အခန်း ၃၀
Vol. 3 Ch. 30
အခန်း ၃၀ စိတ်စွမ်းအင် ၂၃၀ ဆ
၁၁ နံပါတ် လေ့ကျင့်ရေးကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အတန်းပိုင်ဆရာ၏ အေးစက်စက် အော်ဟစ်ဆူပူသံနှင့်အတူ ခေါင်းငိုက်စိုက်ကျနေသော လာရီလစ်ဘီကို ကြည့်ကာ ကျောင်းသားများအားလုံး၏ ရင်ထဲတွင် လေးလံသော ကျောက်တုံးကြီးတစ်ခု ဖိပိနေသကဲ့သို့ ခံစားလိုက်ရသည်။
နှစ်ဝက်စာမေးပွဲသည် အခြေခံအချက်သုံးချက်ကို စစ်ဆေးရုံသာမက ကျောင်းစတက်သည့် သုံးလအတွင်း တိုးတက်မှု အခြေအနေကိုပါ ထည့်သွင်းစဉ်းစားကြောင်း ယခုမှ သူတို့ သဘောပေါက်သွားကြသည်။
ဒါကတော့ ဒုက္ခရောက်ပြီ။
အခြေခံကောင်းရှိစေကာမူ၊ ကျောင်းမဝင်ခင်ကတည်းက စွမ်းရည်ထူးချွန်နေပါစေ၊ ဒီသုံးလအတွင်း တိုးတက်မှုမရှိပါက စာမေးပွဲကျမည်ဟု သတ်မှတ်ခံရမည်ဖြစ်သည်။
'တကယ်ကို တင်းကျပ်လွန်းတယ်'
မုန်လဲ့ တိတ်တဆိတ် တွေးလိုက်မိသည်။
"နောက်တစ်ယောက် ... မွန်တီဒန်ဘာ"
"စိတ်စွမ်းအင်က ရွယ်တူတွေထက် ၆၇ ဆ ... ကျောင်းဝင်ခွင့်စမ်းသပ်ပွဲတုန်းက မင်းရဲ့ စိတ်စွမ်းအင်က ၆၂ ရှိတယ် ... အခု ၆၇ ဆိုတော့ ၅ မှတ်ပဲ တိုးလာတယ် ... ဒီသုံးလအတွင်း မင်းလည်း လုံးဝ ပေါ့လျော့နေခဲ့တာပဲ ... စာမေးပွဲကျတယ်"
"နောက်တစ်ယောက် ... အဲလ်ဘတ် အာခရိုက်"
"စာမေးပွဲကျတယ်"
"ဂါဘရီရယ် ဘရော့ဒ်"
"စာမေးပွဲကျတယ်"
"အန်နာလင်း ဘော့စ်ဝဲလ်"
"စာမေးပွဲကျတယ်"
"..."
"အမေရေ ... အကုန်လုံး ကျနေကြတာပဲ"
ဝတုတ်လေးမှာ ကြောက်လန့်တကြား မျက်နှာဖြူရော်နေပြီဖြစ်သည်။
"၁၇ ယောက်လုံး စိတ်စွမ်းအင် အပိုင်းမှာပဲ ကျသွားကြတာ ... သေပါပြီ ... ဘယ်လိုလုပ်ရမလဲ"
"အရမ်း တင်းကျပ်လွန်းတယ် ... တကယ်ကို အရမ်း တင်းကျပ်လွန်းတယ်"
ဒန်နီရယ်လည်း မျက်နှာ ဖြူဖျော့နေသည်။
"ဘောရစ်ရဲ့ စိတ်စွမ်းအင်က ၁၂ မှတ်တောင် တက်လာတာကို ကျသွားသေးတယ်ဆိုတော့ ... ဘယ်လောက်တောင် တက်ရမှာလဲ"
"မသိဘူး"
မုန်လဲ့ ခေါင်းခါလိုက်သည်။ ဤစာမေးပွဲစနစ်မှာ တကယ်ကို အဓိပ္ပာယ်မရှိလွန်းပေ။
"ဒီလောက် တင်းကျပ်နေရင်တော့ အောင်မယ့်သူ မရှိသလောက်ပဲ ဖြစ်လိမ့်မယ်"
ဝတုတ်လေးက ဖြူဖျော့နေသော မျက်နှာဖြင့် ညည်းတွားလိုက်သည်။
"ငါသာ ကျသွားရင် အဘိုးကြီးက ငါ့ကို အသေသတ်မှာပဲ"
စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေသည်။
သို့သော် ဝတုတ်လေး ပြောသကဲ့သို့ပင် ဤမျှ တင်းကျပ်သော စစ်ဆေးမှုစနစ်အောက်တွင် အောင်မြင်သူ လုံးဝမရှိသလောက်ပင်။ နောက်ဆက်တွဲ စမ်းသပ်ခဲ့သော ၃၇ ယောက်လုံး တစ်ယောက်မကျန် စာမေးပွဲကျခဲ့သည်။
ဤရလဒ်ကြောင့် အတန်းတစ် ကျောင်းသားများအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြပြီး အတန်းပိုင်ဆရာ ဒတ်ခ်နိုဝေး၏ မျက်နှာမှာလည်း တဖြည်းဖြည်း မည်းမှောင်လာတော့သည်။
နောက်ဆုံးတွင် သူ ပေါက်ကွဲထွက်သွားတော့သည်။
"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ"
ဒတ်ခ်နိုဝေး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သုံးလ ... ၃ လတိတိ မင်းတို့ ဘာတွေ လုပ်နေကြတာလဲ ... ဒီလောက်လူများတာတောင် တစ်ယောက်မှ မအောင်ဘူးဆိုတော့ ... ကျောင်းဝင်ကတည်းက မင်းတို့ ဘာတွေ လုပ်နေကြလဲဆိုတာ ငါ့ကို ကျယ်ကျယ်လောင်လောင် ပြောစမ်း"
လေ့ကျင့်ရေးကွင်းအတွင်း ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ အတန်းတစ် ကျောင်းသားများအားလုံး ခေါင်းငုံ့ထားကြပြီး အတန်းပိုင်ဆရာကို မျက်လုံးချင်း မဆုံရဲကြပေ။ ဆရာ၏ ဒေါသတကြီး အော်ဟစ်ဆဲဆိုမှုများကိုသာ ငြိမ်ခံနေကြရသည်။
အခြားဆရာများကတော့ ငြိမ်သက်စွာ စောင့်ကြည့်နေကြပြီး ဤမြင်ကွင်းကို ကျင့်သားရနေပုံပေါ်သည်။
ဆယ်မိနစ်ခန့် အော်ဟစ်ဆဲဆိုပြီးနောက် ဒတ်ခ်နိုဝေး သက်ပြင်းတစ်ချက်ချကာ ကျောင်းသားများကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"အပိုစကားတွေ ငါ ထပ်မပြောတော့ဘူး ... သတိပေးချက် တစ်ခုပဲ ပေးခဲ့မယ် ... မှော်ပညာ လေ့ကျင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိစိတ်ရှိဖို့ လိုတယ် ... မင်းတို့ရဲ့ အခု လက်ရှိ သဘောထားမျိုးနဲ့ဆိုရင် ဘယ်လောက်ပဲ ထူးချွန်တဲ့ ပါရမီရှိရှိ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ သင်ယူမှု အရင်းအမြစ်တွေ ရှိရှိ ဘာမှ အရာရောက်လာမှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူသည် နေရာသို့ ပြန်သွားထိုင်ကာ နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ချေ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
စီနီယာအစ်မ ဂျန်နီက ချောင်းဟန့်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ဆရာဒတ်ခ် ... စာမေးပွဲ ဆက်လုပ်ရဦးမလား"
"ဆက်လုပ်"
ဒတ်ခ်နိုဝေး အေးစက်စက် ပြောလိုက်သည်။
"ဒီအတန်းက ဘယ်လောက်တောင် စုတ်ပြတ်သတ်နေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
"ဟုတ်ကဲ့ပါ"
စီနီယာအစ်မ ဂျန်နီက ခေါင်းညိတ်လိုက်ပြီးနောက် ကြေညာလိုက်သည်။
"နောက်တစ်ယောက် ... မုန်လဲ့"
မုန်လဲ့
ဒီနာမည်က ရင်းနှီးနေသလိုပဲ။
ဆရာများ အားလုံး လက်ထဲရှိ စာရင်းကို ကြည့်လိုက်မှ သဘောပေါက်သွားကြသည်။ အတန်းနှစ် အတန်းပိုင်ဆရာ ဘာဒီတေလွန်က ပြုံးကာ နောက်ပြောင်လိုက်သည်။
"ကျောင်းသား မုန်လဲ့က ဒီနှစ် ကျောင်းသားသစ်တွေထဲမှာ ပါရမီအကောင်းဆုံးပဲလေ ... သူ ဘယ်လောက် တိုးတက်လာလဲဆိုတာ မသိရသေးဘူးနော်"
"ဟွန့် ... သူ ပေါ့လျော့မနေဖို့ မျှော်လင့်ရတာပဲ"
ဒတ်ခ်နိုဝေး နှာခေါင်းရှုံ့လိုက်သည်။
"ဒီကလေးက တော်တော်လေး ကိုယ်ပိုင်ဟန်ရှိတယ်လို့ ကြားတယ် ... မနက်ပိုင်း အတန်းတက်ပြီး နေ့လယ်ပိုင်း လမ်းလျှောက်ထွက်တယ်တဲ့ ... အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်တတ်တယ် ... တော်တော်လေး အတွေးအခေါ်ရှိတာပဲ"
ဘာဒီတေလွန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"နေ့လယ်ပိုင်း လမ်းလျှောက်ထွက်တယ်"
ဒတ်ခ်နိုဝေး၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
"ဒီကိစ္စကို ကျွန်တော်လည်း ကြားဖူးတယ်"
အတန်းနှစ်မှ ဆရာတစ်ယောက်က ပြုံးကာ ဝင်ပြောလိုက်သည်။
"ဒီနှစ်ရဲ့ အတော်ဆုံး ပါရမီရှင်က ထူးဆန်းတယ်လို့ ကျောင်းထဲမှာ ကောလာဟလတွေ ထွက်နေတာ ... နေ့လယ်ဘက် အတန်းမတက်ဘူး ... တရားမထိုင်ဘူး ... စာကြည့်တိုက်လည်း မသွားဘူး ... ကျောင်းဝင်းထဲမှာပဲ လမ်းလျှောက်နေတာကို သဘောကျနေတယ်တဲ့ ... ကျောင်းသားအဆောင် စားသောက်ဆိုင် လေ့ကျင့်ရေးကွင်း ... နေရာတိုင်းမှာ သူ့ကို တွေ့ရတယ် ... သုံးလလုံးလုံး တစ်ရက်မှ မပျက်ကွက်ဘူးတဲ့"
"ဟုတ်တယ် ... ကျွန်မလည်း ကြားတယ် ... အတန်းတက်တာတော့ သေချာ ဂရုစိုက်ပါတယ် ... ဒါပေမယ့် နေ့လယ်ပိုင်းကတော့ ... ဟူး ... ဒီလောက်ကောင်းတဲ့ ပါရမီကို တကယ် နှမြောစရာပဲ"
ဆရာများက ဝိုင်းဝန်းပြောဆိုနေကြပြီး နှမြောတသဖြစ်နေကြသည်။ မုန်လဲ့ကဲ့သို့ ထူးချွန်သော ပါရမီရှင်များသည် ပုံမှန်လူများထက် လေ့ကျင့်ရာတွင် များစွာ ပိုမို ထိရောက်မှု ရှိသည်။ သူသာ စိတ်ငြိမ်ငြိမ်ထားပြီး ကြိုးစားလေ့ကျင့်ပါက နောင်တွင် မည်မျှ အောင်မြင်မည်ကို မှန်းဆ၍ပင် မရနိုင်ချေ။
သို့သော် မုန်လဲ့၏ နေ့စဉ် အလုပ်နှင့် အနားယူမှုကို မျှတအောင် လုပ်ခြင်းသည် ပါရမီကို ဖြုန်းတီးနေခြင်းသာ ဖြစ်သည်။ မည်သို့ နှမြောစရာ မကောင်းဘဲ နေမည်နည်း။
"ဒီကောင်စုတ်"
ဒတ်ခ်နိုဝေး၏ မျက်နှာမှာ မည်းမှောင်နေပြီး ဒေါသထွက်လွန်း၍ ရေများပင် ထွက်လာမတတ် ဖြစ်နေတော့သည်။
ဆရာများ၏ စကားသံများကို ကျောင်းသားများအားလုံး ကြားနေရပြီး သူတို့၏ စိတ်ထဲတွင် အမျိုးမျိုး တွေးတောနေကြသည်။ အချို့က မုန်လဲ့ကို လှောင်ပြောင်ရန် စောင့်ဆိုင်းနေကြသည်။
အချို့ကတော့ မုန်လဲ့ ပါရမီကို ဖြုန်းတီးနေခြင်းအပေါ် ဒေါသထွက်ကာ အပြစ်တင်နေကြသည်။
အချို့ကလည်း မုန်လဲ့ ဒုက္ခရောက်မည့် အချိန်ကို အေးအေးဆေးဆေး စောင့်ကြည့်နေကြသည်။
"နေရာအနှံ့ လမ်းလျှောက်နေတယ် ... ပါရမီကို ဖြုန်းတီးနေတယ်"
မုန်လဲ့ ပြုံးလိုက်ပြီး စိတ်စွမ်းအင် တိုင်းတာရေးစက်ဆီသို့ လျှောက်သွားကာ လူအများရှေ့တွင် သူ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းပင် တိုင်းတာရေးစက် အတွင်းရှိ အနီရောင်မျဉ်းမှာ ဒုံးပျံတစ်စင်းအလား အရှိန်အဟုန်ဖြင့် တက်လာပြီးနောက် အဆက်မပြတ် တက်နေတော့သည်။
တက်လာသည်။
တက်လာသည်။
တက်လာသည်။
"သေစမ်း ... မြန်လိုက်တာ"
လူတိုင်း အံ့အားသင့်သွားပြီး အနီရောင်မျဉ်း၏ မြန်ဆန်လှသော တက်နှုန်းကြောင့် လန့်ဖျပ်သွားကြသည်။
နောက်ဆုံးတွင် အနီရောင်မျဉ်းမှာ အမြင့်တစ်နေရာသို့ ရောက်သောအခါ ရပ်တန့်သွားတော့သည်။
စီနီယာအစ်မ ဂျန်နီက တိုင်းတာရေးစက် အနီးသို့ ကပ်သွားပြီး စမ်းသပ်မှု ရလဒ်ကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်သည်။
"စိတ်စွမ်းအင် ... ရွယ်တူတွေထက် ၂၃၀ ဆ"
"ဝေါ"
ထိုစကားကို ကြားလိုက်ရချိန်တွင် တစ်ကွင်းလုံး အံ့အားသင့်သွားကြတော့သည်။
"ဘယ် ... ဘယ်လောက်"
"၂ ... ၂၃၀ ဆ"
"နဂါးနတ်ဘုရားတွေ ကယ်တော်မူပါ ... ငါ နားကြားမှားတာများလား"
"ရှီး"
တစ်ကွင်းလုံးတွင် လေပူမှုတ်ထုတ်သံများ ထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်များက မုန်လဲ့ထံသို့ ရောက်ရှိသွားကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အံ့ဩမှု၊ မယုံကြည်နိုင်မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။
"၂၃၀ ဆ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"တိုင်းတာရေးစက်များ ပျက်နေတာလား ... သူ့ရဲ့ စိတ်စွမ်းအင်က ဘယ်လိုလုပ် ဒီလောက် မြင့်နေရတာလဲ"
"ငါ မှတ်မိသလောက်ဆို ကျောင်းဝင်ခွင့်စမ်းသပ်ပွဲတုန်းက သူ့ရဲ့ စိတ်စွမ်းအင်က ရွယ်တူတွေထက် အဆ ၁၀၀ ပဲ ရှိတာမလား ... အခု ၃ လပဲ ရှိသေးတာကို ဒီလောက်တောင် တက်လာတာလား"
"ကြောက်စရာကောင်းလိုက်တာ ... တကယ့်ကို ကြောက်စရာကောင်းတဲ့ ကောင်ပဲ"
"၂၃၀ ဆ ရှိတဲ့ စိတ်စွမ်းအင်"
စစ်ဆေးရေးခုံတန်းပေါ်ရှိ ဆရာများလည်း အချင်းချင်း ကြည့်ကာ ကြက်သီးထသွားကြသည်။
"သုံးလလေး အတွင်းမှာ စိတ်စွမ်းအင်က ဒီလောက်တောင် တက်လာတာလား"
"ဒါ ... ဖြစ်နိုင်လို့လား"
"သာမန်လူတွေအတွက်တော့ မဖြစ်နိုင်ဘူး ... ဒါပေမယ့် ပါရမီရှင်တွေကိုတော့ သာမန်အတိုင်း တွေးလို့ မရဘူးလေ"
အတန်းပိုင်ဆရာ ဒတ်ခ်နိုဝေး၏ မျက်နှာမှာ ဒေါသထွက်နေရာမှ ချက်ချင်း ပြုံးရွှင်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"သုံးလလေး အတွင်းမှာ စိတ်စွမ်းအင် ဒီလောက်တောင် တက်လာတာက ကျောင်းသား မုန်လဲ့ ဘယ်လောက်တောင် ကြိုးစားခဲ့လဲဆိုတာ ပြနေတာပဲ ... ဆရာ ဘာဒီ ... ကျောင်းသားတစ်ယောက်ကို အထောက်အထား မရှိဘဲ စွပ်စွဲတာက သိပ်မကောင်းဘူးနော်"
ထိုစကားကို ကြားလိုက်ရချိန်တွင် အတန်းနှစ် အတန်းပိုင်ဆရာ ဘာဒီတေလွန်၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
ငါက သူ့ကို စွပ်စွဲတာလား။
သို့သော် လက်တွေ့ရလဒ်က မျက်စိရှေ့တွင် ရှိနေသဖြင့် သူ ဘာမှ ပြန်လည်မချေပနိုင်တော့ချေ။ ဤအခြေအနေကို မကျေမနပ်ဖြင့်သာ မျိုသိပ်ထားရတော့သည်။
"ဒုတိယပိုင်း ... မှော်စွမ်းအင် ပမာဏကို စမ်းသပ်မယ်"