အခန်း ၃၄
Vol. 4 Ch. 34
အခန်း ၃၄ ရွှေရောင် တိုက်ခိုက်ရေးသမားနှင့် ပိုက်ဆံရှာခြင်း
'ဒင်... လဲလှယ်ခြင်း ပြီးမြောက်ပါပြီ... အဆင့်လေး မှော်ဆရာ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်...'
လေဟာနယ်ထဲမှ မှော်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး မုန်လဲ့၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းပျံ့နှံ့သွားသည်။ ထိုအခါ သူသည် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်သွားပြီး တွေးခေါ်နိုင်စွမ်းများကလည်း ယခင်ကထက် ပို၍ ကြည်လင်ပြတ်သားလာကာ စိတ်စွမ်းအင်များလည်း အလွန်အမင်း ပြည့်ဝလာတော့သည်။
'အရမ်း မိုက်တာပဲ...'
"အစ်ကို... အစ်ကို့မျက်နှာက ဘာလို့ ရုတ်တရက်ကြီး နီရဲလာတာလဲ..."
ဝတုတ်လေးက မုန်လဲ့၏ ပြောင်းလဲမှုကို သတိထားမိသွားပြီး အံ့ဩတကြီး မေးလိုက်သည်။
"ဟီးဟီး... ပျော်စရာ ကောင်းတဲ့ ကိစ္စတစ်ခုကို တွေးမိသွားလို့ပါ..."
မုန်လဲ့က ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်ပြီး သူ၏ ကိုယ်ပိုင် အချက်အလက်များကို ကြည့်လိုက်သည်။
ပိုင်ရှင် - မုန်လဲ့
ချမ်းသာကြွယ်ဝမှု - ၂၄၀၉၇ ရွှေဒင်္ဂါး
ခန္ဓာကိုယ်ကြံ့ခိုင်မှု - အဆင့်သုံး စစ်သည်တော် (၁၀၀၀ / ၆၁၉)
စိတ်စွမ်းအင် - အဆင့်လေး မှော်ဆရာ (၂၀၀၀ / ၁၀၀၁)
မှော်စွမ်းအင် - အဆင့်လေး မှော်ဆရာ (၂၀၀၀ / ၁၀၀၁)
'စိတ်စွမ်းအင်နဲ့ မှော်စွမ်းအင် ပမာဏက အဆင့်လေး မှော်ဆရာ အဆင့်ကို ရောက်သွားပြီ... အဆင့်လေး မှော်ပညာကို သင်ယူလိုက်ရုံနဲ့ ငါက တကယ့် အဆင့်လေး မှော်ဆရာ တစ်ယောက် ဖြစ်သွားပြီပေါ့...'
'ဒီကမ္ဘာကို ရောက်လာတာ ငါးလတောင် မပြည့်သေးဘူး... အဆင့်လေး မှော်ဆရာ အဆင့်ကိုတောင် ရောက်လာပြီဆိုတော့... ဒီလောက် မြန်တဲ့ လေ့ကျင့်ရေး အမြန်နှုန်းက အရင်က ဘယ်သူမှ မရှိခဲ့ဖူးတဲ့ စံချိန်သစ်ပဲ ဖြစ်ရမယ်...'
မုန်လဲ့မှာ အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေပြီး အနာဂတ်အတွက်လည်း မျှော်လင့်ချက်များ အပြည့်အဝ ရှိနေတော့သည်။
'ဒါပေမယ့်...'
'ခန္ဓာကိုယ် ကြံ့ခိုင်မှုကတော့ နည်းနည်း နောက်ကျကျန်နေခဲ့ပြီ...'
ခန္ဓာကိုယ် ကြံ့ခိုင်မှု။
ယခင်က မုန်လဲ့၏ အားအသာဆုံး အပိုင်း ဖြစ်ခဲ့ပြီး အလင်းတန်းများ ကောက်ယူရာတွင်လည်း အလွယ်ကူဆုံး ရရှိခဲ့သော အရာဖြစ်သည်။ သို့သော် ဤသုံးလတာ အတွင်းတွင် မုန်လဲ့မှာ ကျောင်းထဲတွင်သာ အချိန်ကုန်နေခဲ့သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု အလင်းတန်းများကို လုံးဝ မကောက်ရခဲ့ချေ။
ထို့ကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ နောက်ကျကျန်နေခဲ့ခြင်း ဖြစ်သည်။
'အချိန်ရရင် စစ်သည်တော် ကျောင်းတော်၊ သားရဲ တိုက်ကွင်း၊ လူ တိုက်ကွင်းတွေဆီ သွားပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြန်မြန် တိုးတက်အောင် လုပ်မှ ဖြစ်မယ်...'
မုန်လဲ့ တိတ်တဆိတ် တွေးတောနေမိသည်။ လူသား မှော်ဆရာများ၏ အားနည်းချက်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုပင် ဖြစ်သည်။ သူတို့ကို အလွယ်တကူ ပစ်မှတ်ထား တိုက်ခိုက်နိုင်ပေသည်။ နဂါးလူသား မှော်ဆရာများနှင့် ယှဉ်လိုက်လျှင် လူသားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အများကြီး ပိုအားနည်းနေတတ်သည်။
ထို့ကြောင့် အဆင့်တူ မှော်ဆရာများ ယှဉ်ပြိုင်ကြရာတွင် နဂါးလူသား မှော်ဆရာများက အမြဲတမ်း အသာစီး ရနေတတ်သည်။ မုန်လဲ့ အနေဖြင့် သူနှင့် အဆင့်တူသော နဂါးလူသားများကို လုံးဝ အရှုံးမပေးလိုချေ။
ထို့ကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြန်မြန် တိုးတက်အောင် လုပ်ရမည် ဖြစ်သည်။
"သေစမ်း... ကျွန်တော့်အလှည့် ရောက်ပြီ..."
မုန်လဲ့ တစ်ယောက်တည်း အတွေးနယ်ချဲ့နေစဉ် ဝတုတ်လေး၏ အသံကြောင့် သတိပြန်ဝင်လာသည်။ ဝတုတ်လေး၏ စမ်းသပ်ခံရမည့် အလှည့် ရောက်လာခြင်း ဖြစ်သည်။
"သွားလေ ဝတုတ်လေး... မင်း လုပ်နိုင်ပါတယ်..."
မုန်လဲ့က သူ့ပခုံးကို ပုတ်ကာ ပြုံးလျက် အားပေးစကား ဆိုလိုက်သည်။
"မင်းတို့သာ စာမေးပွဲ အောင်ရင် ဒီည ကျောင်းအပြင်ဘက် သွားပြီး ငါ ဒကာခံမယ်..."
"အင်း..."
ဝတုတ်လေးက ခေါင်းညိတ်လိုက်ပြီး ဆရာများရှိရာသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
"ဝတုတ်... ကြိုးစားနော်..."
ဒန်နီရယ်က လက်သီးဆုပ်ကာ ဝတုတ်လေးကို အားပေးလိုက်သည်။
ဝတုတ်လေး၏ စမ်းသပ်မှုမှာ လျင်မြန်စွာ ပြီးဆုံးသွားသည်။
စိတ်စွမ်းအင်က နှစ်ဆယ့်ရှစ် မှတ် တိုးလာသဖြင့် အောင်မြင်သွားသည်။
မှော်စွမ်းအင် ပမာဏက အဆင့်သုံး မှော်ဆရာနှင့် ညီမျှနေသဖြင့် အောင်မြင်သွားသည်။
မှော်ပညာ အသုံးပြုသည့် အပိုင်းတွင် ဝတုတ်လေးက ရေဓာတ် မှော်ပညာ ရေကြေးမုံ၊ လေဓာတ် မှော်ပညာ လေအကာအကွယ်နှင့် မြေဓာတ် မှော်ပညာ ကျောက်တုံးကြီး စသည့် မှော်ပညာ သုံးမျိုးကို ထုတ်လွှတ်ပြခဲ့ရာ အောင်မြင်သွားခဲ့သည်။
"ဟားဟား... ကျွန်တော် အောင်သွားပြီ..."
ဝတုတ်လေးက မုန်လဲ့အနားသို့ ပြေးလာပြီး အပျော်လွန်ကာ ခုန်ပေါက်နေတော့သည်။ ယခုအချိန်အထိ သူနှင့် မုန်လဲ့ နှစ်ယောက်သာ အောင်မြင်သေးရာ မည်သို့ မပျော်ဘဲ နေမည်နည်း။
"မင်းက တော်တော် စွမ်းတာပဲ..."
မုန်လဲ့လည်း အံ့အားသင့်သွားသည်။
"မှော်ပညာ သုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း လေ့ကျင့်နေတာတောင် အဆင့်သုံး မှော်ဆရာ အဆင့်ကို ရောက်နေပြီလား... မင်း အရမ်း ဟန်ဆောင်ကောင်းတာပဲ..."
မုန်လဲ့က ဝတုတ်လေးကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ ဝတုတ်လေးက သူ့ကို လိမ်ညာထားသည်ဟု ခံစားနေရသည်။
"ဟီးဟီး... အစ်ကိုနဲ့ယှဉ်ရင် ကျွန်တော်က ဘယ်လိုက်မှီပါ့မလဲ..."
ဝတုတ်လေးက ခေါင်းကုတ်လိုက်သည်။
"ကျွန်တော်က အသက် ငါးနှစ် အရွယ်ကတည်းက မှော်ပညာကို စတင် လေ့လာခဲ့တာ... တရားဝင် လေ့ကျင့်နေတာတောင် နှစ်နှစ်လောက် ရှိနေပြီလေ... အစ်ကိုနဲ့တော့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ..."
"..."
မုန်လဲ့ ဘာပြောရမှန်းပင် မသိတော့ချေ။ လူနှင့်လူချင်း နှိုင်းယှဉ်လိုက်လျှင် ဒေါသထွက်စရာ ကောင်းလှသည်။ မှော်သားရဲရွာလေးရှိ ကလေးများမှာ မှော်ပညာ စမ်းသပ်ခံရန်ပင် မိသားစု တစ်ခုလုံး၏ ပိုင်ဆိုင်မှုများကို ပုံအောလိုက်ရသည်။ သို့သော် ဝတုတ်လေးကတော့ အသက် ငါးနှစ် အရွယ်ကတည်းက စတင် သင်ယူခွင့် ရနေခဲ့သည် မဟုတ်ပါလော။
နှစ်ဝက်စာမေးပွဲမှာ ဆက်လက် ကျင်းပနေဆဲပင်။
နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက် ကျန်ရှိနေသော ကျောင်းသားများ အားလုံး စမ်းသပ်မှု ပြီးဆုံးသွားကြသည်။ သို့သော် ရလဒ်များမှာ လုံးဝ မကောင်းလှချေ။ မုန်လဲ့နှင့် ဝတုတ်လေး အပါအဝင် အောင်မြင်သူ ခုနစ်ယောက်သာ ရှိပေသည်။
ထိုခုနစ်ယောက်ထဲတွင် မုန်လဲ့၊ ဝတုတ်လေး၊ ဒန်နီရယ်၊ မုန်လဲ့၏ အခန်းဖော် အာဘီ၊ ရေခဲနှင်းတိုင်းပြည်မှ ဒေါနအယ်လမ်၊ လူသား ကျောင်းသား တစ်ယောက်နှင့် နဂါးလူသား ကျောင်းသား တစ်ယောက်တို့ ပါဝင်သည်။
ကျန်သော လေးဆယ့်နှစ်ယောက်မှာ လုံးဝ ကျရှုံးသွားကြသည်။
ဤရလဒ်ကြောင့် အတန်းပိုင်ဆရာ ဒတ်ခ်နိုဝေးမှာ ဒေါသတကြီး ပေါက်ကွဲသွားပြီး အတန်းတစ် ကျောင်းသားများ အားလုံးကို အသေအလဲ ဆဲဆိုတော့သည်။ အတန်းတာဝန်ခံ စီနီယာအစ်မ ဂျန်နီပင်လျှင် အဆဲခံရခြင်းမှ မလွတ်မြောက်ခဲ့ချေ။
စာမေးပွဲ ပြီးဆုံးပြီးနောက် မုန်လဲ့၊ ဝတုတ်လေးနှင့် ဒန်နီရယ်တို့ သုံးယောက်သား ကျောင်းအပြင်ဘက်သို့ ထွက်လာခဲ့ကြပြီး ကျောင်းအနီးရှိ အကောင်းဆုံး စားသောက်ဆိုင်သို့ သွားကာ အောင်ပွဲခံရန် ပြင်ဆင်လိုက်ကြသည်။
သုံးယောက်သား သီးသန့် အခန်းတစ်ခုကို ယူလိုက်ပြီး မုန်လဲ့က မီနူးစာအုပ်ကို ဝတုတ်လေးနှင့် ဒန်နီရယ်တို့ထံ ပစ်ပေးလိုက်သည်။
"ကြိုက်တာကို စိတ်ကြိုက်သာ မှာစား... ဒီနေ့ ငါ ဒကာခံမယ်..."
"ဟီးဟီး... အစ်ကို ဒီနေ့ ပိုက်ဆံ အများကြီး ရထားတယ် ဆိုတာ သိလို့ ကျွန်တော်တို့လည်း အားမနာတော့ဘူးနော်..."
"အရင်ဆုံး ရွှေချပ်ဝတ် ဖွတ်ရဲ့ အသားကင် တစ်ပွဲ လာပေး..."
"ပြီးတော့ သွေးဆာနေတဲ့ ပုစဉ်းရင်ကွဲ ကို ရေလုံပြုတ် တစ်ပွဲ..."
"မှော်ဝေလငါး အသည်းကို အချဉ်ဟင်း ချက်တာလည်း ကောင်းတယ်..."
"ဒီမှာ ရေခဲဖားကို အစပ်ချက်ထားတာလည်း ရှိတယ်..."
"ကျွန်တော်ကတော့ မာလာငှက် နှလုံးကို အကြိုက်ဆုံးပဲ..."
ဝတုတ်လေးနှင့် ဒန်နီရယ်တို့ အလုအယက် မှာနေကြသည်ကို ကြည့်ပြီး မုန်လဲ့၏ နှုတ်ခမ်းများပင် တွန့်ကွေးသွားတော့သည်။ ဟင်းတစ်ပွဲကို ရွှေဒင်္ဂါး ရာကျော် ပေးရသည်ဆိုတော့ ဒီကောင်တွေက ငါ့ကို ဒေဝါလီခံခိုင်းနေတာလား။
သို့သော်လည်း ကိုယ်က စပြီး ကြွားထားမိပြီ ဆိုတော့ မျက်ရည်ကျနေရင်တောင် အဆုံးထိ ဟန်ဆောင်နိုင်ရမည်ပေါ့။
"အစ်ကိုလင်း... အစ်ကိုက တိုက်ကွင်းမှာ ပွဲနှစ်ဆယ် ဆက်တိုက် နိုင်ပြီး ငွေရောင် တိုက်ခိုက်ရေးသမား အဆင့်ကို ရောက်သွားတဲ့ အတွက် ညီအစ်ကိုတွေက ဂုဏ်ပြုပါတယ်ဗျာ..."
"မလိုပါဘူးကွာ... ကံကောင်းသွားလို့ပါ... ဟားဟား..."
"ဒါနဲ့ အစ်ကိုလင်း... အခု ငွေရောင် တိုက်ခိုက်ရေးသမား အဆင့်ဆိုတော့ ပွဲထွက်ကြေးက တော်တော်လေး များမှာပေါ့နော်..."
"သာမန်ပါပဲကွာ... တစ်ပွဲကို ရွှေဒင်္ဂါး တစ်သောင်းလောက်ပဲ ရတာပါ..."
"တစ်ပွဲကို ရွှေဒင်္ဂါး တစ်သောင်း..."
"သေစမ်း... အစ်ကိုလင်း... ခင်ဗျားက တကယ် စွမ်းတာပဲ..."
"ဒီအတိုင်းဆို နောက်ထပ် ပွဲနှစ်ဆယ်လောက် ဆက်တိုက်ရင် ခင်ဗျားရဲ့ ချမ်းသာကြွယ်ဝမှုက နယ်မြေတစ်ခု ဝယ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့အထိ ဖြစ်သွားမှာပဲ..."
"ဟားဟားဟား... ကံကောင်းလို့ပါကွာ..."
ဘေးအခန်းမှ ထွက်ပေါ်လာသော စကားသံများက မုန်လဲ့၏ အာရုံကို ဖမ်းစားသွားသည်။
'ငွေရောင် တိုက်ခိုက်ရေးသမား ဟုတ်လား...'
လူ တိုက်ကွင်းအကြောင်းကို သူ ကြားဖူးသည်။ သားရဲ တိုက်ကွင်းနှင့်အတူ မြို့တော်ရှိ အကြီးဆုံး ဖျော်ဖြေရေး နေရာနှစ်ခုထဲတွင် ပါဝင်ပြီး မှူးမတ်များနှင့် သူဌေးများ အလွန် နှစ်သက်သဘောကျသော နေရာဖြစ်သည်။ မြေအောက် လက်ဝှေ့ပွဲများနှင့် ဆင်တူသော လောင်းကစားပွဲ တစ်ခုဖြစ်သည်။
တိုက်ခိုက်ရေးသမားများသည် ပြိုင်ကွင်းထဲတွင် တစ်ယောက်နှင့်တစ်ယောက် အသေအကြေ တိုက်ခိုက်ကြပြီး ပရိသတ်များက လောင်းကြေးထပ်ကာ အားပေးကြသည်။ သွေးထွက်သံယိုမှု၊ ကြမ်းတမ်းမှု၊ စိတ်လှုပ်ရှားမှုနှင့် ရိုင်းစိုင်းမှုများ အပြည့်အဝ ရှိသော ဖျော်ဖြေရေး တစ်မျိုးပင် ဖြစ်သည်။
လူ တိုက်ကွင်းများသည် မီးနဂါးတိုင်းပြည် တစ်ခုလုံးတွင်သာမက အင်ပါယာ တစ်ခုလုံးတွင်ပါ အလွန် နာမည်ကြီးသော်လည်း မုန်လဲ့ကဲ့သို့သော ရိုးသားသူ တစ်ယောက် အနေဖြင့် ဤကဲ့သို့သော နေရာမျိုးကို သဘာဝအလျောက် ရွံရှာမိပေသည်။
ထို့ကြောင့် သူက ဤအကြောင်းကို သေချာ မလေ့လာခဲ့ချေ။ သို့သော် တိုက်ခိုက်ရေးသမားများက ဤမျှလောက် ပိုက်ဆံ ရှာနိုင်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ငွေရောင် တိုက်ခိုက်ရေးသမား တစ်ယောက်၏ ပွဲထွက်ကြေးက ရွှေဒင်္ဂါး တစ်သောင်းအထိ ရှိနေသည်တဲ့လား။
ရွှေဒင်္ဂါး တစ်သောင်း။
ဒါကို စွမ်းရည် အမှတ်တွေ အဖြစ် ပြောင်းလိုက်မယ်ဆိုရင် စွမ်းရည် အမှတ် တစ်ထောင်တောင် ရမှာပဲ။
တစ်ပွဲတိုက်ရင် စွမ်းရည် အမှတ် တစ်ထောင် ရမယ်တဲ့လား။
ဒီလိုဆိုရင် အလင်းတန်းတွေ ကောက်တာတို့ တရားထိုင်တာတို့ထက် အများကြီး ပိုမြန်နေတာပေါ့။
"တစ်သောင်းဆိုတာ နည်းတောင် နည်းသေးတယ်..."
ဟင်းမှာပြီးသွားသော ဝတုတ်လေးက ပြုံးကာ ပြောလိုက်သည်။
"ရွှေရောင် တိုက်ခိုက်ရေးသမားတွေရဲ့ ပွဲထွက်ကြေးကမှ တကယ် များတာ... ဘယ်သူကများ ရွှေဒင်္ဂါး သိန်းဂဏန်း အောက်နဲ့ ပွဲထွက်မှာတဲ့လဲ..."
"အဲ့ဒီလောက်တောင် များတာလား..."
မုန်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"ရွှေရောင် တိုက်ခိုက်ရေးသမား တိုင်းက တိုက်ကွင်းရဲ့ ငွေတွင်းကြီးတွေချည်းပဲ... သူတို့ရဲ့ ပွဲထွက်ကြေးက ငွေရောင် တိုက်ခိုက်ရေးသမားတွေနဲ့ ယှဉ်လို့တောင် မရဘူး..."
ဒန်နီရယ်ကလည်း ပြုံးကာ ဝင်ပြောလိုက်သည်။
"ဒီလူတွေက နာမည်ကြီးပြီး ပရိသတ် အခိုင်အမာ ရှိတဲ့သူတွေ ဆိုတော့ ပိုက်ဆံ ရှာတာက ဓားပြတိုက်နေသလိုပဲ လွယ်နေတာလေ..."
'ဒီမှာလည်း နာမည်ကြီးတွေကို အားပေးတာတွေ ရှိတာပဲကိုး...'
"နာမည်ကြီးကို အားပေးတယ်..."
"ဘာမှမဟုတ်ပါဘူး... တိုက်ခိုက်ရေးသမားတွေက ဒီလောက်တောင် ပိုက်ဆံ ရှာနိုင်မှတော့ တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်လာအောင် ဘယ်လို လုပ်ရမှာလဲ..."