← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁ အဆင့်သုံး မှော်ပညာကို ပြီးပြည့်စုံစွာ ထုတ်လွှတ်ခြင်း

မှော်စွမ်းအင် ပမာဏကို စမ်းသပ်သည့် ကိရိယာမှာ စိတ်စွမ်းအင် တိုင်းတာရေးစက်နှင့် ဆင်တူသော်လည်း အောက်ခြေတွင် အနီရောင်ခလုတ် မရှိဘဲ မှော်သလင်းကျောက်လုံး တစ်လုံးသာ ရှိလေသည်။ လက်နှစ်ဖက်ကို ထိုသလင်းကျောက်လုံးပေါ်တွင် တင်လိုက်ရုံဖြင့် မှော်စွမ်းအင် ပမာဏကို တိုင်းတာနိုင်မည် ဖြစ်သည်။

"မှော်စွမ်းအင် ပမာဏ ၃၅ ... အဆင့်သုံး မှော်ဆရာတစ်ယောက်နဲ့ ညီမျှတယ်..."

မုန်လဲ့၏ စမ်းသပ်မှု ရလဒ်မှာ အလျင်အမြန်ပင် ထွက်ပေါ်လာခဲ့သည်။ လူအများ၏ တုံ့ပြန်မှုများမှာမူ တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။

"၃၅ တည်းလား ... သာမန်ပါပဲကွာ..."

နဂါးလူသား လူငယ်အချို့က အထင်သေးဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်ကြသည်။ နဂါးလူသားများမှာ မွေးရာပါ မှော်စွမ်းအင် ပမာဏ ကြီးမားသူများ ဖြစ်ကြပြီး သိပ်မလေ့ကျင့်လျှင်တောင် ရွယ်တူ လူသားများထက် အဆမတန် သာလွန်နေတတ်သည်။

သူတို့ ကျောင်းမဝင်ခင်ကတည်းက ပိုင်ဆိုင်ထားသော မှော်စွမ်းအင် ပမာဏမှာပင် အဆင့်နှစ် သို့မဟုတ် အဆင့်သုံး မှော်ဆရာများနှင့် ညီမျှနေခဲ့ပြီ ဖြစ်သည်။

"ပါရမီရှင် ဆိုတာလည်း ဒီလောက်ပါပဲကွာ..."

"ဒါပေါ့ ... စိတ်စွမ်းအင်လေး နည်းနည်း ကောင်းရုံတင်ပါ..."

"ဘာမှနားမလည်တဲ့ လူမိုက်ကောင်တွေ ... မင်းတို့က ဘာသိလို့လဲ..."

နဂါးလူသား လူငယ်လေးများ၏ လှောင်ပြောင်သံများကို ကြားလိုက်ရချိန်တွင် အတန်းပိုင်ဆရာ ဒတ်ခ်နိုဝေးမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျောင်းသား မုန်လဲ့က သာမန် လူသားမျိုးနွယ်ထဲက ပေါက်ဖွားလာတာ ... ကျောင်းမဝင်ခင်က မှော်ပညာနဲ့ ပတ်သက်ပြီး ဘာမှ ထိတွေ့ခဲ့ရမှာ မဟုတ်ဘူး ... အဲ့ဒါကြောင့် သူ့ဆီမှာရှိတဲ့ မှော်စွမ်းအင်တွေ အားလုံးဟာ ကျောင်းဝင်ပြီးမှ တရားထိုင်ရင်း ရရှိလာတာတွေချည်းပဲ..."

ထိုသို့ပြောရင်း ဒတ်ခ်နိုဝေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"သုံးလဆိုတဲ့ အချိန်တိုလေး အတွင်းမှာ အဆင့်သုံး မှော်ဆရာတစ်ယောက်နဲ့ ညီမျှတဲ့ မှော်စွမ်းအင်ကို ရရှိလာတယ် ဆိုတာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပါရမီလဲ ... မင်းတို့တွေနဲ့ ယှဉ်လို့ရတဲ့ အဆင့်များ မှတ်နေလား..."

"ဟုတ်ပါတယ် ... သုံးလလေး အတွင်းမှာ ဒီလောက် အောင်မြင်မှုမျိုး ရလာတာ ကျောင်းတော်ရဲ့ ဒီနှစ် အတော်ဆုံး ပါရမီရှင် ဆိုတဲ့ နာမည်နဲ့ တကယ်ကို တန်ပါတယ်..."

"ဒီကလေးသာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အခုလို အရှိန်အဟုန်မျိုးနဲ့ ဆက်ကြိုးစားသွားမယ် ဆိုရင် အနာဂတ်မှာ ဘယ်လောက်တောင် အောင်မြင်လာမလဲ ဆိုတာ မှန်းဆလို့တောင် ရမှာမဟုတ်ဘူး ... ငါတော့ သူ့ကို အရမ်း မျှော်လင့်ထားတယ်..."

"ငါလည်း ဒီကလေးကို သဘောကျတယ်..."

"ဒါကတော့..."

နဂါးလူသား လူငယ်လေးများမှာ စကားပြန်မပြောနိုင်ဘဲ ဆွံ့အသွားကြတော့သည်။

"မင်းတို့တွေ ဒီမှာ အတင်းအဖျင်း ပြောနေမယ့်အစား ပြန်ပြီး သေချာ သွားလေ့ကျင့်နေလိုက်ကြ ... ဒီမှာ အရှက်ကွဲပြီး လူရယ်စရာ ဖြစ်မနေကြနဲ့..."

ဒတ်ခ်နိုဝေးက အေးစက်စက် လေသံဖြင့် အော်ငေါက်လိုက်သည်။

"ခွေးကောင်..."

ဆူပူခံလိုက်ရသော နဂါးလူသား လူငယ်လေးများ၏ မျက်နှာမှာ နီရဲသွားပြီး ရင်ထဲတွင် မခံမရပ်နိုင်အောင် ဒေါသထွက်သွားကြသည်။ သူတို့အားလုံးမှာ မြင့်မြတ်သော ဆွေမျိုးအသိုင်းအဝိုင်းမှ မွေးဖွားလာကြသည့် မှူးမတ်မျိုးနွယ်များ ဖြစ်ကြရာ ယခုကဲ့သို့ လူပုံအလယ်တွင် အရှက်ခွဲခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးကြချေ။

သို့သော် ဒတ်ခ်နိုဝေးသည် ကျောင်းတော်၏ ဆရာတစ်ယောက် ဖြစ်နေသောကြောင့် သူတို့ မည်မျှပင် ဒေါသထွက်နေပါစေ စကားတစ်ခွန်းမျှပင် ပြန်မပြောရဲကြပေ။

ထို့ကြောင့် နဂါးလူသား လူငယ်လေးများက သူတို့၏ ဒေါသတရားများကို မုန်လဲ့အပေါ်သို့ လွှဲချလိုက်ကြတော့သည်။

"အကုန်လုံး ဒီအောက်တန်းကျတဲ့ လူသားကောင်ကြောင့်ပဲ ... သူသာ မဟုတ်ရင်..."

နဂါးလူသား လူငယ်လေးများ၏ ဒေါသတရားကို ဘေးဖယ်ထားလိုက်လျှင် မုန်လဲ့၏ စမ်းသပ်မှုမှာ ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ စမ်းသပ်မှု၏ တတိယမြောက် အပိုင်းမှာ မှော်ပညာ အသုံးပြုခြင်း ဖြစ်သည်။

"မှော်ဆရာ တစ်ယောက်အတွက် စိတ်စွမ်းအင်နဲ့ မှော်စွမ်းအင် ပမာဏ ဆိုတာက အခြေခံတွေထဲက အခြေခံတွေပဲ ... ဒီနှစ်ခုလုံးက မှော်ပညာကို အသုံးပြုဖို့အတွက် ပြင်ဆင်ထားရတာတွေချည်းပဲ..."

ဆရာ ဒတ်ခ်နိုဝေးက ကိုယ်တိုင် ဆင်းလာပြီး မုန်လဲ့ကို ကြင်နာယုယသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ဒါကြောင့် မှော်ပညာကို လက်တွေ့ အသုံးပြုနိုင်ခြင်းကသာ မှော်ဆရာတစ်ယောက်ရဲ့ အစွမ်းအစကို စမ်းသပ်နိုင်တဲ့ အမှန်ကန်ဆုံး စံသတ်မှတ်ချက် ဖြစ်တယ်..."

ထိုသို့ပြောရင်း ဒတ်ခ်နိုဝေးက သဘောကျစွာ ပြုံးလိုက်ရာ သူ၏ မျက်နှာမှာ ကြင်နာမှုများ ပြည့်နှက်နေတော့သည်။

"ကျောင်းသား မုန်လဲ့ ... မင်း ကြိုက်နှစ်သက်ရာ မှော်ပညာ သုံးမျိုးကို လွတ်လွတ်လပ်လပ် ထုတ်ပြပါ..."

"ဟုတ်ကဲ့ပါ ဆရာ..."

မုန်လဲ့က ခေါင်းညိတ်လိုက်ပြီး လေ့ကျင့်ရေးကွင်း၏ အလယ်တည့်တည့်သို့ လျှောက်သွားကာ မှော်ဂါထာများကို စတင် ရွတ်ဆိုလိုက်သည်။

'ဖြန်း ... ဖြန်း ... ဖျောက် ... ဖျောက်...'

ပတ်ဝန်းကျင်ရှိ လျှပ်စီးဓာတ် မှော်စွမ်းအင်များက လျင်မြန်စွာ စုဝေးလာကြပြီး ပေါက်ကွဲသံများနှင့်အတူ မရေမတွက်နိုင်သော လျှပ်စစ်စီးကြောင်းငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် လျှပ်စီးဘောလုံး တစ်လုံးမှာ တိတ်တဆိတ် ပုံပေါ်လာတော့သည်။

ထိုလျှပ်စီးဘောလုံးမှာ မုန်လဲ့၏ လက်ဝါးထက်တွင် လည်ပတ်နေကာ မျက်စိကျိန်းမတတ် တောက်ပနေပေသည်။

"လျှပ်စီးဓာတ် မှော်ပညာ ... လျှပ်စီးဘောလုံး..."

ဆရာ ဟိုရေးရှိုး၏ မျက်လုံးများက တောက်ပသွားပြီး အားပါးတရ ချီးကျူးလိုက်သည်။

"တကယ်ကို ကောင်းမွန်လွန်းတဲ့ လျှပ်စီးဘောလုံးပဲ ... မှော်ပညာ ထုတ်လွှတ်တဲ့ လုပ်ငန်းစဉ် တစ်ခုလုံးက သုံးစက္ကန့်တောင် မကြာလိုက်ဘူး ... ပြီးတော့ လျှပ်စီးဓာတ် စွမ်းအင်တွေ အားလုံးက ဘောလုံးထဲမှာ အပြည့်အဝ စုစည်းနေပြီး အပြင်ဘက်ကို နည်းနည်းလေးမှ စိမ့်ထွက်မလာဘူး ... ဒါက တကယ့်ကို အဆင့်မြင့်တဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသလိုက်တာပဲ..."

"ဒီလျှပ်စီးဘောလုံး အတွက် ငါ အမှတ်ပြည့် ပေးတယ်..."

အတန်းနှစ်မှ လျှပ်စီးဓာတ် မှော်ပညာ ဆရာကလည်း လက်ခုပ်တီးကာ အံ့ဩတကြီး ချီးကျူးလိုက်သည်။

"ဒါ့အပြင် ကျောင်းသား မုန်လဲ့က အနည်းဆုံး မှော်စွမ်းအင် ပမာဏကိုပဲ သုံးပြီး ပတ်ဝန်းကျင်က လျှပ်စီးဓာတ် စွမ်းအင်တွေကို ဆွဲငင်ကာ ဒီဘောလုံးကို ဖန်တီးလိုက်တာ ... မှော်စွမ်းအင် အပေါ်မှာ ထိန်းချုပ်နိုင်စွမ်းက တကယ်ကို အားကောင်းလွန်းတယ်..."

အခြားဆရာများကလည်း ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ကာ ချီးကျူးလိုက်ကြသည်။ လျှပ်စီးဘောလုံးမှာ အနိမ့်ဆုံး အဆင့်တစ် မှော်ပညာသာ ဖြစ်သော်လည်း ရိုးရှင်းသော အရာများကသာ အခြေခံကို ပိုမို ထင်ဟပ်စေတတ်သည် မဟုတ်ပါလော။

မှော်ပညာ ထုတ်လွှတ်သည့် အမြန်နှုန်း။

မှော်စွမ်းအင် အသုံးပြုရသည့် ပမာဏ။

မှော်စွမ်းအင်အပေါ် တိကျစွာ ထိန်းချုပ်နိုင်စွမ်း။

ဤအရာများ အားလုံးက မှော်ဆရာတစ်ယောက်၏ အစစ်အမှန် အရည်အချင်းကို ဖော်ပြနေပေသည်။

"မှော်ပညာ ဆိုတာ အနုပညာ တစ်ရပ်ပဲ..."

ဆရာ ဒတ်ခ်နိုဝေး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေသည်။

"ကြီးမြတ်တဲ့ မှော်ဆရာ တစ်ယောက်ဟာ အနုပညာရှင်ကြီး တစ်ယောက်နဲ့ တူတယ် ... သိမ်မွေ့နက်နဲတဲ့ အနုပညာ ဖန်တီးမှုတွေကမှ ဒီပညာရပ်ရဲ့ ဆွဲဆောင်မှုကို ပြသနိုင်တာ ... ကျောင်းသား မုန်လဲ့ရဲ့ မှော်ပညာ ထုတ်လွှတ်တဲ့ ပုံစံက ရေစီးကြောင်းလေးလို ချောမွေ့နေပြီး အနုပညာ အရသာတွေ အပြည့်အဝ ပါဝင်နေတယ်..."

"ဆရာကြီး ဒတ်ခ် ပြောတာ တကယ် မှန်ကန်ပါတယ်..."

ဆရာများ အားလုံးက ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။

"အဆင့်တစ် မှော်ပညာလေးကိုများ ဘာတွေ အထင်ကြီးနေကြတာလဲ ... ငါဆို အသက် ခုနစ်နှစ် အရွယ်ကတည်းက အဆင့်တစ် မှော်ပညာကို ထုတ်လွှတ်နိုင်နေပြီ..."

နဂါးလူသား လူငယ်လေးများက နှာခေါင်းရှုံ့လိုက်ကြပြီး ရင်ထဲတွင် အလွန်အမင်း အထင်သေးနေကြသည်။ ဆရာများက မုန်လဲ့ကို ချီးကျူးလေလေ သူတို့က ပို၍ မကျေမနပ် ဖြစ်လေလေပင်။

မုန်လဲ့က လက်ဝှေ့ယမ်းကာ လျှပ်စီးဘောလုံးကို ရုပ်သိမ်းလိုက်ပြီးနောက် ဒုတိယမြောက် မှော်ဂါထာကို စတင် ရွတ်ဆိုလိုက်သည်။ စက္ကန့်အနည်းငယ် အကြာတွင် ငွေရောင်အလင်းတန်းများ ဖြာထွက်နေသော လှံရှည်တစ်ချောင်းမှာ မုန်လဲ့၏ လက်ထဲတွင် ပေါ်လာတော့သည်။

ထိုလှံရှည်မှာ လျှပ်စီးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြမ်းတမ်းသည့် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်နေပေသည်။

"လျှပ်စီးဓာတ် မှော်ပညာ ... မိုးကြိုးလှံတံ..."

"မဆိုးဘူး ... တကယ် မဆိုးဘူး..."

"မှော်ပညာ ထုတ်လွှတ်တဲ့ အမြန်နှုန်းက အရမ်းမြန်တယ် ... မှော်စွမ်းအင်တွေ အပြင်ကို စိမ့်ထွက်မသွားဘူး ... သုံးလိုက်ရတဲ့ မှော်စွမ်းအင် ပမာဏကလည်း အရမ်း နည်းတယ် ... ဒီမိုးကြိုးလှံတံကလည်း အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံလွန်းတယ် ... အဆင့်နှစ် မှော်ပညာကိုတောင် ဒီလောက် ကောင်းကောင်း ထုတ်လွှတ်နိုင်တာဆိုတော့ အမှတ်ပြည့်ပဲ..."

ချီးကျူးသံများ ဆူညံနေသည့်ကြားမှပင် မုန်လဲ့က မိုးကြိုးလှံတံကို ရုပ်သိမ်းလိုက်ပြီး တတိယမြောက် ဂါထာကို စတင် ရွတ်ဆိုလိုက်သည်။

သူ၏ စိတ်စွမ်းအင်များက ဒီရေလှိုင်းများအလား အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ဆယ်မီတာ အတွင်းရှိ လျှပ်စီးဓာတ် စွမ်းအင်များ အားလုံးကို ဆွဲငင်ကာ မုန်လဲ့ထံသို့ စုဝေးလာစေတော့သည်။

"ဒီလောက် ကြီးမားတဲ့ ပမာဏဆိုတော့..."

ဒတ်ခ်နိုဝေး၏ မျက်လုံးများက တောက်ပသွားသည်။

"အဆင့်သုံး မှော်ပညာကို ထုတ်လွှတ်တော့မလို့လား..."

"ဒါက အဆင့်သုံး မှော်ပညာ ... လျှပ်စီး အကာအကွယ်ပဲ..."

ဆရာ ဟိုရေးရှိုးက ဖြည်းညင်းစွာ ပြောလိုက်ရာ သူ၏ မျက်လုံးများထဲတွင် အလွန်အမင်း အံ့အားသင့်မှုများ ပြည့်နှက်နေပေသည်။

"ဒီကလေးက အတန်းထဲမှာဆိုရင် ဘာမှ မသိသလို ဟန်ဆောင်ပြီး အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တာ ... သူ့ကို သတိတောင် မထားမိကြဘူး ... အခုတော့ သူက အဆင့်သုံး မှော်ပညာကိုတောင် ကျွမ်းကျင်နေပြီလို့ ဘယ်သူက ထင်ထားမှာလဲ..."

"အကယ်၍များ အဆင့်သုံး မှော်ပညာကိုသာ ထုတ်လွှတ်နိုင်မယ် ဆိုရင်တော့ အဆင့်သုံး မှော်ဆရာ ဖြစ်ဖို့ သေချာသွားပြီပေါ့..."

"ကျောင်းဝင်တာ သုံးလပဲ ရှိသေးတယ် ... ဘာမှမသိတဲ့ အခြေအနေကနေ အဆင့်သုံး မှော်ဆရာ တစ်ယောက် ဖြစ်လာတယ် ဆိုတာကတော့ တစ်ခါမှကို မကြားဖူးခဲ့တဲ့ ပါရမီပဲ..."

"ပါရမီရှင် အစစ်ပဲ..."

ဆရာများ အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် အံ့ဩချီးကျူးနေကြသည်။ တကယ့် အရည်အချင်းပြည့်ဝသော အဆင့်သုံး မှော်ဆရာ တစ်ယောက် ဖြစ်လာရန် မည်သို့ လိုအပ်သနည်း။

စိတ်စွမ်းအင်သည် အဆင့်သုံးသို့ ရောက်ရှိရမည်။

မှော်စွမ်းအင် ပမာဏမှာ အဆင့်သုံးနှင့် ညီမျှရမည်။

အဆင့်သုံး မှော်ပညာကို ထုတ်လွှတ်နိုင်ရမည်။

ဤအချက်သုံးချက်လုံး ပြည့်စုံမှသာ ရရှိနိုင်ခြင်း ဖြစ်သည်။

စိတ်စွမ်းအင်နှင့် မှော်စွမ်းအင် ပမာဏ လုံလောက်နေသော်လည်း အဆင့်သုံး မှော်ပညာကို မထုတ်လွှတ်နိုင်ပါက အဆင့်သုံး မှော်ဆရာဟု မသတ်မှတ်နိုင်ချေ။ မွေးရာပါ မှော်စွမ်းအင် ပမာဏ ကြီးမားသော်လည်း မှော်ဆရာတစ်ယောက်ပင် မဖြစ်လာနိုင်သော နဂါးလူသား အများအပြား ရှိနေသကဲ့သို့ပင် ဖြစ်သည်။

အဆင့်သုံး မှော်ဆရာ ဆိုသည်မှာ အဆင့်နိမ့် မှော်ဆရာ စာရင်းဝင်သာ ဖြစ်သော်လည်း သုံးလတည်းသော အချိန်ကာလအတွင်း အဆင့်သုံးသို့ ရောက်ရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

စိတ်စွမ်းအင်ကိုလည်း မြှင့်တင်ရမည်။

မှော်စွမ်းအင် ပမာဏကိုလည်း မြှင့်တင်ရမည်။

ထို့အပြင် မှော်ပညာကိုလည်း လေ့လာရဦးမည် ဖြစ်သည်။

မည်သည့်အရာက အချိန်အများကြီး မယူဘဲ ရနိုင်မည်နည်း။

သုံးလ ဆိုသည့် အချိန်က ဘာလုပ်ဖို့ လုံလောက်မည်နည်း။

လူအများစုမှာ တစ်သက်လုံး ကြိုးစားလျှင်တောင် ဤအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။

"ဟွန့် ... ဘာတွေများ အထင်ကြီးစရာ ရှိလို့လဲ..."

ဆရာများက မုန်လဲ့ကို အလွန်အမင်း ချီးကျူးနေကြသည်ကို မြင်သောအခါ နဂါးလူသား လူငယ်လေးများ၏ ရင်ထဲတွင် အချဉ်ပေါက်သလို ခံစားနေကြရသည်။ သို့သော် သူတို့၏ မနာလိုမှုများက မုန်လဲ့၏ မှော်ပညာ ထုတ်လွှတ်မှုကို မည်သို့မျှ အနှောင့်အယှက် မပေးနိုင်ချေ။

မုန်လဲ့၏ ဆွဲငင်မှုအောက်တွင် ကြီးမားလှသော လျှပ်စီးဓာတ် စွမ်းအင်များက တစ်စုတစ်စည်းတည်း ဖြစ်သွားကြပြီး သူ၏ ပတ်ဝန်းကျင် သုံးမီတာ အကွာအဝေးကို လွှမ်းခြုံထားနိုင်သော ငွေရောင် အကာအကွယ် တစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာတော့သည်။

ထိုအကာအကွယ်မှာ ပထမတွင် ဝေဝါးနေသော်လည်း တဖြည်းဖြည်း ပီပြင်ထင်ရှားလာကာ နောက်ဆုံးတွင် လုံးဝ ခိုင်မာသွားတော့သည်။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ ရေစီးကြောင်းလေးအလား အလွန် ချောမွေ့နေပြီး ပြဒါးများ ဖိတ်ကျသွားသကဲ့သို့ အတားအဆီးမဲ့စွာ ပြီးပြည့်စုံနေပေသည်။

"အချိန် တစ်ဆယ့်ကိုးစက္ကန့်ပဲ ကြာတယ် ... မှော်ပညာ ထုတ်လွှတ်တဲ့ အချိန်က အရမ်းကို တိုတောင်းလွန်းတယ်လို့ ပြောလို့ရတယ် ... အပို မှော်စွမ်းအင်တွေ လုံးဝ စိမ့်ထွက်မသွားဘူး ... သုံးလိုက်ရတဲ့ မှော်စွမ်းအင်ကလည်း အရမ်းနည်းတယ် ... ဒီလျှပ်စီး အကာအကွယ် ထုတ်လွှတ်လိုက်တာက အရမ်းကို ချောမွေ့လွန်းပြီး အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းတယ်..."

"မှော်ပညာ သုံးမျိုးကို ထုတ်လွှတ်လိုက်တာပဲ"

All Chapters