အခန်း (၅၅၇-၅၅၈)
Vol. 56 Ch. 557-558
အခန်း ၅၅၇ - ပြင်းထန်သော တိုက်ပွဲ၊ စွမ်းအားကို ရှင်းလင်းစွာ တိုင်းတာခြင်း
ဝုန်း
လုချင်း၏ စကားလုံးများသည် လှောင်ပြောင်ခြင်းသက်သက်မဟုတ်ဘဲ ဝိညာဉ်ရေးရာ တုန်လှုပ်မှုတစ်ခုကိုပါ သယ်ဆောင်လာခဲ့သည်။ သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲသည် ဉာဏ်ရည် သိပ်မမြင့်မားသော်လည်း ထိုစိန်ခေါ်မှုကို နားလည်လေ၏။
၎င်းသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားတော့သည်။
သာမန်ပုရွက်ဆိတ်လေးက သူ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ။
ဤလွင်ပြင်၏ အငြင်းပွားဖွယ်မရှိသော ဘုရင်တစ်ပါးအနေဖြင့် ဧရာမ လေပြင်းသားရဲကြီးသည် ထိုကဲ့သို့သော မောက်မာမှုကို သည်းမခံနိုင်ချေ။
နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ၎င်းသည် ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ခါစေလိုက်ပြီး ၎င်းကို ဖိနှိပ်ထားသော စွမ်းအားမှ ရုန်းထွက်လိုက်လေသည်။ ထို့နောက်၌ ၎င်း၏ အသစ်ပြန်လည် ပေါက်ဖွားလာသော လက်သည်းကြီးသည် ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ အားကောင်းစွာဖြင့် လုချင်းအပေါ်သို့ ရိုက်ချလာခဲ့တော့၏။
တစ်ချိန်တည်းမှာပင် ၎င်းသည် စိတ်ပိုင်းဆိုင်ရာ အမိန့်တစ်ခုကို ပေးလိုက်၏။
၎င်း၏ အောက်ရှိ ရွှေအမြုတေအဆင့် လေပြင်းသားရဲ သုံးကောင်မှာလည်း ဟိန်းဟောက်လိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်များသည် စီးဆင်းနေသော သဲများအဖြစ် ပြောင်းလဲသွားကြလေ၏။
ပြီးနောက်တွင်တော့ ၎င်းတို့သည် အဘိုးချောင်နှင့် အခြားသူများကို လိုက်လံဖမ်းဆီးရန် တစ်ဟုန်ထိုး ထွက်ခွာသွားကြတော့သည်။
သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲသည် သူတို့ကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း ထင်ရှားပေသည်။ ၎င်းသည် သူတို့ကို သတ်ဖြတ်ရန် ၎င်း၏ လက်အောက်ခံများကို စေလွှတ်နေခြင်း ဖြစ်၏။
သို့သော် လုချင်းက ဝိညာဉ်လက်နက်တစ်ခုဖြင့် ပတ်ဝန်းကျင်နေရာလွတ်ကို ဖိနှိပ်ထားမှုကြောင့် အော်ဟစ်နေသော လေပြင်းများခင်မျာမှာလည်း ပျောက်ကွယ်သွားခဲ့ရရှာသည်။ ရလဒ်အနေဖြင့် လေပြင်းသားရဲ သုံးကောင်သည် လေနှင့်သဲများအတွင်းသို့ ပျောက်ကွယ်သွား၍ မရနိုင်တော့ချေ။ ၎င်းတို့သည် စီးဆင်းနေသော သဲများအဖြစ်သာ ပြောင်းလဲနိုင်ပြီး အကောင်လိုက်ကိုယ်တိုင် လိုက်လံဖမ်းဆီးရုံသာ တတ်နိုင်တော့သည်။
"ဟမ့်"
သို့သော် သူတို့ သိပ်မဝေးမီမှာပင် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဝါရောင် အလင်းတန်းတစ်ခု လွှမ်းခြုံလာပြီး စီးဆင်းနေသော သဲများကို နေရာတွင်ပဲ ရပ်တန့်စေကာ လုံးဝကို ပိတ်လှောင်ထားလိုက်လေ၏။ နောက်တစ်ခဏ၌တော့ ဓားချီများက လေထဲမှ ပေါ်ထွက်လာပြီး သဲပုံစံ သုံးခုကို ပိုင်းဖြတ်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်း ထိုစီးဆင်းနေသော သဲသုံးပုံစလုံးသည် ပြင်းထန်စွာဖြင့် တုန်ခါသွားကြပြီး ၎င်းတို့၏ အရှိန်အဝါများကလည်း တမုဟုတ်ချင်းပင် ပျောက်ကွယ်သွားခဲ့ကာ ရေများကဲ့သို့နှယ် မြေပြင်ပေါ်သို့ ပြိုကျသွားလေ၏။
၎င်းတို့အတွင်းရှိ လေအမြုတေများက လုံးဝကိုပျက်စီးသွားခဲ့ပြီပင်။ ထို့ကြောင့်ပဲ ၎င်းတို့သည် ရှိမြဲပုံသဏ္ဌာန်ကို ဆက်၍မထိန်းသိမ်းနိုင်တော့ချေ။
ထိုအချိန်တွင်မှ လေဆင်နှာမောင်းတစ်ခုကို သယ်ဆောင်လာသော သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲ၏ တောင်တစ်လုံးစာရှိသော လက်သည်းကြီးသည် လုချင်းထံသို့ ရောက်ရှိလာခဲ့သည်။ ပြိုကျလာသော တောင်ထွတ်တစ်ခုကဲ့သို့ ကြီးမားလှသော လက်သည်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် လုချင်းသည် ရှောင်တိမ်းခြင်းလည်း မရှိသလို တုန်လှုပ်ခြင်းလည်း မရှိခဲ့ပေ။
သူ့လက်ထဲရှိ ဓားရှည်ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျက် နောက်ထပ် အသက်ရှိုက်စာတစ်ချိန်စာတွင် သူသည် ပြိုင်ဘက်ကင်းသော ဓားချီ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တော့လေ၏။ ကောင်းကင်နှင့်မြေကြီးကို ဖြိုခွဲနိုင်သော စွမ်းအားဖြင့် ယင်းဓားသည် သားရဲ၏ လက်သည်းကို ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်တော့သည်။
ဝုန်း
ဓားချီနှင့် လက်သည်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် ဖျက်ဆီးအားပြင်းလှသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာစေခဲ့ပါ၏။ လုချင်းနှင့် လေပြင်းသားရဲတို့ထံမှ ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်များ အချင်းချင်းဝင်တိုက်မိကြပြီးနောက်၌ ထိုစွမ်းအင်လှိုင်းများကို လေထဲသို့ ထုတ်လွှတ်ကာ နေရာလွဝ်ကိုပင် လိမ်ယှက်ပုံပျက်သွားစေခဲ့တော့၏။
ကြောက်မက်ဖွယ်ကောင်းလှသော ပေါက်ကွဲမှုသည် လုချင်း၏ ပိုင်နက်ဖြစ်သော နေရာလွတ် ဖိနှိပ်မှုကိုပင် လွှမ်းမိုးသွားခဲ့သည်။ လေပြင်းများ အပြင်ဘက်သို့ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီးနောက်၌ အရပ်မျက်နှာအနှံ့အပြားသို့ ပြန့်နှံ့သွားသော သဲမုန်တိုင်းကြီးကို ဆွဲဆောင်သွားလေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ၎င်းသည် သံချပ်ကာဝတ် အမျိုးသားနှင့် အခြားသူများထံသို့ ပေအနည်းငယ်အကွာအဝေးအတွင်း ရောက်ရှိလာခဲ့လေ၏။
"မကောင်းတော့ဘူး၊ ပြေးကြ"
၎င်းကို မြင်သောအခါ သံချပ်ကာဝတ် အမျိုးသားနှင့် အဘိုးချောင်တို့၏ အဖွဲ့သည် မျက်နှာများ ဖြူရော်သွားကြတော့၏။ သူတို့သည် တိုက်ပွဲကို ဆက်လက် ကြည့်ရှုရန် မဝံ့ရဲတော့ပေ။ သို့ဖြစ်၍ သူတို့သည် လှည့်ပတ်ကာ အစွမ်းကုန် သုတ်ခြေတင်ပြေးကြလေတော့သည်။
သူတို့ ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါ၏။ အကယ်၍ ထိုပေါက်ကွဲမှုလှိုင်းထဲတွင်သာ ပိတ်မိသွားပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြစ်သော သူတို့ကတော့ အသက်ရှင်နိုင်ကောင်း ရှင်နိုင်သော်လည်း သူတို့၏ ဝင်္ကပါအတွင်းရှိ အခြားသူများမှာတော့ ထိုမျှလောက်အထိ ကံကောင်းလိမ့်မည် မဟုတ်ပေ။
လုချင်းနှင့် လေပြင်းသားရဲတို့၏ တိုက်ပွဲမှ ပေါက်ကွဲမှုလှိုင်းသည် အချိန်တိုအတွင်းမှာပဲ သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။ ကံကောင်းစွာဖြင့် ကြည့်ရှုနေစဉ်အတွင်းမှာပင် အဖွဲ့သည် ဆက်လက် ရွေ့လျားနေခဲ့သဖြင့် ပေရာကျော်အကွာအဝေးသို့ ရောက်ရှိနေခဲ့ပြီပင်။
ထို့အပြင် လုချင်း၏ ပိုင်နက်မှ ဖိနှိပ်မှုသည် ပေါက်ကွဲမှုလှိုင်း၏ စွမ်းအားကို ဆက်လက်၍လျော့ပါးစေခဲ့သည်။ အဆုံးသတ်တွင်တော့ ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီးမှာ အဖွဲ့ကို မြေပြင်ပေါ်သို့ လဲကျသွားစေရုံသာ တတ်နိုင်ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများကိုတော့ မဖြစ်ခဲ့ချေ။
သို့တိုင်အောင် ပွတ်ကာသီကာလေးလွတ်မြောက်ခဲ့ရခြင်းက သူတို့ကို တုန်လှုပ်သွားစေခဲ့ပါ၏။ ဤမျှ အကွာအဝေးမှပင် သူတို့၏ နောက်ကွယ်တွင် ပေါက်ကွဲထွက်နေသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို သူတို့ ခံစားနေရဆဲပင်။
ထိုသည်က ထင်ရှားလှပေ၏။
ထိုချန်ပေ့နှင့် သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲတို့၏ တိုက်ပွဲသည် အပြည့်အဝကို ပြင်းထန်စွာဖြင့် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
ဝမ်းနည်းစရာမှာ ပြန်လည်စတင်လာသော သဲမုန်တိုင်းကြောင့် သူတို့၏ နောက်ကွယ်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို မြင်နိုင်ရန် မဖြစ်နိုင်တော့ချေ။ သူတို့သည် ဧရာမ အရှိန်အဝါနှစ်ခု၏ ပြင်းထန်စွာ တိုက်ခိုက်နေမှုကိုသာ အာရုံခံနိုင်ခဲ့ပြီး သူတို့၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုများကို အဆက်မပြတ်ပေးပို့နေခဲ့လေ၏။
"ခေါင်းဆောင်၊ ငါတို့ ဆက်သွားမှရမယ်။ အဲဒီချန်ပေ့နဲ့ လေပြင်းသားရဲတို့သာ ထပ်ပြီးလှုပ်ရှားလာခဲ့ရင် ငါတို့တွေ ကြားညပ်သွားလိမ့်မယ်" အဘိုးချောင်က ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်ဗျာ” သံချပ်ကာဝတ် အမျိုးသားက ခေါင်းညိတ်လိုက်၏။
သူတို့၏ ဝင်္ကပါကို ပြန်လည်စုစည်းပြီးနောက်၌ သူတို့အားလုံး ရှေ့သို့ ဆက်လက်ချီတက်ကြလေသည်။ ဤတစ်ကြိမ်တွင်တော့ သူတို့သည် မည်သည့် အတားအဆီးကိုမျှ ထပ်မံ မတွေ့ရတော့ချေ။
အချိန်အတန်ကြာပြီးနောက် သူတို့၏အမြင်အာရုံများ ရှင်းလင်းသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။
သူတို့ပတ်လည်တွင် ဝဲလည်နေသော လေနှင့်သဲများအားလုံး လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီပင်။ ထို့ပြင် သူတို့ရှေ့တွင် ဧရာမ တောင်ကြားအဝင်ဝကြီးတစ်ခုပါ ပေါ်လာခဲ့၏။
"ငါတို့ လွတ်လာပြီလား" လူတိုင်းသည် မျက်တောင်ခတ်ကာ အံ့အားသင့်သွားကြတော့သည်။ ထို့နောက် သူတို့၏မျက်နှာများတွင် ဝမ်းသာမှုများ ပေါက်ကွဲထွက်လာခဲ့တော့၏။
"ငါတို့ နောက်ဆုံးတော့ အဲဒီကျိန်စာသင့်နေတဲ့နေရာကနေ ထွက်လာနိုင်ခဲ့ပြီကွ"
"ကောင်းကင်ကြီးရေ၊ ငါတော့ အဲဒီထဲမှာ သေရတော့မယ်လို့ တကယ်ထင်ခဲ့တာ"
"ငါတို့တွေ သေမင်းဆီကနေ တကယ့်ကို ပွတ်ကာသီကာလေး လွတ်လာခဲ့တာပဲ။ ငါ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ငါ ပြန်ရောက်တာနဲ့ ကုန်သွယ်ရေး အဖွဲ့တွေနဲ့ ဘယ်တော့မှ မသွားတော့ဘူး"
"အဲဒီချန်ပေ့သာ ဝင်မပါခဲ့ရင် အခုချိန်ဆို ငါတို့အားလုံး သေနေလောက်ပြီ"
…
လူအုပ်ကြီးက သက်သာရာရစွာဖြင့် မျက်ရည်များဘူးသီးလုံးလောက်ကျကာ အော်ဟစ်ရင်း အောင်ပွဲခံနေကြစဉ် သံချပ်ကာဝတ် အမျိုးသားကတော့ သူတို့ကို တောင်ကြားထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ သူတို့၏ ဘေးကင်းမှုကို အတည်ပြုပြီးနောက်မှပဲ သူသည် လေပြင်းလွင်ပြင်ဆီသို့ နောက်ပြန်လှည့်ကြည့်လိုက်လေ၏။
သို့သော် သူတို့သည် လုချင်းနှင့် သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲတို့၏ တိုက်ပွဲမြေပြင်မှ အလွန် ဝေးကွာနေပြီပင်။ အဆုံးမရှိသော သဲမုန်တိုင်းက မည်သည့် ဝိညာဉ်အာရုံကိုမဆို ပိတ်ဆို့ထားသဖြင့် တိုက်ခိုက်သူများ၏ တည်ရှိမှုကို သူတို့ လုံးဝ မခံစားနိုင်တော့ချေ။
"ခေါင်းဆောင်၊ အဲဒီချန်ပေ့အတွက် စိုးရိမ်နေတာလား" ရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့က ချဉ်းကပ်လာပြီး မေးလိုက်ကြသည်။
"ဟုတ်တယ်၊ သူက အဲဒီသန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲကို တစ်နာရီရဲ့ လေးပုံတစ်ပုံလောက်ပဲ ထိန်းထားနိုင်မယ်လို့ ပြောခဲ့တာလေ၊ အခု အဲ့အချိန်က ကျော်သွားပြီကို၊ ဘာလို့ သူ ထွက်လာတာကို မတွေ့ရသေးတာလဲ" သံချပ်ကာဝတ် အမျိုးသား၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လွင်နေခဲ့သည်။
"စိတ်မပူပါနဲ့" အဘိုးချောင်က သူ့ကို နှစ်သိမ့်လိုက်၏။ "သူ ပြခဲ့တဲ့ နတ်ဘုရားဆန်တဲ့ စွမ်းအားနဲ့ ခွန်အားတွေအရတော့ သူ မနိုင်ရင်တောင်မှ မလွတ်မြောက်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး"
သံချပ်ကာဝတ် အမျိုးသားက စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
မှန်ပေသည်၊ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများသည် အလွန်အမင်း အင်အားကွာဟမှု မရှိလျှင် ရှုံးနိမ့်သွားလျှင်တောင်မှ သတ်ဖြတ်ရန် ခက်ခဲလှပေသည်။ လုချင်း စောစောက တိုက်ခိုက်ခဲ့ပုံကို ကြည့်ခြင်းအားဖြင့် သူသည် ဖိနှိပ်ခံနေရသည့်အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။
ထိုအတွေးက သူ့ကို အနည်းငယ်တော့တည်ငြိမ်သွားစေခဲ့သည်။
ထို့နောက် သူ အဘိုးချောင်ရှိရာဘက်ကိုလှည့်ပြီး မေးလိုက်၏။ "အဘိုးချောင်၊ အဘိုးက သူ့နဲ့တူတူ ခရီးသွားခဲ့တာ အချိန်တစ်ခုရှိပြီမလား။ ဒီချန်ပေ့ရဲ့နောက်ခံအကြောင်းတစ်ခုခုများ သိထားလား"
"ငါ့လို အဘိုးကြီးက ဘယ်လိုလုပ်သိနိုင်မှာလဲ" အဘိုးချောင်က ခါးသီးစွာ ပြုံးလိုက်သည်။ "ဒီချန်ပေ့က သူ့ရဲ့သရုပ်မှန်ကို လုံးဝ ထုတ်ဖော်ချင်တဲ့ပုံမပေါ်ဘူး။ ငါတို့ အတူတူ ခရီးသွားခဲ့တဲ့ အချိန်တစ်လျှောက်လုံး သူ စကားတောင် သိပ်မပြောခဲ့ဘူးလေ။ သူ့နာမည်ကိုတောင် ငါ မသိခဲ့ဘူး"
အနီးနားရှိ သက်လတ်ပိုင်း အမျိုးသားကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။ တူညီသော လှည်းပေါ်ရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ငါးဦးထဲတွင် သူသည် လုချင်းနှင့် စကားအနည်းဆုံး ပြောဆိုခဲ့သူ ဖြစ်သည်။
ထိုအမျိုးသားသည် မျိုသိပ်ထားတတ်ပြီး တိတ်ဆိတ်ကာ မိမိကိုယ်ကို မည်သည့်အခါမျှ မိတ်ဆက်ခြင်းလည်း မရှိခဲ့ပေ။ ထို့ကြောင့် သူ့အကြောင်းကို မည်သူမျှ သိပ်မသိခဲ့ကြချေ။
ပိန်လှီသော လူငယ်လေးကသာ လုချင်းကို ရံဖန်ရံခါ လှောင်ပြောင်ခဲ့ခြင်း ဖြစ်၏။
၎င်းကို တွေးမိသောအခါ၌ သက်လတ်ပိုင်း အမျိုးသားသည် လုချင်း၏ စိတ်သဘောထား မည်မျှ ကောင်းမွန်ကြောင်းကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ အကယ်၍ သူသာဆိုလျှင်၊ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ရွှေအမြုတေအဆင့် ကောင်လေးတစ်ယောက်၏ လှောင်ပြောင်မှုကို ခံရပါက သူ အလွတ်ပေးမည်မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် သူ ကံကောင်းကြောင်းကိုလည်း ခံစားလိုက်ရ၏။ သူ လုချင်းကို တစ်ခါမျှ စော်ကားခြင်း မရှိခဲ့ပေ။ သို့မဟုတ်ပါက ယခုအချိန်တွင် ထိုချန်ပေ့ကို မည်သို့ မျက်နှာပြရမည်မှန်းတောင် သူ သိလိမ့်မည်မဟုတ်တော့။
"အဲ့လိုကိုးး.. ကြည့်ရတာ အဲ့ဒီချန်ပေ့က ကမ္ဘာကြီးထဲမှာ သိုသိုသိပ်သိပ်နဲ့နယ်လှည့်ခရီးသွားရတာကို ကြိုက်တဲ့ အစွမ်းထက်တဲ့လျှို့ဝှက်ကျွမ်းကျင်သူတွေထဲက တစ်ယောက် ဖြစ်ရမယ်။ ဘယ်သူသိနိုင်မှာလဲ။ သူက ထိပ်တန်းအဆင့် ဂိုဏ်းကြီးကနေ လာတာဖြစ်ရင်ဖြစ် မဟုတ်ရင်လည်း ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတစ်ခုခုကနေ လာတာလည်း ဖြစ်နိုင်တယ်လေ" သံချပ်ကာဝတ် အမျိုးသားသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
လုချင်းသည် မိစ္ဆာလမ်းစဉ်မှ တစ်စုံတစ်ယောက် ဖြစ်နိုင်သလားဆိုသည်ကိုတော့ သူ၏စိတ်ထဲတွင် တစ်ချက်မျှပင် ဝင်မလာခဲ့ပေ။ အကယ်၍ သူသာ ဟုတ်ခဲ့လျှင် သူတို့ကို ကယ်တင်ရန်အတွက် သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲကို တိုက်ခိုက်ပြီး သူ့အသက်ကိုတောင် အဘယ်ကြောင့် စွန့်စားပါမည်နည်း။
အဘိုးချောင်နှင့် အခြားသူများသည် လုချင်း၏သရုပ်မှန်အကြောင်းကို ခန့်မှန်းနေကြစဉ်...
တစ်ဖက်မှ လေပြင်းလွင်ပြင်တွင်တော့ လုချင်းနှင့် သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲတို့၏ တိုက်ပွဲသည် ပြင်းထန်နေဆဲပင်။
ဝုန်း
အစွမ်းထက်လှသော ကောင်းကင်ဖြိုခွင်း ဓားချီနည်းနည်းနှင့်အတူ လုချင်းသည် လေပြင်းသားရဲ၏ လက်မောင်းကို ထပ်ပြီး ဖြတ်တောက်လိုက်ပြန်သည်။
ပြီးနောက် လုချင်း မျက်မှောင်ကြုတ်လိုက်၏။ ယခုအချိန်တွင် သူ အခြားတစ်ခုကို သဘောပေါက်နေပြီပင်။ ဤသန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲသည် အမှန်တကယ်ပင် ဉာဏ်ရည် အလွန်နိမ့်ပါးလှသည်။ ၎င်း၏ တိုက်ခိုက်မှုများသည် ထပ်တလဲလဲ ဖြစ်နေပြီး အလိုလိုသိစိတ်ဖြင့်သာ ကမူးရှူးထိုးလုပ်နေခြင်းဖြစ်၏။
၎င်း၏ လှုပ်ရှားမှုများသည် ကြမ်းတမ်းပြီး ကိုးရိုးကားယားနိုင်ရုံသာမက လေနှင့်သဲများကို ထိန်းချုပ်နိုင်သော ၎င်း၏ မွေးရာပါစွမ်းအားကိုပင် ကလေးဆန်သောအတွေ့အကြုံကင်းမဲ့မှုများဖြင့် အသုံးပြုနေလေသည်။ နည်းစနစ်များနှင့် မန္တန်များ အသုံးပြုခြင်းတွင်လည်း ရွှေအမြုတေအဆင့် နှောင်းပိုင်းသို့ရောက်နေသော မည်သည့်ကျင့်ကြံသူမဆို ၎င်းကို အလွယ်တကူ ကျော်လွန်နိုင်လောက်ပေသည်။
အတိုချုပ်ဆိုရလျှင် လေပြင်းသားရဲသည် သန္ဓေသားဝိညာဉ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ထိုစွမ်းအားကို အသုံးပြုပုံမှာ အလွန်ကိုမှ ကြမ်းတမ်းလှပြီး မသန့်စင်ပေ။ ထိုသားရဲသည် သူကိုယ်တိုင် ပိုင်ဆိုင်ထားသည့် အလားအလာ၏ အစိတ်အပိုင်းလေးတစ်ခုကိုပင် ထုတ်မပြနိုင်ချေ။
သို့တိုင်အောင် လုချင်းသည် ၎င်းကို မသတ်နိုင်သေးပေ။ လေနှင့်သဲများဖြင့် ဖွဲ့စည်းထားသော ဤသန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲ၏ခန္ဓာကိုယ်သည် တော်တော့်ကိုမှ ခံနိုင်ရည်ရှိလွန်းလှပါ၏။ သူ၏ အပြင်းထန်ဆုံး ကောင်းကင်ဖြိုခွင်း ဓားချီကို ထုတ်လွှတ်လိုက်လျှင်ပင် ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ ချိုးဖဲ့နိုင်လေသည်။ ၎င်းကို တစ်ချက်တည်းဖြင့် ဖျက်ဆီးရန်မှာ လုံးဝကို မဖြစ်နိုင်သလောက်ပင်။
ထို့အတွက်ကြောင့် ၎င်း၏ လေအမြုတေကို ချေမှုန်းရန်မှာတော့ မဖြစ်နိုင်သော ကိစ္စဖြစ်နေတော့၏။
၎င်း၏ စိတ်ကို တိုက်ခိုက်ပြီး ၎င်း၏ စိတ်ဆန္ဒကို ချေမှုန်းရန် မျှော်လင့်ချက်ဖြင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းဟူသော နတ်ဘုရားစွမ်းရည်ကိုပင် သူ အသုံးပြုရန် ကြိုးစားခဲ့သေးသည်။ သို့သော် သားရဲ၏ အတွေးများသည် ရိုးရှင်းသော်လည်း ၎င်း၏ ဝိညာဉ်နှင့် ရည်ရွယ်ချက်အားလုံးကို လေအမြုတေအတွင်း၌ ဖုံးကွယ်ထားကြောင်း သူ တွေ့ရှိခဲ့ရ၏။
လေ၏နိယာမများဖြင့် ကာကွယ်ထားသဖြင့် ထင်ယောင်ထင်မှားဖြစ်စေခြင်း နတ်ဘုရားစွမ်းရည်သည် ၎င်းကို ခဏတာမျှသာ မိန်းမောသွားစေနိုင်လေသည်။ သို့ဖြစ်၍ ၎င်း၏ ဝိညာဉ်ကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သွားတော့၏။
"မွေးဖွားလာကာစပဲရှိသေးတဲ့ ဉာဏ်ရည်လည်းသိပ်မရှိတဲ့သန္ဓေသားဝိညာဉ်အဆင့် သားရဲတစ်ကောင်ကတောင် ဒီလောက်ထိ ကိုင်တွယ်ရခက်လိမ့်မယ်လို့ မထင်ထားဘူး" သူသည် သားရဲ၏ လက်သည်းများထဲမှ တစ်ခုကို ထပ်မံ၍ ဖြတ်တောက်လိုက်ပြန်သည်။
၎င်း အလျင်အမြန် ပြန်လည်ပေါက်ဖွားလာသည်ကို ကြည့်ရင်း လုချင်းသည် လက်လျှော့လိုက်သလို သက်ပြင်းချလိုက်တော့၏။
သူ နားလည်သွားချေပြီပင်။
ဤတိုက်ပွဲကို ဆက်လုပ်နေခြင်းက အဓိပ္ပာယ်မရှိတော့ပေ။
အကယ်၍ ထင်ယောင်ထင်မှားဖြစ်စေခြင်းဟူသည့် နတ်ဘုရားစွမ်းရည်ကသာ ထိရောက်မှု မရှိလျှင် သူ၏ အခြားသော လှည့်ကွက်များကလည်း အလုပ်ဖြစ်မည် မဟုတ်ချေ။ လေအမြုတေ မပျက်စီးသရွေ့တော့ လေပြင်းသားရဲ၏ မသေနိုင်သော ခန္ဓာကိုယ်ကြောင့် ၎င်း၏ ခြေလက်များကို ဘယ်နှကြိမ် ဖြတ်တောက်ဖြတ်တောက် အရေးမကြီးတော့။ ၎င်းတို့သည် အမြဲတမ်းလိုလို ပြန်လည်ပေါက်ဖွားလာကြမည်သာ။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားများကို ဆက်တိုက် လောင်ကျွမ်းစေနေရသည်။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေက သူ၏ စွမ်းအင်သိုလှောင်မှုများကို သူ့အဆင့်ရှိ အခြားကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်စေခဲ့သည်မှာ မှန်သော်လည်း ဆက်လက်တိုက်ခိုက်နေခြင်းက သူ့အတွက် မည်သည့်အကျိုးအမြတ်ကိုမျှ ယူဆောင်လာမည် မဟုတ်ပေ။
ထို့အပြင် ဤတိုက်ပွဲတွင် သူ၏ ရည်မှန်းချက်မှာ အောင်မြင်ပြီး ဖြစ်လေသည်။ နောက်ထပ် ရုန်းကန်နေမှုတိုင်းသည် အဓိပ္ပာယ်မဲ့နေမည်သာ။ ထိုသို့တွေးပြီးနောက်၌ လုချင်းသည် သူ၏ဓားကို နောက်ထပ် နှစ်ကြိမ်လောက် လွှဲယမ်းပစ်လိုက်ပြီး သားရဲ၏ လက်သည်းများက သူ့ကို ဖမ်းဆီးရန် ကြိုးစားလာချိန်တွင် လုချင်းတစ်ယောက် ဓားချီနှစ်ခုကို ထုတ်လွှတ်လိုက်တော့လေ၏။ ယင်းဓားချီတို့က သားရဲ၏လက်သည်းများကို ဖြတ်တောက်ပစ်ရုံသာမက ကောင်းကင်ယံအထိပင် ထိုးဖောက်သွားခဲ့လေတော့သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်ကို လှည့်ကာ လေထဲတွင် နက်ရှိုင်းသော စက်ဝန်းတစ်ခုကို ရေးဆွဲလိုက်ပြီး လေပြင်းသားရဲ၏ လက်လှမ်းမီရာမှ သပ်ရပ်စွာဖြင့် လွတ်မြောက်သွားတော့သည်။
"ကျိန်စာသင့်နေတဲ့ သားရဲကောင်၊ မင်းရဲ့ အရေခွံက တော်တော့်ကိုထူတာပဲ။ တယ်လည်းအထုအထောင်းခံနိုင်တဲ့ကောင်ပဲ" ပေအနည်းငယ်အကွာအဝေးရှိ လေထဲတွင် ဝဲပျံနေရင်း လုချင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ဒီနေ့တော့ ငါ မင်းကို အလွတ်ပေးလိုက်ဦးမယ်။ ဒါပေမဲ့ တစ်နေ့ကျရင် ငါ့ရဲ့ ကျင့်ကြံခြင်း ပြီးသွားတဲ့အခါကျ ဒီလေပြင်းလွင်ပြင်ဆီကို ငါ ပြန်လာပြီးတော့ ဒီကိစ္စကို အပြတ်ရှင်းကြတာပေါ့"
ထိုသို့ပြောပြီးနောက်၌ သူ၏ ပုံရိပ်သည် လျှပ်ခနဲ ဝင်းလက်သွားပြီး အဝေးသို့ ထွက်ခွာသွားရင်း ပျောက်ကွယ်သွားလေတော့သည်။
ဝုန်း
သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲသည် ၎င်း၏လက်အောက်ခံများကို သတ်ဖြတ်လိုက်ပြီးနောက်၌ ၎င်းကို ထပ်ခါတလဲလဲ ဒဏ်ရာရစေခဲ့သော သေးငယ်သည့် ပုရွက်ဆိတ်လေး ယခုအခါ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ မိုးချုန်းသံကဲ့သို့ ပြင်းထန်သော ဒေါသတကြီး ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။
၎င်း၏ လက်သည်းများကို ရိုက်ချလိုက်သည့်အခါ၌ ၎င်း၏အနီးတစ်ဝိုက် ပေရာပေါင်းများစွာအတွင်းရှိ လေနှင့်သဲများသည် ရူးသွပ်စွာဖြင့် လှုပ်ရှားလာကြတော့လေ၏။ ရေတွက်၍မရနိုင်သော သဲလေဆင်နှာမောင်းများကလည်း ရုတ်ချည်းပင် ပေါ်ပေါက်လာခဲ့ပြီး လုချင်းကို ဆွဲဖြဲရန် ရည်ရွယ်ချက်ဖြင့် သူ၏ပတ်လည်တွင် စုရုံးလာကြတော့သည်။
"ဒီလောက်ထိအသုံးမကျတဲ့လေထိန်းချုပ်မှုလေးက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား"
လုချင်းသည် သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာပျက်မည့်အလား မြင်ကွင်းကို ကြည့်ရင်း လုံးဝကို တည်ငြိမ်နေခဲ့ပါ၏။
သူက ရယ်တောင် ရယ်လိုက်သေးသည်။
ထို့နောက်၌ သူ၏ ခန္ဓာကိုယ်သည် မီးခိုးငွေ့တစ်ခုလိုလို၊ လျင်မြန်သော ဝိညာဉ်လိပ်ပြာလေး တစ်ကောင်လိုလို လှုပ်ရှားသွားတော့လေသည်။
သူသည် သဲလေဆင်နှာမောင်းများ ကြားရှိ နေရာလွတ်များကနေတစ်ဆင့် အားစိုက်ထုတ်စရာပင်မလိုဘဲ လွတ်မြောက်သွားခဲ့ပါ၏။ ရူးသွပ်နေသော မုန်တိုင်းကြီးမှာတော့ လုချင်း၏ရွေ့လျားမှုနည်းစနစ်အပေါ် လုံးဝကို အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
ဝုန်း
လေပြင်းသားရဲသည် လုချင်းတစ်ယောက် ၎င်း၏ ခြုံခိုတိုက်ခိုက်မှုမှ လွတ်မြောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ၌ ဒေါသတကြီးဖြင့် ကမ္ဘာကြီးကိုတောင် တုန်လှုပ်စေသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။
ထိုစဉ် သဲမုန်တိုင်းကလည်း ပို၍ပင် ရူးသွပ်စွာ လှုပ်ရှားလာခဲ့၏။ ပြီးနောက်၌ သားရဲကြီး၏ ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး လေနှင့်သဲများအတွင်းသို့ ပေါင်းစပ်သွားကာ လုချင်း ထွက်ပြေးသွားသော လမ်းကြောင်းအတိုင်း စတင်၍လိုက်လံရှာဖွေလေတော့သည်။
သို့သော် အားလုံးမှာ အချည်းနှီးသာဖြစ်ခဲ့ရပါ၏။ ၎င်းသည် လေပြင်းလွင်ပြင်၏ အစွန်အဖျားအထိ လိုက်လံရှာဖွေခဲ့သော်လည်း လုချင်း၏ အရိပ်အယောင်ကို တစ်ခါမျှ ပြန်မတွေ့ရတော့ချေ။ လွင်ပြင်၏ အပြင်ဘက်ရှိ အဝေးမှ စိမ်းလန်းစိုပြည်ပြီး အဆုံးမရှိသော တောင်တန်းများကိုသာ ငေးကြည့်ရင်း လေပြင်းသားရဲသည် ထိုပုရွက်ဆိတ်လေး လွတ်မြောက်သွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။
ထို့ကြောင့်ဖြင့်ပဲ ဒေါသတကြီးဟိန်းဟောက်သံများက လေပြင်းလွင်ပြင်တစ်လျှောက်တွင် တစ်ဖန် ပဲ့တင်ထပ်သွားခဲ့ရပြန်တော့၏။
"ကြည့်ရတာ သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲတောင်မှ ဒီလွင်ပြင်ရဲ့ ကန့်သတ်ချက်တွေထဲကနေ အမြန်မလွတ်မြောက်နိုင်ဘူးထင်ပါရဲ့" တောင်တန်းများထဲတွင် ပုန်းအောင်းနေသော လုချင်းသည် ဟိန်းဟောက်သံများကို ကြားလိုက်ရပြီး တိတ်တဆိတ် တွေးလိုက်မိသည်။
ယခုအခါ သူသည် တိတ်ဆိတ်သော ဂူတစ်ခုအတွင်းတွင် ရပ်နေလေ၏။ သူ့ဘေးတွင် ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်က အကြောက်လွန်ကာ တုန်ယင်နေရှာပြီး ကြွက်သားတစ်ခုလေးကိုမျှ မလှုပ်ရှားရဲချေ။
လုချင်းကတော့ ထိုသတ္တဝါကို လျစ်လျူရှုထားလိုက်၏။
ဂူဝတွင် အရှိန်အဝါများကို ဖုံးကွယ်ထားသော ဝင်္ကပါတစ်ခုကို ချထားပြီးနောက် သူသည် ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲမှ ရှောင်လီနှင့် ဝူရှင်းတို့ကို လွှတ်ပေးလိုက်တော့သည်။
"အားချင်း" မီးခိုးရောင်အမွေးအမျှင်များနှင့် ရှောင်လီသည် ထွက်လာလာချင်း အော်ခေါ်လိုက်၏။ "အဲ့ဒီလူဆိုးကြီးကို နင် နိုင်ခဲ့လား"
လေပြင်းလွင်ပြင်တွင် ရှိစဉ်က ရှောင်လီသည် လုချင်း၏ ရင်ခွင်ထဲတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲ ပေါ်လာသောအခါမှသာ လုချင်းက ၎င်းကို ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ ထည့်လိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်းသည် နောက်ဆုံး တိုက်ပွဲကို မမြင်တွေ့ခဲ့ရချေ။
"ဟင့်အင်း" လုချင်းက ခေါင်းခါလိုက်သည်။ "သန္ဓေသားဝိညာဉ်အဆင့် စွမ်းအားက ဟာသမဟုတ်ဘူး။ အဲဒီသားရဲက တုံးအပေမဲ့လည်း ငါတို့တိုက်ပွဲက အနိုင်အရှုံးမပေါ်ခဲ့ဘူးလေ"
"နင်တောင်မှ အဲ့အကောင်ကြီးကို မနိုင်ဘူးလား" ရှောင်လီ၏ မျက်လုံးများက အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားတော့သည်။ ၎င်း၏ စိတ်ထဲတွင် လုချင်းသည် အမြဲတမ်း အနိုင်ယူ၍မရနိုင်လောက်အောင် စွမ်းအားကြီးသူ ဖြစ်လေ၏။
လုချင်းသည် ရန်သူကို အနိုင်မယူနိုင်ခဲ့သည်မှာ အလွန် ရှားပါးလှသည်။ ထိုကဲ့သို့ နှေးကွေးပြီး ကိုးရိုးကားယားနိုင်သော သားရဲကြီးက လုချင်းကို ရင်ဆိုင်နိုင်လိမ့်မည်ဟုတော့ ရှောင်လီမှာ တစ်ခါမျှ မတွေးဖူးခဲ့ချေ။
"အင်း၊ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူကတော့ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူပဲလေ။ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် အဲ့ဒီအဆင့်ရှိတဲ့သူကို အနိုင်ယူဖို့ဆိုတာက အများကြီး လိုပါသေးတယ်" လုချင်းက သက်ပြင်းချလိုက်၏။
သူသည် ကုန်သည်အဖွဲ့ကို ကယ်တင်ရန်အတွက်သာ လေပြင်းလွင်ပြင်တွင် ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ကန့်သတ်ချက်များကို စမ်းသပ်ကြည့်ရန်အတွက် သန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲကို အသုံးပြုလိုသောကြောင့်လည်း ဖြစ်၏။
ယခုအခါ၌တော့ ရလဒ်များက ရှင်းလင်းသွားခဲ့ချေပြီပင်။
သူသည် ရွှေအမြုတေအဆင့်၏ ပဉ္စမ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြား သန္ဓေသားဝိညာဉ်အဆင့် ရန်သူတစ်ဦးကိုတော့ အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။
ထိုလေပြင်းသားရဲသည် တုံးအပြီး ကိုးရိုးကားယားနိုင်သော်လည်း ၎င်း၏သဘာဝစွမ်းအားများကို အသုံးပြုနိုင်လေသည်။ ၎င်းသည် သန္ဓေသားဝိညာဉ်အဆင့် သတ္တဝါအားလုံးတွင် အားအနည်းဆုံး ဖြစ်နိုင်ချေရှိ၏။
သို့တိုင်အောင် လုချင်းသည် ၎င်းကို အနိုင်မယူနိုင်ခဲ့ပေ။ ဒဏ်ရာရအောင်တောင် မလုပ်နိုင်ခဲ့။
ထိုသည်က ရှင်းလင်းလှပေသည်။
အကယ်၍ သူသာ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပါက တစ်နည်းအားဖြင့် ဆယ်စုနှစ်ချီ၍ ကျင့်ကြံခဲ့ပြီး သူတို့၏နည်းစနစ်များနှင့် နတ်ဘုရားစွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်သော သူတစ်ဦးနှင့်သာ ရင်ဆိုင်ခဲ့ရပါက သူသည် အခွင့်အရေးတောင်ရလိမ့်မည် မဟုတ်ချေ။
……..
အခန်း ၅၅၈ - အထွတ်အမြတ် ဝိညာဉ်ဆေးပင်၊ နဂါးသွေး သစ်သီး၊ ရှောင်လီ၏ လှုပ်ရှားမှု
"ထင်တဲ့အတိုင်းပဲ၊ ငါ့မှာရှိတဲ့ ဝှက်ဖဲတွေအကုန်ထုတ်သုံးရင်တောင်မှ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး"
လုချင်းသည် သူ၏လက်ရှိစွမ်းအား အတိုင်းအတာကို အကြမ်းဖျင်း သဘောပေါက်သွားပြီ ဖြစ်၏။
ထိုသန္ဓေသားဝိညာဉ်အဆင့် လေပြင်းသားရဲနှင့် တိုက်ခိုက်စဉ်က သူ၏ လှည့်ကွက်များအားလုံးကို အပြည့်အဝ အသုံးမပြုခဲ့သော်လည်း အကယ်၍ သူသာ အစွမ်းကုန် ကြိုးစားခဲ့လျှင်ပင် ၎င်းကို အမှန်တကယ် သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ဟု သူ ခန့်မှန်းမိသည်။
ထိုလေပြင်းသားရဲသည် သန္ဓေသားဝိညာဉ်အဆင့်သို့ ယခုလေးတင် ဝင်ရောက်လာခြင်း ဖြစ်၏။ ၎င်းသည် ဉာဏ်ရည် အလွန်နည်းပါးပြီး ကြမ်းတမ်းသောခွန်အားမှလွဲ၍ အခြားအရာအားလုံးတွင် ချို့တဲ့နေခဲ့သည်။ သို့တိုင်အောင် လုချင်းကတော့ ၎င်းကို အနိုင်မယူနိုင်ခဲ့ပေ။
အကယ်၍ သူသာ သန္ဓေသားဝိညာဉ်အဆင့် သခင်တစ်ဦးဦးနှင့်သော်လည်းကောင်း၊ ရေတွက်လို့မရနိုင်သည့်နှစ်ပေါင်းများစွာတိုင် ကျင့်ကြံခဲ့ပြီး မယုံနိုင်စရာကောင်းလောက်အောင်အထိ ကောက်ကျစ်စဉ်းလဲကာ သူတို့၏စွမ်းအားအသီးသီးကို ပြီးပြည့်စုံစွာထိန်းချုပ်နိုင်သူတစ်ဦးဦးနှင့်သော်လည်းကောင်း၊ ထို့ထက် ပို၍ဆိုးသည့် ရက်စက်ပြီး ကောက်ကျစ်သော သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးဦးနှင့်သော်လည်းကောင်း ရင်ဆိုင်ရမည်ဆိုလျှင်...
လုချင်းတစ်ယောက် သေချာပေါက်ကို အကြီးအကျယ်ရှုံးနိမ့်ရလိမ့်မည်သာ။ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်၊ မလွတ်မြောက်နိုင်မည်ကိုပင် မသေချာနိုင်တော့ချေ။
"ကြည့်ရတာ ငါ သိုသိုသိပ်သိပ်ပုန်းနေပြီးတော့ ငါ့ရဲ့ စွမ်းအားတွေကို တည်တည်ငြိမ်ငြိမ်တည်ဆောက်ဖို့ကိုပဲ အာရုံစိုက်နေရဦးမယ်ထင်တယ်"
စဉ်းစားသုံးသပ်ပြီးနောက်၌ လုချင်းတစ်ယောက် ထိုကဲ့သို့ပဲ ကောက်ချက်ချလိုက်တော့သည်။
ဤတိုက်ပွဲသည် သူ့အတွက် အလွန်အမင်းကိုမှ တန်ဖိုးရှိခဲ့ပါ၏။
သူ၏ ကိုယ်ပိုင်စွမ်းအားတို့ကိုပင် ပိုမိုနားလည်လာရုံသာမက သူ၏ဓားသိုင်းကလည်း တိုက်ပွဲအစစ်အမှန်မှတစ်ဆင့် ပို၍ပင်သန့်စင်လာခဲ့ပေသည်။
ကောင်းကင်ဖြိုခွင်း ဓားချီအပေါ် သူ၏ ထိန်းချုပ်မှုကလည်း ပို၍ပင် ချောမွေ့လာပြီး သဘာဝကျလာခဲ့ပါ၏။
သူ့ထံရှိ အမြင့်ဆုံး အမွေအနှစ်ဖြစ်သော ကောင်းကင်ဖြိုခွင်း ဓားချီအား အမှန်တကယ် နားလည်သဘောပေါက်နိုင်တော့မည့်အတိုင်းအတာကိုပင် လုချင်းတစ်ယောက် ဝေဝါးစွာ စတင် ခံစားလာရလေ၏။
အမှန်တကယ်ပင် တိုက်ပွဲအစစ်အမှန်လောက် တစ်စုံတစ်ယောက်၏ စွမ်းရည်များကို ကိုယ်ရည်သွေးပေးနိုင်သောအရာမျိုး မရှိချေ။
"အားချင်း၊ ငါတို့ နောက်ဘယ်သွားကြမလဲဟင်။ အဲဒီကုန်သည်အဖွဲ့ဆီကိုပဲ ပြန်သွားမှာလား" ရှောင်လီက မေးလိုက်သည်။
"သေချာပေါက် မသွားဘူးပေါ့" လုချင်းက ခေါင်းခါလိုက်၏။
အဘိုးချောင်နှင့် အခြားသူများထံ ပြန်သွားရန် သူ တစ်ခါမျှ မရည်ရွယ်ခဲ့ချေ။
သူတို့ ဆုတ်ခွာနိုင်ရန်အတွက်သာ သူ နောက်၌ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။ ကိစ္စများပြီးပြတ်သည်နှင့် ထွက်ခွာသွားရန်မှာ သူ့အစီအစဉ် ဖြစ်ခဲ့လေ၏။
ယခု သူ၏ ကျင့်ကြံဆင့်က ထုတ်ဖော်ခံလိုက်ရပြီ ဖြစ်သဖြင့် ကုန်သည်အဖွဲ့နှင့် ဆက်လက်နေထိုင်ဖို့ဆိုသည်က အဓိပ္ပာယ်မရှိတော့ချေ။
"ဒီတိုက်ပွဲကနေ ရလာတဲ့ အကျိုးအမြတ်တွေကို ကောင်းကောင်းသုံးနိုင်ဖို့အတွက် တစ်ရက်လောက် တံခါးပိတ်ကျင့်ကြံကြမယ်လေ။ ပြီးတာနဲ့ ငါတို့ ချက်ချင်း ခရီးဆက်ကြတာပေါ့" လုချင်းက ပြောလိုက်သည်။
သူ ထွက်လာစဉ်က ကုန်သည်အဖွဲ့နှင့် ဆန့်ကျင်ဘက်လမ်းကြောင်းသို့ သွားခဲ့ခြင်း ဖြစ်၏။ ယခုအချိန်တွင် သူသည် လေပြင်းလွင်ပြင်ကို ဖြတ်ကျော်ကာ အခြားတစ်ဖက်ရှိ တောင်တန်းတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ပြီပင်။
သဘာဝကျကျပင် ရှောင်လီနှင့် ဝူရှင်းတို့သည် လုချင်း၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်စရာမရှိခဲ့ပေ။
ထို့ကြောင့် နောက်တစ်နေ့တွင် တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသွားခဲ့ပြီးသည်နှင့် အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသောအခါ၌ လုချင်းသည် သူ၏ အဖော်နှစ်ဦးနှင့်အတူ ခရီးဆက်ခဲ့တော့လေ၏။
သို့သော် မထွက်ခွာမီ ပြီးပြည့်စုံသော ရွှေအမြုတေ၏ အဆုံးမရှိ ပြောင်းလဲနိုင်ပြီး ပုံသဏ္ဌာန်မဲ့သော အသွင်ပြောင်းခြင်း စွမ်းရည်ကို အသုံးပြုကာ သူ၏ ရုပ်ရည်သွင်ပြင်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ရိုးသားသည့်ဖိုးသခွားလူငယ်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲလိုက်၏။
ရှောင်လီ၏ အမွေးအမျှင်များကိုပင် အသွင်ပြောင်းမန္တန်တစ်ခုဖြင့် ပြောင်းလဲလိုက်ရာ ယခင် မီးခိုးရောင်ကနေ အနက်၊ လိမ္မော်နှင့် အဖြူရောင်တို့ ရောနှောနေသော အရောင်သို့ ပြောင်းလဲသွားတော့လေသည်။
ဝူရှင်းကိုတော့ ဖုံးကွယ်ဖို့ရန် မလိုအပ်ချေ။
သေးငယ်သော အကောင်လေးသည် ပုံမှန်အားဖြင့် လုချင်း၏ အင်္ကျီလက်ထဲတွင်သာ ပုန်းအောင်းနေလေ့ရှိပြီး အပြင်လူများရှေ့တွင် ရှားရှားပါးပါးသာ ပေါ်ထွက်လာလေ့ရှိသဖြင့် ၎င်း၏ ရုပ်ရည်ကို ပြောင်းလဲဖို့ရန် မလိုအပ်ခဲ့။
ပြီးနောက်တွင် အကောင်ပေါက်လေး နှစ်ကောင်ကို ခေါ်ဆောင်လျက် လုချင်းသည် သူ၏ရွေ့လျားမှု နည်းစနစ်များကို အသုံးပြု၍ တောင်တန်းများထဲတွင် လျင်မြန်စွာဖြင့် ခရီးသွားခဲ့လေ၏။
ယခင်က လေထဲတွင် ဧရာမ ငှက်ကြီးတစ်ကောင်၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် လုချင်းသည် ယခုအခါ၌ မလိုအပ်ဘဲနှင့် လေပေါ်ပျံသန်းခြင်းကို မလုပ်တော့။
မည်သို့ပင်ဆိုစေ သူသည် ထျန်းယွမ်ကမ္ဘာလောကကြီးနှင့် မရင်းနှီးသေးပေ။ အကယ်၍ အစွမ်းထက်သော တည်ရှိမှုတစ်ခုခု၏ ပိုင်နက်ကိုသာ မတော်တဆ ဖြတ်ပျံမိပါက ဒုက္ခကြီးကြီးနှင့် သူ ကြုံတွေ့ရနိုင်လေ၏။
လေပြင်းလွင်ပြင်မှ ထွက်လာပြီးနောက်၌ သူတို့သည် ကျယ်ပြန့်သော တောင်တန်းကြီးတစ်ခုထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
လုချင်းသည် အနားမယူဘဲ နာရီပေါင်းများစွာ ဆက်တိုက်ခရီးသွားနေခဲ့စဉ် ရှောင်လီ၏ခေါင်းလေးမှာ လုချင်း၏ ရင်ခွင်ထဲကနေ ရုတ်တရက် ပြူထွက်လာခဲ့သည်။
"အားချင်း။ ရတနာတစ်ခုခုရဲ့ အရှိန်အဝါကို ငါ ခံစားမိတယ်"
"ဟင်" လုချင်းသည် အံ့အားသင့်စွာဖြင့် ရပ်တန့်သွား၏။ "ရတနာတစ်ခုခု ဟုတ်လား"
"ဟုတ်တယ်၊ ငါ သေချာတယ်၊ ဘယ်ဘက်မှာရှိတာ။ ဒီနေရာနဲ့ သိပ်မဝေးဘူး။ အဲ့ဒီမှာ ငါ့ကို ဆွဲဆောင်နေတဲ့တစ်ခုခု ရှိနေတယ်" ရှောင်လီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ရတနာတစ်ခု ဆိုပါလား..."
လုချင်း စပြီးတွေးတောလိုက်လေ၏။
ရတနာများကို အာရုံခံနိုင်စွမ်းရှိသော ရှောင်လီ၏ ထူးခြားသည့်စွမ်းရည်ကို သူ ပြန်သတိရလိုက်သည်။ ၎င်းသည် တန်ဖိုးရှိသော အရာများနှင့် ပတ်သက်၍ အမြဲတမ်း ထူးခြားသော တုံ့ပြန်မှု ရှိပုံရပေသည်။
ယန်ကပင် ညဝိညာဉ်ကြောင်မြီးတိုမျိုးနွယ်စုသည် ရတနာရှာဖွေခြင်းတွင် အထူး ထူးချွန်ကြောင်း တစ်ခါက ပြောခဲ့ဖူးလေ၏။
၎င်း၏ လက်ရှိ ကျင့်ကြံဆင့်အရ ရှောင်လီ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခုကို "ရတနာ" ဟု ယူဆနိုင်သေးလျှင် ၎င်းသည် အမှန်တကယ်ကိုမှ ရှားပါးသော အရာတစ်ခု ဖြစ်ရပေမည်။
ခဏတာ တွေးတောပြီးနောက်၌တော့ လုချင်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
"ရတနာတစ်ခုခု ရှိနေတယ်ဆိုမှတော့ ငါတို့ သွားကြည့်ကြတာပေါ့"
ဤနေရာသည် လူသူအရောက်အပေါက်နည်းသော နက်ရှိုင်းသည့်တောင်တန်းများ၏ ခေါင်ဖျားသောအရပ်ဒေသတစ်ခု ဖြစ်သည်။ ထိုသို့သောနေရာ၌ ခြွင်းချက်ဖြစ်သော အရာတစ်ခုခုကို သူတို့ တွေ့ရှိနိုင်သည့် အခွင့်အရေး ရှိနေလေ၏။
သို့ဖြစ်၍ လုချင်းမှာ အချိန်မဆွဲတော့ဘဲ ရှောင်လီ၏ လမ်းညွှန်မှုအတိုင်း ဘယ်ဘက်သို့ ပျံသန်းသွားခဲ့တော့သည်။
မကြာမီ သူတို့သည် တောင်ကြားတစ်ခုသို့ ရောက်ရှိလာခဲ့၏။
"အားချင်း၊ ဟိုအပေါ်မှာပဲ" ရှောင်လီက ၎င်း၏လက်ဖဝါးဖြင့် ညွှန်ပြလိုက်သည်။
လုချင်း အပေါ်သို့ မော့ကြည့်လိုက်သောအခါ၌ မတ်စောက်သော ကျောက်ကမ်းပါးယံရှိ အက်ကွဲကြောင်းတစ်ခုမှ ထွက်ပေါ်လာနေသည့် ပုတီးစေ့ပုံသဏ္ဌာန်ရှိသော ထူးထူးဆန်းဆန်းအပင်တစ်ပင်ကို တွေ့လိုက်ရပါ၏။ ၎င်း၏ အမြစ်များသည် ကျောက်တုံးကို တင်းကျပ်စွာဖြင့် တွယ်ကပ်ထားလေသည်။
ပို၍ အရေးကြီးသည်မှာ ထိုအပင်၏ထိပ်တွင် လက်သီးဆုပ်၏တစ်ဝက်ခန့် အရွယ်အစားရှိသော နက်မှောင်သည့် အနီရောင် သစ်သီးတစ်လုံး ရှိနေခြင်းပင်။
ထိုအနီရောင် သစ်သီးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက်တည်း လုချင်း၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားတော့သည်။
၎င်း၏ သဘာဝကို ဖုံးကွယ်ထားမှုကြောင့် သစ်သီးကနေ အစွမ်းထက်သော ဝိညာဉ်အဆီအနှစ်များ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း သူ၏အလိုလိုသိစိတ်ကတော့ ၎င်းသည် သာမန်အရာ မဟုတ်ကြောင်း ပြောပြနေလေ၏။
ချက်ချင်းပင် သူသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်တော့၏။
ထို့နောက်၌ ကြွယ်ဝသော ခရမ်းရောင် ဝိညာဉ်စွမ်းအင်အလင်းတန်းတစ်ခုသည် အနီရောင်သစ်သီးပတ်လည်တွင် ပေါ်လာပြီး အချက်အလက်စာကြောင်းအချို့လည်း ဝဲပျံလာခဲ့သည်။
[နဂါးသွေး သစ်သီး - အထွတ်အမြတ် ဝိညာဉ်ဆေးပင်တစ်မျိုး။ နဂါးသွေးမျိုးဆက် အဆီအနှစ်များဖြင့် ပြည့်နှက်နေသော အစွမ်းထက်သည့်ဝိညာဉ်သစ်သီးတစ်မျိုးဖြစ်ပြီး လုံးဝ မှည့်လုနီးပါး ဖြစ်နေသည်။]
[ဤသစ်သီးပင်သည် တစ်ချိန်က နဂါးတစ်ကောင်၏သွေးဖြင့် အာဟာရဖြည့်တင်းခံခဲ့ရသဖြင့် နဂါးသွေး သစ်သီးပင်အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။]
[သစ်သီးတစ်လုံး ရင့်မှည့်ရန်အတွက် အနှစ်ငါးရာ ကြာမြင့်ပြီး တစ်လုံးချင်းစီတွင် သန့်စင်ထားသော နဂါးသွေး အဆီအနှစ်များ ပါဝင်သည်။]
[လူသားကျင့်ကြံသူများ စားသုံးသောအခါ သက်တမ်းနှင့် ကျင့်ကြံမှုကို တိုးမြှင့်ပေးနိုင်သည်။ ဝိညာဉ်သားရဲများ စားသုံးသောအခါ သွေးမျိုးဆက်ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အခွင့်အရေး အချို့ ရှိသည်။]
…
"နဂါးသွေး သစ်သီး... အထွတ်အမြတ် ဝိညာဉ်ဆေးပင်တဲ့လား"
လုချင်း အချက်အလက်များကို ဖတ်ရှုပြီးသောအခါ၌ သူ၏မျက်နှာသည် ဝမ်းသာမှုများဖြင့် တောက်ပသွားတော့သည်။
ရှောင်လီ၏ အာရုံခံစားမှုသည် ထပ်ပြီးမှန်ကန်ခဲ့ပြန်သည်။ ဤအနီရောင် သစ်သီးသည် အမှန်တကယ်ပင် ရှားပါးသော ရတနာတစ်ခု ဖြစ်နေခဲ့လေ၏။
ထျန်းယွမ်ကမ္ဘာလောကကြီးတွင်ပင် အထွတ်အမြတ် ဝိညာဉ်ဆေးပင်များသည် ရှားပါးလှသည်။
အကောင်းဆုံးအဆင့် ဝိညာဉ်ဆေးပင်များကတော့ တစ်သက်တွင် တစ်ခါမျှသာ တွေ့ရနိုင်သော အရာများ ဖြစ်ကြပါ၏။
သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူများပင်လျှင် ထိုကဲ့သို့သောအရာအတွက် တိုက်ခိုက်ကြလိမ့်မည်ပင်။
ပို၍ အရေးကြီးသည်မှာ ဤနဂါးသွေး သစ်သီးသည် ဝိညာဉ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို ပြောင်းလဲပေးနိုင်သည့် အခွင့်အရေး ရှိနေခြင်း ဖြစ်သည်။
၎င်းသည် ရှောင်လီနှင့်ဝူရှင်းအတွက် အလွန်ပင်အသုံးဝင်နိုင်ပါ၏။
"အားချင်း၊ သစ်သီးကို အခုပဲ ခူးလိုက်ရမလား" ရှောင်လီက လောဘတကြီးဖြစ်နေသည့် မျက်လုံးများဖြင့် သွေးရောင် သစ်သီးကို စိုက်ကြည့်ရင်း စိတ်အားထက်သန်စွာ မေးလိုက်လေ၏။
ဤသစ်သီးအတွင်းရှိ ကြီးမားလှသော ဆေးစွမ်းအားသည် ၎င်းအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ၎င်း၏ မွေးရာပါအာရုံခံနိုင်စွမ်းက ပြောပြနေလေ၏။
ဝူရှင်းလည်း အတူတူပင် ဖြစ်၏။
သူ၏ အမြီးသည် ဟိုဘက်ဒီဘက် ရမ်းနေပြီး သူ၏မျက်လုံးများကလည်း တောက်ပနေလုမတတ် ဖြစ်နေတော့သည်။
"ခုလောလောဆယ်တော့ မခူးသေးဘူး။ အသီးက မမှည့်သေးဘူးလေ။ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြတာပေါ့" လုချင်းက ပြောလိုက်သည်။
သူသည် အချက်အလက်စာကြောင်းတွင် "လုံးဝ မှည့်လုနီးပါး" ဟူသော စကားလုံးများကို မြင်တွေ့ခဲ့ရသဖြင့် အလျင်စလို မလုပ်ရန် ဆုံးဖြတ်ခဲ့ပါ၏။
ထိုအစား သူသည် သူ၏ ဓားပျံကို အသုံးပြု၍ သစ်သီးနှင့် မျက်နှာချင်းဆိုင်ရှိ ကျောက်ကမ်းပါးယံတွင် ကျောက်ဂူတစ်ခုကို ထွင်းထုလိုက်လေသည်။
သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် ဖုံးကွယ်ခြင်း ဝင်္ကပါတစ်ခုကိုပါ ချထားလိုက်၏။ ထို့နောက်၌ သူနှင့် အကောင်ပေါက်လေး နှစ်ကောင်သည် ထိုနေရာတွင် ယာယီနေထိုင်ဖို့ရန် ဝင်ရောက်သွားကြတော့သည်။
ကျင့်ကြံရင်းနှင့်ပင် နဂါးသွေး သစ်သီး လုံးဝ မှည့်လာမည့်အချိန်ကို သူတို့ စောင့်ဆိုင်းနေကြမည်ပင်။
ထိုသို့ဖြင့် သုံးရက်တာအချိန်ကုန်လွန်သွားခဲ့လေ၏။
မွန်းတည့်ချိန်တွင် လုချင်းသည် မျက်လုံးများကို မှိတ်ကာ တရားထိုင်နေစဉ် အပြင်ဘက်ရှိ လေထဲတွင် အစွမ်းထက်သော ဝိညာဉ်အဆီအနှစ်လှိုင်းတစ်ခု ရုတ်တရက် ရိုက်ခတ်လာခဲ့၏။
"အားချင်း၊ သစ်သီး မှည့်သွားပြီလား" ရှောင်လီနှင့် ဝူရှင်း နှစ်ကောင်စလုံးသည် ထိုလှိုင်းအတက်အကျကြောင့် အိပ်ရာမှ လန့်နိုးသွားကြရှာ၏။
"မှည့်လောက်ပြီ" လုချင်းက ဝင်္ကပါကို ရုတ်သိမ်းလိုက်ကာ ဂူဝသို့ လျှောက်သွားရင်း ပြောလိုက်၏။
ကျောက်ကမ်းပါးယံကို သူ ကြည့်လိုက်သောအခါ၌ ယခင်က ငြိမ်သက်ပြီး သာမန်ပုံပေါက်နေသော နဂါးသွေး သစ်သီးသည် ယခု၌တော့ ထိတ်လန့်ဖွယ်ရာ အသွင်ပြောင်းလဲမှုတစ်ခုအား ကြုံတွေ့နေရသည်ကို တွေ့လိုက်ရတော့သည်။
သစ်သီးအတွင်းတွင် အစွမ်းထက်သော စုပ်ယူမှု စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဆွဲယူနေလေ၏။
ပေအနည်းငယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် နဂါးသွေး သစ်သီးဆီသို့ လျင်မြန်စွာ စုစည်းလာကြပြီး ၎င်း၏အနီးတစ်ဝိုက်၌ ဧရာမ ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သိမ်မွေ့သောဆေးရနံ့တစ်ခုက တောင်ကြားအတွင်းမှ စတင်၍လွင့်ပျံ့လာခဲ့၏။
ဤနှောင့်ယှက်မှုသည် ပေတစ်ထောင်ပတ်လည်အတွင်းရှိ ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများကြားတွင် ချက်ချင်းပင် ရူးသွပ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့တော့သည်။
ယင်းအနံ့ကို အနံ့ခံမိသွားသည့် အနီးအနားမှသားရဲများမှာတော့ လုံးဝကို ရူးသွပ်သွားကြပြီး တောင်ကြားဆီသို့ ရူးသွပ်စွာဖြင့် ပြေးဝင်လာကြတော့၏။
"တကယ့်ကို မယုံနိုင်လောက်စရာ ဝိညာဉ်ဆေးပင်ပဲ"
လုချင်းသည်လည်း ထိုရနံ့ကို ရှူရှိုက်မိလိုက်ပြီးနောက်၌ ချက်ချင်းပင် လန်းဆန်းတက်ကြွသွားပါ၏။ သူ၏အတွင်းပိုင်းမှ ဝိညာဉ်စွမ်းအားလည်ပတ်မှုပင်လျှင် အနည်းငယ် မြန်ဆန်လာခဲ့လေသည်။
သို့ဖြစ်၍ သူသည် အသံကျယ်ကျယ်ဖြင့် မချီးကျူးဘဲ မနေနိုင်ခဲ့ချေ။
သူ၏လက်ရှိ ကျင့်ကြံဆင့်တွင် သူ၏ ဝိညာဉ်စွမ်းအား မည်မျှ သန့်စင်ကြောင်းကို ထည့်သွင်းစဉ်းစားပါက ရွှေအမြုတေ နောက်ဆုံးအဆင့်ရှိသူများထက်ပင် သာလွန်နေသေးသည်။ ဤဆေးရနံ့အနည်းငယ်မျှကတောင်မှ သူ၏စွမ်းအင်ကို ဤကဲ့သို့ လှုံ့ဆော်နိုင်နေပြီပင်။
ထိုအချက်တစ်ခုတည်းကပင် သစ်သီး၏ ထူးခြားသောသဘာဝကို သက်သေပြနေလေပြီဖြစ်၏။
"အားချင်း။ သစ်သီးကို လုဖို့ သားရဲတွေအများကြီး လာနေကြပြီ"
ထိုအချိန်တွင် ရှောင်လီသည် တောင်ကြားအပြင်ဘက်ရှိ ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်၏။
၎င်းတို့ထဲတွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေသော အစွမ်းထက်သည့် သတ္တဝါအချို့လည်း ပါဝင်လေသည်။
"ကိစ္စမရှိပါဘူး၊ သူတို့ထဲက ဘယ်သူမှ သန္ဓေသားဝိညာဉ်အဆင့် မရှိသရွေ့ ဒီသစ်သီးကို ဘယ်သူမှ ယူလို့မရဘူး" လုချင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သို့တိုင်အောင် သူသည် ပြင်ဆင်မှုများကို လုပ်ဆောင်ခဲ့ရသေးပါ၏။
လက်ချောင်းတစ်ချက် အသာအယာခေါက်လိုက်ရုံဖြင့် သူသည် ကျောက်စိမ်းမန္တန်အချို့ကို ထုတ်လွှတ်လိုက်ကာ တောင်ကြားတစ်လျှောက်လုံးတွင် မြှုပ်နှံထားလိုက်လေသည်။
မကြာမီမှာပင် တောင်ကြားသည် သားရဲများ၏ ဟိန်းဟောက်သံများဖြင့် ပဲ့တင်ထပ်သွားတော့၏။ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးရှိသော ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာသည် ပြေးဝင်လာကြ၏။
ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေသော သတ္တဝါများချည်းပင် ခုနစ်ကောင်၊ ရှစ်ကောင်ခန့် ရှိလေသည်။
သူတို့ ဝင်ရောက်လာသည်နှင့်အမျှ သတ္တဝါများသည် ကျောက်ကမ်းပါးယံရှိ ထူးဆန်းသော ဖြစ်စဉ်ကို တွေ့မြင်လိုက်ကြရ၏။
သူတို့၏ မျက်လုံးများက သွေးရောင်သစ်သီးပေါ်သို့ ကျရောက်သွားစဉ် သူတို့အားလုံးမှာ သိသာထင်ရှားစွာဖြင့် လောဘတက်လာကြတော့သည်။
ထို့နောက်၌ တွန့်ဆုတ်နေခြင်းမရှိဘဲ ထိုသစ်သီးဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာကြလေ၏။
အထက်သို့ တက်နေစဉ်အတွင်းမှာပင် သူတို့ကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။
ပို၍အားနည်းသောသားရဲများမှာတော့ ချက်ချင်းပင် အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရရှာကာ တောင်ကြားသည် သွေးနံ့များဖြင့် အလျင်အမြန်ပြည့်နှက်သွားခဲ့တော့သည်။
၎င်းတို့ထဲတွင် ရွှေလင်းယုန်နှင့်တူသော သားရဲတစ်ကောင်၌တော့ အလျင်မြန်ဆုံးသော အရှိန်ရှိလေသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ရှေ့ဆုံးသို့ ရောက်ရှိလာပြီး သစ်သီးကို တစ်လုပ်တည်း မျိုချရန် ရည်ရွယ်ကာ အောင်ပွဲခံသည့် မျက်လုံးများဖြင့် တောက်ပနေတော့၏။
နောက်ကွယ်ရှိ အခြားသတ္တဝါများမှာတော့ စိုးရိမ်ပူပန်နေကြသော်လည်း အမီလိုက်ရန် စွမ်းအားမရှိခဲ့ကြချေ။
ရွှေလင်းယုန်သည် နဂါးသွေး သစ်သီးကို ဖမ်းယူရန် လက်တစ်ကမ်းသာ လိုတော့သည်။
သို့ပေသိ ထိုအချိန်မှာပဲ မီးခိုးရောင်အရိပ်တစ်ခုက ၎င်း၏ရှေ့တွင် ရုတ်တရက်ကြီးပေါ်လာခဲ့၏။
လက်ဖဝါးတစ်ဖက် ထွက်ပေါ်လာပြီးနောက်၌ ရွှေလင်းယုန် မတုံ့ပြန်နိုင်မီမှာပင် ယင်းလင်းယုန်၏ခေါင်းသည် မှုန့်မှုန့်ညက်ညက်ကို ကွဲကြေသွားလေတော့သည်။
ထိုလင်းယုန်ခင်မျာ အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ကောင်းကင်ယံမှ ပြုတ်ကျသွားခဲ့သည်။
ရုတ်တရက်ဖြစ်သွားသည့်ဤအဖြစ်အပျက်ကြီးက သားရဲအားလုံးကို မှင်သက်သွားစေခဲ့၏။
အထူးသဖြင့် ရွှေအမြုတေအဆင့်ရှိ သားရဲများပင်။
သူတို့သည် လေထဲတွင် တောင့်တင်းသွားကြပြီး မလှုပ်ရှားရဲအောင်ထိ အကြောက်လွန်သွားကြတော့သည်။
သူတို့အားလုံးသည် ပြုတ်ကျလာသော ရွှေလင်းယုန်၏အလောင်းကိုသာ ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေကြလေ၏။
ဝုန်း
လင်းယုန်၏ခန္ဓာကိုယ်သည် တောင်ကြား၏မြေပြင်ပေါ်သို့ ကျဆင်းသွားပြီးနောက် ၎င်း၏သက်ရှိ အရှိန်အဝါမပျောက်ကွယ်မီ အကြိမ်အနည်းငယ်လောက်ထိ အသက်ငင်ကာ တုန်ယင်သွားရှာသေး၏။
ထို့နောက်မှပဲ သားရဲများသည် ရွှေလင်းယုန် အမှန်တကယ်သေဆုံးသွားပြီဖြစ်ကြောင်းကို သိလိုက်ကြတော့သည်။
သူတို့၏အကြည့်အားလုံးသည် ၎င်းကို သတ်ဖြတ်ခဲ့သူထံသို့ ရွေ့လျားသွားခဲ့၏။
ထိုနေရာတွင် အနက်၊ လိမ္မော်နှင့် အဖြူရောင်အမွေးအမျှင်များ ဖုံးလွှမ်းနေသော ခန္ဓာကိုယ်နှင့် ကြောင်နှင့်တူသော ဝိညာဉ်သားရဲငယ်လေးတစ်ကောင် ရပ်နေလေသည်။
၎င်းသည် အစင်းကျား ကြောင်တစ်ကောင်ထက် မပိုသကဲ့သို့ ပုံပေါက်နေသော်လည်း အခြားသားရဲများထဲမှ မည်သူကမျှ ၎င်းကို အထင်မသေးရဲကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့်သာ ပြည့်နှက်နေကြပြီး ၎င်းကိုပဲ စိုက်ကြည့်နေကြတော့သည်။
ထိုကြောက်ရွံ့မှုမှာ ယင်းအကောင်လေးက သူတို့ထဲမှ အမြန်ဆုံးနှင့် အသန်မာဆုံးတစ်ကောင်ကို လွယ်လွယ်ကူကူ သတ်ဖြတ်လိုက်ခြင်းကြောင့်သာ မဟုတ်ပေ။
ယခု ၎င်းထံမှ ဖြာထွက်နေသောအရှိန်အဝါကြီးက လုံးဝကို ထိတ်လန့်ဖွယ်ကောင်းနေသောကြောင့်ပင် ဖြစ်၏။
"ငါ့ပစ္စည်းကို နင်တို့က ယူလို့ရမယ်များ ထင်နေတာလား"
ထိုအချိန်တွင် ရှောင်လီ၏တစ်ကိုယ်လုံးကနေ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေပြီး ၎င်း၏ မျက်လုံးများ၌လည်း သတ်ဖြတ်လိုစိတ်များ တောက်ပနေလေ၏။
အားချင်းက ၎င်းကို သတိပေးထားခဲ့သည်။ သစ်သီးသည် မှည့်နေဆဲဖြစ်ပြီး မည်သည့် နှောင့်ယှက်မှုမဆို ၎င်း၏ ဆေးစွမ်းအားကို သိသိသာသာ လျော့ကျစေနိုင်သည်ဟု ဆို၏။
ယခုလေးတင် ထိုတုံးအသော ငှက်ကြီးက ၎င်းကို စားလုနီးပါး ဖြစ်သွားခဲ့သည်ပင်။
ထို့ကြောင့် ရှောင်လီမှာ ဘယ်လိုလုပ်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ရှောင်လီထံမှ ဖြာထွက်လာသော သတ်ဖြတ်လိုသည့်စွမ်းအင်ကို အာရုံခံမိသောအခါ၌ ကျန်ရှိနေသော ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများအားလုံးမှာလည်း တုန်ယင်သွားကြတော့သည်။
သို့သော် မှည့်နေသောသစ်သီး၏ ကြွယ်ဝသောရနံ့များ ပြင်းထန်လာသည်နှင့်အမျှ သူတို့၏ ကြောက်ရွံ့မှုများမှာလည်း တဖြည်းဖြည်းဖြင့် လျော့ကျသွားလေကာ ကြီးမားလှသော လောဘများဖြင့် အစားထိုးလာခဲ့တော့၏။
သူတို့သည် ရှောင်လီကို စိုက်ကြည့်နေစဉ် သူတို့၏မျက်လုံးများထဲ၌ ရန်လိုမှုများဖြင့် ပြည့်နှက်လာခဲ့သည်။
"ဟင်.. တစ်ခုခုတော့ မှားနေပြီ"
လုချင်းသည် သားရဲများ၏ အပြုအမူကို ကြည့်ရှုနေစဉ် မျက်မှောင်ကြုတ်လိုက်မိ၏။
ဝိညာဉ်သားရဲများ၏ ကမ္ဘာတွင် ခွန်အားသည်သာ ဥပဒေဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
အကယ်၍ သူတို့သည် သူတို့ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သော သတ္တဝါတစ်ကောင်နှင့် ကြုံတွေ့ရပါက ၎င်းအား စိန်ခေါ်ဖို့ရန် ရှားရှားပါးပါးသာ ရဲဝံ့ကြလေ၏။
သို့တိုင် ဤသားရဲများသည် ရှောင်လီက သူတို့နှင့် စွမ်းအားတူညီသောအကောင်တွေထဲကမှ တစ်ကောင်အား ချက်ချင်း သတ်ဖြတ်လိုက်သည်ကို မြင်တွေ့ခဲ့ရပြီးတာတောင်မှ နောက်ဆုတ်ဖို့ရန် ငြင်းဆန်နေကြဆဲပင်။ ထိုအစား သူတို့၏လောဘများကသာ ကြီးထွားလာခဲ့ချေ၏။
ဤပုံမှန်မဟုတ်သော အခြေအနေက လုချင်းကို တစ်ခုခု မှားယွင်းနေပြီဟု ခံစားရစေခဲ့သည်။
"နဂါးသွေး သစ်သီးရဲ့ အနံ့ကြောင့်များလား" သူက တွေးတောစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
သို့တိုင်အောင် သူသည် ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ချေ။ ထိုအစား သူသည် ဝူရှင်းကိုပဲ လိုအပ်ပါက ကူညီရန် အမိန့်ပေးလိုက်လေသည်။
ဤအခြေအနေကို အသုံးပြု၍ အကောင်ပေါက်လေးနှစ်ကောင်ကို လေ့ကျင့်ပေးရန် သူ ရည်ရွယ်ထားခြင်း ဖြစ်၏။
သူတို့၏ မူလကမ္ဘာမှ ထွက်ခွာလာပြီးကတည်းက ရှောင်လီနှင့် ဝူရှင်းတို့သည် ကျင့်ကြံခြင်းတွင် များစွာ တိုးတက်လာခဲ့ကြပြီပင်။
သို့သော် သူတို့သည် တိုက်ပွဲအစစ်အမှန်များနှင့် ရှားရှားပါးပါးသာ ရင်ဆိုင်ခဲ့ရလေ၏။
မည်သို့ပင်ဖြစ်စေ လုချင်း ကြုံတွေ့ရသော ရန်သူအများစုမှာ သူတို့နှစ်ကောင် ကိုင်တွယ်ဖို့အတွက် မဖြစ်နိုင်ခဲ့။ ထိုရန်သူတို့က အလွန့်ကိုမှ အစွမ်းထက်လွန်းနေခဲ့သည်ပင်။
ဤသည်ကား ရှားပါးသောအခွင့်အရေး တစ်ခုဖြစ်သည်။
သို့ဖြစ်၍ သူကတော့ နောက်ဆုတ်နေမည်ဖြစ်ကာ သူတို့ကိုပဲ လေ့ကျင့်ခွင့်ပေးရန် ရွေးချယ်ခဲ့ပါ၏။
"ငါနဲ့ တိုက်ချင်သေးတာလား"
ရှောင်လီသည် သူတို့၏မျက်လုံးများထဲရှိ ရန်လိုမှုကို မြင်သောအခါ၌ ပို၍ပင် ဒေါသထွက်လာတော့သည်။
ထိုစဉ်မှာပင် ၎င်း၏နောက်ကွယ်မှ အစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
နဂါးသွေး သစ်သီးသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်အားလုံးကို ရုတ်တရက်ကြီး စုပ်ယူလိုက်လေသည်။ ထို့နောက်၌တော့ ၎င်းသည် အနီရင့်ရောင်ကျောက်မျက်ရတနာကဲ့သို့သော အလင်းရောင်ဖြင့် တောက်ပလာခဲ့တော့၏။
အလွန်အမင်း ကြွယ်ဝသော ဆေးရနံ့ကြီးတစ်ခု ပေါက်ကွဲထွက်လာပြီးနောက်တွင် မျက်စိတစ်မှိတ်အတွင်းမှာပဲ တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
"ရှောင်လီ၊ သတိထား။ သစ်သီးက လုံးဝ မှည့်သွားပြီ။ သူတို့တွေ ရူးသွပ်ကုန်ကြတော့မယ်"
လုချင်း၏ အသံသည် ရှောင်လီ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
သူ ပြောသည့်အတိုင်းပင် တောင်ကြားအတွင်းရှိ သားရဲများသည် ထူထဲသိပ်သည်းသောရနံ့ကို ရှူရှိုက်မိသည်နှင့်တစ်ပြိုင်နက် သူတို့၏အသိစိတ်များကို လုံးလုံးဆုံးရှုံးသွားကြတော့သည်။
ရှောင်လီအပေါ် ကြောက်ရွံ့မှုအားလုံးကလည်း ပျောက်ကွယ်သွားခဲ့ချေပြီပင်။
ရူးသွပ်စွာဖြင့်သာ ဟိန်းဟောက်ရင်း သူတို့သည် အတားအဆီးကို အပိုင်းပိုင်းဆုတ်ဖြဲဖို့ရန် ပြေးဝင်လာကြလေတော့၏။
"အချိန်ကိုက်ပဲ"
ရှောင်လီ၏ မျက်လုံးများက စူးရှသွားပြီးနောက် နောက်တစ်ခဏတွင်းမှာပဲ ၎င်း၏ခန္ဓာကိုယ်က ဝှီးခနဲ ပျောက်ကွယ်သွားခဲ့တော့လေသည်။
သားရဲများသည် ဇဝေဇဝါဖြင့် စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်သွားကြ၏။ ထို့နောက်၌ သနားစရာကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
မည်သူကမျှ ဘာဖြစ်သွားသည်ကို မသိလိုက်မီမှာပင် မိစ္ဆာသားရဲများထဲမှ တစ်ကောင်သည် အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရချေပြီပင်။
ထိုသည်ကနေ အစပြု၍ ရှောင်လီ ဦးဆောင်သောသတ်ဖြတ်မှုကြီးက အပြည့်အဝကို စတင်ခဲ့တော့သည်။