← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆ မီးနဂါးမြို့တော်နှင့် အပေါင်းအဖော် သုံးဦး

နောက်ရက်များတွင် လူငါးဦးမှာ တောအုပ်အစွန်အဖျားတွင် ဆက်လက် ခရီးနှင်ကာ တစ်နေ့လျှင် အဆင့် ၂ မှော်သားရဲ သုံးလေးကောင်နှုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်နေကြသည်။

အမြီးခြောက်ခု အဆိပ်ကင်းခြေများ၊ သွေးဆာနေသော အနီရောင်ပုရွက်ဆိတ်များ၊ ရွှေရောင်မျက်လုံး လင်းနို့များ၊ ရွှံ့ညွန်မိကျောင်းကြီးများ အစရှိသဖြင့်။

မုန်လဲ့က နေ့ဘက်တွင် အလင်းတန်းများ ကောက်ယူကာ ရွှေပြားများ စုဆောင်းပြီး ညဘက်တွင်မူ တရားထိုင်ခြင်းဖြင့် စိတ်စွမ်းအင်နှင့် မှော်စွမ်းအင်များကို မြှင့်တင်နေသည်။ သူ၏ စွမ်းအားများမှာ တစ်နေ့ထက်တစ်နေ့ လျင်မြန်စွာ တိုးတက်လာနေတော့သည်။

သို့သော် လောကတွင် မခွဲခွာရသော ပွဲလမ်းသဘင် ဆိုသည်မှာ မရှိချေ။

တစ်ပတ်ခန့် ကြာပြီးနောက် အယ်လီဆန်တို့ လေးဦး၏ လေ့ကျင့်ရေး ခရီးစဉ်မှာ အဆုံးသတ်သွားပြီ ဖြစ်သည်။ ကျောင်းပိတ်ရက် ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ကျောင်းသို့ ပြန်ရတော့မည် ဖြစ်ပြီး မုန်လဲ့ကလည်း ရွာသို့ ပြန်ရတော့မည် ဖြစ်သည်။

လူတိုင်းမှာ ဝမ်းနည်းစွာဖြင့် လမ်းခွဲခဲ့ကြတော့သည်။

"မုန်လေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."

မုန်လဲ့ ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ဟာဒက်စ်မှာ နောက်ဆုံးတော့ စိတ်အေးသွားတော့သည်။ ရက်နှစ်ဆယ်ကျော် ကြာသည်အထိ ပြန်မရောက်လာသဖြင့် မုန်လဲ့ တစ်ခုခု ဖြစ်သွားပြီလားဟု သူ အလွန်တရာ စိုးရိမ်နေခဲ့ရသည်။ ယခုမှ ပြန်ရောက်လာတော့သည်။

"ကျွန်တော်က တောအုပ်အစွန်အဖျားမှာပဲ လှုပ်ရှားနေတာပါ... ဘာအန္တရာယ်မှ မရှိပါဘူး..."

မုန်လဲ့က ပြုံးကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

"တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်... ကျွန်တော်တို့ အခု ထွက်သွားရင် မှော်ပညာ စမ်းသပ်ပွဲကို အမီ ရောက်နိုင်ပါဦးမလား..."

"မှော်ပညာသင်တန်းကျောင်း ဖွင့်ဖို့က ရက်အနည်းငယ်ပဲ လိုတော့တယ်..."

ဟာဒက်စ်က ခေါင်းခါပြလိုက်သည်။

"ငါတို့ရွာက မြို့တော်နဲ့ သိပ်မဝေးလို့ တော်သေးတာပေါ့... ငါးရက်လောက်ပဲ သွားရတာ... မဟုတ်ရင်တော့ မုန်လေး ငိုရတော့မှာပဲ..."

"အမီရောက်ရင် တော်ပါသေးတယ်..."

မုန်လဲ့က သက်ပြင်းချလိုက်သည်။ မီးနဂါးတိုင်းပြည်သည် နဂါးနတ်ဘုရားအင်ပါယာ၏ အနောက်ဘက်ဆုံးတွင် တည်ရှိပြီး မှော်သားရဲတောင်တန်းကြီးနှင့် အနီးဆုံး ဖြစ်ရာ အနောက်ဘက် အကာအကွယ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။ မှော်သားရဲများ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် မီးနဂါးတိုင်းပြည်၏ မြို့တော်ကို မှော်သားရဲတောင်တန်းကြီး၏ အစွန်အဖျားတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် မှော်သားရဲရွာလေးနှင့် မြို့တော်မှာ သိပ်မဝေးကွာချေ။

"မုန်လဲ့... ဒီည သေချာ အနားယူလိုက်ဦး... မနက်ဖြန် မနက်စောစော ထွက်ကြမယ်..."

"ဟုတ်ကဲ့ပါ... တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ်..."

တစ်ညလုံး ကောင်းမွန်စွာ အိပ်စက်လိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် မုန်လဲ့ အိပ်ရာမှ ထကာ သေချာစွာ ပြင်ဆင်ပြီးနောက် ဟာဒက်စ်၏ အိမ်သို့ သွားရောက်ခဲ့သည်။ သူ့ကို အံ့အားသင့်စေသည်မှာ ဂျိုအန်နာ၊ ဂျိုးဇက်၊ အန်ဒရူး နှင့် သူတို့၏ မိဘများလည်း ထိုနေရာတွင် ရှိနေကြခြင်းပင် ဖြစ်သည်။

"ဂျိုအန်နာ... နင်တို့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."

မုန်လဲ့က ကလေးသုံးယောက်ကို ကြည့်ကာ အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်သည်။ သူတို့ သုံးယောက်မှာ သူ၏ ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး ရွှံ့တူတူဆော့ကာ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။

"ဟီးဟီး... ငါတို့လည်း ဦးလေး ဟာဒက်စ်နဲ့အတူ မြို့တော်ကို လိုက်သွားပြီး မှော်ပညာ စမ်းသပ်ပွဲ ဝင်မလို့လေ..."

ကြမ်းတမ်းသော ချည်ထည်ဂါဝန်ကို ဝတ်ဆင်ထားသည့် ဂျိုအန်နာက ချစ်စရာကောင်းသော အစွယ်လေးများ ပေါ်အောင် ပြုံးပြကာ ဖြေလိုက်သည်။ သူမသည် သုံးယောက်ထဲတွင် တစ်ဦးတည်းသော မိန်းကလေး ဖြစ်ပြီး အဝတ်အစားများ ဟောင်းနွမ်းနေသော်လည်း လှပသော မျက်နှာလေးကိုမူ မဖုံးကွယ်နိုင်ချေ။ အကယ်၍သာ မှူးမတ်အမျိုးသမီးများ၏ ဂါဝန်များကို ဝတ်ဆင်ထားပါက မည်သည့် သခင်မလေးထက်မှ နိမ့်ကျမည် မဟုတ်ချေ။

"ဪ... အဲ့လိုကိုး..." မုန်လဲ့က ခေါင်းညိတ်လိုက်သည်။

"အစ်ကို မုန်လဲ့... ဦးလေး ဟာဒက်စ် ပြောတာတော့ အစ်ကိုက တောထဲကို တစ်ယောက်တည်း သွားတယ်ဆို... ဘာအန္တရာယ်မှ မရှိခဲ့ဘူးမလား..." ဂျိုအန်နာက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ငါက အစွန်အဖျားမှာပဲ သွားလာလှုပ်ရှားနေတာပါ... ဘာအန္တရာယ် ရှိမှာလဲ..."

မုန်လဲ့က ပြုံးကာ ခေါင်းခါပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"ငါ တစ်ယောက်တည်း မြို့တော်ကို သွားရမယ် ထင်နေတာ... အခုတော့ မင်းတို့ပါ ပါလာတော့ လမ်းခရီးမှာ မပျင်းရတော့ဘူးပေါ့..."

"ဟုတ်တယ် ဟုတ်တယ်... အားလုံး အတူတူ သွားရတော့ အချင်းချင်း ဖေးမကူညီလို့ ရတာပေါ့..."

ဂျိုအန်နာက လက်ခုပ်တီးလိုက်ရာ ပါးပြင်လေးများ ရဲတက်လာသည်။

"ပြောရရင် ငါ ကြီးလာတဲ့အထိ မြို့တော်ကို တစ်ခါမှ မရောက်ဖူးသေးဘူး... မြို့တော်က ဘယ်လိုပုံစံလဲ မသိဘူးနော်..."

"မြို့ရိုးတွေက အရမ်းမြင့်ပြီး နဂါးခေါင်းနဲ့ နဂါးလူသားတွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်..."

"အရမ်းမြင့်တဲ့ အဆောက်အအုံတွေနဲ့ သပ်ရပ်တဲ့ လမ်းမကြီးတွေလည်း ရှိတယ်တဲ့..."

ဂျိုးဇက်နှင့် အန်ဒရူးတို့၏ မျက်လုံးများက တောက်ပနေပြီး မျက်နှာများထက်တွင် မျှော်လင့်ချက်များ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။

"မကြာခင် မြင်ရတော့မှာပါ..."

မုန်လဲ့က ပြုံးလိုက်သည်။ သူတို့ကဲ့သို့ ဝေးလံခေါင်ဖျားသော ရွာလေးမှ ရွာသားများအတွက်မူ သွားလာလှုပ်ရှားနိုင်သော နေရာမှာ ရွာအနီးအနားနှင့် မှော်သားရဲတောင်တန်းကြီး အစွန်အဖျားသာ ရှိပြီး တစ်သက်လုံး မြို့တော်သို့ တစ်ခေါက်မျှပင် ရောက်နိုင်မည် မဟုတ်ချေ။

ဂျိုအန်နာတို့ သုံးယောက် မြို့တော်သို့ သွားနိုင်ခြင်းမှာ မှော်ပညာ စမ်းသပ်ပွဲကြောင့်သာ ဖြစ်သည်။ ကလေးများ၏ ကံကြမ္မာနှင့် သက်ဆိုင်နေသဖြင့်သာ သူတို့၏ မိဘများက ဤမျှ ကြီးမားသော ပေးဆပ်မှုဖြင့် မြို့တော်သို့ ပို့ဆောင်ပေးခြင်း ဖြစ်ပေလိမ့်မည်။

ရွှေပြား ၁၀ ပြား။

မိသားစု သုံးစု၏ နှစ်နှစ် သုံးနှစ်စာ အသုံးစရိတ်နှင့် ညီမျှပေသည်။

ထို့အပြင် ဤသည်မှာ ကျရှုံးနိုင်ခြေ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိသော လောင်းကစား တစ်ခုလည်း ဖြစ်သည်။ ရွှေပြား ၁၀ ပြားမှာ ရေစုန်မျောသွားနိုင်ပြီး ဘာမျှ ပြန်မရနိုင်ချေ။

ထို့ကြောင့် ဂျိုအန်နာတို့ သုံးယောက်၏ မိဘများမှာ အလွန်တရာ ကြီးမားသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ရမည်။ ရွာထဲတွင် ကလေးများ အများအပြား ရှိသော်လည်း ကလေးများကို မှော်ပညာ စမ်းသပ်ပွဲသို့ ပို့ဆောင်ပေးရဲသော ရဲရင့်သူများမှာ သူတို့ သုံးမိသားစုသာ ရှိပေသည်။

"ဂျိုအန်နာ... လမ်းမှာ ဦးလေး ဟာဒက်စ် စကားကို နားထောင်နော်..."

"အန်ဒရူး... သေချာ မှတ်ထားနော်... လိမ္မာအောင် နေ... အပြစ်မလုပ်နဲ့... ပြဿနာ မရှာနဲ့..."

"ဂျိုးဇက်... မြို့တော်က ရွာနဲ့ မတူဘူးနော်..."

ရွာထိပ် တံခါးကြီး ပွင့်သွားပြီးနောက် ဟောင်းနွမ်းနေသော နွားလှည်း တစ်စီးသည် ဂျိုအန်နာတို့ မိဘများ၊ ရွာသားများနှင့် ငယ်သူငယ်ချင်းများ၏ အားကျသော အကြည့်များအောက်တွင် ရွာထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။

ရွာထဲတွင် ကလေးများစွာ ရှိသည်။

သို့သော် ကလေးများကို မှော်ပညာ စမ်းသပ်ပွဲသို့ ပို့ဆောင်ပေးရဲသော မိသားစုမှာ အလွန် နည်းပါးလှပေသည်။

ဟောင်းနွမ်းနေသော နွားလှည်းမှာ ဂျွတ်ဂျွတ်မြည်နေပြီး အလွန်အမင်း တုန်ခါနေကာ ထိုင်ရသည်မှာ လုံးဝ မသက်သာချေ။ သို့သော် ဂျိုအန်နာ၊ ဂျိုးဇက်နှင့် အန်ဒရူးတို့ ကလေးသုံးယောက်မှာမူ အလွန်တရာ စိတ်လှုပ်ရှားနေကြပြီး လမ်းတစ်လျှောက်လုံးတွင် စာကလေးလေးများအလား တတွတ်တွတ် ပြောဆိုနေကြသည်။

သို့သော် သူတို့၏ စိတ်လှုပ်ရှားမှုမှာ နှစ်ရက်သာ ခံလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ ခရီးပန်းလာသဖြင့် ကလေးသုံးယောက်မှာ တဖြည်းဖြည်း မခံနိုင်တော့ဘဲ ဆီးနှင်းရိုက်ခံရသော ခရမ်းသီးများအလား ပျော့ခွေသွားကြတော့သည်။

ဟာဒက်စ်သည် ဤအခြေအနေမျိုး ဖြစ်လာမည်ကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း ကျောင်းဖွင့်ချိန် နီးကပ်နေပြီဖြစ်ရာ အံကြိတ်ကာ မြို့တော်သို့ ရောက်အောင် သွားရမည်သာ ဖြစ်သည်။ ဤအချိန်မျိုးတွင် မည်သူမျှ နောက်ပြန်လှည့်၍ မဖြစ်ချေ။

ငါးရက်တိုင်တိုင် ငြီးငွေ့ဖွယ်ကောင်းသော ခရီးကို နှင်ပြီးနောက် နောက်ဆုံးတွင် မီးနဂါးမြို့တော် သို့ ရောက်ရှိသွားတော့သည်။

မီးနဂါးမြို့တော်။ ၎င်းသည် မီးနဂါးတိုင်းပြည်၏ မြို့တော်ဖြစ်ပြီး နဂါးနတ်ဘုရားအင်ပါယာ၏ အနောက်ဘက်တွင် အကြီးဆုံးနှင့် အစည်ကားဆုံး မြို့တော်လည်း ဖြစ်သည်။ မြေပြန့်လွင်ပြင်တွင် တည်ရှိပြီး အရှေ့နှင့် အနောက် မြို့နှစ်ပိုင်း ခွဲခြားထားသည်။

မီးနဂါးတိုင်းပြည်၏ နန်းတော်နှင့် မှူးမတ်ကြီးများ၏ အိမ်တော်များကို အရှေ့ဘက် မြို့တော်တွင် တည်ဆောက်ထားသည်။

အနောက်ဘက် မြို့တော်မှာမူ ကျောင်းများ စုဝေးရာ နေရာဖြစ်ပြီး မှော်ပညာသင်တန်းကျောင်းများနှင့် စစ်သည်တော်သင်တန်းကျောင်း အများစုမှာ ထိုနေရာတွင် တည်ရှိသည်။ ထို့ကြောင့် အနောက်ဘက် မြို့တော်သည် ကမ္ဘာမြေပေါ်ရှိ တက္ကသိုလ်နယ်မြေများနှင့် အလွန် တူညီလှပေသည်။

ထိုနေ့ မွန်းတည့်ချိန်တွင် မုန်လဲ့တို့ အဖွဲ့ မီးနဂါးမြို့တော်သို့ ဝင်ရောက်လာကြသည်။

"ဝိုး..."

မီးနဂါးမြို့တော်၏ စည်ကားသိုက်မြိုက်မှုမှာ မှော်သားရဲရွာလေးနှင့် လုံးဝ ယှဉ်၍မရချေ။ ညီညာပြန့်ပြူးသော လမ်းမကြီးများ၊ ဖြူဖွေးသန့်စင်နေသော အဆောက်အအုံများ၊ မျိုးစုံလင်လှသော ကုန်ပစ္စည်းများနှင့် သွားလာလှုပ်ရှားနေသော လူအုပ်ကြီးများ။

ကလေးသုံးယောက်မှာ မျက်စိများပင် ပြာသွားပြီး မြို့ကြီးသို့ ရောက်လာသော တောသားလေးများအလား ဖြစ်နေတော့သည်။

"ဒီနေရာက မြို့တော်လား... အရမ်းလှတာပဲ..."

ဂျိုအန်နာ၏ မျက်လုံးများက တောက်ပနေပြီး ဟိုကြည့်ဒီကြည့်ဖြင့် အလွန်တရာ တက်ကြွနေသော စာကလေးလေး တစ်ကောင်အလား ဖြစ်နေသည်။ သို့သော် ဂျိုးဇက်နှင့် အန်ဒရူးတို့ ကောင်လေးနှစ်ယောက်မှာမူ ရုတ်တရက် အနေခက်သွားကြပြီး လျှော်တေအင်္ကျီစများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။

"တောသားတွေ..."

လမ်းသွားလမ်းလာ မှူးမတ် အမျိုးသမီးများက ခေတ်မီဆန်းသစ်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လှပသော လက်ဝတ်ရတနာများကို ဆင်ယင်ထားကာ မွှေးပျံ့သော ရေမွှေးများကို ဆွတ်ဖြန်းထားကြပြီး မုန်လဲ့တို့ အဖွဲ့ကို အထင်သေးသော အကြည့်များဖြင့် ကြည့်ရှုသွားကြသည်။

မြို့တော်တွင် မွေးဖွားလာသော မှူးမတ် အမျိုးသမီးများသည် မွေးရာပါ မြင့်မြတ်မှုများကို ပိုင်ဆိုင်ထားကြရာ မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဂျိုးဇက်နှင့် အန်ဒရူးတို့ကို အလွန်အမင်း သိမ်ငယ်သွားစေပြီး သူတို့ကို မျက်လုံးချင်းပင် မဆုံရဲအောင် ဖြစ်သွားစေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဟာဒက်စ်က ခေါင်းခါယမ်းလိုက်ပြီး ဘာမှ မပြောတော့ချေ။ မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်လာသူတိုင်း ဤသို့ပင် ဖြစ်တတ်ကြသည်။ သူလည်း အစပိုင်းတွင် ဂျိုးဇက်တို့ထက်ပင် ဆိုးရွားခဲ့သေးသည်။

အချိန်ကြာလာသည်နှင့်အမျှ အသားကျသွားမည်သာ ဖြစ်သည်။

သို့သော် အသားကျရန် အခွင့်အရေး ရရှိဖို့က အရေးကြီးပေသည်။

ဟာဒက်စ်ကို အံ့အားသင့်စေသည်မှာ မုန်လဲ့ပင် ဖြစ်သည်။ မုန်လဲ့သည် သွားလာလှုပ်ရှားနေသော လူအုပ်ကြီးကို စိတ်ဝင်တစား ကြည့်ရှုနေပြီး အနည်းငယ်မျှပင် ကြောက်ရွံ့သိမ်ငယ်နေသည့် အသွင် မရှိချေ။

"ဒီကလေးရဲ့ စိတ်ဓာတ်က သာမန်လူတွေနဲ့ လုံးဝ မတူဘူးပဲ..."

ဟာဒက်စ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ကလေးလေးယောက်ကို ခေါ်ဆောင်ကာ အနောက်ဘက် မြို့တော်သို့ ဦးတည်သွားလိုက်သည်။

ထိုနေရာသည် ကျောင်းများ စုဝေးရာ နေရာဖြစ်ပြီး မှော်ပညာ ပါရမီ စမ်းသပ်သည့် နေရာများလည်း ရှိကာ ကလေးများ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် နေရာလည်း ဖြစ်ပေသည်။

All Chapters