အခန်း ၄၆
Vol. 5 Ch. 46
အခန်း ၄၆ လန်းစ်ကို အရှက်ခွဲခြင်းနှင့် စီနီယာကို ဆူပူခြင်း
"ဒါက..."
"လက်တစ်ချောင်းတည်းနဲ့ အဆင့်သုံး မှော်ပညာကို ထုတ်လွှတ်လိုက်တာလား"
ရုတ်တရက် ထွက်ပေါ်လာသော လျှပ်စီးစပါးကြီးမြွေကို မြင်လိုက်ရသောအခါ ဒိုင်လူကြီးအဖြစ် တာဝန်ယူထားသော ဆရာသည် နေရာမှ မတ်တတ်ရပ်လိုက်မိသည်။ "မျက်တောင်တစ်ခတ် အတွင်းမှာပဲ လျှပ်စီးစပါးကြီးမြွေကို ထုတ်လွှတ်လိုက်တာပဲ ဒါ သေချာပေါက် လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်တာ"
"သူက ဘယ်အဆင့်မို့လို့ အဆင့်သုံး မှော်ပညာကို လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်နိုင်တာလဲ"
ဒိုင်လူကြီး ဆရာမှာ အလွန်တရာ အံ့အားသင့်နေမိသည်။ သူသည် တိုက်ကွင်းကို တာဝန်ယူခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ကျောင်းသားများ၏ တိုက်ပွဲပေါင်း များစွာကို ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးခဲ့ရာ အလွန် ကောင်းမွန်သော မှော်ပညာ တိုက်ပွဲများကိုလည်း မြင်ဖူးခဲ့သည်။
သို့သော် အဆင့်သုံး မှော်ပညာကို လက်တစ်ချောင်းတည်းဖြင့် ထုတ်လွှတ်ခြင်းကိုတော့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဘာကြောင့်လဲ ဆိုတော့...
အဆင့်သုံး မှော်ပညာကို လက်တစ်ချောင်းတည်းဖြင့် ထုတ်လွှတ်နိုင်ရန် အနည်းဆုံး အဆင့်ခုနစ် မဟာမှော်ဆရာကြီး ဖြစ်မှသာ တတ်နိုင်သောကြောင့် ဖြစ်သည်။
အဆင့်ငါး မှော်ဆရာ မလုပ်နိုင်ဘူး။
အဆင့်ခြောက် မှော်ဆရာလည်း မလုပ်နိုင်ဘူး။
ကျောင်းထဲက ကျောင်းသားတွေထဲမှာ အဆင့်ခုနစ် မဟာမှော်ဆရာကြီး ဆိုတာ အရမ်း ရှားပါးတယ်။
ဆိုလိုတာက ကျောင်းထဲက ကျောင်းသားတွေထဲမှာ အဆင့်သုံး မှော်ပညာကို လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်နိုင်တဲ့သူ ဆိုတာ လုံးဝ မရှိသလောက်ပဲ ခြောက်နှစ်မြောက်က ကျောင်းဆင်းတော့မယ့် သူတွေတောင် မလုပ်နိုင်ဘူး။
"ဒီ မုန်လဲ့ ဆိုတဲ့ ကျောင်းသားက နှစ်ဝက်စာမေးပွဲတုန်းက အဆင့်သုံး မှော်ဆရာ အဆင့်နဲ့ အဆင့်တစ် မှော်ပညာကို လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်နိုင်တယ်လို့ ကြားဖူးတယ်"
ဒိုင်လူကြီး ဆရာမှာ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ "အခု သူက အဆင့်သုံး မှော်ပညာကိုတောင် လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်နိုင်နေပြီ ဆိုတော့... သူက အဆင့်ခုနစ် မဟာမှော်ဆရာကြီး အဆင့်ကို ရောက်နေပြီလား"
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး... နှစ်ဝက်စာမေးပွဲ ပြီးသွားတာ ဘယ်လောက်မှ မကြာသေးဘူးလေ..."
ဒိုင်လူကြီး ဆရာ အံ့အားသင့်နေသလို ပရိသတ်အဖြစ် လာရောက်ကြည့်ရှုကြသော ကျောင်းသားများလည်း အလွန်အမင်း ထိတ်လန့်နေကြသည်။ သူတို့က အဆင့်နိမ့်ကြသော်လည်း မျက်ကန်းများ မဟုတ်ကြပေ။ ထို့အပြင် စီနီယာ ကျောင်းသား အများအပြားလည်း ပါဝင်ပေသည်။
ထိုစီနီယာများသည် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြရာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူတို့က ပို၍ပင် အံ့အားသင့်နေကြခြင်း ဖြစ်သည်။
"ဒီ လျှပ်စီးစပါးကြီးမြွေရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းတာပဲ"
"ဟုတ်တယ် ငါလည်း အဲ့ဒီလို ခံစားရတယ် ဒါ ဘယ်အဆင့် မှော်ပညာလဲ"
"ဒါ အဆင့်သုံး လျှပ်စီးဓာတ် မှော်ပညာ... လျှပ်စီးစပါးကြီးမြွေ ပဲ"
"အဆင့်သုံး မှော်ပညာ ဟုတ်လား မဖြစ်နိုင်တာ သူ မှော်ဂါထာ ရွတ်တာကို မတွေ့လိုက်ရပါဘူး သူက တိတ်တဆိတ် ရွတ်လိုက်တာလား"
"ရွတ်တာ ဘာလုပ်ရမှာလဲ လျှပ်စီးစပါးကြီးမြွေက ချက်ချင်း ထွက်လာတာကို မမြင်ဘူးလား ဒါ လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်လိုက်တာ"
"သေစမ်း အဆင့်သုံး မှော်ပညာကို လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်တာလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"နောက်နေတာလား ငါ နောက်နှစ် ကျောင်းဆင်းရတော့မယ့် သူတောင် မလုပ်နိုင်တာကို ပထမနှစ်က ကလေးလေးက..."
အံ့အားသင့်ခြင်းများ...
နားမလည်နိုင်ခြင်းများ...
မယုံကြည်နိုင်ခြင်းများ...
တစ်ကွင်းလုံးတွင် လေပူမှုတ်ထုတ်သံများ ပြည့်နှက်နေပြီး လျှပ်စီးစပါးကြီးမြွေ၏ မျိုချခြင်းကို ခံလိုက်ရသော လန်းစ်မှာမူ အခြေအနေ အလွန် ဆိုးရွားနေပြီ ဖြစ်သည်။ အဆင့်သုံး မှော်ပညာ၏ တိုက်ခိုက်မှု စွမ်းအားက အဆင့်နှစ် မှော်ပညာထက် အဆများစွာ ပိုမို ပြင်းထန်သော်လည်း သူ့ကို သတ်ဖြတ်နိုင်ခြင်းတော့ မရှိသေးပေ။
သို့သော် ပြေးလွှားနေသော လျှပ်စစ်စီးကြောင်းများက သူ့ကို ဆက်တိုက် ထုံကျဉ်စေပြီး တစ်ကိုယ်လုံး တုန်ယင်ကာ နေရာတွင်ပင် ရပ်နေပြီး လုံးဝ လှုပ်ရှား၍ မရတော့ချေ။
ဟိန်းဟောက်ဖို့ နေနေသာသာ ပါးစပ်ပင် ဟ၍ မရတော့ပေ။
"အဆင့်ငါး စစ်သည်တော် အချင်းချင်းပေမယ့် မင်းက နွားရိုင်းထက် အများကြီး ညံ့တယ်..."
မုန်လဲ့က အေးအေးဆေးဆေး ပြုံးကာ လန်းစ်၏ ဒေါသထွက်နေသော်လည်း ဘာမှ မလုပ်နိုင်ဘဲ နာကျင်နေရသော ပုံစံကို ကြည့်ကာ ရင်ထဲတွင် အလွန် ကျေနပ်နေမိသည်။ သူ လန်းစ်ကို ဘယ်တော့မှ မမေ့နိုင်မယ့် သင်ခန်းစာ တစ်ခု ပေးပြီး သူ့ကို နောက်တစ်ခါ ဘယ်တော့မှ လာမစော်ကားရဲအောင် လုပ်ရမည်။
"အစ်ကို အရမ်း မိုက်တာပဲ"
ဝတုတ်လေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "မြန်မြန်... ဆက်ပြီး မှော်ပညာတွေ ထုတ်လွှတ်ပြီး သူ့ကို အသေအလဲ တိုက်ခိုက်လိုက်... ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး မပေးနဲ့"
"ဟားဟား မလောပါနဲ့..."
မုန်လဲ့က လက်ကာပြလိုက်ပြီး လန်းစ်ကို ပြုံးကာ ကြည့်နေသည်။
ထိုအချိန်တွင် လျှပ်စီးစပါးကြီးမြွေ၏ အာနိသင်က တဖြည်းဖြည်း လျော့နည်းသွားပြီး လန်းစ်လည်း အသိပြန်ဝင်လာသည်။ သူက ဒေါသတကြီးဖြင့် မုန်လဲ့ထံသို့ ပြေးဝင်လာတော့သည်။
သို့သော် သူ့ကို ကြိုဆိုနေသည်က နောက်ထပ် လျှပ်စီးစပါးကြီးမြွေ တစ်ကောင်ပင် ဖြစ်သည်။
"ဘုန်း..."
လန်းစ် နေရာတွင်ပင် ထပ်မံ ရပ်တန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေပြန်သည်။
"အစ်ကို... မင်း ဘာလုပ်ချင်နေတာလဲ"
ဝတုတ်လေးက မုန်လဲ့၏ ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ချေ။
"ကြည့်နေလိုက်ရင် သိလာလိမ့်မယ်..."
မုန်လဲ့က ဆက်မတိုက်ခိုက်တော့ဘဲ အေးအေးဆေးဆေး ကြည့်နေလိုက်သည်။
ခဏအကြာတွင် လန်းစ် ထပ်မံ လွတ်မြောက်လာပြန်သည်။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် နောက်ထပ် လျှပ်စီးစပါးကြီးမြွေ တစ်ကောင်က ထပ်မံ ရောက်ရှိလာပြီး သူ့ကို နေရာတွင်ပင် ပိတ်လှောင်ထားလိုက်ပြန်သည်။
ဒီနေရာ အရောက်မှာတော့ လူအတော်များများ သဘောပေါက်သွားကြပြီ ဖြစ်သည်။
"ဒီကောင်က ဘာလုပ်ချင်နေတာလဲ ဘာလို့ လန်းစ်ကို လျှပ်စီးစပါးကြီးမြွေနဲ့ချည်းပဲ ဆက်တိုက် တိုက်ခိုက်နေရတာလဲ သူက ဒီမှော်ပညာ တစ်ခုတည်းပဲ တတ်တာလား ဒါမှမဟုတ် လျှပ်စီးစပါးကြီးမြွေက သူတတ်သမျှထဲမှာ အသန်မာဆုံး မှော်ပညာ မို့လို့လား"
"ဟားဟား... အဆင့်သုံး မှော်ပညာကိုတောင် လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်နိုင်တဲ့သူက ဒါကို အသန်မာဆုံး မှော်ပညာလို့ ထင်နေတာလား"
"အင်း... ဒါဆို သူက ဘာသဘောလဲ"
"အခုထိ နားမလည်သေးဘူးလား ဒီကောင်က လန်းစ်ကို အဆင့်နိမ့် မှော်ပညာတွေနဲ့ အရှက်ခွဲနေတာလေ... အကြိမ်ကြိမ် အရှက်ခွဲပြီး လန်းစ်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးပစ်နေတာ... လန်းစ်ကို လက်ခုပ်ထဲက ရေလို ကစားနေတာ"
"သေစမ်း ဒီလောက်တောင် ရက်စက်တာလား"
မုန်လဲ့က တကယ်ပင် လန်းစ်ကို အရှက်ခွဲနေခြင်း ဖြစ်သည်။ 'မင်းရဲ့ ခန္ဓာကိုယ်က အဆင့်ငါးကို ရောက်သွားပေမယ့် ငါကတော့ မင်းကို အဆင့်နိမ့် မှော်ပညာတွေနဲ့ပဲ အနိုင်ယူနိုင်သေးတယ်' ဆိုသည်ကို လန်းစ် သိစေချင်ခြင်း ဖြစ်သည်။
'စွမ်းအားတွေ အများကြီး တိုးလာတော့ရော ဘာဖြစ်လဲ'
'ဦးနှောက်မရှိတဲ့ အသုံးမကျတဲ့ကောင်ပဲ ဖြစ်နေတုန်းပဲလေ'
ဤသို့ဖြင့် လန်းစ်သည် အကြိမ်ကြိမ် လွတ်မြောက်လာသော်လည်း အကြိမ်ကြိမ် လျှပ်စီးစပါးကြီးမြွေဖြင့် ပိတ်လှောင်ခံရပြန်သည်။ ဤအခြေအနေက လန်းစ်ကို အလွန်အမင်း အရှက်ရစေပြီး ဒေါသထွက်လွန်း၍ မျက်ရည်များပင် ကျလာတော့သည်။
"ကိုယ့်ထက် အားနည်းတဲ့သူကို အဆင့်နိမ့် မှော်ပညာတွေနဲ့ အရှက်ခွဲတာက ဘာစွမ်းတာလဲ... လန်းစ်ကို မြန်မြန် လွှတ်ပေးလိုက်စမ်း..." နဂါးလူသား စီနီယာ တစ်ယောက်က မခံနိုင်တော့ဘဲ မုန်လဲ့ကို အော်ဟစ်လိုက်သည်။
"ဟားဟား မင်းက သူ့ဘက်က ဝင်ပြောချင်တာလား ဒါဆိုလည်း တက်လာခဲ့လေ..."
မုန်လဲ့က ထိုနဂါးလူသားကို လှည့်ကြည့်ကာ အေးစက်စက် ပြုံး၍ ပြောလိုက်သည်။
ထိုနဂါးလူသား စီနီယာမှာ စကားမပြောနိုင်တော့ဘဲ အကြည့်များ လွှဲသွားသည်။ သူသည် ပဉ္စမနှစ် ကျောင်းသား ဖြစ်ပြီး အဆင့်ငါး မှော်ဆရာ တစ်ယောက် ဖြစ်သော်လည်း မုန်လဲ့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု မရှိချေ။
အဆင့်သုံး မှော်ပညာကို လက်တစ်ချောင်းတည်းနဲ့ ထုတ်လွှတ်တာလား။
သေစမ်း။
ဒါက အဆင့်နိမ့် မှော်ဆရာတွေရဲ့ ကြောက်စရာ အကောင်းဆုံး ရန်သူပဲ။ ခန္ဓာကိုယ် ကြံ့ခိုင်မှု အဆင့်ငါး ရှိတဲ့ လန်းစ် တောင် ဘာမှ မလုပ်နိုင်ဘဲ အချုပ်ခံထားရတာကို မမြင်ဘူးလား။
သူတက်သွားလို့ရော ဘာထူးမှာလဲ။
ပိုပြီး အချုပ်ခံရပြီး ပိုပြီး အရှက်ကွဲရုံပဲ ရှိမှာပေါ့။
"မတက်လာရဲရင် ပါးစပ်ပိတ်ထားစမ်း... အလကား ဝင်ပါပြီး အရှက်မကွဲချင်နဲ့" မုန်လဲ့က နှာခေါင်းရှုံ့လိုက်ပြီး ထိုနဂါးလူသား စီနီယာကို ဆက်ပြီး ဂရုမစိုက်တော့ချေ။
"ခွေးကောင်"
နဂါးလူသား စီနီယာမှာ အလွန် ရှက်ရွံ့သွားပြီး ခေါင်းငုံ့ကာ ထွက်သွားတော့သည်။ ယခုတော့ သည်းခံလိုက်ရုံသာ ရှိသည်။ သူသာ တကယ် တက်သွားပြီး ရှုံးသွားပါက မျက်နှာပျက်ရုံသာမက ကျောင်းထဲတွင် ဆက်နေရန်ပင် ခက်ခဲသွားပေလိမ့်မည်။
"ဒီခွေးကောင် တကယ်ကို မောက်မာလွန်းတယ်"
"အရမ်းကို အနိုင်ကျင့်လွန်းတယ်"
"လူကို သတ်ချင်ရင် သတ်လိုက်လို့ ရတယ်... ဒီလိုမျိုး ငါတို့ နဂါးလူသားတွေကို အရှက်ခွဲတာတော့ လုံးဝ သည်းမခံနိုင်ဘူး... ဒီခွေးကောင်ကို ဆုံးမပေးမယ့်သူ တစ်ယောက်မှ မရှိဘူးလား"
ကြည့်ရှုနေကြသော နဂါးလူသား မှူးမတ်များမှာ အလွန် ဒေါသထွက်နေကြပြီး မကျေမနပ် ဖြစ်နေကြသော်လည်း မည်သူကမှ ထွက်မလာရဲကြချေ။ ဆဋ္ဌမနှစ်က ကျောင်းဆင်းတော့မည့် နဂါးလူသား စီနီယာများပင် မထွက်လာရဲကြပေ။
ဆဋ္ဌမနှစ် ဖြစ်တော့ရော ဘာဖြစ်လဲ။
အဆင့်သုံး မှော်ပညာကို လက်တစ်ချောင်းတည်းဖြင့် ထုတ်လွှတ်နိုင်သော မုန်လဲ့နှင့် ရင်ဆိုင်ရလျှင် သူတို့လည်း ဒူးထောက်ရမည်သာ ဖြစ်သည်။
"အရမ်း စွမ်းတာပဲ... တကယ်ကို အရမ်း စွမ်းတာပဲ"
"တကယ်ကို မျက်နှာပန်း လှတာပဲ... ငါ ကျောင်းကို ရောက်လာတာ နှစ်နှစ်ကျော်ပြီ... ဒီလောက် မောက်မာတဲ့ နဂါးလူသားတွေ ဒီလို အခြေအနေ မျိုး ရောက်သွားတာကို တစ်ခါမှ မမြင်ဖူးဘူး"
"ဟီးဟီး ကျေနပ်စရာပဲ... တကယ်ကို ကျေနပ်စရာပဲ"
နဂါးလူသားများက မကျေမနပ် ဖြစ်နေသော်လည်း ထိုနေရာရှိ လူသား ကျောင်းသားများမှာမူ ရင်ထဲတွင် အလွန် ကျေနပ်နေကြသည်။ မီးနဂါး တိုင်းပြည် တစ်ခုလုံးတွင် လူသားများသည် နဂါးလူသားများထက် အမြဲတမ်း နိမ့်ကျနေပြီး ကျောင်းထဲတွင်လည်း ဤကဲ့သို့ပင် ဖြစ်သည်။
လူသား ကျောင်းသားများ၊ အထူးသဖြင့် ဆင်းရဲသား ကျောင်းသားများသည် နဂါးလူသား ကျောင်းသားများ၏ အနိုင်ကျင့်မှုကို မကြာခဏ ခံရလေ့ရှိသော်လည်း ဒေါသထွက်ရုံမှလွဲ၍ ဘာမှ မပြောရဲကြချေ။ နဂါးလူသား ကျောင်းသားများ အပေါ် မကျေနပ်မှုများ ရှိနေသည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့ချေ။
ယခု မုန်လဲ့က လန်းစ်ကို ဤကဲ့သို့ အရှက်ခွဲပြီး နဂါးလူသား စီနီယာကို ဆူပူလိုက်သည်ကို မြင်သောအခါ သူတို့မှာ စစ်ပွဲကြီး တစ်ခု အနိုင်ရလိုက်သကဲ့သို့ အလွန်အမင်း ကျေနပ်နေကြတော့သည်။
"ကျောင်းသား မုန်လဲ့... တော်လောက်ပြီ"
ထိုအချိန်တွင် ဒိုင်လူကြီး ဆရာက စကားပြောလာသည်။
"ကောင်းပါပြီ"
မုန်လဲ့က ခေါင်းညိတ်လိုက်ပြီး မှော်ဂါထာကို စတင် ရွတ်ဆိုလိုက်သည်။ အဆင့်လေး လျှပ်စီးဓာတ် တစ်ဦးတည်း တိုက်ခိုက်ရေး အသန်မာဆုံး မှော်ပညာ... မိုးကြိုး ကောင်းကင်ကျ က လျင်မြန်စွာ ဖြစ်တည်လာပြီး လန်းစ်ကို မျိုချသွားတော့သည်။