အခန်း ၄၈
Vol. 5 Ch. 48
အခန်း ၄၈ လက်တစ်ချောင်းတည်းဖြင့် ထုတ်လွှတ်ခြင်း၏ လျှို့ဝှက်ချက်နှင့် အိမ်က ဘယ်မှာလဲ။
သီအိုရီအရ မှော်စွမ်းအင် ပမာဏ လုံလောက်မည်ဆိုလျှင် စနစ်မှတစ်ဆင့် ကောက်ယူပေါင်းစပ်ထားသော မှော်ပညာ အားလုံးကို မုန်လဲ့သည် လက်တစ်ချောင်းတည်းဖြင့် ထုတ်လွှတ်နိုင်စွမ်း ရှိပေသည်။
အဆင့်သုံး မှော်ပညာလည်း ရသည်။
အဆင့်လေး မှော်ပညာလည်း ရသည်။
အဆင့်ငါး၊ အဆင့်ခြောက်၊ အဆင့်ခုနစ်၊ အဆင့်ရှစ်၊ အဆင့်ကိုး မှော်ပညာများပင် ရနိုင်ပေသည်။
ပြဿနာမှာ ယခု သူ့ထံတွင် ရှိနေသော အဆင့်ငါး မှော်ဆရာ တစ်ယောက်နှင့် ညီမျှသည့် မှော်စွမ်းအင် ပမာဏဖြင့်ဆိုလျှင် အဆင့်ငါး မှော်ပညာကို အများဆုံး နှစ်ခါသုံးခါခန့်သာ ထုတ်လွှတ်နိုင်ပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ ကုန်ခမ်းသွားမည် ဖြစ်သည်။ ပိုမြင့်သော မှော်ပညာများကို ထုတ်လွှတ်ရန် ဆိုသည်မှာကား အိပ်မက်သာ မက်နေလိုက်။
သို့သော်ငြားလည်း ဤသည်မှာ အလွန်ကြီးမားသော အားသာချက် တစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။ ဤအချက်က မုန်လဲ့အား အဆင့်တူ မှော်ဆရာများနှင့် တိုက်ခိုက်သောအခါ အပြည့်အဝ အသာစီး ရစေပြီး ဤအားသာချက်မှာ အမြဲတမ်း ဆက်ရှိနေဦးမည် ဖြစ်သည်။
တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်။
ပြောစရာရှိသည်မှာ မုန်လဲ့သည် ယခင်က မှော်ပညာများ ထုတ်လွှတ်သောအခါ မှော်ဂါထာ ရွတ်ရခြင်း၏ အကြောင်းရင်းမှာ တစ်ဖက်မှ ကြည့်လျှင် သာမန် မှော်ဆရာများကဲ့သို့ ဟန်ဆောင်ရန်နှင့် သတ္တဝါဆန်း တစ်ကောင်အလား အဖမ်းခံရကာ ခွဲစိတ်လေ့လာ မခံရစေရန် ဖြစ်ပြီး နောက်တစ်ဖက်မှာတော့ တချို့သော မှော်ပညာများသည် စနစ်မှ ကောက်ရထားခြင်း မဟုတ်ဘဲ သူကိုယ်တိုင် သင်ယူထားခြင်းများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ကိုယ်တိုင် သင်ယူထားသော မှော်ပညာများကိုတော့ သဘာဝကျကျ လက်တစ်ချောင်းတည်းဖြင့် ထုတ်လွှတ်၍ မရဘဲ မှော်ဂါထာကို အသေအချာ ရွတ်ဆိုကာ အဆင့်လိုက် ထုတ်လွှတ်ရပေသည်။
သေချာသည်မှာ သူ၏ အဆင့်ငါး မှော်ဆရာ အဆင့်ဖြင့်ဆိုလျှင် ထိုကိုယ်တိုင် သင်ယူထားသော မှော်ပညာများထဲမှ အဆင့်တစ် မှော်ပညာများကို လက်တစ်ချောင်းတည်းဖြင့် ထုတ်လွှတ်ရန်မှာမူ လုံးဝ ဖြစ်နိုင်ပေသည်။
"မုန်လဲ့ မင်း ငါ့ကို အမှန်အတိုင်း ပြောစမ်း ကျောင်းမဝင်ခင်က မင်း မှော်ပညာကို လေ့လာခဲ့ဖူးလား" ဆရာ ဒတ်ခ် က မုန်လဲ့ကို စူးစိုက်ကြည့်ကာ ထူးဆန်းသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"မလေ့လာခဲ့ဖူးပါဘူး" မုန်လဲ့က ခေါင်းခါလိုက်သည်။
"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်စွမ်းအင်က ဒီလောက်တောင် အားကောင်းနေတာ အချိန်တိုလေးအတွင်း လေ့ကျင့်လို့ တက်လာနိုင်တဲ့ အရာမျိုး မဟုတ်ဘူး" ဆရာ ဒတ်ခ် က သက်ပြင်းချလိုက်သည်။ "ကြည့်ရတာ မင်းက ဓာတ်သဘာဝ ခံယူနိုင်စွမ်း အရမ်း ကောင်းရုံတင်မကဘဲ မွေးရာပါ စိတ်စွမ်းအင်ကလည်း အရမ်း အားကောင်းနေတာပဲ"
"ဟုတ်တယ် တကယ့်ကို မှော်နတ်ဘုရားရဲ့ တရားမဝင် သားလေး ကျနေတာပဲ" ဆရာ ဂျိုး ကလည်း အပြည့်အဝ ထောက်ခံလိုက်သည်။ စိတ်စွမ်းအင် ဆိုသည်မှာ အခြားအရာများနှင့် မတူဘဲ အချိန်တိုအတွင်း တိုးတက်လာရန် လုံးဝ မဖြစ်နိုင်ချေ။ မုန်လဲ့၏ စိတ်စွမ်းအင် ဤမျှလောက် အားကောင်းနေခြင်းမှာ မွေးရာပါသာ ဖြစ်ရမည်။
ဆရာနှစ်ယောက်လုံး သူလမ်းလွှဲလိုက်သည့်နောက်သို့ ပါသွားပြီ ဖြစ်ကြောင်း မုန်လဲ့ သိလိုက်သည်။ ဤသည်ကလည်း အဆင်ပြေလှသည်။ စနစ်အကြောင်းကို မပေါ်လွင်စေဘဲ မိမိ၏ စိတ်စွမ်းအင် အားကောင်းရခြင်း အကြောင်းရင်းကို မွေးရာပါဟု အကြောင်းပြလိုက်ခြင်းက အကောင်းဆုံး ဖြေရှင်းချက်ပင် ဖြစ်သည်။
"မုန်လဲ့ မင်းမှာ လူတိုင်း မနာလိုဖြစ်ရလောက်တဲ့ ပါရမီ ရှိတယ် ဒါပေမယ့် ဆရာ အမြဲပြောနေကျ စကားအတိုင်းပဲ ပညာသင်တယ်ဆိုတာ ကမ်းခြေမရှိတဲ့ ပင်လယ်ပြင်ကြီးလိုပဲ ကြိုးစားမှုကသာ အဓိကပဲ မင်း အတန်းမတက်လို့ ရတယ် ဒါပေမယ့် မှော်ပညာ လေ့လာတာကိုတော့ လုံးဝ လစ်ဟင်းလို့ မရဘူး" ဆရာ ဒတ်ခ် က လေးနက်စွာ ပြောလိုက်သည်။ "နောက်ပိုင်း မင်းရဲ့ တိုးတက်မှု အခြေအနေကို ငါ သေချာ စောင့်ကြည့်နေမယ် တကယ်လို့ မင်းရဲ့ တိုးတက်မှု နှေးသွားတယ်လို့ ငါ ခံစားရရင် အဲဒါ မင်း ပျင်းရိသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ အဲဒီအခါကျရင် မင်း အတန်းကို သေချာ ပြန်လာတက်ရမယ်"
"ကျွန်တော် နားလည်ပါတယ် ဆရာ"
ဆရာ ဒတ်ခ် နှင့် အဆင်ပြေပြေ စကားပြောဆိုပြီးနောက် မုန်လဲ့သည် သူ၏ အတန်းလစ်သည့် ဘဝကို စိတ်အေးချမ်းသာစွာ စတင်လိုက်တော့သည်။ နောက်ပိုင်း မှော်ပညာ အတန်းများကို သူ တစ်ခါမှ မသွားတော့ဘဲ သူ၏ အစီအစဉ်အတိုင်းသာ တိတိကျကျ လိုက်နာဆောင်ရွက်နေခဲ့သည်။
နံနက်ပိုင်းတွင် မီးနဂါး ကျမ်းစာ ကို လေ့ကျင့်သည်။
နေ့လယ်ပိုင်းတွင် စွမ်းရည် အလင်းတန်းများကို ကောက်ယူသည်။
ညပိုင်းတွင် တရားထိုင်သည်။
အားလပ်ချိန်များတွင် တိုက်ကွင်းသို့ သွားသည်။
နေ့ရက်များက ပြည့်စုံပြီး အေးချမ်းစွာ ကုန်လွန်သွားခဲ့သည်။ အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မသိလိုက်မသိဘာနှင့်ပင် နောက်ထပ် ၃ လ ကုန်လွန်သွားခဲ့ပြန်ပြီ။
ဒီညမှာတော့ မုန်လဲ့သည် ထုံးစံအတိုင်း တရားမထိုင်တော့ဘဲ သက်တောင့်သက်သာ ရေချိုးလိုက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ဒီတစ်ရေး အိပ်စက်ရခြင်းက အလွန် ချိုမြိန်လှသည်။ နောက်တစ်နေ့ နံနက် သူ နိုးလာချိန်တွင် နေပင် အတော်မြင့်နေပြီ ဖြစ်ပြီး နေ့လယ်ခင်းသို့ပင် နီးကပ်နေပြီ ဖြစ်သည်။
"အိပ်ရတာ အရမ်း ဇိမ်ရှိတာပဲ"
မုန်လဲ့က အကြောဆန့်လိုက်ပြီး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ တရားထိုင်ခြင်းက အိပ်စက်ခြင်းကို အစားထိုးနိုင်သည် ဆိုသော်လည်း နှစ်ဝက်နီးပါးခန့် မအိပ်ခဲ့ရဘဲ အခုမှ ပြန်အိပ်ရသည့် ခံစားချက်က လုံးဝကို ထူးခြားလှပေသည်။
စကားတစ်ခွန်းတည်း ပြောရလျှင် အရမ်းဇိမ်ကျတာပဲ။
"ထတော့မယ်"
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံ ထွက်ပေါ်လာသည်။ မုန်လဲ့က တံခါးကို သွားဖွင့်လိုက်ရာ ဝတုတ်လေး ဟတ် နှင့် ဒန်နီရယ် တို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ နှစ်ယောက်လုံး၏ မျက်နှာများမှာ ဝင်းလက်နေပြီး ပျော်ရွှင်ကြည်နူးမှုများ အပြည့်အဝ ရှိနေကြသည်။
"အစ်ကို ဘာလို့ အခုမှ ထတာလဲ" ဝတုတ်လေး၏ မျက်နှာတွင် အဆီများ ပြည့်နှက်နေပြီး မျက်လုံးများကလည်း မျဉ်းကြောင်းလေး တစ်ကြောင်းအလား မှေးကျဉ်းနေသည်။ "ကျွန်တော်တို့လိုပဲ မနေ့ညက တရားမထိုင်ဘဲ မနက် အိပ်ရာနိုးတဲ့အထိ အိပ်နေတာလား"
"ဒီနေ့ကစပြီး ဆောင်းရာသီ ကျောင်းပိတ်ရက် စပြီလေ စိတ်တွေလည်း ပေါ့ပါးနေတာနဲ့ တစ်ရေးလောက် အိပ်လိုက်တာပါ" မုန်လဲ့က သူတို့ နှစ်ယောက်ကို ဝင်ထိုင်ရန် ပြသလိုက်ရင်း စောင်ကို ခေါက်နေလိုက်သည်။ "ဒါနဲ့ ကျောင်းပိတ်ပြီဆိုတော့ မင်းတို့ အိမ်ပြန်ကြတော့မှာပေါ့"
"အင်း ပြန်မှာ" ဒန်နီရယ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ကျောင်းပိတ်ရက်က အချိန်လည်း အတော်ရတယ်လေ ပြီးတော့ ငါလည်း အိမ်မပြန်ရတာ နှစ်ဝက်လောက် ရှိနေပြီဆိုတော့ အိမ်ပြန်ကြည့်ဖို့ အချိန်တန်နေပြီ"
"တကယ်ကို ပြန်သင့်တာပေါ့" မုန်လဲ့က ခေါင်းညိတ်လိုက်သည်။
ဝတုတ်လေးအတွက်တော့ မေးနေစရာပင် မလိုချေ။ သူ၏အိမ်က မြို့တော်တွင်သာ ရှိပြီး အိမ်ကို မကြာခဏ ပြန်လေ့ရှိသည်။ သူ၏ အဖိုးဖြစ်သူ၏ စိတ်သဘောထားအရဆိုလျှင် ကျောင်းပိတ်ရက်၌ ဝတုတ်လေး အိမ်တွင်သာ နေရမည်မှာ သေချာလှသည်။
"အစ်ကို အစ်ကိုရော အိမ်ပြန်မှာလား" ဝတုတ်လေးက မေးလိုက်သည်။
"အိမ်"
မုန်လဲ့ တစ်ချက် ကြောင်အမ်းသွားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ချေ။ အိမ် ဆိုသည်မှာ နွေးထွေးသော စကားလုံး တစ်ခု ဖြစ်ပြီး အမြဲ လွမ်းဆွတ်တမ်းတရသည့် နေရာတစ်ခုလည်း ဖြစ်သည်။
'ဒါပေမယ့်... ငါ့မှာ အိမ် ရှိလို့လား'
'မှော်သားရဲ ရွာလေးလား'
မုန်လဲ့သည် ထိုရွာလေးတွင် တစ်လကျော်ခန့်သာ နေထိုင်ခဲ့ရပြီး ကျောင်းတွင် နေရသည့် အချိန်လောက်ပင် မရှည်ကြာချေ။ ထိုနေရာကို အိမ်ဟု ခေါ်၍ ရနိုင်ပါမည်လား။
မုန်လဲ့လည်း သေချာ မသိချေ။ သို့သော် ရင်ထဲ နက်နက်ရှိုင်းရှိုင်း ခံစားချက်အရ ဆိုလျှင် မှော်သားရဲ ရွာလေးသည် သူ နေထိုင်ခဲ့ဖူးသော နေရာတစ်ခု သက်သက်မျှသာ ဖြစ်ပြီး ထိုနေရာအပေါ်တွင် တွယ်တာမှုနှင့် ပိုင်ဆိုင်လိုမှု သိပ်မရှိလှချေ။
'ငါ့ရဲ့ တကယ့် အိမ်အစစ်က ကမ္ဘာမြေပေါ်မှာ ရှိတာ'
မုန်လဲ့၏ အတွေးများက လွင့်မျောသွားပြီး ဘယ်အချိန် ဘယ်နေရာမှာ ရှိနေမှန်း မသိတော့သော ကမ္ဘာမြေပေါ်သို့ ပြန်ရောက်သွားသည်။ လှပသော ကမ်းခြေမြို့လေးထဲသို့ ပြန်ရောက်သွားပြီး အေးချမ်းသော အိမ်လေးထဲသို့ ပြန်ရောက်သွားသည်။
ထိုနေရာတွင် ပွစိပွစိ ပြောတတ်သော မိဘများ၊ ဆော့ကစားတတ်ပြီး ချစ်စရာကောင်းသော သားလေး၊ ပါးစပ်ကသာ ဆိုးပြီး စိတ်ထားကောင်းသော ဇနီးသည်၊ ပူပူနွေးနွေး အရသာရှိသော ထမင်းဟင်းများ...
မုန်လဲ့မှာ တွေဝေငေးမောသွားမိသည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ထိုမှတ်ဉာဏ်များကို သူ၏ ရင်ဘတ်အောက်ခြေ အနက်ရှိုင်းဆုံး နေရာတွင် လုံခြုံစွာ သိမ်းဆည်းထားခဲ့ပြီး ဤကမ္ဘာ၏ အရာခပ်သိမ်းကို တတ်နိုင်သမျှ လက်ခံကာ စွမ်းအားများ မြင့်တက်လာအောင် ကြိုးစားရင်း ရှင်သန်နိုင်ရန်သာ ကြိုးပမ်းနေခဲ့သည်။
သို့သော် ယခုအချိန်တွင်တော့ မှတ်ဉာဏ် တံခါးရွက်များ ပွင့်သွားသောအခါ လှိုင်းလုံးကြီးများအလား တဝုန်းဝုန်း ရိုက်ခတ်လာသော မှတ်ဉာဏ်များကြားတွင် မုန်လဲ့ တစ်ယောက် နစ်မြုပ်သွားပြီး ရုန်းမထွက်နိုင်အောင် ဖြစ်သွားရသည်။
"အဖေ"
"အမေ"
"ကိုလာ"
"မိန်းမ"
"ငါ မင်းတို့ကို လွမ်းတယ်"
မျက်ရည်စက်များ ဝဲတက်လာပြီး မုန်လဲ့၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်လာတော့သည်။
"အစ်ကို ဘာဖြစ်လို့လဲ" မုန်လဲ့၏ စိတ်ခံစားမှု ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် ဝတုတ်လေးနှင့် ဒန်နီရယ်တို့က တိုးတိုးလေး မေးလိုက်သည်။ အရင်က မုန်လဲ့သည် ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးခဲ့ချေ။
"ဘာ ဘာမှမဖြစ်ပါဘူး အိမ်လွမ်းသွားလို့ပါ" မုန်လဲ့က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှုပ်ထွေးနေသော မှတ်ဉာဏ်များကို ရင်ထဲသို့ ပြန်လည် ဖိချလိုက်ကာ အတင်း ပြုံး၍ ပြောလိုက်သည်။ "ကျောင်းပိတ်ပြီဆိုတော့ ငါလည်း အိမ်ပြန်ရမှာပေါ့ မဟုတ်ရင် ကျောင်းမှာနေပြီး ဘာလုပ်ရမှာလဲ"
"အဲဒါလည်း ဟုတ်တာပဲ" မုန်လဲ့ ပုံမှန် ပြန်ဖြစ်သွားသည်ကို မြင်သောအခါ ဝတုတ်လေးနှင့် ဒန်နီရယ်တို့လည်း သံသယ မဖြစ်တော့ချေ။
"မျက်တောင်တစ်ခတ် အတွင်းမှာပဲ စာသင်နှစ် တစ်ဝက်တောင် ကုန်သွားပြီ ရှေ့လျှောက် တစ်လကျော်လောက် မတွေ့ရတော့ဘူးလေ စဉ်းစားကြည့်လိုက်တာနဲ့တင် လွမ်းစရာကြီး တကယ်ကို ခံစားရ ခက်တာပဲ" ဝတုတ်လေးက ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ်" ဒန်နီရယ်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာတွင်လည်း လွမ်းဆွတ်မှု အချို့ ပေါ်လွင်နေသည်။
"မင်းတို့ နှစ်ယောက်ကလည်း အဲဒီလောက်တောင် ဖြစ်နေရလား"
မုန်လဲ့က ပြုံး၍ ခေါင်းခါလိုက်သည်။
"ဒါပေမယ့်လည်း ဟုတ်ပါတယ် ကျောင်းပိတ်ရက်ကြီးမှာ မတွေ့ရတော့ဘူးဆိုတော့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေမှာပဲ ဒီလိုလုပ်ရအောင် ဒီနေ့ ငါတို့ သုံးယောက် ပျော်ပျော်ပါးပါး သွားစားသောက်ကြမလား"
"ကောင်းတာပေါ့ ကျွန်တော် ဒကာခံမယ်" ဝတုတ်လေး၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ "အစ်ကိုတို့ ဘယ်သွားချင်လဲ နေရာသာ ပြောလိုက် ကျွန်တော် ဝတုတ်လေးက ဘာမှ မပြောဘူး ဟီးဟီး အဲဒီလို နေရာမျိုးလည်း ရတယ်နော်"
ပြောပြီးသည်နှင့် သူက မျက်စိတစ်ဖက် မှိတ်ပြကာ နှာဗူးရုပ် ပေါက်သွားတော့သည်။
"ဟားဟား မင်းပုံစံကြီးကိုလည်း ကြည့်ဦး" မုန်လဲ့က မျက်လုံး လှန်ကြည့်လိုက်သည်။ "ဒီလောက်ကြီး နှာဗူးရုပ် မပေါက်လို့ မရဘူးလား"
"ဟုတ်တယ် ငါက ကလေးလေးပဲ ရှိသေးတာကို" ဒန်နီရယ်ကလည်း ဝတုတ်လေးကို မျက်စောင်းထိုးကြည့်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
"ဟီးဟီး ဒီတိုင်း ပြောကြည့်တာပါ ပြောကြည့်တာပါ" ဝတုတ်လေးက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
"ဒီနေ့ ငါတို့ ဂျွီရှန်း စားသောက်ဆိုင် ကို သွားကြမလား" မုန်လဲ့က အကြံပြုလိုက်သည်။ "အဲဒီမှာ အဆင့်မြင့် မှော်သားရဲ အသားတွေ ချက်ပြုတ်ရောင်းတယ်လို့ ကြားတယ် အရသာက တကယ့်ကို ထူးခြားပြီး မြို့တော် တစ်ခုလုံးမှာ နာမည်ကြီးတယ်တဲ့"
"သေစမ်း အစ်ကိုက ဂျွီရှန်း စားသောက်ဆိုင်ကိုတောင် သိနေတာလား ဒီတစ်ခါတော့ ကျွန်တော် သွေးထွက်လွန်တော့မှာပဲ"