အခန်း ၄၁
Vol. 5 Ch. 41
အခန်း ၄၁ အဆင့်ငါး စစ်သည်တော်နှင့် အစီအစဉ်သစ်
အာဘီသည် မုန်လဲ့ကို သတိထားနေသည်မှာ ကြာပြီ ဖြစ်သည်။
ကျောင်းမဝင်ခင်ကတည်းက မုန်လဲ့၏ နာမည်ကို သူ ကြားဖူးခဲ့ပြီး ယခုနှစ် ကျောင်းသားသစ်များထဲတွင် ပါရမီ အကောင်းဆုံးသူ ဖြစ်ကြောင်း သိထားသည်။
ထို့နောက် သူတို့နှစ်ယောက် အခန်းဖော်များ ဖြစ်လာခဲ့ရာ မုန်လဲ့၏ လှုပ်ရှားမှုတိုင်းက အာဘီ၏ မျက်စိအောက်မှ မလွတ်နိုင်တော့ချေ။ သုံးလတာ စောင့်ကြည့်လေ့လာပြီးနောက် အာဘီ အနေဖြင့် မုန်လဲ့ အကြောင်းကို အတော်လေး သိရှိထားပြီဟု ယုံကြည်ထားခဲ့သည်။ သို့သော် မုန်လဲ့တွင် သူ့ကို ဖုံးကွယ်ထားသော ဤမျှလောက် ကြီးမားသည့် လျှို့ဝှက်ချက် ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
"မင်းက လူသား မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး နဂါး သွေးမျိုးဆက် နိုးထလာတာလဲ..." အာဘီက မုန်လဲ့ကို စိုက်ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။ "ဒါမှမဟုတ် အစကတည်းက မင်းက နဂါးလူသားများလား..."
"ငါ့လာမေးနေတော့ ငါက ဘယ်သူ့သွားမေးရမလဲ..."
မုန်လဲ့က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။ "ငါ စောစောက တိုက်ခိုက်ရေးဘုရင် ပွဲစဉ် ကြည့်နေရင်း ရုတ်တရက်ကြီး ဒီလို ဖြစ်သွားတာ... အမှန်အတိုင်း ပြောရရင် ငါလည်း အခုထိ ဘာဖြစ်သွားမှန်း နားမလည်သေးဘူး..."
"ကြည့်ရတာ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ တကယ်ပဲ နဂါး သွေးမျိုးဆက် ရှိနေပုံရတယ်..." အာဘီက သံသယ ကင်းရှင်းသွားသည်။
နဂါးလူသား အများစုက ငယ်စဉ်ကတည်းက နဂါး သွေးမျိုးဆက် နိုးထလာတတ်သော်လည်း မုန်လဲ့ကဲ့သို့ အရွယ်ရောက်မှ နိုးထလာသူများလည်း ရှိတတ်ပေသည်။ မုန်လဲ့က ပထမဆုံးတော့ မဟုတ်ချေ။
"ဖြစ်နိုင်ပါတယ်..."
မုန်လဲ့၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သေချာသည်မှာ အမှန်တရားကို သူ အာဘီကို ပြောပြမည် မဟုတ်ချေ။ ပြောပြလျှင်တောင် အာဘီက ယုံကြည်မည် မဟုတ်ပေ။ နဂါး သွေးမျိုးဆက်ကို ပေါင်းစပ်လိုက်သည်တဲ့လား။ ကြားရုံနဲ့တင် ယုံနိုင်စရာ မရှိဘူး။
"ဂုဏ်ပြုပါတယ်..."
အာဘီက အေးစက်စက် လေသံဖြင့် ဂုဏ်ပြုစကား ဆိုလိုက်ပြီးနောက် မုန်လဲ့ကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ အိမ်သာထဲသို့ ဝင်သွားတော့သည်။ မုန်လဲ့က မှန်ရှေ့သို့ သွားကာ သူ၏ လက်ရှိ ပုံစံကို သေချာ ကြည့်လိုက်သည်။
ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေပြီး တစ်ကိုယ်လုံးလည်း သွေးတွေ ပေကျံနေသည်။ ထို့ကြောင့် မုန်လဲ့က ရေပိုက်ကို ဖွင့်ကာ ခန္ဓာကိုယ်ကို သန့်စင်လိုက်သည်။
"ဒီလိုဆိုရင်တော့ ကြည့်ရတာ နည်းနည်း အဆင်ပြေသွားပြီ..."
"ဒါပေမယ့်... နောက်ဆို ဒီပုံစံနဲ့ပဲ နေရတော့မှာလား..."
မုန်လဲ့က သက်ပြင်းချလိုက်သည်။ မီးနဂါး သွေးမျိုးဆက်ကြောင့် ကြီးမားသော စွမ်းအားများ ရရှိလာသော်လည်း မိမိကိုယ်ကို သတ္တဝါဆိုးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေးမိတိုင်း သူ လုံးဝ မပျော်ရွှင်နိုင်ချေ။
သူက အရင်က လူသား ပုံစံကို ပိုသဘောကျသည်။
"အာဘီ... ငါ အရင်ပုံစံ ပြန်ပြောင်းလို့ မရတော့ဘူးလား..." မုန်လဲ့က တိုက်ရိုက်ပင် မေးလိုက်သည်။
"ဘာလို့ အရင်ပုံစံ ပြန်ပြောင်းချင်ရတာလဲ..."
အိမ်သာခန်းထဲမှ အာဘီ၏ နားမလည်နိုင်သော အသံ ထွက်ပေါ်လာသည်။ "မီးနဂါး အင်ပါယာမှာ လူတိုင်းက နဂါး သွေးမျိုးဆက်ကို လိုချင်ကြပြီး လူတိုင်း လေးစားအားကျရတဲ့ သူတွေ ဖြစ်ချင်နေကြတာ... ပြီးတော့ မင်း နိုးထလာတာက မီးနဂါး တိုင်းပြည်ရဲ့ တော်ဝင် သွေးမျိုးဆက် ဆိုတော့ ပိုပြီးတောင် ထူးခြားသေးတယ်... ဘာဖြစ်လို့များ သာမန် လူသားပုံစံကို ပြန်ပြောင်းချင်နေရတာလဲ..."
"အခုပုံစံကြီးက တစ်မျိုးကြီးပဲ... ငါက အရင်ပုံစံကို ပိုသဘောကျတယ်..." မုန်လဲ့က ခေါင်းခါလိုက်သည်။ "အရင်ပုံစံ ပြန်ပြောင်းလို့ ရတဲ့ နည်းလမ်း ရှိသေးလား ဆိုတာပဲ ငါ့ကို ပြောပြ..."
"မင်းရဲ့ အတွေးအခေါ်ကို တကယ် နားမလည်နိုင်တော့ဘူး..."
အာဘီက ခေါင်းခါလိုက်သော်လည်း ရှင်းပြပေးလိုက်သည်။ "နောက်မှ သွေးမျိုးဆက် နိုးထလာတဲ့ နဂါးလူသားတွေရဲ့ ခန္ဓာကိုယ်ထဲက နဂါး သွေးမျိုးဆက်က သိပ်မသန့်စင်ဘူး... ဒါကြောင့် နဂါး ပုံစံနဲ့ အကြာကြီး နေလို့ မရဘူး... ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ကုန်သွားရင် နဂိုပုံစံ ပြန်ဖြစ်သွားလိမ့်မယ်..."
"ဪ... ဒီလိုလား..."
မုန်လဲ့ ချက်ချင်း သဘောပေါက်သွားသည်။
ထင်တဲ့အတိုင်းပဲ...
ငါးမိနစ်ခန့် ကြာပြီးနောက် မုန်လဲ့၏ ခန္ဓာကိုယ်မှ အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ်ပေါ်ရှိ နဂါးအကြေးခွံများက ရေများ ဆုတ်သွားသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
နဂါးအမြီးနှင့် နဂါးအရိုးများလည်း အတူတူ ပျောက်ကွယ်သွားသည်။
မုန်လဲ့ တစ်ယောက်လုံး ချောမွေ့ပြောင်စင်သွားပြီး အဝတ်အစား တစ်လွှာမျှပင် မကျန်တော့ချေ။
"ပြန်ပြောင်းသွားပြီ..."
"ဟားဟား... ငါ နဂိုပုံစံ ပြန်ဖြစ်သွားပြီ..."
"အခုပုံစံကမှ ကြည့်ရတာ မျက်စိပသာဒ ဖြစ်တယ်..."
ထိုအချိန်တွင် အာဘီက အိမ်သာထဲမှ ထွက်လာပြီး အဝတ်မပါဘဲ ကိုယ်လုံးတီး ဖြစ်နေသော မုန်လဲ့ကို မြင်လိုက်ရရာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သေစမ်း... အကြီးကြီးပဲ...
"အာဘီ... ငါ့ကို အဝတ်အစား တစ်စုံလောက် ရှာပေးပါဦး..."
...
အဝတ်အစားများ ဝတ်ဆင်ပြီး ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် မီးတောက် သေမင်းတမန် စင်မြင့်၌ တိုက်ခိုက်ရေးဘုရင် ပွဲစဉ်၏ ဆုပေးပွဲ အခမ်းအနားကို ကျင်းပနေပြီ ဖြစ်သည်။
တိုက်ခိုက်ရေးဘုရင် ပွဲစဉ် ပြီးဆုံးသွားပြီ ဖြစ်သည်။
သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ရေးဘုရင် ဖြစ်ခဲ့သော ဧရာမနတ်ဘုရား နီကိုးလပ်စ်က သူ၏ နေရာကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီး အောင်နိုင်သူ အနေဖြင့် လူအများ၏ အားပေးမှုနှင့် လေးစားမှုကို ခံယူနေကာ အလွန်တရာ အရှိန်အဝါ ကြီးမားနေပေသည်။
ရှုံးနိမ့်သူ အော်ဒန် ဖီးလစ် ကမူ မီးတောက် သေမင်းတမန် စင်မြင့်မှ တိတ်တဆိတ် ထွက်ခွာသွားပြီး နောက်ထပ် အနည်းဆုံး တစ်နှစ်ခန့် ရှုံးနိမ့်သူ ဆိုသည့် နာမည်ဆိုးဖြင့် ရှင်သန်ရတော့မည် ဖြစ်သည်။
မည်သည့် ကမ္ဘာတွင်မဆို လူတို့သည် အောင်နိုင်သူကိုသာ မှတ်မိလေ့ရှိပြီး ရှုံးနိမ့်သူမှာမူ မေ့လျော့ခြင်းနှင့် ကဲ့ရဲ့ခြင်းကိုသာ ခံရမည်မှာ သေချာလှသည်။ လက်တွေ့ဘဝ ဆိုသည်မှာ အမြဲတမ်း ဤကဲ့သို့ပင် ရက်စက်လွန်းလှပေသည်။
"အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူက သူပုန် ဆိုတာ ဒါမျိုးပေါ့..."
မုန်လဲ့က ချက်ချင်း မပြန်သေးဘဲ ကျဆင်းနေသော စွမ်းရည် အလင်းတန်းများကို ဆက်လက် ကောက်ယူနေခဲ့သည်။ ယခုတစ်ကြိမ် မီးနဂါး သွေးမျိုးဆက်နှင့် မတော်တဆ ပေါင်းစပ်မိပြီးနောက် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် မှော်စွမ်းအင် ပမာဏ နှစ်ခုလုံးမှာ အဆင့်ငါးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
စိတ်စွမ်းအင်ကတော့ နောက်ကျကျန်နေခဲ့ပြီး အဆင့်လေးတွင်သာ ရှိနေသေးသည်။
တိုက်ကွင်းတွင် လူများပြားပြီး လူတိုင်း စိတ်လှုပ်ရှားနေချိန်ကို အခွင့်ကောင်းယူကာ စိတ်စွမ်းအင် အလင်းတန်းများ ပိုမို ကောက်ယူပြီး စိတ်စွမ်းအင် ကွာဟချက်ကို ဖြည့်တင်းရမည် ဖြစ်သည်။
...
ကျောင်းသို့ ပြန်ရောက်ချိန်တွင် ည ၁၂ နာရီ ရှိနေပြီ ဖြစ်သည်။
မျက်နှာသစ်၊ သွားတိုက်ပြီးနောက် မုန်လဲ့သည် ထုံးစံအတိုင်း တရားမထိုင်တော့ဘဲ မီးနဂါး ကျမ်းစာ ကို စတင် လေ့လာနေခဲ့သည်။ သူသည် ဤထိပ်တန်း စစ်ရေးကျင့်စဉ်ကို စမ်းသပ် လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလော... ဘဝဆိုတာ မုဒိမ်းကျင့်ခံရသလိုပဲ... မရုန်းထွက်နိုင်ရင်လည်း ဇိမ်ခံလိုက်... ဆိုတာမျိုးပေါ့။ အခုတော့ မီးနဂါး သွေးမျိုးဆက်ကို ရရှိထားပြီ ဆိုတော့ 'မီးနဂါး ကျမ်းစာ' ကို မလေ့ကျင့်ရင် တကယ်ကို နှမြောစရာ ကောင်းလှပေသည်။
တစ်နာရီခန့် ကြာပြီးနောက် အတော်လေး နားလည်သွားပြီဟု ခံစားရသောအခါ မုန်လဲ့က ကျင့်စဉ်ကို စတင် လေ့ကျင့်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုကို ဆွဲငင်လိုက်ပြီး သွေးကြောများထဲတွင် ဖြည်းညင်းစွာ စတင် လှည့်ပတ်စေလိုက်သည်။ ခရုလေး တစ်ကောင် တွားသွားနေသကဲ့သို့ပင်။
အလွန် နှေးကွေးလှပေသည်။
သို့သော် မုန်လဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားလာသည်။
မီးနဂါး ကျမ်းစာ ၏ ဖော်ပြချက်အရ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်မှာ မီးနဂါး စစ်ရေးစွမ်းအင် ပင် ဖြစ်သည်။ မီးနဂါး စစ်ရေးစွမ်းအင် စတင် လှည့်ပတ်လာသည် ဆိုသည်မှာ မီးနဂါး ကျမ်းစာ ကို အခြေခံအဆင့် လေ့ကျင့်နိုင်ပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ဒါက အလွန် ကောင်းမွန်သော ကိစ္စဖြစ်သည်။
"မီးနဂါး ကျမ်းစာကို လေ့ကျင့်နိုင်ပြီ ဆိုရင်တော့... ဒီစစ်ရေးကျင့်စဉ်ကို အထွတ်အထိပ်အထိ ရောက်အောင် လေ့ကျင့်နိုင်မယ်လို့ ငါ့ကိုယ်ငါ ယုံကြည်တယ်..."
"အင်း... အရင်ဆုံး ရည်မှန်းချက် အသေးလေး တစ်ခု ချလိုက်မယ်... ဥပမာ- အဆင့်ကိုး စစ်သည်တော် ဖြစ်လာဖို့ပေါ့..."
ထိုညတွင် မုန်လဲ့သည် မီးနဂါး ကျမ်းစာ ကိုသာ လေ့ကျင့်နေခဲ့သည်။ တစ်ညလုံး လေ့ကျင့်ပြီးနောက် မီးနဂါး စစ်ရေးစွမ်းအင်၏ လှည့်ပတ်မှု အမြန်နှုန်းမှာ အများကြီး ပိုမြန်လာပြီး အစကထက် အဆများစွာ ပိုမြန်လာခဲ့သည်။
'မီးနဂါး ကျမ်းစာ' သည် မီးနဂါး တော်ဝင်မျိုးနွယ်များ သီးသန့် အသုံးပြုသော လေ့ကျင့်ရေးကျင့်စဉ် ဖြစ်သည့်အားလျော်စွာ တစ်ညလုံး လေ့ကျင့်ပြီးနောက် ခန္ဓာကိုယ် ကြံ့ခိုင်မှုက အမှတ် ၄၀ ကျော် တိုးလာခဲ့သည်။
ဒါက တကယ်ကို လွန်လွန်းလှပေသည်။
တစ်ညကို အမှတ် ၄၀ ကျော်။
တစ်လဆိုလျှင် အမှတ် ၁၂၀၀ ကျော် ရှိမည် ဖြစ်သည်။
ဒီအမြန်နှုန်းအတိုင်း ဆိုလျှင် နှစ်လအတွင်း အဆင့်ခြောက် စစ်သည်တော် ဖြစ်လာနိုင်ပေသည်။
အဆင့်ခြောက် စစ်သည်တော်။
ဒါက လုံးဝ မသေးငယ်သော စွမ်းအား ဖြစ်သည်။
"ဒါပေမယ့်... မီးနဂါး ကျမ်းစာကို လေ့ကျင့်ဖို့ချည်းပဲ အချိန်တွေ အကုန်ခံလို့ မရဘူး... ညဘက်မှာ တရားထိုင်ပြီး စိတ်စွမ်းအင်နဲ့ မှော်စွမ်းအင် ပမာဏကို မြှင့်တင်ရဦးမယ်..."
"ဒါဆို နေ့လယ်ပိုင်း ပြောင်းလေ့ကျင့်ရမလား..."
"မရဘူး... နေ့လယ်ပိုင်းက အလင်းတန်းတွေ သွားကောက်ရမယ့် အချိန်လေ..."
"ဒါဆိုရင်... နံနက်ပိုင်းရော..."
"အင်း... နံနက်ပိုင်းပဲ လေ့ကျင့်တော့မယ်..."
"မှော်ပညာ အခြေခံတွေကိုလည်း ငါ လေ့လာပြီးသွားပြီ ဆိုတော့... အခု လိုအပ်တာက စိတ်စွမ်းအင်နဲ့ မှော်စွမ်းအင် ပမာဏကို မြှင့်တင်ပြီး ပိုမြင့်တဲ့ မှော်ပညာတွေကို လေ့လာဖို့ပဲ..."
"မှော်ပညာ အတန်းတွေက... တက်လည်းရတယ် မတက်လည်းရတယ်..."
"အင်း... ဒီလိုပဲ သတ်မှတ်လိုက်တော့မယ်..."
နံနက်ပိုင်းတွင် မီးနဂါး ကျမ်းစာ ကို လေ့ကျင့်မည်။
နေ့လယ်ပိုင်းတွင် စွမ်းရည် အလင်းတန်းများကို ကောက်ယူမည်။
ညဘက်တွင် တရားထိုင်မည်။
တစ်နေ့ ၂၄ နာရီလုံးကို အကျိုးရှိရှိ အသုံးချလိုက်ခြင်းပင် ဖြစ်သည်။
သေချာသည်မှာ မီးတောက် လူ တိုက်ကွင်းကိုလည်း သွားရမည် ဖြစ်သည်။ မုန်လဲ့က တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်နေပြီ ဖြစ်ရာ တစ်လလျှင် အနည်းဆုံး ၁၀ ပွဲ တိုက်ခိုက်ရမည့်အပြင် ထိုနေရာတွင် များပြားလှသော စွမ်းရည် အလင်းတန်းများ ရှိနေသဖြင့် မသွားဘဲ မနေနိုင်ချေ။
နောက်ပိုင်း ၃ ရက်တာ ကာလအတွင်း မုန်လဲ့သည် သူ၏ အစီအစဉ်အတိုင်း တိတိကျကျ လိုက်နာခဲ့ပြီး ကိုယ်တိုင် လေ့လာ... အဲ မှားလို့... ကိုယ်တိုင် လေ့ကျင့်မှုများကို ပြုလုပ်နေခဲ့သည်။
ထို့ကြောင့် သူသည် နံနက်ပိုင်း မှော်ပညာ အတန်းများကို လစ်ဟင်းခဲ့ရာ လျှပ်စီးဓာတ် မှော်ပညာ ဆရာ ဟိုရေးရှိုးကို အလွန် အံ့အားသင့်သွားစေခဲ့သည်။ မုန်လဲ့သည် ယခင်က အတန်းတစ်ခါမျှ မပျက်ဖူးရာ ယခု သုံးရက်ဆက်တိုက် အတန်းပျက်နေသည်မှာ ဘာကြောင့်နည်း။
ဟိုရေးရှိုးက အခြား ကျောင်းသားများကို မေးကြည့်သော်လည်း မည်သူကမှ မသိကြချေ။ နောက်ဆုံးတွင် ဘာလုပ်ရမှန်း မသိတော့သဖြင့် ဟိုရေးရှိုးက ဤကိစ္စကို မုန်လဲ့၏ အတန်းပိုင်ဆရာထံသို့ တိုက်ရိုက် တိုင်ကြားလိုက်တော့သည်။
မီးနဂါး ကျောင်းတော်၏ အတန်းချိန်များမှာ လွတ်လပ်ပြီး တက်ချင်လျှင်တက် မတက်ချင်လျှင် နေနိုင်သည်။ အခြားလူများ အတန်းမတက်လျှင် ဟိုရေးရှိုး လုံးဝ ဂရုစိုက်မည် မဟုတ်သော်လည်း မုန်လဲ့ကတော့ မတူညီချေ။
သူက မုန်လဲ့ကို အလွန် မျှော်လင့်ထားပြီး မုန်လဲ့ကို ဤကဲ့သို့ ပေါ့ဆသွားမည်ကို မလိုလားချေ။
"ဘာ... ဒီကလေး အတန်းမတက်တာ သုံးရက်ရှိပြီ ဟုတ်လား..."