← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁ ကောင်းကင်ယံတိုက်ကြီး၊ သားရဲလှိုင်းလုံးများ ဝင်ရောက်လာခြင်း။

ကောင်းကင်ယံတိုက်ကြီး၏ အဆုံးအစမရှိသော ပင်လယ်နက်ကြီး၏ အထက်ကောင်းကင်ယံတွင် ဖြစ်သည်။

"ငါ မုန်လဲ့က မင်းတို့ကို သေဒဏ်ပေးလိုက်တယ်..."

လျှပ်စီးမိုးကြိုးများ ရစ်သိုင်းလွှမ်းခြုံထားသော အမျိုးသားတစ်ဦးသည် ကောင်းကင်ယံထက်တွင် မားမားမတ်မတ် ရပ်တန့်နေသည်။ သူ၏ လက်ထဲတွင် လျှပ်စီးလှံရှည်ကြီးကို ကိုင်ဆောင်ထားပြီး ကျောဘက်တွင်လည်း လျှပ်စီးတောင်ပံတစ်စုံက ဖြန့်ကျက်ထားသည်။ ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာသည့် မိုးကြိုးနတ်ဘုရားတစ်ပါးအလား အလွန်တရာ ကြီးမြတ်ခမ်းနားလှသော အဆုံးအဖြတ်ကို ပြုလိုက်ခြင်းပင် ဖြစ်သည်။

"ခရက်..."

အလွန်တရာ ကြီးမားထွားကျိုင်းလှသော လျှပ်စီးနဂါးကြီးနှစ်ကောင်သည် ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။ အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် အငွေ့အသက်များကို သယ်ဆောင်လာကာ ရှေ့ဘက်ရှိ ဧရာမ သတ္တဝါကြီးနှစ်ကောင်ဆီသို့ ပြင်းထန်စွာ ပစ်ခတ်ဝင်ရောက်သွားကြသည်။

ဘယ်ဘက်တွင်ရှိနေသော သတ္တဝါကြီးမှာ တောင်ပံဖြန့်ကျက်လိုက်ပါက မီတာတစ်ထောင်ကျော် ရှည်လျားပြီး တစ်ကိုယ်လုံး ရွှေရောင်များ တောက်ပနေသည့် ရွှေရောင်နဂါးကြီးတစ်ကောင် ဖြစ်သည်။

ညာဘက်တွင်ရှိနေသည်ကား ရွှေရောင်တူရွင်းနှစ်လက်ကို ကိုင်ဆောင်ထားကာ တောင်တန်းကြီးတစ်လုံးပမာ ကြီးမားလှသည့် မိုးကြိုးတိုက်တန်ကြီးပင် ဖြစ်သည်။

"ကျက်သရေမရှိလိုက်တာ..."

"ဒီကောင် ရူးနေတာပဲ..."

လျှပ်စီးနဂါးကြီးများထံမှ ပါလာသည့် ဖျက်ဆီးခြင်းအငွေ့အသက်များကို ခံစားမိလိုက်သည်နှင့် ရွှေရောင်နဂါးကြီးနှင့် မိုးကြိုးတိုက်တန်ကြီးတို့၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားကြသည်။

ထို့နောက် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် တုံ့ပြန်မှု ပြုလုပ်လိုက်ကြသည်။ နိယာမစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ရွှေရောင်အလင်းတန်းများနှင့် ခရမ်းရောင်လျှပ်စီးများ မြင့်တက်လာကာ သူတို့ကို ကာကွယ်ပေးမည့် နိယာမအကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။

သို့ရာတွင် မည်သို့မျှ အသုံးမဝင်ခဲ့ပေ။ ကောင်းကင်မှ ကျဆင်းလာသော လျှပ်စီးနဂါးကြီးများက နိယာမအကာအကွယ်ကို အလွယ်တကူပင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်သည်။

"အား..."

ရွှေရောင်နဂါးကြီးနှင့် မိုးကြိုးတိုက်တန်ကြီးတို့ထံမှ သနားစဖွယ် အော်ဟစ်သံများ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။

သူတို့၏ ခန္ဓာကိုယ်များမှ မည်းမှောင်သော မီးခိုးငွေ့များ ထောင်းထောင်းထနေပြီး အရေခွံများ စုတ်ပြဲကာ အသားများပွင့်ထွက်လျက် တစ်ကိုယ်လုံး မည်းတူးသွားကြသည်။ ထို့နောက် ကောင်းကင်မှ ကျဆင်းလာသော ဥက္ကာပျံကြီးနှစ်ခုအလား ပင်လယ်ပြင်ဆီသို့ တည့်မတ်စွာ ပြုတ်ကျသွားကြရာ ကြီးမားကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဤမြင်ကွင်းကို ကြည့်ရင်း မုန်လဲ့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်တော့ပေ။ အတိတ်ကို ပြန်လည်တွေးတောမိရင်း ယနေ့အတွက် ဝမ်းသာဂုဏ်ယူမိသည်။

သူ လုပ်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ သူ တကယ် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခင်ဘဝက သူသည် အလုပ်ထဲတွင်သာ နစ်မွန်းနေပြီး တစ်နေ့ကုန် ကီးဘုတ်နှင့်သာ အချိန်ကုန်ခဲ့ရသည့် သာမန်လူရာမဝင်သူ တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။

ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူ၏ ကံကြမ္မာ အပြောင်းအလဲကြီး ဖြစ်သွားခဲ့သည်။ အောက်ခြေဘဝမှနေ၍ တဖြည်းဖြည်း ရုန်းကန်ထမြောက်လာကာ မယုံကြည်နိုင်လောက်ဖွယ်ရာ အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးနိုင်ခဲ့သည်။

နောက်ဆုံးတွင် ဤကမ္ဘာ၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာပြီး ကောင်းကင်ယံတိုက်ကြီး၏ ရှေးအကျဆုံးနှင့် အစွမ်းအထက်ဆုံး သက်ရှိများဖြစ်သည့် ရွှေရောင်နဂါးကြီးနှင့် မိုးကြိုးတိုက်တန်ကြီးတို့ကို ခြေအောက်တွင် နင်းချေနိုင်ခဲ့ပြီ ဖြစ်သည်။

မုန်လဲ့က ဓားသွားသဖွယ် ထက်မြက်သော မျက်ခုံးများနှင့် ကြယ်ပွင့်သဖွယ် တောက်ပသော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ တစ်လောကလုံးကို အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်လိုက်သည်။

"ဒုန်း..."

လုံးထွေးနေသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ရွှေရောင်နဂါးကြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မိုးကြိုးတိုက်တန်ကြီးလည်း ပျောက်ကွယ်သွားခဲ့ပြီ။ အရာအားလုံး အစအနမကျန် ပျောက်ကွယ်သွားကြသည်။

မုန်လဲ့ မျက်လုံးပွင့်လာပြီး သူ၏ အကြည့်များက ကြောင်တောင်တောင် ဖြစ်နေသည်။ ငါက ဘယ်သူလဲ။ ငါက ဘယ်ရောက်နေတာလဲ။ ငါ ဘာလုပ်နေတာလဲ။

ကောင်းပြီလေ။ အိပ်မက်မို့လို့ ဒီလောက်တောင် အတုအယောင်ဆန်နေတာကိုး။

မုန်လဲ့က သူ့ကိုယ်သူ လှောင်ပြောင်သလို ပြုံးလိုက်သည်။ ဤကမ္ဘာသို့ စရောက်ကာစမို့ အသားမကျသေး၍ ဤမျှ ထူးဆန်းသော အိပ်မက်ကို မက်ခြင်း ဖြစ်တန်ကောင်းသည်။

"ဒုန်း ဒုန်း ဒုန်း..."

"မုန်လဲ့လေး မြန်မြန်ထတော့... သားရဲလှိုင်းလုံးတွေ လာနေပြီ..."

စုတ်ချာနေသော သစ်သားတံခါးကြီးကို မိုးချုန်းသံအလား ပြင်းထန်စွာ ထုနှက်နေကြသည်။ အပြင်ဘက်မှ ရွာသူကြီး အဘိုးပီတာ၏ စိုးရိမ်တကြီး အော်ဟစ်နေသံကို ကြားလိုက်ရသည်။

"မုန်လဲ့လေး သားရဲလှိုင်းလုံးတွေ လာနေပြီ... မြေအောက်ခိုလှုံရေးစခန်းကို အမြန်သွားပုန်းနေတော့... အဘိုး တခြားလူတွေကို သွားအကြောင်းကြားလိုက်ဦးမယ်..."

"သားရဲလှိုင်းလုံးတွေ လာနေပြီတဲ့လား..."

မုန်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲတုန်တက်သွားပြီး လူးလဲထကာ ရွာလယ်ခေါင်ဆီသို့ အပြေးအလွှား သွားလိုက်သည်။

"သားရဲလှိုင်းလုံး..."

"တောက်... ငါ့ကျမှ လာကြုံရတယ်လို့... ငါတော့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာပါလား..."

မုန်လဲ့တစ်ယောက် အသည်းအသန် ပြေးလွှားနေရင်း စိတ်ထဲမှ ကြိမ်းဝါးနေမိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ကမ္ဘာမြေပေါ်ရှိ သာမန်ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်ပြီး ကုမ္ပဏီနှင့် အိမ်ကိုသာ ကူးချည်သန်းချည်လုပ်ရင်း ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရသူ ဖြစ်သည်။

တစ်ရေးအိပ်ရာနိုးလာချိန်တွင်တော့ အကြောင်းရင်းမသိဘဲ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီး မှော်သားရဲရွာလေးတွင် သာမန်ရွာသားတစ်ဦး ဖြစ်လာခဲ့သည်။

ကောင်းကင်ယံတိုက်ကြီးဟူသည် ဤကမ္ဘာရှိ လူများက ၎င်းတို့၏ ကမ္ဘာကို ခေါ်ဝေါ်သော အမည်နာမ ဖြစ်သည်။ ဤနေရာသည် ကမ္ဘာမြေနှင့် လုံးဝကွဲပြားခြားနားပြီး ဆန်းကြယ်လှသော ကမ္ဘာကြီးတစ်ခု ဖြစ်သည်။

ဤနေရာတွင် ကွန်ပျူတာ အင်တာနက်နှင့် အဆင့်မြင့်နည်းပညာပစ္စည်းများ မရှိပေ။ သို့သော် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော နဂါးကြီးများ၊ ခွန်အားကြီးမားလှသော မိစ္ဆာနတ်ဆိုးများ၊ ထူးဆန်းအံ့ဩဖွယ်ကောင်းသော သားရဲလူသားများ၊ သဘာဝတရားကို ထိန်းချုပ်နိုင်သည့် အဲလ်ဖ်များနှင့် မျိုးစုံလှသော မှော်သားရဲများ ရှိနေသည်။

"နက်နဲဆန်းကြယ်တဲ့ မှော်ပညာတွေနဲ့ အစွမ်းထက်လှတဲ့ တိုက်ခိုက်ရေးစွမ်းအင်တွေလည်း ရှိသေးတယ်..."

"ဒီကမ္ဘာက တကယ်ကို မယုံကြည်နိုင်စရာကောင်းတဲ့ ကမ္ဘာကြီးပဲ..."

ဤနေရာရှိ အရာအားလုံးက မုန်လဲ့ကို ထိတ်လန့်ကြောက်ရွံ့စေသည်။ သို့သော် မုန်လဲ့ကို အပြိုလဲဆုံးဖြစ်စေသည့် အရာမှာ ဤကမ္ဘာသည် သာမန်လူသားမျိုးနွယ်များအတွက် အလွန်တရာ အန္တရာယ်များနေခြင်းပင် ဖြစ်သည်။

အကြောင်းမှာ ဤကမ္ဘာကို အုပ်စိုးနေသည်မှာ လူသားမျိုးနွယ်များ မဟုတ်ဘဲ အတောင်ပံများရှိသော နဂါးကြီးများ၊ မီတာဆယ်ဂဏန်းကျော် မြင့်မားသော တိုက်တန်ကြီးများ၊ ထူးဆန်းလှသော သားရဲလူသားများ၊ တောအုပ်နှင့် အတူယှဉ်တွဲနေထိုင်သော အဲလ်ဖ်များ၊ ကမ္ဘာကို ဖျက်ဆီးပစ်နိုင်သည့် မှော်သားရဲများနှင့် အခြားသော မျိုးနွယ်စုများ ဖြစ်နေသောကြောင့်ပင်။

လူသားမျိုးနွယ်ဆိုသည်မှာ ဉာဏ်ရည်မြင့်မားသော မျိုးနွယ်စုကြီးများ၏ လက်အောက်ခံများသာ ဖြစ်ပြီး ယဉ်ကျေးမှုမရှိ အင်ပါယာမရှိ အသိပညာမရှိ လွတ်လပ်ခွင့်ဆိုသည်မှာလည်း လုံးဝမရှိချေ။ ဘာဆိုဘာမျှ မရှိခြင်း ဖြစ်သည်။

"ဒီကမ္ဘာက အရမ်းကို အန္တရာယ်များလွန်းတယ်..."

"ငါ ဘယ်လိုဆက်ပြီး အသက်ရှင်သန်ရမလဲ..."

မုန်လဲ့ကို ပို၍ စိတ်ပျက်အားငယ်စေသည်မှာ ကူးပြောင်းလာသည်မှာ မကြာသေးခင်ကမှ ဖြစ်သော်လည်း သားရဲလှိုင်းလုံးများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ ဤသည်မှာ ငရဲဘုံ၏ အစပျိုးမှုနှင့်ပင် တူနေတော့သည်။

"မြန်မြန်လုပ်ကြ... လူငယ်လူရွယ်တွေ ငါ့နောက်လိုက်ခဲ့ကြ... ရွာပြင်ထွက်ပြီး သားရဲလှိုင်းလုံးတွေကို ခုခံရမယ်..."

"သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီး ကလေးသူငယ်တွေ အားလုံး ခိုလှုံရေးစခန်းကို သွားကြ..."

အရပ်နှစ်မီတာကျော်ရှိပြီး တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ဦးသည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်ကာ ရွာသားများကို ညွှန်ကြားနေသည်။

သူ၏ နာမည်မှာ ဟာဒက်စ် ဖြစ်ပြီး ရွာ၏ အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ထို့အပြင် ရွာ၏ အစွမ်းအထက်ဆုံးသူလည်း ဖြစ်ရာ ရွာသားများ၏ လေးစားယုံကြည်မှုကို အပြည့်အဝ ရရှိထားသူ ဖြစ်သည်။

သူ၏ ညွှန်ကြားမှုအောက်တွင် လူငယ်လူရွယ်များက သူ၏ အရှေ့သို့ စုရုံးရောက်ရှိလာကြပြီး သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး ကလေးငယ်များကမူ ရွာလယ်ခေါင်ရှိ ခိုလှုံရေးစခန်းဆီသို့ ပြေးသွားကြသည်။ လူတိုင်းက ထိတ်လန့်တကြား ဖြစ်နေကြသော်လည်း စနစ်တကျ ရှိနေဆဲဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် တစ်ကြိမ်နှစ်ကြိမ်မက ဖြစ်ဖူးကြောင်း သိသာလှသည်။

"ဟုတ်သားပဲ... မှော်သားရဲရွာက မှော်သားရဲတောင်တန်းကြီးရဲ့ အစွန်အဖျားမှာ ရှိနေတော့ သားရဲလှိုင်းလုံးတွေရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ ခံရနိုင်တာပေါ့... ရွာသားတွေလည်း သားရဲလှိုင်းလုံးတွေနဲ့ ကြုံဖူးတာ တစ်ကြိမ်တည်းမှ မဟုတ်တော့တာကိုး..."

မုန်လဲ့က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ မှော်သားရဲတောင်တန်းကြီးသည် တိုက်ကြီးတစ်ခုလုံးကို ဖြတ်သန်းသွားပြီး ကောင်းကင်ယံတိုက်ကြီးကို အရှေ့နှင့် အနောက် နှစ်ခြမ်းခွဲထားသကဲ့သို့ ဖြစ်နေသည်။ ၎င်းအတွင်းတွင် မရေမတွက်နိုင်သော သားရဲများနှင့် မှော်သားရဲများ နေထိုင်ကြပြီး တိုက်ကြီး၏ အန္တရာယ်အများဆုံးနေရာဟု တင်စားခေါ်ဝေါ်ကြသည်။

တောအုပ်အတွင်းရှိ သားရဲများသည် မကြာခဏဆိုသလို ရူးသွပ်သွားတတ်ကြပြီး တောစပ်ရှိ ရွာများကို တိုက်ခိုက်တတ်ကြသည်။ ထိုသို့ တိုက်ခိုက်ခံရတိုင်း ရွာများမှာ ကြီးမားသော ဆုံးရှုံးမှုများကို ရင်ဆိုင်ရပြီး လူသေဆုံးခြင်းမှာလည်း အလွန်အဖြစ်များသော ကိစ္စတစ်ခု ဖြစ်သည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ဖြစ်သူ၏ မိဘများမှာလည်း သားရဲလှိုင်းလုံးများ၏ တိုက်ခိုက်မှုအောက်တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် လူ့အသက်သည် တန်ဖိုးအနည်းဆုံးအရာဟုပင် ဆိုနိုင်ပေသည်။

"ဒီတစ်ကြိမ် သားရဲလှိုင်းလုံးမှာရော လူဘယ်နှယောက် သေရဦးမလဲ မသိဘူး..."

မသိမသာဖြင့်ပင် ရွာလယ်ခေါင်သို့ ရောက်ရှိလာခဲ့သည်။ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး ကလေးငယ်များက တန်းစီနေကြပြီး ခိုလှုံရေးစခန်းကို စောင့်ကြပ်ရသည့် ဦးလေးလိုင်ယိုက အသံကျယ်ကြီးဖြင့် အော်ဟစ်နေသည်။

"မတိုးကြနဲ့... တစ်ယောက်ချင်းစီ လာကြ... အောက်ကလူတွေက လှေကားကို သေချာကိုင်ထားပေးကြ..."

ခိုလှုံရေးစခန်းကို မြေအောက် မီတာဆယ်ဂဏန်းခန့် အနက်တွင် တည်ဆောက်ထားပြီး ဥမင်လှိုဏ်ခေါင်း မြေအောက်ခန်းတို့နှင့် ဆင်တူကာ လှေကားတစ်ခုဖြင့် ဆက်သွယ်ထားသည်။ ဘေးဘက်တွင်လည်း ကျောက်တုံးကြီးတစ်တုံး ရှိနေပြီး ခဏနေလျှင် ခိုလှုံရေးစခန်း၏ အပေါ်တွင် ပိတ်ဆို့ထားရမည် ဖြစ်သည်။

ကျောက်တုံးကြီးမှာ အလွန်ကြီးမားပြီး နှစ်မီတာ သုံးမီတာခန့် မြင့်မားကာ ကြည့်လိုက်သည်နှင့် ခိုင်မာတောင့်တင်းကြောင်း သိသာလှသည်။ မုန်လဲ့မှာ သက်ပြင်းချမိသွားပြီး ဤမျှကြီးမားသော ကျောက်တုံးကြီးကို အပေါ်မှ ပိတ်ဆို့ထားပါက ခိုလှုံရေးစခန်းမှာ အလွန်လုံခြုံစိတ်ချရမည်ဟု တွေးလိုက်မိသည်။

သို့သော် တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ အကယ်၍ အပြင်ဘက်မှ လူများအားလုံး သေဆုံးသွားခဲ့ပါက သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး ကလေးငယ် တစ်စုက ကျောက်တုံးကြီးကို တွန်းဖယ်ပြီး ထွက်လာနိုင်ပါမည်လော။ မုန်လဲ့၏ စိတ်ထဲတွင် ဗျာများသွားတော့သည်။

"ဝူး..."

"အား..."

"သတ်..."

"ဒီတိရစ္ဆာန်တွေကို အကုန်သတ်ပစ်..."

အဝေးမှ သားရဲများ၏ ဟိန်းဟောက်သံများနှင့် တိုက်ခိုက်သတ်ဖြတ်သံများ ထွက်ပေါ်လာရာ ကြားရသူတိုင်း၏ ရင်ထဲတွင် ကြက်သီးမွေးညင်း ထစေသည်။ မုန်လဲ့မှာ ဤကမ္ဘာရှိ မှော်သားရဲများကို တွေ့မြင်ချင်စိတ် ပြင်းပြနေသော်လည်း စိတ်ကူးယဉ်ရုံသာ တတ်နိုင်ပေသည်။

သူသည် ယခုအချိန်တွင် အရွယ်မရောက်သေးသည့် ကောင်လေးတစ်ယောက်သာ ဖြစ်ပြီး အကာအကွယ်ပေးခံရမည့် အုပ်စုထဲတွင် ပါဝင်နေသည်။ သူ လုပ်ရမည့်အလုပ်မှာ အနှောင့်အယှက် သွားပေးရန် မဟုတ်ဘဲ ခိုလှုံရေးစခန်းထဲသို့ ဝင်ရောက်ရန်သာ ဖြစ်သည်။

"ဘာတွေ ငေးနေတာလဲ... မြန်မြန်ဆင်းလေ..."

ထိုစဉ် သူ၏ နားထဲသို့ ဦးလေးလိုင်ယို၏ ဆူပူကြိမ်းမောင်းသံ ဝင်ရောက်လာသည်။ မုန်လဲ့၏ စိတ်အာရုံ လန်းဆန်းသွားပြီး ကမန်းကတန်း ပြန်ထူးလိုက်ကာ ခိုလှုံရေးစခန်းထဲသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။ ထိုစဉ် ဦးလေးလိုင်ယို၏ ကိုယ်ပေါ်မှ အဖြူရောင် အလင်းတန်းလေးတစ်ခု ကျလာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

"ဦးလေးလိုင်ယို... ပစ္စည်းကျသွားတယ်..."

မုန်လဲ့က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သတိပေးရန် ပြင်လိုက်စဉ် သူ၏ နားထဲတွင် အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒင်... ကျလာတဲ့ ပစ္စည်းကို တွေ့ရှိပါတယ်... ကောက်ယူမှာလား..."

မုန်လဲ့မှာ မှင်သက်သွားပြီး ဦးလေးလိုင်ယိုကို မသိမသာ လှမ်းကြည့်လိုက်သည်။ ဤအချိန်တိုလေးအတွင်းတွင် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး ကလေးငယ်များ အားလုံး ခိုလှုံရေးစခန်းထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်ရာ သူနှင့် ဦးလေးလိုင်ယို နှစ်ယောက်တည်းသာ ကျန်ရစ်နေတော့သည်။

"ဘာကြည့်နေတာလဲ... မြန်မြန်မဝင်သေးဘူးလား..."

ဦးလေးလိုင်ယိုက မျက်နှာထား တင်းတင်းမာမာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အချိန်မဆွဲနဲ့... တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့... ငါ ရွာထိပ်ကိုသွားပြီး သားရဲလှိုင်းလုံးတွေကို သွားခုခံရဦးမယ်..."

ခုနက အသံသည် ဦးလေးလိုင်ယိုထံမှ ထွက်ပေါ်လာခြင်း မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

"ဒါမှမဟုတ် နားကြားမှားတာများလား..."

All Chapters