← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂ စိန်ခေါ်မှု

"အဆင့်တစ် မှော်ပညာ ... လျှပ်စီးဘောလုံး"

"အဆင့်နှစ် မှော်ပညာ ... မိုးကြိုးလှံတံ"

"အဆင့်သုံး မှော်ပညာ ... လျှပ်စီး အကာအကွယ်"

အမှတ်ဆယ့်တစ် လေ့ကျင့်ရေးကွင်းထဲတွင် ရပ်နေသော ဒတ်ခ်နိုဝေးက မုန်လဲ့ကို အလွန်အမင်း ကျေနပ်အားရနေသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒီမှော်ပညာ သုံးခုလုံးက မင်းရဲ့ ကြီးမားတဲ့ စိတ်စွမ်းအင်ကို ပြသနိုင်ရုံသာမက မှော်စွမ်းအင် အပေါ်မှာ မင်းဘယ်လောက်တောင် သိမ်မွေ့စွာ ထိန်းချုပ်နိုင်လဲ ဆိုတာကိုပါ ထင်ဟပ်စေတယ် ... အပြစ်ပြောစရာ မရှိလောက်အောင် ပြည့်စုံလွန်းတဲ့အတွက် ငါ အမှတ်ပြည့် ပေးတယ်"

"ကျေးဇူးတင်ပါတယ် ဆရာ"

မုန်လဲ့က အသာအယာ အရိုအသေပေးလိုက်သည်။

"ဆက်ပြီး ကြိုးစားပါဦး ... မင်းရဲ့ အနာဂတ်အတွက် ငါ အရမ်း မျှော်လင့်နေတယ်"

ဒတ်ခ်နိုဝေးက မုန်လဲ့၏ ပခုံးကို ပုတ်ကာ အားပေးစကား ဆိုလိုက်သည်။ ထို့နောက် အတန်းတစ် မှ ကျောင်းသားများ အားလုံးကို အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားတော့သည်။

"မင်းတို့လည်း အခု မြင်တွေ့လိုက်ရပြီပဲ ... ကိုယ်နဲ့ သူ့ကြားက ကွာဟချက်ကို သဘောပေါက်လောက်ပြီ ထင်တယ်"

အတန်းတစ် မှ ကျောင်းသားများ၏ မျက်နှာအမူအရာများမှာ တစ်ယောက်နှင့် တစ်ယောက် မတူညီကြချေ။

လူသား ကျောင်းသားများမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြသည်။

နဂါးလူသား ကျောင်းသားများ အများစုကမူ မကျေမနပ်ဖြစ်ကာ ခေါင်းမော့ထားကြသည်။

"မကျေနပ်ကြဘူးလား ... ဟားဟား"

ဒတ်ခ်နိုဝေးက လှောင်ပြောင်လိုက်သည်။

"မှော်ပညာ လေ့ကျင့်တယ်ဆိုတာ အစပိုင်းမှာတော့ ပါရမီကို အဓိကထားရတာ မှန်ပေမယ့် နောက်ပိုင်း အောင်မြင်မှုတွေက မင်းတို့ရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာ အပြည့်အဝ မူတည်နေတာပဲ ... ကျောင်းသား မုန်လဲ့က မင်းတို့ထက် ပါရမီ ပိုကောင်းသလို မင်းတို့ထက်လည်း အများကြီး ပိုကြိုးစားတယ် ... သုံးလလေး အတွင်းမှာ အဆင့်သုံး မှော်ဆရာ တစ်ယောက် ဖြစ်လာတဲ့အထိ အဆက်မပြတ် တိုးတက်နေတာကို မင်းတို့ကများ မကျေမနပ် ဖြစ်ဖို့ မျက်နှာ ရှိသေးလို့လား ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ မမှားပေမယ့် အကြောင်းပြချက် မရှိဘဲ မောက်မာနေတာကတော့ အရူးလုပ်ရပ်ပဲ"

"ဆရာ ... ကျွန်တော် မကျေနပ်ဘူး"

ထိုအချိန်တွင် နဂါးလူသား ကျောင်းသား တစ်ယောက် ရှေ့ထွက်လာပြီး ဒတ်ခ်နိုဝေးကို အကြောက်အလန့် မရှိဘဲ စိုက်ကြည့်ကာ ပြောလိုက်သည်။

"သေစမ်း"

"ဆရာကို ပြန်ပြောရဲတယ်ပေါ့"

"အက်ဒမန် တစ်ယောက်တော့ ရူးသွားပြီလား မသိဘူး"

ထိုနဂါးလူသား ကျောင်းသား၏ လုပ်ရပ်ကို မြင်သောအခါ တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အက်ဒမန်၏ ကျောပြင်ကို ကြည့်ကာ ကျောင်းသားများ အားလုံးမှာ အလွန်အမင်း အံ့အားသင့်နေကြသည်။ အတန်းပိုင်ဆရာကို ပြန်လည် ချေပရဲသည်ဆိုတော့ ဒီကောင် တကယ်ပဲ ရူးသွားပြီလား။

ဆရာများ အားလုံးလည်း မျက်မှောင်ကြုတ်သွားကြပြီး အက်ဒမန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်ကြသည်။ မီးနဂါး မှော်ပညာသင်တန်းကျောင်းရှိ ကျောင်းသားများမှာ နောက်ခံမျိုးစုံမှ လာကြသူများ ဖြစ်ပြီး အများစုမှာ အလွန် ကြီးမားသော နောက်ခံများ ရှိကြသည်။

ထိုကဲ့သို့သော ကျောင်းသားများကို အုပ်ချုပ်ရသည်မှာ မလွယ်ကူလှချေ။

ထို့ကြောင့် တိုင်းပြည်နှင့် ကျောင်းတော်က ဆရာများကို အကြွင်းမဲ့ အာဏာ ပေးအပ်ထားသည်။ ဆရာကို စော်ကားသော မည်သည့် ကျောင်းသားမဆို ဆိုးရွားသော ပြစ်ဒဏ်များ ခံရမည်မှာ အသေအချာပင် ဖြစ်သည်။

အက်ဒမန်က ဆရာ့ကို လူပုံအလယ်တွင် ပြန်လည် ချေပခြင်းသည် စော်ကားရာ ရောက်နေပြီ ဖြစ်သည်။

"မင်းက ဘာကို မကျေနပ်တာလဲ"

ဒတ်ခ်နိုဝေးက အေးစက်စက် အသံဖြင့် မေးလိုက်သည်။

"ဆရာဒတ်ခ် ... ကျွန်တော် ဆရာ့ကို စော်ကားချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး"

အက်ဒမန်က တည်ငြိမ်စွာ ဖြေလိုက်သည်။

"ကျွန်တော် တွေးမိတာလေးကို ပြောပြချင်ရုံပါ ... မှော်ဆရာ တစ်ယောက်အနေနဲ့ မှော်ပညာ ထုတ်လွှတ်နိုင်ရုံနဲ့ ဘာမှ မထူးခြားပါဘူး ... အဓိကက လက်တွေ့ တိုက်ခိုက်နိုင်စွမ်းပဲ ... အကြည့်ပဲခံပြီး လက်တွေ့မှာ အသုံးမဝင်ဘူး ဆိုရင် အဲ့ဒါက အလှပြသက်သက်ပဲ ဖြစ်နေမှာပေါ့"

ထိုသို့ပြောပြီးနောက် သူက မုန်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်လုံးထောင့်တွင် အထင်သေးဟန်များ ပြည့်နှက်နေသည်။

"ကျောင်းသား မုန်လဲ့ရဲ့ မှော်ပညာတွေက ကြည့်လို့ ကောင်းတာတော့ အမှန်ပဲ ... ဒါပေမယ့် လက်တွေ့ တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက်ရှိလဲ ဆိုတာတော့ မသိရသေးဘူး"

"မင်းက ဘာဖြစ်ချင်တာလဲ"

ဒတ်ခ်နိုဝေးက အေးစက်စက် မေးလိုက်သည်။

"တိုက်ကြမယ်"

အက်ဒမန်က မုန်လဲ့ကို တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျောင်းသား မုန်လဲ့ ... ဆရာတွေ အားလုံးရှေ့မှာ ငါနဲ့ တိုက်ရဲလား"

"ရိုင်းစိုင်းလိုက်တာ ... ကျောင်းက ကိုယ့်ဘာသာ အချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ် ဆိုတာ မင်း မသိဘူးလား"

ဒတ်ခ်နိုဝေးက စားပွဲကို ရိုက်ကာ မတ်တပ်ရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျောင်းက အချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတာ မှန်ပေမယ့် ဆရာတွေ ရှေ့မှာ တရားဝင် ယှဉ်ပြိုင်တာကိုတော့ ခွင့်ပြုထားပါတယ် ... ဒီနေ့ ဆရာတွေ အများကြီး ရှိနေတာဆိုတော့ ဒါကို အချင်းချင်း တိုက်ခိုက်တယ်လို့ သတ်မှတ်လို့ မရဘူးမလား"

အက်ဒမန်က အသံကျယ်ကျယ်ဖြင့် ပြန်လည် ချေပလိုက်သည်။

"မင်း..."

ဒတ်ခ်နိုဝေးမှာ ဒေါသထွက်လွန်း၍ မျက်နှာများပင် နီမြန်းလာပြီး ဆက်လက် အော်ဟစ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် အတန်းနှစ် အတန်းပိုင်ဆရာ ဘာဒီတေလွန်က ဝင်ပြောလိုက်သည်။

"ဆရာဒတ်ခ် ... ဒီကျောင်းသားက နည်းနည်း ရိုင်းစိုင်းပေမယ့် သူပြောတာလည်း အကြောင်းပြချက် ရှိပါတယ် ... မှော်ဆရာ ဆိုတာ လက်တွေ့ တိုက်ခိုက်နိုင်စွမ်း ရှိမှ ဖြစ်မှာလေ"

ထိုသို့ပြောရင်း သူက မုန်လဲ့ကို ပြုံးကာ ကြည့်လိုက်သည်။

"ကျောင်းသား မုန်လဲ့က သူ့ရဲ့ လက်တွေ့ တိုက်ခိုက်နိုင်စွမ်းကို မပြသဘူးဆိုရင် ဒီစာမေးပွဲမှာ ပထမ ရခဲ့ရင်တောင် ကျောင်းသားတွေက ကျေနပ်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်"

"ဟုတ်တယ်"

"ကျွန်တော်တို့ မကျေနပ်ဘူး"

"တကယ် စွမ်းတယ်ဆိုရင် လက်တွေ့ ပြလိုက်လေ"

"မှော်ပညာ ထုတ်ပြနိုင်ရုံနဲ့ ဘာလုပ်ရမှာလဲ ... လက်တွေ့ တိုက်ခိုက်နိုင်မှ တကယ် တော်တာပေါ့"

"မှော်ပညာ ဆိုတာ တိုက်ခိုက်ဖို့ သုံးတာ ... အလှပြဖို့ မဟုတ်ဘူး"

နဂါးလူသား ကျောင်းသားများ အားလုံးက ဝိုင်းဝန်း ထောက်ခံလိုက်ကြပြီး မုန်လဲ့ကို စိန်ခေါ်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့က မုန်လဲ့ကို အမြင်မကြည်ဖြစ်နေသည်မှာ ကြာပြီ ဖြစ်ရာ ယခုအချိန်တွင် သူ့ကို သေချာ ပညာပေးချင်နေကြသည်။ ပါရမီ ကောင်းရုံနဲ့ ဘာဖြစ်လဲ၊ ငါတို့ရဲ့ အရိုက်ကို ခံရမှာပဲ ဆိုတာကို ဆရာတွေ အားလုံး မြင်အောင် ပြသချင်နေကြသည်။

"ဆရာဘာဒီ ... နှစ်ဝက်စာမေးပွဲမှာ ဒီလို အစီအစဉ် မပါဘူးနော်"

ဒတ်ခ်နိုဝေး၏ မျက်နှာမှာ မည်းမှောင်သွားပြီး အတော်လေး အကြည့်ရဆိုးနေပေသည်။

"စာမေးပွဲရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေရဲ့ တိုးတက်မှုနဲ့ သင်ယူမှု ရလဒ်တွေကို စမ်းသပ်ဖို့ပဲလေ ... ဒီရည်ရွယ်ချက် ပြည့်မြောက်သွားပြီဆိုရင် လုပ်ငန်းစဉ်တွေက သိပ်ပြီး အရေးမကြီးတော့ပါဘူး"

ဘာဒီတေလွန်က ရယ်မောလိုက်ပြီး မုန်လဲ့ကို ကြည့်ကာ မေးလိုက်သည်။

"ကျောင်းသား မုန်လဲ့ ... မင်း သူ့ရဲ့ စိန်ခေါ်မှုကို လက်ခံပြီး မင်းရဲ့ လက်တွေ့ တိုက်ခိုက်နိုင်စွမ်းကို ငါတို့ အားလုံး မြင်အောင် ပြသပေးချင်လား"

လူတိုင်း၏ အကြည့်များက မုန်လဲ့ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ အက်ဒမန်ကလည်း ဆက်လက် စိန်ခေါ်လိုက်သည်။

"မင်း စိတ်ချလက်ချ နေပါ ... လူတွေက ငါ မင်းကို အနိုင်ကျင့်တယ်လို့ မထင်ရအောင် ငါ မှော်ပညာကိုပဲ သုံးမယ်၊ ကိုယ်ခံပညာကို မသုံးဘူး ... မင်း ... တိုက်ရဲလား"

"ဘာလို့ မတိုက်ရဲရမှာလဲ"

မုန်လဲ့က အေးအေးဆေးဆေး ပြုံးလိုက်သည်။

"ဒါပေမယ့် တိုက်မယ်ဆိုရင်တော့ ကြေးလေး ဘာလေး ထပ်ဖို့ မလိုဘူးလား"

"ဟားဟားဟား ... မင်းရဲ့ ဒီလို ပွင့်လင်းတဲ့ ပုံစံလေးကို သဘောကျတယ်ကွာ"

မုန်လဲ့က တိုက်ခိုက်ရန် သဘောတူလိုက်သည်ကို မြင်သောအခါ အက်ဒမန်မှာ အလွန်အမင်း ဝမ်းသာသွားပြီး ခရမ်းရောင် မှော်သလင်းကျောက် ကတ်ပြားတစ်ခုကို ထုတ်ကာ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။

"ဒီထဲမှာ ရွှေဒင်္ဂါး တစ်သောင်း ရှိတယ် ... ဒါကို ဒီပွဲအတွက် ကြေးအဖြစ် ထားမယ် ... မင်း ဘယ်လိုသဘောရလဲ"

"များလွန်းတယ် ... ငါ့ဆီမှာ အဲ့ဒီလောက် ပိုက်ဆံ မရှိဘူး"

မုန်လဲ့က ခေါင်းခါလိုက်သည်။

"ငါ့ဆီမှာ ပညာသင်ဆု ရွှေဒင်္ဂါး ငါးထောင်ပဲ ရှိတယ်"

"အဲ့ဒီလောက်ဆို လုံလောက်ပါတယ်"

အက်ဒမန်က လက်ကာပြလိုက်ပြီး မုန်လဲ့၏ ရွှေဒင်္ဂါး ငါးထောင်ကို လုံးဝ ဂရုမစိုက်ချေ။ သူ၏ ရည်ရွယ်ချက်က ပိုက်ဆံ လိုချင်၍ မဟုတ်ဘဲ မုန်လဲ့ကို ပညာပေးကာ အရှက်ခွဲချင်၍သာ ဖြစ်သည်။

"ဒီလိုဆိုရင်လည်း တိုက်ကြတာပေါ့"

မုန်လဲ့က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ"

အခြားကျောင်းသားများ အားလုံးက ဘေးသို့ ဖယ်ပေးလိုက်ကြပြီး လေ့ကျင့်ရေးကွင်းကို သူတို့ နှစ်ယောက်အတွက် နေရာဖယ်ပေးလိုက်ကြသည်။

"ဟူး ... ရူးမိုက်လိုက်တာ"

တိုက်ခိုက်ရန် ပြင်ဆင်နေသော သူတို့ နှစ်ယောက်ကို ကြည့်ရင်း ဒတ်ခ်နိုဝေးက သက်ပြင်းချလိုက်သည်။ သူက မုန်လဲ့ကို မျှော်လင့်ထားသော်လည်း လက်ရှိ အခြေအနေတွင် မုန်လဲ့က အက်ဒမန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားချေ။

သူ၏ အတွေ့အကြုံအရ ဆိုလျှင် အက်ဒမန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အဆင့်လေး စစ်သည်တော် တစ်ယောက်နှင့် ညီမျှနေပြီး သူ၏ မှော်စွမ်းအင် ပမာဏမှာလည်း အလွန် များပြားကာ အဆင့်သုံး မှော်ဆရာ တစ်ယောက် အဖြစ် သတ်မှတ်နိုင်ပေသည်။

ထို့အပြင် နဂါးလူသားများ၏ မွေးရာပါ တိုက်ခိုက်ရေး အာရုံခံနိုင်စွမ်းများလည်း ရှိနေသေးရာ မုန်လဲ့ အနေဖြင့် မည်သို့ အနိုင်ယူနိုင်မည်နည်း။

"ထားလိုက်ပါတော့ ... လူသားတွေနဲ့ နဂါးလူသားတွေ ကြားက ကွာဟချက်ကို သူ သိသွားတာလည်း ကောင်းပါတယ် ... ဒါမှ နောင်ကျရင် ပိုပြီး ကြိုးစားလာမှာပေါ့"

အက်ဒမန်နှင့် မုန်လဲ့တို့မှာ လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

တစ်ယောက်က အရပ် တစ်မီတာ ခြောက်ဆယ်ခန့်သာ ရှိပြီး ပိန်လှီသေးသွယ်သည်။

နောက်တစ်ယောက်ကတော့ ထွားကြိုင်းခိုင်မာပြီး အရပ်ရှည်ရှည် ကြီးမားလှသည်။

ခန္ဓာကိုယ် အရွယ်အစားကို ကြည့်ရုံဖြင့် သူတို့ နှစ်ယောက်မှာ လုံးဝ မယှဉ်သာမှန်း သိနိုင်ပေသည်။

"အစ်ကို ... ကြိုးစားနော်"

ဝတုတ်လေးနှင့် ဒန်နီရယ်တို့မှာ စိုးရိမ်ပူပန်နေကြပြီး မုန်လဲ့အတွက် တိတ်တဆိတ် ချွေးပြန်နေကြသည်။ အမှန်အတိုင်း ပြောရလျှင် သူတို့လည်း မုန်လဲ့ နိုင်လိမ့်မည်ဟု မထင်ထားကြချေ။ အက်ဒမန်သည် သာမန်လူ တစ်ယောက် မဟုတ်ပေ။

သူသည် သန့်စင်သော အနက်ရောင် နဂါး သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားပြီး မွေးရာပါ ခန္ဓာကိုယ် ကြံ့ခိုင်ကာ မှော်ပညာ ပါရမီမှာလည်း အလွန် မြင့်မားသည်။ ယခုနှစ် ကျောင်းသားသစ်များထဲတွင် သူက ထိပ်တန်း အဆင့်တွင် ရှိနေသူ ဖြစ်သည်။

သူနှင့် ရင်ဆိုင်ရလျှင် မုန်လဲ့က ဘယ်လိုလုပ် နိုင်ဖို့ မျှော်လင့်ချက် ရှိမှာလဲ။

"ကျောင်းသား မုန်လဲ့ ... မင်းက လူသား ဖြစ်နေတဲ့အတွက် မင်းကို အရင် တိုက်ခိုက်ခွင့် ပေးမယ်"

အက်ဒမန်က ရင်ဘတ်တွင် လက်ပိုက်ထားကာ မေးစေ့ကို မော့၍ မုန်လဲ့ကို ပြုံးရွှင်စွာ ကြည့်နေသည်။ သူ၏ မျက်နှာပေါ်တွင် ယုံကြည်မှုများ အပြည့်အဝ ရှိနေပြီး မုန်လဲ့ကို လုံးဝ ဂရုမစိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။

"ကောင်းပြီလေ"

မုန်လဲ့က နှုတ်ခမ်းကို အသာအယာ တွန့်ကွေးကာ ပြုံးလိုက်ပြီး လက်ဖျောက် တစ်ချက် တီးလိုက်သည်။

'ဖျတ်'

ဘတ်စကက်ဘောလုံး အရွယ်အစားရှိ လျှပ်စီးဘောလုံး တစ်လုံး ရုတ်တရက် ပေါ်လာသည်။

နောက်ထပ် လက်ဖျောက် တစ်ချက်။

ဒုတိယမြောက် လျှပ်စီးဘောလုံး ပေါ်လာပြန်သည်။

ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ ...

မျက်တောင်တစ်ခတ် အတွင်းမှာပင် မုန်လဲ့၏ ရှေ့တွင် လျှပ်စီးဘောလုံး ကိုးလုံး ပေါ်လာတော့သည်။

လျှပ်စီးကြောင်းများ ဖြာထွက်နေပြီး ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

ငွေရောင် အလင်းတန်းများက မျက်စိကျိန်းမတတ် တောက်ပနေတော့သည်။

All Chapters