အခန်း ၄၂
Vol. 5 Ch. 42
အခန်း ၄၂ အာသာ ဂါရန်နှင့် နွားခေါင်းလူသား၏ တိုက်ပွဲ
မုန်လဲ့သည် သူအတန်းမတက်သည့်ကိစ္စကို အတန်းပိုင်ဆရာ သိသွားပြီဆိုသည်ကို လုံးဝမသိရှိခဲ့ပေ။ ယခုအချိန်တွင် သူသည် မီးနဂါးကျမ်းစာ ကို လေ့ကျင့်ပြီးနောက် မီးတောက်လူတိုက်ကွင်းသို့ တစ်ယောက်တည်း ထွက်လာခဲ့ပြီဖြစ်သည်။
ဒီညမှာတော့ သူ၏ ပထမဆုံး တိုက်ပွဲကို စတင်ရတော့မည်ဖြစ်သည်။
"ဒင်... အလင်းတန်းတစ်ခုကို တွေ့ရှိပါတယ်... ကောက်ယူမလား..."
"ဒင်... ပေါင်းစပ်ခြင်း အောင်မြင်ပါတယ်... ခန္ဓာကိုယ် ကြံ့ခိုင်မှု ၂ မှတ် တိုးလာပါတယ်..."
"ဒင်... အလင်းတန်းတစ်ခုကို တွေ့ရှိပါတယ်... ကောက်ယူမလား..."
"ဒင်... ပေါင်းစပ်ခြင်း အောင်မြင်ပါတယ်..."
ဒီတစ်ခါတော့ မုန်လဲ့သည် ယခင်တစ်ခေါက်ကလို မှော်ရထား မစီးတော့ဘဲ ခြေလျင်လျှောက်လာခဲ့သည်။ သူ၏ အချိန်က နေ့လည်ပိုင်း တစ်ပိုင်းလုံး ရှိနေသေးရာ အလျင်လိုစရာ မရှိပေ။
အချိန်ရှိခိုက် လူစည်ကားသော နေရာများကို လျှောက်သွားပြီး စွမ်းရည်အလင်းတန်းများကို ကောက်ယူရန် စဉ်းစားလိုက်သည်။
မှော်ပစ္စည်းစျေးကွက်၊ ကျွန်စျေးကွက်၊ မှော်သလင်းကျောက် အရောင်းအဝယ်စျေးကွက်၊ ကြေးစားစစ်သည်တော်အဖွဲ့ချုပ်၊ စစ်သည်တော်ကျောင်းတော်...
တစ်လမ်းလုံး လျှောက်သွားလိုက်ရာ ရိတ်သိမ်းရရှိမှုက တကယ်ကို များပြားလှသည်။ ညဘက် တရားထိုင်ခြင်းထက်ပင် အများကြီး ပိုမိုကောင်းမွန်နေသေးသည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် စိတ်စွမ်းအင် နှစ်ခုလုံးမှာ အမှတ် ၁၀၀ ကျော်စီ တိုးလာခဲ့သည်။ မှော်စွမ်းအင် ပမာဏကတော့ အနည်းငယ် လျော့နည်းနေသေးသည်။
"ကျောင်းထဲမှာ လမ်းလျှောက်ရင် မှော်စွမ်းအင် ပမာဏကို တိုးစေနိုင်တယ်..."
"ခန္ဓာကိုယ် ကြံ့ခိုင်မှုကို တိုးချင်ရင်တော့ အပြင်ကို ပိုထွက်ရမှာပဲ..."
...
ညဘက်တွင်တော့ အမှတ် ၂၀ ကြေးဝါ တိုက်ကွင်းမှာ လူတွေ ပြည့်ကျပ်နေပြီ ဖြစ်သည်။
အနိမ့်ဆုံးအဆင့်ရှိသော ကြေးဝါတိုက်ကွင်း ဖြစ်သည့်အားလျော်စွာ အမှတ် ၂၀ တိုက်ကွင်းသည် အရွယ်အစားရော အပြင်အဆင်ပါ မီးတောက်သေမင်းတမန်စင်မြင့်နှင့် လုံးဝယှဉ်၍မရပေ။ လက်မှတ်စျေးနှုန်းကလည်း အများကြီး ပိုသက်သာသည်။
ထို့ကြောင့် ကြေးဝါတိုက်ကွင်းသို့ လာရောက်ကြည့်ရှုကြသော ပရိသတ်အများစုမှာ အလတ်တန်းစား လူတန်းစားများ၊ ဥပမာ - မှူးမတ်ငယ်များ၊ ကုန်သည်ငယ်များနှင့် ချမ်းသာသော လယ်သမားများ စသည်တို့ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့်ပင် ပရိသတ်အရေအတွက်မှာ အများဆုံး ဖြစ်နေခြင်း ဖြစ်သည်။
ကျယ်ဝန်းလှသော အမှတ် ၂၀ တိုက်ကွင်းကြီးတွင် နေရာလွတ် တစ်ခုမှ မရှိတော့ချေ။ ပရိသတ်များသည် ဖရဲစေ့ စားရင်း၊ ဘီယာနှင့် အအေးများ သောက်ရင်း စကားစမြည် ပြောဆိုကာ အလွန် ပျော်ရွှင်နေကြသည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများ အားလုံးကို ဤနေရာတွင် အကောင်းဆုံး ဖြေဖျောက်လိုက်ကြခြင်း ဖြစ်သည်။
"ဒုန်း... ဒုန်း... ဒုန်း..."
ဗုံသံသုံးချက် ရုတ်တရက် ထွက်ပေါ်လာပြီးနောက် တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။
မီးရောင်များစွာက အောက်ဘက်ရှိ စင်မြင့်ပေါ်သို့ တိုက်ရိုက် ကျဆင်းလာပြီးနောက် သပ်ရပ်စွာ ဝတ်ဆင်ထားသော အစီအစဉ်တင်ဆက်သူ တစ်ယောက်က စင်မြင့်ပေါ်တွင် ရပ်ကာ အသံကုန် အော်ဟစ်လိုက်သည်။
"ချစ်ခင်လေးစားရပါသော ပရိသတ်ကြီးခင်ဗျာ... ကောင်းသောညချမ်းလေး ဖြစ်ပါစေ... မီးတောက်သေမင်းတမန်စင်မြင့်ကနေ ကြိုဆိုပါတယ်... ကျွန်တော်ကတော့ ဒီညရဲ့ အစီအစဉ်တင်ဆက်သူ..."
"စကားတွေ အများကြီး မပြောတော့ဘဲ... ဒီညရဲ့ စိတ်လှုပ်ရှားစရာ တိုက်ပွဲကို တင်ဆက်ပေးမယ့် တိုက်ခိုက်ရေးသမား နှစ်ယောက်ကို လက်ခုပ်သံ ကျယ်ကျယ်နဲ့ ကြိုဆိုလိုက်ကြရအောင်..."
"သူတို့ကတော့... ကြယ်နှစ်ပွင့် ကြေးဝါ တိုက်ခိုက်ရေးသမား - နွားရိုင်း ဟာရယ်..."
အစီအစဉ်တင်ဆက်သူ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ "အားလုံးသိကြတဲ့အတိုင်းပဲ နွားရိုင်း ဟာရယ် ဟာ ပြီးခဲ့တဲ့လကမှ ကျွန်တော်တို့ မီးတောက်လူတိုက်ကွင်းကို ရောက်လာတဲ့ လူသစ်တစ်ယောက်ပါ... ဒါပေမယ့် သူ့ရဲ့ တိုက်ပွဲမှတ်တမ်းကတော့ အရမ်းကို ကောင်းမွန်ပါတယ်... သူဟာ ၁၁ ပွဲ တိုက်ခိုက်ခဲ့ပြီး ၁၀ ပွဲနိုင်၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်..."
"အခုချိန်မှာ ဟာရယ် ဟာ ၅ ပွဲ ဆက်တိုက် အနိုင်ရထားပြီးပါပြီ... ဒီည တိုက်ပွဲကိုပါ အနိုင်ရရှိခဲ့မယ် ဆိုရင် ၆ ပွဲ ဆက်တိုက် အနိုင်ရရှိမှု ဆိုတဲ့ ကြီးကျယ်တဲ့ မှတ်တမ်းကို ရရှိမှာဖြစ်ပြီး ကြယ်သုံးပွင့် တိုက်ခိုက်ရေးသမား အဖြစ် အဆင့်တက်သွားမှာ ဖြစ်ပါတယ်..."
"သူ့ကို လက်ခုပ်သံ ကျယ်ကျယ်နဲ့ ကြိုဆိုလိုက်ကြရအောင်..."
"မူး..."
အစီအစဉ်တင်ဆက်သူ စကားဆုံးသည်နှင့် ကျယ်လောင်သော နွားအော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး နွားခေါင်းနှင့် လူကိုယ် ပိုင်ဆိုင်ထားသော နွားရိုင်းကြီး တစ်ကောင်သည် မီးရောင်များအောက်မှ စင်မြင့်ပေါ်သို့ ခုန်တက်လာသည်။
အရပ် ၂.၅ မီတာခန့် ရှိပြီး ကြွက်သားများက အဖုအထစ်များ ဖြစ်နေသည်။ ခေါင်းပေါ်ရှိ နက်မှောင်ကွေးကောက်နေသော နွားချိုနှစ်ချောင်းက ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
"မူး..."
ဟာရယ်က ရင်အုပ်ကြွက်သားများကို ဖောင်းကားကာ ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်သည်။
"နွားရိုင်း..."
"နွားရိုင်း..."
"နွားရိုင်း..."
ပရိသတ်များမှာလည်း သူ၏ ဟိန်းဟောက်သံကြောင့် စိတ်လှုပ်ရှားသွားပြီး လက်များကို ဝှေ့ယမ်းကာ နားစည်ကွဲမတတ် အော်ဟစ်အားပေးကြတော့သည်။ အသံကြီးက မိုးမြေကိုပင် တုန်လှုပ်သွားစေပြီး လေထုမှာလည်း အလွန်အမင်း ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသည်။
အစီအစဉ်တင်ဆက်သူက ပရိသတ်များ၏ အားပေးမှုကို ကျေနပ်သွားပြီး လက်နှစ်ဖက်ကို အောက်သို့ နှိမ့်ပြလိုက်ရာ အားပေးသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။
"ကျွန်တော်တို့ရဲ့ နောက်ထပ် ကစားသမား တစ်ယောက်ကတော့ နည်းနည်းလေး လျှို့ဝှက်ဆန်းကြယ်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့ သူကလည်း လွန်ခဲ့တဲ့ ၃ ရက်ကမှ ဂုဏ်သရေရှိ တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်လာခဲ့တဲ့ လူသစ်လေး တစ်ယောက်ပါပဲ..."
"ဆိုလိုတာကတော့ ဒီညပွဲက သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ပါပဲ... ဒီစကားကို ကြားလိုက်ရတော့ အားလုံးပဲ စိတ်ပျက်သွားကြပြီလား... လူသစ်လေး တစ်ယောက်က ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ရဲ့ နွားရိုင်း ဟာရယ်ကို ယှဉ်နိုင်မှာလဲလို့ တွေးနေကြပြီမလား..."
ပရိသတ်များက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး စိတ်ပျက်ခြင်းနှင့် အထင်သေးခြင်းများ ပြည့်နှက်နေသော လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။ လူသစ်ဆိုတာ အခွင့်အရေး မရှိသလို လူကြိုက်လည်း မများပေ။ သူတို့က လူသစ်များကို လုံးဝ အားပေးမည် မဟုတ်ချေ။
"တကယ်လို့ အဲ့ဒီလို တွေးနေတယ်ဆိုရင် အားလုံးပဲ လုံးဝ မှားသွားပါလိမ့်မယ်..."
အစီအစဉ်တင်ဆက်သူက အသံကျယ်ကျယ်ဖြင့် ဆက်ပြောသည်။ "ဒီကစားသမားက လူသစ်တစ်ယောက် ဖြစ်ပေမယ့် မီးတောက်လူတိုက်ကွင်း တစ်ခုလုံးမှာ ရှားရှားပါးပါး တွေ့ရခဲတဲ့ ကစားသမား တစ်ယောက်ပါ... ဘာဖြစ်လို့လဲဆိုတော့..."
အစီအစဉ်တင်ဆက်သူက စကားကို ခေတ္တရပ်ထားလိုက်ပြီး ပရိသတ်များ၏ သိချင်စိတ်ကို အမြင့်ဆုံးရောက်အောင် ဆွဲတင်လိုက်သည်။ ထို့နောက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"သူက ဂုဏ်သရေရှိတဲ့... မှော်ဆရာ တစ်ယောက် ဖြစ်နေလို့ပါပဲ..."
ဘာ...
မှော်ဆရာ...
တစ်ကွင်းလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
မှော်ဆရာ တိုက်ခိုက်ရေးသမား...
အရမ်းကို ရှားပါးတာပဲ...
ပရိသတ်များ၏ မျက်လုံးများ တောက်ပလာပြီး စိတ်ပျက်မှုများ နေရာတွင် သိချင်စိတ်နှင့် မျှော်လင့်ချက်များ အစားထိုး ဝင်ရောက်လာသည်။
ထိပ်တန်း မှူးမတ်များနှင့် အရာရှိကြီးများအတွက်တော့ သာမန် မှော်ဆရာ တစ်ယောက်က ဘာမှ မဟုတ်သော်လည်း ဤအလတ်တန်းစား လူတန်းစားများအတွက်တော့ မှော်ဆရာ ဆိုသည်မှာ အလွန် ဂုဏ်သရေရှိသော အလုပ်အကိုင် တစ်ခုဖြစ်သည်။
အထူးသဖြင့် မီးတောက်လူတိုက်ကွင်း၏ စည်းမျဉ်းအရ အဆင့်လေး မှော်ဆရာ ဖြစ်မှသာ တိုက်ခိုက်ရေးသမား လုပ်ခွင့်ရှိသည် မဟုတ်ပါလော။
အဆင့်လေး မှော်ဆရာ တစ်ယောက်က သူတို့အတွက် တိုက်ခိုက်ပြမည် ဆိုသည်မှာ ဘယ်လောက်တောင် ရှားပါးတဲ့ အခွင့်အရေးလဲ။
ထို့အပြင် မှော်ဆရာ တိုက်ခိုက်ရေးသမား ဆိုသည်မှာ အလွန် ရှားပါးလွန်းလှရာ မှော်ဆရာ တိုက်ခိုက်ရေးသမား တစ်ယောက်၏ တိုက်ပွဲကို ကြည့်ရခြင်းကပင် လက်မှတ်ဖိုးနဲ့ တန်နေပြီ ဖြစ်သည်။
"အခုတော့ ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိ မှော်ဆရာကြီး - အာသာ ဂါရန် ကို လက်ခုပ်သံ ကျယ်ကျယ်နဲ့ ကြိုဆိုလိုက်ကြရအောင်..."
"ဖြန်း... ဖျောက်..."
မှောင်မိုက်နေသော ထောင့်တစ်နေရာမှ စူးရှသော လျှပ်စီးအလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ပေါက်ကွဲသံများနှင့်အတူ လျှပ်စစ်စီးကြောင်းများ ရစ်ပတ်နေသော လူငယ်တစ်ယောက် စင်မြင့်ပေါ်သို့ လျှောက်လှမ်းလာသည်။
သူက ရွှေရောင် မျက်နှာဖုံးကို တပ်ဆင်ထားသဖြင့် မျက်နှာကို မမြင်ရသော်လည်း ခန္ဓာကိုယ်ကို ရစ်ပတ်နေသော လျှပ်စစ်စီးကြောင်းများက သူ့ကို လျှို့ဝှက်ဆန်းကြယ်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းနေစေကာ မှော်ဆရာ တစ်ယောက်၏ ပုံစံနှင့် အပြည့်အဝ ကိုက်ညီနေပေသည်။
"မှော်ဆရာ..."
"မှော်ဆရာ..."
"မှော်ဆရာ..."
အာသာ ဂါရန် ၏ အထာကျကျ ထွက်ပေါ်လာမှုကြောင့် ပရိသတ်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး ဆေးထိုးခံလိုက်ရသကဲ့သို့ ရူးသွပ်စွာ အော်ဟစ်အားပေးကြတော့သည်။
"ပထမဆုံး အနေနဲ့ ကျွန်တော် တိုက်ပွဲ စည်းမျဉ်းတွေကို ကြေညာပါ့မယ်..."
"ကျွန်တော်တို့ရဲ့ တိုက်ပွဲက အသေအကြေ တိုက်ခိုက်ရမယ့် တကယ့် တိုက်ပွဲ စစ်စစ်ပါ... တစ်ဖက်လူက အရှုံးပေးတာ၊ မေ့လဲသွားတာ၊ ဒါမှမဟုတ် သေဆုံးသွားတာ ဖြစ်မှသာ တိုက်ပွဲ ပြီးဆုံးမှာပါ..."
"ကစားသမား နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်း ကြားရရဲ့လား..."
"ရှင်းပါတယ်..."
"အင်း..."
"ကောင်းပြီ... အခုပဲ တိုက်ပွဲ စတင်ပါပြီ..."
"ရွှီး..."
တစ်ကွင်းလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
မရေမတွက်နိုင်သော မျက်လုံးများက စင်မြင့်ပေါ်သို့ စူးစိုက်ကြည့်နေပြီး မျှော်လင့်ချက်များ အပြည့်အဝ ရှိနေကြသည်။
တစ်ချိန်တည်းမှာပင် အမှတ် ၂၀ တိုက်ကွင်း၏ ဗီအိုင်ပီ အခန်းတစ်ခန်းထဲတွင် လူတိုက်ကွင်း တာဝန်ခံ အူနို သည် မှန်ပြတင်းပေါက် ရှေ့တွင် ရပ်ကာ အောက်ဘက်ရှိ အာသာ ဂါရန် ကို မျက်လုံးကျဉ်းကျဉ်းဖြင့် ကြည့်နေသည်။
"မီးနဂါး မှော်ပညာသင်တန်းကျောင်းရဲ့ အတော်ဆုံး ကျောင်းသားသစ်က မီးတောက်လူတိုက်ကွင်းမှာ လာပြီး တိုက်ခိုက်ရေးသမား လုပ်နေတယ်... ဒီကလေးက ဘာတွေများ ကြံစည်နေတာလဲ..."
အူနို အနည်းငယ် ခေါင်းကိုက်သွားသည်။ သာမန် မှော်ပါရမီရှင်လေး တစ်ယောက်က ဘာမှ မဟုတ်သော်လည်း ပါရမီရှင်လေး၏ အနောက်တွင် မီးနဂါး မှော်ပညာသင်တန်းကျောင်း ရှိနေသည် မဟုတ်ပါလော။
မုန်လဲ့သာ ဒီမှာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ဖြေရှင်းရ ခက်ပေလိမ့်မည်။
"အရင်ဆုံး သူ့စွမ်းအားကို စမ်းသပ်ကြည့်ရအောင်..."
"တကယ်လို့ မရဘူးဆိုရင် သူ့ကို နှင်ထုတ်ဖို့ နည်းလမ်း ရှာရတော့မယ်..."
...
"မှော်ဆရာ... မင်း အရှုံးပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်..."
နွားရိုင်း ဟာရယ်၏ နှာခေါင်းထဲမှ အဖြူရောင် အငွေ့တန်း နှစ်ခု ထွက်ပေါ်လာပြီး ခေါင်းလောင်းလုံးခန့် ကြီးမားသော မျက်လုံးကြီးများဖြင့် မုန်လဲ့ကို ရက်စက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်းရဲ့ ပိန်ပိန်ပါးပါး ခြေလက်လေးတွေ ငါ့လက်သီး တစ်ချက်တည်းနဲ့ ကြေမွသွားတာကို မမြင်ချင်လို့ပါ..."
"ဟားဟား... မင်း စမ်းကြည့်လို့ ရပါတယ်..."
မုန်လဲ့က ပြုံးလိုက်ပြီး မျက်နှာပေါ်တွင် အထင်သေးမှုများ အပြည့်အဝ ရှိနေသည်။
"ဟွန့်... ငါ့လက်သီးကို မြည်းစမ်းကြည့်လိုက်စမ်း..."
နွားရိုင်းက ဟိန်းဟောက်လိုက်ပြီး စင်မြင့်ကို ခြေဖြင့် ဆောင့်နင်းလိုက်ရာ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ ထို့နောက် ဧရာမ တင့်ကားကြီး တစ်စီးအလား အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး မုန်လဲ့၏ မျက်နှာဆီသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်တော့သည်။