← Chapters

အခန်း (၅၅၅-၅၅၆)

Vol. 56 Ch. 555-556

အခန်း (၅၅၅-၅၅၆)

Vol. 56 Ch. 555-556

အခန်း ၅၅၅ - စူးရှသော ဓားအလင်းတန်း၊ လုချင်း၏ စွမ်းဆောင်ရည်နှင့် သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲများ

"စောစောက ဘာဖြစ်သွားတာလဲ" လုချင်း၏ ဓားပျံ ထိုးထွက်သွားသည့်အခိုက်အတန့်တွင် ကုန်သည်အဖွဲ့၏ အရှေ့ပိုင်းမှ သံချပ်ကာဝတ် အမျိုးသားနှင့် လေပြင်းသားရဲများကို ခုခံရန် ရုန်းကန်နေရသော အခြားသူများသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး နောက်သို့ အမြန် လှည့်ကြည့်လိုက်ကြ၏။

သူတို့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။

လုချင်း ထုတ်လွှတ်လိုက်သော ဓားအသိသည် အလွန်အမင်းကိုမှ ပြင်းထန်လွန်းလှပါ၏။

ပြင်းထန်သော တိုက်ပွဲအတွင်းမှာပင် သူတို့သည် ဘာဖြစ်သွားသည်ကို သိရှိနိုင်ရန် အာရုံခွဲကြည့်လိုက်ရတော့သည်။

ထို့နောက်၌ သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့ကို မှင်သက်သွားစေခဲ့သည်။ သူတို့ စိတ်ကူး၍ပင် မရနိုင်လောက်အောင် မြန်ဆန်လှသော စူးရှသည့် ဓားအလင်းတန်းတစ်ခုသည် လေပြင်းသားရဲ၏ နှလုံးသားဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုဓားအလင်းတန်းက သားရဲကို ထိမှန်လိုက်သည်နှင့်တစ်ပြိုင်နက်တည်းမှာပင် လေပြင်းသားရဲသည်လည်း ပေါက်ကွဲသွားလေတော့၏။

အားကောင်းသော ကျင့်ကြံဆင့်ရှိသည့် သံချပ်ကာဝတ် အမျိုးသားကဲ့သို့သောသူများသည် သားရဲ၏ နှလုံးသားနေရာတွင် သားရဲနှင့်အတူ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အလင်းစက်တစ်ခုကို မထင်မရှား အာရုံခံမိလိုက်ကြ၏။ သို့သော် ထိုအလင်းစက် မပျောက်ကွယ်မီမှာပင် လုချင်း၏ ဓားအလင်းတန်းသည် ၎င်းကို ကျော်ဖြတ်ကာ ထိုတောက်ပနေသော အစက်အပြောက်ကို ထိမှန်လိုက်တော့သည်။

နောက်ထပ်အခိုက်အတန့်တွင် ပြင်းထန်လှသော ဓားအသိများ ပေါက်ကွဲထွက်လာခဲ့ကာ ထိုအလင်းစက် မလွတ်မြောက်မီမှာပင် လုံးဝကို ချေမှုန်းပစ်လိုက်တော့လေ၏။ ထိုအလင်းစက် ပျက်စီးသွားသည်နှင့်အမျှ လေပြင်းသားရဲ၏ တစ်စိတ်တစ်ပိုင်း ပျော်ဝင်နေသော ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ ထို့နောက်၌ ယခင်ကကဲ့သို့ တဝဲလည်နေသော သဲများထဲသို့ ပျောက်ကွယ်သွားမည့်အစား ၎င်း၏ ခန္ဓာကိုယ်သည် အောက်သို့ ပြိုကျသွားလျက် သဲများမှာတော့ ပြိုလဲသွားသော ရုပ်ထုတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

"လေပြင်းသားရဲရဲ့ လေအမြုတေ ပျက်စီးသွားတာလား" ဤရုတ်တရက် ပြောင်းလဲမှုက သံချပ်ကာဝတ် အမျိုးသားအား သတိလက်လွတ်မဖြစ်သွားစေခဲ့ပေ။ သူ့မှာ မျက်လုံးများပင် ပြူးကျယ်သွားရပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။

သူကိုယ်တိုင်ပင်လျှင် လေပြင်းသားရဲတစ်ကောင်ကို ဖျက်ဆီးရင်း တစ်ချိန်တည်းမှာပဲ ၎င်း၏ လေအမြုတေကို မဖျက်ဆီးနိုင်ချေ။

လေအမြုတေဖြစ်သော သားရဲ၏ အသက်ဗဟိုချက်သည် လေ၏နိယာမများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ၎င်းသည် သူ့အလိုလိုပျောက်ကွယ်သွားနိုင်သလို ပြန်ပြီးလည်းစုစည်းနိုင်သေးပါ၏။ ထိုမျှသာမက ဖျက်ဆီးဖို့အတွက်လည်း အလွန်အမင်းကိုမှခက်ခဲလှသည်။ ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံသူများသည်ပင် ဤအရာကို ဖြစ်မြောက်ရန် အတော်လေး ရုန်းကန်ရလိမ့်မည်သာ။

သို့သော် ရိုးရှင်းပုံရသော ဤလူငယ်ကတော့ ပထမ အသွင်ပြောင်းခြင်းအဆင့်သာ ရှိသေးသော အငယ်တန်းအဆင့် ရွှေအမြုတေမျှဖြင့် ၎င်းကို စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်ပါလော။

"သူ တကယ် အောင်မြင်သွားတာလား" အဘိုးချောင်နှင့် သက်လတ်ပိုင်း အမျိုးသားတို့သည် လုချင်း၏ ဓားပျံဖြင့် အထိုးခံရသော လေပြင်းသားရဲ ပြန်လည်မစုစည်းနိုင်တော့သည်ကို မြင်သောအခါ၌ အလွန်ပင် ဝမ်းသာသွားကြတော့သည်။

"နောက်ထပ်တစ်ကောင် ကျန်သေးတယ်" လုချင်းသည် လက်ဟန်မန္တန်တစ်ခုဖြင့် သူ၏ ဓားပျံကို အလင်းတန်းတစ်ခုအဖြစ် ပြန်ပြီးခေါ်ယူလိုက်ရာ သူ့ရှေ့တွင် လာရောက်ဝဲပျံနေခဲ့သည်။

"အဘိုးချောင်၊ ကျွန်တော် နောက်ထပ်တစ်ချက်ပဲ တိုက်ခိုက်နိုင်တော့မယ်၊ အဆင်သင့်ပြင်ထားကြပါဦး... နောက်ဆုံးတစ်ကောင်ကိုပါ ရှင်းပစ်နိုင်မလား ကြည့်ရအောင်"

"မင်း နောက်တစ်ကြိမ် ထပ်တိုက်နိုင်သေးတယ် ဟုတ်လား" အဘိုးချောင်နှင့် သက်လတ်ပိုင်း အမျိုးသားတို့မှာ ထိတ်လည်းထိတ်လန့်မိသလို ဝမ်းလည်းဝမ်းသာမိသွားကြပါ၏။ အကြောင်းအရင်းကို ဆိုရလျှင်တော့ ထိုကဲ့သို့ ပြင်းထန်လှသော အကွက်ကို ဒုတိယအကြိမ် ထုတ်သုံးနိုင်ခြင်းကြောင့် ထိတ်လန့်မိခြင်းဖြစ်ကာ နောက်ဆုံးသားရဲကိုပါ ရှင်းလင်းနိုင်ပါက သူတို့အပေါ်ရှိ ဖိအားများကလည်း သိသိသာသာကို လျော့နည်းသွားတော့မည်ဖြစ်သဖြင့် ဝမ်းသာမိကြခြင်းပင်။

သူတို့၏ စိတ်ဓာတ်များ မြင့်တက်လာကြသဖြင့် နှစ်ယောက်စလုံးသည် ကျန်ရှိသောလေပြင်းသားရဲကို ဖိနှိပ်ရန် ပူးပေါင်းဆောင်ရွက်လိုက်ကြတော့သည်။

အဘိုးချောင်သည် တစ်ယောက်တည်းဖြင့်ပင် တစ်ကောင်ကို ထိန်းထားနိုင်သူဖြစ်ရာ သက်လတ်ပိုင်း အမျိုးသားပါ ပူးပေါင်းလာသောအခါ၌ သားရဲကို လုံးဝပင် ဖိနှိပ်ထားနိုင်ခဲ့ကြသည်။ အသက်ရှိုက်စာ အနည်းငယ်ကုန်လွန်သွားပြီးနောက်တွင်တော့ လုချင်း၏အသံက ထပ်မံ၍ထွက်ပေါ်လာခဲ့ပြန်၏။

"အဘိုးချောင်၊ ကျွန်တော် အဆင်သင့်ဖြစ်ပြီဗျ"

အဘိုးချောင်သည်လည်း ကြိုတင်ပြင်ဆင်ထားပြီးနှင့်ပြီပင်။ လုချင်း၏ အချက်ပြသံကို ကြားသည်နှင့် သူသည် သူ၏စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်ရာ ဖိနှိပ်ခံထားရသော လေပြင်းသားရဲ၏ ခန္ဓာကိုယ်ကလည်း ပေါက်ကွဲသွားတော့၏။ တစ်ချိန်တည်းမှာပင် လုချင်း၏ ဓားပျံသည် ရှေ့သို့ တစ်ဟုန်ထိုး ထိုးထွက်သွားခဲ့သည်။

သို့သော် ယခုအကြိမ်တွင်မူ သားရဲ၏ နှလုံးသားကို ဦးတည်မည့်အစား ၎င်း၏ ဦးခေါင်းကိုသာ ဦးတည်လိုက်တော့သည်။

ဓားအလင်းတန်း ထိမှန်သွားသည်နှင့်အမျှ သားရဲ၏ ခန္ဓာကိုယ်ပျက်စီးသွားသည့်အခိုက်အတန့်တွင် ၎င်း၏ နဖူးပြင်၌ ဖြူဖွေးသော အလင်းစက်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအလင်းစက် မပျောက်ကွယ်မီမှာပင် လုချင်း၏ဓားပျံက ၎င်းကို ထိုးဖောက်လိုက်တော့၏။ ထိတ်လန့်စရာကောင်းသော ဓားအသိများ ပေါက်ကွဲထွက်လာပြီးနောက်တွင်တော့ ထိုအလင်းစက်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်တော့သည်။

ထိုစဉ် လေပြင်းသားရဲမှာတော့ စူးရှသော အော်ဟစ်သံကို ထုတ်လွှတ်ရင်း ပြင်းထန်စွာဖြင့် တုန်ခါသွားခဲ့သည်။ ယင်းနောက်၌ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော သဲများသည် ရေတံခွန်တစ်ခုကဲ့သို့ အောက်သို့ တစ်ဟုန်ထိုး ပြိုကျသွားလေရာ နောက်ဆုံးလေပြင်းသားရဲကိုလည်း လုချင်းတစ်ယောက် ယာယီအားဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီပင်။

"ငါတို့ အောင်မြင်သွားတာလား" အဘိုးချောင်နှင့် သက်လတ်ပိုင်း အမျိုးသားတို့သည် မှင်သက်သွားကြ၏။

သို့သော် သူတို့သည် သတိမပေါ့ရဲကြဘဲ အနီးကပ် ဆက်လက်စောင့်ကြည့်နေခဲ့ကြ၏။ အချိန်အတော်အတန် ကုန်လွန်သွားပြီးနောက်၌ ထိုလေပြင်းသားရဲနှစ်ကောင် ပြန်၍ရုပ်လုံးမပေါ်လာတော့သည်ကို မြင်မှသာ လုချင်းက ၎င်းတို့၏ လေအမြုတေများကို အမှန်တကယ် ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ကြတော့သည်။

ချက်ချင်းပင် သူတို့သည် လုချင်းထံသို့ လေးစားအားကျမှုအပြည့်ရှိသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြတော့၏။

"တာအိုမိတ်ဆွေလေး၊ မင်းကတော့ တကယ့်ကို အံ့သြစရာကောင်းတဲ့လူပဲကွာ။ လေပြင်းသားရဲတွေကို တကယ်ကြီးနှိမ်နင်းလိုက်နိုင်တာပဲ"

"အဘိုးတို့ရဲ့ အကူအညီသာမပါရင် ကျွန်တော်လည်း ဒီလိုမျိုး မလုပ်နိုင်ပါဘူးဗျ။ အဘိုးတို့သာ ကူညီမပေးခဲ့ရင် ကျွန်တော်လည်း လေအမြုတေတွေရဲ့ တည်နေရာကို အတိအကျကြီး ရှာဖွေနိုင်မှာမဟုတ်ဘူးလေ။ ဖျက်ဆီးဖို့ဆိုတာ ဝေးရောပေါ့ဗျာ" လုချင်းက ဖြူဖျော့သော မျက်နှာနှင့်တကွ အားနည်းနေသော အသက်ရှူသံများဖြင့် ခပ်ဖွဖွ ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ကိုယ့်ကိုကိုယ် လျှော့မတွက်စမ်းပါနဲ့ကွာ။ လေအမြုတေတွေက တစ်နေရာတည်းမှာပဲ ဘယ်တော့မှ မရှိဘူးလေ။"

"သားရဲတွေ ပေါက်ကွဲသွားတဲ့အခိုက်အတန့်မှာတင် သူတို့ရဲ့ တည်နေရာကို မင်းက အာရုံခံမိတယ်ဆိုတာ တကယ့်ကို ထူးခြားလွန်းတာပေါ့" အဘိုးချောင်က ချီးကျူးစကား ဆိုလေ၏။

"အရမ်းကြီးချီးကျူးလွန်နေပါပြီ ချန်ပေ့ရာ"

သို့သော် အဘိုးချောင်ကတော့ ထိုသို့မတွေးပေ။ သူသည် လေပြင်းသားရဲများနှင့် ပတ်သက်၍ အနည်းငယ် သိရှိထားပါ၏။ သူတို့ကို ဤမျှလောက်အထိ ဒုက္ခပေးစေသောအချက်မှာ ၎င်းတို့၏ လေအမြုတေများ မပျက်စီးသရွေ့ ၎င်းတို့၏ ခန္ဓာကိုယ်ကို အဆုံးမရှိ ပြန်လည်တည်ဆောက်နိုင်ခြင်းကြောင့်ပင်။ ထိုအချက်ကြီးက ၎င်းတို့အား မသေနိုင်သလောက်ကို ဖြစ်စေ၏။

သို့သည့်တိုင် တစ်ဖက်တွင်လည်း လေအမြုတေကို ဖျက်ဆီးဖို့အတွက်မှာ အလွန်တရာကိုမှ ခက်ခဲလှပေသည်။

ခန္ဓာကိုယ် ပျက်စီးသွားသောအခါ၌ လေအမြုတေသည် မုန်တိုင်းထဲတွင် ပျော်ဝင်သွားရုံသာမက ၎င်းထဲတွင် လေ၏နိယာမများ သိပ်သည်းစွာ ပါဝင်နေခြင်းကြောင့် တစ်ယောက်ယောက်ကသာ ၎င်း၏ တည်နေရာကို ရှာဖွေနိုင်ခဲ့လျှင်ပင် သာမန်တိုက်ခိုက်မှုများလောက်ကတော့ ၎င်းကို မထိခိုက်စေနိုင်ချေ။ ထို့အပြင် လေအမြုတေသည် သားရဲ၏ ခန္ဓာကိုယ်အတွင်း၌ တစ်နေရာတည်းတွင်ပဲ မည်သည့်အခါမျှ တည်ရှိမနေဘဲ လေနှင့်သဲများ၏စီးဆင်းမှုနှင့်အတူ အဆက်မပြတ် ရွေ့လျားနေတတ်ပါ၏။

သို့ဖြစ်ရာ ၎င်းသည် မည်သည့်နေရာတွင်မဆို ရှိနေနိုင်သည်။

တစ်နည်းအားဖြင့် လေပြင်းသားရဲတစ်ကောင်ကို လုံးဝ အမြစ်ပြတ်ချေမှုန်းရန်အတွက် လူတစ်ဦးသည် ပထမဦးစွာ သားရဲ ပေါက်ကွဲသွားသည့်အခိုက်အတန့်တွင် လေအမြုတေကို ရှာဖွေရမည်။ ထို့နောက်၌ ၎င်းကို မှုန့်မှုန့်ညက်ညက် ချေမှုန်းနိုင်လောက်သည့် ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်လွှတ်ရမည် ဖြစ်၏။ ထို့ကြောင့်လည်း အထက်တန်းအဆင့် ရွှေအမြုတေများကို ဖွဲ့စည်းနိုင်ခဲ့သော ရွှေအမြုတေအဆင့် အထွတ်အထိပ်မှ ကျင့်ကြံသူများသာ ထိုကဲ့သို့သော အရာကို လုပ်ဆောင်နိုင်လိမ့်မည်ဟု အဘိုးချောင်က စောစောက ပြောခဲ့ခြင်း ဖြစ်လေသည်။

သို့သော် လုချင်းကတော့ ရွှေအမြုတေအဆင့်၏ ပထမ အသွင်ပြောင်းခြင်းအဆင့်မျှဖြင့် ထိုအရာကို ကွက်တိလုပ်ဆောင်နိုင်ခဲ့ပါ၏။ သူတို့၏ ကူညီပံ့ပိုးမှု ရှိခဲ့လျှင်ပင် ၎င်းသည် အလွန်ကိုမှ ထူးခြားဆန်းပြားဆဲပင်။

"ငါ ထင်ထားတဲ့အတိုင်းပဲ... ဒီလူငယ်လေးက သာမန်ရွှေအမြုတေအဆင့် ကျင့်ကြံသူ မဟုတ်ဘူးပဲ" အဘိုးချောင်က စိတ်ထဲတွင် တွေးလိုက်မိသည်။

သာမန် ပထမ အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဤမျှ ထက်မြက်လှသော အာရုံခံစားမှုနှင့် စွဲမက်ဖွယ်ကောင်းသော ဓားသိုင်းကို မည်သို့ ပိုင်ဆိုင်နိုင်ပါမည်နည်း။

သံသယဖြစ်ဖွယ်မရှိဘဲ ဤရိုးရှင်းလှသော လူငယ်သည် အတွေ့အကြုံရှာဖွေရန် ထွက်လာသော ကျော်ကြားလှသည့် ဂိုဏ်းကြီး သို့မဟုတ် အင်အားကြီး မိသားစုတစ်ခုခုမှ ဖြစ်ရပေမည်။

"အဘိုးချောင်၊ နောက်က လေပြင်းသားရဲနှစ်ကောင်ကို ရှင်းလိုက်နိုင်ပြီလားဗျ" အဘိုးချောင် အံ့အားသင့်နေစဉ်မှာပင် ကုန်သည်အဖွဲ့၏အရှေ့ပိုင်းမှ သံချပ်ကာဝတ် အမျိုးသား၏အသံ ထွက်ပေါ်လာခဲ့သည်။

"အင်း ဒီလူငယ်လေးက လေအမြုတေနှစ်ခုစလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ အဲ့တာကြောင့်မလို့ အခုလောလောဆယ်တော့ သူတို့ခန္ဓာကိုယ်ကို ပြန်မဖွဲ့စည်းနိုင်တော့ဘူး" အဘိုးချောင်က ပြန်ဖြေလိုက်၏။

"ကောင်းလိုက်တာ" သံချပ်ကာဝတ် အမျိုးသားသည် အတည်ပြုချက်ကြောင့် အလွန်အမင်းကိုပဲ ဝမ်းသာသွားခဲ့တော့၏။

ထိုသုံးဦးက လေပြင်းသားရဲများကို မည်သို့ သတ်ဖြတ်လိုက်သည်အား သူ အတိအကျ မသိသော်လည်း ရလဒ်မှာတော့ သူတို့၏ လက်ရှိအခြေအနေအတွက် သံသယဖြစ်ဖွယ်မရှိ ကောင်းမွန်သော သတင်း ဖြစ်ပေသည်။

သူက အမြန် မေးမြန်းလိုက်၏။ "ဒါဆိုရင် အဲဒီတာအိုမိတ်ဆွေလေးက အရှေ့ပိုင်းက လေပြင်းသားရဲ သုံးကောင်ကိုပါ ရှင်းပေးဖို့ ကူညီပေးနိုင်သေးလောက်လား"

အဘိုးချောင်သည် လှည်းပေါ်တွင် မျက်လုံးများကိုမှိတ်ကာ တရားထိုင်နေသောလုချင်းထံသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး "အခုလောလောဆယ်တော့ မဖြစ်နိုင်သေးဘူး ထင်တယ်၊ ဒီလူငယ်လေးက အဲဒီသေစေနိုင်တဲ့တိုက်ကွက်တွေကို ထုတ်သုံးဖို့အတွက် စွမ်းအားတွေ အများကြီးထုတ်သုံးခဲ့ရတယ်လေ။ အခုလောလောဆယ်တော့ သူ့ဓားပျံကို ထပ်ပြီးတော့ မသုံးနိုင်တော့တဲ့ပုံပဲ"

"ဒါဆိုလည်း..." သံချပ်ကာဝတ် အမျိုးသားသည် ထိုစကားကြောင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

သို့သော် ၎င်းက သူ့ကို အံ့သြမသွားစေခဲ့ပေ။ အဆုံးသတ်တွင် လုချင်း၏ ကျင့်ကြံဆင့်သည် မမြင့်မားလှဘဲ ရွှေအမြုတေအဆင့်၏ ပထမ အသွင်ပြောင်းခြင်းအဆင့်မျှသာ ရှိသေးသည်။ သူသည် ထိုကဲ့သို့ ဖျက်ဆီးအားပြင်းလှသော ဓားအလင်းတန်းကို ထုတ်လွှတ်နိုင်ခြင်းကပင် အလွန်တရာကိုပဲ ထိတ်လန့်စရာကောင်းနေပြီပင်။

သံချပ်ကာဝတ် အမျိုးသား၏အမြင်တွင်တော့ လုချင်းသည် သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေမည့် တစ်စုံတစ်ရာသော တားမြစ်ပညာကို အသုံးပြုခဲ့တာဖြစ်နိုင်သည်ဟု တွေးထင်မိ၏။

ထို့ကြောင့် သူသည် ထိုဓားအလင်းတန်းကို ထပ်မံ အသုံးမပြုနိုင်ခြင်းက လုံးဝ သဘာဝကျပေသည်။

ဘာမျှ မတတ်နိုင်တော့သည်ကို မြင်သောအခါ၌ သံချပ်ကာဝတ် အမျိုးသားက အစီအစဉ် ပြောင်းလိုက်တော့၏။ "ဒါဆိုရင်လည်း တာအိုမိတ်ဆွေလေး သူ့ကိုယ်သူ ပြန်ကျန်းမာအောင်လို့ သေချာအနားယူပါစေလေ။ ကျွန်တော့်ဆီမှာ 'အဆတစ်ရာအသက်ဆက်ဆေးလုံး'ဆိုတဲ့ ကုသရေးဆေးလုံးတစ်လုံး ရှိတယ်။ အဘိုးချောင်၊ သူ့ကို ပေးလိုက်ပါဦး။ ဒါက သူ့ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ပြန်ကောင်းလာစေပါလိမ့်မယ်ဗျ"

ထိုသို့ပြောပြီးနောက် အဘိုးချောင်သည် ဝိညာဉ်စွမ်းအားများ ဝန်းရံထားသော ကျောက်စိမ်းပုလင်းငယ်တစ်ခု သူ့ထံသို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရတော့သည်။

"အဆတစ်ရာအသက်ဆက်ဆေးလုံးလား" အဘိုးချောင်သည် ပုလင်းကို လှမ်းဖမ်းလိုက်ပြီးနောက် သူ၏မျက်နှာတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားခဲ့သည်။

ဤဆေးလုံးသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက် ထိပ်တန်းအဆင့် ကုသရေးဆေးလုံး ဖြစ်၏။ ပြင်ပစျေးကွက်တွင် တစ်လုံးတည်းဖြင့်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် တန်ဖိုးရှိပါ၏။ သို့ပေသိ ထိုမျှလောက်ထိ ငွေရှိလျှင်ပင် ယင်းဆေးလုံးကို ရှာဖွေဖို့ရန် ခက်ခဲလှပေသည်။

သံချပ်ကာဝတ် အမျိုးသားက ဤကဲ့သို့ တန်ဖိုးကြီးလှသောဆေးလုံးကို ပေးအပ်ခြင်းမှာ သူသည် မည်သည့်ကုန်ကျစရိတ်ကိုမျှ မနှမြောကြောင်းကို ပြသနေပါ၏။

အဘိုးချောင်သည် ပုလင်းအဆို့ကို ဖွင့်လိုက်ရာ မွှေးကြိုင်လှသော ဆေးရနံ့များ လွင့်ပျံလာခဲ့သည်။ တစ်ချက်မျှ အနံ့ခံလိုက်ရုံဖြင့် သူ၏ ကုန်ခမ်းလုနီးပါးဖြစ်နေသော ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရ၏။ ဆေးလုံးက အစစ်အမှန်ဖြစ်ကြောင်း သူ ချက်ချင်းပင် သိရှိသွားတော့သည်။

သူသည် ဆေးလုံးကို ယူလိုက်ပြီးနောက် ဆေးစွမ်းအားများ လွင့်ပျယ်မသွားစေရန် သူ၏ ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံထားလိုက်၏။ ထို့နောက်တွင်တော့ လုချင်းထံသို့ လှည့်ကာ ပြောလိုက်သည်။ "လူငယ်လေး၊ ခေါင်းဆောင်က ကုသရေးဆေးလုံးတစ်လုံးပေးလိုက်တယ်၊ မင်း သောက်ချင်လား"

လုချင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အဘိုးချောင်၏လက်ထဲရှိ ဆေးလုံးကို ကြည့်လိုက်၏။

"ဒါက အဆတစ်ရာအသက်ဆက်ဆေးလုံးပဲ" အဘိုးချောင်က အမြန် ရှင်းပြလေသည်။ "ဒါက ရွှေအမြုတေအဆင့် ထိပ်တန်းကုသရေးဆေးလုံးပဲ၊ သေလုမြောပါးဖြစ်နေတဲ့သူကိုတောင် အသက်ပြန်ဆက်ပေးနိုင်တယ်၊ အသားနဲ့အရိုးကို ပြန်ကောင်းစေနိုင်တဲ့အပြင် ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကိုလည်း မြန်မြန်ဆန်ဆန်နဲ့ ပြန်ပြည့်ဖြိုးအောင်လို့ လုပ်ပေးနိုင်တယ်လေ"

"မင်းသာ ဒါကို သောက်လိုက်ရင် တော်တော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ပြန်ကောင်းလာလိမ့်မယ်"

လုချင်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီးနောက် ပါးစပ်ကိုဖွင့်ကာ ဆေးလုံးကို အသက်ရှိုက်စာတစ်ခါစာမျှဖြင့် စုပ်ယူပြီး တစ်လုပ်တည်းဖြင့် မျိုချလိုက်တော့သည်။

သံချပ်ကာဝတ် အမျိုးသားက ဤဆေးလုံးကို ပေးပို့ခြင်းဖြင့် ဘာကို ဆိုလိုသည်ကို လုချင်း အပြည့်အဝ နားလည်လိုက်ပါ၏။

သူ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာပြီး ကျန်ရှိသော လေပြင်းသားရဲ သုံးကောင်ကို ရှင်းလင်းရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်နေခြင်းထက် မပိုချေ။

အမှန်တကယ်တော့ သူ၏ ကျင့်ကြံဆင့်အရ စောစောက သံချပ်ကာဝတ် အမျိုးသား၏ ဝိညာဉ်အသံလွှင့်ချက်ကို သူ မလွတ်တမ်း ကြားသိခဲ့ရပါ၏။ ခုနကတင် သူ တွန့်ဆုတ်နေခြင်းမှာ ဆေးလုံးတွင် တစ်စုံတစ်ရာ ပြုပြင်မွမ်းမံထားခြင်း ရှိ၊ မရှိကို နတ်မျက်စိစွမ်းရည်တစ်ခုဖြင့် စစ်ဆေးနေခြင်းကြောင့် ဖြစ်၏။

ဘာမျှ မရှိသည်ကို တွေ့ရသောအခါမှသာ သူသည် နောက်ဆုံးတွင် မျိုချလိုက်တော့သည်။ ထို့အပြင် ခေါင်းဆောင်၏ အစီအစဉ်သည် သူ၏ ကိုယ်ပိုင်အစီအစဉ်နှင့် ကွက်တိကို ကိုက်ညီနေခဲ့၏။ သူသည်လည်း သူ၏ ပြန်လည်ကောင်းမွန်လာမှုကို မြန်ဆန်စေရန်အတွက် မည်သည့်ဆင်ခြေကို အသုံးပြုရမလဲဟု စဉ်းစားနေခဲ့ခြင်းပင်။

အဆုံးသတ်တွင်တော့ စောစောက သူ၏ စွမ်းဆောင်ရည်မှာ အလွန်ပင် စူးရှတောက်ပလွန်းလှသည်။ သူသည် သံသယများ မဝင်လာစေရန်အတွက် စွမ်းအားကို လျှော့ချပြီး အားနည်းဟန် ဆောင်ထားရန် လိုအပ်ပေ၏။

ယခုအခါ အဆတစ်ရာအသက်ဆက်ဆေးလုံးကို ရရှိထားသဖြင့် သူသည် မည်သူ့ကိုမျှ အာရုံစိုက်လာအောင် မလုပ်ဘဲ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမှုကို အကြောင်းပြချက် ပေးနိုင်ပြီ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် လုချင်းသည် အလွန် ကောင်းမွန်စွာ သိရှိထားခြင်းကြောင့် ဖြစ်၏။ ထိုလေပြင်းသားရဲ ငါးကောင်သည် ခြိမ်းခြောက်မှုအစစ်အမှန် မဟုတ်ကြချေ။ အန္တရာယ်အစစ်အမှန်မှာ ဘေးနားတွင် တစ်ချိန်လုံး ပုန်းကွယ်နေပြီး သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်းပင်။

လုချင်း ဆေးလုံးကို မျိုချပြီးနောက်၌ သူ၏ အရှိန်အဝါများသည် တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့ရာ အဘိုးချောင်နှင့် သက်လတ်ပိုင်း အမျိုးသားတို့ကို စိတ်သက်သာရာ ရစေခဲ့သည်။

ထိုနှစ်ဦးမှာ ၎င်းတို့၏ ဝိညာဉ်လက်နက်များကို နည်းနည်းလေးတောင် အချိန်မဖြုန်းတော့ဘဲ ချက်ချင်းပင် ထုတ်လိုက်ကြပြီး ကျန်ရှိနေသော လေပြင်းသားရဲများကို ခုခံရန်အတွက် သံချပ်ကာဝတ် အမျိုးသားကို ကူညီဖို့ ကုန်သည်အဖွဲ့၏ အရှေ့ပိုင်းဆီသို့ ပျံသန်းသွားကြတော့သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးက တိုက်ပွဲထဲသို့ ထပ်မံ ပူးပေါင်းလာခြင်းကြောင့် သံချပ်ကာဝတ် အမျိုးသား၏အဖွဲ့အပေါ်ရှိ ဖိအားများကလည်း သိသိသာသာပင် လျော့နည်းသွားခဲ့သည်။ ကျန်ရှိသော လေပြင်းသားရဲ သုံးကောင်သည် ထပ်ခါတလဲလဲ နောက်သို့ ဆုတ်ခွာသွားရတော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ နောက်တစ်ဖန် ပြန်၍မစုစည်းနိုင်မီမှာပဲ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ချေမှုန်းခြင်းကို ခံလိုက်ရတော့၏။ ၎င်းကြောင့်ပင် ကုန်သည်အဖွဲ့၏ အရှိန်နှုန်းမှာ သိသိသာသာကို မြန်ဆန်လာခဲ့ပါ၏။

ကံဆိုးစွာဖြင့် သံချပ်ကာဝတ် အမျိုးသား၏ အဖွဲ့သည်လည်း လုချင်း၏ နည်းလမ်းကို အတုခိုးရန် ကြိုးစားခဲ့ကြသည်။ လေပြင်းသားရဲများ ပေါက်ကွဲသွားသည့်အခိုက်အတန့်တွင် လေအမြုတေများ၏ တည်နေရာရှာပြီး ထိုသည်တို့ကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြပါ၏။ သို့သော် အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက်တွင်တော့ ထိုအရာက မဖြစ်နိုင်ကြောင်းကို သူတို့ သဘောပေါက်သွားခဲ့ကြသည်။

လေအမြုတေများသည် သားရဲများ၏ခန္ဓာကိုယ်အတွင်း ခဏမျှပင် မနားမနေဘဲ အဆက်မပြတ် တည်နေရာပြောင်းလဲနေရုံသာမက သားရဲ ပေါက်ကွဲသွားသည့်အခိုက်အတန့်တွင် လေအမြုတေ၏ တည်နေရာကို ရံဖန်ရံခါမှသာ မြင်တွေ့လိုက်ရလျှင်ပင် သူတို့သည် လေ၏နိယာမများဖြင့် သိပ်သည်းထားသော လေအမြုတေကို ဖျက်ဆီးရန်အတွက် စွမ်းအားအားလုံးကို အမှတ်တစ်ခုတည်းသို့ မစုစည်းနိုင်ကြောင်းကို သိရှိခဲ့ရ၏။ ထပ်ခါတလဲလဲ ကျရှုံးပြီးနောက်၌တော့ လေအမြုတေကို ဖျက်ဆီးရန်မှာ အမှန်တကယ်ပင် မည်မျှထိ ခက်ခဲကြောင်းကို သူတို့ နောက်ဆုံး၌ နားလည်သွားခဲ့ကြတော့၏။ ထို့ပြင် လုချင်း၏ စွမ်းအားအပေါ် သူတို့၏ လေးစားအားကျမှုမှာလည်း ပို၍ပင် နက်ရှိုင်းလာခဲ့တော့သည်။

ထို့ပြင် သူတို့မှာ သဘောပေါက်သွားခဲ့ကြပါ၏။ ထိုဆန်းကြယ်လှသော လူငယ်လေး ပြန်လည်ကောင်းမွန်လာပြီးမှသာ ကျန်ရှိသော လေပြင်းသားရဲ သုံးကောင်ကို အပြီးတိုင် ဖျက်ဆီးနိုင်မည့် မျှော်လင့်ချက် ရှိပေလိမ့်မည်။

ကံကောင်းစွာဖြင့် အဘိုးချောင်နှင့် သက်လတ်ပိုင်း အမျိုးသားတို့ တိုက်ပွဲထဲတွင် ရှိနေသဖြင့် တိုက်ပွဲအခြေအနေမှာ ကုန်သည်အဖွဲ့ဘက်သို့ ယိုင်လဲလာခဲ့သည်။ သူတို့သည် လေပြင်းသားရဲများကို အမြစ်ပြတ် မချေမှုန်းနိုင်သော်လည်း သူတို့၏ ရှေ့ဆက်ရမည့်ခရီးကိုတော့ ထိုသားရဲများ မတားဆီးနိုင်တော့ချေ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကုန်သည်အဖွဲ့သည် ချောက်ကမ်းပါး၏အဝင်ဝဆီသို့ တဖြည်းဖြည်းချင်း နီးကပ်လာခဲ့သည်။ နာရီဝက်ပင်မပြည့်မီအချိန်အတွင်း သူတို့သည် ချောက်ကမ်းပါးလမ်းသို့ ရောက်ရှိပြီး ဤသေမင်းထောင်ချောက်မှ လွတ်မြောက်နိုင်တော့မည်ပင်။

မျှော်လင့်ချက်သည် ရှေ့တည့်တည့်တွင်သာ ရှိနေခဲ့သည်။ လူတိုင်း ပင်ပန်းနွမ်းနယ်နေကြသော်လည်း သူတို့၏ မျက်လုံးများတွင်တော့ ပြတ်သားမှုများဖြင့် တောက်ပနေခဲ့ကြတော့၏။

ထိုစဉ်မှာပင် ကုန်သည်အဖွဲ့၏ နောက်ပိုင်းမှ လုချင်း၏အသံ ထွက်ပေါ်လာခဲ့သည်။ "လေးစားရတဲ့ ချန်ပေ့တို့၊ ကျွန်တော့်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားပါပြီဗျ"

"ကောင်းလိုက်တာ၊ တာအိုမိတ်ဆွေလေး၊ ကျေးဇူးပြုပြီး ဒီလေပြင်းသားရဲ သုံးကောင်ကို သတ်ဖြတ်ဖို့ ငါတို့ကို ကူညီပေးပါဦး" သံချပ်ကာဝတ် အမျိုးသားက ချက်ချင်းပင် လှမ်းအော်လိုက်၏။ "ငါတို့ ကုန်သည်အသင်းက မင်းကို နောက်ပိုင်းကျရင် ရက်ရက်ရောရော ဆုလာဘ်တွေအများကြီး ပေးပါ့မယ်ကွာ"

"ဟုတ်ကဲ့ပါ ချန်ပေ့" လုချင်းက အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် ဘာမျှမတတ်နိုင်သကဲ့သို့ ခံစားလိုက်ရ၏။ သူသည် အမှန်တကယ်တော့ ဤမျှ မြန်မြန်ဆန်ဆန် ပြန်ကောင်းချင်နေခဲ့တာတော့ မဟုတ်ပေ။

လူတိုင်း ချောက်ကမ်းပါးဆီသို့ ဘေးကင်းစွာ ရောက်ရှိသည်အထိ အချိန်ဆွဲထားချင်ခဲ့မိပါ၏။ သို့သော် အဖွဲ့ကြီးက လွတ်မြောက်လုနီးပါး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဘေးနားတွင် ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်တည်ရှိမှုကြီးက ဆက်လက်၍ မအောင့်အီးနိုင်တော့ပုံပင်။

၎င်းက လုချင်းကို ယခုအချိန်တွင် လှုပ်ရှားရန် ဖိအားပေးလိုက်ခြင်း ဖြစ်၏။

သူသည် လှည်းပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သူ၏ ဓားပျံကို ထုတ်လိုက်ကာ ဖျက်ဆီးအားပြင်းလှသော နောက်ထပ် ဓားချက်တစ်ခုအတွက် ဓားအသိများကို စုစည်းနေဟန် ပြုလုပ်လိုက်၏။ အမှန်တကယ်တော့ သူ၏ အာရုံစိုက်မှုမှာ အခြားတစ်နေရာတွင် ဖြစ်သည်။ မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော တည်ရှိမှုကြီး၏ လှုပ်ရှားမှုများကို တိတ်တဆိတ် အာရုံခံနေခြင်းပင်။

"သူတို့ လာနေပြီ" လုချင်း၏နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။

"တာအိုမိတ်ဆွေလေး၊ အဆင်သင့်ဖြစ်ပြီလား" လုချင်း တိတ်ဆိတ်နေသည်ကို သတိပြုမိသဖြင့် အရှေ့ပိုင်းမှ သံချပ်ကာဝတ် အမျိုးသားက လှမ်းမေးလိုက်သည်။

နောက်ထပ်အခိုက်အတန့်တွင်တော့ သူ၏ မေးရိုးမှာ အလိုလိုပင်ပြုတ်ကျလုမတတ် ဟသွားခဲ့ရတော့သည်။

သူတို့၏ ရှေ့တည့်တည့်တွင် အဆုံးမရှိသော လေနှင့်သဲများသည် ရုတ်တရက် အတူတကွ စုစည်းလာခဲ့ကြပြီးနောက်၌ ကောင်းကင်ယံအထိ ပျံတက်သွားသော ဧရာမ လေဆင်နှာမောင်းကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။

လေဆင်နှာမောင်းကြီး ပျောက်ကွယ်သွားသောအခါ၌တော့ ဝါးတစ်ရာကျော်စာ မြင့်မားပြီး သဲဝါများဖြင့် ပြုလုပ်ထားသည့် ဧရာမ သားရဲကြီးတစ်ကောင်က သူတို့၏ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော တုန်လှုပ်ဖွယ်ရာ ဖိအားများသည် အသက်ရှူရကျပ်မတတ် ဖြစ်စေခဲ့ပါ၏။ ထို့ပြင် ကုန်သည်အဖွဲ့ကို တိုက်ခိုက်နေခဲ့ကြသော ရွှေအမြုတေအဆင့် လေပြင်းသားရဲ သုံးကောင်မှာ ယခုအခါ၌တော့ ၎င်း၏ ခြေရင်းတွင် ရိုသေစွာ ဒူးထောက်လျက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အရိုအသေပြုနေကြတော့သည်။

လူတိုင်းသည် ထိုမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြပြီး မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သူတို့ထဲတွင် အားအကောင်းဆုံးဖြစ်သော သံချပ်ကာဝတ် အမျိုးသားပင်လျှင် ကြောက်ရွံ့မှုကြောင့် တောင့်တင်းသွားခဲ့ရ၏။ ပြီးနောက်၌ သူ၏အသံမှာ တုန်ရီလျက် ထစ်ထစ်အအဖြင့် ရေရွတ်လိုက်မိတော့သည်။ "သ... သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲတစ်ကောင်လား"

……

အခန်း ၅၅၆ - သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲတစ်ကောင်အပေါ် သူ့ဓားကို စမ်းသပ်ခြင်း

"လေပြင်းလွင်ပြင်ထဲမှာ သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲ ပေါ်လာတယ်ပေါ့၊ ဒါပေမဲ့... အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သံချပ်ကာဝတ် အမျိုးသားက ဝါးတစ်ရာကျော် မြင့်မားသော ဧရာမ သားရဲကြီးကို ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။ ဤဧရာမ လေပြင်းသားရဲကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါက ရွှေအမြုတေအဆင့်ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။ ၎င်း၏ရှေ့မှောက်တွင် သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ သေးငယ်သွားသလိုလိုပင် မခံစားရဘဲမနေနိုင်ခဲ့ချေ။

ဤဧရာမ လေပြင်းသားရဲကြီးသည် ၎င်း၏ခြေရင်းရှိ လေပြင်းသားရဲ သုံးကောင်နှင့် လုံးဝ မတူညီသော အဆင့်တစ်ခုတွင် ရှိနေကြောင်း ထင်ရှားလှပေ၏။ ထို့အပြင် ထိုလေပြင်းသားရဲ သုံးကောင်၏ ရိုကျိုးစွာ နေထိုင်ပုံက အချက်တစ်ချက်ကို အလွန်ပင် ရှင်းလင်းသွားစေခဲ့ပါ၏။

ဤထွားကျိုင်းလှသော သတ္တဝါကြီးသည် တခြားသောအဆင့်သို့ ရောက်ရှိနေသည့် ဒဏ္ဍာရီများထဲတွင် ပြောစမှတ်ပြုကြသော သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲကြီး ဖြစ်ပေသည်။

ထိုအသိတရား ဝင်ရောက်လာသည်နှင့် လူတိုင်းသည် ကြီးမားလှသော မျှော်လင့်ချက်မဲ့ခြင်း၌ နစ်မွန်းသွားကြတော့၏။ ရွှေအမြုတေအဆင့်နှင့် သန္ဓေသားဝိညာဉ်အဆင့်ကြားရှိ ကွာဟချက်က အလွန်ကိုမှ ကြီးမားလွန်းလှပေသည်။

ယခု သူတို့ရှိနေသည်မှာ ဤသားရဲများ၏ ကိုယ်ပိုင်ပိုင်နက်ဖြစ်သော လေပြင်းလွင်ပြင်ထဲတွင် ဖြစ်၏။ ထို့ကြောင့် သူတို့အတွက် အသက်ရှင်လျက် လွတ်မြောက်ရန် မျှော်လင့်ချက် လုံးဝမရှိတော့ချေ။

"သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲက လေပြင်းလွင်ပြင်ထဲမှာ ဘယ်လိုလုပ် မွေးဖွားလာနိုင်မှာလဲ" အဘိုးချောင်၏ မျက်နှာတွင်လည်း မျှော်လင့်ချက်မဲ့မှုများ အပြည့်အဝကို ပေါ်လွင်နေခဲ့၏။ သူ ရှင်သန်လာခဲ့သော နှစ်များတစ်လျှောက်လုံးတွင်တောင်မှ လေပြင်းလွင်ပြင်ထဲ၌ သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲ ပေါ်လာသည်ဟု တစ်ခါမျှပင် မကြားဖူးခဲ့ပေ။

အကယ်၍ သူတို့သာ ကြိုသိခဲ့လျှင် ယခုထက် သတ္တိဆယ်ဆ ပိုရှိနေလျှင်တောင်မှ မည်သူမျှ ဤနေရာသို့ ခြေချရဲမည် မဟုတ်တော့ချေ။ "ဒါကြောင့်လည်း ပုံမှန်အားဖြင့် လွင်ပြင်ရဲ့ နက်ရှိုင်းတဲ့နေရာတွေမှာပဲ နေတတ်ကြတဲ့ ရွှေအမြုတေအဆင့် လေပြင်းသားရဲတွေက အစွန်အဖျားဒေသတွေမှာ ပေါ်လာကြတာကိုး"

"ပြီးတော့ သာမန်အားဖြင့် ဉာဏ်ရည်မရှိတဲ့ ဒီသတ္တဝါတွေက အခုလို ပူးပေါင်းဆောင်ရွက်ပြီးတော့ ထူးထူးဆန်းဆန်း ပြုမူနေကြတာလည်း မဆန်းတော့ဘူး"

"အခုတော့ အားလုံးက အဓိပ္ပာယ်ရှိသွားပြီ။ လေပြင်းလွင်ပြင်က သူတို့ရဲ့ဘုရင်အစစ်ဖြစ်တဲ့ သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲကို မွေးဖွားပေးလိုက်တာပဲ"

အဘိုးချောင် တွေးလေလေ နောင်တရလေလေ ဖြစ်မိနေတော့သည်။ လွင်ပြင်ထဲသို့ မဝင်ရောက်မီကတည်းက စိုးရိမ်ပူပန်မှုတစ်ခုခုကို သူ ဝေဝါးစွာ ခံစားနေခဲ့ရပါ၏။

ထိုအချိန်က နောက်ပြန်လှည့်သင့်သော အချိန်ဖြစ်ပေသည်။ အခြားလမ်းမှ သွားပါက ဆယ်ရက်ကျော်မျှ အချိန်ပိုကြာသွားမည်ဆိုလျှင်တောင် သေလမ်းဆီသို့ လျှောက်လှမ်းရခြင်းထက်တော့ ပိုကောင်းသေးပါ၏။ သို့သော် ယခုအခါမှ နောင်တရနေလျှင်လည်း ဘာအဓိပ္ပာယ်မှမရှိတော့ပေ။

သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲကြီးတစ်ကောင်။

ထို့ပြင် ၎င်း၏ကိုယ်ပိုင်ပိုင်နက်ထဲတွင် ရွှေအမြုတေအဆင့် လေပြင်းသားရဲ သုံးကောင် ခြံရံထားလျက် ရှိနေလေ၏။

ထွက်ပေါက် လုံးဝမရှိတော့ချေ။

ခုခံခြင်းမှာလည်း အဓိပ္ပာယ်ရှိမည် မဟုတ်။

မြေးနှစ်ယောက်ကို ရင်ခွင်ထဲတွင် ထွေးပိုက်ထားရင်းဖြင့် အဘိုးချောင်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။

သူသည် သင့်တင့်သလောက်ထိ အသက်ရှည်ခဲ့ပါပြီပင်။

သေရခြင်းက သူ့တွက်တော့ သိပ်ပြီး ကြောက်စရာမကောင်းပေ။ သို့သော် သူ သည်းမခံနိုင်သောအရာမှာ သူ၏အမှားကြောင့် ဤကလေးနှစ်ယောက်ပါ သူနှင့်အတူ သေဆုံးရတော့မည်ကိုပင်။

"သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲ ဆိုပါလား.. ဒါကြောင့် ငါ ပြင်းထန်တဲ့ အန္တရာယ်ကို အမြဲတမ်း ခံစားနေရတာကိုး" လူအုပ်၏ နောက်ဘက်မှ လုချင်းကလည်း တောင်တန်းတစ်ခုကဲ့သို့ ကြီးမားသော လေပြင်းသားရဲကို ကြည့်ရင်း ရုတ်တရက် နားလည်သွားတော့သည်။ သူ၏ မြင်ကွင်းတွင် တောက်ပသော စာကြောင်းအချို့ ဝဲပျံလာခဲ့သည်။

[သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲ - လေပြင်းလွင်ပြင်၏ နက်ရှိုင်းသောနေရာရှိ အောက်ကမ္ဘာလေပြင်းဂူထဲမှ မွေးဖွားလာသော အစွမ်းထက်သည့် သတ္တဝါ။]

[ကျင့်ကြံဆင့် - သန္ဓေသားဝိညာဉ်အဆင့်သို့ အသစ်ဝင်ရောက်ထားခြင်း။]

[လေပြင်းသားရဲတစ်ကောင်၏ စွမ်းအားအရင်းအမြစ်မှာ ၎င်း၏ ခန္ဓာကိုယ်အတွင်း လေ၏နိယာမများဖြင့် ဖွဲ့စည်းထားသော လေအမြုတေ ဖြစ်သည်။ လေနှင့်သဲများဖြင့် ဖွဲ့စည်းထားသော ၎င်း၏ ပုံသဏ္ဌာန်မှာ အပြင်ပိုင်းအခွံမျှသာ ဖြစ်သည်။]

[လေအမြုတေကို ဖျက်ဆီးမှသာလျှင် သားရဲကို အမှန်တကယ် အနိုင်ယူနိုင်မည်။]

[ဤလေပြင်းသားရဲသည် မကြာသေးမီကမှ မွေးဖွားလာခြင်းဖြစ်ပြီး ကလေးတစ်ဦးကဲ့သို့ ဉာဏ်ရည် ကင်းမဲ့နေသည်။]

[လေပြင်းလွင်ပြင်မှ မွေးဖွားလာသော်လည်း ၎င်းသည် လွင်ပြင်နှင့် ချိတ်ဆက်ထားသဖြင့် ထွက်ခွာ၍ မရနိုင်ပေ။]

…

သားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် အချက်အလက် စာကြောင်းများ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၌ လုချင်းသည် သက်သာရာရသွားသလို ခံစားလိုက်ရတော့သည်။ ထို့နောက် သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်ပလာခဲ့၏။

"ဆိုတော့.. သူက အခုမှ ပုံစံပေါ်လာတဲ့ သန္ဓေသားဝိညာဉ်အဆင့် သားရဲလေးပါလား"

"အရမ်းကောင်းတာပဲ၊ ငါ သိချင်နေတာ ကြာပြီ..."

"ငါ ဘယ်လောက်အထိ ရောက်နေပြီလဲဆိုတာကိုပေါ့"

"ငါ့ရဲ့ လက်ရှိစွမ်းအားက သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ"

"မင်းအပေါ်မှာ စမ်းသပ်ကြည့်ရအောင်"

ရွှေအမြုတေအဆင့်၏ ပဉ္စမ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိပြီးကတည်းက လုချင်း၏ စွမ်းအားသည် တစ်ဖန် မြင့်တက်လာခဲ့သည်။ ရွှေအမြုတေ အသွင်ပြောင်းခြင်း ကိုးဆင့်လမ်းစဉ်တွင် ပြောင်းလဲခြင်း တစ်ဆင့်ချင်းစီသည် ကောင်းကင်သစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်၏။

ပြောင်းလဲခြင်း တစ်ဆင့်ချင်းစီနှင့်အတူ ကျင့်ကြံသူတစ်ဦးသည် စွမ်းအားပိုင်းတွင် အံ့မခန်း အသွင်ပြောင်းလဲမှုများကို ခံစားရပေသည်။ ဤအရာမှာ လုချင်း၏ ပြီးပြည့်စုံသော ရွှေအမြုတေအတွက် အထူးပင် မှန်ကန်လှပါ၏။

ပြောင်းလဲခြင်းတစ်ဆင့်ချင်းစီက ကြီးမားလှသော စွမ်းအား တိုးတက်မှုများကိုပါ ယူဆောင်လာပေးသည်။ ယခုအချိန်တွင် ကုန်းရှုယွီ သေရာမှ ပြန်လည်ရှင်သန်လာပြီး သူ့ကို ပြန်လည်ရင်ဆိုင်ရမည်ဆိုလျှင် ရတနာချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားလျှင်တောင်မှ လက်သီးတစ်ချက်ကိုတောင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဤကဲ့သို့ စွမ်းအားများ လျင်မြန်စွာ မြင့်တက်လာခြင်းက လုချင်းကို ပို၍ပင် သိချင်စိတ် ဖြစ်ပေါ်စေခဲ့၏။

သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် အမှန်တကယ် ရင်ဘောင်တန်းနိုင်ရန်အတွက် သူ ဘယ်လောက်အထိ ခရီးဆက်ရဦးမည်နည်း။

သေချာသည်ကတော့ သူသည် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို လိုက်လံစိန်ခေါ်၍ မရနိုင်ပေ။ ထိုသို့လုပ်ခြင်းမှာ အလွန်ကိုမှ မိုက်မဲလွန်းရာ ကျပေလိမ့်မည်။

ထိုကဲ့သို့သော ကျွမ်းကျင်သူတိုင်းသည် ဂုဏ်ယူဝင့်ကြွားပြီး မာနကြီးကြပေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက သူတို့၏ ဂုဏ်သိက္ခာကို စော်ကားလာသည်ကို မည်သူကမျှ သည်းခံမည် မဟုတ်ချေ။ သို့သော် ယခုအချိန်တွင်မူ ဤအခြေအနေက ရှားပါးပြီး ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုကို ဖန်တီးပေးနေလေ၏။

လုချင်း၏ တိုက်ခိုက်လိုစိတ်ကို အာရုံခံမိသည့်အလား သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲကြီးကလည်း လှုပ်ရှားလာခဲ့သည်။ ၎င်း၏ ဧရာမ မျက်လုံးကြီးများသည် သူ့ထံသို့ ဖြည်းညင်းစွာ လှည့်လာပြီး ဦးခေါင်းကို အနည်းငယ် ငုံ့လိုက်လေ၏။ ထိုသိမ်မွေ့သော လှုပ်ရှားမှုလေးကပင် ပြင်းထန်နေပြီဖြစ်သော လေပြင်းများကို ပို၍ပင် ကြမ်းတမ်းလာစေခဲ့ပါ၏။

"နောက်ဆုံးတော့ သူက စပြီးလှုပ်ရှားတော့မလို့လား"

သားရဲကြီး လှုပ်ရှားလာသည်နှင့်အမျှ ဘေးပတ်လည်ရှိ လူတိုင်းသည် အလိုလိုပင် တုန်ယင်သွားကြတော့၏။

အချို့ဆိုလျှင် မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို မှိတ်ကာ သေဆုံးမည့်အချိန်ကိုပင် စောင့်ဆိုင်းနေကြတော့၏။ မည်သူမျှ မခုခံကြချေ။

ဤကဲ့သို့ အန္တရာယ်များသော နယ်မြေတွင် ကုန်သွယ်ရေးခရီးစဉ်များကို စွန့်စားသွားလာရဲသူများသည် သေဆုံးရန်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ကြသည်။ သန္ဓေသားဝိညာဉ်အဆင့် တည်ရှိမှုတစ်ခုကို ခုခံခြင်းက အဓိပ္ပာယ်မဲ့ကြောင်းကိုလည်း သူတို့အားလုံး သိရှိထားကြပေသည်။ တိတ်ဆိတ်စွာဖြင့်သာ သေဆုံးခြင်းကို လက်ခံရင်း နာကျင်မှု နည်းပါးဖို့ မျှော်လင့်ထားခြင်းကသာ ပိုကောင်းပေသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြစ်ကြသည့် သံချပ်ကာဝတ် အမျိုးသားနှင့် အဘိုးချောင်တို့နှစ်ဦးစလုံးသည်လည်း ထိုနည်းတူ ခံစားနေကြရသည်။

သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲရှေ့တွင် သူတို့၏ စွမ်းအားက ဘာမျှ မဟုတ်တော့ချေ။

ကြီးမားလှသော စွမ်းအားရှေ့တွင် ခုခံမှုအားလုံးသည် အချည်းနှီးသာ ဖြစ်ပေသည်။ ငြိမ်သက်စွာနေပြီး သူတို့၏ ကံကြမ္မာကို လက်ခံခြင်းကသာ သူတို့ လုပ်နိုင်သမျှ အကောင်းဆုံး ဖြစ်ပုံရလေ၏။

သားရဲကြီးက ၎င်း၏ ဧရာမ လက်သည်းကြီးကို မြှောက်ကာ ပြိုလဲတော့မည့် ကောင်းကင်တိုင်ကြီးတစ်ခုကဲ့သို့ အောက်သို့ ရိုက်ချလိုက်သောအခါ၌ အဘိုးချောင်ပင်လျှင် ထူးဆန်းသော သက်သာရာရမှုကို ခံစားလိုက်ရတော့သည်။

သားရဲကြီး၏ ခြေဖဝါးက စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ကျဆင်းလာခဲ့သည်။ ထိုစဉ် လေငြိမ်မီးအိမ်၏ အလင်းရောင်သည် မုန်တိုင်းထဲတွင် ငြိမ်းလုနီးပါးဖြစ်နေသော ဖယောင်းတိုင်တစ်ခုကဲ့သို့ တုန်ခါနေခဲ့ပါ၏။

ထို့နောက် သေမင်းက တိုက်ခိုက်တော့မည့်အချိန်တွင်ပင် လူအုပ်ကြီး၏ နောက်ဘက်ကနေ ဓားအလင်းတန်းတစ်ခုက ပစ်လွှတ်လာခဲ့သည်။

ထိုဓားအလင်းတန်းမှာ ကောင်းကင်ယံမှ ကြယ်တံခွန်တစ်ခုကဲ့သို့နှယ် တောက်ပနေပြီး အနှိုင်းမဲ့ ကောင်းကင်ဖြိုခွင်း ဓားအသိကို သယ်ဆောင်လာခဲ့၏။ သူတို့၏ မျက်စိရှေ့တွင်ပင် သေမင်း၏ လက်နှင့်တူသော ထိုကြောက်မက်ဖွယ်ရာလက်သည်းကြီးသည် ဓားအလင်းတန်း၏ ထက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီးနောက်၌ မှုန့်မှုန့်ညက်ညက်ကို ကွဲကြေသွားလေတော့သည်။ ပေါက်ကွဲထွက်လာသော စွမ်းအင်များသည် အထက်သို့ တွန်းကန်တက်သွားလေရာ လေပြင်းသားရဲ၏ ဧရာမ ခန္ဓာကိုယ်တစ်ဝက်ကိုပင် လွင့်စင်သွားစေခဲ့သေးပါ၏။

ထို့နောက်တွင် သဲမိုးများ သည်းထန်စွာ ရွာကျလာတော့၏။ သို့တိုင်အောင် ထိုသဲမိုးများမှာ မီးအိမ်၏အလင်းရောင်ကြောင့် ကွဲထွက်သွားရကာ ဘေးဘက်သို့ လွင့်စင်သွားပြီး အန္တရာယ်ကင်းစွာ ကျဆင်းသွားခဲ့သည်။

ထိုစဉ် လူတိုင်းသည် စိတ်လွတ်နေသကဲ့သို့ပင် ကြောင်အမ်းအမ်းဖြင့်သာ ရပ်နေကြတော့၏။ ခဏတာမျှ မည်သူမျှ ဘာဖြစ်သွားသည်ကို နားမလည်နိုင်ခဲ့ကြပေ။

"အဘိုးချောင်၊ အဘိုးက ဒီအတိုင်း လွယ်လွယ်လေးလက်လျှော့လိုက်တော့မလို့လားဗျ။ ကျွန်တော် သိတဲ့ ဉာဏ်ကောင်းတဲ့သူနဲ့ မတူဘူးနော်"

သူတို့၏ အံ့အားသင့်နေသောအကြည့်များအောက်တွင်ပဲ သားရဲ၏လက်မောင်းကို ဖျက်ဆီးပစ်လိုက်သော ဓားအလင်းတန်းသည် လည်ပတ်နေလျက်ဖြင့် ငွေရောင် ဓားပျံတစ်လက်ကို ဖော်ပြလိုက်တော့သည်။ ထို့နောက်၌ သူတို့၏ နောက်ကွယ်မှ လူတစ်ယောက်သည် ဓားကိုကိုင်ကာ ရှေ့သို့ ထွက်လာပြီး ဦးဆောင်လိုက်လေ၏။

"မင်း…….မင်း………လူငယ်လေး….မင်းလား" အဘိုးချောင်က မယုံကြည်နိုင်စွာဖြင့် ထစ်အလျက် မေးလိုက်သည်။

အခြားသူများကလည်း လုချင်းကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေကြတော့၏။

ထိုဖျက်ဆီးအားပြင်းလှသော ဓားချက်က သူ့ထံမှ လာလိမ့်မည်ဟု သူတို့ထဲမှ မည်သူကမျှ မထင်ထားခဲ့ကြပေ။

"ဟုတ်ပါတယ်၊ ကျွန်တော်ပါ" လုချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"မင်း……မင်းက သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူ ချန်ပေ့လား" သံချပ်ကာဝတ် အမျိုးသားသည် အိပ်မက်မှ နိုးလာသကဲ့သို့ ထိတ်လန့်တကြား ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်တော့သည်။

"သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူဆိုပါလား..." လုချင်းက ခပ်ဖွဖွ ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး ဝန်ခံခြင်းလည်း မရှိသလို ငြင်းဆိုခြင်းလည်း မရှိခဲ့ပေ။

သို့သော် သံချပ်ကာဝတ် အမျိုးသားနှင့် အခြားသူများအတွက်မူ ထိုအပြုံးက သူတို့ လိုအပ်နေသော အဖြေအားလုံးပင် ဖြစ်လေ၏။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ ဧရာမ လေပြင်းသားရဲကြီး၏ လက်မောင်းကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်သူမှာ တူညီသော အဆင့်ရှိ ကျင့်ကြံသူမှလွဲ၍ အခြားမည်သူကများ ဖြစ်နိုင်ပါမည်နည်း။

အထူးသဖြင့် လေပြင်းသားရဲများ၏ ကိုယ်ပိုင်ပိုင်နက်ဖြစ်သော လေပြင်းလွင်ပြင်ဖြစ်သည့် ဤနေရာထဲတွင် ဖြစ်သည်။ သူတို့သည် ဤမြေပေါ်တွင် ရပ်တည်နေသရွေ့ သူတို့၏ သဘာဝ ကန့်သတ်ချက်များထက် ကျော်လွန်သော စွမ်းအားများကို ထုတ်လွှတ်နိုင်ရန် ဆန်းကြယ်သော တိုးတက်မှုများကို ရရှိကြပေသည်။ သန္ဓေသားဝိညာဉ်အဆင့်ရှိသူတစ်ဦးသာ ထိုကဲ့သို့သော နတ်ဘုရားဆန်သည့် စွမ်းအားမျိုးကို ပြသနိုင်လိမ့်မည်ပင်။

"ချန်ပေ့၊ ကျေးဇူးပြုပြီး။ ကျွန်တော်တို့ကို ကယ်တင်ပေးပါ။ နောက်ပိုင်းမှာ ချန်ပေ့ ဘာပဲတောင်းဆိုတောင်းဆို၊ ကျွန်တော်တို့ တွန့်ဆုတ်မနေဘဲ နာခံပါ့မယ်" ဤအရာကို သဘောပေါက်သွားသောအခါ သံချပ်ကာဝတ် အမျိုးသားသည် ချက်ချင်းပင် ဒူးတစ်ဖက် ထောက်လိုက်ပြီး တောင်းပန်လိုက်တော့၏။

လုချင်းကဲ့သို့သော စွမ်းအားရှင်တစ်ဦးသည် အဘယ်ကြောင့် သူတို့ကြားတွင် ရုပ်ဖျက်ပြီး ခရီးသွားနေရသနည်း ဆိုသည်ကိုမူ သူ မေးခွန်းထုတ်ရန် အချိန်မရှိတော့ချေ။ သူ သိသည်မှာ လုချင်းသည် ယခု သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ကြောင်းကိုသာပင်။

သူတို့၏ အသက်များအားလုံးသည် သူ့လက်ထဲ၌သာ ရှိနေလေ၏။

ဤအချိန်တွင် အခြားသူများသည်လည်း ဒူးထောက်ကာ ဦးညွှတ်နေကြပြီ ဖြစ်သည်။

"မသေမျိုးအရှင်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါ"

"ကျွန်တော် ဒါကို အများဆုံး တစ်နာရီရဲ့ လေးပုံတစ်ပုံလောက်ပဲ ထိန်းထားပေးနိုင်မယ်ဗျ"

သူတို့၏ အသည်းအသန်တောင်းပန်မှုများကြားတွင် လုချင်းသည် အမူအရာ ကင်းမဲ့နေခဲ့သည်။ သူ၏ အကြည့်သည် ဖြတ်တောက်ခံထားရသော ခြေလက်များကို ဖြည်းညင်းစွာ ပြန်လည်ပေါက်ဖွားစေနေသည့် ဧရာမ လေပြင်းသားရဲကြီးအပေါ်တွင်သာ စွဲမြဲနေပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေ၏။ "ဒီတစ်နာရီရဲ့ လေးပုံတစ်ပုံလောက်အချိန်အတွင်းမှာ ခင်ဗျားတို့ ရှိသမျှ အင်အားအကုန်သုံးပြီး ပြေးကြ။ တောင်ကြားက ဒီကနေ သိပ်မဝေးတော့ဘူး။ အဲဒီကို ရောက်အောင် သွားနိုင်ရင်တော့ ခင်ဗျားတို့မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိလောက်တယ်"

"ချန်ပေ့တောင်မှ တစ်နာရီရဲ့ လေးပုံတစ်ပုံလောက်ပဲ ထိန်းထားနိုင်တယ် ဟုတ်လား" သံချပ်ကာဝတ် အမျိုးသား၏ နှလုံးသား တုန်လှုပ်သွားတော့သည်။

သို့သော် ထိုအချိန်မှာပဲ သူ သတိရသွားသည်။

သူတို့ ရှိနေသည်မှာ လေပြင်းလွင်ပြင်ထဲတွင် ဖြစ်၏။ ဤနေရာတွင် လေပြင်းသားရဲများသည် မြေကြီး၏ စွမ်းအားများကို ရရှိရုံသာမက မသေနိုင်သလောက်ကို ဖြစ်နေကြပေသည်။

သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုကဲ့သို့သော ရန်သူမျိုးကို အလွန်အမင်း ခက်ခဲသော ရန်သူအဖြစ် တွေ့ရှိရမည်သာ။

ထို့ကြောင့် သူ အချိန်မဆွဲရဲတော့ပေ။ ချက်ချင်းပင် သူ အော်ဟစ်လိုက်၏။ "ချန်ပေ့ ပြောတာ ကြားတယ်မဟုတ်လား။ ငါတို့မှာ တစ်နာရီရဲ့ လေးပုံတစ်ပုံ အချိန်ပဲ ရှိတယ်။ အားလုံး အခုချက်ချင်း စုကြ။ မလိုအပ်တဲ့ ပစ္စည်းတွေ အကုန်လွှင့်ပစ်လိုက်ကြ။ ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်သွားရမယ်။ ငါတို့တွေ တောင်ကြားဆီကို တန်းတန်းမတ်မတ် သွားကြမယ်"

မည်သူကမျှ သူ့အမိန့်ကို မေးခွန်းမထုတ်ကြချေ။

ချက်ချင်းပင် လူတိုင်းသည် ပိုလျှံနေသော ဝန်တို့ကို စတင်စွန့်ပစ်လိုက်ကြ၏။ အချို့မှာဆိုလျှင် အတော်လေးကိုမှ တန်ဖိုးရှိသော ပစ္စည်းများပင်။

မည်သို့ပင်ဖြစ်စေ လူတိုင်းတွင် သိုလှောင်အိတ်ကဲ့သို့သော ရှားပါးသည့် ပစ္စည်းမျိုး ရှိမနေနိုင်ပေ။

သို့သော် ဤအခိုက်အတန့်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ နောင်တရနေခြင်း မရှိခဲ့။ သေမင်းကို မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရပြီးမှ ပြန်ဆွဲထုတ်ခံခဲ့ရသဖြင့် လူတိုင်းသည် အချက်တစ်ချက်ကို နားလည်ထားကြသည်။

အသက်ရှင်နေရခြင်းကသာ အကြီးမားဆုံးသော ရတနာပင်။ အခြားအရာအားလုံးမှာ ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်၏။

ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်များကြောင့် သူတို့ လျင်မြန်စွာဖြင့် လှုပ်ရှားလိုက်ကြပါ၏။ အချိန်တိုအတွင်းမှာပင် လူအုပ်ကြီးအား စုစည်းပြီးသွားခဲ့သည်။ ကုန်သည်အသင်း၏ အစောင့်များသည် သူတို့၏ ပတ်လည်တွင် ခုခံရေး ဗျူဟာတစ်ခုကို ဖန်တီးကာ လူတိုင်းကို ကာကွယ်ရေး ဝင်္ကပါတစ်ခုအတွင်း လွှမ်းခြုံထားလိုက်ကြသည်။

"ချန်ပေ့၊ ကျွန်တော်တို့ သွားပါပြီ။ ဂရုစိုက်ပါ" သံချပ်ကာဝတ် အမျိုးသားက လုချင်းကို လေးနက်စွာ ဦးညွှတ်လိုက်လေ၏။

ထို့နောက်၌ သူသည် ကုန်သည်အဖွဲ့၏ အရှေ့တွင် ချိတ်ဆွဲထားသော လေငြိမ်မီးအိမ်ကို လှမ်းယူကာ ဖြုတ်ချလိုက်သည်။ လက်ဟန်မန္တန်တစ်ခုဖြင့် အလင်းရောင်သည် ရုတ်တရက် ကျုံ့ဝင်သွားပြီး လူအုပ်ကြီးကို လွှမ်းခြုံသွားတော့၏။

နောက်တစ်ခဏတွင် သူသည် သူ့သံချပ်ကာမြင်း၏ ဘေးကို ကန်လိုက်ရာ မြင်းသည် ဝင်္ကပါတစ်ခုလုံးကို ဧရာမ လှည်းကြီးတစ်ခုကဲ့သို့ ဆွဲယူသွားပြီး ပေါက်ကွဲလုမတတ် အရှိန်ဖြင့် ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့သည်။

၎င်းသည် ယခင်က သူတို့ လုပ်ဆောင်နိုင်ခဲ့သည့် မည်သည့်အရှိန်ထက်မဆို အဆပေါင်းများစွာ မြန်ဆန်နေခဲ့ပေသည်။ ကံကောင်းစွာဖြင့် ဝင်္ကပါသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့၏။ သို့မဟုတ်ပါက ထိုအရှိန်တစ်ခုတည်းဖြင့်ပင် လူတိုင်းကို လွင့်စင်သွားစေနိုင်သည်ပင်။

"ချန်ပေ့၊ ကျွန်တော်တို့လည်း သွားပါပြီ" တစ်ချိန်တည်းမှာပင် အဘိုးချောင်နှင့် အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့ကလည်း သူတို့၏ ရွေ့လျားမှုနည်းစနစ်များကို အသက်သွင်းကာ ဝင်္ကပါ၏နောက်သို့ လိုက်ပါသွားကြတော့၏။

သူတို့အားလုံးသည် လုချင်း၏သရုပ်မှန်အား အတော်လေးကိုမှသိချင်နေခဲ့ကြ၏။ သို့သော် ယခုအချိန်သည် မသင့်တော်ကြောင်းကိုလည်း သူတို့ နားလည်ထားကြသည်။ အကယ်၍ သူတို့သာ ဆက်နေနေပါက သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာ ရှိပေလိမ့်မည်။

ဝုန်း

လက်မောင်းကို ပြန်လည်ပေါက်ဖွားစေနေသော ဧရာမ လေပြင်းသားရဲကြီးသည် ၎င်း၏ မျက်စိရှေ့မှ "ပုရွက်ဆိတ်များ" ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ၌ ဒေါသထွက်သွားပြီး ပြင်းထန်သော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။

ထို့နောက်၌ တွန့်ဆုတ်နေခြင်းမရှိဘဲ ၎င်းသည် ကျန်ရှိနေသော လက်သည်းဖြင့် ရိုက်ချလိုက်လေ၏။ အလိုလိုသိစိတ်ဖြင့် ၎င်းသည် ပတ်ဝန်းကျင်ရှိ လေနှင့်သဲများကို ခေါ်ယူလိုက်သည်။

လေပြင်းလွင်ပြင်မှ မွေးဖွားလာသော သတ္တဝါတစ်ကောင်အနေဖြင့် လေပြင်းသားရဲသည် ဤမြေ၏ အချစ်တော် ဖြစ်ပေသည်။ ၎င်းသည် အဆုံးမရှိသော သဲမုန်တိုင်းများကို မိမိစိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိလေ၏။

အထူးသဖြင့် သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲပင်။ ၎င်း၏ စွမ်းအားမှာ အလွန်တရာပင် ကြီးမားလှပေသည်။ လက်သည်းတစ်ချက်ရိုက်ချရုံမျှဖြင့် ၎င်းသည် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သော မုန်တိုင်းကြီးတစ်ခုကို ဖန်တီးနိုင်ပါ၏။

ထင်သည့်အတိုင်းပင် ထွက်ပြေးနေသော အဖွဲ့သည် သူတို့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာကာ ပြတ်ရှမတတ် လေပြင်းများနှင့်အတူ အော်ဟစ်နေသော ဧရာမ သဲလေဆင်နှာမောင်းကြီး အများအပြားကို ရုတ်တရက် ရင်ဆိုင်လိုက်ရတော့သည်။

"ဒါ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရှေ့ရှိ ကမ္ဘာပျက်မည့်အလား မုန်တိုင်းကြီးကို မြင်လိုက်ရသောအခါ၌ သံချပ်ကာဝတ် အမျိုးသား၏ နှလုံးသားမှာ အောက်ခြေအထိ ထိုးကျသွားခဲ့သည်။ ထိုသဲလေဆင်နှာမောင်းကြီးများထံမှ ဖြာထွက်လာသော ကြီးမားလှသည့် စွမ်းအားများက သေချာပေါက် သေဆုံးရမည်ကို ကတိပေးနေသကဲ့သို့ ဖြစ်နေ၏။

သူတို့ နောက်ဆုံးတော့ သေရတော့မှာလား။

ကောင်းကင်ဘုံက သူတို့ကို တကယ်ပဲ ဖျက်ဆီးချင်နေတာလား။

"ဖိနှိပ်စမ်း"

ထိုစဉ်မှာပင် ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားသော အေးစက်လှသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူတို့ နောက်သို့ လှည့်ကြည့်လိုက်သောအခါ၌တော့ တောက်ပသော အဝါရောင် အလင်းတန်းတစ်ခုက သူတို့၏နောက်ကွယ်တွင် ပွင့်လန်းလာပြီး ဒီရေတစ်ခုကဲ့သို့ ရှေ့သို့ လွှမ်းခြုံသွားသည်ကို အချိန်မီ မြင်တွေ့လိုက်ရတော့သည်။ အဝါရောင် အလင်းတန်း ဖြတ်သန်းသွားသောနေရာတိုင်းတွင် အရာအားလုံးသည် ရပ်တန့်သွားခဲ့၏။

သေမင်းတမန်အလား ဧရာမ သဲလေဆင်နှာမောင်းကြီးများပင်လျှင် ၎င်း၏ လွှမ်းမိုးမှုအောက်တွင် ပိတ်မိသွားခဲ့ကြသည်။ ၎င်းတို့သည် အလင်းရောင်အတွင်းရှိ အဆုံးအစမဲ့ ဖိနှိပ်ခြင်း စွမ်းအားဖြင့် ချေမှုန်းခံရပြီး ပြန့်ကျဲနေသော သဲနှင့်ဖုန်မှုန့်များအဖြစ် ပြိုကျသွားလေတော့သည်။

"မင်းက ငါ့ရှေ့မှာ မင်းရဲ့ အသုံးမကျတဲ့ မွေးရာပါ စွမ်းရည်ကို ကြွားဝါရဲတယ်ပေါ့"

"ညစ်ပတ်တဲ့ သားရဲကောင်။ ဒီနေ့ မင်းရဲ့ မိုက်မဲတဲ့ခန္ဓာကိုယ်က ငါ့ရဲ့ ဓားပျံကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လုချင်း၏အသံသည် လေပြင်းလွင်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကြီးကို တုန်လှုပ်သွားစေခဲ့သည်။ အသက်လုပြေးနေရသည့်တိုင် သံချပ်ကာဝတ် အမျိုးသားနှင့် အခြားသူများသည် နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ကြချေ။

ထို့နောက်၌ သူတို့ မြင်လိုက်ရသောအရာက သူတို့၏ မှတ်ဉာဏ်ထဲတွင် ထာဝရ စွဲထင်သွားတော့လေသည်။

လုချင်းသည် လေထဲတွင် ဝဲပျံနေပြီး တောက်ပသော အဝါရောင် အလင်းတန်းများကတော့ သူ၏ ပတ်လည်တွင် ခုန်ပေါက်နေခဲ့ကြသည်။ ခမ်းနားကြီးကျယ်သော ရှေးဟောင်းဒယ်အိုးကြီးတစ်ခု၏ ပုံရိပ်ယောင်သည် သူ၏ နောက်ကွယ်တွင် ဖြည်းညင်းစွာ လည်ပတ်နေလေ၏။

ထိုအခိုက်အတန့်တွင် သူသည် ရှေးဟောင်း ဒဏ္ဍာရီထဲမှ နတ်ဘုရားတစ်ပါးနှင့် တူနေခဲ့သည်။ ဧရာမ လေပြင်းသားရဲကြီးပင်လျှင် ယခုအခါ သူ့အောက်တွင် ကြောက်ရွံ့တုန်လှုပ်နေပုံရလေ၏။

လုချင်း၏ပတ်လည် ပေပေါင်းများစွာအတွင်းတွင် အဝါရောင်အလင်းတန်း ထိတွေ့သမျှ အရာအားလုံးမှာ လုံးဝကို ငြိမ်သက်သွားခဲ့လေ၏။ လေပင်လျှင် မရှိတော့ချေ။

ထို့ပြင် လွင့်စင်နေသော သဲများကလည်း စိုးစဉ်းမျှပင် မရှိတော့။ လေပြင်းလွင်ပြင်အတွင်း သီးခြား နယ်မြေတစ်ခုအား ဖန်တီးလိုက်သည့်အလားပင် ဖြစ်တော့သည်။

"ဒါ... ဒါက သူ တစ်နာရီရဲ့ လေးပုံတစ်ပုံလောက်ပဲ ထိန်းထားနိုင်တယ်လို့ ဆိုလိုတာလား" သံချပ်ကာဝတ် အမျိုးသားနှင့် အခြားသူများသည် သူတို့၏ နောက်ကွယ်ရှိ စိတ်ကူး၍မရနိုင်သော မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြတော့သည်။

All Chapters