အခန်း ၅၄
Vol. 6 Ch. 54
အခန်း ၅၄။ လာရီကို ဆုံးမခြင်းနှင့် ငွေဖြင့် တောင်းပန်ခြင်း
'ဖြန်း' ဟူသော ကျယ်လောင်သည့် ပါးရိုက်သံနှင့်အတူ လာရီသည် အနောက်သို့ လွင့်စင်သွားပြီး သံမဏိသစ်သားဖြင့် ပြုလုပ်ထားသော ကုတင်နှင့် ဝင်တိုက်ကာ ကုတင်မှာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားတော့သည်။
အခန်း တစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
လူတိုင်းက ကုတင်ပေါ်တွင် လဲကျနေသော လာရီကို တစ်လှည့်၊ တည်ငြိမ်စွာ ရပ်နေသော မုန်လဲ့ကို တစ်လှည့် ကြည့်ကာ ကြောင်အမ်းနေကြပြီး ဘာဖြစ်သွားမှန်းပင် မသိလိုက်ချေ။
'လာရီ... ဒီလိုမျိုး လွယ်လွယ်လေး အလဲထိုးခံလိုက်ရတာလား'
'သူက အဆင့်လေး စစ်သည်တော်လေ'
"အား"
လာရီက ကြမ်းပြင်ကို ရိုက်ကာ မတ်တတ်ရပ်လာပြီး သူ၏ မျက်လုံးများမှာ သွေးရောင် လွှမ်းနေသည်။ "သေချင်နေတဲ့ အဆင့်နိမ့်ကောင် ငါ့ကို ခိုးတိုက်ရဲတယ်ပေါ့ ငါ မင်းကို သတ်မယ်"
လာရီက လေပြင်း တစ်ချက်အလား မုန်လဲ့ထံသို့ ပြေးဝင်လာသည်။ အမြန်နှုန်းမှာ အဆင့်လေး စစ်သည်တော် တစ်ယောက်နှင့် ကိုက်ညီပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မုန်လဲ့ရှေ့သို့ ရောက်ရှိလာတော့သည်။
"အဆင့်နိမ့်ကောင် သေလိုက်စမ်း"
လာရီက အားကုန်သုံး၍ လက်သီးဖြင့် ထိုးချလိုက်ရာ အလွန် ကြမ်းတမ်းပြီး ရက်စက်လှသည်။ ထိုမြင်ကွင်းကို ကြည့်နေသော ဂျိုးဆက် မှာ မျက်လုံးများ ပြူးကျယ်သွားပြီး အသံကုန် အော်ဟစ်လိုက်သည်။
"အစ်ကို မုန်လဲ့ သတိထား"
"မပူပါနဲ့"
မုန်လဲ့က ဂျိုးဆက် ကို ပြုံးပြလိုက်ပြီး ညာလက်ကို ဆန့်တန်းကာ ဖွဖွလေး ဖမ်းဆုပ်လိုက်ရာ 'ဖောက်' ဟူသော အသံနှင့်အတူ လာရီ၏ လက်သီးကို ဖမ်းဆုပ်ထားလိုက်သည်။
ရက်စက်သော လက်သီးချက်။
ကြောက်မက်ဖွယ် ကောင်းသော ခွန်အား။
ရိုင်းစိုင်းကြမ်းတမ်းသော အရှိန်အဝါ။
ဤအချိန်လေးမှာပင် အရာအားလုံး ပျောက်ကွယ်သွားပြီး ရွှံ့နွံထဲသို့ နစ်မြုပ်သွားသကဲ့သို့ အလကား ဖြစ်သွားတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လာရီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ လက်သီးမှတစ်ဆင့် ခံစားလိုက်ရသော ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားကြောင့် အလွန်အမင်း ထိတ်လန့်သွားတော့သည်။ ပိန်ပိန်ပါးပါး လူသား အဆင့်နိမ့်ကောင် တစ်ယောက်က ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်တဲ့လား။
"နဂါးနတ်ဘုရားရေ"
"ငါ မျက်စိမှားသွားတာများလား"
"သူ သူ သူ လာရီရဲ့ တိုက်ခိုက်မှုကို တကယ်ပဲ ဖမ်းဆုပ်လိုက်တာလား"
"မယုံနိုင်စရာပဲ"
"လာရီ က တကယ့် အဆင့်လေး စစ်သည်တော်လေ သူ့ရဲ့ တိုက်ခိုက်မှုက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ ဒီလိုမျိုး လွယ်လွယ်လေး ဖမ်းဆုပ်ခံလိုက်ရတယ်ပေါ့"
လူတိုင်း မေးရိုးများပင် ပြုတ်ကျတော့မတတ် အံ့အားသင့်နေကြသည်။ လာရီ ဘယ်လောက် အားကောင်းသလဲ ဆိုသည်ကို သူတို့ အသိဆုံး ဖြစ်သည်။ သန့်စင်သော အမည်းရောင် နဂါး သွေးမျိုးဆက် ရှိပြီး ကျောင်းမဝင်ခင်ကတည်းက အဆင့်သုံး စစ်သည်တော် ဖြစ်နေခဲ့ကာ ယခု နှစ်ဝက်စာမေးပွဲတွင်လည်း အဆင့်လေး စစ်သည်တော် အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ဤကဲ့သို့သော စွမ်းအားဖြင့် ဆိုလျှင် ပထမနှစ်တွင် သူ့ထက် သာလွန်သူ နှစ်ယောက်သာ ရှိပြီး ကျန်သူများ အားလုံးမှာ လာရီ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။
သို့သော် ယခုတော့ ဘယ်ကနေ ရောက်လာမှန်း မသိသော အဆင့်နိမ့်ကောင် တစ်ယောက်က လာရီ၏ တိုက်ခိုက်မှုကို ဤကဲ့သို့ လွယ်ကူစွာ ဖမ်းဆုပ်လိုက်သည်တဲ့လား။
အံ့အားသင့်ခြင်းများ။
နားမလည်နိုင်ခြင်းများ။
မယုံကြည်နိုင်ခြင်းများ။
"ဒီလောက် စွမ်းအားလေးနဲ့များ လူရှေ့ထွက်ပြီး လာကြွားနေသေးတယ်"
မုန်လဲ့က ခေါင်းခါလိုက်ပြီး လက်ချောင်း ငါးချောင်းကို ဆုပ်လိုက်ရာ 'ခရွပ်' ဟူသော အသံနှင့်အတူ လာရီ၏ လက်သီးမှာ ကျိုးကြေသွားပြီး လာရီမှာလည်း နာကျင်လွန်းသဖြင့် မျက်နှာ ရှုံ့မဲ့သွားကာ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာတော့သည်။
"စွမ်းအား နည်းနည်း ရှိတာနဲ့တင် လူတွေကို အနိုင်ကျင့်လို့ ရတယ် ထင်နေလား"
မုန်လဲ့က ဘယ်ဘက် လက်သီးဖြင့် လာရီ၏ ဗိုက်ကို ထိုးလိုက်ရာ လာရီက သွေးတစ်ပွက် အန်ချလိုက်ပြီး နာကျင်လွန်းသဖြင့် ခန္ဓာကိုယ်မှာ ပုစွန်ဆိတ်လေး တစ်ကောင်အလား ကွေးကောက်သွားတော့သည်။
"သူများကို အနိုင်ကျင့်တဲ့သူက တစ်နေ့ကျရင် ကိုယ်တိုင် ပြန်အနိုင်ကျင့် ခံရမယ် ဆိုတာကို မသိဘူးလား သူများကို အနိုင်ကျင့်တုန်းက မင်း ကိုယ်တိုင်လည်း ဒီလို အနိုင်ကျင့်ခံရလိမ့်မယ်လို့ မတွေးမိဘူးလား"
မုန်လဲ့၏ မျက်လုံးများက အေးစက်နေပြီး ဒူးဖြင့် အပေါ်သို့ ပင့်တင်လိုက်ရာ လာရီ၏ မေးရိုး ကျိုးကြေသွားပြီး အော်သံပင် မထွက်နိုင်တော့ချေ။
"ဒူးထောက်လိုက်စမ်း"
မုန်လဲ့က ညာလက်ဖြင့် လာရီ၏ ပခုံးကို ဖိချလိုက်ရာ ကြီးမားလှသော ခွန်အား တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လာရီ၏ ဒူးနှစ်ဖက် ညွှတ်ကျသွားကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။
"ဝူး ဝူး ဝူး"
လာရီမှာ ကြီးမားသော အရှက်ခွဲခံရသကဲ့သို့ ခံစားလိုက်ရပြီး နဖူးမှ သွေးကြောများ ထောင်ထလာကာ မျက်လုံးများမှာလည်း သွေးရောင် လွှမ်းနေတော့သည်။ သူက မတ်တတ်ရပ်နိုင်ရန် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း မုန်လဲ့၏ ညာလက်က သံမဏိတိုင်ကြီး တစ်တိုင်အလား မားမားမတ်မတ် ရှိနေရာ လာရီ မည်မျှပင် ရုန်းကန်ပါစေ လုံးဝ မလှုပ်ရှားနိုင်ချေ။
"နဂါးနတ်ဘုရားရေ"
"ဒီကောင်က တကယ်ရော လူ ဟုတ်သေးရဲ့လား"
ဂျိုးဆက် ၏ အခန်းဖော် လေးယောက်မှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ရုန်းကန်နေသော လာရီကို ကြည့်ပြီး ခန္ဓာကိုယ်များ တုန်ယင်နေကာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အပြည့်အဝ ရှိနေကြသည်။ လာရီ... တကယ်ပဲ ဘာမှ မလုပ်နိုင်တော့ဘူးလား။
လုံးဝကို အလဲထိုး ခံနေရတာပဲ။
'အစ်ကို မုန်လဲ့က မှော်ဆရာ မဟုတ်ဘူးလား ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ'
ဂျိုးဆက် မှာ အလွန် အံ့အားသင့်နေမိသည်။ အခြား အခန်းဖော်များက မုန်လဲ့ အကြောင်းကို မသိသော်လည်း သူကတော့ ရှင်းရှင်းလင်းလင်း သိထားသည်။ သို့သော် သိလေလေ ပိုပြီး အံ့ဩရလေလေ ဖြစ်နေသည်။ မှော်ဆရာတွေရဲ့ ခန္ဓာကိုယ်က ယေဘုယျအားဖြင့် အားနည်းတယ်လို့ ကြားဖူးပေမယ့် အစ်ကို မုန်လဲ့ က ဘယ်လိုဖြစ်လို့...
"ဒုက္ခပဲ သူ ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး"
အခန်းဖော် လေးယောက်ထဲတွင် သုံးယောက်က လာရီ ကဲ့သို့ပင် ဂျိုးဆက် ကို အမြဲတမ်း အနိုင်ကျင့်လေ့ ရှိကြသည်။ ယခု လာရီ၏ အခြေအနေကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ဖြူရော်သွားပြီး အလွန်အမင်း ထိတ်လန့်နေကြတော့သည်။
လူတွေက ကိုယ်ကြောက်တဲ့ အရာကို ပိုပြီး တွေးတတ်ကြတာ သဘာဝပဲ။ ထိုအချိန်မှာပင် မုန်လဲ့က ရုတ်တရက် လှည့်ကြည့်လာပြီး သူ၏ အေးစက်သော အကြည့်များက သူတို့အပေါ် ကျရောက်လာသည်။ "ဂျိုးဆက် ကို နောက်ထပ် ဘယ်သူတွေ အနိုင်ကျင့်ခဲ့သေးလဲ ကိုယ့်ဘာသာ ရှေ့ထွက်လာခဲ့စမ်း"
"ဘုန်း"
ထိုစကားကို ကြားလိုက်ရသောအခါ အခန်းဖော် သုံးယောက်၏ ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ပင် လဲကျတော့မတတ် ဖြစ်သွားသည်။ ဒုက္ခပဲ... သူတို့ကို လာရှင်းတော့မှာပဲ။ ဘယ်လို လုပ်ရမလဲ။
"လုပ်တော့ လုပ်ရဲပြီး ဝန်မခံရဲဘူးလား" မုန်လဲ့၏ အသံက ပိုမို အေးစက်သွားသည်။ "ဂျိုးဆက် ဘယ်သူတွေ မင်းကို အနိုင်ကျင့်ခဲ့လဲ ငါ့ကို လက်ညှိုးထိုးပြစမ်း"
"အစ်ကို မုန်လဲ့ ထားလိုက်ပါတော့လေ"
ဂျိုးဆက် က သဘောကောင်းပြီး ရိုးသားသူ တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူ့ကို အနိုင်ကျင့်ခဲ့သော အခန်းဖော် လေးယောက်ကို မုန်းတီးသော်လည်း လက်စားချေလိုစိတ်တော့ မရှိချေ။
"ဂျိုးဆက် မင်း အဲဒီလို လုပ်လို့ မရဘူး"
မုန်လဲ့က ခေါင်းခါလိုက်သည်။ "ငါတို့က ကိုယ့်စည်းမျဉ်းကို လိုက်နာပြီး တခြားသူတွေကို အရင် မစော်ကားဘူး ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့ကို လာစော်ကားရင်တော့ ငြိမ်ခံနေလို့ မရဘူး"
ထို့နောက် မုန်လဲ့က အခန်းဖော် လေးယောက်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "နောက်ဆုံး အခွင့်အရေး ပေးမယ် ဂျိုးဆက် ကို အနိုင်ကျင့်ခဲ့တဲ့သူတွေ ကိုယ့်ဘာသာ ရှေ့ထွက်လာခဲ့ မဟုတ်ရင် ငါ ရက်စက်တယ်လို့ မပြောနဲ့"
"ကျွန် ကျွန်တော်"
ချောမောသန့်ပြန့်သော လူငယ်လေး တစ်ယောက်၏ မျက်နှာမှာ ဖြူရော်နေပြီး သွားများ တခိုက်ခိုက် ခိုက်ကာ ခြေထောက်များမှာလည်း တုန်ယင်နေသည်။ "ကျွန် ကျွန်တော် ဂျိုးဆက် ကို အနိုင်ကျင့်ခဲ့ ဖူးပါတယ်"
"အရမ်းကောင်းတယ်"
မုန်လဲ့က ခေါင်းညိတ်လိုက်သည်။
'ဘုန်း' ဟူသောအသံနှင့်အတူ လူငယ်လေးက ဒူးထောက်ချလိုက်ပြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်ကာ ပြောလိုက်သည်။ "ကျွန်တော် မှားပါတယ် ကျွန်တော် အရမ်း ဆိုးသွမ်းခဲ့ပါတယ် ဂျိုးဆက် ကို မစော်ကားသင့်ပါဘူး ကျွန်တော် တောင်းပန်ပါတယ် လျော်ကြေးလည်း ပေးပါ့မယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
"လျော်ကြေးပေးမယ်"
မုန်လဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ "သူများကို အနိုင်ကျင့်ပြီး လျော်ကြေး နည်းနည်းလေး ပေးလိုက်တာနဲ့ ပြီးသွားမယ်ဆိုရင် ငါတို့က ဘာလုပ်ဖို့ ကျင့်ကြံနေတော့မလဲ"
"ရွှေဒင်္ဂါး တစ်သောင်း မဟုတ်ဘူး ရွှေဒင်္ဂါး သုံးသောင်း ရွှေဒင်္ဂါး သုံးသောင်း လျော်ကြေးပေးပါ့မယ် နောက်ဆို ဂျိုးဆက် ကို ဘယ်တော့မှ မစော်ကားတော့ပါဘူးလို့ ကတိပေးပါတယ်"
လူငယ်လေးမှာ နှပ်ချေးများ၊ မျက်ရည်များနှင့် ငိုယိုနေပြီး ဘောင်းဘီထဲတွင် သေးပင် ပါတော့မတတ် ဖြစ်နေသည်။
"ရွှေဒင်္ဂါး သုံးသောင်း သူတောင်းစားကို ပေးနေတာလား" မုန်လဲ့က နှာခေါင်းရှုံ့လိုက်သည်။ "ရွှေဒင်္ဂါး ငါးသောင်းပေးရင် ဒီကိစ္စကို ထားလိုက်မယ် မဟုတ်ရင်တော့"
"ငါးသောင်း"
လူငယ်လေး၏ မျက်နှာမှာ ပျက်သွားပြီး မျက်လုံးများထဲတွင် နှမြောမှုများ အပြည့်အဝ ရှိနေသည်။ သို့သော် မုန်လဲ့၏ အေးစက်သော အကြည့်များနှင့် ဆုံမိသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။ "ဟုတ်ကဲ့ ဟုတ်ကဲ့ ရွှေဒင်္ဂါး ငါးသောင်း ပေးပါ့မယ်"
"အင်း"
မုန်လဲ့က ခေါင်းညိတ်လိုက်ပြီး နောက်ထပ် နှစ်ယောက်ကို ကြည့်လိုက်သည်။
"ကျွန်တော်လည်း ရွှေဒင်္ဂါး ငါးသောင်း ပေးပါ့မယ်"
"ကျွန်တော်လည်း ပေးပါ့မယ်"
ကျန်နှစ်ယောက်ကလည်း အမြန် ပြောလိုက်ကြသည်။ ရွှေဒင်္ဂါး ငါးသောင်းဆိုသည်မှာ သူတို့အတွက် အလွန် များပြားသော်လည်း လာရီ ကဲ့သို့ အသေအလဲ အရိုက်ခံရမည့် အဖြစ်မျိုးကိုတော့ လုံးဝ အဖြစ်မခံနိုင်ချေ။
တကယ်ကို သနားစရာ ကောင်းလွန်းလှသည်။
"ပိုက်ဆံ ထုတ်လေ"
မုန်လဲ့က လက်ဖြန့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ထိုသုံးယောက်ကလည်း မဆိုင်းမတွဘဲ မှော်သလင်းကတ်များကို ထုတ်ပေးလိုက်ကြသည်။
"အခန်းထဲမှာ ဘယ်သူတွေ ရန်ဖြစ်နေတာလဲ"
ထိုအချိန်တွင် အေးစက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သော အသံတစ်ခု ထွက်ပေါ်လာသည်။