← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂ ဆက်တိုက် စွမ်းအားကြီးလာခြင်း။

'ဒင်... အစွမ်းအထက်ဆုံး ကောက်ယူခြင်းစနစ်မှ ဝန်ဆောင်မှုပေးနေပါပြီ...'

'အစွမ်းအထက်ဆုံး ကောက်ယူခြင်းစနစ်သည် လောကရှိ ကျလာသမျှ အရာအားလုံးကို ကောက်ယူနိုင်ပါသည်... ငွေကြေး ပစ္စည်းအသုံးအဆောင် ကျွမ်းကျင်မှုစွမ်းရည် အသက်စွမ်းအင်နှင့် စိတ်စွမ်းအင် အစရှိသည်တို့ ပါဝင်ပါသည်...'

'ငွေကြေးနှင့် ပစ္စည်းများကို ကောက်ယူခြင်းဖြင့် ပိုင်ရှင်သည် ချမ်းသာကြွယ်ဝလာနိုင်ပါသည်...'

'ကျွမ်းကျင်မှုစွမ်းရည် အသက်စွမ်းအင်နှင့် စိတ်စွမ်းအင်များကို ကောက်ယူခြင်းဖြင့် ပိုင်ရှင်သည် စွမ်းအားကြီးမားလာနိုင်ပါသည်...'

'အရာအားလုံးကို ကောက်ယူနိုင်ပါသည်...'

'မည်သည့်အရာကိုမဆို ကောက်ယူနိုင်ပါသည်...'

အေးစက်စက် အသံ၏ ရှင်းလင်းချက်နှင့်အတူ မုန်လဲ့၏ မျက်စိရှေ့တွင် စနစ်မျက်နှာပြင်အချက်အလက်တစ်ခု ထွက်ပေါ်လာသည်။

ပိုင်ရှင် - မုန်လဲ့

မျိုးနွယ် - လူသား

ပိုင်ဆိုင်မှု - ၀

ခွန်အား - သာမန်လူ ၀.၅ / ၁၀

စိတ်စွမ်းအင် - သာမန်လူ ၁ / ၁၀

ကျွမ်းကျင်မှုစွမ်းရည် - မရှိ

မုန်လဲ့၏ ခေါင်းထဲတွင် မူးဝေနေသည်။ ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်မှာ ၁ လရှိနေပြီဖြစ်ရာ နောက်ဆုံးတော့ သူ၏ ကိုယ်ပိုင်ထူးခြားစွမ်းအင် ရောက်ရှိလာပြီလားဟု တွေးလိုက်မိသည်။

'ဒင်... ကျလာသော ပစ္စည်းကို တွေ့ရှိပါသည်... ကောက်ယူမည်လား...'

"ကောက်... ကောက်မယ်..."

မုန်လဲ့က မသိမသာပင် ပြန်လည်ဖြေကြားလိုက်သည်။

'ဒင်... ကောက်ယူခြင်း အောင်မြင်ပါသည်... ပိုင်ရှင်၏ ခွန်အား ၁ မှတ် တိုးလာပါသည်...'

သူ၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော စီးဆင်းမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များဆီသို့ ပျံ့နှံ့သွားသည်။ မုန်လဲ့မှာ တစ်ကိုယ်လုံး နွေးထွေးသွားပြီး အလွန်သက်သောင့်သက်သာ ဖြစ်သွားကာ ခွန်အားများ အနည်းငယ် တိုးလာသလို ခံစားလိုက်ရသည်။

'တကယ်ကြီး ကိုယ်ပိုင်ထူးခြားစွမ်းအင်လား...'

မုန်လဲ့မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

'ခွန်အား ၁ မှတ်တိုးလာတာလား...'

'ခွန်အားကိုတောင် ကောက်ယူလို့ရတာလား...'

"မုန်လဲ့... မင်း ဘာတွေလုပ်နေတာလဲ... အောက်မြန်မြန်မဆင်းသေးဘူးလား..."

ဦးလေးလိုင်ယိုက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများထဲမှ မီးတောက်များပင် ထွက်လာမတတ် ဖြစ်နေသည်။

အံ့ဩစရာကောင်းသည်မှာ သူ၏ ကိုယ်ပေါ်မှ ငွေရောင် အလင်းတန်းလေးတစ်ခု ထပ်ကျလာခြင်းပင် ဖြစ်သည်။

'ဒင်... ကျလာသော ပစ္စည်းကို တွေ့ရှိပါသည်... ကောက်ယူမည်လား...'

"ကောက်မယ်..."

ဤတစ်ကြိမ်တွင်မူ မုန်လဲ့မှာ အနည်းငယ်မျှ တွန့်ဆုတ်မနေတော့ချေ။

'ဒင်... ကောက်ယူခြင်း အောင်မြင်ပါသည်... ပိုင်ရှင်၏ စိတ်စွမ်းအင် ၁ မှတ် တိုးလာပါသည်...'

အေးမြသော လေပြေတစ်ခုက သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာရာ မုန်လဲ့မှာ ခေါင်းထဲတွင် ပို၍ ကြည်လင်လာသလို ခံစားလိုက်ရပြီး တွေးခေါ်နိုင်စွမ်းနှင့် အသိအာရုံများလည်း ပိုမိုသွက်လက်လာသည်။

'တကယ်ကြီးပဲ...'

'တကယ် ကောက်ယူလို့ရနေတာပဲ...'

မုန်လဲ့က သူ့ကိုယ်သူ အားပါပါဖြင့် ဆိတ်ကြည့်လိုက်သည်။ အိပ်မက်မက်နေခြင်း မဟုတ်သလို အမြင်မှားနေခြင်းလည်း မဟုတ်ချေ။ သူ၏ ကိုယ်ပိုင်ထူးခြားစွမ်းအင်မှာ တကယ့်အစစ်အမှန်ဖြစ်ရာ သူ မကြာမီ ကြီးပွားတော့မည်လားဟု တွေးလိုက်မိသည်။

'ရွာထိပ်ကို သွားပြီး ကံစမ်းကြည့်ရမလား... အဲ့ဒီမှာ ကျလာတဲ့ ပစ္စည်းတွေ ပိုများလောက်တယ်...'

'မသွားတာပဲ ကောင်းပါတယ်လေ... အဲ့ဒီမှာက သားရဲလှိုင်းလုံးတွေ ဝင်နေတာဆိုတော့ အရမ်းအန္တရာယ်များတယ်...'

'ဒါမှမဟုတ်... အဝေးကနေပဲ လှမ်းကြည့်ရမလား...'

'နည်းနည်းပါးပါး ပုန်းကွယ်ပြီး ကြည့်ရင် ကိစ္စမရှိလောက်ပါဘူး...'

မှော်သားရဲရွာလေးသည် တောင်ကြားတစ်ခုအတွင်းတွင် တည်ရှိပြီး မျက်နှာစာ ၃ ဘက်ကို တောင်တန်းများက ဝန်းရံထားသည်။

ကျန်ရှိနေသော မျက်နှာစာ ၁ ဘက်ကိုမူ ခိုင်ခံ့တောင့်တင်းသော သစ်လုံးတိုင်ကြီးများဖြင့် ကာရံထားကာ သားရဲလှိုင်းလုံးများ၏ တိုက်ခိုက်မှုကို ခုခံရန် အလွန်ထူထဲသော သစ်သားတံတိုင်းကြီးအဖြစ် တည်ဆောက်ထားသည်။

ထိုနေရာသည် ရွာအဝင်အထွက် ပြုလုပ်ရာ ရွာထိပ်ပင် ဖြစ်သည်။ ယခုအချိန်တွင် ရွာထိပ်၌ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းတစ်ခုကို မြင်တွေ့နေရသည်။

သန်မာထွားကျိုင်းသော လူငယ်လူရွယ် ၂၀ မှ ၃၀ ခန့်သည် လက်နက်များကို ဝှေ့ယမ်းကာ ခံတပ်ရိုးပေါ်သို့ ပြေးတက်လာသော သားရဲများကို ဆက်တိုက် တိုက်ခိုက်နေကြသည်။

တစ်ကိုယ်လုံး သွေးကဲ့သို့ နီရဲနေပြီး အရှည် ၃ မီတာခန့်ရှိသော ဓားသွားအစွယ် ကျားရဲကြီးများ ပါဝင်သည်။

မျက်နှာစိမ်းစိမ်းနှင့် အစွယ်များပြူးထွက်နေကာ တစ်ကိုယ်လုံး သံချောင်းကဲ့သို့ စူးချွန်များ ဖုံးလွှမ်းနေသော တောဝက်ကြီးများလည်း ရှိနေသည်။

ကျောဘက်တွင် အတောင်ပံတစ်စုံ ပါရှိပြီး ခန္ဓာကိုယ် အလွန်ကြီးမားလှသော ခေါင်းနှစ်လုံးနှင့် လင်းတကြီးများလည်း ပါဝင်ကြသည်။

အလွန်ကြမ်းကြုတ်ရက်စက်သော သားရဲကောင်ရေ ရာချီနီးပါးသည် ဒေါသတကြီး ဟိန်းဟောက်နေကြပြီး သေရမည်ကိုပင် မကြောက်ရွံ့ဘဲ ခံတပ်ရိုးပေါ်သို့ ရူးသွပ်စွာ ပြေးတက်တိုက်ခိုက်နေကြသည်။

သားရဲအချို့ သေဆုံးသွားလျှင်တောင် ကျန်ရစ်နေသော သားရဲများက နောက်ဆုတ်မသွားကြဘဲ မှော်ဝင်နေသည့်အလား ရူးသွပ်စွာဖြင့် ရှေ့သို့သာ တိုးဝင်လာကြသည်။

တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ် ဦးဆောင်သော အစောင့်တပ်ဖွဲ့ဝင်များသည် လူသတ်စက်ရုပ်များအလား ခံတပ်ရိုးပေါ်သို့ ပြေးတက်လာသော သားရဲများကို ဆက်တိုက် ခုတ်ထစ်သတ်ဖြတ်နေကြသည်။

သွေးများ နေရာအနှံ့ ပန်းထွက်နေပြီး ပြတ်တောက်သွားသော ခြေလက်အင်္ဂါအစိတ်အပိုင်းများကလည်း လေထဲတွင် လွင့်စင်နေသည်။

ပြင်းထန်လှသော သွေးညှီနံ့များက မုန်လဲ့၏ အာရုံကြောများကို လှုံ့ဆော်နေရာ သူ၏ အစာအိမ်ထဲတွင် ကမောက်ကမဖြစ်လာပြီး မနေ့ညက စားထားသော ထမင်းများကိုပင် ပြန်အန်ထွက်မတတ် ဖြစ်သွားရသည်။

အင်တာနက်ကမ္ဘာထဲတွင်သာ ကျင်လည်ခဲ့ရသော ကီးဘုတ်သမားလေးတစ်ယောက် အနေဖြင့် ဤမျှ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းမျိုးကို မည်သည့်နေရာတွင် မြင်ဖူးပါမည်နည်း။

အတန်ကြာမှသာ မုန်လဲ့မှာ အနည်းငယ် အသားကျလာပြီး သူ၏ အကြည့်များက တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်၏ လက်ထဲရှိ ဓားကြီးပေါ်သို့ မရည်ရွယ်ဘဲ ကျရောက်သွားသည်။

'အဲ့ဒါက... တိုက်ခိုက်ရေးစွမ်းအင်လား...'

တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်၏ လက်ထဲရှိ ဓားကြီးပေါ်တွင် အဝါနုရောင် အလင်းဝန်းတစ်ခု ရစ်သိုင်းလွှမ်းခြုံထားရာ သံမဏိကို ရွှံ့စေးအလား ခုတ်ဖြတ်နိုင်သော နတ်လက်နက်တစ်ပါးကဲ့သို့ သားရဲများကို ထက်ပိုင်း လွယ်ကူစွာ ခုတ်ဖြတ်ပစ်လိုက်သည်။

သူ၏ သားရဲများကို သတ်ဖြတ်သည့် အရှိန်မှာ အခြားလူများထက် အလွန်မြန်ဆန်နေပြီး လူသတ်စက်ရုပ်တစ်ရုပ်နှင့်ပင် တူနေတော့သည်။

'ရွာရဲ့ အစွမ်းအထက်ဆုံးသူလို့ ခေါ်ရလောက်ပါပေတယ်...'

မုန်လဲ့၏ မျက်လုံးများထဲတွင် အားကျသည့် အရိပ်အယောင်များ ပြည့်နှက်သွားသည်။

'ငါသာ ဒီလောက် အစွမ်းထက်ခဲ့ရင် သိပ်ကောင်းမှာပဲ...'

'ဒင်... ကျလာသော ပစ္စည်းကို တွေ့ရှိပါသည်... ကောက်ယူမည်လား...'

"ကောက်မယ်..."

စစ်မြေပြင်တွင် အလင်းတန်းလေးများ အများအပြား ကျလာသည်ကို မုန်လဲ့ မြင်တွေ့လိုက်ရရာ အလွန်တရာ စူးရှတောက်ပနေသည်။

အကယ်၍ ဤပစ္စည်းများကိုသာ ကောက်ယူနိုင်ခဲ့ပါက သူ၏ စွမ်းအားများ အဆမတန် တိုးတက်လာမည် မဟုတ်ပါလော။

'ဒင်... ကျလာသော ပစ္စည်းကို တွေ့ရှိပါသည်... ကောက်ယူမည်လား...'

"ကောက်မယ်..."

'ဒင်... ကောက်ယူခြင်း အောင်မြင်ပါသည်... ပိုင်ရှင်၏ ခွန်အား ၃ မှတ် တိုးလာပါသည်...'

'ဒင်... ကောက်ယူခြင်း အောင်မြင်ပါသည်... ပိုင်ရှင်၏ စိတ်စွမ်းအင် ၁ မှတ် တိုးလာပါသည်...'

'ဒင်... ကောက်ယူခြင်း အောင်မြင်ပါသည်... ပိုင်ရှင်၏ ခွန်အား ၂ မှတ် တိုးလာပါသည်...'

နွေးထွေးသော စီးဆင်းမှုများ ဆက်တိုက် ထွက်ပေါ်လာပြီး မုန်လဲ့၏ ခွန်အားနှင့် စိတ်စွမ်းအင်များကို လျင်မြန်စွာ အားဖြည့်ပေးနေသည်။

ဤကဲ့သို့ ဆက်တိုက် အားဖြည့်ပေးမှုနှင့်အတူ အလွန်တရာ သက်သောင့်သက်သာရှိသော ခံစားမှုကြီး ပူးတွဲပါလာရာ ဖော်ပြရန်ပင် ခက်ခဲလှသည်။

ခွန်အားများ ဆက်တိုက် ကြီးမားလာသည်။

တွေးခေါ်နိုင်စွမ်းများ ပို၍ ကြည်လင်လာသည်။

'ဟုတ်တယ်... ဒီလိုမျိုးလေး...'

'စွမ်းအားကြီးလာနေပြီ... ငါ ပိုပြီး စွမ်းအားကြီးရမယ်...'

"မင်း ဒီကို ဘာလာလုပ်တာလဲ..."

ထိုစဉ် သူ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်သော ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ဒီနေရာက မင်းလာလို့ရတဲ့ နေရာလား... အခုချက်ချင်း အိမ်ပြန်သွားစမ်း..."

မုန်လဲ့ ခေါင်းမော့ကြည့်လိုက်ရာ တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

မျက်မြင်မရသော ဖိအားတစ်ခုက သူ၏ မျက်နှာဆီသို့ ရိုက်ခတ်လာရာ ဒေါသထွက်နေသော ခြင်္သေ့ထီးကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသည့်အလား ပင်။

မုန်လဲ့၏ ရင်ထဲတွင် တုန်ရီသွားပြီး ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။

"လိုင်ယိုက ဘာတွေလုပ်နေလို့ မင်းကို အပြင်ထွက်ခွင့် ပေးလိုက်ရတာလဲ..."

ဟာဒက်စ်က လက်ကိုဝှေ့ယမ်းကာ ဝက်ပုံစံ သားရဲတစ်ကောင်ကို ထက်ပိုင်း ခုတ်ဖြတ်လိုက်သည်။

"မင်း အခုချက်ချင်း ခိုလှုံရေးစခန်းကို ပြန်သွား..."

မုန်လဲ့က ရှင်းပြရန် ပြင်လိုက်စဉ် ရှည်လျားပြီး စူးရှသော သားရဲဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

တစ်ကိုယ်လုံး မီးတောက်များကဲ့သို့ နီရဲနေပြီး နွားလားကဲ့သို့ ကြီးမားသော ဝံပုလွေပုံစံ သားရဲကြီးတစ်ကောင်က သားရဲလှိုင်းလုံးများ၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အလွန်တရာ ကြမ်းကြုတ်ရက်စက်သော သားရဲများမှာမူ လိမ္မာရေးခြားရှိစွာဖြင့် လမ်းဖယ်ပေးနေကြသည်။

ဝံပုလွေပုံစံ သားရဲကြီးသည် ကျက်သရေရှိသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး ၎င်း၏ မျက်လုံးနှစ်လုံးအတွင်းတွင် မီးတောက်ငယ်နှစ်ခု တောက်ပနေသည်။

ရုတ်တရက် ၎င်းက အပေါ်သို့ ခုန်တက်လိုက်ပြီး ဘတ်စကက်ဘောလုံးအရွယ်အစားရှိ မီးလုံးကြီးတစ်လုံးကို ပါးစပ်ထဲမှ မှုတ်ထုတ်လိုက်သည်။

မီးလုံးကြီးအတွင်းတွင် အလွန်ပြင်းထန်သော အပူချိန်များ ပါဝင်နေပြီး အဝေးတွင် ရှိနေလျှင်တောင် မုန်လဲ့၏ မျက်နှာပေါ်သို့ ပူလောင်မှုများ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

'ဝံပုလွေလား...'

'မီးမှုတ်နိုင်တဲ့ ဝံပုလွေလား...'

'ဒါက မှော်သားရဲဆိုတာလား...'

All Chapters