အခန်း ၂၅
Vol. 3 Ch. 25
အခန်း ၂၅ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ကျောင်းသားသစ် စမ်းသပ်ပွဲ
ရင်ပြင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ဝတုတ်လေး ဟတ်မှာ အနောက်သို့ လွင့်စင်သွားသော လန်းစ်ကို ငေးကြည့်လိုက် သူ၏ အရှေ့တွင် ရပ်နေသော မုန်လဲ့ကို ကြည့်လိုက်ဖြင့် သူ၏ သေးငယ်သော မျက်လုံးလေးများထဲတွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
'ဖျတ်...'
ရင်ပြင်ပေါ်ရှိ အခြားသူများ၏ အာရုံများလည်း ဤနေရာသို့ ရောက်ရှိလာကြပြီး ကျောင်းသားသစ် စမ်းသပ်ပွဲကို တာဝန်ယူရသော ဆရာများပင်လျှင် မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်သွားကြတော့သည်။
"ဟိုဘက်မှာ ဘာဖြစ်နေတာလဲ..."
"ဘယ်သူက ဒီလောက်တောင် သတ္တိကောင်းနေတာလဲ..."
"သန့်စင်သော နဂါးရင်ပြင်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားရဲတယ်ပေါ့..."
"ကျောင်းထုတ်ခံချင်နေတာလား..."
"ဘာဖြစ်တာလဲ... ခုနက ဘယ်သူ လက်ပါတာလဲ..."
မှော်ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း ဆရာတစ်ဦး လျှောက်လာပြီး သူ၏ အေးစက်စက် အကြည့်များက လန်းစ်ထံသို့ ကျရောက်သွားကာ ဒေါသတကြီးဖြင့် မေးလိုက်သည်။
လန်းစ်က ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီး မုန်လဲ့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေရာ သူ၏ မျက်လုံးများထဲမှ မီးတောက်များပင် ထွက်လာမတတ် ဖြစ်နေတော့သည်။
"ယုတ်ညံ့တဲ့ အောက်တန်းစားကောင်... မင်းက ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်ပေါ့... မင်း သေချင်နေတာပဲ..."
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင် အကြေးခွံများ တစ်ခုပြီးတစ်ခု ထောင်မတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အငွေ့အသက်ကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။ ဤသည်မှာ သူ လုံးဝ ဒေါသထွက်သွားပြီ ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
"ဒုက္ခပါပဲ... ဒီကောင် တကယ် လုပ်တော့မယ်..."
ဝတုတ်လေး၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
"ဒီခွေးကောင်က လူမမယ် အရွယ်ပဲ ရှိသေးပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အဆင့် သုံး စစ်သည်တော်နဲ့ ညီမျှနေပြီ... အစ်ကို... ငါတို့က လူမိုက်နဲ့ မယှဉ်တာ ကောင်းပါတယ်... ခဏလောက် ရှောင်နေလိုက်ကြရအောင်လား..."
အဆင့် သုံး စစ်သည်တော်။
မုန်လဲ့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ လန်းစ် ဟုခေါ်သော ဤနဂါးလူသားလေးမှာ အသက် သိပ်မကြီးသေးဘဲ ကမ္ဘာမြေပေါ်ရှိ မူလတန်း ကျောင်းသား အရွယ်ခန့်သာ ရှိပေမည်။
မူလတန်း ကျောင်းသား အရွယ်လေးနှင့်ပင် အဆင့် သုံး စစ်သည်တော်နှင့် ညီမျှသော ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားခြင်းမှာ နဂါးလူသားများ၏ ပါရမီ မည်မျှ ကောင်းမွန်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ သူ့ကို ဟာဒက်စ်နှင့် ယှဉ်ကြည့်လိုက်ပါက ဟာဒက်စ်သည် နှစ်ပေါင်း နှစ်ဆယ် သုံးဆယ် ကြိုးစားလေ့ကျင့်ခဲ့သော်လည်း အဆင့် နှစ် စစ်သည်တော်သာ ဖြစ်နေသေးရာ လူသားများမှာ တကယ်ကို သနားစရာ ကောင်းလှပေသည်။
'နဂါးလူသားတွေ ဘယ်လောက်ပဲ ဆင်းရဲပါစေ အနာဂတ်မှာ လူသားတွေထက် အများကြီး သာလွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်တယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဟာဒက်စ် ပြောခဲ့တာ တကယ် မှန်တာပဲ...'
"အောက်တန်းစားကောင်... သေလိုက်တော့..."
လန်းစ်က ခြေတစ်လှမ်း ဆောင့်နင်းလိုက်ရာ မြေပြင်မှာ ချက်ချင်း အက်ကွဲသွားတော့သည်။ ထို့နောက် မြေပြင်မှ ရရှိသော အရှိန်ဖြင့် သူသည် အရိပ်တစ်ခုအလား မုန်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
"ရိုင်းစိုင်းလိုက်တာ..."
သို့သော် ထိုအချိန်မှာပင် နားထဲသို့ ဒေါသတကြီး အော်ဟစ်သံကြီး တစ်ခု ဝင်ရောက်လာပြီး မှော်ဝတ်ရုံနှင့် လူလတ်ပိုင်း ဆရာ၏ မျက်နှာမှာ မည်းမှောင်နေကာ လန်းစ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ဒီနေရာမှာ လာပြီး ရမ်းကားရဲတယ်ပေါ့... သတ္တိကတော့ မသေးဘူးပဲ..."
လူလတ်ပိုင်း ဆရာက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် လေစီးကြောင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး အစိမ်းရောင် မြွေကြီး နှစ်ကောင်အဖြစ် ပြောင်းလဲကာ လန်းစ်၏ ခြေထောက် နှစ်ဖက်ကို ရစ်ပတ်သွားတော့သည်။ လန်းစ်မှာ ရုတ်တရက် အတားအဆီးနှင့် ကြုံတွေ့လိုက်ရသဖြင့် ဘိုင်းခနဲ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။
'ပွတ်...'
"ဟားဟား... လန်းစ်... မင်းလည်း ဒီလိုနေ့မျိုး ရောက်လာတာပဲ... ရယ်ရလွန်းလို့ သေတော့မယ်..."
ဝတုတ်လေးက ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဝမ်းဗိုက်ကို ဖက်ကာ အူတက်မတတ် ရယ်မောနေတော့သည်။
"ခွေးကောင်..."
လန်းစ်၏ ခန္ဓာကိုယ်မှာ အလွန် ခိုင်မာသဖြင့် ဤမျှလောက် ထိခိုက်မှုလေးက သူ့ကို အနည်းငယ်မျှပင် မနာကျင်စေနိုင်ချေ။ သူက အားယူကာ ထရပ်လိုက်ပြီး လူလတ်ပိုင်း ဆရာကို ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ... ဘာလို့ ကျွန်တော့်ကို တားရတာလဲ..."
"ကျောင်းတော်ရဲ့ အရေးကြီးတဲ့ နေရာမှာ မင်းကို လာရမ်းကားခွင့် ပြုမယ် ထင်နေလား..."
လူလတ်ပိုင်း ဆရာ၏ မျက်နှာမှာ အေးစက်နေသည်။
"စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ဘယ်မှာလဲ... သူ့ကို ကျောင်းပြင်ကို နှင်ထုတ်လိုက်စမ်း..."
ကျောင်းပြင်ကို နှင်ထုတ်မည်။
ဒုက္ခပါပဲ။
ကျောင်းပြင်သို့ နှင်ထုတ်ခံရသူများ၏ အဆုံးသတ် မည်သို့ ဖြစ်သွားသည်ကို လန်းစ် ကောင်းကောင်း ကြားဖူးထားသဖြင့် ချက်ချင်းပင် မျက်နှာ ဖြူဖျော့သွားပြီး အလောတကြီး ပြောလိုက်သည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ကျွန်တော်က အခုမှ စာရင်းလာသွင်းတဲ့ ကျောင်းသားသစ်ပါ... ကျောင်းတံဆိပ်လည်း ပါပါတယ်... ခင်ဗျား ကျွန်တော့်ကို နှင်ထုတ်လို့ မရဘူး..."
"ကျောင်းသားသစ် ဟုတ်လား..."
လူလတ်ပိုင်း ဆရာက သူ၏ ရင်ဘတ်ပေါ်ရှိ ကျောင်းတံဆိပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်နှာထား အနည်းငယ် လျော့ကျသွားသည်။
"ထားလိုက်တော့... မင်းက ကျောင်းသားသစ် ဖြစ်နေတဲ့အတွက် တစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်... နောက်တစ်ခါ ထပ်ပြီး ရမ်းကားမယ်ဆိုရင် မင်းက မင်းသားပဲ ဖြစ်ဖြစ် မှူးမတ်ပဲ ဖြစ်ဖြစ် သေချာပေါက် ကျောင်းထုတ်ခံရမယ် မှတ်ထား..."
"ဟုတ်... ဟုတ်ကဲ့ပါ..."
လန်းစ်၏ နဖူးမှ ချွေးများ စီးကျလာပြီး အမြန် ခေါင်းညိတ်လိုက်သည်။
"မင်းလည်း အတူတူပဲ..."
လူလတ်ပိုင်း ဆရာက လှည့်ကာ မုန်လဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ကျောင်းရဲ့ စည်းကမ်းတွေကို မင်း မကြားဖူးဘူးလား... ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကို တွေ့ရင် ကျောင်းထုတ်ခံရမယ် ဆိုတာကို... ကျောင်းရောက်ရောက်ချင်းပဲ ရန်ဖြစ်ချင်နေတာလား... ကျောင်းထုတ်ခံချင်နေတာလား..."
"မရဲပါဘူး... မရဲပါဘူး..."
မုန်လဲ့က ခေါင်းငုံ့ကာ ဝန်ခံလိုက်သည်။
"မလုပ်ရဲရင် ပြီးတာပဲ... မှတ်ထား... နောက်တစ်ခါ မဖြစ်စေနဲ့..."
လူလတ်ပိုင်း ဆရာက နှာခေါင်းရှုံ့လိုက်ပြီး အလွန်အမင်း ဒေါသထွက်နေပုံရသည်။
"လူဘယ်နှယောက်လောက်များ ဒီကျောင်းကို ဝင်ချင်လို့ ခေါင်းကွဲမတတ် ကြိုးစားနေကြလဲ... မင်းတို့ကျတော့ ကျောင်းရောက်ရောက်ချင်းပဲ ရန်ဖြစ်နေကြတယ်..."
"ဆရာ... ကျွန်တော် မှားသွားပါတယ်..."
'ဟွန့်...'
လူလတ်ပိုင်း ဆရာက နှာခေါင်းရှုံ့လိုက်ပြီး စမ်းသပ်မည့် နေရာသို့ ပြန်သွားကာ အော်လိုက်သည်။
"နောက်တစ်ယောက်..."
မုန်လဲ့က လှည့်ကြည့်လိုက်ရာ သူ၏ အရှေ့တွင် မည်သူမျှ မရှိတော့သဖြင့် သူ့အလှည့် ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
"သူ့ကို စမ်းသပ်လိုက်..."
လူလတ်ပိုင်း ဆရာက မုန်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ဘေးနားရှိ စမ်းသပ်ရေး တာဝန်ခံ ဆရာကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ... ဌာနမှူး..."
စမ်းသပ်ရေး တာဝန်ခံ ဆရာက ခေါင်းညိတ်လိုက်ပြီး မုန်လဲ့ကို စတင် စမ်းသပ်ပေးတော့သည်။
ထိုအချိန်တွင် ဝတုတ်လေး ဟတ်ကလည်း အနားသို့ လျှောက်လာပြီး အလွန်အမင်း စိတ်ဝင်တစားဖြင့် ကြည့်ရှုနေတော့သည်။ သူသည် မုန်လဲ့ကို အလွန်အမင်း စိတ်ဝင်စားနေပြီ ဖြစ်သည်။
လန်းစ်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားစေနိုင်ခြင်းက မုန်လဲ့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း မညံ့ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ သို့သော် သာမန် လူသားများမှာ ဤကဲ့သို့သော ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပိုင်ဆိုင်နိုင်ရန် အလွန် ခက်ခဲလှပေသည်။
မုန်လဲ့သည် စစ်ရေး စွမ်းအင်ကို လေ့ကျင့်ဖူးပြီး စစ်သည်တော် တစ်ယောက် ဖြစ်မည်ဟု ဝတုတ်လေးက ခန့်မှန်းလိုက်သည်။ သို့သော် မုန်လဲ့က မီးနဂါး မှော်ပညာသင်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။
ဤသည်မှာ အနည်းငယ် ထူးဆန်းနေပေသည်။
'ဒီအောက်တန်းစားကောင်ရဲ့ မှော်ပညာ ပါရမီက သေချာပေါက် ညံ့ဖျင်းနေမှာပဲ...'
လန်းစ်ကလည်း အနောက်မှနေ၍ မကျေမနပ်ဖြင့် တွေးနေတော့သည်။ သို့သော် သူ သေချာပေါက် စိတ်ပျက်သွားရတော့မည် ဖြစ်သည်။
"အထူးအဆင့်..."
"မှော်ဓာတ် အာရုံခံနိုင်စွမ်း... လျှပ်စီးဓာတ် အထူးအဆင့်..."
စမ်းသပ်ရေး တာဝန်ခံ ဆရာမှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
"အထူးအဆင့်လား..."
"အထူးအဆင့်တဲ့လား..."
လူလတ်ပိုင်း ဆရာနှင့် အခြား စမ်းသပ်ရေး တာဝန်ခံ ဆရာများ အားလုံးက အနားသို့ ရောက်လာကြပြီး တောက်ပနေသော သလင်းကျောက်လုံးကို ကြည့်ကာ အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။
'သေစမ်း... အထူးအဆင့်လား...'
ဝတုတ်လေးမှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။
"ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား..."
"လျှပ်စီးဓာတ် အထူးအဆင့်လား... ဒါဆိုရင် မင်းက..."
လူလတ်ပိုင်း ဆရာက တစ်ခုခုကို သတိရသွားသည့်အလား စားပွဲပေါ်ရှိ ကျောင်းသားသစ် စာရင်းကို အမြန် ယူကြည့်လိုက်ရာ ပထမဆုံး စာကြောင်းတွင် ရေးထားသည်ကို တွေ့လိုက်ရသည်။
မုန်လဲ့၊ ဆယ့်ငါးနှစ်၊ လျှပ်စီးဓာတ် အထူးအဆင့်၊ ရွယ်တူတွေထက် အဆ တစ်ရာ၊ လူသား။
"မင်းက မုန်လဲ့လား..."
လူလတ်ပိုင်း ဆရာက ခေါင်းမော့ကာ မုန်လဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဟုတ်ပါတယ်..."
မုန်လဲ့က ခေါင်းညိတ်လိုက်သည်။
"ကောင်လေး... မင်းဖြစ်နေတာကိုး..."
လူလတ်ပိုင်း ဆရာမှာ ယုံကြည်နိုင်စွမ်း မရှိတော့ချေ။
"မြန်မြန်... စိတ်စွမ်းအင်ကို မြန်မြန် စမ်းသပ်လိုက်..."
မုန်လဲ့က သူပြောသည့်အတိုင်း စိတ်စွမ်းအင်ကို စမ်းသပ်လိုက်ရာ ရွယ်တူတွေထက် အဆ တစ်ရာသော စိတ်စွမ်းအင်မှာ အနည်းငယ်မျှပင် မလွဲချော်ချေ။ ဤရလဒ်ကို မြင်လိုက်ရချိန်တွင် လူလတ်ပိုင်း ဆရာမှာ သက်ပြင်းချလိုက်ပြီး သေချာသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် ခုနက ကိစ္စကို ပြန်တွေးမိချိန်တွင်တော့ ရင်တထိတ်ထိတ် ဖြစ်သွားရသည်။ အကယ်၍ မုန်လဲ့ကိုသာ ကျောင်းထုတ်လိုက်မိပါက ပြဿနာ အကြီးကြီး တက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
မုန်လဲ့သည် ယခုနှစ် ကျောင်းသားသစ်များထဲတွင် အတော်ဆုံး ပါရမီရှင် မဟုတ်ပါလော။
"ဒီလောက်ကောင်းတဲ့ ပါရမီ ရှိနေရက်နဲ့ ဘာလို့ ကျောင်းရောက်ရောက်ချင်းပဲ ရန်ဖြစ်ရတာလဲ..."
လူလတ်ပိုင်း ဆရာက မကျေမနပ်ဖြင့် မေးလိုက်သည်။
"ကျွန်တော်..."
"မင်း ဘာမင်းလဲ... မင်း ကျောင်းထုတ်ခံရမှာကို မကြောက်ဘူးလား..."
လူလတ်ပိုင်း ဆရာက မုန်လဲ့၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်တော့သည်။
"အကယ်၍ တကယ် ကျောင်းထုတ်ခံလိုက်ရရင် မင်း ဘယ်လိုလုပ်မလဲ... အဲ့ဒီအချိန်ကျရင် ငိုနေရလိမ့်မယ်..."
"အဆိုးဆုံးက ဒေါက်ဂလပ်စ် မှော်ပညာသင်တန်းကျောင်းကို သွားလိုက်ရုံပေါ့..."
မုန်လဲ့က ရယ်ကျဲကျဲဖြင့် တီးတိုး ပြောလိုက်သည်။
လူလတ်ပိုင်း ဆရာမှာ စကားပြောရ ခက်သွားပြီး မည်သို့ ပြန်ပြောရမည်မှန်းပင် မသိတော့ချေ။
မှန်ပေသည်။ ဒီနေရာမှာ နေစရာ မရှိရင် အခြားနေရာမှာ နေလို့ ရတာပဲလေ။ မုန်လဲ့ကဲ့သို့ ကောင်းမွန်သော ပါရမီမျိုးဖြင့် မီးနဂါး မှော်ပညာသင်တန်းကျောင်းတွင် မရှိလျှင်တောင် အခြား မှော်ပညာသင်တန်းကျောင်းများသို့ သွားရောက်နိုင်ပြီး လိုချင်သူများ ဝိုင်းဝိုင်းလည်နေမည်မှာ အသေအချာပင် ဖြစ်သည်။
"အဲ့ဒါက မင်း ရန်ဖြစ်ရတဲ့ အကြောင်းရင်းလား..."
လူလတ်ပိုင်း ဆရာမှာ အလွန်အမင်း ဒေါသထွက်သွားပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
"နောက်ဆိုရင် လိမ္မာအောင် နေစမ်း... ကျောင်းက မင်း သောင်းကျန်းလို့ ရတဲ့ နေရာ မဟုတ်ဘူး... ကြားလား..."
"ကြားပါတယ်..."