာရှိလို့လဲ။"
"မင်း အဲ့လောက် ကြောက်နေရင် ငါတို့ အတွင်းပိုင်းထဲကို ဒီ့ထက်ပိုပြီးမရောက်ခင် အခုပဲ နောက်ပြန်လှည့်ဖို့ ငါ အကြံပေးချင်တယ်။"
"စိုးရိမ်စရာ မလိုပါဘူး တာအိုမိတ်ဆွေ။ ကျွန်မ အရင်တစ်ခေါက်က ကုန်သည်အသင်းနဲ့တူတူ လေပြင်းလွင်ပြင်ကို ဖြတ်သန်းဖူးပါတယ်၊ ဘာမှမဖြစ်ခဲ့ပါဘူးရှင့်။ လုံးဝကို ဘေးကင်းပါတယ်။"
အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးက ပြုံးလျက် ပြောလိုက်၏။
"ဟုတ်လား။ ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးသွားရပါပြီဗျာ" လုချင်းက အနည်းငယ် ရှက်ရွံ့သောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"လေပြင်းလွင်ပြင်ကို ဖြတ်ပြီး စီးပွားရေးလုပ်နိုင်ဖို့ဆို ကုန်သည်အသင်းက တော်တော်လေးကို အရည်အချင်းရှိမှရမှာလေ။ ဒါကြောင့်မို့ အားလုံးပဲ ထိတ်လန့်စရာ မလိုပါဘူးရှင့် "
သို့သော် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ စကားမဆုံးမီမှာပင် သွေးပျက်ဖွယ် အော်ဟစ်သံတစ်ခုက သူမ၏စကားကို ရုတ်တရက် ဖြတ်တောက်သွားလေတော့၏။
ထိုအော်ဟစ်သံမှာ ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်ပါဝင်နေပြီး ထိုသူသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ဖြစ်ပေသည်။
ချက်ချင်းဆိုသလိုပင် အပြင်ဘက်တွင် ထိတ်လန့်မှုလှိုင်းတစ်ခု ပေါက်ကွဲထွက်လာတော့၏။
"ဘာတွေဖြစ်နေတာလဲ။"
မြင်းလှည်းအတွင်းရှိ လူအားလုံးမှာ အံ့အားသင့်သွားကြပြီး အပြင်သို့ ကမန်းကတန်း ထွက်သွားကြလေသည်။
အပြင်သို့ ရောက်ရှိချိန်တွင်တော့ သူတို့မြင်လိုက်ရသော မြင်ကွင်းက သူတို့အား မှင်သက်သွားစေတော့၏။
ယာဉ်တန်း၏ အနောက်ဘက်တွင် ကုန်သည်ယာဉ်တန်းငယ်တစ်ခုကို စောင့်ကြပ်နေသည့် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးမှာ မကောင်းဆိုးဝါးတစ်ကောင်၏ ကိုက်ဖြတ်ခြင်းကို ခံနေရလေ၏။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ယခုတွင်တော့ လုံးလုံးပင် မရှိတော့ဘဲ အပေါ်ပိုင်းမှာတော့ သားရဲ၏ပါးစပ်ထဲတွင် ညပ်နေကာ နာကျင်မှုကြောင့် ရုန်းကန်အော်ဟစ်နေရှာသည်။
သူသည် မီးအိမ်၏ အကာအကွယ်ပေးထားသောအလင်းတန်းအပြင်ဘက်သို့ ရောက်နေခြင်း ဖြစ်လေ၏။
သူ၏ အသည်းအသန် ငိုကြွေးအော်ဟစ်မှုများ ရှိနေသော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။ သူ၏ အခြေတည်အဆင့် ကျင့်ကြံမှုမှာ မည်သည့်အဓိပ္ပာယ်မျှ မရှိတော့ချေ။
မျက်စိတစ်မှိတ်အတွင်း သားရဲက သူ့အား တစ်ကိုယ်လုံးလုံးမျိုချလိုက်လေရာ အော်ဟစ်သံများလည်း ရပ်တန့်သွားလေတော့၏။
ထိုအချိန်တွင် လှံတစ်လက်က လေထဲသို့ ပျံသန်းလာပြီး မကောင်းဆိုးဝါး၏ နဖူးတည့်တည့်သို့ စိုက်ဝင်သွားတော့သည်။
သတ္တဝါကြီးမှာ စူးရှစွာ အော်ဟစ်လိုက်ပြီးနောက်၌ အဝါရောင်သဲမုန်တိုင်းတစ်ခုအဖြစ် ပြိုကွဲသွားကာ ထွက်ပြေးသွားတော့၏။
၎င်းစိုက်ဝင်ခဲ့သော နေရာတွင်တော့ ဝိညာဉ်လက်နက်အဆင့်ရှိ လှံတစ်လက်သာ ကျန်ရစ်ခဲ့ပေသည်။
"အဲ့ဒါက လေပြင်းသားရဲပဲ။"
အဘိုးချောင်က မှုန်ကုပ်စွာ ကြည့်လိုက်၏။
ဤခရီးစဉ်၏ အစကတည်းက သူသည် တစ်ခုခု မှားယွင်းနေကြောင်းကို ခံစားခဲ့ရသည်။ ယခုအခါ သူ၏ ကြိုတင်သိမြင်မှုမှာ မှန်ကန်သွားခဲ့ပြီပင်။
အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏မျက်နှာမှာတော့ ပို၍ပင် ဆိုးရွားနေတော့၏။
သူမသည် ကုန်သည်အသင်း၏ လုံခြုံရေးကို အာမခံပေးခဲ့ကာမျှရှိသေးပြီး ယခု၌ တစ်စုံတစ်ဦးမှာ သူမ၏မျက်စိရှေ့တွင်ပဲ သတ်ဖြတ်ခံလိုက်ရလေပြီပင်။
ဤသည်က လုံးဝကို မျက်နှာဖြတ်ရိုက်ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။
"ဒါက လေပြင်းသားရဲပေါ့လေ။" လုချင်း၏မျက်လုံးများ အရောင်လက်သွားလေ၏။
ထိုမကောင်းဆိုးဝါးသည် လူတစ်ယောက်လုံးကို မျိုချသွားခဲ့ပြီးနောက်၌ လေနှင့်သဲအဖြစ် အသွင်ပြောင်းရင်း ထွက်ပြေးသွားခဲ့သည်။
ထို့အပြင် ၎င်းသည် ပတ်ဝန်းကျင်ရှိ လေပြင်းများနှင့်ပင် ချောမွေ့စွာ ပေါင်းစပ်သွားပုံရကာ ၎င်း၏ အရှိန်အဝါအား လုံးဝကို ဖုံးကွယ်ထားနိုင်ချေ၏။
ထို့ကြောင့် မြင်းလှည်းအတွင်းရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် ၎င်းချဉ်းကပ်လာသည်ကို မခံစားမိခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းသွားတော့၏။
"ဘာတွေဖြစ်နေတာလဲ။ မီးအိမ်ရဲ့ ကာကွယ်ရေး အတားအဆီးအပြင်ဘက်ကို မထွက်ဖို့ ငါ ပြောထားတယ် မဟုတ်ဘူးလား။"
သံချပ်ကာဝတ်လူကြီးသည် သူ၏မြင်းကို စီးနင်းကာ ယာဉ်တန်း၏ ရှေ့ဆုံးမှ ရောက်ရှိလာလေတော့သည်။
မြေပြင်ပေါ်ရှိ လှံဝိညာဉ်လက်နက်သည် သူ့လက်ထဲသို့ ရုတ်တရက် ပျံသန်းသွားခဲ့၏။
အစောပိုင်းက သတ္တဝါကြီးကို မောင်းထုတ်လိုက်သူမှာ သူပင် ဖြစ်နေပေသည်။
"မဟုတ်ပါဘူးဗျ၊ ကျွန်တော်တို့တွေ အတားအဆီးအပြင်ဘက်ကို မထွက်ခဲ့ပါဘူးဗျ။ အဲဒီမကောင်းဆိုးဝါးက ရုတ်တရက် အထဲကို ဝင်လာပြီးတော့ အဘိုးဝူကို ဆွဲခေါ်သွားတာပါ။"
လူလတ်ပိုင်းတစ်ဦးက စကားထစ်ငေါ့ကာ ပြန်ဖြေလိုက်၏။
"မဖြစ်နိုင်တာ။" သံချပ်ကာဝတ်လူကြီးမှာ မယုံကြည်နိုင်ဖြစ်နေတော့သည်။ "လေငြိမ်မီးအိမ်ရဲ့ အတားအဆီးကို ဖောက်ထွက်ဖို့ဆိုရင် အနည်းဆုံး ရွှေအမြုတေအဆင့်ရဲ့ ပထမ အသွင်ပြောင်းခြင်းအဆင့်စွမ်းအားကို လိုအပ်တယ်ကွ။"
"ငါတို့ လေပြင်းလွင်ပြင်ထဲကို ဝင်တာ အခုလေးတင်ရှိသေးတာကို။ ရွှေအမြုတေအဆင့် လေပြင်းသားရဲက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီး ပေါ်လာရတာလဲ။"
"ကျွန်... ကျွန်တော် ကျိန်ရဲပါတယ်ဗျာ။ ကျွန်တော်ပြောတာ တကယ်ပါဗျ။ အားလုံးလည်း မြင်လိုက်ကြပါတယ်ဗျ။"
လူလတ်ပိုင်းက အခိုင်အမာ ပြောဆိုလိုက်၏။
လူတိုင်း၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် ထိုလူ လိမ်ပြောနေခြင်းမဟုတ်ကြောင်း သံချပ်ကာဝတ်လူကြီး သိလိုက်ပါ၏။
သို့သော် ထိုအချက်ကပဲ သူ၏နှလုံးသားကို ပိုပြီးတော့တောင် လေးလံသွားစေခဲ့တော့၏။
ယနေ့ ဖြစ်ပျက်နေသမျှအရာအားလုံးက ပုံမှန်မဟုတ်သည်မှာ သေချာလှပေသည်။
လေပြင်းသားရဲများ ပုံမှန်ထက်စော၍ ပေါ်လာရုံသာမက ယင်းသားရဲမှာလည်း ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေလေ၏။
ထိုအဆင့်ရှိ လေပြင်းသားရဲများသည် များသောအားဖြင့် လေပြင်းလွင်ပြင်အတွင်းပိုင်းရှိ သီးခြားနယ်မြေအချို့တွင်သာ နေထိုင်လေ့ရှိကြသည်။ အပြင်သို့လည်း ထွက်ခဲလှပေ၏။
လေပြင်းလွင်ပြင်၏အလယ်ဗဟိုတွင် တစ်ခုခုကများ ပြောင်းလဲသွားခဲ့သည်များလော။
သံချပ်ကာဝတ်လူကြီး တွေးလေလေ၊ ပို၍ စိတ်မသက်မသာဖြစ်လာလေလေ ဖြစ်လာတော့၏။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သူက အံကိုတင်းခနဲကြိတ်ကာ စိတ်ဝိညာဉ် အသံလွှင့်ခြင်းကို အသုံးပြု၍ ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။
"လေပြင်းလွင်ပြင်ထဲမှာ ထူးဆန်းတဲ့ အပြောင်းအလဲတစ်ခုခု ရှိနေရမယ်။ ရှေ့ဆက်သွားဖို့ မလုံခြုံတော့ဘူး။ နောက်ပြန်လှည့်ကြတော့။ ငါတို့ ခုချက်ချင်း တောင်ကြားထဲကို ဆုတ်ခွာကြမယ်။"
သို့သော် သူ့စကားတို့က သူ့အနောက်ရှိ ကုန်သည်ယာဉ်တန်းငယ်လေးများအကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့တော့၏။
"နောက်ပြန်လှည့်မယ် ဟုတ်လား။ ခင်ဗျား နောက်နေတာလား။ ကျွန်တော့်ဖောက်သည်ကို ငါးရက်အတွင်း ကုန်ပစ္စည်းပို့ပေးမယ်လို့ ကတိပေးထားတာဗျ။"
"ကျွန်တော့်ရဲ့ ဝိညာဉ်ဆေးပင်တွေက ခုနစ်ရက်အတွင်း တန်းရှင်းဂိုဏ်းကို ရောက်မှရမှာဗျ။"
"ဟုတ်တယ်။ ကျွန်တော်တို့ ဒီခရီးအတွက် ဝိညာဉ်ကျောက်တုံးတွေ အများကြီးပေးထားတာလေ။ ခင်ဗျား ဒီအတိုင်းကြီး ရပ်လိုက်လို့မရဘူးလေဗျ။"
"တကယ်လို့ ပစ္စည်းပို့တာ နောက်ကျသွားရင် ဆုံးရှုံးသွားတဲ့ အမြတ်ငွေတွေအတွက် ကုန်သည်အသင်းက လျော်ကြေးပေးမှာလား။"
"ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ယူထားတယ်လေ။ ခင်ဗျားတို့ပဲ လေပြင်းလွင်ပြင်ကို ဖြတ်ပြီးတော့ လမ်းပြပေးမယ်လို့ ပြောခဲ့တာမဟုတ်လား။"
"ကုန်သည်အသင်းဆိုတာ ကိုယ့်ရဲ့ ဂုဏ်သတင်းကို တန်ဖိုးထားရမှာ မဟုတ်ဘူးလား။ အခုကျတော့ ခင်ဗျားတို့က ကတိဖျက်နေတာလား။"
အမျိုးမျိုးသော ယာဉ်တန်းခေါင်းဆောင်ငယ်များမှာ သိသိသာသာပင် ဒေါသထွက်နေကြတော့၏။
သူတို့ထဲမှ အများအပြားမှာ ဖောက်သည်များထံသို့ အရေးတကြီး ပို့ဆောင်ရမည့် ပစ္စည်းများရှိနေကြပါ၏။ ထိုအကြောင်းကြောင့်ပင် လေပြင်းလွင်ပြင်၏အန္တရာယ်များကိုတောင် ရင်ဆိုင်ရဲခဲ့ခြင်း ဖြစ်ပေသည်။
ယခု သူတို့ ဝိညာဉ်ကျောက်တုံးများကို ပေးချေပြီးမှ သံချပ်ကာဝတ်လူကြီးက ဆုတ်ခွာမည်ဟု ကြေညာသည်ကို ကြားလိုက်ရသောအခါ၌ သူတို့ လက်မခံနိုင်ဖြစ်ကြတော့၏။
အကယ်၍ သူတို့၏ ပို့ဆောင်ရေး အချိန်ဇယားများသာ နောက်ကျသွားပါက သူတို့သည် စာချုပ်ဖောက်ဖျက်မှုနှင့် လျော်ကြေးငွေများအတွက် တာဝန်ယူရမည်ပင်။
သေချာပေါက်ပင် အချိန်ဇယား သိပ်မကျပ်တည်းသော ယာဉ်တန်းအချို့မှာမူ ကန့်ကွက်ခြင်း မရှိခဲ့ကြ။
ထိုမကောင်းဆိုးဝါး၏ တိုက်ခိုက်မှုအပေါ် ထိတ်လန့်မှုကသာ သူတို့ကို အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့ပေ၏။
လေပြင်းလွင်ပြင်သည် သေလောက်အောင် အန္တရာယ်များကြောင်း သက်သေပြနေသဖြင့် ယခုအချိန် ဆုတ်ခွာခြင်းက အကောင်းဆုံး လုပ်ရပ်ဖြစ်ပေလိမ့်မည်။
"အားလုံးပဲ ပါးစပ်ပိတ်ထားကြ။"
သံချပ်ကာဝတ်လူကြီး၏ မျက်လုံးများ အေးစက်သွားပြီး ဆူညံနေသော လူအုပ်ကြီးကို ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
စိတ်ဝိညာဉ် ဖိအားလှိုင်းတစ်ခု တိုက်ခတ်သွားသောအခါ၌ ညည်းညူနေသော ယာဉ်တန်းခေါင်းဆောင်များ၏ မျက်နှာများကို ချက်ချင်းပင် ဖြူရော်သွားစေတော့သည်။
အားနည်းသောသူများမှာတော့ သွေးအန်သည်အထိ ဖြစ်ကုန်ကြကာ ပြင်းထန်စွာ ဒဏ်ရာရသွားကြတော့လေ၏။
"ကိုယ့်နေရာ ကိုယ်သိကြစမ်း။"
ကုန်သည်များ၏ ကြောက်ရွံ့နေသော မျက်လုံးများကို ရင်ဆိုင်ရချိန်တွင် သံချပ်ကာဝတ်လူကြီး၏ မျက်နှာမှာ မှုန်ကုပ်နေပြီး ခွင့်လွှတ်မည့်အရိပ်အယောင် မရှိချေ။
"ဒီလမ်းကြောင်းကနေ ခေါ်သွားပေးဖို့ ကုန်သည်အသင်းကို တောင်းဆိုခဲ့တာလည်း မင်းတို့ကိုယ်တိုင်ပဲလေ။"
"ငါတို့ မထွက်ခင်မှာ ငါ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်မဟုတ်ဘူးလား။ မင်းတို့ ငါ့အမိန့်ကို နာခံရမယ်။ ခြွင်းချက်မရှိဘူး။"
"တကယ်လို့ မင်းတို့ နောက်ပြန်မလှည့်ချင်ရင် ကိုယ့်ဘာသာကိုယ်ပဲ ရှေ့ဆက်သွားလိုက်ကြ။"
"ဒါပေမဲ့ ဒီလေပြင်းလွင်ပြင်ထဲမှာ သေသွားရင်တော့ ငါ့ကို လာအပြစ်မတင်နဲ့။"
"ရော့ ဒီမှာ မင်းတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ။ ယူပြီးတော့ ထွက်သွားကြ။"
ထိုသို့ပြောပြီးနောက်၌ သူသည် အကျယ်လောင်ဆုံး ကန့်ကွက်နေသူများ၏ ရှေ့သို့ အဝတ်အိတ် ခုနစ်အိတ် ရှစ်အိတ်ခန့်ကို ပစ်ချလိုက်တော့၏။
ထို့နောက် သူသည် လှည့်ထွက်သွားကာ ဆုတ်ခွာဖို့ကို စီစဉ်ရန်အတွက် ယာဉ်တန်း၏ ရှေ့ဆုံးသို့ ပြန်သွားလေတော့သည်။
"လူ... လူကြီးမင်း၊ ကျွန်တော်တို့က မလေးမစား လုပ်ဖို့ မရည်ရွယ်ပါဘူးဗျာ။ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေးလေးတစ်ခု ပေးပါဦး။"
သံချပ်ကာဝတ်လူကြီး တကယ် ထွက်သွားသည်ကို မြင်လိုက်ရသောအခါ၌ ယာဉ်တန်းခေါင်းဆောင်များထဲမှ တစ်ဦးမှာ ထိတ်လန့်သွားပြီး ရှေ့သို့ ပြေးထွက်သွားတော့၏။
သို့သော် သူ မမီလိုက်မီမှာပင် သူ့ဘေးရှိ လည်ပတ်နေသော လေနှင့်သဲများက ရုတ်တရက် စုစည်းသွားလေသည်။
၎င်းသည် ဧရာမ သားရဲကြီးတစ်ကောင်အဖြစ် ပုံပေါ်လာပြီး ဝိညာဉ်လက်နက်၏ ကာကွယ်ရေးအလင်းတန်းကို ချက်ချင်းပင် ဖြတ်တောက်သွားတော့၏။
၎င်း၏ ခြေသည်းတစ်ချက် ဝှေ့ယမ်းမှုဖြင့်ပင် အော်ဟစ်နေသော ခေါင်းဆောင်နှင့် အနီးအနားရှိ လူအချို့ကို ဖမ်းဆုပ်ပစ်ကာ အပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့သည်။
ရုတ်တရက် ခြုံခိုတိုက်ခိုက်မှုက လူအုပ်ကြီးကြားတွင် ထိတ်လန့်မှုလှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့တော့၏။
"ငါ မင်းကို စောင့်နေတာကွ။"
ဖမ်းဆီးခံရသူများ အခေါ်ခံရတော့မည့်ဆဲဆဲတွင် မျက်စိအောက်မှ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သော သံချပ်ကာဝတ်လူကြီးသည် ရုတ်တရက် လှည့်လာလေ၏။
သူသည် သူ၏ လှံဝိညာဉ်လက်နက်ကို ဆင့်ခေါ်လိုက်ရာ ယင်းလက်နက်အား ကြီးမားသော အင်အားဖြင့် ပစ်လွှတ်လိုက်စဉ် တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာတော့သည်။
သားရဲကြီး၏ လက်မောင်းမှာ ချက်ချင်းကို ဖောက်ထွင်းခံလိုက်ရပြီး သဲမုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲသွားတော့၏။
သို့တိုင်အောင် မကောင်းဆိုးဝါးကြီးမှာတော့ နာကျင်မှုကို ခံစားရပုံမပေါ်ချေ။
၎င်း၏လက်မောင်းတစ်ဝက် ပြတ်ထွက်သွားသော်လည်း ဖမ်းဆီးထားသူများအပေါ် ဆုပ်ကိုင်ထားမှုမှာကတော့ ခိုင်မြဲနေဆဲသာ။
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများနှင့်အတူ သတ္တဝါကြီးသည် ၎င်း၏ သားကောင်များကို လေပြင်းများထဲသို့ ဆွဲခေါ်သွားပြီးနောက်၌ ပျောက်ကွယ်သွားလေတော့၏။
"ကျစ်"
သံချပ်ကာဝတ်လူကြီး၏ မျက်နှာမှာ မှုန်မှိုင်းသွားတော့သည်။ အစွမ်းကုန် တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ခဲ့သော်လည်း သူတို့ကို ကယ်တင်နိုင်ခဲ့ခြင်း မရှိချေ။
၎င်းမှာ လေပြင်းသားရဲများ၏ပြဿနာပင် ဖြစ်၏။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်တူ အခြားသားရဲများထက် အားနည်းသော်လည်း သူတို့သည် လေနှင့် သဲအဖြစ် ပျော်ဝင်သွားနိုင်သည့် ထူးခြားသောစွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် သူတို့ကို သတ်ဖြတ်ဖို့မှာ အင်မတန့်ကိုမှ ခက်ခဲလှပေသည်။
၎င်းကြောင့်ပင် သူ ဆုတ်ခွာရန် အခိုင်အမာ ပြောဆိုခဲ့ခြင်း ဖြစ်ပါ၏ယ
အကယ်၍ အခြေတည်အဆင့် လေပြင်းသားရဲများသာဆိုလျှင် သူ ထိန်းချုပ်နိုငသေးပါ၏။
သို့သော် ရွှေအမြုတေအဆင့်သာဖြစ်ပါက သူတို့၏ ခြိမ်းခြောက်မှုမှာ အကြီးအကျယ်ကို မြင့်တက်သွားတော့၏။
သူ၏ ပဉ္စမ အသွင်ပြောင်းခြင်းအဆင့် ရွှေအမြုတေအဆင့် စွမ်းအားဖြင့်ပင် ဒုတိယ အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် တတိယ အသွင်ပြောင်းခြင်းအဆင့် လေပြင်းသားရဲတစ်ကောင်ကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်ဖို့အတွက် ရုန်းကန်ရမည်သာ။
"မင်းတို့ မြင်တဲ့အတိုင်းပဲ။ လေပြင်းလွင်ပြင်မှာ ထူးဆန်းတဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်နေတယ်။"
"ဒီဒေသရဲ့ အစွန်အဖျားမှာတောင် ရွှေအမြုတေအဆင့် လေပြင်းသားရဲတွေ လှည့်လည်သွားလာနေကြပြီ။"
"မင်းတို့ သေရမှာ မကြောက်ဘူးဆိုရင်တော့ ရှေ့ဆက်သွားကြ။ ဒါပေမဲ့ ကုန်သည်အသင်းကတော့ မင်းတို့နဲ့တူတူ လိုက်မှာ မဟုတ်ဘူး။"
ထိုနောက်ဆုံးစကားများနှင့်အတူ သံချပ်ကာဝတ်လူကြီးသည် ဖြူရော်တုန်ယင်နေသော လူအုပ်ကြီးကို လျစ်လျူရှုကာ ဤတစ်ကြိမ်တွင်တော့ အမှန်တကယ်ပင် ထွက်သွားတော့၏။
မကြာမီတွင် ကုန်သည်အသင်း၏ ယာဉ်တန်းသည် နောက်ပြန်လှည့်ကာ သူတို့လာခဲ့သော လမ်းအတိုင်း စတင်ဆုတ်ခွာသွားလေတော့သည်။
ဤတစ်ကြိမ်တွင် အစောပိုင်းက အော်ဟစ်နေခဲ့ကြသော ကုန်သည်ယာဉ်တန်းငယ်လေးများသည် စကားတစ်ခွန်းမျှပင် မပြောရဲကြတော့ချေ။
သူတို့သည် စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့စွာဖြင့် အနီးကပ် လိုက်ပါလာကြတော့၏။
ထိုကုန်သည်အချို့၏ ရိုက်နှက်သတ်ဖြတ်ခံရသည့် ကံကြမ္မာကို မြင်တွေ့ပြီးနောက် နောက်ဆုံးတွင်တော့ သူတို့ သတိဝင်လာခဲ့ကြပေသည်။
မည်သည့် စီးပွားရေးလုပ်ငန်းကမျှ သူတို့၏အသက်ထက်တော့ ပို၍ တန်ဖိုးမရှိချေ။
ကုန်သည်အသင်း၏ အကာအကွယ်မပါဘဲနှင့် သူတို့သည် လေပြင်းလွင်ပြင်တွင် နာရီဝက်၏ တစ်ဝက်ခန့်လောက်ပင် အသက်ရှင်နိုင်ဖွယ် မရှိပေ။
"ဒါနဲ့ မိတ်ဆွေတို့ကရော ဘယ်လိုလဲ။ တောင်ကြားဆီ ဆုတ်ခွာမှာပဲလား။"
ကလေးနှစ်ဦးကို ပွေ့ဖက်ထားသော အဘိုးချောင်က လုချင်းနှင့် အခြားသူများဘက်သို့ လှည့်ကြည့်ကာ မေးလိုက်လေ၏။
"ဟွန့်၊ လေပြင်းသားရဲအကောင်သေးသေးလေးနည်းနည်းပါပဲ။ ဘာကြောက်စရာ ရှိလို့လဲ။ ငါကတော့ ဒီငကြောက်တွေနဲ့ အချိန်မဖြုန်းနိုင်တော့ဘူး။"
"မင်းတို့ ရှေ့ဆက်သွားဖို့ ကြောက်နေတယ်ဆိုရင် ငါ့ဘာသာငါပဲ သွားမယ်။"
အခြားမည်သူမျှ ပြန်မဖြေမီ ပိန်ပါးသောလူငယ်က အေးစက်စွာ နှာမှုတ်လိုက်သည်။
ပြီးနောက်တွင် သူသည် သူ၏ လှုပ်ရှားမှုသိုင်းပညာကို အသက်သွင်းကာ လေငြိမ်မီးအိမ်၏ ကာကွယ်ရေးအလင်းတန်း အပြင်ဘက်သို့ ပြေးထွက်သွားပြီး အဆုံးမရှိသော သဲမုန်တိုင်းထဲသို့ ငုပ်ဆင်းသွားတော့၏။
သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် သဲများ ထပ်မံစုစည်းသွားပြီး နောက်ထပ်လေပြင်းသားရဲတစ်ကောင် ပုံပေါ်လာလေသည်။
တမုဟုတ်ချင်းပင် ဧရာမ ခြေသည်းကြီးတစ်ခုက လူငယ်ထံသို့ ခုတ်ပိုင်းလာတော့၏။
"ထွက်သွားစမ်း။"
လူငယ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ပျံသန်းသည့် ဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။
ဓားအလင်းတန်းတစ်ချက် တောက်ပသွားမှုနှင့်အတူ လေပြင်းသားရဲမှာ အပိုင်းပိုင်းအထစ်ထစ် ခုတ်ပိုင်းခံလိုက်ရကာ ထိုနေရာတွင်ပဲ ပျက်သုဉ်းသွားတော့၏။
သတ္တဝါကြီးကို ရှင်းလင်းပြီးနောက်၌ လူငယ်သည် နောက်သို့ပင် လှည့်မကြည့်ခဲ့ချေ။ သူ၏ ပုံရိပ်မှာ သဲများထဲတွင် ပျောက်ကွယ်သွားပြီး နောက်ထပ် မတွေ့ရတော့ပေ။
"သူက ဓားကျင့်ကြံသူလား။ အဲ့လိုဆိုမှတော့ သူ ဒီလောက်ထိ မောက်မာနေတာ အံ့ဩစရာမရှိတော့ပါဘူးလေ။"
အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ အံ့အားသင့်စွာ ရေရွတ်လိုက်၏။
ဓားကျင့်ကြံသူများသည် သူတို့၏ ဖျက်ဆီးနိုင်စွမ်းရှိသော တိုက်ခိုက်ရေးစွမ်းအားကြောင့် နာမည်ကြီးကြပေသည်။
အစွမ်းထက်သော ဓားကျင့်ကြံသူတစ်ဦးသည် အံ့မခန်းစွမ်းအားများကို ထုတ်လွှတ်နိုင်ပြီး သူတို့ထက် အဆင့်မြင့်သော ပြိုင်ဘက်များကိုပင် အလွယ်တကူ တိုက်ခိုက်နိုင်လေ၏။
ဤလူငယ်လေး အလွန်ကိုမှ ရိုင်းစိုင်းပြီး မောက်မာနေခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်တော့ချေ။ သူသည် ရှားပါးသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်နေပေသည်။
"ပြီးတော့ မိန်းကလေးဟုန်ယန်ကရော။" အဘိုးချောင်က ထပ်မံမေးမြန်းလိုက်လေ၏။
"ကျွန်မမှာလည်း အချိန်ဆွဲလို့မရတဲ့ အရေးတကြီးကိစ္စတွေ ရှိနေလို့ပါရှင့်။ နှုတ်ဆက်ပါတယ်နော် ချောင်ချန်ပေ့"
အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးက ချိုသာစွာ ပြုံးလိုက်ပြီးနောက် အနီရောင် မြူခိုးတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ မုန်တိုင်းထဲသို့ ပျောက်ကွယ်သွားတော့၏။
အဘိုးချောင်က သက်ပြင်းချလိုက်လေသည်။ သူမတွင်လည်း ထူးခြားသော စွမ်းရည်အချို့ ရှိနေကြောင်း ရှင်းလင်းလှပေသည်။
ရွေးချယ်စရာ သိပ်မရှိတော့သဖြင့် သူသည် စကားမပြောရသေးသော တိတ်ဆိတ်သည့် လူလတ်ပိုင်းတစ်ဦးနှင့် လုချင်းဘက်သို့ လှည့်လိုက်တော့၏။
"ဆိုတော့ တာအိုမိတ်ဆွေတို့နှစ်ယောက်ကရော။ မင်းတို့လည်း ထွက်သွားကြမှာလား။"
.....
အခန်း ၅၅၄ - မသေနိုင်မပျက်စီးနိုင်သောနှင့် အင်အားစုစည်းကာ ရန်သူကို ရင်ဆိုင်ခြင်း
အဘိုးချောင်၏ မေးခွန်းကို လုချင်း မတုံ့ပြန်နိုင်မီမှာပင် ပုံမှန်အားဖြင့် တိတ်ဆိတ်စွာ နေတတ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် ဝင်ရောက်ပြောဆိုလာတော့သည်။
"ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်က နိမ့်ပါးလွန်းတော့ တစ်ယောက်တည်းနဲ့ ဒီလေပြင်းလွင်ပြင်ကို ဖြတ်ကျော်နိုင်စွမ်း မရှိဘူးဗျ။ ဒါကြောင့်မလို့ လူအုပ်ကြီးနဲ့အတူပဲ ပြန်လှည့်တာက ပိုကောင်းလိမ့်မယ်"
လုချင်းကလည်း တိုးညှင်းစွာ ထောက်ခံလိုက်၏။ "ကျွန်တော်လည်း အတူတူပါပဲ၊ စောစောက သားရဲကြီးဆိုရင် ရွှေအမြုတေအဆင့် လေပြင်းသားရဲဆိုတာ အသိသာကြီးလေ။ ကျွန်တော်တော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူးဗျာ"
"ဒါဆိုရင်လည်း အတူတူ ပြန်ကြတာပေါ့၊ လမ်းခရီးမှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ ရတာပေါ့" ထိုစကားကို ကြားသောအခါ၌ အဘိုးချောင်က ခပ်ဖွဖွ ပြုံးလိုက်တော့သည်။
အကယ်၍ သူတစ်ယောက်တည်းသာ ဆိုပါက လေပြင်းလွင်ပြင်ကို အလွန်အမင်း ကြောက်ရွံ့နေမည် မဟုတ်ပေ။ သို့သော် ယခုအခါ၌ ကလေးငယ် နှစ်ဦးနှင့်အတူ ခရီးသွားနေရသဖြင့် ပို၍ပင် ထည့်သွင်းစဉ်းစားစရာများ ရှိလာခဲ့တော့သည်။ လေပြင်းလွင်ပြင်ကို မဆင်မခြင် ဖြတ်ကျော်ရန် မဖြစ်နိုင်တော့ချေ။ သက်လတ်ပိုင်း အမျိုးသားနှင့် လုချင်းတို့က ပြန်လှည့်ရန် ရွေးချယ်လိုက်ခြင်းကြောင့် အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီနိုင်မည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦး တိုးလာခြင်းဟု ဆိုရပေမည်။
အခြားတစ်ဖက်တွင်တော့ သံချပ်ကာဝတ် အမျိုးသားသည် ပိန်လှီသော လူငယ်နှင့် အနီရောင်ဝတ် အမျိုးသမီးတို့ ထွက်ခွာသွားသည်ကို သတိပြုမိလိုက်၏။ သူ မကျေမနပ် ဖြစ်မိသော်လည်း ဘာမျှ မတတ်နိုင်ခဲ့ပေ။ အဆုံးသတ်တွင်တော့ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် ကုန်သည်အသင်းက တရားဝင် ငှားရမ်းထားသူများ မဟုတ်ကြချေ။ အကယ်၍ သူတို့ ထွက်ခွာလိုပါက သူသည်လည်း တားဆီး၍ မရနိုင်တော့၏။
ကံကောင်းထောက်မစွာဖြင့် အဘိုးချောင်၊ လုချင်းနှင့် ကျန်အမျိုးသားတစ်ဦးတို့က ကုန်သည်အဖွဲ့နှင့်အတူ ပြန်လှည့်ရန် နောက်ဆုံးတွင် ရွေးချယ်ခဲ့ကြသည်။ သို့မဟုတ်ပါက လူတိုင်းကို ချောက်ကမ်းပါးဆီသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ရန် သူ အမှန်တကယ်ကို ယုံကြည်ချက် ရှိလိမ့်မည် မဟုတ်ပေ။ စောစောက ရွှေအမြုတေအဆင့် လေပြင်းသားရဲကို မြင်တွေ့လိုက်ရရုံမျှဖြင့်ပင် လေပြင်းလွင်ပြင်အတွင်း ထူးခြားဆန်းပြားသော အရာတစ်ခုခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း သံချပ်ကာဝတ် အမျိုးသားအား အပြည့်အဝကို ယုံကြည်သွားစေခဲ့သည်။
မဟုတ်ပါက ထိုကဲ့သို့သောသားရဲမျိုးသည် ယခုလို အစွန်အဖျားဒေသတွင် ပေါ်လာလိမ့်မည် မဟုတ်ချေ။
ထို့အပြင် အဆုံးမရှိသော လေနှင့်သဲများကြားမှ တစ်စုံတစ်ခုက သူတို့၏ ကုန်သည်အဖွဲ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားချက်မျိုးကိုလည်း သူ စွဲမြဲစွာ ခံစားနေရသည်။ ထို့ကြောင့် သူတို့ ပြန်လှည့်ရန် ရွေးချယ်ခဲ့ကြသော်လည်း သူ၏နှလုံးသားမှာမူ စိုးရိမ်ပူပန်နေရဆဲသာ။ ခရီးအပြန်လမ်းသည် ချောမွေ့လိမ့်မည်မဟုတ်ကြောင်း သူ ကြိုတင်ခံစားမိနေပါ၏။
သူ အတွေးလွန်နေစဉ်မှာပင် ရုတ်တရက် အေးစိမ့်သော အရှိန်အဝါတစ်ခုက သူ့ထံသို့ စီးဆင်းလာခဲ့သည်။ သူ ခေါင်းကို အမြန်မော့ကြည့်လိုက်၏။
ရှေ့တည့်တည့်တွင် ထွားကျိုင်းလှသော လေပြင်းသားရဲသုံးကောင်သည် ရုတ်ချည်းပင် ပေါ်လာပြီး သူတို့ထံသို့ ပြေးဝင်လာကြတော့သည်။ ရုတ်တရက် တိုက်ခိုက်မှုကြောင့် လူအုပ်ကြီးကြားတွင် ထိတ်လန့်တကြား အော်ဟစ်သံများ ပျံ့လွင့်သွားလေ၏။
ထိုလေပြင်းသားရဲ သုံးကောင်စလုံးသည် ရွှေအမြုတေအဆင့်များ ဖြစ်ကြပြီး အမြင့် ပေရာကျော် မြင့်မားကြသည်။ ထိုသုံးကောင်စလုံးက တစ်ပြိုင်နက်တည်း အားပြင်းစွာ ပြေးဝင်လာရာတွင် ၎င်းတို့နှင့်အတူ လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့် သတ်ဖြတ်ခြင်းအရှိန်အဝါများကိုပါ တစ်ပါတည်း သယ်ဆောင်လာခဲ့ကြသည်။ ကျင့်ကြံဆင့်နိမ့်သော ကျင့်ကြံသူများမှာတော့ ချက်ချင်းပင် ဖိနှိပ်ခြင်းကို ခံလိုက်ရရှာကာ ဝိညာဉ်များလည်း အေးစိမ့်ကုန်ကြပြီး ခန္ဓာကိုယ်များသည်ကလည်း တောင့်တင်းသွားကုန်လျက် မလှုပ်ရှားနိုင်တော့ချေ။
"သာမန်လေပြင်းသားရဲတွေကများ ဒီလောက်ထိ သောင်းကျန်းရဲတယ်ပေါ့လေ၊ စစ်ဗျူဟာခင်းကျင်းကြစမ်း" သံချပ်ကာဝတ် အမျိုးသား၏ မျက်လုံးများ အေးစက်သွားတော့သည်။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲရှိ လှံပုံသဏ္ဌာန် ဝိညာဉ်လက်နက်သည် ဟိန်းဟောက်နေသော နဂါးရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သားရဲတစ်ကောင်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင် သူ့ဘေးနားရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကလည်း သူ၏ အဖိုးတန်ဓားမြှောင်မှ ရွှေရောင်ဓားအရှိန်အဝါကို ထုတ်လွှတ်ကာ အခြားလေပြင်းသားရဲတစ်ကောင်ထံသို့ ပိုင်းဖြတ်လိုက်သည်။
ကုန်သည်အသင်း၏ ကျန်ရှိသောအစောင့်များကတော့ ဆန်းကြယ်သော တိုက်ပွဲဝင်စစ်ဗျူဟာကို အမြန်ခင်းကျင်းလိုက်ကြ၏။ သူတို့အားလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရင်း ဝိညာဉ်စွမ်းအားများဖြင့် ဧရာမ ဝက်ဝံကြီးတစ်ကောင်ကို ဖန်တီးကာ တတိယမြောက် လေပြင်းသားရဲထံသို့ ခုန်အုပ်စေခဲ့သည်။
ဝုန်း ဝုန်း ဝုန်း
အရိုင်းဆန်သည့်နဂါးနှင့် ရွှေရောင်ဓားချက်တို့က ပြင်းထန်စွာ ထိမှန်သွားကာ လေပြင်းသားရဲနှစ်ကောင်ကို ထိုနေရာမှာတင် အမှုန်လေးတစ်မှုန်မျှတောင် မကျန်အောင် ဖျက်ဆီးပစ်လိုက်တော့သည်။
နောက်ဆုံးကျန်ရှိသော လေပြင်းသားရဲမှာတော့ ဝိညာဉ်စွမ်းအားဝက်ဝံကြီး၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် စက္ကန့်အနည်းငယ်မျှသာ တောင့်ခံနိုင်ခဲ့ပြီး လေနှင့်သဲတိမ်တိုက်အဖြစ်သို့ ပေါက်ကွဲသွားလေ၏။ တစ်ခဏချင်းအတွင်းမှာပင် စောစောက ရှေးဟောင်းမိစ္ဆာများကဲ့သို့ ရက်စက်ကြမ်းကြုတ်ပုံပေါ်ခဲ့သော လေပြင်းသားရဲသုံးကောင်စလုံးသည် လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။
သို့သော် မည်သူကမျှ ဝမ်းမသာနိုင်သေးမီမှာပင် လေနှင့်သဲများသည် တစ်ဖန် ပြန်၍ဝဲလည်လာခဲ့ပြန်၏။ ခုနကတင် ပျက်စီးသွားသော လေပြင်းသားရဲသုံးကောင်သည် ပြန်၍ရုပ်လုံးပေါ်လာခဲ့ကာ သူတို့ထံသို့ တစ်ကျော့ပြန် ပြေးဝင်လာကြပြန်သည်။
"မင်းတို့ ဘယ်နှခါပဲ အသက်ပြန်ရှင်ရှင်၊ ငါကတော့ အကုန်လုံးကို သတ်ပစ်မှာပဲ" သံချပ်ကာဝတ် အမျိုးသား၏ အကြည့်ကတော့ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲသာ။ ၎င်းကို သူ ကြိုတင်မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေပါ၏။ သူသည် လက်ကွက်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်ပြီးနောက်၌ နဂါးပုံသဏ္ဌာန် လှံဝိညာဉ်လက်နက်ကို တိုက်ပွဲထဲသို့ တစ်ဖန် ဟိန်းဟောက်စေကာ အခြားလေပြင်းသားရဲတစ်ကောင်ကို ပေါက်ကွဲပျက်စီးစေပြန်သည်။
သူ၏ ဓားကျင့်ကြံဖော်နှင့် အစောင့်များသည်လည်း တိုက်ခိုက်မှုများကို ပြန်၍စတင်လိုက်ကာ ကျန်ရှိသော နှစ်ကောင်ကို ကြားဖြတ်တားဆီးလိုက်ကြတော့၏။ သို့သော် ကုန်သည်အဖွဲ့၏ နောက်ကွယ်မှ နောက်ထပ် ဟိန်းဟောက်သံနှစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။ အလားတူ ထွားကျိုင်းလှသော လေပြင်းသားရဲနှစ်ကောင် ပေါ်ထွက်လာခဲ့ရာ သူတို့ထံသို့ နောက်ကွယ်မှနေ၍ ပြေးဝင်လာကြလေတော့သည်။
"ဘာဖြစ်လို့ ရွှေအမြုတေအဆင့် လေပြင်းသားရဲတွေချည်း ဒီလောက်ထိတောင် အများကြီး ပေါ်လာရတာလဲ" သံချပ်ကာဝတ် အမျိုးသား၏ မျက်နှာပျက်သွားတော့သည်။ အစွန်အဖျားဒေသတွင် ထိုကဲ့သို့သော သားရဲတစ်ကောင် ပေါ်လာခြင်းကပင် ထူးဆန်းနေပြီ ဖြစ်၏။ ယခုအခါ တစ်ပြိုင်နက်တည်း ငါးကောင်တောင် ရှိနေခြင်းက သူ၏စိတ်ထဲသို့ ထိတ်လန့်စရာအတွေးတစ်ခုကို ဝင်ရောက်လာစေခဲ့တော့သည်။
ဤလေပြင်းသားရဲများသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်များလော။
သို့မဟုတ်ပါက ဤကဲ့သို့ ဉာဏ်ရည်နိမ့်ပါးလှသော သတ္တဝါများသည် ရှေ့နှင့်နောက် ညှိနှိုင်းကာ စနစ်တကျ အဘယ်ကြောင့် တိုက်ခိုက်နိုင်ပါမည်နည်း။
ထို့ပြင် သူတို့သည် ပူးပေါင်းတိုက်ခိုက်ခြင်း ဗျူဟာကိုပင် နားလည်နေကြသေးပါ၏။
သို့ပေသိ ထိုအရာက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
လေပြင်းသားရဲများသည် ဉာဏ်ရည်နိမ့်ပါးသော်လည်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုမှာတော့ အနှိုင်းမဲ့ ဖြစ်ပေသည်။
မည်ကဲ့သို့သော တည်ရှိမှုမျိုးက သူတို့၏ ရိုင်းစိုင်းသော သဘာဝကို ဖိနှိပ်ပြီး သူတို့ကို နာခံစေနိုင်ခဲ့သနည်း။
ဤအတွေးများသည် သူ၏စိတ်ထဲတွင် ခဏချင်းအတွင်း ဖြတ်ပြေးသွားခဲ့သည်။ သို့သော် နောက်ကွယ်မှ လေပြင်းသားရဲနှစ်ကောင် နီးကပ်လာပြီဖြစ်သဖြင့် စဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူက အော်ဟစ်လိုက်တော့သည်။ "အဘိုးချောင်၊ နောက်ပိုင်းကို တာဝန်ယူပေးပါဦး"
ကုန်သည်အဖွဲ့၏ နောက်ပိုင်းကို လေငြိမ်မီးအိမ်၏ အလင်းရောင်ဖြင့် ကာကွယ်ထားဆဲ ဖြစ်သော်လည်း ရွှေအမြုတေအဆင့် လေပြင်းသားရဲ နှစ်ကောင်၏ တိုက်ခိုက်မှုကိုတော့ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကို ခွဲထွက်ရန် မဖြစ်နိုင်တော့သဖြင့် သံချပ်ကာဝတ် အမျိုးသားသည် လုချင်းနှင့် ကျန်ရှိသူများကို ခေါ်ယူလိုက်ရတော့သည်။
"တာအိုမိတ်ဆွေတို့၊ ငါတို့လည်း အင်အားစိုက်ထုတ်ရမယ့်ပုံပဲ"
အဘိုးချောင်ကလည်း မတွန့်ဆုတ်ခဲ့ပေ။ သူသည် သူ၏ သံပေတံဝိညာဉ်လက်နက်ကို ချက်ချင်း ထုတ်ယူလိုက်ရာ ဝိညာဉ်အလင်းတန်းများနှင့်အတူ ကြီးမားလာပြီးနောက်၌ လေပြင်းသားရဲတစ်ကောင်ကို ပြင်းထန်သောစွမ်းအားဖြင့် ရိုက်ခတ်ပစ်လိုက်တော့သည်။
လုချင်းနှင့် တိတ်ဆိတ်နေသော သက်လတ်ပိုင်းအမျိုးသားတို့သည်လည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး အခြားသားရဲကို ရင်ဆိုင်ရန် ၎င်းတို့၏ ဝိညာဉ်လက်နက်များကို ထုတ်ယူလိုက်ကြတော့၏။ သက်လတ်ပိုင်း အမျိုးသား၏ ဝိညာဉ်လက်နက်မှာ သံနက်တုတ်ကောက်တစ်ခုဖြစ်ပြီး သောင်းကျန်းနေသော အနက်ရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။
လုချင်း၏ လက်နက်မှာတော့ ဓားပျံ ဖြစ်၏။ ဓားအလင်းရောင်သည် လျှပ်ခနဲ ဝင်းလက်သွားပြီးနောက်၌ ရေတွက်၍မရနိုင်သော ဓားအလင်းတန်းများအဖြစ် ကွဲပြားသွားခဲ့သည်။ ပြင်းထန်လှသော စွမ်းအားများနှင့်အတူ ၎င်းတို့သည် လေပြင်းသားရဲ၏လက်မောင်းတစ်ခုနှင့် ခန္ဓာကိုယ်တစ်ဝက်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ပိုင်းဖြတ်ပစ်လိုက်တော့သည်။
"အဲ့ဒီလူငယ်လေးရဲ့ ဓားသိုင်းက တကယ့်ကို ထူးခြားတာပဲ...မဟုတ်မှလွဲရော သူက ဓားသိုင်းကျင့်ကြံသူတစ်ယောက်များလား" အဘိုးချောင်သည် ကိုယ်တိုင် တိုက်ပွဲဝင်နေရသော်ငြား ထိုစကားကိုတော့ သတိပြုမိသွားခဲ့ပါသည်။ လုချင်း၏ ဓားချက်တစ်ချက်တည်းဖြင့် လေပြင်းသားရဲ၏ ခန္ဓာကိုယ်တစ်ဝက်အား လွင့်စင်သွားစေသည်ကို မြင်သောအခါတွင် သူ အံ့အားသင့်သွားရပါ၏။
လုချင်း၏ ကျင့်ကြံဆင့်သည် အငယ်တန်းအဆင့် ရွှေအမြုတေ၏ ပထမ အသွင်ပြောင်းခြင်းအဆင့် အဆင့်မျှသာ ရှိသေးသည်။ သို့သော် လေပြင်းသားရဲများမှာတော့ အနည်းဆုံး ဒုတိယ အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် တတိယ အသွင်ပြောင်းလဲခြင်းများ ဖြစ်ကြ၏။ တစ်ချက်တည်းဖြင့် ဤမျှ ပြင်းထန်သော ဒဏ်ရာကို ပေးနိုင်ရန်မှာ ဓားကျင့်ကြံသူများသာ ထိုကဲ့သို့သော တိုက်စစ်အဆင့်ကို စွမ်းဆောင်နိုင်ကြပေသည်။
သက်လတ်ပိုင်း အမျိုးသားကလည်း ထိတ်လန့်သွားခဲ့သည်။ သူတို့ထဲတွင် ကျင့်ကြံဆင့်အနိမ့်ဆုံးဖြစ်သော လုချင်းကို သူ လျှော့တွက်မိခဲ့ခြင်းပင်။ သို့သော် ယခုအခါ၌ လုချင်းက သေစေနိုင်လောက်သော စွမ်းအားကို ပြသလိုက်လေပြီပင်။
ထိုအမျိုးသားသည် ချက်ချင်းကို အာရုံပြန်စုစည်းလိုက်ပါ၏။ လေပြင်းသားရဲ၏ ခုခံရေးတွင် ဟာကွက်တစ်ခုကို မြင်လိုက်ရသဖြင့် သူ၏ သံနက်တုတ်ကောက်ဖြစ်သော သောင်းကျန်းနေသည့် နဂါးကြီးသည် ပိုမိုပြင်းထန်သော စွမ်းအားဖြင့် ရိုက်ခတ်လိုက်ပြီး ကျန်ရှိသော ခန္ဓာကိုယ်တစ်ဝက်ကိုပါ မှုန့်မှုန့်ညက်ညက်ကြေအောင် ချေမှုန်းပစ်လိုက်တော့သည်။
"ဟားဟား၊ ကောင်းတယ်" ကုန်သည်အဖွဲ့၏ အရှေ့ပိုင်းတွင် ရှိနေသော သံချပ်ကာဝတ် အမျိုးသားသည် ဤအရာကို အာရုံခံမိသဖြင့် စိတ်အားထက်သန်လာခဲ့သည်။ အဘိုးချောင်၏အဖွဲ့သည် နောက်ပိုင်းကို ထိန်းထားနိုင်မည်မဟုတ်ကြောင်း သူ စိုးရိမ်နေခဲ့မိပါ၏။ အကယ်၍ သူတို့သာ ဖိနှိပ်ခံရပါက တစ်ဖွဲ့လုံးသည်လည်း ရှေ့ရောနောက်ပါ ပျက်စီးသွားနိုင်ပေသည်။
သို့သော် ယခုအခါ သူတို့က ခုခံထားနိုင်သဖြင့် မျှော်လင့်ချက် ရှိနေဆဲပင် ဖြစ်၏။ အချိန်မဆိုင်းဘဲ သူက အမိန့်ပေးလိုက်တော့သည်။ "ခြေထောက်တွေလှုပ်ကြမယ်၊ ချောက်ကမ်းပါးဆီ ဦးတည်မယ်၊ အားလုံး အမှီလိုက်ကြ၊ နောက်ကျကျန်ခဲ့တဲ့သူကတော့ အသက်ပျောက်မယ်နော်"
ထို့နောက် သူက ထပ်မံ အော်ဟစ်လိုက်ပြန်၏။ "အဘိုးချောင်၊ နောက်ပိုင်းကို ထိန်းထားပေးပါ၊ ဒီလေပြင်းသားရဲတွေက လေပြင်းလွင်ပြင်ကနေ ထွက်သွားလို့မရဘူးဗျ၊ ချောက်ကမ်းပါးကို ရောက်တာနဲ့ ကျွန်တော်တို့ ဘေးကင်းပြီ"
ထိုသို့ပြောပြီးနောက်၌ သူသည် ကုန်သည်အဖွဲ့၏ အရှေ့တွင် ချိတ်ဆွဲထားသော လေငြိမ်မီးအိမ်ကို အသက်သွင်းလိုက်တော့သည်။ ၎င်းသည် ရှေ့ရှိ လေပြင်းများကို ဖြတ်တောက်ကာ ရှေ့ဆက်ရမည့် လမ်းခရီးကို လမ်းညွှန်ပြသပေးလေ၏။ သေးငယ်သော ကုန်သည်အဖွဲ့ငယ်များသည် နောက်ကွယ်တွင် ခြေတစ်လှမ်းမျှ ကျန်ရစ်ခဲ့ပြီး လေပြင်းသားရဲများ၏ ဆုတ်ဖြဲခြင်းကို ခံရလျှင် ခံရ၊ မဟုတ်လျှင်လည်း အဆုံးမရှိသော မုန်တိုင်းကြီး၏ ဝါးမျိုခြင်းအား ခံရလျှင် ခံရ မည်သည်ပဲဖြစ်နေပါစေ အလွန်အမင်းပင် ကြောက်ရွံ့နေလျက် အမြန်ပင် ထက်ကြပ်မကွာလိုက်ပါလာကြတော့သည်။
ကုန်သည်အဖွဲ့တစ်ခုလုံးသည် ချောက်ကမ်းပါးဆီသို့ တဖြည်းဖြည်းချင်း ရွေ့လျားရင်း တစ်ဖန် ပြန်ပြီးစတင်ခဲ့ပြန်သည်။ ထိုအချိန်အတောအတွင်း လေပြင်းသားရဲငါးကောင်သည် သူတို့ကို ထပ်ခါတလဲလဲ မနားတမ်း တိုက်ခိုက်နေခဲ့ကြ၏။
သူတို့ ဘယ်နှကြိမ် ပေါက်ကွဲပျက်စီးသွားပါစေ၊ သူတို့သည် ပုံမှန်အတိုင်း ပြန်ပြန်၍ရုပ်လုံးပေါ်လာပြီး သူတို့၏ စွမ်းအားများကို နည်းနည်းလေးတောင် မလျော့ပါးစေဘဲ ထပ်မံပြီး စစ်ချီလာကြပြန်သည်။ ထိုဆန်းကြယ်လှသော မသေနိုင်သည့် ဇွဲလုံ့လသည် လူတိုင်း၏နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ကံကောင်းစွာဖြင့် လေနှင့်သဲများသည် ၎င်းတို့ထဲမှ ငါးကောင်ကိုသာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နောက်ထပ်တစ်ကောင်သာ ထပ်ပေါ်လာပါက သူတို့သည် ဤနေရာတွင် အမှန်တကယ် ပျက်စီးသွားနိုင်ပေသည်။
ဝုန်း
လေပြင်းသားရဲသည် နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲသွားသော်လည်း စက္ကန့်အနည်းငယ်အတွင်း ပြန်လည်စုစည်းလာသည်ကို မြင်သောအခါ လုချင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"အဘိုးချောင်၊ ဒီလို ဆက်သွားလို့ မဖြစ်ဘူး"
"ဒီလေပြင်းသားရဲတွေက ဘယ်လိုမှ သေမှာမဟုတ်ဘူး၊ သူတို့က ဒီလို ဆက်တိုက်ခိုက်နေရင် ကျွန်တော်တို့ ချောက်ကမ်းပါးကို မရောက်ခင်မှာတင် ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသွားလိမ့်မယ်"
"အဘိုးက အတွေ့အကြုံများပြီး ဗဟုသုတ ကြွယ်ဝတာပဲ၊ သူတို့ကို လုံးဝ အမြစ်ပြတ်အောင် ဖျက်ဆီးနိုင်မယ့် နည်းလမ်းကို မသိဘူးလား"
"လေပြင်းသားရဲတွေကို သတ်လို့မရဘူး" အဘိုးချောင်က သူ၏ သံပေတံကို လွှဲယမ်းကာ လေပြင်းသားရဲတစ်ကောင်၏ ခေါင်းကို အပိုင်းပိုင်း ချေမှုန်းရင်း ခေါင်းခါလိုက်၏။ "လေပြင်းသားရဲတွေရဲ့ စွမ်းအားက ဒီလေပြင်းလွင်ပြင်ဆီကနေ လာတာပဲ၊ သူတို့က နက်ရှိုင်းတဲ့ အရပ်မှာရှိတဲ့ အောက်ကမ္ဘာလေပြင်းဂူထဲကနေ မွေးဖွားလာကြတာလေ"
"မင်း သူတို့ကို ဘယ်လောက်ပဲ ဖျက်ဆီးပစ်ပါစေ၊ အချိန်တန်ရင်တော့ အဲဒီဂူထဲကနေ ပြန်ပေါ်လာဦးမှာပဲ"
"ဒါကြောင့်လည်း လေပြင်းလွင်ပြင်က ဒီလောက်ကြာတဲ့အထိ မပြောင်းလဲဘဲ ရှိနေတာပေါ့"
"တကယ်လို့ သူတို့ကိုသာ သတ်လို့ရရင် ဂိုဏ်းတစ်ခုခုက ဒီနေရာကို ရှင်းလင်းပစ်လိုက်တာ ကြာလှပြီပေါ့"
"သူတို့ကို သတ်လို့မရပေမယ့် ယာယီ ဖျက်ဆီးပြီးတော့ အောက်ကမ္ဘာလေပြင်းဂူထဲမှာ ပြန်လည်မွေးဖွားအောင် ဖိအားပေးလို့ရတယ်ပေါ့ ဟုတ်လား" လုချင်းက အဓိကအချက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်၏။ "ဒါဆိုရင် တစ်ကောင်ချင်းစီကို ဘယ်လိုမျိုး ဖျက်ဆီးနိုင်မလဲ"
"အဲဒါက တော်တော်လေးကိုမှ ခက်တယ်ကွ" အဘိုးချောင်က သက်ပြင်းချလိုက်သည်။ "လေပြင်းသားရဲ တစ်ကောင်ချင်းစီမှာ သူတို့ရဲ့ အမြုတေဖြစ်တဲ့ လေအမြုတေ တစ်ခုစီ ရှိကြတယ်"
"ဒါပေမဲ့ အဲ့ဒီလေအမြုတေက လေရဲ့ နိယာမတွေနဲ့ ဖွဲ့စည်းထားတာမို့ ပုံသဏ္ဌာန်မရှိဘဲ အမြဲတမ်းလိုလို ရွေ့လျားနေတာ"
"လေပြင်းသားရဲရဲ့ ခန္ဓာကိုယ် ပျက်စီးသွားတဲ့အခါကျ အမြုတေကလည်း လေထဲမှာတင် ပျောက်ကွယ်သွားတတ်တယ်"
"သားရဲ ပျက်စီးသွားပြီး လေအမြုတေ မပျောက်ကွယ်သေးတဲ့ ခဏတာလေးအတွင်းမှာပဲ..."
"တကယ်လို့ မင်းသာ စွမ်းအားအလုံအလောက် စုစည်းပြီးတော့ အဲ့အမြုတေကို ဖျက်ဆီးနိုင်ခဲ့ရင် အဲဒီသားရဲကို အပြီးတိုင် ဖျက်ဆီးနိုင်လိမ့်မယ်"
"သူ့ရဲ့ လေအမြုတေသာ မရှိတော့ရင် သူတို့ရဲ့ ဝိညာဉ်အပိုင်းအစက အောက်ကမ္ဘာလေပြင်းဂူဆီကို ပြန်ရောက်သွားရင်တောင်မှ ပုံသဏ္ဌာန် ပြန်မပေါ်ခင် အမြုတေအသစ်တစ်ခုကို အရင် ဖွဲ့စည်းမှရတော့မှာလေ"
"ဒါပေမဲ့လည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့နဲ့တင် ငါတို့အတွက် ခက်ခဲနေရတယ်လေ"
"အဲဒီ ခဏတာအခိုက်အတန့်လေးကို ဖမ်းဆုပ်ပြီးတော့ လေရဲ့ နိယာမတွေနဲ့ ဖွဲ့စည်းထားတဲ့ အမြုတေကို ဖျက်ဆီးဖို့ဆိုတာကြီးက မဖြစ်နိုင်သလောက်ပဲ"
"အထက်တန်းအဆင့် ရွှေအမြုတေရှိတဲ့သူမျိုးပဲ ဒါကို လုပ်နိုင်လိမ့်မယ်"
ထိုစကားကို ကြားရသောအခါ သက်လတ်ပိုင်း အမျိုးသားသည် တိတ်ဆိတ်စွာ ခေါင်းခါလိုက်တော့သည်။ အထက်တန်းအဆင့် ရွှေအမြုတေရှိသော ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံသူဆိုသည်မှာ သူတို့ မော့ကြည့်ရုံသာ တတ်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်၏။ သူတို့ထဲမှ မည်သူမျှ ထိုအရာကို မစွမ်းဆောင်နိုင်ကြချေ။ သို့သော် လုချင်းမှာမူ ထိုအရာအားလုံးကို ကြားပြီးနောက်၌ အတွေးများသွားပုံရလေသည်။
ထိုစဉ် အဘိုးချောင်သည် လုချင်း၏မျက်နှာအမူအရာကို အနီးကပ် စောင့်ကြည့်နေခဲ့၏။ သူသည် ဤလူငယ်ကျင့်ကြံသူထံမှ ဆန်းကြယ်သော အရာတစ်ခုခုကို အမြဲတမ်း ခံစားမိနေခဲ့ခြင်းပင်။ လုချင်း၏ အမူအရာကို မြင်သောအခါ၌ သူ့မှာ မမေးဘဲ မနေနိုင်တော့ချေ။ "တာအိုမိတ်ဆွေလေး၊ မင်းမှာ နည်းလမ်းများ ရှိနေတာလား"
"ကျွန်တော့်မှာ အကြံတစ်ခုတော့ ရှိပါတယ်ဗျ" လုချင်းက ဖုံးကွယ်မထားဘဲ ပြောလိုက်၏။ နောက်ထပ် လေပြင်းသားရဲတစ်ကောင်ကို ပေါက်ကွဲစေပြီးနောက် သူက ရှင်းပြလေသည်။ "ကျွန်တော့်မှာ စွမ်းအားအတော်သင့်လောက် ပြင်းတဲ့ ဓားသိုင်းတစ်ခု ရှိတယ်ဗျ"
"ကျွန်တော် ပြင်ဆင်လို့ပြီးတာနဲ့ အဘိုးချောင်…..အဘိုးက လေပြင်းသားရဲတစ်ကောင်ကို လုံးဝ ပျက်စီးသွားအောင်လို့ အရင် လုပ်ပေးပါဗျ"
"ကျွန်တော် အဲ့အခိုက်အတန့်ကို အမိအရအခွင့်ရေးယူပြီးတော့ ယာယီ ဖျက်ဆီးလို့ရမလားဆိုတာကို စမ်းကြည့်ကြည့်ပါ့မယ်"
"မင်း တကယ် လုပ်နိုင်မှာလား" အဘိုးချောင်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး အသံမှာလည်း စိုးရိမ်တကြီး ဖြစ်သွားတော့သည်။ သက်လတ်ပိုင်း အမျိုးသားကလည်း လုချင်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။
"ကျွန်တော်တို့ တစ်ခုခုတော့ စမ်းကြည့်မှရမှာလေ။ ဒီအတိုင်းဆိုရင် ချောက်ကမ်းပါးကို မရောက်ခင်မှာတင် ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသွားလိမ့်မယ်ဗျ"
ထိုသည်ကို ကြားလိုက်ရပြီးနောက်တွင် အဘိုးချောင်တစ်ယောက် တိတ်ဆိတ်သွားခဲ့ရတော့သည်။ လုချင်း ပြောသည်မှာ မှန်ကန်ကြောင်း သူ သိရှိပါ၏။
သူတို့သည် လေပြင်းလွင်ပြင်ထဲသို့ လေငြိမ်သက်နေသည့် ခဏတာအတွင်း ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က သူတို့ ရွေ့လျားခဲ့သော အရှိန်သည် လက်ရှိအရှိန်နှင့် လုံးဝ မတူညီချေ။ ထို့ကြောင့် ယခုအခါ ချောက်ကမ်းပါးသို့ ပြန်လှည့်ရန် ပို၍ပင် အချိန်ကြာမြင့်တော့မည်သာ။
ဤလေပြင်းသားရဲများကသာ မနားတမ်း နှောင့်ယှက်နေပါက သူတို့၏ ဝိညာဉ်စွမ်းအားသည်ကလည်း တောင့်ခံနိုင်မည် မဟုတ်ပေ။
"ကောင်းပြီ" သေချာ စဉ်းစားပြီးနောက်၌ အဘိုးချောင်က အံကိုကြိတ်ကာ ခေါင်းညိတ်လိုက်တော့၏။ "မင်းမှာ ယုံကြည်ချက်ရှိတယ်ဆိုမှတော့ ဒီအဘိုးကြီးကလည်း အစွမ်းကုန် ပူးပေါင်းပေးပါ့မယ်"
"တာအိုမိတ်ဆွေရှီ၊ ကျွန်တော် ဓားအသိကို စုစည်းဖို့အတွက် အချိန်လိုတယ်ဗျ၊ အခုလောလောဆယ်တော့ လေပြင်းသားရဲကို တစ်ယောက်တည်း ထိန်းထားပေးပါဦး" လုချင်းက သက်လတ်ပိုင်း အမျိုးသားကို ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ ငါ သူ့ကို မယှဉ်နိုင်ရင်တောင်မှ အာရုံလွှဲထားလို့တော့ ရပါတယ်" ထိုအမျိုးသားက သဘောကျစွာ ရယ်မောလိုက်သည်။
သူ၏ တိတ်ဆိတ်အုံ့မှိုင်းသောအမူအရာများ ပျောက်ကွယ်သွားလေပြီဖြစ်ရာ ယခု၌ သူ၏မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်များသန်းလာခဲ့တော့သည်။
၎င်းကို မြင်သောအခါ၌ လုချင်းလည်း တွန့်ဆုတ်မနေတော့ပေ။ သူသည် လှည်းပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ဓားပျံကို ပြန်၍ခေါ်ယူကာ ရှေ့မှောက်တွင်ပဲ ဓားအသိများကို စတင်စုစည်းလေတော့သည်။
ထိုအချိန်တွင် အဘိုးချောင်နှင့် သက်လတ်ပိုင်း အမျိုးသားတို့ကတော့ လေပြင်းသားရဲနှစ်ကောင်ကို ဆက်လက် ခုခံနေကြသည်။ အထူးသဖြင့် နောက်ဆုံးလူ၏ သံနက်တုတ်ကောက်သည် ဝဲလည်နေသော အနက်ရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားပြီးနောက်တွင် ၎င်းက ထပ်မံ မတိုက်ခိုက်တော့ဘဲ ကာကွယ်ရေးအနေအထားသို့ ပြောင်းလဲသွားခဲ့တော့သည်။ အနက်ရောင်နဂါးကြီးသည် လှည့်ပတ်ကာ လေပြင်းသားရဲကို ပတ်သိုင်းထားပြီး ကုန်သည်အဖွဲ့ဆီသို့ တိုးမလာအောင် ပိတ်ဆို့ထားလေ၏။
လေပြင်းသားရဲများကို ခုခံနေစဉ်မှာပင် ထိုအမျိုးသားနှစ်ဦးစလုံးသည် လုချင်း၏ လှုပ်ရှားမှုများကို အနည်းငယ် အာရုံစိုက်နေခဲ့ကြသည်။
မကြာမီမှာပင် လုချင်း၏အရှိန်အဝါများ စုစည်းလာသည်နှင့်အမျှ သူ့ရှေ့ရှိ ဓားကလည်း ထက်ရှပြီး လျှပ်ခနဲ ဝင်းလက်နေသော ဓားအလင်းတန်းများအား စတင်ထုတ်လွှတ်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။ ထိုမျှနှင့်တင် မပြီးသွားသေးချေ။ ၎င်းထံမှ ဖြာထွက်လာသော ဓားအသိများသည် ဘေးနားရှိ လူတိုင်းအား သူတို့ကျောပြင်ကို ဓားဖြင့် အထိုးခံရသကဲ့သို့နှယ် ခံစားရစေပြီး နှလုံးသားအောက်ခြေအထိ အေးစိမ့်သွားစေခဲ့သည်။
"ဒီဓားအသိက……." အဘိုးချောင်နှင့် သက်လတ်ပိုင်း အမျိုးသားတို့၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဝါရင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင်အောင် ထိုဓားအသိ၏ ဖိအားအောက်တွင် သူတို့၏ အရေပြားများတောင် တုန်လှုပ်သွားရပါ၏။ ထိုသည်က လုချင်း၏ ဓားချက်မှာ သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် စွမ်းအားမျိုး ကိန်းဝပ်နေကြောင်း အဓိပ္ပာယ်ရပေသည်။
ထိုနှစ်ဦးစလုံး ထိတ်လန့်မှုမှ မရုန်းထွက်နိုင်သေးမီမှာပင် လုချင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ "အဘိုးချောင်"
အဘိုးချောင်ကလည်း မတွန့်ဆုတ်ဘဲဖြင့် သူ၏ ဝိညာဉ်စွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ သူ၏ သံပေတံ ဝိညာဉ်လက်နက်သည် အလင်းရောင်များဖြင့် တောက်ပလာပြီး စွမ်းအားများ ပြင်းထန်လာခဲ့သည်။ ပြင်းထန်လှသော လွှဲယမ်းချက်တစ်ခုတည်းဖြင့်ပင် သူသည် လေပြင်းသားရဲတစ်ကောင်ကို အပိုင်းပိုင်း ပေါက်ကွဲသွားစေခဲ့ပါ၏။
ထိုအခိုက်အတန့်မှာပင် လေပြင်းသားရဲ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားသော်လည်း မလွင့်စင်သေးသည့် အချိန်တွင် လုချင်း၏ဓားပျံက ထိုးထွက်သွားခဲ့သည်။ စိတ်ကူး၍ပင်မရနိုင်သော အရှိန်နှုန်းဖြင့် ၎င်းသည် သားရဲ၏ ပျက်စီးသွားသော ခန္ဓာကိုယ်အတွင်းရှိ အမှတ်တစ်ခုဆီသို့ တည့်တည့်မတ်မတ်ပင် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။