← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉ စစ်ဆေးရေးဆရာများနှင့် အလွန်တရာ တင်းကျပ်သော စည်းကမ်း

၃ လဆိုသော အချိန်ကာလမှာ ရှည်သည်ဟု မဆိုသာသလို တိုတောင်းလွန်းသည်ဟုလည်း မသတ်မှတ်နိုင်ပေ။

သို့သော် ကောင်းကင်ယံတိုက်ကြီးဆီသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် မုန်လဲ့ ဖြတ်သန်းခဲ့ရသမျှတွင်တော့ ဤ ၃ လတာသည် အရှည်ကြာဆုံး အချိန်ကာလတစ်ခု ဖြစ်ခဲ့လေသည်။

၃ လတာကာလအတွင်း မုန်လဲ့သည် ကျောင်းတော်၏ အရာခပ်သိမ်းနှင့် အသားကျနေခဲ့ပြီ ဖြစ်သည်။

အတန်းဖော်များ၊ ဆရာများ၊ စာသင်ခန်းများနှင့် စာကြည့်တိုက်များအားလုံးကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။

မီးနဂါးမှော်ပညာသင်တန်းကျောင်းတွင် ဖြတ်သန်းခဲ့ရသော ဤ ၃ လတာသည် ယခင်ဘဝက တက္ကသိုလ်ကျောင်းသားဘဝဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ အေးချမ်းငြိမ်သက်ကာ သောကကင်းဝေးလှသည်။

ဝမ်းရေးအတွက် ရုန်းကန်စရာ မလိုတော့ပေ။

အလုပ်ရှင်၏ မျက်နှာကို ကြည့်ရန်လည်း မလိုအပ်တော့ချေ။

ညလုံးပေါက် အချိန်ပိုဆင်းရခြင်းများလည်း ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။

သူ လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ ပညာသင်ယူရန်သာ ဖြစ်သည်။

မှော်ပညာရပ်များကို လေ့လာသင်ယူရသည်။

မှော်စွမ်းအင်များကို စုဆောင်းရသည်။

စိတ်စွမ်းအင်ကို မြှင့်တင်ရသည်။

အလုပ်များလှသော်လည်း ဘဝသည် ပြည့်စုံနေပေသည်။

မုန်လဲ့သည် ဤဘဝလေးကို အလွန်မြတ်နိုးတန်ဖိုးထားသည်။

မိမိကိုယ်ကို ပိုမို ကြံ့ခိုင်လာစေရန်နှင့် စွမ်းအားများ တိုးတက်လာစေရန် ရနိုင်သမျှ အချိန်တိုင်းကို ဆုပ်ကိုင်ထားခဲ့သည်။

၃ လတာအတွင်း သူ၏ စွမ်းရည်အချက်အလက်များမှာ ကောင်းကင်နှင့်မြေကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသကဲ့သို့ ကြီးမားစွာ ပြောင်းလဲတိုးတက်သွားခဲ့ပြီ ဖြစ်သည်။

မနက်ဖြန်တွင်တော့ ထိုကြိုးစားမှု ရလဒ်များကို စမ်းသပ်စစ်ဆေးရတော့မည် ဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် မုန်လဲ့ စောစီးစွာ အိပ်ရာထလိုက်သည်။

ထို့နောက် ဝတုတ်လေး၊ ဒန်နီရယ်တို့နှင့်အတူ အမှတ် ၁၁ လေ့ကျင့်ရေးကွင်းဆီသို့ ထွက်လာခဲ့ကြသည်။

အခြားလေ့ကျင့်ရေးကွင်းများကို ဖြတ်သန်းသွားချိန်တွင် လူများဖြင့် ပြည့်ကျပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

အခြား အတန်းများကလည်း နှစ်ဝက်စာမေးပွဲကို ဖြေဆိုနေကြခြင်း ဖြစ်သည်။

ဆရာများ၏ အော်ဟစ်ဆူပူသံများ၊ ကျောင်းသားများ၏ ဆင်ခြေပေးသံများနှင့် မှော်ပညာ ပေါက်ကွဲသံများက ရောယှက်နေပြီး လေ့ကျင့်ရေးကွင်းတိုင်း၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်နေကာ ကြားရသူတိုင်း၏ ရင်ထဲတွင် အလိုလို စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေသည်။

ဝတုတ်လေးက နဖူးမှ ချွေးအေးများကို သုတ်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

"နှစ်ဝက်စာမေးပွဲ မအောင်တဲ့သူတွေက အရမ်းကြမ်းတမ်းတဲ့ ပြစ်ဒဏ်တွေ ခံရမယ်လို့ ကြားတယ်... ငါတို့ကိုများ ဘယ်လို အပြစ်ပေးမလဲ မသိဘူးနော်..."

ဒန်နီရယ်က မျက်ခုံးပင့်လိုက်ပြီး ရယ်မောကာ နောက်ပြောင်လိုက်သည်။

"မင်းက ဒါကို စိတ်ပူနေတာလား... ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက မင်း အတော်လေး ကြိုးစားခဲ့တာပဲဟာ... နှစ်ဝက်စာမေးပွဲလောက်ကတော့ ကစားနေသလိုမျိုး အေးဆေး အောင်မှာပေါ့..."

ဤစကားကို ကြားသောအခါ ဝတုတ်လေးက မျက်နှာရှုံ့မဲ့သွားပြီး ညည်းတွားလိုက်သည်။

"ဘယ်ကသာ ဒီလောက် လွယ်ရမှာလဲ... ငါတို့ကျောင်းက အပြင်ပန်းသာ လျော့ရဲရဲပုံပေါက်နေတာ အတွင်းပိုင်းမှာတော့ အရမ်းတင်းကျပ်တယ်... ပုံမှန်ဆိုရင် ငါတို့ကို သိပ်မချုပ်ချယ်ဘဲ ကိုယ့်အချိန်ကိုယ် လွတ်လွတ်လပ်လပ် သုံးခွင့်ပေးထားပြီး ကိုယ့်ဘာသာ လေ့လာခိုင်းထားပေမယ့်... စာမေးပွဲရောက်ရင်တော့ စည်းကမ်းတွေက သိပ်ကို တင်းကျပ်လွန်းတယ်... စံသတ်မှတ်ချက်တွေကလည်း အရမ်းမြင့်တယ်... ဒုတိယနှစ်က စီနီယာအစ်ကို တစ်ယောက်ပြောတာတော့ မနှစ်က သူတို့အတန်း နှစ်ဝက်စာမေးပွဲ ဖြေတုန်းက ၆ ယောက်ပဲ အောင်ပြီး ကျန်တဲ့သူတွေ အကုန် ကျသွားတယ်တဲ့..."

ဤစကားကြောင့် ဒန်နီရယ်ပင် လန့်ဖျပ်သွားရသည်။

"ဘုရားရေ... အဲ့ဒီလောက်တောင် တင်းကျပ်တာလား..."

မုန်လဲ့လည်း အံ့အားသင့်သွားသည်။

"၆ ယောက်ပဲ အောင်တယ်ဆိုတော့ ၄၀ ကျော်တောင် ကျသွားတာပေါ့..."

ဝတုတ်လေးက အမြန်ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ဟုတ်တယ်... ၄၄ ယောက်တိတိ ကျသွားတာ... အဲ့ဒီစီနီယာအစ်ကို ပြောတာတော့ ငါတို့ကျောင်းက စာမေးပွဲတွေကို အရမ်း အလေးထားတယ်တဲ့... ဒီအဆင့်မှာ အရမ်းကို တင်းကျပ်ထားတာ... ဆရာတွေက မျက်နှာသာပေးပြီး အောင်မှတ်ပေးလိုက်ရင် လစာဖြတ် ဆုကြေးဖြတ်ခံရုံတင်မကဘူး... အလုပ်ပြုတ်တဲ့အထိပါ ဖြစ်သွားနိုင်တယ်တဲ့..."

ဒန်နီရယ်လည်း စိုးရိမ်ပူပန်လာတော့သည်။

"နဂါးနတ်ဘုရားတွေ ကယ်တော်မူပါ... ဒါက အရမ်းကြောက်စရာကောင်းလွန်းနေပြီ..."

ဝတုတ်လေးက ခေါင်းခါယမ်းလိုက်သည်။

"ဒါကြောင့် ကြိုးစားရုံနဲ့ စာမေးပွဲကို ချောချောမွေ့မွေ့ အောင်မြင်နိုင်မယ်လို့ မထင်နဲ့... စာမေးပွဲ ၃ ကြိမ်ဆက်တိုက် မအောင်ရင် ဘာဖြစ်မလဲဆိုတာ မင်းတို့လည်း သိသားပဲ..."

ဒန်နီရယ်၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

ကျောင်းတော်၏ စည်းကမ်းချက်အရ စာမေးပွဲ ၃ ကြိမ်ဆက်တိုက် မအောင်မြင်ပါက ကျောင်းမှ တိုက်ရိုက် ထုတ်ပယ်ခံရမည် ဖြစ်သည်။

"ဟူး... အောင်မြင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ..."

သုံးယောက်သား စိုးရိမ်ပူပန်မှုများဖြင့် အမှတ် ၁၁ လေ့ကျင့်ရေးကွင်းဆီသို့ ရောက်ရှိလာကြသည်။

ပထမနှစ် ကျောင်းသားများ အားလုံးနီးပါး ရောက်ရှိနေကြပြီ ဖြစ်ပြီး သုံးယောက်တစ်စု နှစ်ယောက်တစ်စုဖြင့် စုရုံးကာ တစ်စုံတစ်ခုကို တီးတိုး တီးတိုး ပြောဆိုနေကြသည်။

၁၀ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်တွင် ဆရာများ လေ့ကျင့်ရေးကွင်းဆီသို့ ရောက်ရှိလာကြသည်။

"ဆရာ ဟိုရေးရှိုး..."

"ဆရာမ ဝမ်ဒီ..."

"ဆရာ နေဒယ်..."

ရောက်ရှိလာသော ဆရာ တစ်ယောက်ချင်းစီကို ကြည့်ရင်း ကျောင်းသားများ၏ တီးတိုးပြောဆိုသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။

စိုးရိမ်ထိတ်လန့်မှုနှင့် ရိုသေကြောက်ရွံ့မှုများ ရောယှက်နေသော မျက်နှာလေးများသာ ကျန်ရစ်နေတော့သည်။

မုန်လဲ့ကတော့ ထောင့်တစ်နေရာတွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။

နှစ်ဝက်စာမေးပွဲကို တစ်နှစ်ပတ်လုံး အတူတကွ ကျင်းပခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ သူတို့၏ အတန်း ၁ သာမက အတန်း ၂ က ကျောင်းသားများလည်း ရောက်ရှိနေကြခြင်း ဖြစ်သည်။

အပိုအလိုမရှိ ကျောင်းသားသစ် ၉၈ ယောက် တိတိပင်။

စစ်ဆေးမည့် ဆရာများမှာ မှော်ပညာ ၁၀ မျိုးကို သင်ကြားပေးသော ဆရာများ ဖြစ်ကြပြီး အတန်း ၁ မှ ဆရာ ၁၀ ယောက်နှင့် အတန်း ၂ မှ ဆရာ ၁၀ ယောက် စုစုပေါင်း အယောက် ၂၀ ဖြစ်သည်။

ထို့အပြင် အတန်းနှစ်တန်းလုံးမှ အတန်းပိုင်ဆရာ ၂ ယောက်လည်း ပါဝင်သေးသည်။

ဝတုတ်လေးက မုန်လဲ့အနားသို့ တိုးလာပြီး အသံနှိမ့်ကာ တီးတိုး ပြောလိုက်သည်။

အတန်းပိုင်ဆရာကို မြင်လိုက်ရပြီးနောက် သူ၏ စိတ်ထဲတွင် ပို၍ စိုးရိမ်လာပုံရသည်။

"နဂါးနတ်ဘုရားတွေ ကယ်တော်မူပါ... ငါတို့ရဲ့ အတန်းပိုင်ဆရာတောင် ရောက်လာတာပဲ... ကျောင်းစတက်တာ ၃ လရှိပြီ အခုမှ အတန်းပိုင်ဆရာကို ပထမဆုံးအကြိမ် မြင်ဖူးတော့တာပဲ..."

ဒန်နီရယ်ကလည်း အတန်းပိုင်ဆရာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ငါတို့ အတန်းပိုင်ဆရာက ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လို့ ကြားတယ်... ဒီတစ်ခေါက် နှစ်ဝက်စာမေးပွဲကို လာလိမ့်မယ်လို့ လုံးဝ မထင်ထားဘူး... တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ..."

မုန်လဲ့က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ယခင်ဘဝက တက္ကသိုလ်တက်စဉ်က နှစ်ဝက်စာမေးပွဲပဲဖြစ်ဖြစ် နှစ်ဆုံးစာမေးပွဲပဲဖြစ်ဖြစ် အလွန် လွယ်ကူလှပြီး ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော အခင်းအကျင်းမျိုး လုံးဝ မရှိခဲ့ချေ။

ဆရာ ၂၂ ယောက် အစီအရီ နေရာယူပြီးနောက် အတန်း ၂ ၏ အတန်းပိုင်ဆရာ ဘာဒီ တေလွန် က စတင် စကားပြောလိုက်သည်။

သူသည် ပုံမှန် နဂါးလူသား တစ်ယောက် ဖြစ်ပြီး ခေါင်းတွင် ချိုတစ်ချောင်း ပေါက်နေကာ ကျောတွင် အတောင်ပံနှစ်ဖက် ပါရှိသည်။

ခန္ဓာကိုယ်မှာ ထွားကြိုင်းတုတ်ခိုင်ပြီး အလွန်အမင်း သန်မာပုံရကာ ထိုင်နေသည့်တိုင်အောင် အမြင်အာရုံအရ ကြီးမားသော ဖိအားများကို ပေးစွမ်းနိုင်ပေသည်။

သူနှင့် ယှဉ်လိုက်ပါက အတန်း ၁ ၏ အတန်းပိုင်ဆရာမှာ အတော်လေး သာမန်ဆန်လွန်းနေသည်။

ပိန်လှီခြောက်ကပ်နေသော လူသား အဘိုးအို တစ်ဦး ဖြစ်ပြီး မျက်နှာမှာလည်း ညှိုးနွမ်းနေကာ လေတိုက်လျှင်ပင် လဲကျသွားမတတ် တုန်ရီနေပေသည်။

အတန်း ၂ ၏ အတန်းတာဝန်ခံက ရှေ့သို့ တက်လာပြီး ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။

"ဆရာ ဘာဒီ... အတန်း ၂ က ကျောင်းသားတွေ အားလုံး စုံပါပြီ..."

အတန်း ၁ ၏ အတန်းပိုင်ဆရာ ဒတ်ခ် နိုဝေး ကလည်း သူ၏ အတန်းတာဝန်ခံ ဖြစ်သော စီနီယာအစ်မ ဂျန်နီ ကို လှမ်းကြည့်လိုက်သည်။

"အတန်း ၁ ရော စုံပြီလား..."

စီနီယာအစ်မ ဂျန်နီ က ရိုသေစွာ ပြန်ဖြေလိုက်သည်။

"အကုန်စုံပါပြီ ဆရာ ဒတ်ခ်..."

"အကုန်စုံပြီဆိုရင်လည်း စလိုက်ကြတာပေါ့... အတန်း ၁ က အရင်စမယ်..."

စီနီယာအစ်မ ဂျန်နီ က ခေါင်းညိတ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော နာမည်စာရင်းကို ထုတ်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"ဟုတ်ကဲ့ပါ..."

"ပထမနှစ် နှစ်ဝက်စာမေးပွဲကို တရားဝင် စတင်ပါပြီ... စာမေးပွဲမှာ အပိုင်း ၃ ပိုင်း ပါဝင်ပါမယ်..."

ကျောင်းသားများ အားလုံး နားစွင့်ကာ သေချာ ဂရုတစိုက် နားထောင်နေကြသည်။

"ပထမပိုင်းက စိတ်စွမ်းအင်ကို စမ်းသပ်မှာ ဖြစ်တယ်... ဒုတိယပိုင်းက မှော်စွမ်းအင် ပမာဏကို စမ်းသပ်မှာ ဖြစ်တယ်... တတိယပိုင်းကတော့ မှော်ပညာ အသုံးပြုမှုကို စမ်းသပ်မှာ ဖြစ်တယ်..."

"နာမည်ခေါ်ခံရတဲ့သူ အရင် ထွက်လာပါ... ပထမဆုံး လာရီ လစ်ဘီ..."

ဤနာမည်ကို ကြားလိုက်ရချိန်တွင် အတန်းပိုင်ဆရာ နှစ်ယောက်နှင့် ဆရာ အယောက် ၂၀ လုံးက သူတို့လက်ထဲရှိ နာမည်စာရင်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ပထမဆုံး နာမည်မှာ လာရီ လစ်ဘီ ပင် ဖြစ်သည်။

"ကျောင်းသား လာရီ... စိတ်စွမ်းအင်ကို အရင် စမ်းသပ်မယ်... စမ်းသပ်ရမယ့် နည်းလမ်းကို အထူးတလည် ပြောပြနေစရာ မလိုဘူးမလား..."

"သိပါတယ် စီနီယာအစ်မ..."

လာရီ လစ်ဘီ မှာ နဂါးလူသား လူငယ်တစ်ဦး ဖြစ်သည်။

အသက် ၁၄ နှစ်သာ ရှိသေးသော်လည်း အရပ် ၁.၈ မီတာခန့် ရှိကာ ထူးကဲစွာ သန်မာထွားကြိုင်းလှသည်။

နဖူးပေါ်ရှိ အနီရောင် နဂါးချိုတစ်စုံက သူသည် မီးဓာတ် နဂါးကြီး၏ သွေးကြောများ စီးဆင်းနေသော နဂါးလူသား ဖြစ်ကြောင်း ပြသနေပေသည်။

အထူးပြောရမည်ဆိုလျှင် မီးဓာတ် နဂါးကြီးများမှာ မီးနဂါးတိုင်းပြည်၏ တော်ဝင်မျိုးနွယ်များပင် ဖြစ်သည်။

လာရီ လစ်ဘီ က မြင့်မားသော စိတ်စွမ်းအင် တိုင်းတာရေးစက် အနီးသို့ လျှောက်သွားပြီး အနီရောင် ခလုတ်ပေါ်သို့ အကြည့်ရောက်သွားသည်။

ချက်ချင်းပင် တိုင်းတာရေးစက် အတွင်းရှိ အနီရောင်မျဉ်းမှာ အလျင်အမြန် တက်လာပြီး နောက်ဆုံးတွင် မှတ်တိုင်တစ်ခု၌ ရပ်တန့်သွားတော့သည်။

စီနီယာအစ်မ ဂျန်နီ က တိုင်းတာရေးစက်ကို ကြည့်ကာ လာရီ လစ်ဘီ ၏ ရလဒ်ကို အသံထွက်၍ ကြေညာလိုက်သည်။

"စိတ်စွမ်းအင်က ရွယ်တူတွေထက် အဆ ၅၀ များပြားတယ်... အမှတ် ၅၀..."

ဤအမှတ်ကို ကြားလိုက်ရချိန်တွင် အတန်း ၁ ၏ အတန်းပိုင်ဆရာ ဒတ်ခ် နိုဝေး က မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အက်ရှရှ အသံဖြင့် ပြောလိုက်သည်။

"ကျောင်းစဝင်တုန်းက စိတ်စွမ်းအင်က ရွယ်တူတွေထက် ၄၈ ဆ ဖြစ်တဲ့အတွက် ၄၈ မှတ် ရခဲ့တယ်... ဘာလို့ ၃ လ ကြာသွားတာတောင် ၂ မှတ်ပဲ တက်လာရတာလဲ..."

ထိုသို့ပြောပြီးနောက် သူ၏ အကြည့်များက လာရီ လစ်ဘီ ထံသို့ ရောက်ရှိသွားပြီး အေးစက်စက် လေသံဖြင့် ဆက်ပြောလိုက်သည်။

"ကျောင်းသား လာရီ... ဒီ ၃ လအတွင်း မင်း ဘာတွေ လုပ်နေခဲ့လဲဆိုတာ ရှင်းပြနိုင်မလား..."

လာရီ လစ်ဘီ ၏ မျက်နှာမှာ နီရဲသွားပြီး ဘာပြောရမှန်းမသိဘဲ အချိန်အတော်ကြာ ဆွံ့အလျက်သား ဖြစ်နေတော့သည်။

ဘာလုပ်နေခဲ့လဲ ဟုတ်လား။

တခြားကိစ္စတွေ လုပ်နေခဲ့တာပေါ့။

ကျောင်းစဝင်သည့် လပိုင်းများအတွင်း သူ အသေအလဲ ပျော်ပါးနေခဲ့သည် မဟုတ်ပါလော။

"ဆရာ... ကျွန်တော်..."

အတန်းပိုင်ဆရာ ဒတ်ခ် နိုဝေး က အေးစက်စက် ဖြတ်ပြောလိုက်သည်။

"စိတ်စွမ်းအင် ဆိုတာက မလေ့ကျင့်ရင်တောင် အသက်အရွယ် ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း တိုးတက်လာတတ်တဲ့ အရာမျိုးပဲ... ၃ လဆိုတဲ့ အချိန်က စိတ်စွမ်းအင် ၂ မှတ်လောက် တက်လာဖို့ လုံလောက်တဲ့ အချိန်ကာလ တစ်ခု ဖြစ်နေပြီ... ဒါက မင်း ဒီ ၃ လအတွင်း လုံးဝ မလေ့ကျင့်ဘဲ ကိုယ့်ကိုယ်ကိုယ် လွှတ်ထားခဲ့တယ် ဆိုတာကို ပြနေတာပဲ... ကျောင်းသား လာရီ... ဒီလို စိတ်နေသဘောထားမျိုးနဲ့တော့ လုံးဝ မဖြစ်ဘူး..."

"ဆရာ... ကျွန်တော်..."

"ကျန်တဲ့ ၂ ပိုင်းကို ဆက်ပြီး စမ်းသပ်နေစရာ မလိုတော့ဘူး... မင်းက... စာမေးပွဲ ကျတယ်... ပြန်ပြီး သေချာ သွားလေ့ကျင့်တော့..."

"နောက်တစ်ယောက်..."

All Chapters