အခန်း ၄၉
Vol. 5 Ch. 49
အခန်း ၄၉။ သိုလှောင်လက်စွပ်နှင့် ထွက်ပြေးရခြင်း
ထိုနေ့တွင် မုန်လဲ့နှင့် ဝတုတ်လေးတို့ သုံးယောက် ဂျွီရှန်း စားသောက်ဆိုင်၌ အဝစားသောက်ကြလေသည်။
လွန်ခဲ့သော နှစ်ဝက်အတွင်းက ပင်ပန်းမှုများနှင့် ကျောင်းပိတ်ရက်အပေါ် မျှော်လင့်ချက်များကို အပြည့်အဝ ဖော်ထုတ်ခဲ့ကြသည်။ အသားများကို အားရပါးရ စားသောက်ပြီး အရက်များကိုလည်း သောက်ခဲ့ကြကာ တစ်ခါမှ မရှိခဲ့ဖူးသော ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ကြရသည်။
သို့သော် စားသောက်ဆိုင်မှ ပြန်ထွက်လာချိန်တွင်တော့ ဝတုတ်လေး၏ မျက်နှာမှာ ငိုမဲ့မဲ့ ဖြစ်နေပြီး အလွန် နှမြောနေသည့် ပုံပေါက်နေပေသည်။
ဤတစ်ခေါက် စားသောက်မှုက သူ့အတွက် တကယ့်ကို ကြီးမားသော အကုန်အကျပင် ဖြစ်သည်။ သူ့ထံတွင် ကျန်နေသည့် ပိုက်ဆံများ အားလုံး ကုန်သွားခဲ့ပြီ ဖြစ်သည်။
"ဝတုတ် မင်း အရမ်း နှမြောမနေပါနဲ့"
မုန်လဲ့က သူ့ပခုံးကို ပုတ်ပြီး ရယ်ကာ ပြောလိုက်သည်။
"ရွှေဒင်္ဂါး တစ်သောင်းကျော်လေးများကွာ နောက်စာသင်နှစ်ကျရင် ငါ မင်းကို ပြန်ဝယ်ကျွေးပါ့မယ်"
"အစ်ကိုကလည်း မသိပါဘူး"
ဝတုတ်လေးက သူ့မျက်နှာပေါ်က အဆီများကို တုန်ခါသွားစေပြီး ငိုသံပါကြီးဖြင့် ပြောလိုက်သည်။
"ငါ့အဘိုးက တစ်လကို ရွှေဒင်္ဂါး ၂ သောင်းပဲ မုန့်ဖိုးပေးတာလေ ဒီလ မုန့်ဖိုးရတာ မကြာသေးဘူး တစ်ဝက်ကျော် ကုန်သွားပြီ ဒီကျောင်းပိတ်ရက်ကို ငါ ဘယ်လို ဖြတ်သန်းရတော့မလဲ"
ရွှေဒင်္ဂါး ၂ သောင်း။
မုန့်ဖိုး။
မုန်လဲ့ တစ်ယောက် မှူးမတ်မျိုးနွယ်များထံမှ ကြီးမားသော ကွာဟချက်ကို ခံစားလိုက်ရသည်။
'တောက် ငါက တစ်နေ့တစ်နေ့ ဟိုပြေးဒီလွှားနဲ့ ပြီးတော့ ရက်ခြားဆိုသလို တိုက်ကွင်းမှာ အသက်စွန့်ပြီး တိုက်နေရတာတောင် တစ်လဝင်ငွေက ရွှေဒင်္ဂါး ၂ သောင်း နည်းနည်းပဲ ကျော်တာ'
'မင်းကတော့ တစ်လ မုန့်ဖိုးတင် အဲဒီလောက်တောင် ရှိတယ်ပေါ့'
'တကယ်ကို လူလူချင်း ယှဉ်ရင် သေချင်စရာပဲ'
"စျေးကြီးပေမယ့် ဂျွီရှန်း စားသောက်ဆိုင်က အစားအစာတွေက တကယ် အရသာရှိတယ် အထူးသဖြင့် ကြက်သွန်ဖြူနဲ့ ကင်ထားတဲ့ နေလနတ်ဘုရား ဖားကင် က အရမ်းကို စားကောင်းတာပဲ စားပြီးရင်တောင် ထပ်စားချင်နေသေးတယ်"
ဒန်နီရယ်က နှုတ်ခမ်းကို သပ်ပြီး အရသာခံနေသည့် ပုံစံလေးဖြင့် ပြောလိုက်သောအခါ ဝတုတ်လေးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ပြောနေစရာလား နေလနတ်ဘုရား ဖားက အဆင့်ခုနစ် မှော်သားရဲလေ တစ်ကောင်တည်းကိုတင် ရွှေဒင်္ဂါး ၃ သောင်းတောင် ပေးရတာ ခုနက ဖားကင်က ငါ့ပိုက်ဆံ ရွှေဒင်္ဂါး ၄၃၀၀ ကျော်တောင် ကုန်သွားတာကွ"
"ဟီးဟီး စျေးကတော့ တကယ်ကို လွန်လွန်းပါတယ်"
ဒန်နီရယ်က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ဝတုတ်လေး ပိုက်ဆံ အများကြီး ကုန်သွား၍ စိတ်ညစ်နေမှန်း သူသိသဖြင့် ဆက်မစတော့ချေ။ ဝတုတ်လေးက မှူးမတ်မျိုးနွယ် ဖြစ်သော်လည်း ကျောင်းသားသာ ရှိသေးသည် မဟုတ်ပါလော။ တစ်နပ်တည်းကို ရွှေဒင်္ဂါး ၂ သောင်းကျော် ကုန်သွားခြင်းက တကယ်ကို လွန်လွန်းလှပေသည်။
"အဆင့်ခုနစ် မှော်သားရဲ နေလနတ်ဘုရား ဖား က ရွှေဒင်္ဂါး ၃ သောင်းတောင် တန်တာလား"
မုန်လဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ဤစျေးက တကယ်ကို မနည်းလှပေ။ တွက်ကြည့်လိုက်လျှင် စွမ်းရည်အမှတ် ၃၀၀၀ ပင် ရရှိမည် ဖြစ်သည်။
၃၀၀၀။
မုန်လဲ့၏ မျက်လုံးများ အရောင်လက်သွားတော့သည်။
"နေလနတ်ဘုရား ဖားက အဆင့်ခုနစ် မှော်သားရဲလေ သာမန် အဆင့်ခုနစ် မှော်သားရဲတွေက ရွှေဒင်္ဂါး ၁ သိန်း ကနေ စတာ ဒါပေမယ့် အရသာ အရွယ်အစားနဲ့ အသုံးဝင်မှုတွေအပေါ် မူတည်ပြီး စျေးက ကွာခြားသွားတာ"
ဝတုတ်လေးက စိတ်ပျက်လက်ပျက်ဖြင့် ရှင်းပြသည်။
"နေလနတ်ဘုရား ဖားက အရသာရှိပြီး စားလို့ကောင်းတယ် ဒါပေမယ့် အရွယ်အစားက သေးလွန်းတော့ တစ်ကောင်လုံးရဲ့ စျေးက သိပ်မများဘူး ရွှေဒင်္ဂါး ၃ သောင်း ဝန်းကျင်လောက်ပဲ ရှိတယ် တခြား အဆင့်ခုနစ် မှော်သားရဲတွေကတော့ ဒီထက် အများကြီး ပိုစျေးကြီးတယ်"
"အဆင့်ခုနစ် မှော်သားရဲက ရွှေဒင်္ဂါး ၁ သိန်း ကနေ စတာလား"
မုန်လဲ့၏ မျက်လုံးများ ပို၍ တောက်ပလာသည်။
"အဆင့်ခုနစ် မှော်သားရဲ တစ်ကောင်လောက် သတ်နိုင်ရင် အများကြီး အမြတ်ထွက်မှာပေါ့"
"အမြတ်ထွက်တာကတော့ ဟုတ်ပါတယ် ဒါပေမယ့် အရမ်း အန္တရာယ်များတယ်လေ"
ဝတုတ်လေးက ထိုသို့ ကြားလိုက်ရသောအခါ ကြက်သီးထသွားသည်။
"အဆင့်ခုနစ် မှော်သားရဲတွေက အရမ်း ကြောက်စရာကောင်းတယ် ငါတို့ ယှဉ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး အစ်ကို အဲဒီအတွေးကို ဖျောက်လိုက်တာ ပိုကောင်းမယ်"
"ဟားဟား ဒီတိုင်း ပြောကြည့်တာပါ မင်းကလည်း အတည်မှတ်လို့"
ဂျွီရှန်း စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ဝတုတ်လေးနှင့် ဟတ် တို့က ပစ္စည်းများ သိမ်းရန် ကျောင်းသို့ ပြန်သွားကြသည်။
မုန်လဲ့ကတော့ မှော်ပစ္စည်း စျေးကွက်သို့ သွားခဲ့သည်။ ယခုတစ်ခေါက် သွားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စွမ်းရည်အမှတ်များ ကောက်ရန် မဟုတ်ဘဲ မှော်ပစ္စည်း ဝယ်ရန်ပင် ဖြစ်သည်။
ကျောင်းပိတ်ရက် ရောက်ပြီဖြစ်ရာ သူ မှော်သားရဲ ရွာလေးသို့ ပြန်ရမည်။ သေချာပေါက် မှော်သားရဲ တောအုပ်ထဲသို့လည်း သွားပြီး မှော်သားရဲများကို သတ်မည်။ စွမ်းရည်အမှတ်များ ကောက်မည်။ မှော်ကျောက်သလင်းများ ယူပြီး ရွှေဒင်္ဂါး ရှာမည် ဖြစ်သည်။
ဝတုတ်လေး၏ စကားက မုန်လဲ့ကို အသိပညာ ရစေခဲ့သည်။ မှော်ကျောက်သလင်းများသာမက မှော်သားရဲ အလောင်းများကလည်း တန်ဖိုးရှိလှပေသည်။ အလကား လွှင့်ပစ်လိုက်ရန် မဖြစ်နိုင်ချေ။ ဤသည်မှာ အလွန် ကြီးမားသော အလေအလွင့်ပင် ဖြစ်သည်။
ထို့ကြောင့် မုန်လဲ့သည် မှော်သားရဲ အလောင်းများကို သိမ်းဆည်းရန် သိုလှောင်မှော်ပစ္စည်း တစ်ခု လိုအပ်နေပေသည်။
"ဒင် အလင်းတန်းတစ်ခုကို တွေ့ရှိပါတယ် ကောက်ယူမလား"
"ဒင် ပေါင်းစပ်ခြင်း အောင်မြင်ပါတယ် ချမ်းသာကြွယ်ဝမှု ၁၈ ရွှေဒင်္ဂါး တိုးလာပါတယ်"
မှော်ပစ္စည်း စျေးကွက်ကြီးမှာ အလွန် ကျယ်ဝန်းလှသည်။ ကမ္ဘာမြေရှိ လျှပ်စစ်ပစ္စည်း စျေးကွက်ကြီးများကဲ့သို့ပင် အပိုင်းများစွာ ခွဲခြားထားသည်။
မုန်လဲ့သည် သိုလှောင်မှော်ပစ္စည်းများ ရောင်းချသည့် နေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။
"မှော်ဆရာကြီးရှင့် ဆိုင်လေးကနေ ကြိုဆိုပါတယ်"
ဆွဲဆောင်မှုရှိသော မြေခွေးမလေး ဝန်ထမ်း တစ်ယောက်က အရိုအသေ ပေးကာ ပြုံးရွှင်စွာဖြင့် မုန်လဲ့ကို နှုတ်ဆက်လိုက်သည်။ သူမ၏ ရင်သား အမောက်အမောက်များနှင့် အမွေးပွ အနီရောင် အမြီးလေးတို့က အလွန် ဆွဲဆောင်မှု ရှိလှပေသည်။
'မြေခွေးမလေးလား'
မုန်လဲ့က မြေခွေးမလေး ဝန်ထမ်းကို တစ်ချက် ကြည့်လိုက်ပြီး ထပ်မကြည့်မိအောင် အတင်း ထိန်းချုပ်ကာ ခေါင်းလှည့်လိုက်သည်။ ထို့နောက် မှန်ကောင်တာထဲတွင် ခင်းကျင်းထားသော သိုလှောင်မှော်ပစ္စည်းများကို ကြည့်ကာ မေးလိုက်သည်။
"ဒီက သိုလှောင်မှော်ပစ္စည်းတွေက ဘယ်လို ရောင်းလဲ"
"မှော်ဆရာကြီးရှင့် ကျွန်မတို့ဆိုင်က သိုလှောင်မှော်ပစ္စည်းတွေက သိုလှောင်လက်ကောက် သိုလှောင်လက်စွပ် နဲ့ သိုလှောင်ခါးပတ် ဆိုပြီး သုံးမျိုး ရှိပါတယ်"
မြေခွေးမလေး ဝန်ထမ်းက ချိုသာစွာ ပြုံးလိုက်ပြီး သူမ၏ အသံလေးမှာ ကြည်လင် သာယာနေသည်။
"မှော်ဆရာကြီးက ဘယ်လို အမျိုးအစားမျိုး အလိုရှိပါသလဲရှင်"
"သိုလှောင်လက်စွပ် ပဲ ပြပါ"
မုန်လဲ့က စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ဆိုင်က သိုလှောင်လက်စွပ်တွေကို နေရာလွတ် ပမာဏအလိုက် ကုဗမီတာ ၁၀ ၅၀ နဲ့ ၁၀၀ ဆိုပြီး အဆင့်သုံးဆင့် ခွဲထားပါတယ်ရှင့် ဘယ်လောက် ပမာဏမျိုး လိုချင်ပါသလဲရှင်"
"ကုဗမီတာ ၁၀၀ ပါတာ ပြပါ"
မုန်လဲ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။ သိုလှောင်လက်စွပ် ဆိုသည်မှာ ကြီးလေ ကောင်းလေပင် ဖြစ်သည်။ နေရာပိုကျယ်လျှင် ပစ္စည်းပိုထည့်နိုင်မည် ဆိုသည်မှာ ရှင်းလင်းလှသော အမှန်တရားပင် ဖြစ်သည်။
"မှော်ဆရာကြီးရှင့် ဒါလေးကို ကြည့်ပါဦး"
မြေခွေးမလေး ဝန်ထမ်းက အကြည်ရောင် သေတ္တာလေး တစ်ခုကို ထုတ်ယူလိုက်သည်။ အထဲတွင် အနီရောင် ကျောက်မျက်ရတနာ တစ်ပွင့် စီခြယ်ထားသော အနက်ရောင် လက်စွပ်လေး တစ်ကွင်း ရှိနေသည်။
"ဒါက အချစ်စစ် စီးရီးထဲက သိုလှောင်လက်စွပ်လေးပါ ကုဗမီတာ ၁၁၉ ကျယ်ဝန်းပါတယ် အသေးစိတ် ဖန်တီးထားပြီး အရမ်းကို လှပ ကျော့ရှင်းပါတယ် ခမ်းနားတဲ့ အနီရောင် ကျောက်မျက်ကိုလည်း စီခြယ်ထားပြီး..."
"နေပါဦး"
မုန်လဲ့က စကားများနေသော မြေခွေးမလေးကို ဖြတ်ပြောလိုက်သည်။
"စျေးက ဘယ်လောက်လဲ"
"မှော်ဆရာကြီးရှင့် ဒီသိုလှောင်လက်စွပ်လေးရဲ့ မူလစျေးက ရွှေဒင်္ဂါး ၁၅ သန်း ၃ သိန်း ၄ သောင်းပါ ဒါပေမယ့် မှော်ဆရာကြီးက ကံကောင်းပါတယ် ကျွန်မတို့ဆိုင်က အခု ပရိုမိုးရှင်း လုပ်နေလို့ ဒီ အချစ်စစ် စီးရီး သိုလှောင်လက်စွပ်ကို ၂၀ ရာခိုင်နှုန်း လျှော့စျေးနဲ့..."
"ရွှေဒင်္ဂါး ၁၅ သန်းကျော်..."
မုန်လဲ့၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
"မင်း ငါ့ကို ကုဗမီတာ ၅၀ ပါတဲ့ သိုလှောင်လက်စွပ် အကြောင်းပဲ ပြောပြပါတော့"
ထိုစကားကို ကြားလိုက်ရသောအခါ မြေခွေးမလေး၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
မုန်လဲ့၏ ရုပ်ရည်က သန့်ပြန့်ပြီး အမူအရာကလည်း ကျော့ရှင်းကာ မှော်ဝတ်ရုံကိုပါ ဝတ်ဆင်ထားသဖြင့် ငွေကြေးသုံးစွဲနိုင်သော မှူးမတ် မှော်ဆရာ တစ်ယောက်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော် အပြင်ပန်းသာ ကြည့်ကောင်းပြီး လက်တွေ့တွင် အသုံးမကျသော ဆင်းရဲသား တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
'ဟွန့် အလကား ငါ့ကို အပျော်ကြီး ပျော်သွားအောင် လုပ်နေတယ်'
ရင်ထဲတွင် ထိုသို့ တွေးလိုက်သော်လည်း မြေခွေးမလေးက သူမ၏ အကြံအစည်များကို သေချာစွာ ဖုံးကွယ်ထားပြီး ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။
"မှော်ဆရာကြီးရှင့် ကုဗမီတာ ၅၀ ဆိုရင်တော့ နေရာ အနေတော်ဖြစ်ပြီး စျေးကလည်း သက်သာပါတယ် ရွှေဒင်္ဂါး ၁ သန်းခွဲကနေ ၅ သန်း ၈ သိန်းအထိ ရှိပါတယ်..."
"..."
မုန်လဲ့၏ နှုတ်ခမ်းများ ထပ်မံ တွန့်လိမ်သွားပြီး နဖူးမှ ချွေးများပင် ထွက်လာတော့သည်။
"မင်းတို့ဆိုင်မှာ အပေါဆုံး သိုလှောင်လက်စွပ်က ဘယ်လောက်လဲ"
"ဟင်"
မြေခွေးမလေး ကြောင်အမ်းသွားပြီး မှန်ကောင်တာ၏ အောက်ဆုံးတွင် ရှိနေသော သိုလှောင်လက်စွပ် တစ်ကွင်းကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါက ကျွန်မတို့ဆိုင်မှာ အပေါဆုံး သိုလှောင်လက်စွပ်ပါ ကုဗမီတာ ၁ ပဲ ကျယ်ပါတယ် မူလစျေးက ရွှေဒင်္ဂါး ၁ သိန်း ၉ သောင်းပါ ယူချင်တယ်ဆိုရင်..."
"တော်ပြီ တော်ပြီ ငါ မယူတော့ဘူး မယူတော့ဘူး"
မုန်လဲ့၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာပြီး ဆိုင်ထဲမှနေ၍ ထွက်ပြေးတော့သည်။
'သေစမ်း အပေါဆုံး သိုလှောင်လက်စွပ်ကတောင် ရွှေဒင်္ဂါး ၁ သိန်း ၉ သောင်းတဲ့လား ဒါ ဓားပြတိုက်နေတာပဲ'
'ရွှေဒင်္ဂါး ၁ သိန်း ၉ သောင်း'
'ငါ့ကိုယ်ငါ ရောင်းစားရင်တောင် အဲဒီလောက် မရနိုင်ဘူး'
"ဆင်းရဲသားလေး ပိုက်ဆံမရှိဘဲနဲ့ စျေးထဲ ဘာလာလုပ်တာလဲ ဟွန့်"
မြေခွေးမလေးက နှာခေါင်းရှုံ့ကာ ကျန်ရစ်ခဲ့တော့သည်။