အခန်း ၅
Vol. 1 Ch. 5
အခန်း ၅ ပြိုင်ဘက်ကင်းစနစ်၊ မီးဝံပုလွေဘုရင် သေဆုံးခြင်း။
သွေးနီရဲရဲများသည် မြစ်တစ်စင်းအလား စီးဆင်းနေသည်။ နှာခေါင်းရှုံ့ချင်စရာကောင်းသော သွေးညှီနံ့များက ရွာထိပ်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည်။
သန်မာထွားကျိုင်းသော လူငယ်လူရွယ် ၂၀ မှ ၃၀ ခန့်သည် ခံတပ်ရိုးကို နေရာယူထားပြီး သားရဲများကို ဆက်တိုက် သတ်ဖြတ်နေကြသည်။ သို့သော် သားရဲများမှာ သတ်၍မကုန်နိုင်သည့်အလား အဆက်မပြတ် ထွက်ပေါ်လာနေပြီး သတ်လေပိုများလေ ဖြစ်လာကာ သားရဲလှိုင်းလုံးများ ဆုတ်ခွာသွားမည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။
အစောင့်တပ်ဖွဲ့ဝင်များမှာ တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်လာကြပြီး တိုက်ခိုက်နိုင်စွမ်းများလည်း ဆက်တိုက် ကျဆင်းလာရာ အခြေအနေမှာ အစောင့်တပ်ဖွဲ့အတွက် တဖြည်းဖြည်း ဆိုးရွားလာတော့သည်။
"ဒီတိုင်းဆက်သွားလို့တော့ မဖြစ်တော့ဘူး... ငါတို့ ကြာကြာတောင့်ခံထားနိုင်မှာ မဟုတ်ဘူး..."
"တပ်ဖွဲ့ခေါင်းဆောင်... အဲ့ဒီမီးဝံပုလွေကို သတ်ဖို့ မြန်မြန် နည်းလမ်းရှာပါ... မဟုတ်ရင် သားရဲလှိုင်းလုံးတွေက ဆုတ်ခွာသွားမှာ မဟုတ်ဘူး..."
အဖော်များ၏ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် မီးဝံပုလွေဘုရင်နှင့် အသည်းအသန် တိုက်ခိုက်နေရသော ဟာဒက်စ်မှာ ရင်ထဲတွင် မီးလောင်နေသည့်အလား ပူလောင်နေသည်။ သားရဲလှိုင်းလုံးများ ဆုတ်ခွာမသွားခြင်း၏ အဓိကအကြောင်းရင်းမှာ ဤမီးဝံပုလွေဘုရင်ကြောင့်ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
၎င်းသည် ဤသားရဲလှိုင်းလုံးကြီး၏ ခေါင်းဆောင် ဖြစ်နိုင်ခြေ အလွန်များပြားလှသည်။ မီးဝံပုလွေဘုရင် မသေဆုံးသရွေ့ သားရဲလှိုင်းလုံးများ ဆုတ်ခွာသွားမည် မဟုတ်ချေ။
ပြဿနာမှာ သူသည် မီးဝံပုလွေဘုရင်ကို သတ်ဖြတ်ရန် လုံးဝ မဖြစ်နိုင်ခြင်းပင် ဖြစ်သည်။ မီးဝံပုလွေဘုရင်နှင့် တိုက်ခိုက်ရာတွင် သူသည် အမြဲတမ်း အောက်စီးမှသာ နေနေရသည်။ မီးဝံပုလွေဘုရင်ကို သတ်ဖြတ်ရန်ဆိုသည်မှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်နှင့် တူညီနေရာ ဟာဒက်စ်မှာ စိတ်ထဲတွင်သာ ဗျာများနေရတော့သည်။
အခြားတစ်ဖက်ရှိ မုန်လဲ့မှာမူ အခြေအနေများ အလွန်ကောင်းမွန်နေသည်။
'ဒင်... အစိမ်းရောင်အကြေးခွံစပါးအုံးမြွေ ၁ ကောင် သတ်ဖြတ်မှုအတွက် ရွှေပြား ၂၀ ပြား ရရှိပါသည်...'
'ဒင်... ကောက်ယူနိုင်သော ပစ္စည်းကို တွေ့ရှိပါသည်... ကောက်ယူမည်လား...'
'ဒင်... လေပြင်းဝံပုလွေ ၁ ကောင် သတ်ဖြတ်မှုအတွက် ရွှေပြား ၁၈ ပြား ရရှိပါသည်...'
၁၀ မိနစ်ပင် မပြည့်သေးသော အချိန်အတွင်း မုန်လဲ့သည် သားရဲ ၅ ကောင်ကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့ပြီး ရွှေပြား ၁၀၀ ကျော်ကို စုဆောင်းနိုင်ခဲ့သည်။ ထို့အပြင် အလင်းတန်း ၄ ခုကိုလည်း ကောက်ယူနိုင်ခဲ့ရာ ၎င်းတို့အထဲတွင် ခွန်အား အလင်းတန်း ၃ ခုနှင့် စိတ်စွမ်းအင် အလင်းတန်း ၁ ခု ပါဝင်သည်။
သူ၏ အချက်အလက်များမှာလည်း တိတ်တဆိတ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ပိုင်ရှင် - မုန်လဲ့
မျိုးနွယ် - လူသား
ပိုင်ဆိုင်မှု - ရွှေပြား ၁၀၈ ပြား
ခွန်အား - အလုပ်သင်စစ်သည်တော် ၂၀ / ၁၀၀
စိတ်စွမ်းအင် - သာမန်လူ ၅ / ၁၀
မှော်စွမ်းအင် - ၀ / ၁၀
ကျွမ်းကျင်မှုစွမ်းရည် - မီးလုံးအတတ်
ခွန်အားမှာ အစပိုင်းက ၀.၅ မှနေ၍ ယခုအခါ ၂၀ အထိ ရောက်ရှိလာခဲ့ရာ အဆ ၄၀ တိတိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ စိတ်စွမ်းအင်မှာလည်း အစပိုင်းက ၁ မှနေ၍ ၅ အထိ ရောက်ရှိလာခဲ့ရာ ၅ ဆ တိတိ မြင့်တက်လာခဲ့သည်။ ထို့အပြင် ပိုင်ဆိုင်မှုမှာလည်း ရွှေပြား ၁၀၈ ပြားအထိ ရှိနေပြီ ဖြစ်သည်။
ဤအရာမှာ နည်းပါးသော ပမာဏ လုံးဝ မဟုတ်ချေ။ မှော်သားရဲရွာလေးရှိ သာမန်ရွာသားများ၏ ၁ လစာ အသုံးစရိတ်မှာ ရွှေပြား အနည်းငယ်ခန့်သာ ရှိရာ ရွှေပြား ၁၀၈ ပြားဆိုသည်မှာ သူတို့အတွက် ၂ နှစ် ၃ နှစ်ခန့် သုံးစွဲရန် လုံလောက်ပေသည်။
'အချိန် ၁၅ မိနစ်တောင် မပြည့်သေးဘူး...'
'ငါ ဒီလောက်တောင် စွမ်းအားကြီးလာတာလား...'
'ဒီစနစ်က တကယ့်ကို ပြိုင်ဘက်ကင်းလွန်းနေတာပဲ...'
ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာမတတ် ဖြစ်နေသော ကြီးမားလှသည့် စွမ်းအားများကို ခံစားရင်း မုန်လဲ့မှာ ကောင်းကင်ကိုမော့ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ချင်စိတ်များ ပေါက်လာသည်။
'ဒီလိုမျိုး ပြိုင်ဘက်ကင်းလွန်းတဲ့ ကိုယ်ပိုင်ထူးခြားစွမ်းအင်မျိုး ရှိနေမှတော့ ငါ မမိုက်ချင်ရင်တောင် မရတော့ဘူးထင်တယ်...'
"အား..."
ထိုစဉ် သနားစဖွယ် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ဟာဒက်စ်မှာ လေထဲသို့ လွင့်စင်သွားကာ ခံတပ်ရိုးပေါ်သို့ ပြုတ်ကျသွားသည်။ ခံတပ်ရိုးကြီးမှာ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး သူ၏ ရင်ဘတ်တစ်ခုလုံးမှာ မည်းတူးနေကာ အဝတ်အစားများမှာလည်း မီးလောင်နေသည်။ မီးလုံးတစ်လုံး၏ အထိခံလိုက်ရကြောင်း သိသာထင်ရှားလှသည်။
"တပ်ဖွဲ့ခေါင်းဆောင်..."
"ဘာဖြစ်သွားသေးလဲ တပ်ဖွဲ့ခေါင်းဆောင်..."
"တပ်ဖွဲ့ခေါင်းဆောင်... ဘယ်လိုနေသေးလဲ..."
ရုတ်တရက် ဖြစ်ပေါ်လာသော ဤမြင်ကွင်းကြောင့် အစောင့်တပ်ဖွဲ့ဝင် အားလုံး ထိတ်လန့်သွားကြသည်။ သူတို့၏ တပ်ဖွဲ့ခေါင်းဆောင်သည် အဆင့် ၂ စစ်သည်တော်တစ်ဦး ဖြစ်ပါလျက် အဆင့် ၁ မှော်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခြင်းမှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။
"ဝူး..."
တိုက်ခိုက်မှု အောင်မြင်သွားပြီးနောက် မီးဝံပုလွေဘုရင်သည် ကျက်သရေရှိသော ခြေလှမ်းများဖြင့် ဟာဒက်စ်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ ၎င်း၏ ပါးစပ်ထဲတွင် မီးဓာတ်မှော်စွမ်းအင်များ စုစည်းလာပြီး မီးလုံးကြီးတစ်လုံး ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။ ၎င်းသည် ဟာဒက်စ်ကို အသေသတ်ရန် နောက်ဆုံး အဆုံးအဖြတ် တိုက်ခိုက်မှုကို ပြုလုပ်တော့မည် ဖြစ်သည်။
"တပ်ဖွဲ့ခေါင်းဆောင်..."
"တပ်ဖွဲ့ခေါင်းဆောင်ကို ကာကွယ်ကြ..."
"တိရစ္ဆာန်ကောင်... တပ်ဖွဲ့ခေါင်းဆောင် အနားကနေ ထွက်သွားစမ်း..."
အစောင့်တပ်ဖွဲ့ဝင်များမှာ မျက်နှာများ ဖြူရော်သွားကြပြီး ဒေါသတကြီး အော်ဟစ်ကာ မီးဝံပုလွေဘုရင်ဆီသို့ ပြေးဝင်သွားကြသည်။
"ဘယ်သူမှ မလာခဲ့ကြနဲ့..."
ဟာဒက်စ်က အသံကုန်ဟစ်ကာ လှမ်းအော်လိုက်သည်။
"ငါ့ကို ဂရုစိုက်မနေကြနဲ့... မင်းတို့ တာဝန်ကိုပဲ မင်းတို့ သေချာလုပ်ကြ... သားရဲလှိုင်းလုံးတွေ ခံတပ်ရိုးကို ဖြိုဖျက်သွားခွင့် မပေးလိုက်နဲ့..."
"တပ်ဖွဲ့ခေါင်းဆောင်..."
အစောင့်တပ်ဖွဲ့ဝင်များ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေကြသည်။
"မင်းတို့က ငါ့စကားကိုတောင် နားမထောင်တော့ဘူးလား..."
တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်က အံကြိတ်ကာ ရုန်းကန်ထရပ်လိုက်သည်။
"ခံတပ်ရိုးကိုသာ သေချာစောင့်ရှောက်ကြ... ဒီတိရစ္ဆာန်ကောင်က ငါ့အပိုင်ပဲ..."
"တပ်ဖွဲ့ခေါင်းဆောင်..."
လူတိုင်း၏ မျက်လုံးများ နီရဲနေကြသော်လည်း တပ်ဖွဲ့ခေါင်းဆောင်၏ အမိန့်ကိုမူ မည်သူမျှ မဆန့်ကျင်ရဲကြချေ။ တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်သည် မှော်သားရဲရွာ တစ်ရွာလုံးတွင် အလွန်တရာ ဩဇာလွှမ်းမိုးမှု ရှိသူဖြစ်ရာ သူ၏ စကားကို မည်သူမျှ သံသယမဝင်ရဲကြချေ။
"တိရစ္ဆာန်ကောင်... သတ္တိရှိရင် လာခဲ့စမ်း..."
တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်၏ မျက်နှာထားမှာ အလွန်တရာ ကြမ်းကြုတ်ရက်စက်နေပြီး လက်ထဲရှိ ဓားကြီးဖြင့် မီးဝံပုလွေဘုရင်ကို ချိန်ရွယ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဝူး..."
မီးဝံပုလွေဘုရင်က ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး ပါးစပ်ကိုဟကာ မီးလုံးကြီးကို မှုတ်ထုတ်လိုက်သည်။
"တိရစ္ဆာန်ကောင်... လာစမ်းပါ... ငါက မင်းကို ကြောက်နေမယ် ထင်နေလား..."
ရှေ့တည့်တည့်မှ ပြေးဝင်လာသော ပြင်းထန်သည့် အပူချိန်ရှိ မီးလုံးကြီးကို ကြည့်ရင်း ဟာဒက်စ်က လက်ထဲရှိ ဓားကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ပြတ်သားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
'ဒီအခြေအနေထိ ရောက်မှတော့ တိုက်ခိုက်ရေးစွမ်းအင်တွေကို လောင်ကျွမ်းစေပြီး အသေခံတိုက်ဖို့ပဲ ရှိတော့တယ်...'
"ဝုန်း..."
မီးလုံးကြီးက အလွန်လျင်မြန်စွာ ပြေးဝင်လာပြီး တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်ကို အထိခံရတော့မည့် ဆဲဆဲအချိန်လေးတွင် ဘေးဘက်မှ နောက်ထပ် မီးလုံးတစ်လုံး ရုတ်တရက် ပြေးထွက်လာကာ မီးဝံပုလွေဘုရင်၏ မီးလုံးကြီးကို တိကျစွာ သွားရောက်တိုက်မိတော့သည်။
မီးလုံးနှစ်လုံးမှာ တစ်ခဏအတွင်းမှာပင် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
မီးတောက်မီးလျှံများ ကောင်းကင်ယံအထိ ထိုးတက်သွားပြီး မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။ ဖုန်တောကြီးများ ထောင်းထောင်းထသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ပွသွားတော့သည်။
'ဘာအခြေအနေကြီးလဲ...'
ဟာဒက်စ်မှာ မှင်သက်သွားသည်။
အစောင့်တပ်ဖွဲ့ဝင်များလည်း မှင်သက်သွားကြသည်။
မီးဝံပုလွေဘုရင်ကြီး ကိုယ်တိုင်လည်း ကြောင်အမ်းသွားတော့သည်။
'မီးလုံးလား...'
'မီးလုံးက ဘယ်ကနေ ရောက်လာတာလဲ...'
"တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်... အဲ့ကောင်ကို အရင်သတ်လိုက်..."
မုန်လဲ့က မီးဝံပုလွေကို လက်ညှိုးထိုးကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"မုန်လဲ့လေး..."
ဟာဒက်စ်မှာ တွေဝေသွားသော်လည်း မုန်လဲ့၏ ညာဘက်လက်ချောင်းများကို မြင်တွေ့လိုက်ရချိန်တွင်မူ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားတော့သည်။
"မီးတောက်လား... မင်းက မှော်ပညာကိုတောင် သုံးတတ်တာလား..."
ပြင်းထန်လှသော အနီရောင် မီးတောက်ငယ်လေးတစ်ခုသည် မုန်လဲ့၏ လက်ချောင်းထိပ်များပေါ်တွင် ယိမ်းယိုင်နေပြီး အလွန်အမင်း ပူပြင်းလှသော အပူချိန်များကို ထုတ်လွှတ်နေသည်။ ဤမီးတောက်ငယ်လေးအတွင်း၌ ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေကြောင်း မည်သူမျှ သံသယဝင်ရဲမည် မဟုတ်ချေ။
"တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်... အဲ့ဒီမီးဝံပုလွေကို သတ်ပြီး သားရဲလှိုင်းလုံးတွေကို တားဆီးပြီးမှပဲ ကျန်တာ ဆက်ပြောကြတာပေါ့..."
တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်၏ ခံစားချက်ကို မုန်လဲ့ နားလည်နိုင်သော်လည်း ယခုအချိန်မှာ ရှင်းပြနေရမည့်အချိန် လုံးဝ မဟုတ်ပေ။ အရေးအကြီးဆုံးကိစ္စမှာ မီးဝံပုလွေကို သတ်ဖြတ်ပြီး သားရဲလှိုင်းလုံးများကို တားဆီးရန်သာ ဖြစ်သည်။
တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်က ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။
"မင်းပြောတာ မှန်တယ်... ဒီတိရစ္ဆာန်ကောင်ကို သတ်ပြီးမှပဲ ဆက်ပြောကြတာပေါ့... မင်းက အနောက်ကနေ မှော်ပညာနဲ့ ခိုးတိုက်ပြီး အဲ့ကောင်ရဲ့ လှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေး... ငါက အရှေ့ကနေ ရင်ဆိုင်မယ်... ငါတို့ ပူးပေါင်းပြီး ဒီတိရစ္ဆာန်ကောင်ကို သတ်ကြရအောင်..."
စကားဆုံးသည်နှင့် သူသည် နောက်ဆုံး ကျန်ရစ်နေသော ခွန်အားများကို အသုံးချကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။
ဤတစ်ကြိမ်တွင်မူ တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်မှာ မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေပြီး မြှားတစ်စင်းအလား ပြေးထွက်သွားရာ မီးဝံပုလွေဘုရင်၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ ထို့နောက် လက်ထဲရှိ ဓားကြီးကို ဝှေ့ယမ်းကာ မီးဝံပုလွေဘုရင်၏ ခေါင်းကို တိုက်ရိုက် ခုတ်ချလိုက်တော့သည်။
"ဝူး..."
မီးဝံပုလွေဘုရင်က ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး ခြေသည်းလေးဖက်ဖြင့် မြေပြင်ကိုကုပ်ကာ နောက်သို့ ဆုတ်ခွာသွားသည်။ ယခင်ကဆိုလျှင် ၎င်းသည် အလွယ်တကူ ရှောင်တိမ်းနိုင်မည် ဖြစ်ပြီး မီးလုံးတစ်လုံးကိုပါ မှုတ်ထုတ်ကာ ရှောင်တိမ်းနေရင်း တိုက်ခိုက်နိုင်မည် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် မီးဝံပုလွေဘုရင် အပေါ်သို့ ခုန်တက်လိုက်သည်နှင့် လေထုကို ခွဲထုတ်ကာ ပြေးဝင်လာသော မီးလုံးတစ်လုံးသည် မီးဝံပုလွေဘုရင်၏ ဝမ်းဗိုက်ကို တည့်မတ်စွာ သွားရောက်ထိမှန်တော့သည်။
"ဝုန်း..."
မီးလုံးကြီးမှာ ချက်ချင်း ပေါက်ကွဲသွားသည်။ ပေါက်ကွဲသွားသော လက်ပစ်ဗုံးတစ်လုံးအလား အလွန်တရာ ပူပြင်းလှသော မီးတောက်မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာသည်။
"ဝူး..."
မီးဝံပုလွေဘုရင်ထံမှ သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ခါးကြီး ကော့တက်သွားတော့သည်။
"အခွင့်အရေးပဲ..."
တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်နင်းကာ လျှပ်စီးတစ်တန်းအလား ပြေးဝင်သွားသည်။ ဓားကြီး၏ မျက်နှာပြင်ပေါ်တွင် အဝါနုရောင် အလင်းဝန်းတစ်ခု ဖုံးလွှမ်းသွားပြီး ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။
"ဖတ်..."
သွေးများ ပန်းထွက်လာပြီး မီးဝံပုလွေမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
"ထပ်ခုတ်မယ်..."