← Chapters

အခန်း (၅၅၉-၅၆၀)

Vol. 56 Ch. 559-560

အခန်း (၅၅၉-၅၆၀)

Vol. 56 Ch. 559-560

အခန်း ၅၅၉ - မုဆိုး သို့မဟုတ် သားကောင်၊ အမှောင်ထဲတွင် လှုပ်ရှားနေသော အရိပ်များ

တောင်ကြားအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲသည် အလျင်အမြန်ဖြင့် စတင်ခဲ့ပြီး လျင်မြန်စွာဖြင့်ပဲ ပြီးဆုံးသွားခဲ့လေသည်။

လျှပ်စီးလက်သကဲ့သို့သော ပုံရိပ်တစ်ခုသည် တောင်ကြားအတွင်း၌ မျက်စိတစ်မှိတ်အတွင်းပင် ဖြတ်သန်းသွားခဲ့၏။ ၎င်း ဖြတ်သန်းသွားသောနေရာတိုင်းတွင် ဝိညာဉ်သားရဲ သို့မဟုတ် မိစ္ဆာသားရဲတစ်ကောင်သည် အပိုင်းပိုင်း ဖြတ်တောက်ခံရပြီး ထိုနေရာမှာပင် သေဆုံးသွားခဲ့ရရှာ၏။

မကြာမီမှာပင် နဂါးသွေး သစ်သီး၏ ဆေးရနံ့ကြောင့် ဆွဲဆောင်ခံခဲ့ရသော ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများအားလုံးကို ရှောင်လီက သတ်ဖြတ်ပစ်လိုက်ပြီyif။ ၎င်းသည် ဝူရှင်း၏ အကူအညီကိုပင် မလိုအပ်ခဲ့ချေ။

တောင်ကြားတစ်ခုလုံးတွင် ပြတ်တောက်နေသော ခြေလက်အင်္ဂါများနှင့် သွေးအိုင်များ ပြည့်နှက်နေခဲ့၏။ ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများ၏ အလောင်းများသည် နေရာတိုင်းတွင် ပြန့်ကျဲနေခဲ့သည်။

ထိုအချိန်တွင် လုချင်းသည် နဂါးသွေး သစ်သီးပင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ မှော်စွမ်းအားကို အသုံးပြု၍ လုံးဝရင့်မှည့်နေသော သစ်သီးကို ခူးယူလိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်ခုအတွင်း ထည့်ကာ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲတွင် သိမ်းဆည်းလိုက်လေ၏။

လုချင်းသည် ရှောင်လီ၏ တစ်ဖက်သတ်သတ်ဖြတ်မှုကြောင့် အံ့အားသင့်ခြင်း မရှိခဲ့ပေ။

နဂါးသွေး သစ်သီး၏ ရနံ့ကြောင့် သွေးဆောင်ခံခဲ့ရသော ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများ အများအပြား ရှိသော်လည်း ရွှေအမြုတေအဆင့်ရှိသူ ခုနစ်ကောင် သို့မဟုတ် ရှစ်ကောင်ခန့်သာ ရှိသည်။ ၎င်းတို့ထဲတွင် အစွမ်းအထက်ဆုံးမှာ အလယ်အလတ်အဆင့် ရွှေအမြုတေ တတိယ အသွင်ပြောင်းလဲခြင်းအဆင့်သို့သာ ရောက်ရှိထားခြင်း ဖြစ်သည်။

သို့သော် ရှောင်လီကတော့ ရွှေအမြုတေ ဒုတိယ အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်လေ၏။

ထို့ပြင် သူ ဖွဲ့စည်းထားသောအရာမှာ အပြစ်အနာအဆာကင်းသော အထက်တန်းအဆင့် ရွှေအမြုတေပင်။

ထို့အပြင် ၎င်းသည် မွေးရာပါ သွေးမျိုးဆက် စွမ်းရည်များစွာကို ပိုင်ဆိုင်ထားပြီး သူနှင့်အတူ သေရေးရှင်ရေး တိုက်ပွဲ အတွေ့အကြုံ နှစ်ပေါင်းများစွာ ရှိခဲ့လေ၏။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခြေခံအုတ်မြစ်ရှိသောကြောင့် ရှောင်လီအား တောရိုင်းထဲမှပင် တစ်ခါမျှ မထွက်ဖူးဘဲ အလယ်အလတ်အဆင့် မိစ္ဆာအမြုတေကိုသာ ဖွဲ့စည်းထားနိုင်ခဲ့သော ဤသားရဲများက မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ရှောင်လီ အကူအညီ လိုအပ်လာပါက ကြိုတင်ကာကွယ်မှု အနေဖြင့်သာ သူ ဝူရှင်းကို သတိထားစေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်း ရှုံးနိမ့်လိမ့်မည်ဟုတော့ သူ တစ်ခါမျှ အမှန်တကယ် မယုံကြည်ခဲ့ချေ။

အမှန်တကယ်ပင် ရှောင်လီ စတင်လှုပ်ရှားသောအခါ ရွှေအမြုတေအဆင့် သားရဲ ခုနစ်ကောင် ရှစ်ကောင်ပင်လျှင် တစ်ချက်မျှ မခုခံနိုင်ခဲ့ချေ။ ၎င်း၏ လျင်မြန်လှသော အရှိန်နှင့် ထက်ရှပြီး မာကျောသော လက်သည်းများကို ခုခံရန် သူတို့တွင် နည်းလမ်းမရှိခဲ့ပေ။

"အားချင်း၊ လာကြည့်ပါဦး" လုချင်းသည် နဂါးသွေး သစ်သီးကို သိမ်းဆည်းလိုက်ချိန်တွင် ရှောင်လီ၏ အော်ခေါ်သံကို ကြားလိုက်ရသည်။

"ဘာဖြစ်လို့လဲ" လုချင်းသည် တောင်ကြားအောက်ခြေသို့ ဆင်းသက်လိုက်၏။

"ကြည့်၊ ဒီတောင်ကြားက သူတို့ရဲ့ သွေးတွေကို စုပ်ယူနေတယ်" ရှောင်လီက မြေပြင်ကို ညွှန်ပြလိုက်သည်။

လုချင်း အောက်သို့ ငုံ့ကြည့်လိုက်သောအခါ၌ သူ၏ မျက်လုံးများက ချက်ချင်းပင် စူးရှသွားတော့သည်။

ရှောင်လီ ယခုလေးတင် သတ်ဖြတ်ခဲ့သော ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများ၏ သွေးများသည် မျှော်လင့်ထားသလို စုပုံမနေခဲ့ချေ။

ထိုအစား ၎င်းတို့သည် မြေကြီးထဲသို့ တဖြည်းဖြည်း စိမ့်ဝင်ပြီး ပျောက်ကွယ်သွားနေခဲ့သည်။ ကျောက်တုံးများပေါ်သို့ စင်သွားသော သွေးများပင်လျှင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေပါ၏။

ဤသိသာထင်ရှားလှသော ပုံမှန်မဟုတ်သည့် မြင်ကွင်းက လုချင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့သည်။

သူသည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ဂရုတစိုက် စစ်ဆေးလိုက်လေ၏။ မကြာမီ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"ဒီသွေးတွေကို... နဂါးသွေး သစ်သီးပင်က စုပ်ယူနေတာလား"

အပြည့်အဝ အာရုံခံမိပြီးနောက်၌ ဤအပင်သည် မြေပြင်ပေါ်တွင် သာမန်သာ ပုံပေါက်နေသော်လည်း ၎င်း၏ အမြစ်များသည် တောင်ကြားတစ်ခုလုံး အောက်သို့ ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်ကြောင်း လုချင်း တွေ့ရှိခဲ့ရသည်။

မြေကြီးထဲသို့ စိမ့်ဝင်သွားသော သွေးများကို ၎င်း၏ ဧရာမ အမြစ်စနစ်က လျင်မြန်စွာ စုပ်ယူပြီး ပင်စည်ထဲသို့ ပို့ဆောင်နေခြင်း ဖြစ်၏။

ကျောက်ကမ်းပါးယံတွင် တွယ်ကပ်နေသော နဂါးသွေး သစ်သီးပင်ကို မော့ကြည့်လိုက်သောအခါ ၎င်းသည် ယခင်ကထက်ပင် ပိုမို တက်ကြွနေပုံပေါ်ကြောင်း လုချင်း သတိပြုမိလိုက်သည်။ ထိုအခါ၌ သူ၏ စိတ်ထဲသို့ အတွေးတစ်ခု လျှပ်ခနဲ ဝင်လာခဲ့၏။

"ဒါကြောင့်ကိုး၊ စောစောက ဆေးရနံ့က... နဂါးသွေး သစ်သီးပင်က တမင်တကာ ထုတ်လွှတ်လိုက်တာ ဖြစ်ရမယ်။ သူ့ရဲ့ ရည်ရွယ်ချက်က အနီးနားက ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေကို ဆွဲဆောင်ပြီးတော့ သူတို့အချင်းချင်း တိုက်ခိုက်အောင်လို့ ဖိအားပေးဖို့ပဲ။ အဲဒီအချိန်မှာ သူတို့ရဲ့ သွေးမျိုးဆက် အဆီအနှစ်တွေကို စုပ်ယူပြီး သူ့ရဲ့ တိုးတက်မှုကို မြှင့်တင်ဖို့ အခွင့်အရေး ယူလိမ့်မယ်။ အဲဒီအနံ့ထဲမှာ စိတ်မခိုင်တဲ့ သားရဲတွေရဲ့ စိတ်ကို နှောင့်ယှက်နိုင်တဲ့ တစ်ခုခု ပါနေရင်တောင် ငါ အံ့သြမှာ မဟုတ်ဘူး"

ထိုသားရဲများသည် ရှောင်လီက သူတို့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း ထင်ရှားနေသော်လည်း ကြောက်ရွံ့မှု မရှိဘဲ ၎င်းကို မည်သို့ တိုက်ခိုက်ခဲ့ကြောင်း သူ ပြန်လည်သတိရလိုက်ပြီး ၎င်းသည် အလွန် သံသယဖြစ်ဖွယ်ကောင်းကြောင်း တွေ့ရှိခဲ့ရသည်။

ယခု သွေးစုပ်ယူနေသော အပင်၏ အမြစ်များ ပေါ်လာသောအခါ၌ အမှန်တရားက ရှင်းလင်းသွားပြီပင်။

"ဒါပေါ့။ ဒီလောကမှာ အလကားရတဲ့လက်ဆောင်ဆိုတာ မရှိဘူးလေ။ ဒီသားရဲတွေက နဂါးသွေး သစ်သီးရဲ့ ရနံ့ကို ရတဲ့အချိန်မှာ အခွင့်အရေးကြီးကို တွေ့ပြီလို့ ထင်ခဲ့ကြတာ။ တကယ်တော့ သူတို့က အဲ့သစ်ပင်ကနေ သေချာအကွက်ချပြီးထားထားတဲ့ ထောင်ချောက်ထဲက သားကောင်တွေထက် မပိုဘူးပဲ။ သစ်သီးကတော့ ငါးစာပေါ့။ တကယ့်ရည်မှန်းချက်က သူ့ကိုယ်သူ အာဟာရဖြည့်တင်းဖို့အတွက်နဲ့ သူတို့ရဲ့ အသွေးအသားတွေကို ဝါးမျိုချင်နေတာပဲ"

အရာအားလုံးကို ဆက်စပ်ကြည့်ပြီးနောက်တွင်တော့ လုချင်းမှာ အံ့သြမဆုံးဖြစ်နေမိတော့သည်။

ကမ္ဘာကြီးသည် ကျယ်ပြန့်ပြီး ထူးဆန်းသော အံ့ဖွယ်များဖြင့် ပြည့်နှက်နေပေသည်။

နဂါးသွေး သစ်သီးပင်သည် အသိဉာဏ်ပင် မရရှိသေးသော်လည်း ၎င်းသည် အလိုလိုသိစိတ်တစ်ခုတည်းဖြင့် ဤမျှလောက် အစွမ်းထက်သော သားရဲများစွာကို အချင်းချင်း သတ်ဖြတ်အောင် ကြိုးကိုင်နိုင်စွမ်း ရှိလေ၏။

ယခုလေးတင် ပြင်းထန်စွာ သတ်ဖြတ်ခဲ့သော ရှောင်လီပင်လျှင် သစ်သီး၏ ရနံ့ကြောင့် လွှမ်းမိုးခံခဲ့ရပုံရ၏။ ကံကောင်းစွာဖြင့် သူ၏ တာအိုနှလုံးသားသည် ခိုင်မာပြီး သူ၏ ကျင့်ကြံမှုမှာ နက်ရှိုင်းသဖြင့် ရနံ့က သူ၏ စိတ်ဆန္ဒကို မတုန်လှုပ်စေနိုင်ခဲ့ချေ။

သို့မဟုတ်ပါက သူကိုယ်တိုင်ပင် အသိစိတ်လွတ်သွားမည်လားဆိုသည်ကို မည်သူကများ သိနိုင်မည်နည်း။

"တကယ်လို့ သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကသာ ဒီသစ်သီးကို လာတွေ့ခဲ့ရင် သူတို့တွေ လုံးဝကို ပြုစားခံရနိုင်တယ်။ လုံလောက်တဲ့ ခွန်အားသာ မရှိလို့ကတော့ ကံကောင်းခြင်းကတောင် ဘေးဒုက္ခအဖြစ် ပြောင်းလဲသွားနိုင်တယ်လေ"

လုချင်း၏ နှလုံးသားထဲတွင် သဘောပေါက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။ သူသည် သူ၏ တွေ့ရှိချက်များကို ရှောင်လီနှင့် ဝူရှင်းတို့အား ချက်ချင်း ပြောပြလိုက်ရာ နှစ်ဦးစလုံး အံ့အားသင့်သွားကြတော့သည်။

ဝူရှင်းသည် သူ၏ ဝိညာဉ်ချိတ်ဆက်ထားသော ဝိညာဉ်သားရဲ ဖြစ်သဖြင့် သဘာဝကျကျပင် ထိုကဲ့သို့သော ဆေးဖက်ဝင်လွှမ်းမိုးမှုများကို ခုခံနိုင်စွမ်း ရှိလေ၏။ သို့သော် ရှောင်လီမှာတော့ အနည်းငယ် မကျေမနပ်ဖြစ်နေလေ၏။

သူသည် သာမန် ဝိညာဉ်ဆေးပင်တစ်ပင်၏ လှည့်စားခြင်းကို ခံခဲ့ရသည်လော။

"အားချင်း၊ ဒီသစ်သီးပင်က တော်တော့်ကို ကောက်ကျစ်တာပဲ၊ ငါတို့ သူ့ကို ဖျက်ဆီးပစ်လိုက်ရင် မကောင်းဘူးလား" ရှောင်လီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ကျောက်ကမ်းပါးယံတွင် တွယ်ကပ်နေသော နဂါးသွေး သစ်သီးပင်သည် သူမ၏ စကားကို နားလည်သည့်အလား ခပ်ဖွဖွ တုန်ယင်သွားပုံရလေ၏။

"အဲ့လိုလုပ်ဖို့ မလိုပါဘူး" လုချင်းက ရယ်မောရင်း ပြောလိုက်သည်။ "သူက အလိုလိုသိစိတ်အရ လုပ်ခဲ့တာလေ။ ပြီးတော့ ငါတို့က သစ်သီးကို ယူပြီး အကျိုးအမြတ်လည်းရပြီးပြီပဲ။ ဒီဝိညာဉ်သစ်သီးက မင်းရော ဝူရှင်းအတွက်ပါ အများကြီး အသုံးဝင်လိမ့်မယ်။ အခု ငါတို့ အကျိုးအမြတ်ရပြီးပြီဆိုတော့ ဘာမှမလုပ်နဲ့တော့"

ရှောင်လီသည် လုချင်း၏စကားများကို သေချာတွေးတောလိုက်ပြီးနောက်၌ သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ၊ ဒီတစ်ခါတော့ သူ့ကို အလွတ်ပေးလိုက်မယ်"

မည်သို့ပင်ဖြစ်စေ ၎င်းသည် အမှန်တကယ် နစ်နာခဲ့ခြင်း မရှိပေ။ သူတို့သည် အဆင့်မြင့် သစ်သီးတစ်လုံးကိုပင် ရရှိခဲ့သေးပါ၏။ မည်သို့ပင်ဆိုစေ သူတို့သည် အကျိုးအမြတ်ရရှိခဲ့ပေသည်။

"ဒါပေမဲ့ ငါ သစ်ပင်ကို အလွတ်ပေးရင်တောင် ဒီသားရဲအလောင်းတွေက ငါ့ရဲ့ တိုက်ပွဲကနေရတဲ့ ဆုလာဘ်ပဲ။ ငါ အဲဒါတွေကိုတော့ သူ့ကို မပေးနိုင်ဘူးနော်"

ထိုသို့ပြောပြီးနောက် ရှောင်လီသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်ကြားအတွင်း လျင်မြန်စွာ လှုပ်ရှားသွားလေတော့သည်။ မကြာမီမှာတော့ ၎င်း ဂရုမစိုက်သော အဆင့်နိမ့် အလောင်းများမှလွဲ၍ ကျန်သည့်ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများ၏အလောင်းအားလုံးသည် လုချင်းပေးထားသော သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိသွားခဲ့ပြီပင်။

"ဟွန့်၊ အဲ့မြွေပုပ်က ဘာပဲဖြစ်နေနေ အသွေးအသားတွေကို သန့်စင်ရတာ ကြိုက်တာပဲ မဟုတ်ဘူးလား။ အဲ့သစ်ပင်ကို ပေးမယ့်အစား သူ့ကို ကျွေးလိုက်တာက ပိုကောင်းတယ်" ရှောင်လီက မကျေမနပ်ဖြင့် ပြောလိုက်၏။

"မင်းကတော့ တကယ်ပဲကွာ..." လုချင်းက ခါးသီးစွာ ပြုံးရင်း ခေါင်းခါလိုက်သည်။

သို့သော် သူ မကန့်ကွက်ခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ထိုအလောင်းများသည် အမှန်တကယ်ပင် ရှောင်လီ၏ တိုက်ပွဲမှ ရထားသည့် ဆုလာဘ်များ ဖြစ်၏။ ၎င်းတို့ကို ၎င်းစိတ်ကြိုက် စီမံပိုင်ခွင့်အပြည့်အဝ ရှိပေသည်။ ထို့အပြင် ရွှေအမြုတေအဆင့် သားရဲများ၏အလောင်းများမှာ တန်ဖိုးမရှိသည်တော့ မဟုတ်ပေ။

"ကောင်းပြီ၊ ငါတို့တွေ ဝိညာဉ်သစ်သီးကိုလည်း ရပြီဆိုတော့ သွားကြစို့"

ထို့နောက်၌ လုချင်းသည် တောင်ကြားအတွင်း ချထားသော ကျောက်စိမ်းမန္တန်များကို ပြန်လည်ရုတ်သိမ်းလိုက်ကာ ရှောင်လီ၊ ဝူရှင်းတို့နှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။

"အားချင်း၊ ဒီတောင်တန်းက ဒီလောက် အဆင့်မြင့်တဲ့ ဝိညာဉ်သစ်သီးတွေကို ထုတ်ပေးနိုင်တယ်ဆိုတော့ ငါတို့တွေ နည်းနည်းလောက် ထပ်ပြီး စူးစမ်းကြည့်ရင် မကောင်းဘူးလား။ တခြားရတနာတွေကို တွေ့ချင်တွေ့နိုင်တာပေါ့" ရှောင်လီက မျက်လုံးများ တောက်ပစွာဖြင့် အကြံပြုလိုက်၏။

လုချင်းသည် ခဏတာ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဘာဖြစ်လို့ မလုပ်ကြည့်ရမှာလဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့က အလျင်လိုနေတာမှ မဟုတ်တာ"

"တကယ်လို့ ထိပ်တန်းအဆင့် ဝိညာဉ်သစ်သီးနည်းနည်းလောက် ထပ်တွေ့ရင် ငါတို့တော့ သူဌေးဖြစ်ပြီပဲ။ ဟေး... မြွေပုပ်၊ ငါနဲ့ ဝေးဝေးနေစမ်း။ နင် အသွေးအသားတွေ လိုချင်တယ်မို့လား... အဲဒါက နင် ခုလတ်တလောမှာ လိမ္မာသလားဆိုတဲ့အပေါ်မှာ မူတည်တယ်နော်"

သူတို့၏ အသံများ အဝေးသို့ ပျောက်ကွယ်သွားသောအခါ တောင်ကြားသည် တိတ်ဆိတ်ခြင်း၏ လွှမ်းမိုးချယ်လှယ်ခြင်းကို ပြန်၍ခံလိုက်ရပြန်တော့သည်။ ပြန့်ကျဲနေသော သားရဲ အလောင်းများသာ ကျန်ရှိခဲ့ပြီး နဂါးသွေး သစ်သီးပင်မှာတော့ လေညင်းတစ်ချက်အဝှေ့တွင် ညင်သာစွာ ယိမ်းနွဲ့နေလေ၏။

…

ဝုန်း

နက်မှောင်သော ဂူကြီးတစ်ခု၏ နက်ရှိုင်းသော နေရာမှ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ပဲ့တင်ထပ်လာခဲ့ပြီးနောက် ထိတ်လန့်တကြားဖြစ်နေသော ပုံရိပ်အချို့သည် ၎င်း၏ အနက်ရှိုင်းဆုံး နေရာမှ အပြေးအလွှား ထွက်လာကြလေ၏။ သူတို့၏နောက်တွင် အနက်ရောင်ဓားချီတစ်ချက်က ဂူထဲမှ ပစ်ထွက်လာခဲ့သည်။

၎င်းသည် သူတို့ဆီမှ သီသီလေးလွဲချော်သွားပြီး ရှေ့ရှိ ကျောက်နံရံကို ဝင်တိုက်ကာ ကျောက်တုံးများအား ပြိုကျလာစေခဲ့တော့၏။ ထိုအခါတွင် ဧရာမ ကျောက်တုံးကြီးများ ရွာကျလာသဖြင့် သူတို့နောက်ရှိ လိုဏ်ခေါင်းကို အပြီးပင်ပိတ်ဆို့သွားစေခဲ့သည်။

"ငါ ရှင်းလိုက်မယ်" ထွက်ပြေးလာသော အဖွဲ့ထဲမှ တစ်ဦးဖြစ်သည့် ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးက အံကိုကြိတ်ကာ သူ၏ သိုလှောင်အိတ်ထဲမှ မန္တန်တစ်ခုကို ထုတ်ယူပြီး ရှေ့သို့ ပစ်ပေါက်လိုက်လေ၏။

နောက်အခိုက်အတန့်တွင်တော့ ထူထဲသော လျှပ်စီးကြောင်းတစ်ခု ပစ်ထွက်လာကာ သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့နေသော အပျက်အစီးများကို ဖျက်ဆီးပစ်လိုက်တော့သည်။

"ပြေးကြ"

ထို့နောက် သူသည် နောက်ထပ် မန္တန်လက်တစ်ဆုပ်စာခန့်ကို ထုတ်ယူလိုက်ပြီး အဆင့်မြင့်ရော အဆင့်နိမ့်ပါ ရောနှောလျက် သူ၏ နောက်ကျောသို့ မျက်စိစုံမှိတ် ပစ်ပေါက်လိုက်လေတော့၏။ ထိုသို့ဖြင့် သူသည် အခြားသူများကို ဦးဆောင်ကာ အသည်းအသန်ပြေးကြတော့သည်။

သူတို့သည် မီတာအနည်းငယ်မျှသာ ရှေ့သို့ ရောက်ရှိသေးချိန်တွင် သူတို့၏ နောက်ကွယ်မှ နားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပါ၏။ သူ ပစ်ပေါက်ခဲ့သော မန္တန်အားလုံးသည် သူ၏ ဝိညာဉ်အာရုံကြောင့် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားခဲ့ခြင်းပင်။

ပေါက်ကွဲမှုများ၏ ကြီးမားလှသော စွမ်းအားကြောင့် လိုဏ်ခေါင်းတစ်ခုလုံး ပြိုကျသွားခဲ့ရပါ၏။ ထိုမျှတင်မကဘဲ သူတို့ ရှေ့ရှိ အစိတ်အပိုင်းပင်လျှင် တုန်ခါလာခဲ့၏။

"မြန်မြန်"

၎င်းကို မြင်သောအခါ၌ လူတိုင်းသည် သူတို့၏ ရွေ့လျားမှု နည်းစနစ်များကို အစွမ်းကုန် အသုံးပြုလိုက်ကြပြီး ဂူကြီး သူတို့နောက်တွင် ပြိုကျမလာမီ ကပ်သီလေး လွတ်မြောက်သွားကြတော့သည်။

သူတို့ နေ့အလင်းရောင်ထဲသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အတွင်းမှ နောက်ထပ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအချိန်တွင် ဂူကြီးတစ်ခုလုံး ပြိုကျသွားပြီပင်။

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများကို ကျဉ်းလိုက်၏။

သူသည် သူ၏ အိတ်ထဲမှ နောက်ထပ် မန္တန်အနည်းငယ်ကို လျင်မြန်စွာ ထုတ်ယူလိုက်၏။ ဝိညာဉ်စွမ်းအားများ ထည့်သွင်းကာ ၎င်းတို့ကို ပတ်ဝန်းကျင်ရှိ ကျောက်တုံးများဆီသို့ ပစ်လွှတ်လိုက်ပြီး ဂူအဝင်ဝကို ခိုင်ခံ့စေရန်နှင့် လုံးဝ ပိတ်ဆို့ရန် ကျောက်ကမ်းပါးယံတွင် မြှုပ်နှံလိုက်လေသည်။

"ဆရာတူအစ်ကိုမု၊ အဲ့မိစ္ဆာ အထဲမှာ ပိတ်မိသွားပြီလားဟင်" ငယ်ရွယ်သော မိန်းကလေးတစ်ဦးက မေးလိုက်သည်။ သူမ၏ မျက်နှာသည် ထိုအဖြစ်အပျက်ကြောင့် ဖြူဖျော့နေဆဲပင်။

"ပြောရခက်တယ်၊ အဲဒီမိစ္ဆာရဲ့ ကျင့်ကြံဆင့်က ကြောက်စရာကောင်းတယ်။ လမ်းကြောင်းကို ပိတ်ဆို့ဖို့ ငါ့ရဲ့ ဝင်္ကပါရှိရင်တောင် ဂူက သူ့ကို အကြာကြီး ထိန်းထားနိုင်မယ် မထင်ဘူး" ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်က ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"ဖြောင့်မတ်တဲ့ ကျင့်ကြံသူတစ်ယောက်လို အမြဲဟန်ဆောင်နေတဲ့ လီမော့ထျန်းက မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းနေတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူကများ ထင်မှာလဲ။ သူ့ကို အစ်ကိုလို့ ခေါ်ခဲ့မိတာ တော်တော်နောင်တရမိတယ်။ ငါတို့တွေ မျက်စိကန်းခဲ့တာပဲ" အခြားလူငယ်တစ်ဦးက ဒေါသတကြီး ကျိန်ဆဲလိုက်၏။

"ဟုတ်တယ်။ အဲဒီရှေးဟောင်းအပျက်အစီးကို စူးစမ်းဖို့ သူပဲ အကြံပေးခဲ့တာလေ။ အစကတည်းက ထောင်ချောက်ဆင်ထားတာ။ ချိတ်ပိတ်ထားတာကို ချိုးဖျက်ပြီးတာနဲ့ သူက ကျွန်တော်တို့အားလုံးကို သတ်ဖို့ စီစဉ်ထားတာ။ ဆရာတူအစ်မယဲ့က သူ့အသက်ကို ပေးပြီးတော့သာ တားမထားခဲ့ရင် ကျွန်တော်တို့ လွတ်လာမှာ မဟုတ်ဘူး"

"ဆရာတူအစ်မယဲ့တော့ ဘာဖြစ်နေပြီလဲမသိဘူး..."

ထိုစကားကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြ၏။ သူမသည် သူတို့အတွက် အချိန်ဆွဲပေးရန် နောက်တွင် ကျန်ရစ်ခဲ့စဉ်ကတည်းက ဆရာတူအစ်မယဲ့သည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက်သွင်းပြီး သူမ၏ရွှေအမြုတေအား လောင်ကျွမ်းစေခဲ့ပြီ ဖြစ်သည်။

သို့တိုင်အောင် ထိုမိစ္ဆာမှာ အချိန်တိုအတွင်း သူတို့ကို မီလာခဲ့၏။ ရလဒ်က ထင်ရှားလှပေသည်။ သူမ၏ အသက်ရှင်နိုင်ခြေမှာ လုံးဝ မရှိသလောက်ပင်ဖြစ်တော့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ဂိုဏ်းကို ချက်ချင်း ပြန်သွားပြီးတော့ ဒီအကြောင်းကို သတင်းပို့ရမယ်။ လီမော့ထျန်းက ချီခွန်းဂိုဏ်းရဲ့ အတွင်းစည်း တပည့်ရင်းတစ်ယောက် ဖြစ်ပြီးတော့ မိစ္ဆာမျိုးနွယ်စုနဲ့ လျှို့ဝှက်ပူးပေါင်းနေတယ်လေ။ ဒီကိစ္စက အရမ်းကို အလေးအနက်ထားရမယ့်ကိစ္စပဲ။ အမြစ်တောင်တွယ်နေလောက်ပြီ။ ဂိုဏ်းကို ချက်ချင်း သတိပေးမှရမယ်" ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်က လေးနက်စွာ ပြောလိုက်သည်။

ထိုစဉ်မှာပင် သူတို့၏ နောက်ကွယ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား။ မင်းတို့က လွတ်မယ်လို့ တကယ်ကြီး ထင်နေတာလား။ အဲ့သောက်ရူးမက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား"

အသံက နီးကပ်လွန်းလှသည်။ အရမ်းကိုမှ နီးကပ်လွန်းနေပါ၏။ ၎င်းသည် ပိတ်ဆို့ထားသော ဂူအဝင်ဝ၏ နောက်ကွယ်မှ တည့်တည့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဝင်ဝကို လုံးဝ ပိတ်ဆို့ထားသော ကျောက်တုံးများသည် အရည်ပျော်ကျလာပြီးနောက်၌ ဟာလာဟင်းလင်း အပေါက်ကြီးတစ်ခု ပေါ်လာသည်ကို သူတို့အားလုံး ထိတ်လန့်တကြား မြင်လိုက်ရ၏။

အနက်ရောင် မီးတောက်များ ရစ်ပတ်ထားသော ပုံရိပ်တစ်ခုသည် အတွင်းမှ ဝဲပျံထွက်လာခဲ့၏။ သူ၏ လက်ထဲတွင်တော့ ဆံပင်တွေဖရိုဖရဲဖြစ်နေသည့် အမျိုးသမီးတစ်ဦးကို ကိုင်ဆောင်ထားလေသည်။

"ဆရာတူအစ်မယဲ့" သူ့လက်ထဲရှိ အမျိုးသမီးကို မှတ်မိသွားသောအခါ မိန်းကလေးငယ်နှင့် အခြားသူများသည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့သည်။

သို့သော် သူမ၏ ခြေလက်များမှာတော့ သဘာဝမကျသော ပုံစံများဖြင့် လိမ်ကောက်လျက် တွဲလောင်းကျနေပြီး သေသလား ရှင်သလားကိုပင် မသိရသေးချေ။ တုံ့ပြန်နိုင်စွမ်း မရှိတော့။

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်ပင်လျှင် လုံးဝ အံ့အားသင့်နေပုံရ၏။ "မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ် ဒီလောက် မြန်မြန် လွတ်လာရတာလဲ"

သူသည် ထိုဂူထဲသို့ မန္တန်ဒါဇင်ပေါင်းများစွာကို ပစ်သွင်းခဲ့သည်။ အချို့မှာ ချိတ်ပိတ်ခြင်းဂုဏ်သတ္တိများပင် ပါဝင်သေးပါ၏။ ထို့အပြင် အဝင်ဝကို ဝင်္ကပါတစ်ခုဖြင့်ပင် လွှမ်းခြုံထားခဲ့သေးသည်ပင်။

ထို့ကြောင့် ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးပင်လျှင် ဤမျှ အမြန် မဖောက်ထွက်နိုင်သင့်ပေ။

သို့ပေမယ့် လီမော့ထျန်းကတော့ ရွှေအမြုတေ တတိယ အသွင်ပြောင်းလဲခြင်းအဆင့်တွင်သာ ရှိသေးသည်။ နောက်ဆုံးအဆင့်တောင် မဟုတ်သေးချေ။ သူ၏ စွမ်းအားကို ဖုံးကွယ်ထားခဲ့လျှင်တောင်မှ ဤမျှလောက်အထိ အမြန်လွတ်မြောက်ရန် လုံလောက်မည် မဟုတ်ပေ။

ဒါမှမဟုတ်...

သူ၏ မျက်နှာသည် မည်းမှောင်သွား၏။ "မင်း အပျက်အစီးထဲကနေ တစ်ခုခု ရလိုက်တာလား"

"အမှန်ပဲ" အနက်ရောင် မီးတောက်များ ဖုံးလွှမ်းထားသော ပုံရိပ်က တမင်တကာ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ "တကယ်တော့ ငါ မင်းတို့ကို ကျေးဇူးတင်ရမယ်။ မင်းတို့ရဲ့ အကူအညီသာ မပါရင် ငါ အဲ့ဒီချိတ်ပိတ်ထားတာကြီးကိုလည်း လွယ်လွယ်လေး ချိုးဖျက်နိုင်မှာ မဟုတ်ဘူးလေ။ အတွင်းက ရတနာကိုလည်း ရနိုင်မှာ မဟုတ်ဘူး"

"လီမော့ထျန်း၊ မင်းက ချီခွန်းဂိုဏ်းရဲ့ အတွင်းစည်း တပည့်ရင်းတစ်ယောက်၊ ငါတို့ဂိုဏ်းက မင်းကို ပြုစုပျိုးထောင်ပေးထားတာလေ။ အဲဒါကိုတောင် မင်းက ငါတို့ကို သစ္စာဖောက်ပြီးတော့ မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းတယ်ပေါ့လေ။ မင်းမှာ အရှက်မရှိဘူးလား။ မင်းက မင်းရဲ့ ဘိုးဘေးတွေကို အရှက်ခွဲတာပဲ" ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဂိုဏ်းက ပြုစုပျိုးထောင်ပေးထားတယ် ဟုတ်လား" လီမော့ထျန်းက ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား နှာခေါင်းရှုံ့လိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။

ထိုရူးသွပ်သော အသံကြောင့် လူတိုင်း ဖြူဖျော့သွားကြတော့၏။

"ဘာရယ်စရာရှိလို့လဲ"

"ဘာရယ်စရာရှိလို့လဲ ဟုတ်လား" လီမော့ထျန်းသည် ရုတ်တရက် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးများက အေးစက်သွား၏။ "ကျိရှောင်၊ ငါ ချီခွန်းဂိုဏ်းထဲကို ဘယ်လို ဝင်လာလဲ မင်း သိလား"

"အကြီးအကဲဝမ်က မင်းကို ဂိုဏ်းထဲ ခေါ်လာတာလေ"

"မှန်တယ်၊ အကြီးအကဲဝမ်က ငါ့ကို ခေါ်လာတာ။ ဒါပေမဲ့ အဲဒီမတိုင်ခင်က ငါက ဘယ်သူလဲ၊ ငါ ဘယ်ကလာလဲဆိုတာ မင်း သိလား"

ကျိရှောင် ဘာပြောရမှန်း မသိတော့ပေ။ သူ့ထံ၌ အဖြေမရှိ။

အခြားသူများ၏ အမူအရာများကလည်း ပြောင်းလဲသွား၏။ ယခုအချိန်တွင်မှ သူတို့ သဘောပေါက်သွားသည်။ လီမော့ထျန်းကို နှစ်ပေါင်းများစွာ သိလာခဲ့သော်လည်း ဂိုဏ်းထဲ မဝင်ခင်က သူ၏အတိတ်အကြောင်းကိုတော့ သူတို့ ဘာမှ မသိကြချေ။

သူကလည်း တစ်ခါမျှ မပြောခဲ့ဖူးပေ။

"မင်းတို့ မသိဘူး မဟုတ်လား။ ဒါဆို ငါ ပြောပြမယ်။ ငါ့မိသားစုက... မင်းတို့ရဲ့ ဖြောင့်မတ်တဲ့ ဂိုဏ်းတွေဆိုတဲ့ အတွင်းရေးစစ်ပွဲတစ်ခုမှာ အကုန် သတ်ဖြတ်ခံလိုက်ရတာ။ သူတို့ရဲ့ သေးငယ်တဲ့ ရန်ငြိုးတွေကြောင့် ငါ့ရွာတစ်ရွာလုံး ဖျက်ဆီးခံလိုက်ရတာလေ။ လူတိုင်း သေကုန်ကြတယ်။ ငါ့မိဘတွေ အပါအဝင်ပေါ့။ ငါ အသက်ရှင်နေတာက အဲဒီနေ့က ကစားဖို့ မတော်တဆ ခိုးထွက်သွားလို့ပဲ။ မဟုတ်ရင် သူတို့နဲ့တူတူ ငါလည်း သေမှာပဲ။ ပြီးတော့ ငါ့အိမ်ကို ဖျက်ဆီးခဲ့တဲ့ အဲဒီခွေးကောင်နှစ်ကောင်ကျ အပြစ်ပေးမခံရဘူး။ အသက်ရှင်နေတုံးပဲ။ လွတ်လပ်နေတုံးပဲလေ။ သူတို့တွေ သာသာယာယာဖြစ်နေချိန်မှာပဲ ငါကတော့ မိဘမဲ့တစ်ယောက် ဖြစ်သွားရတယ်။ အစားအစာအတွက် တောင်းစားရတယ်၊ တောထဲမှာ ငတ်သေလုမတတ် ဖြစ်ခဲ့ရတာ အခေါက်ပေါင်းမနည်းဘူး"

လီမော့ထျန်း၏ မျက်လုံးများထဲရှိ အမုန်းတရားများကို မြင်သောအခါ ကျိရှောင်နှင့် အခြားသူများမှာ စကားမပြောနိုင်ဖြစ်သွားကြတော့သည်။

အမြဲတမ်း ပြုံးရွှင်ပြီး တက်ကြွနေတတ်သော ရွှင်လန်းပုံရသည့် ဤဆရာတူညီအစ်ကိုသည် ဤမျှလောက်အထိ ဆင်းရဲဒုက္ခရောက်ခဲ့သောအတိတ်တစ်ခု ရှိခဲ့သည်ကို သူတို့ တစ်ခါမျှ မသိခဲ့ကြချေ။

သို့သော် ကျိရှောင်မှာ သူ့စိတ်ကို အလျင်အမြန် ပြန်လည်စုစည်းလိုက်၏။

"အဲဒီလိုဆိုရင်တောင် အဲဒီအတိတ်က မင်းရဲ့ သစ္စာဖောက်မှုကို အကြောင်းပြချက် မဖြစ်စေဘူးလေ။ မင်း အခု ခံစားနေရတဲ့ ကျင့်ကြံမှုနဲ့ အဆင့်အတန်းက ဂိုဏ်းရဲ့ လမ်းညွှန်မှုကြောင့်ပဲ"

"ဂိုဏ်းရဲ့ လမ်းညွှန်မှု ဟုတ်လား" လီမော့ထျန်းက ထပ်မံ နှာခေါင်းရှုံ့လိုက်ပြန်သည်။ "ငါ့မိသားစုကို သတ်ပြီး ငါ့ရွာကို ဖျက်ဆီးခဲ့တဲ့ အဲဒီလူနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ မင်း သိလား"

"ဘယ်သူတွေလဲ" မကောင်းသော ခံစားချက်တစ်ခုက ကျိရှောင်၏နှလုံးသားကို ဖမ်းဆုပ်သွား၏။

ထို့နောက် လီမော့ထျန်း၏ မျက်နှာသည် အဆုံးမရှိသော အမုန်းတရားများဖြင့် ပုံပျက်သွားသည်ကို သူ မြင်လိုက်ရတော့သည်။

"အဲဒါက တပည့်ရင်းတွေအားလုံးရဲ့ ထိပ်ဆုံးမှာရှိတဲ့၊ ဂိုဏ်းတစ်ခုလုံးက အားကျရတဲ့၊ ပြီးတော့ ဂိုဏ်းချုပ်ရဲ့ သားအရင်းဖြစ်တဲ့ မင်းတို့ရဲ့ ချစ်လှစွာသော ဆရာတူအစ်ကို... ချန်းလင်းရှောင်ပဲ"

"မဖြစ်နိုင်တာ" ကျိရှောင်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

……..

အခန်း ၅၆၀ - ရန်ငြိုး၊ အမှတ်မထင်ဆုံတွေ့ခြင်း၊ ဝိညာဉ်မြိုဆွဲ မိစ္ဆာမီးတောက်

"မဖြစ်နိုင်တာ ဆရာတူအစ်ကိုကြီးက အဲ့လိုမျိုး လုပ်စရာအကြောင်း လုံးဝမရှိဘူး"

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက လီမော့ထျန်း၏ စကားကို ကြားကြားချင်းမှာပင် ဗြုန်းခနဲ အော်ဟစ်လိုက်လေ၏။ အခြားသူများကလည်း မယုံကြည်နိုင်သော မျက်နှာထားများ ရှိနေကြသည်။

အထူးသဖြင့် မိန်းမပျိုလေးမှာ ဒေါသတကြီးဖြင့် ဝင်ရောက်အော်ဟစ်တော့သည်။ "နင့်ဟာက သက်သက် စွပ်စွဲနေတာပဲ။ ဆရာတူအစ်ကိုကြီးက သာမန်လူတွေကို ဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်ပါ့မလား"

"မဖြစ်နိုင်ဘူး ဟုတ်လား" လီမော့ထျန်းက အေးစက်စက် လှောင်ပြုံးပြုံးလိုက်၏။ "မင်းတို့တွေ ငါ့ကို မယုံဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ငါကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာကွ။ ချန်လင်းရှောင်နဲ့ ကုန်းရှု မျိုးနွယ်စုရဲ့ အမွေဆက်ခံသူ ကုန်းရှုကျန်းတို့က သူတို့ရဲ့ တာအိုသိုင်းပညာတွေကို ယှဉ်ပြိုင်ဖို့ တိုက်ခိုက်နေခဲ့ကြတာ။ သူတို့တိုက်ခိုက်မှုကနေ ထွက်ပေါ်လာတဲ့ ဂယက်ရိုက်ခတ်မှုသက်သက်နဲ့တင် ငါ့မွေးရပ်မြေတစ်ခုလုံး မြေကြီးနဲ့တစ်ပြေးတည်း ဖြစ်သွားခဲ့ရတယ်။ ရွာသားတစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ဘူး။ ချန်လင်းရှောင်နဲ့ ကုန်းရှုကျန်းတို့ ပြာကျသွားခဲ့ရင်တောင် သူတို့ရဲ့ မျက်နှာတွေကို ငါသေချာပေါက် မှတ်မိနေဦးမှာပဲ"

ဆရာတူအစ်ကိုကြီးနဲ့ ကုန်းရှုကျန်းတဲ့လား။

ထိုနာမည်များကို ကြားလိုက်ရသည့်အခါ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြတော့သည်။ အကြောင်းမှာ ကုန်းရှု မျိုးနွယ်စု၏ တာအိုဆက်ခံသူ ကုန်းရှုကျန်းသည် ဆရာတူအစ်ကိုကြီးနှင့် အလွန်ပင် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းကို သူတို့ ကောင်းကောင်းကြီး သိထားကြသောကြောင့် ဖြစ်လေ၏။ ထိုသူနှစ်ဦးသည် တိုက်ပွဲမှတစ်ဆင့် မိတ်ဆွေများဖြစ်လာခဲ့ကြပြီး နောက်ဆုံးတွင် ရင်ဘတ်ချင်းနီးသည့် အချစ်ဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်ဟု ဆိုကြသည်။ သူတို့ကိုယ်တိုင်ပင်လျှင် ကုန်းရှုကျန်းက ဆရာတူအစ်ကိုကြီးထံသို့ တစ်ကြိမ်မက လာရောက်လည်ပတ်ခဲ့သည်ကို မြင်တွေ့ခဲ့ဖူးကြပေသည်။

မည်သို့ပင်ဆိုစေကာမူ အမြဲတမ်း နူးညံ့သိမ်မွေ့ကာ မွန်မြတ်သော လူကုံထံသခင်လေးတစ်ပါးကဲ့သို့ ပြုမူတတ်သည့် ဆရာတူအစ်ကိုကြီးသည် ဤမျှလောက်ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့သည်ဆိုခြင်းကို သူတို့တွေ ယုံကြည်ရန် အတော်လေးကို ခဲယဉ်းနေဆဲပင်။

ကုန်းရှုကျန်းသည်လည်း မွန်မြတ်သော မျိုးနွယ်စုများ၏ လူငယ်မျိုးဆက်များကြားတွင် နာမည်ကျော်ကြားသည့် မျိုးဆက်တစ်ဦးဖြစ်သည်။ သူသည်လည်း သာမန်ပြည်သူများကို အကြောင်းမဲ့သက်သက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မည့်သူတစ်ယောက်နှင့် လုံးဝမတူပေ။

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက ချက်ချင်းပင် စောဒကတက်လာ၏။ "ဆရာတူအစ်ကိုကြီးနဲ့ ကုန်းရှုကျန်းတို့ မင်းရဲ့မွေးရပ်မြေကို ဖျက်ဆီးခဲ့တာကို မြင်ခဲ့တယ်လို့ မင်း ပြောတယ်နော်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းက ကလေးလေးပဲ ရှိသေးတယ်လို့လည်း ပြောသေးတယ်။ သူတို့ရဲ့ အာရုံခံနိုင်စွမ်းကနေ ဘယ်လိုလုပ်ပြီး မင်း လွတ်လာနိုင်ခဲ့တာလဲ"

"မင်းတို့ရဲ့ ဆရာတူအစ်ကိုကြီးက ငါတို့လို သာမန်လူတွေကို ပုရွက်ဆိတ်တွေလောက်တောင် ဂရုစိုက်ဖို့မတန်ဘူးလို့ တွေးခဲ့လို့နေမှာပေါ့" လီမော့ထျန်းက ခါးသီးသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်လေသည်။ "တစ်ယောက်က ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အဓိကတပည့်၊ နောက်တစ်ယောက်ကတော့ အဆင့်မြင့်မျိုးနွယ်စုကြီး ၃၆ခုထဲက တစ်ခုရဲ့ တာအိုဆက်ခံသူလေ။ အဲဒီအချိန်တုန်းက ကျင့်စဉ်အဆင့်အရပဲဖြစ်ဖြစ်၊ ဂုဏ်ပုဒ်အရပဲဖြစ်ဖြစ် သူတို့က ထျန်းယွမ်ကမ္ဘာလောကကြီးရဲ့ အမြင့်ဆုံးထိပ်သီးနေရာမှာ ရှိနေခဲ့ကြတာ။ ကိုယ်တိုင်ကိုယ်ကျ သတ်ဖို့တောင် မတန်တဲ့ ပိုးကောင်လေးတစ်ကောင်ဖြစ်တဲ့ ငါ့ကို သူတို့က ဘာကိစ္စနဲ့ အချိန်ကုန်ခံပြီး လိုက်သတ်နေမှာလဲ"

"အဲဒီလိုဆိုရင်တော့ ရှင်ပြောသမျှအားလုံးက ရှင့်ဘက်က တစ်ဖက်သတ်စကားတွေချည်းပဲ။ ဘာသက်သေမှလည်း မရှိသလို၊ အမှန်တရားဟုတ်၊ မဟုတ် အတည်ပြုနိုင်မယ့် နည်းလမ်းလည်း မရှိဘူး။ ရှင်က ဆရာတူအစ်ကိုကြီးကို နာမည်ဖျက်နေတာပဲ" မိန်းမပျိုလေးက ချက်ချင်းပင် တုံ့ပြန်လိုက်တော့သည်။

"ဟုတ်တယ် ဆရာတူအစ်ကိုကြီးရဲ့ စရိုက်နဲ့ဆိုရင် သူက အဲ့လိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ မင်းကျတော့ မိစ္ဆာမျိုးနွယ်စုထဲဝင်ပြီး မိစ္ဆာသိုင်းတွေကို ကျင့်ကြံနေတဲ့သူလေ။ မင်းရဲ့စကားတွေက ငါတို့ကြားထဲ သွေးကွဲအောင် တမင်သက်သက် ရည်ရွယ်ပြီး ပြောနေတာ သေချာတယ်။ ငါတို့ကတော့ အရူးလုပ်ခံမှာ မဟုတ်ဘူးကွ" အခြားလူငယ်တစ်ဦးကလည်း ဝင်ရောက်အော်ဟစ်လိုက်လေ၏။

"မင်းတို့စိတ်ကြိုက် ထင်ချင်ရာထင်နိုင်တယ်။ ငါက စွပ်စွဲတယ်လို့ပဲ မှတ်လိုက်ကြပေါ့။"

လီမော့ထျန်းက သူတို့၏ တုံ့ပြန်မှုများကို အနည်းငယ်မျှပင် အံ့ဩသွားပုံမရချေ။ ချန်လင်းရှောင်၏ ဟန်ဆောင်မှုသည် အလွန်ကိုမှ ပြီးပြည့်စုံလွန်းလှပါ၏။

အကယ်၍ သူကိုယ်တိုင်သာ ထိုတိရစ္ဆာန်၏ လုပ်ရပ်များကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရလျှင်...

ဤမျှလောက် အပြင်ပန်းအားဖြင့် မွန်မြတ်ပုံပေါက်နေသူတစ်ဦးသည် တကယ်တမ်း၌ လူ့အရေခွံခြုံထားသော မိစ္ဆာတစ်ကောင်ဖြစ်နေမည်ဟု သူ့အနေဖြင့်လည်း ယုံကြည်နိုင်မည်မဟုတ်ပေ။

ထိုမျှမက ထိုလူသည် ဂိုဏ်းချုပ်၏သား၊ ချန်းခွန်းဂိုဏ်း၏ အတွင်းစည်း အဓိကတပည့်တစ်ဦးဖြစ်ကာ နှစ်ပေါင်းနှစ်ရာအတွင်း သန္ဓေသားဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးလည်း ဖြစ်နေသေး၏။ ထို့ကြောင့် သူ မည်မျှပင် ရှင်းပြနေစေကာမူ ဤကဲ့သို့သော သူတစ်ဦးသည် ဤမျှလောက် ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာတစ်ကောင် ဖြစ်နိုင်လိမ့်မည်ဟု မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။

"ငါ ဒီအကြောင်းတွေကို ပြောပြနေတာက မင်းတို့ကို ယုံကြည်လာအောင်လို့ မဟုတ်ဘူး။ ငါတို့က တစ်ချိန်တုန်းက ဆရာတူတပည့်တွေ ဖြစ်ခဲ့ဖူးတဲ့အတွက် မင်းတို့ကို ရှုပ်ထွေးပြီး နာကြည်းနေတဲ့ ဝိညာဉ်တွေအဖြစ် သေဆုံးသွားရမယ့်အစား ရှင်းရှင်းလင်းလင်းနဲ့ သေစေချင်လို့ ပြောပြနေရုံသက်သက်ပဲ။"

"ဒုက္ခပဲ"

လီမော့ထျန်း၏ ပိုပြီး အေးစက်လာသော လေသံကို ကြားလိုက်ရသည့်အခါ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ နှလုံးသားထဲတွင် ရုတ်တရက် အေးစက်သော အကြောက်တရားတစ်ခု လွှမ်းမိုးသွားတော့သည်။ သူတို့၏ အသက်ရှင်သန်ရေးအတွက် အသေအလဲ တိုက်ခိုက်ရတော့မည့် အချိန်ရောက်လာပြီဆိုသည်ကို သူသိလိုက်လေ၏။

ထို့ကြောင့် သူသည် တွန့်ဆုတ်နေခြင်း အလျဉ်းမရှိဘဲ သူ၏ဒျန်ထျန်ထဲမှ ခရမ်းရောင်အဆောင်တစ်ခုကို ထုတ်လိုက်တော့သည်။

ထိုအဆောင်ကို စိတ်ဖြင့် လှုံ့ဆော်လိုက်သည်နှင့်တစ်ပြိုင်နက် အဆောင်ပြားသည် သူ၏ အရပ်တစ်ဝက်ခန့်အထိ လျင်မြန်စွာ ကြီးမားလာကာ လျှပ်စီးကြောင်းများ တဖျပ်ဖျပ် လက်လာပြီး ကြီးမားလှသော စွမ်းအားများကို ဖြာထွက်လာစေသည်။ လီမော့ထျန်း ပေါ်လာကတည်းက သူတို့အပေါ် ဖိနှိပ်ထားသည့် လွှမ်းမိုးမှုအရှိန်အဝါကြီးမှာလည်း ချက်ချင်းပင် လွင့်စင်သွားတော့၏။

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက အော်ဟစ်လိုက်သည်။ "ပြေးကြ သူ့ကို ငါတားထားမယ်"

"မူလမွေးရာပါအဆောင်လား"

လီမော့ထျန်းက ခရမ်းရောင် လျှပ်စီးအဆောင်ကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာတော့ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပေ။ "ဒီအဆင့်မြင့် မူလမွေးရာပါအဆောင်က တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ။ ကံမကောင်းတာက မင်းရဲ့ ကျင့်စဉ်အဆင့်က ဒီအဆောင်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်လောက်တဲ့အထိ မနက်ရှိုင်းသေးဘူးဖြစ်နေတယ်လေ။ မင်း ငါ့ကို တားနိုင်မှာ မဟုတ်သေးဘူး။"

သို့သော် ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက သူ့အား လျစ်လျူရှုကာ ထပ်မံအော်ဟစ်လိုက်ပြန်၏။ "သွားကြတော့၊ အခုချက်ချင်း"

သူ၏ လက်သင်္ကေတ တစ်ချက်အပြောင်းတွင် မိုးကြိုးလျှပ်စီးတန်းများက လီမော့ထျန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေတော့သည်။

ဝုန်း

ဖုန်မှုန့်များနှင့် မီးခိုးငွေ့များက ကောင်းကင်ယံတစ်ခွင် လွင့်ပျံ့သွားတော့၏။

...

"ထူးဆန်းတယ်... အားချင်း၊ ဒီတောင်တန်းထဲမှာ ရတနာတွေ ဘာမှမကျန်တော့ဘူးလို့ ခံစားနေရတယ်။"

သစ်တောထူထပ်သော တောင်တန်းဒေသတစ်ခုတွင် လုချင်း၏ ပခုံးပေါ်၌ ရပ်နေသော ရှောင်လီက စိတ်ရှုပ်ထွေးနေသည့် လေသံဖြင့် ပြောလာလေသည်။

"ဒါပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ငါတို့ ဒီတောင်တန်းတစ်ခုလုံးကို နှံ့နေအောင် ရှာပြီးသွားပြီပဲ။ မင်းလည်း ရှိသမျှရတနာတွေ အကုန်လုံးကို အနံ့ခံပြီး ရှာတွေ့သွားလောက်ပြီ။ အဲဒီတော့ ရှောင်လီရေ ငါတို့တွေ တခြားနေရာကို ဆက်သွားဖို့ အချိန်တန်ပြီထင်တယ်။" လုချင်းက အနည်းငယ် အကူအညီမဲ့နေသည့် လေသံဖြင့် ပြန်ဖြေလိုက်၏။

ထို နဂါးသွေး သစ်သီးကို ရှာတွေ့ခဲ့ပြီးကတည်းက ရှောင်လီသည် ရှင်းပြ၍မရနိုင်လောက်အောင်ပင် ရတနာရှာဖွေခြင်းအပေါ် စွဲလမ်းသွားခဲ့တော့သည်။ မူလဗီဇတစ်ခုခု နိုးကြားလာသကဲ့သို့ပင် သူမက လုချင်းအား တောင်တန်းများတစ်လျှောက် ဆွဲခေါ်ကာ နေရာအနှံ့ အပေါက်အိုအပေါက်ကြားမကျန် လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်လေ၏။ ကံကောင်းထောက်မစွာဖြင့် အနီးအနားတွင် သန္ဓေသားဝိညာဉ်အဆင့်ရှိသည့် သက်ရှိများ မရှိနေသောကြောင့်သာ တော်သေးသည်။

ထိုသို့သာမဟုတ်ပါက သူတို့၏ ကမောက်ကမလုပ်ရပ်များမှာ ကြီးမားသော ပြဿနာများကို ဖန်တီးမိလျက်သား ဖြစ်သွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူတို့သည် အတော်လေးကို အကျိုးအမြတ် များခဲ့ကြသည်။ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ဝိညာဉ်ဆေးမြစ်များကိုတောင် ရှာတွေ့ခဲ့ကြပါ၏။ ထို့ပြင် ရွှေအမြုတေအဆင့် နှောင်းပိုင်းသို့ ရောက်ရှိထားသည့် ကျင့်ကြံသူတစ်ဦး၏ ဖုံးကွယ်ထားသော လိုဏ်ဂူကိုပင် အမှတ်မထင် ရှာတွေ့ခဲ့ပြီး ထိုအထဲမှ တန်ဖိုးရှိသော ရတနာအချို့ကိုပင် ရယူနိုင်ခဲ့ကြသေးသည်။

သို့သော် ပြီးခဲ့သည့်နှစ်ရက်အတွင်း သူတို့အနေဖြင့် အသစ်အဆန်းဟူ၍ ဘာကိုမျှ အာရုံမခံမိတော့ပေ။

ဤနယ်မြေအတွင်းရှိ အဆင့်မြင့် ရတနာအားလုံးနီးပါးကို သူတို့ ရှင်းလင်းပြီးသွားခဲ့ပြီဟု ထင်ရလေသည်။

"မင်းပြောတာ မှန်တဲ့ပုံပဲ။ တခြားနေရာတွေကို ရောက်တဲ့အခါကျမှပဲ ထပ်ရှာကြတာပေါ့။" ရှောင်လီက နှမြောတသဖြစ်နေသည့် လေသံလေးဖြင့် ပြောလိုက်သည်။

"မှန်တာပေါ့။ ဒီတောင်တန်းက ထျန်းယွမ်ကမ္ဘာလောကကြီးမှာ ဘာမှထူးခြားတဲ့ နေရာမဟုတ်ဘူးလေ။ နာမည်ကြီးတဲ့ တောင်တန်းတွေနဲ့ မြစ်ကြီးတွေဆီ ရောက်သွားရင် ငါတို့တွေ သေချာလေး ရတနာရှာလို့ရပြီလေ" လုချင်းက ချက်ချင်းပြန်ဖြေလိုက်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်တော့သည်။

ဤကောင်လေး၏ ရုတ်တရက် ရတနာရှာဖွေချင်နေသည့် ရူးသွပ်မှုကြီးမှာ နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့လေပြီပင်။

ဝူရှင်းနှင့်ပတ်သက်၍မူ ထိုကောင်လေးသည် ရှက်စရာကောင်းလောက်အောင် မြှောက်ပင့်ပြောဆိုမှုများ ပြုလုပ်ပြီးနောက်တွင် လွန်ခဲ့သော နှစ်ရက်ခန့်ကပဲ ရှောင်လီထံမှ ရွှေအမြုတေအဆင့် ဝိညာဉ်သားရဲ အသေကောင်တစ်ခုကို ရရှိသွားခဲ့လေသည်။ ယခုတော့ သူသည် ကောင်းကင်နှင့်မြေကြီး ချီအိတ်အတွင်း၌ ထိုအရာကို ဖြည်းဖြည်းချင်း အစာချေဖျက်နေလေ၏။

ဝုန်း

လုချင်းသည် ရှောင်လီနှင့်အတူ တောင်တန်းမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အရှေ့ဘက်ဆီမှ အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

"ဒါက လူသားကျင့်ကြံသူတွေရဲ့ စွမ်းအင်ပဲ၊ အရှေ့မှာ တစ်ယောက်ယောက်များ တိုက်ခိုက်နေကြတာလား"

လုချင်းသည် အနည်းငယ် အံ့အားသင့်သွားကာ ရပ်တန့်လိုက်သည်။ သို့သော် ထိုလှိုင်းဂယက်များမှာ အလွန်အမင်း အားကောင်းနေပုံတော့ မပေါ်ချေ။ သူသည် အခြေအနေကို ကြည့်ရှုရန် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားလိုက်လေ၏။ သူပျံတက်သွားသည်နှင့်တစ်ပြိုင်နက် ယိုင်နဲ့နဲ့ ပျံသန်းကာ သူ့ထံသို့ ဦးတည်လာနေသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရတော့သည်။

ထိုသူမှာ မိန်းမပျိုလေးတစ်ဦး ဖြစ်ပုံရလေသည်။ ဘာတွေဖြစ်နေသလဲဆိုတာကို သူ သေချာမသိလိုက်ခင်မှာပင် ထိုမိန်းကလေးကလည်း သူ့ကို မြင်သွားခဲ့သည်။

သူမ၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်မှုများ ပြည့်နှက်နေလျက် အော်ဟစ်လိုက်၏။ "တာအိုမိတ်ဆွေ၊ ပြေးတော့ ကျွန်မနောက်မှာ မိစ္ဆာကျင့်ကြံသူတစ်ယောက် ပါလာတယ်..."

သို့သော် သူမစကားဆုံးအောင် မပြောနိုင်လိုက်ခင်မှာပင် အောက်ဘက်သစ်တောထဲမှ အနက်ရောင်မြူခိုးများဖြင့် ဖွဲ့စည်းထားသော လက်တစ်ဖက်က ထွက်ပေါ်လာကာ သူမကို ဆုပ်ကိုင်ပြီး အောက်သို့ ဆွဲချသွားတော့သည်။

ထိတ်လန့်တကြားဖြစ်သွားသော မိန်းကလေးမှာ မျှော်လင့်ချက်မဲ့စွာဖြင့် လုချင်းထံသို့ လှမ်းအော်လိုက်သည် ။

"ပြေးတော့ ချန်းခွန်းဂိုဏ်းကိုသွားပြီး ကျွန်မတို့တွေ မိစ္ဆာမျိုးနွယ်စုရဲ့ သစ္စာဖောက် လီမော့ထျန်းရဲ့ သတ်တာကို ခံလိုက်ရတယ်လို့ သွားပြောပေးပါ..."

ထိုအချိန်မှာပင် အရှေ့ဘက်မှနေ၍ အဖြူရောင် ဓားအလင်းတန်းတစ်ခု ပျံသန်းလာကာ သူမအပေါ်သို့ တည့်တည့်မတ်မတ် ကျဆင်းလာသည်ကို မြင်လိုက်ရတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမကို ချည်နှောင်ထားသည့် အနက်ရောင်မြူခိုးလက်ကြီးကို ထက်ပိုင်းပိုင်းဖြတ်ပစ်လိုက်ပြီး သူမကို ထိုအချုပ်အနှောင်မှ လွတ်မြောက်သွားစေလေ၏။

မိန်းမပျိုလေး မှင်သက်သွားစဉ်မှာပင် တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ "မိန်းကလေး... တကယ်လို့ သတင်းပို့စရာရှိရင် ကိုယ့်ဘာသာကိုယ် သွားပို့တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ ကျွန်တော်က ချန်းခွန်းဂိုဏ်းဆိုတာ ဘယ်မှာရှိမှန်းတောင် သိတာမဟုတ်ဘူး။"

သူမက ခေါင်းကို ဆတ်ခနဲမော့ကြည့်လိုက်ရာ လွန်ခဲ့သောအချိန်လေးကမှ ပေတစ်ရာခန့်အကွာတွင် ရှိနေခဲ့သည့် လူငယ်လေးသည် ယခုအခါ သူမ၏ မျက်နှာချင်းဆိုင်တွင် တည့်တည့်မတ်မတ် ရပ်နေသည်ကို တွေ့လိုက်ရတော့၏။

သူသည် ရိုးရှင်းသော အိမ်လုပ်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူ၏ ပခုံးပေါ်တွင်တော့ အမွေးအမျှင်များ ရှုပ်ပွနေကာ အကွက်အပြောက်များပါသည့် ညဝိညာဉ်ကြောင်မြီးတိုတစ်ကောင်နှင့်တူသော ဝိညာဉ်သားရဲတစ်ကောင်က နားခိုနေလေ၏။

"ရှင် ကျွန်မကို ကယ်လိုက်တာလား" သူမက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်လေ" လုချင်းက ပြုံးယောင်သမ်းကာ ပြန်ဖြေလိုက်၏။

မိန်းမပျိုလေးမှာ ရုတ်တရက် အသိဝင်လာပြီး အလျင်အမြန်ပင် တောင်းဆိုလိုက်တော့သည်။ "ကျေးဇူးပြုပြီး တာအိုမိတ်ဆွေ... ကျွန်မရဲ့ ဆရာတူအစ်ကိုတွေနဲ့ ဆရာတူအစ်မတွေကို ကယ်တင်ပေးပါဦး သူတို့က မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲကို ရောက်နေပြီရှင်။ တကယ်လို့ ရှင်သာ သူတို့ကို ကယ်ပေးမယ်ဆိုရင် ရှင်ခိုင်းတာမှန်သမျှကို ကျွန်မ လုပ်ပေးပါ့မယ်"

"မင်းပြောနေတဲ့ မိစ္ဆာကျင့်ကြံသူဆိုတာ... အရှေ့က တစ်ယောက်ကို ပြောတာလား" လုချင်းက ဘာကတိမှမပေးဘဲ အရှေ့သို့ လက်ညှိုးထိုးပြကာ မေးလိုက်သည်။

မိန်းမပျိုလေးက အနောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် တုန်လှုပ်သွားတော့၏။

သူမ၏ အနောက်ဘက် သိပ်မဝေးလှသော နေရာတွင် လီမော့ထျန်း ရပ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်မီးတောက်များဖြင့် ဝန်းရံနေပြီး သူတို့နှစ်ဦးကို အေးစက်စက် စိုက်ကြည့်နေလေ၏။

လီမော့ထျန်းတစ်ယောက်တည်းသာ သူမနောက်သို့ လိုက်လာသည်ကို မြင်လိုက်ရသဖြင့် မိန်းမပျိုလေးမှာ ထိတ်လန့်သွားကာ အော်ဟစ်လိုက်တော့သည်။

"လီမော့ထျန်း ဆရာတူအစ်ကို ကျိရှောင်နဲ့ တခြားသူတွေကို ရှင် ဘာလုပ်လိုက်ပြီလဲ"

"စိတ်ပူနေစရာ မလိုပါဘူး။ မကြာခင် မင်းလည်း သူတို့ကို မြေအောက်ကမ္ဘာမှာ တွေ့ရတော့မှာပါ။" လီမော့ထျန်းက အေးစက်စွာ ပြန်ဖြေလိုက်လေသည်။

"လီမော့ထျန်း၊ ဒီတိရစ္ဆာန်ကောင်ကတော့။ ဆရာတူအစ်ကို ကျိရှောင်က ရှင့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တာကို ရှင်ကတော့ ဒီလိုမျိုးကျေးဇူးဆပ်ရသလား" သူမသည် ဝမ်းနည်းဒေါသများဖြင့် ပြည့်နှက်နေကာ သူ့အား ကျယ်လောင်စွာ ကျိန်ဆဲလိုက်လေတော့၏။

သို့သော် လီမော့ထျန်းကတော့ သူမကို တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ချေ။ သူ၏ အကြည့်များက လုချင်းအပေါ်တွင်သာ စူးစိုက်နေပြီး သူ၏ မျက်လုံးများထဲတွင် လေးနက်သည့် အရိပ်အယောင်တစ်ခု ရှိနေလေသည်။

ဤလူ၏ အရှိန်အဝါသည် အားနည်းပုံပေါ်နေပြီး ပထမ အသွင်ပြောင်းအဆင့် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးထက် ပိုမိုမြင့်မားလှခြင်းမရှိသော်လည်း သူ၏ ကောင်းကင်မိစ္ဆာ လက်ဖဝါးသိုင်းကို ဖြတ်တောက်နိုင်ခဲ့ခြင်းက သူ့အား တွေဝေသွားစေခဲ့သည်။

"မင်းက ဘယ်သူလဲ၊ ငါ့ကိစ္စတွေထဲကို ဝင်စွက်ဖက်ဖို့ ရည်ရွယ်ထားတာလား" သူက ခက်ထန်စွာ မေးလိုက်၏။

"လုံးဝ မဟုတ်ပါဘူး။" လုချင်းက ခေါင်းခါလိုက်သည်။ "မင်းတို့ရဲ့ ရန်ငြိုးတွေထဲကို ငါဝင်ပါဖို့ ဘာဆန္ဒမှ မရှိဘူး။"

မီးတောက်များ ဝန်းရံနေသည့် ဤလူငယ်သည် စစ်မှန်သော မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း လုချင်းသိနိုင်သော်လည်း၊ သူက ထျန်းယွမ်ကမ္ဘာလောကကြီးမှ လာသူတစ်ဦး မဟုတ်ပေ။ ထို့ကြောင့် ဒေသခံများကဲ့သို့ မိစ္ဆာကျင့်ကြံသူများအပေါ်တွင် နက်ရှိုင်းသော မုန်းတီးမှုမျိုး သူ့တွင် မရှိနေချေ။

ဇာတ်လမ်းအပြည့်အစုံကို မသိဘဲနှင့် သူတစ်ပါး၏ ရန်ငြိုးထဲတွင် တစ်ဖက်ဖက်ကနေ မျက်ကန်းတစ္ဆေအဖြစ် ဝင်ပါရန် သူ့ထံ၌ အစီအစဉ်မရှိပေ။ ဤစကားကို ကြားလိုက်ရသည့်အခါ မိန်းမပျိုလေးမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

လီမော့ထျန်းသည်လည်း ဤတုံ့ပြန်မှုကြောင့် ခဏတာမျှ မှင်သက်သွားခဲ့၏။ သို့သော် သူက အလျင်အမြန်ပင် ပြန်၍အသိဝင်လာခဲ့၏။ "အဲဒီလိုဆိုရင်တော့ မင်းဘေးက မိန်းမကို ငါ့ဆီ လွှဲပေးဖို့ တောင်းဆိုချင်တယ်။"

သူ့အား အံ့ဩသွားစေသည်မှာ လုချင်းက ထပ်မံ၍ ခေါင်းခါပြလိုက်ခြင်းပင်။ "အဲဒါတော့ ငါ မလုပ်ပေးနိုင်ဘူး ထင်တယ်။ မင်းရဲ့ မျက်နှာထားကို ကြည့်ရတာ သူသာ မင်းလက်ထဲရောက်သွားရင် အသက်ရှင်မှာ မဟုတ်ဘူးမလား။ သူစိမ်းတွေကို သေတွင်းထဲ တွန်းပို့လေ့ရှိတဲ့ အကျင့်တော့ ငါ့မှာ မရှိဘူး။"

"မင်းက ငါ့ကို ကစားနေတာလား" လီမော့ထျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အေးစက်လှသော အရှိန်အဝါများက သူ့ထံမှ လှိမ့်တက်လာတော့သည်။ "ငါ့ရဲ့ သာမန်သိုင်းကွက်လေးတစ်ခုကို ဖျက်ဆီးနိုင်ရုံနဲ့ မင်းက ငါ့ကို တားဆီးနိုင်လောက်တယ်လို့ ထင်နေတာလား"

"မဟုတ်ပါဘူး" လုချင်းက အေးဆေးစွာပင် ပြန်ပြောလိုက်၏။ "ဒါပေမဲ့ ငါက ခြိမ်းခြောက်တာတွေကိုတော့ သဘောမကျဘူး။"

ထိုအချိန်မှာပင် လုချင်း၏ အမြင်အာရုံထဲတွင် လီမော့ထျန်းနှင့် ပတ်သက်သော စာကြောင်းအချို့ ပေါ်လာလေတော့သည်။

"ဒီလိုကိုး... စွမ်းအားကြီးတဲ့ ကျင့်ကြံသူနှစ်ယောက်ရဲ့ တိုက်ပွဲဂယက်ကြောင့် မိဘမဲ့ဖြစ်သွားခဲ့တယ်။ သူ့မိသားစုနဲ့ မွေးရပ်မြေကို ဆုံးရှုံးခဲ့ရတယ်။ လက်စားချေဖို့ စွမ်းအားတွေရချင်လို့ မိစ္ဆာလမ်းစဉ်ကို တမင်သက်သက် ရွေးချယ်ခဲ့တယ်... မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းခဲ့တယ်။"

စာကြောင်းအနည်းငယ်ဖြင့်ပင် လုချင်းသည် လီမော့ထျန်း၏ နောက်ခံအကြောင်းအရင်းကို နားလည်သဘောပေါက်သွားလေ၏။ ယခုအခါ ထိုမိန်းကလေး ပြောခဲ့သည်များမှာ လိမ်ညာနေခြင်းမဟုတ်ကြောင်း သူနားလည်သွားပြီပင်။

သို့သော် သူ့ရှေ့တွင်ရှိနေပြီး မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေသော ဤလူငယ်မှာ သာမန် မိစ္ဆာကျင့်ကြံသူတစ်ဦးတော့ မဟုတ်ပေ။

"အဲဒီလိုဆိုမှတော့ မင်း ဘာကို အားကိုးနေသလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပြုပါဦး" လီမော့ထျန်းက စကားများ အလဟဿ ထပ်မပြောတော့ဘဲ ကြိမ်းဝါးလိုက်လေသည်။ သူ၏လက်တစ်ချက်အဝှေ့တွင် အနက်ရောင် မီးတောက်စီးကြောင်းတစ်ခုက လုချင်းထံသို့ ပစ်ခတ်သွားတော့၏။

၎င်းသည် ထူးဆန်းသော မီးတောက်တစ်ခုဖြစ်သည်။ စတင်ပစ်ခတ်လိုက်စဉ်က လက်မောင်းတစ်ဖက်စာမျှသာ သေးငယ်သော်လည်း ပျံသန်းလာသည်နှင့်အမျှ လေထဲရှိ ဝိညာဉ်စွမ်းအင်များကို လောဘတကြီး စုပ်ယူကာ လျင်မြန်စွာ ကြီးထွားလာလေတော့သည်။

ခဏအကြာတွင်တော့ ၎င်းသည် ဧရာမ နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လုချင်းထံသို့ ပါးစပ်ကြီးဟကာ ပြေးဝင်လာလေ၏။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ၎င်း၏ ကြီးမားလှသော အရွယ်အစားရှိလင့်ကစား ပတ်ဝန်းကျင်ရှိ လေထုမှာ လုံးဝကို အေးစက်နေဆဲပင်။ ယင်းအစား မိန်းမပျိုလေးနှင့် ရှောင်လီတို့နှစ်ဦးစလုံးသည် သူတို့၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ အေးစက်မှုတစ်ခု တွားသွားလာနေသည်ကို ခံစားလိုက်ကြရတော့သည်။

"သတိထား" မိန်းကလေးက အော်ဟစ်လိုက်သည်။

လီမော့ထျန်း၏ အနက်ရောင်မီးတောက်များ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးဖြစ်သည်။ ၎င်းတို့သည် အန္တရာယ်မရှိပုံပေါ်သော်လည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကောက်ကျစ်စဉ်းလဲလှပေသည်။

ဆရာတူအစ်ကို ကျိရှောင်ကဲ့သို့ အားကောင်းသောသူပင်လျှင် ထိုမီးတောက်အနည်းငယ်နှင့် ထိမိသွားပြီးနောက်၌ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်ခဲ့ရလေသည်။ သို့သော် မကြာမီမှာပင် သူ၏ မူလမွေးရာပါအဆောင်မှာ ထိုမီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရတော့သည်။

"စိတ်ဝင်စားစရာပဲ။"

သူ့ထံသို့ ချဉ်းကပ်လာနေသည့် အနက်ရောင် မီးနဂါးကြီးကို လုချင်း လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှုတစ်ခု ဖျပ်ခနဲ လက်သွားလေ၏။ ထို့နောက် သူသည် သူ၏လက်ချောင်းများကို ဓားတစ်လက်ကဲ့သို့ ပူးကပ်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ့အရှေ့တွင် ဓားချီ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ထိုဓားချီလေဆင်နှာမောင်းက ရှေ့သို့ ပြေးထွက်သွားကာ မီးနဂါးကြီးတစ်ကောင်လုံးကို ချက်ချင်းပင် မြိုချပစ်လိုက်လေ၏။

မရေမတွက်နိုင်သော သေးငယ်သည့် ဓားစွမ်းအင်များက ထိုမီးတောက်သားရဲကြီး၏ ပတ်လည်တွင် ရစ်ဝဲနေကြပြီး စွမ်းအင်တစ်မျှင်ချင်းစီက အနက်ရောင်မီးတောက်တစ်စကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေကြလေသည်။ နှလုံးခုန်သံသုံးကြိမ်ပင် မတိုင်မီမှာပဲ ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင် မီးနဂါးကြီးမှာ လုံးဝ ပျောက်ကွယ်သွားကာ အကြွင်းမဲ့ ပျက်စီးသွားတော့၏။

"မဖြစ်နိုင်တာ"

မိန်းမပျိုလေးနှင့် လီမော့ထျန်းတို့ နှစ်ဦးစလုံး အံ့ဩမှင်သက်သွားကြလေ၏။

လီမော့ထျန်းပင်လျှင် သူ၏ အေးစက်စက် အမူအရာကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။ သူ၏ အကောင်းဆုံး အဆုံးအဖြတ်ပေးနိုင်သည့် သိုင်းကွက်ကြီး ဤမျှလွယ်ကူစွာ ဖျက်ဆီးခံလိုက်ရသည်ကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားတော့သည်။

သူ၏ ဝိညာဉ်စုပ်ယူ မိစ္ဆာမီးတောက်သည် သာမန်မီးတောက် မဟုတ်ပေ။ ၎င်းသည် ပိုမိုအားကောင်းလာစေရန် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ပြီး ဝိညာဉ်စွမ်းအင်ပင်လျှင် ၎င်းကို မငြိမ်းသတ်နိုင်ချေ။

ယင်းအစား ၎င်းသည် မီးတောက်ကို အစာကျွေးသကဲ့သို့ဖြစ်ကာ ပိုပို၍ ပြင်းထန်လာစေမည်သာ။

ကျင့်ကြံသူတစ်ဦး ၎င်းနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ထိခိုက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ချက်ချင်း ဖြတ်တောက်ပစ်ခြင်းဖြင့်သာ သူတို့ အသက်ရှင်နိုင်ပေမည်။ အနည်းငယ်မျှ တွန့်ဆုတ်နေပါက မီးတောက်များက သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုသွားမည်ဖြစ်ပြီး ဝိညာဉ်အပါအဝင် အရာအားလုံးကို ပြာကျသွားသည်အထိ လောင်ကျွမ်းပစ်မည်ပင်။

သို့သော် ယခုအခါတွင်တော့ သာမန် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးထက် ပိုပြီးစွမ်းအားကြီးပုံမပေါ်သည့် ဤရိုးရိုးရှင်းရှင်း လူငယ်လေးက ဘာမှမဟုတ်သည့် ဓားချီသက်သက်ဖြင့် ၎င်းကို ဖျက်ဆီးပစ်ခဲ့သည်လော။

ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် ထိုသို့မလုပ်နိုင်ချေ

"တကယ်ပဲ မင်းက ဘယ်သူများလဲ" လီမော့ထျန်းသည် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ပေ။ သူ၏ မျက်လုံးများထဲတွင် သတိထားမှုများဖြင့် ပြည့်နှက်နေကာ လုချင်းကို စိုက်ကြည့်ရင်း အသံနိမ့်နိမ့်ဖြင့် မေးလိုက်လေတော့သည်။

All Chapters