အခန်း ၃၇
Vol. 4 Ch. 37
အခန်း ၃၇ တော်ဝင်မျိုးနွယ်၏ ကျင့်စဉ်၊ မီးနဂါး ကျမ်းစာ
စကားပြောဆိုပြီးနောက် မီးတောက် လူ တိုက်ကွင်း၏ ခံစားခွင့်များက တကယ်ကို ကောင်းမွန်ကြောင်း မုန်လဲ့ ခံစားလိုက်ရသည်။ ပွဲထွက်ကြေးကလည်း အတော်လေး မြင့်မားပြီး အကာအကွယ်ပေးသည့် စနစ်ကလည်း အလွန် ပြည့်စုံပေသည်။
တစ်ခုတည်းသော အားနည်းချက်ကတော့ အလွန် အန္တရာယ်များခြင်းပင် ဖြစ်သည်။
တိုက်ကွင်းပေါ် ရောက်သွားသည်နှင့် အသေအကြေ တိုက်ခိုက်ရမည့် ပွဲစဉ်များချည်းသာ ဖြစ်သည်။
ဓားလှံများတွင် မျက်စိမပါချေ။ မည်သူကမှ မတော်တဆမှု မဖြစ်နိုင်ကြောင်း အာမမခံနိုင်ပေ။ ဤအချက်ကပင် တိုက်ခိုက်ရေးသမားများ၏ သေဆုံးနှုန်းကို အလွန် မြင့်မားစေခြင်း ဖြစ်သည်။
ဒါကြောင့် ဒီအလုပ်က လုပ်ရတာ သိပ်မလွယ်ကူလှဘူးဟု ဆိုရမည်။
"မုန်လဲ့... မင်းအနေနဲ့ ဒီတောင်းဆိုချက်တွေကို လက်ခံနိုင်တယ် ဆိုရင် ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ပါ..."
အူနိုက လူတစ်ယောက်ကို စာချုပ် ပြင်ဆင်ခိုင်းလိုက်ပြီး မုန်လဲ့ထံ ကမ်းပေးလိုက်သည်။ မုန်လဲ့က အသေးစိတ် သေချာဖတ်ကြည့်ပြီးနောက် ဘာပြဿနာမှ မရှိကြောင်း သေချာသွားမှသာ သူ၏ နာမည်ကို ရဲဝံ့စွာ လက်မှတ်ထိုးလိုက်သည်။
ဆုံးဖြတ်ချက် ချပြီးသွားပြီ ဖြစ်သဖြင့် မုန်လဲ့ လုံးဝ တုံ့ဆိုင်းမနေတော့ချေ။
"စာချုပ် အသက်ဝင်သွားပြီ..."
မုန်လဲ့ လက်မှတ်ထိုးလိုက်သည်ကို ကြည့်ပြီးနောက် အူနိုက ညာလက်ကို ကမ်းပေးကာ ပြောလိုက်သည်။ "ညီလေး မုန်လဲ့... မီးတောက် လူ တိုက်ကွင်းကနေ ကြိုဆိုပါတယ်... အခုချိန်ကစပြီး မင်းက ငါတို့ တိုက်ကွင်းရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီ..."
အူနို အလွန် ဝမ်းသာနေသည်။ မီးတောက် လူ တိုက်ကွင်းတွင် တိုက်ခိုက်ရေးသမား တစ်သောင်းကျော် ရှိသော်လည်း မှော်ဆရာ တိုက်ခိုက်ရေးသမား အရေအတွက်မှာ လက်ဆယ်ချောင်းပင် မပြည့်ချေ။
မှော်ဆရာ တိုက်ခိုက်ရေးသမားများက အရမ်းကို ရှားပါးလွန်းလှသည်။
မှော်ဆရာ တိုက်ခိုက်ရေးသမားများကို ရရှိရန်အတွက် မီးတောက် လူ တိုက်ကွင်းက သတ်မှတ်ချက်များကို လျှော့ချပေးရုံသာမက အကျိုးအမြတ် အများကြီး ပေးမည်ဟု ကတိပြုထားရသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ မှော်ဆရာ ဆိုသည်မှာ ဂုဏ်သရေရှိသော အလုပ်အကိုင် ဖြစ်ပြီး ပိုက်ဆံရှာရ လွယ်ကူသဖြင့် မည်သူကမှ ကိုယ့်ဂုဏ်သိက္ခာကို ချကာ အသက်အန္တရာယ် များလှသော တိုက်ခိုက်ရေးသမား တစ်ယောက် မလုပ်ချင်ကြချေ။
မှော်ဆရာ တိုက်ခိုက်ရေးသမားများသည် အမြဲတမ်း ရှားပါးသော အရင်းအမြစ်တစ်ခု ဖြစ်နေခဲ့သည်။
ထို့ကြောင့် မှော်ဆရာ မုန်လဲ့ကို အဖွဲ့ဝင်အဖြစ် လက်ခံရရှိလိုက်သောအခါ အူနိုမှာ သဘာဝကျစွာပင် ဝမ်းသာပျော်ရွှင်နေတော့သည်။
"ညီလေး မုန်လဲ့... ဒါက မင်းရဲ့ အဖွဲ့ဝင် တံဆိပ်ပဲ... ဒီတံဆိပ် ရှိရင် မင်းက မီးတောက် လူ တိုက်ကွင်းကို လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်လို့ရသလို... ငါတို့ တိုက်ကွင်းက ကျင်းပတဲ့ ဘယ်တိုက်ပွဲကိုမဆို အခမဲ့ ကြည့်ရှုခွင့် ရလိမ့်မယ်..."
"သေချာတာပေါ့... ဒီည ကျင်းပမယ့် တိုက်ခိုက်ရေးဘုရင် ပွဲစဉ်လည်း အပါအဝင်ပေါ့..."
"ဒီလို အကျိုးခံစားခွင့်မျိုးပါ ရှိတာလား..."
"ဟားဟား... တိုက်ခိုက်ရေးသမားတွေက တိုက်ကွင်းရဲ့ အတွင်းလူတွေ ဖြစ်တဲ့အတွက် တိုက်ပွဲတွေကို ကြည့်ရှုခွင့် ရှိပါတယ်..."
"ဒါဆိုရင် ပိုတောင် ကောင်းသေးတာပေါ့..."
မုန်လဲ့က ခေါင်းညိတ်လိုက်သည်။ "သခင်ကြီး အူနို... ကျွန်တော် တိုက်ကွင်းကို နည်းနည်းလောက် လေ့လာကြည့်လို့ ရမလား..."
"ရတာပေါ့..."
အူနိုက ပြုံးလိုက်ပြီး ဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်သည်။ "ညီလေး မုန်လဲ့... သူကတော့ ငါတို့ တိုက်ကွင်းရဲ့ ဝန်ထမ်း မေရီ ပဲ... မင်းကို လိုက်ပြပေးလိမ့်မယ်..."
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် သခင်ကြီး အူနို..."
မုန်လဲ့က ပြုံးကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ရုံးခန်းထဲမှ ထွက်ခွာသွားသည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် အူနိုက လက်ယပ်ခေါ်လိုက်ရာ လူတစ်ယောက် ဝင်လာသည်။
"သူ့ရဲ့ နောက်ခံကို စုံစမ်းလိုက်... သူနဲ့ ပတ်သက်တဲ့ အချက်အလက် အားလုံးကို ငါ သိချင်တယ်..."
"အမိန့်အတိုင်းပါခင်ဗျာ..."
...
မေရီတွင် အမွေးတိုလေးများ ဖုံးလွှမ်းနေသော ကြောင်နားရွက်လေး နှစ်ဖက် ရှိပြီး လှုပ်စိလှုပ်စိ လုပ်နေတတ်ကာ အလွန် ချစ်စရာကောင်းပေသည်။ ထို့အပြင် လှပသော အမွေးပွ အမြီးလေး တစ်ချောင်းလည်း ရှိသေးသည်။ ၎င်းမှာ ကြောင်လူသား မျိုးနွယ်များ၏ သီးသန့် အမှတ်အသားပင် ဖြစ်သည်။
မုန်လဲ့သည် သူမ၏ လမ်းပြမှုဖြင့် မီးတောက် လူ တိုက်ကွင်းအတွင်း လျှောက်ကြည့်နေခဲ့သည်။ ဧရာမ တိုက်ကွင်းကြီးမှာ အလွှာများစွာ ခွဲခြားထားပြီး အများဆုံး၊ အကြီးဆုံးနှင့် အခမ်းနားဆုံး အဆောက်အအုံများမှာ တိုက်ကွင်းများပင် ဖြစ်သည်။
"မီးတောက် လူ တိုက်ကွင်းမှာ အမျိုးအစားစုံလင်တဲ့ တိုက်ကွင်း ၃၁ ခု ရှိပါတယ်... အဲဒီအထဲမှာ ကြေးဝါ တိုက်ကွင်း ၂၀၊ ငွေရောင် တိုက်ကွင်း ၁၀ ခုနဲ့ ရွှေရောင် တိုက်ကွင်း ၁ ခု ပါဝင်ပါတယ်..."
"တိုက်ကွင်း တစ်ခုစီတိုင်းက အလွန် ကျယ်ဝန်းပြီး ပရိသတ် တစ်သိန်းကို တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်အောင် ဆံ့ပါတယ်... တိုက်ခိုက်ရေးစင်မြင့်နဲ့ ပရိသတ်စင်မြင့် ဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ်..."
"ပရိသတ်စင်မြင့်ကိုလည်း ဗီအိုင်ပီ အခန်းတွေ၊ တိုက်ခိုက်ရေးသမားတွေ ကြည့်ရှုတဲ့ နေရာတွေ ဆိုပြီး ထပ်ခွဲထားပါသေးတယ်..."
မေရီမှာ စကားပြောကောင်းပြီး အလွန် ဖော်ရွေသည်။ သူမက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးခဲ့ရာ မုန်လဲ့အနေဖြင့် မီးတောက် လူ တိုက်ကွင်း၏ အတွင်းပိုင်း အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
နောက်ဆုံးတွင် မုန်လဲ့သည် ယနေ့ည တိုက်ခိုက်ရေးဘုရင် ပွဲစဉ် ကျင်းပမည့် ရွှေရောင် တိုက်ကွင်း... မီးတောက် သေမင်းတမန် စင်မြင့်သို့ ရောက်ရှိလာခဲ့သည်။
မီးတောက် လူ တိုက်ကွင်းအတွင်းရှိ တစ်ခုတည်းသော ရွှေရောင် တိုက်ကွင်း ဖြစ်သည့်အလျောက် မီးတောက် သေမင်းတမန် စင်မြင့်၏ အရွယ်အစားမှာ ကမ္ဘာမြေရှိ မည်သည့် အားကစားရုံထက်မဆို ပိုမို ကြီးမားကျယ်ဝန်းလှသည်။ ၎င်းသည် ရောမခေတ်က သားရဲ တိုက်ကွင်းများနှင့် ပုံစံတူပြီး တိုင်လုံးပုံသဏ္ဍာန် တည်ဆောက်ထားသည်။
အောက်ခြေတွင် တိုက်ကွင်းရှိပြီး ပတ်ပတ်လည်တွင် ပရိသတ် ထိုင်ခုံများ ရှိသည်။
ယခုအချိန်တွင် မီးတောက် သေမင်းတမန် စင်မြင့်၏ ပရိသတ် ထိုင်ခုံများပေါ်တွင် လူများဖြင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။ မြို့တော်မှ မှူးမတ်များ၊ သူဌေးများနှင့် အမျိုးသမီးများက ယနေ့ည ကျင်းပမည့် တိုက်ခိုက်ရေးဘုရင် ပွဲစဉ်အကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
တိုက်ကွင်းမှ ဝန်ထမ်းများကလည်း ခုံတန်းများကြားတွင် သွားလာလှုပ်ရှားကာ အရက်ငှဲ့ပေးခြင်း၊ အချိုပွဲများ ချပေးခြင်းတို့ကို ပြုလုပ်ပေးနေကြသည်။ ကြီးမားလှသော ရွှေရောင် တိုက်ကွင်းကြီးမှာ လူများ၏ စကားပြောသံများဖြင့် ဆူညံနေပြီး အလွန် စည်ကားလှပေသည်။
တိုက်ခိုက်ရေးဘုရင် ပွဲစဉ် စတင်ခြင်း မရှိသေးသော်လည်း တိုက်ကွင်းအတွင်းရှိ အလွန် စည်ကားနေသော မြင်ကွင်းက မကြာမီ စတင်တော့မည့် တိုက်ခိုက်ရေးဘုရင် ပွဲစဉ်၏ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ပြသနေပေသည်။
မုန်လဲ့သည် တိုက်ခိုက်ရေးသမားများ ကြည့်ရှုသည့် နေရာသို့ ရောက်ရှိလာသည်။
ဤနေရာသည် တိုက်ခိုက်ရေးသမားများ တိုက်ပွဲများကို ကြည့်ရှုသည့် နေရာဖြစ်ပြီး သာမန် ပရိသတ် ထိုင်ခုံများထက် မြင့်ကာ ဗီအိုင်ပီ အခန်းများထက် နိမ့်သည်။ ပရိသတ်စင်မြင့်၏ အလယ်ဗဟိုတွင် တည်ရှိပြီး အတွင်းလူများသာ ဝင်ရောက်ကြည့်ရှုခွင့် ရှိသော နေရာဖြစ်သည်။
"ဟင်... လူသစ် ရောက်လာတာလား..."
တိုက်ခိုက်ရေးသမားများ ကြည့်ရှုသည့် နေရာတွင် တိုက်ခိုက်ရေးသမားများ အပြည့် ထိုင်နေကြပြီ ဖြစ်သည်။ သူတို့က ရုတ်တရက် ရောက်လာသော မုန်လဲ့ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။ အထူးသဖြင့် မုန်လဲ့ကဲ့သို့ ငယ်ရွယ်သူ တစ်ယောက်ကို မြင်ရခြင်းက သူတို့ကို ပို၍ အံ့အားသင့်စေသည်။
မုန်လဲ့က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် နေရာလွတ် တစ်ခုကို ရှာ၍ ထိုင်လိုက်သည်။ ဤနေရာရှိ တိုက်ခိုက်ရေးသမားများကို သူ တစ်ယောက်မှ မသိသလို သိစရာ အကြောင်းလည်း မရှိချေ။
တိုက်ကွင်းပေါ်တွင် သူတို့နှင့် ပြန်လည် ဆုံတွေ့ရမည်လား ဆိုသည်ကို မည်သူမှ တပ်အပ် မပြောနိုင်ပေ။ ထိုအချိန်ကျလျှင် တစ်ယောက်နှင့်တစ်ယောက် အသေအကြေ တိုက်ခိုက်ရမည့် ရန်သူများ ဖြစ်သွားနိုင်သည်။
ရန်သူများနှင့် မိတ်ဆွေဖွဲ့ရန် လုံးဝ မလိုအပ်ချေ။ သူတို့၏ အလုပ်အကိုင် သဘာဝအရ တိုက်ခိုက်ရေးသမားများကြားတွင် စစ်မှန်သော ခင်မင်မှု ဆိုသည်မှာ လုံးဝ မရှိနိုင်ကြောင်း သတ်မှတ်ထားပြီး ဖြစ်သည်။
မုန်လဲ့ ခန့်မှန်းတာ မှန်ကန်ခဲ့သည်။
တိုက်ခိုက်ရေးသမားများ ကြားတွင် ခင်မင်မှု ဆိုသည်မှာ တကယ်ကို မရှိချေ။
တိုက်ခိုက်ရေးသမားများက တစ်ယောက်နှင့်တစ်ယောက် အလွန် ရင်းနှီးကြပြီး အချင်းချင်း၏ စွမ်းအား၊ အဆင့်၊ လျှို့ဝှက်စွမ်းရည်များ၊ တိုက်ခိုက်ရေး အလေ့အထများ စသည့် အချက်အလက် အားလုံးကို သိရှိထားကြသော်လည်း သူတို့ကြားတွင် မည်သည့် ခင်မင်မှုမှ မရှိကြချေ။
တစ်ယောက်ကို တစ်ယောက် လေ့လာထားခြင်းမှာ ကိုယ့်ရန်သူကို သိပြီး ကိုယ့်ကိုယ်ကိုယ် သိပါက ပိုမို အလွယ်တကူ အနိုင်ရနိုင်ရန်အတွက်သာ ဖြစ်သည်။
ထို့ကြောင့် တိုက်ခိုက်ရေးသမား အချို့က မျက်လုံးများ အရောင်လက်သွားကာ မုန်လဲ့ကို သေချာ အကဲခတ်နေကြသည်။ မုန်လဲ့၏ လျှို့ဝှက်ချက် အားလုံးကို ထိုးဖောက် မြင်ချင်နေကြသည်။ သူတို့ အများစုမှာ ကြယ်တစ်ပွင့်နှင့် ကြယ်နှစ်ပွင့် ကြေးဝါ တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။
မုန်လဲ့က လူသစ် ဖြစ်ရာ နောင်လာမည့် တိုက်ပွဲများတွင် သူ့ကို တွေ့ဆုံရနိုင်ခြေ အလွန်များပေသည်။
ထို့ကြောင့် သေချာ လေ့လာထားမှ ဖြစ်မည်။
မုန်လဲ့ကမူ ထိုတိုက်ခိုက်ရေးသမားများ၏ အတွေးများကို မသိချေ။ သူ၏ အကြည့်များက တိုက်ကွင်းပေါ်သို့ ရောက်နေပြီး တကယ်တမ်းတွင်မူ သူသည် ယနေ့ ရရှိခဲ့သော အရာများကို တွက်ချက်နေခြင်း ဖြစ်သည်။
ကျောင်းမှ ထွက်လာချိန်မှစ၍...
မှော်ရထားစီးကာ မီးတောက် လူ တိုက်ကွင်းသို့ ရောက်ရှိလာပြီး...
ဤနေရာတွင် ထိုင်ကာ တိုက်ပွဲ ကြည့်နေသည့် အချိန်အထိ...
မုန်လဲ့ တစ်ချက်လေးမှ အားမနေခဲ့ချေ။
ကျောင်းမှ ထွက်လာပြီးကတည်းက စနစ်၏ အသံများက ရပ်တန့်မသွားခဲ့ချေ။ ဆိုလိုသည်မှာ မုန်လဲ့ အနေဖြင့် အဆက်မပြတ် ကောက်ယူနေခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မီးတောက် လူ တိုက်ကွင်းသို့ ရောက်ရှိလာချိန်တွင် ကောက်ယူရသည့် အကြိမ်အရေအတွက်က ပို၍ပင် များပြားလာခဲ့သည်။
ကောက်ယူခဲ့ရသော အလင်းတန်းများ အားလုံးထဲတွင် ခန္ဓာကိုယ် ကြံ့ခိုင်မှု အလင်းတန်းများက အများဆုံး ဖြစ်ပြီး ရွှေဒင်္ဂါး အလင်းတန်းများက ဒုတိယ အများဆုံး ဖြစ်သည်။ မှော်စွမ်းအင် အလင်းတန်းများနှင့် မှော်ပညာ အလင်းတန်းများကတော့ အတော်လေး နည်းပါးပေသည်။
မုန်လဲ့ကို အံ့အားသင့်စေခဲ့သည်မှာ စိတ်စွမ်းအင် အလင်းတန်းများနှင့် စစ်ရေးစွမ်းရည် အလင်းတန်းများပင် ဖြစ်သည်။ ယနေ့ညတွင် တိုက်ခိုက်ရေးဘုရင် ပွဲစဉ် ကျင်းပမည် ဖြစ်၍ လူတိုင်း စိတ်လှုပ်ရှားနေကြသောကြောင့်လား မသိ၊ ဤအလင်းတန်း နှစ်မျိုးမှာ ထူးထူးခြားခြား များပြားနေပေသည်။
နေ့လယ်ပိုင်း အချိန်တိုလေး အတွင်းမှာပင် မုန်လဲ့၏ စိတ်စွမ်းအင်မှာ အမှတ် တစ်ရာကျော်အထိ တိုးတက်လာခဲ့ပြီး စစ်ရေးစွမ်းရည် ခြောက်မျိုးကိုလည်း ကောက်ရခဲ့သည်။ ထို့အပြင်... စစ်ရေးကျင့်စဉ် တစ်ခုကိုပါ ရရှိခဲ့သေးသည်။
'စစ်ရေးကျင့်စဉ်... ဒါက အရမ်း ရှားပါးတဲ့ အရာပဲ...'
မုန်လဲ့က ထို မီးနဂါး ကျမ်းစာ ဟု အမည်ရသော စစ်ရေးကျင့်စဉ်ကို ချက်ချင်း လေ့လာကြည့်လိုက်ရာ လုံးဝ အံ့အားသင့်သွားတော့သည်။
'ငါ ကံအရမ်း ကောင်းသွားတာလား...'
ခေါင်းထဲရှိ အချက်အလက်များကို ဖတ်ရှုပြီးနောက် မုန်လဲ့မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ 'ဒီအရာက မီးနဂါး တိုင်းပြည်က တော်ဝင်မျိုးနွယ်တွေ သီးသန့် အသုံးပြုတဲ့ စစ်ရေးကျင့်စဉ်ပဲ... သန့်စင်တဲ့ မီးနဂါး သွေးမျိုးဆက် ပါဝင်တဲ့ နဂါးလူသားတွေမှသာ လေ့ကျင့်ခွင့် ရှိတာတဲ့လား...'
မီးနဂါး တိုင်းပြည်၏ တော်ဝင်မျိုးနွယ်…
မီးနဂါး တိုင်းပြည်ကို အုပ်ချုပ်နေသော မျိုးနွယ်စုပင် ဖြစ်သည်။
နှစ်ပေါင်း သောင်းချီ မျိုးဆက်ပြန့်ပွားလာခဲ့ပြီးနောက် မီးနဂါး တော်ဝင်မျိုးနွယ်မှာ အလွန် ကြီးမားကျယ်ပြန့်လာခဲ့သည်။ သန့်စင်သော မီးနဂါးများ၊ သွေးနှော နဂါးလူသားများ၊ သွေးနှော နဂါးသားရဲများ စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။
သန့်စင်သော မီးနဂါးများမှာ လက်ဆယ်ချောင်း မပြည့်အောင်ပင် နည်းပါးလှပြီး အများစုမှာ သွေးနှော နဂါးလူသားများသာ ဖြစ်ကြသည်။ နဂါးလူသားများက တော်ဝင်မျိုးနွယ်၏ လူဦးရေ ၉၉.၉၉ ရာခိုင်နှုန်းကို နေရာယူထားကြသည်။
အများစုမှာ သွေးမျိုးဆက် ပါဝင်မှု အလွန် နည်းပါးပြီး အချည်းနှီး အချိန်ဖြုန်းနေကြသူများ ဖြစ်သော်လည်း မီးနဂါး သွေးမျိုးဆက်များ စီးဆင်းနေသဖြင့် တော်ဝင်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်နေဆဲပင်။
သူတို့အားလုံး 'မီးနဂါး ကျမ်းစာ' ကို လေ့ကျင့်ခွင့် ရှိကြသည်။
အခြားသူများ အနေဖြင့် မည်မျှပင် ရာထူးကြီးမားပါစေ၊ မည်မျှပင် ချမ်းသာကြွယ်ဝပါစေ၊ ရိုးသားပါစေ... မီးနဂါး ကျမ်းစာ ကို လေ့ကျင့်ခွင့် လုံးဝ မရှိကြချေ။
'ပြဿနာက ဒီမှာ စပြီ...'
'ငါ့ဆီမှာ သောက်ကျိုးနည်း မီးနဂါး သွေးမျိုးဆက်မှ မရှိတာ...'