အခန်း ၂၈
Vol. 3 Ch. 28
အခန်း ၂၈ မြေဓာတ်ပါရမီနှင့် နှစ်ဝက်စာမေးပွဲ
အံ့ဩတကြီး ငေးကြည့်နေသော အကြည့်များစွာက မုန်လဲ့ထံသို့ ကျရောက်လာသည်။
သိချင်စိတ်၊ အားကျစိတ်၊ မနာလိုစိတ် စသည်ဖြင့် မျက်နှာအမူအရာများက အမျိုးမျိုး ကွဲပြားနေသော်လည်း အများစု၏ မျက်လုံးထဲတွင် အထင်းသား ပေါ်လွင်နေသည်က မကျေနပ်မှုများသာ ဖြစ်သည်။
"ယုတ်ညံ့တဲ့ လူသားမျိုးနွယ်က ဒီလောက်ကောင်းတဲ့ မှော်ပညာပါရမီကို ပိုင်ဆိုင်ထားတာ ဘယ်လို ကံကောင်းမှုမျိုးနဲ့ ကြုံလာတာလဲ မသိဘူး..."
"ဒါပေါ့... ငါတို့လို နဂါးနတ်ဘုရားရဲ့ မျိုးဆက်တွေတောင် ဒီလိုပါရမီမျိုး မရှိတာ... သူလို ယုတ်ညံ့တဲ့ လူသားတစ်ယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ..."
"ဟွန့်... ပါရမီကောင်းတာနဲ့ ဘာဖြစ်လဲ... မှော်ပညာကို လေ့ကျင့်တာက ပါရမီတစ်ခုတည်းနဲ့ မရဘူး... နောက်ပိုင်း ကြိုးစားအားထုတ်မှုက ပိုအရေးကြီးတယ်..."
စာသင်ခန်းတစ်ခန်းလုံးတွင် မနာလိုဝန်တိုမှုများ အပြည့်အဝ ဖုံးလွှမ်းသွားပြီး လေထု၏ အချဉ်ပေါက်နေသော အနံ့အသက်များမှာ အလွန်ပြင်းထန်နေတော့သည်။
'ဒီကောင်ရဲ့ ပါရမီက ဒီလောက်တောင် ကောင်းနေတာကိုး...'
ရုပ်ရည်သာမန်ရှိသော နဂါးလူသားလူငယ်တစ်ယောက်၏ မျက်လုံးများက တောက်ပသွားသည်။ ထိုသူမှာ မုန်လဲ့၏ အခန်းဖော်ဖြစ်သော အေးစက်စက် နဂါးလူသားလူငယ်ပင် ဖြစ်သည်။
"ကျောင်းသား... မင်းအလှည့် ရောက်ပြီ..."
ထိုအချိန်တွင် စီနီယာအစ်မ ဂျန်နီ၏ အသံ ထွက်ပေါ်လာရာ နဂါးလူသားလူငယ် မတ်တပ်ရပ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော့်နာမည် အာဘီ ပါ... မြို့တော်က လာတာပါ..."
"မြို့တော်..."
"ဒီကောင်က မြို့တော်က လာတာလား..."
"သေစမ်း... နောက်ခံက သာမန် မဟုတ်ဘူးပဲ..."
အာဘီ၏ စကားတစ်ခွန်းက လူတိုင်း၏ အာရုံကို မုန်လဲ့ထံမှ ချက်ချင်း ပြောင်းလဲသွားစေသည်။ မုန်လဲ့ကလည်း သူ၏ အခန်းဖော်ကို ကြည့်ကာ အတော်လေး အံ့ဩသွားမိသည်။
မီးနဂါး မှော်ပညာသင်တန်းကျောင်းသည် နဂါးနတ်ဘုရားအင်ပါယာတွင် အဆင့်သုံးရှိသော မှော်ပညာသင်တန်းကျောင်း ဖြစ်သော်လည်း ကျောင်းသားအများစုမှာ မီးနဂါးတိုင်းပြည်မှသာ ဖြစ်ကြသည်။ အခြားတိုင်းပြည်များမှ လာသူ အလွန်နည်းပါးပြီး အထူးသဖြင့် မြို့တော်မှ လာသူဆိုလျှင် လုံးဝမရှိသလောက်ပင် ဖြစ်သည်။
"အာဘီ... မင်းက မြို့တော်က ကောင်းမွန်တဲ့ ကျောင်းတွေကို မတက်ဘဲ ငါတို့ မီးနဂါး မှော်ပညာသင်တန်းကျောင်းကို ဘာလာလုပ်တာလဲ..."
တစ်စုံတစ်ယောက်က လူတိုင်း၏ စိတ်ထဲရှိ မေးခွန်းကို မေးလိုက်သည်။
သို့သော် ပြန်ရလိုက်သည်က အာဘီ၏ အေးစက်စက် အကြည့်တစ်ခုသာ ဖြစ်သည်။
'ဒီကောင်က... တကယ် အေးစက်တာပဲ...'
မုန်လဲ့က နှုတ်ခမ်းမဲ့လိုက်ပြီး ဤအခန်းဖော်အကြောင်း အနည်းငယ် သိလာရသည်။ သူသည် မိမိအပေါ်တွင်သာမက အခြားသူများအပေါ်တွင်လည်း အေးစက်စက်နိုင်လှပြီး အနားကပ်၍မရသော ရေခဲတုံးကြီးတစ်တုံးပင် ဖြစ်သည်။
"ချီးပဲ... ဘာတွေ မောက်မာနေတာလဲ..."
မိတ်ဆက်ခြင်း အစီအစဉ် ပြီးဆုံးသွားသောအခါ စီနီယာအစ်မ ဂျန်နီက သက်ဆိုင်ရာ အချက်အလက်များနှင့် သတိပြုရမည့် အချက်များကို စတင် ရှင်းပြသည်။
အတန်းတစ်တန်းလျှင် ဆရာ ဆယ်ယောက် ရှိပြီး တစ်ယောက်လျှင် မှော်ပညာတစ်မျိုးစီ သင်ကြားပေးမည်ဖြစ်သည်။ မှော်ပညာတစ်မျိုးလျှင် တစ်နေ့တစ်ချိန် သင်ကြားရမည်ဖြစ်ပြီး မည်သည့်ဘာသာရပ်ကို ရွေးချယ်ရမည်ဆိုသည်မှာ ကျောင်းသား၏ မှော်ပညာပါရမီအပေါ်တွင် မူတည်သည်။ ကျန်သော အချိန်များမှာ ကိုယ်ပိုင်အချိန်များ ဖြစ်ပြီး လွတ်လပ်စွာ အသုံးပြုနိုင်သည်။
"အစ်ကို... ခင်ဗျားကို အားကျလိုက်တာ... တစ်နေ့ကို တစ်ချိန်ပဲ တက်ရပြီး ကျန်တဲ့အချိန်တွေ အကုန် ကစားလို့ရတယ်... အရမ်း မမိုက်ဘူးလား..."
မိတ်ဆက်ပွဲ ပြီးဆုံးသည်နှင့် ဝတုတ်လေးက မုန်လဲ့အနားသို့ ပြေးလာပြီး ငိုမဲ့မဲ့ မျက်နှာဖြင့် ညည်းတွားလိုက်သည်။
"ကျွန်တော်ကတော့ တစ်နေ့ကို သုံးချိန်တောင် တက်ရမယ်... ရူးတော့မှာပဲ..."
"ဟီးဟီး... မင်းက ပါရမီ ထူးချွန်လွန်းနေလို့ပေါ့..."
မုန်လဲ့က ပခုံးတွန့်လိုက်သည်။
"ဒါနဲ့ ခုနက အတန်းတာဝန်ခံက မင်းကို အဓိက တစ်မျိုး အရံ နှစ်မျိုး လုပ်ဖို့ အကြံပေးခဲ့တယ်မလား... မင်း ရွေးချယ်လို့ ရတာပဲကို..."
"ဟုတ်တယ်... မှော်ပညာသုံးမျိုးကို တစ်ပြိုင်နက်တည်း လေ့ကျင့်ဖို့က ခွန်အားမလောက်ဘူး... တစ်ခုကို အဓိကထားတာ ပိုကောင်းတယ်..."
ဒန်နီရယ်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"ကျွန်တော်လည်း အဲ့လိုပဲ လုပ်ချင်ပါတယ်... ဒါပေမယ့် အဘိုးကြီးက ပြောထားတယ်... တစ်မျိုးမျိုးကို စွန့်လွှတ်ရဲရင် ငါ့ခြေထောက်ကို ရိုက်ချိုးမယ်တဲ့... ဒါက အမိန့်ပဲလေ... ကျွန်တော်က ဘယ်လိုလုပ် လွန်ဆန်ရဲမှာလဲ..."
ဝတုတ်လေးက ငိုမဲ့မဲ့ မျက်နှာဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဘာမှ တတ်နိုင်ဘူးပေါ့..."
မုန်လဲ့က ပြုံးလိုက်ပြီး မေးလိုက်သည်။
"ဒါနဲ့ အခု ဘာလုပ်ကြမလဲ..."
ဒန်နီရယ်က နာရီကို ကြည့်လိုက်ပြီး ပြုံးကာ ဖြေလိုက်သည်။
"အခု အချိန်စောသေးတယ်... ထမင်းစားချိန်လည်း မရောက်သေးဘူး... လမ်းလျှောက် ထွက်ကြမလား... ကျောင်းကို အခုမှ ရောက်တာဆိုတော့ ကျောင်းထဲမှာ မလည်ရသေးဘူးမလား..."
"မလည်ရသေးဘူး..."
"ငါလည်း မလည်ရသေးဘူး..."
"ဒါဆို သွားကြတာပေါ့..."
မုန်လဲ့အနေဖြင့် ဤအကြံပေးချက်ကို လုံးဝ လက်လွတ်ခံမည် မဟုတ်ချေ။ သူကိုယ်တိုင်လည်း သွားချင်နေသည် မဟုတ်ပါလော။
သုံးယောက်သား လမ်းလျှောက်ရင်း ကျောင်းတော်၏ ရှေးဟောင်းအငွေ့အသက်များကို ခံစားကာ ဟိုအကြောင်းဒီအကြောင်း စကားပြောနေကြသည်။ မုန်လဲ့ကတော့ အလင်းတန်းများကို တိတ်တဆိတ် ကောက်ယူကာ စွမ်းအားများကို မြှင့်တင်နေတော့သည်။
မွန်းလွဲပိုင်း တစ်ပိုင်းလုံး လျှောက်လည်ပြီးနောက် အတော်လေး ရိတ်သိမ်းရမှု ကောင်းမွန်ခဲ့သည်။ စိတ်စွမ်းအင် မှော်စွမ်းအင်နှင့် မှော်ပညာ သုံးမျိုးစလုံး အတော်လေး တိုးတက်လာခဲ့ပြီး ညဘက် တရားထိုင်ခြင်းထက်ပင် ပိုမို အကျိုးသက်ရောက်မှု ရှိနေသေးသည်။
ဤရလဒ်ကြောင့် မုန်လဲ့မှာ အလွန် ကျေနပ်သွားပြီး နောင်တွင် သူ၏ ပညာသင်ယူမှု ဘဝအတွက် အကြမ်းဖျင်း အစီအစဉ် တစ်ခုကို ချမှတ်လိုက်သည်။
မနက်ပိုင်း ကျောင်းတက်မည်။ မွန်းလွဲပိုင်း လမ်းလျှောက်ထွက်မည်။ ညပိုင်း တရားထိုင်မည်။
နည်းလမ်းသုံးသွယ်ဖြင့် တစ်ပြိုင်နက်တည်း လေ့ကျင့်ခြင်းက အထိရောက်ဆုံး ဖြစ်မည်ဟု မုန်လဲ့ ယုံကြည်သည်။
"ဟူး... နောက်ဆုံးတော့ အဆောင်ကို ပြန်ရောက်ပြီ... ပင်ပန်းလိုက်တာကွာ..."
လေးရာ့သုံးဆယ့်တစ် အဆောင်သို့ ပြန်ရောက်သည်နှင့် ဝတုတ်လေးက ဘုန်းခနဲ ပစ်ထိုင်ချလိုက်ပြီး သက်တောင့်သက်သာဖြင့် ညည်းတွားလိုက်သည်။
"ဒီလောက်လေး လမ်းလျှောက်တာကို မခံနိုင်ဘူးလား... ဝတုတ်... မင်း ဝိတ်ချသင့်ပြီ..."
မုန်လဲ့က ပြုံးကာ နောက်ပြောင်လိုက်သည်။
ထိုအချိန်တွင် ဝတုတ်လေး၏ ကိုယ်ပေါ်မှ အပြာရောင် အလင်းတန်း တစ်ခု ကျလာသည်ကို မြင်လိုက်ရသည်။
'ဒင်... ကျလာသော ပစ္စည်းကို တွေ့ရှိပါသည်... ကောက်ယူမည်လား...'
'ဝတုတ်ဆီက ကျလာတာလား...'
မုန်လဲ့ အနည်းငယ် အံ့ဩသွားသော်လည်း ကောက်ယူလိုက်သည်။
'ဒင်... ပေါင်းစပ်ခြင်း အောင်မြင်ပါသည်... မြေဓာတ် မှော်ပညာ ပါရမီကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...'
'ဘာ...'
မုန်လဲ့ အံ့အားသင့်သွားသည်။
'မြေဓာတ် မှော်ပညာ ပါရမီလား...'
'ငါ ဝတုတ်ရဲ့ မြေဓာတ် မှော်ပညာ ပါရမီကို ကောက်ရလိုက်တာလား...'
'သေစမ်း...'
မုန်လဲ့ ဘာပြောရမှန်းပင် မသိတော့ချေ။ မှော်ပညာ ပါရမီ အလင်းတန်းများမှာ အလွန် ရှားပါးလှပြီး စနစ်ကို ရရှိပြီးကတည်းက ယခုအချိန်အထိ မှော်ပညာ ပါရမီ အလင်းတန်း တစ်ခုသာ ကောက်ယူရရှိဖူးသည်။
ဒါ ဒုတိယမြောက်ပဲ။
ဒါက အရှားပါးဆုံး ပစ္စည်းပဲ။
သို့သော် ကောက်ရတာက ကောင်းသော ကိစ္စပင် ဖြစ်သည်။ စွမ်းရည်များ များပြားနေခြင်းက ဖိအားမဖြစ်စေနိုင်ချေ။ မည်သူက မိမိ၏ ပါရမီ များပြားနေသည်ကို မကြိုက်ဘဲ နေမည်နည်း။
ထို့အပြင် ဝတုတ်လေး၏ မြေဓာတ် မှော်စွမ်းအင် အာရုံခံနိုင်စွမ်းမှာ အဆင့်မြင့် ဖြစ်ပြီး အထူးအဆင့်၏ အောက် တစ်ဆင့်သာ ရှိသဖြင့် အလွန် ကောင်းမွန်သော ပါရမီပင် ဖြစ်သည်။
"ဝတုတ်... မင်း အတန်းတွေ များတယ်လို့ ညည်းနေတယ်မလား... မနက်ဖြန် မြေဓာတ် မှော်ပညာ အတန်းကို ငါ အဖော်လိုက်ခဲ့မယ်..."
"ဘာ..."
နောက်တစ်နေ့ နံနက်စောစောတွင် မုန်လဲ့ စာသင်ခန်းထဲသို့ ရောက်ရှိလာသည်။
အတန်းထဲတွင် လျှပ်စီးဓာတ် မှော်ပညာ ပါရမီ ရှိသူ ကျောင်းသားများ သိပ်မများဘဲ မုန်လဲ့အပါအဝင် ခုနစ်ယောက်သာ ရှိသဖြင့် ကြီးမားသော စာသင်ခန်းကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး အနည်းငယ် ခြောက်ကပ်နေပေသည်။
မုန်လဲ့က စာအုပ်ကို ထုတ်ကာ သေချာ ဖတ်ရှုနေလိုက်သည်။ မကြာမီမှာပင် လျှပ်စီးဓာတ် မှော်ပညာ ဆရာ စာသင်ခန်းထဲသို့ ဝင်လာသည်။
"အားလုံးပဲ မင်္ဂလာပါ... ငါက မင်းတို့ရဲ့ လျှပ်စီးဓာတ် မှော်ပညာ ဆရာ ဟိုရေးရှိုး ပါ... နောက်လာမယ့် တစ်နှစ်တာ ကာလအတွင်းမှာ မင်းတို့ကို လျှပ်စီးဓာတ် မှော်ပညာ သင်ခန်းစာတွေ သင်ကြားပေးသွားမှာပါ..."
ဆရာ ဟိုရေးရှိုး က တိုက်ရိုက်ပင် စတင် ရှင်းပြတော့သည်။
"ငါတို့ လျှပ်စီးဓာတ် မှော်ပညာက မှော်ပညာဆယ်မျိုးထဲမှာ အကြမ်းတမ်းဆုံးနဲ့ အပြင်းထန်ဆုံး မှော်ပညာပဲ... ပြိုင်ဘက် မရှိဘူး..."
မုန်လဲ့က သေချာ နားထောင်နေသည်။
စနစ်၏ အကူအညီဖြင့် သူသည် မှော်ပညာကို အသုံးပြုနိုင်သော်လည်း ဘာကြောင့် အသုံးပြုနိုင်သည်ကိုတော့ မသိချေ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ အသုံးပြုတတ်သော်လည်း မှော်ပညာ၏ အနှစ်သာရကို မသိချေ။
ထို့ကြောင့် ဆရာ သင်ကြားပေးသော မှော်ပညာ အခြေခံများ၊ အနှစ်သာရများ၊ သဘောတရားများနှင့် မှော်ပညာ နိယာမများမှာ မုန်လဲ့အတွက် အလွန် လိုအပ်နေသော အရာများ ဖြစ်ပြီး သူ သိရှိနားလည်ရန် လိုအပ်ပေသည်။
မုန်လဲ့က ဆာလောင်မွတ်သိပ်နေသူ တစ်ယောက်အလား အငမ်းမရ သင်ယူနေတော့သည်။
သင်ယူနေစဉ်အတွင်း မုန်လဲ့သည် စိတ်စွမ်းအင် ကြီးမားခြင်း၏ အကျိုးကျေးဇူးကို သိရှိလာခဲ့သည်။ သင်ယူရသည်မှာ အလွန် မြန်ဆန်ပြီး လွယ်ကူလှပေသည်။ ဆရာ တစ်ခါ ပြောလိုက်သည်နှင့် သူ ချက်ချင်း မှတ်မိနိုင်ပေသည်။
"မှော်ပညာ ဆိုတာ စစ်တပ်ကို တန်းစီသလိုမျိုးပဲ..."
"ကောင်းကင်နဲ့ မြေကြီးကြားက မှော်စွမ်းအင်တွေက ဖရိုဖရဲ ဖြစ်နေတဲ့ စစ်သားလေးတွေလိုပဲ... ငါတို့ရဲ့ စိတ်စွမ်းအင်ကတော့ စစ်သူကြီးပေါ့... မှော်ပညာကို အသုံးပြုတဲ့ လုပ်ငန်းစဉ်က စစ်သားတွေကို အမိန့်ပေးပြီး တန်းစီခိုင်းတာနဲ့ အတူတူပဲ..."
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
အလုပ်ရှုပ်နေသော နေ့ရက်များမှာ အမြဲတမ်း လျင်မြန်စွာ ကုန်ဆုံးသွားတတ်ပေသည်။
မသိမသာဖြင့်ပင် မုန်လဲ့ မှော်ပညာသင်တန်းကျောင်းသို့ ရောက်ရှိလာသည်မှာ သုံးလပင် ရှိသွားခဲ့ပြီ ဖြစ်သည်။
"အစ်ကို... မနက်ဖြန် နှစ်ဝက်စာမေးပွဲ ရှိတယ်နော်... စိတ်လှုပ်ရှားနေပြီလား..."
ဒီနေ့ အတန်းဆင်းချိန်တွင် အတန်းတာဝန်ခံက နှစ်ဝက်စာမေးပွဲအကြောင်း ကြေညာပြီးနောက် ဝတုတ်လေးက မုန်လဲ့အနားသို့ ရောက်လာပြီး သူ၏ ဝတုတ်တုတ် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ဖော်ပြနေသည်။
"ဘာစိတ်လှုပ်ရှားစရာ ရှိလို့လဲ..."
မုန်လဲ့က သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မှော်ပညာ စာအုပ် တစ်အုပ်ကို ဆက်လက် ဖတ်ရှုနေလိုက်သည်။
"လျှပ်စီးဓာတ် မှော်ပညာ အပြည့်အစုံ" ဟု အမည်ရသော ဤစာအုပ်ကို သူ လွန်ခဲ့သော သုံးလက စာကြည့်တိုက်မှ ငှားလာခဲ့ခြင်း ဖြစ်ပြီး ၎င်းတွင် အဆင့် တစ် မှ ကိုး အထိ လျှပ်စီးဓာတ် မှော်ပညာများ အားလုံး ပါဝင်ပေသည်။