အခန်း ၈၄
Vol. 9 Ch. 84
အခန်း ၈၄။ ကြောက်မက်ဖွယ် ဟိန်းဟောက်သံနှင့် မှော်သားရဲများ ရုန်းရင်းဆန်ခတ် ဖြစ်ခြင်း
"ဒင် အမည်းရောင် တောင်ပံ ကြက်မောက် မြွေကြီး ၁ ကောင်ကို သတ်ဖြတ်ပြီး ရွှေဒင်္ဂါး ၁.၁၉ သန်း ရရှိပါတယ်"
စနစ်ထံမှ အသံကို ကြားလိုက်ရသောအခါ မုန်လဲ့၏ ရင်ထဲတွင် အလွန် ဝမ်းသာသွားသည်။ နံနက်အစောကြီး နိုးလာသည်နှင့် ရွှေဒင်္ဂါး တစ်သန်းကျော် ရလိုက်သည် ဆိုတော့ တကယ်ကို အရမ်းမိုက်လှပေသည်။
"ငါ ဒီသံတုတ်ကြီးကို ဘာလုပ်ရမလဲ..."
မုန်လဲ့က သီချင်းလေး ညည်းကာ အမည်းရောင် တောင်ပံ ကြက်မောက် မြွေကြီး၏ အလောင်းကို ရှင်းလင်းနေသည်။ နံနက်ခင်း နေရောင်ခြည်က ထူထပ်သော သစ်ကိုင်းများ ကြားမှ ဖြတ်သန်းကာ မုန်လဲ့၏ ကိုယ်ပေါ်သို့ ကျရောက်နေပြီး လှပသော ပုံရိပ်တစ်ခုကို ဖန်တီးပေးနေသည်။
တိုင်ဒီက ဘေးတွင် ထိုင်ကာ ပါးစပ်မှ သွားရည်များ ကျဆင်းနေပြီး အလွန် စားချင်ဇောထနေပြီ ဖြစ်သည်။ သူက အသားကင်ကို အကြိုက်ဆုံး ဖြစ်ပြီး အထူးသဖြင့် အဆင့်မြင့် မှော်သားရဲ၏ အသားကင်ကို ပို၍ ကြိုက်နှစ်သက်သည်။
ထိုအရသာကတော့...
ဝုတ်... ဝုတ်...
တွေးကြည့်လိုက်ရုံနှင့်တင် သူ မထိန်းနိုင်တော့ချေ။
"ဝေါင်း"
သို့သော် ထိုအချိန်လေးမှာပင် တောအုပ် အနက်ပိုင်းမှ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ဟိန်းဟောက်သံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှပေသည်။
"ဘာအသံလဲ"
မုန်လဲ့က အသံလာရာဆီသို့ လှည့်ကြည့်လိုက်ပြီး အလွန်အမင်း အံ့အားသင့်သွားသည်။ ဤအသံက သူ၏ ရင်ကိုပင် ကျောချမ်းတုန်လှုပ်သွားစေသည်။
"ဝေါင်း"
နောက်ထပ် ပို၍ ကြမ်းတမ်းသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြန်ရာ မုန်လဲ့၏ ဦးရေပြားများပင် ထုံကျဉ်သွားပြီး နှလုံးခုန်နှုန်းများ အလိုအလျောက် မြန်ဆန်လာတော့သည်။
တိုင်ဒီကို ကြည့်လိုက်ရာ ဘောလုံးတစ်လုံးအလား လုံးခွေနေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ တောင်ပံများဖြင့် ခေါင်းကို အုပ်ထားပြီး မျက်လုံးများထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများနှင့် စိုးရိမ်မှုများ ပြည့်နှက်နေတော့သည်။
"အသံက မှော်သားရဲ တောအုပ် အနက်ပိုင်း ကနေ ထွက်လာတာပဲ"
"အဆင့်ကိုး မှော်သားရဲ ဒါမှမဟုတ် မြင့်မြတ်သော နယ်မြေ မှော်သားရဲများလား"
မုန်လဲ့ အလွန်အမင်း အံ့အားသင့်စွာ တွေးတောနေမိသည်။
ထိုအချိန်တွင် အဖိုးအိုက မှော်လက်စွပ်ထဲမှ ထွက်လာပြီး အကြောဆန့်ကာ သမ်းဝေလိုက်ပြီး "ကောင်စုတ်လေး... မနက်ခင်းပါကွာ" ဟု နှုတ်ဆက်လိုက်သည်။
"ဝေါင်း"
သို့သော် သူ၏ နားဘေးတွင် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာရာ အဖိုးအို လန့်ဖျပ်သွားပြီး မျက်နှာပျက်သွားကာ "ကောင်စုတ်လေး... ဒါ... ဘာအသံလဲ" ဟု မေးလိုက်သည်။
မုန်လဲ့က ခေါင်းခါပြလိုက်ပြီး အခြေအနေကို နားမလည်ကြောင်း ပြသလိုက်ကာ မြေကြီးပေါ်တွင် လုံးခွေနေသော တိုင်ဒီကို လက်ညှိုးထိုးပြလိုက်သည်။
"တိုင်ဒီက သားပေါက်လေး ဆိုပေမယ့် အဆင့်ကိုး မှော်သားရဲရဲ့ သွေးမျိုးဆက် ရှိတယ်၊ အဆင့်ရှစ် မှော်သားရဲကိုတောင် မကြောက်ဘူး။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လန့်နေရတာလဲ"
အဖိုးအို၏ မျက်နှာထား တင်းမာသွားပြီး "ကောင်စုတ်လေး... ထွက်ပြေးဖို့ ပြင်တော့၊ အခြေအနေ သိပ်မဟန်ဘူး" ဟု တိုးတိုးလေး သတိပေးလိုက်သည်။
မုန်လဲ့ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ အဖိုးအိုကတောင် အခြေအနေ မဟန်ဘူးဟု ပြောနေပြီလား။
"ဝေါင်း"
ထိုအချိန်တွင် နောက်ထပ် ဒေါသတကြီး ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြန်သည်။
ထို့နောက် မှော်သားရဲ တောအုပ် အနက်ပိုင်းမှ တစ်ခုပြီးတစ်ခု ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ မှော်သားရဲ တောအုပ်၏ ကောင်းကင်ယံတွင် ဒေါသတကြီး ဟိန်းဟောက်သံ များနှင့် ပြည့်နှက်နေတော့သည်။
ဟိန်းဟောက်သံ တစ်ခုစီတိုင်းက မုန်လဲ့၏ ခေါင်းကို ထုံကျဉ်သွားစေပြီး ရှေးဟောင်း သားရဲကြီးများ၏ ဒေါသတကြီး ဟိန်းဟောက်သံများအလား ကျောချမ်းသွားစေကာ ရင်ကို တုန်လှုပ်သွားစေသည်။
"ခုနက အသံက မြင့်မြတ်သော နယ်မြေ မှော်သားရဲ... တောင်ပံခြောက်ခု ကောင်းကင်မျို သားရဲရဲ့ အသံပဲ" ဟု အဖိုးအိုက ဆိုသည်။
"အူး"
"ဒါက မြင့်မြတ်သော နယ်မြေ မှော်သားရဲ လကိုဟောင်သော ကောင်းကင်ဝံပုလွေဘုရင်ရဲ့ အသံပဲ"
"မူး"
"ဒါက မြင့်မြတ်သော နယ်မြေ မှော်သားရဲ ရွှေရောင် ကျောကုန်း နွားကင်းမြီးကောက်ရဲ့ အော်သံပဲ"
"သေစမ်း ဘာလို့ မြင့်မြတ်သော နယ်မြေ မှော်သားရဲတွေ ဒီလောက် အများကြီး ရှိနေရတာလဲ။ မှော်သားရဲ တောအုပ် အလယ်ဗဟိုမှာ ဘာတွေ ဖြစ်နေတာလဲ"
အဖိုးအို၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး အော်ဟစ်လိုက်သည်။ "မုန်လဲ့ ဟိုဘက်မှာ ပြဿနာ တစ်ခုခု ဖြစ်နေပြီ သေချာတယ်၊ မြန်မြန် မှော်သားရဲ တောအုပ်ထဲကနေ ထွက်သွားတော့"
"ကျောင်းအုပ်ကြီး ဘာတွေ ဖြစ်နေတာလဲ"
မုန်လဲ့က အမြန် မေးလိုက်သည်။ "မြင့်မြတ်သော နယ်မြေ မှော်သားရဲတွေ တိုက်ခိုက်နေကြတာလား၊ ကျွန်တော်တို့ ဝင်ရှုပ်ပြီး အမြတ် သွားထုတ်လို့ ရမလား"
"တုံးအလိုက်တာ မြင့်မြတ်သော နယ်မြေ မှော်သားရဲတွေဆီကနေ အမြတ်ထုတ်ဖို့ ဆိုတာ လွယ်တယ် မှတ်နေလား၊ တကယ်လို့ ရရင်တောင် မင်း အလှည့် မရောက်ဘူး" အဖိုးအိုက အော်ဟစ်လိုက်သည်။ "အပိုစကားတွေ မပြောနဲ့ အရင်ဆုံး ဒီကနေ ထွက်သွား"
"ကောင်းပြီလေ"
မုန်လဲ့က နှုတ်ခမ်းတွန့်လိုက်ပြီး မှော်ကော်ဇောပျံကို ထုတ်ကာ ကြောက်လန့်နေသော တိုင်ဒီကို ဆွဲတင်ပြီး ကောင်းကင်သို့ ပျံတက်သွားတော့သည်။
မှော်ကော်ဇောပျံက တောအုပ် အပေါ်တွင် လျင်မြန်စွာ ပျံသန်းနေပြီး နားဘေးတွင် လေတိုက်သံများ ထွက်ပေါ်နေသည်။ အဖိုးအိုက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ကောင်စုတ်လေး ဟိုဘက်ကို ကြည့်စမ်း"
မုန်လဲ့က အမြန် လှည့်ကြည့်လိုက်ရာ အဝေးရှိ တောအုပ်က ပြင်းထန်စွာ လှုပ်ရှားနေပြီး သစ်ပင်ကြီးများ ပြိုလဲကာ ချုံပုတ်များ ကျိုးပဲ့ကုန်ပြီး ကျောဘက်တွင် တောင်ပံတစ်စုံ ပါရှိကာ တစ်ကိုယ်လုံး ငွေရောင် တောက်ပနေပြီး ငွေဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသော ဧရာမ သတ္တဝါကြီး တစ်ကောင် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အဝေးကနေ ကြည့်လျှင်တောင်မှ မုန်လဲ့အနေဖြင့် ထိုသတ္တဝါကြီးဆီမှ ထွက်ပေါ်လာသော အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါကြီးကို ခံစားနေရပြီး အသက်ရှူရတောင် ခက်ခဲနေသည်။
"ရှီး"
မုန်လဲ့ အသက်ရှူ မှားသွားသည်။ "ဒီလောက် ကြီးတဲ့ မှော်သားရဲ၊ အရှည် ၆၀၊ ၇၀ မီတာလောက် ရှိမယ် ထင်တယ်"
အဖိုးအိုက လေးနက်စွာ ပြောလိုက်သည်။ "ဒါက မြင့်မြတ်သော နယ်မြေ မှော်သားရဲ လကိုဟောင်သော ကောင်းကင်ဝံပုလွေဘုရင်ပဲ။ ကောင်းကင်ဝံပုလွေ မျိုးနွယ်စုက အရွယ်ရောက်လာရင် အဆင့်ရှစ် မှော်သားရဲ ဖြစ်ပြီး ထိပ်တန်း အကောင်တွေက အဆင့်ကိုး မှော်သားရဲ အထိ ကြီးထွားလာနိုင်တယ်။ ဒီမျိုးနွယ်စုရဲ့ ဘုရင်တွေကတော့ မြင့်မြတ်သော နယ်မြေ မှော်သားရဲတွေပဲ"
"လကိုဟောင်သော ကောင်းကင်ဝံပုလွေဘုရင်"
မုန်လဲ့၏ ရင်ထဲတွင် အလွန်အမင်း အံ့အားသင့်သွားသည်။ "တကယ်ကို နတ်ဘုရား တစ်ပါးလိုပဲ အရမ်း မိုက်တာပဲ၊ သူနဲ့ ယှဉ်လိုက်ရင် ကျောင်းက စီနီယာတွေရဲ့ စီးတော်ယာဉ်တွေက ဘာမှ မဟုတ်တော့ဘူး"
မှော်ပညာသင်တန်းကျောင်းတွင် စီနီယာ အများစုက ကိုယ်ပိုင် စီးတော်ယာဉ် ရှိကြသည်။ ဤသည်မှာ အဆင့်အတန်းကို ပြသခြင်း ဖြစ်သလို စွမ်းအားကို ပြသခြင်းလည်း ဖြစ်သည်။ သို့သော် ကျောင်းသားများ ဖြစ်သဖြင့် စွမ်းအား အကန့်အသတ် ရှိရာ စီးတော်ယာဉ်များက ဘယ်လောက် အားကောင်းနိုင်မည်နည်း။
အများစုက အဆင့်သုံး အဆင့်လေး မှော်သားရဲတွေ ဖြစ်ပြီး အဆင့်ငါး မှော်သားရဲ ဆိုတာ အရမ်း ရှားသည်။ သံချပ်ကာ ကြံ့၊ လေပွေ မှော်ဝံပုလွေ၊ မီးတောက် ခြင်္သေ့... စသည့် အဆင့်နိမ့် မှော်သားရဲတွေချည်းသာ ဖြစ်သည်။
ဒါကိုတောင် ကျောင်းသားသစ်တွေက အရမ်း အားကျနေကြရာ မုန်လဲ့ လည်း အဲဒီတုန်းက သူတို့ထဲက တစ်ယောက် အပါအဝင်ပင် ဖြစ်သည်။ ထိုစဉ်က သူလည်း စီနီယာတွေလိုပဲ အားကောင်းတဲ့ မှော်သားရဲ တစ်ကောင်ကို စီးတော်ယာဉ် အဖြစ် အသုံးပြုနိုင်ဖို့ စိတ်ကူးယဉ် ခဲ့ဖူးသည်။
ဘယ်လောက်တောင် မိုက်လဲ။
ဘယ်လောက်တောင် စွမ်းလဲ။
ဒါပေမယ့် စွမ်းအားတွေ တိုးလာပြီး အမြင်တွေ ကျယ်လာတော့ မုန်လဲ့က ထိုစီးတော်ယာဉ် များကို အထင်မကြီးတော့ချေ။ သူက လကိုဟောင်သော ကောင်းကင်ဝံပုလွေဘုရင် လို နတ်ဘုရား သားရဲ မျိုးမှသာ သူ့နဲ့ ထိုက်တန်သည်ဟု ခံစားနေရသည်။
"ဟားဟား မင်းက အဲဒီ အမှိုက် မှော်သားရဲတွေကို လကိုဟောင်သော ကောင်းကင်ဝံပုလွေဘုရင်နဲ့ နှိုင်းယှဉ်နေတာလား"
အဖိုးအို နှုတ်ခမ်းတွန့်သွားသည်။ "တကယ်လို့များ လကိုဟောင်သော ကောင်းကင်ဝံပုလွေဘုရင်သာ မင်း ဒီလို တွေးနေတာကို သိရင် မင်းကို လက်သည်း တစ်ချက်တည်းနဲ့ ရိုက်သတ်သွားလိမ့်မယ်"
"ဟားဟား ပြောကြည့်တာပါ"
မုန်လဲ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ကျွန်တော့်ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် တစ်နေ့ကျရင် မြင့်မြတ်သော နယ်မြေ မှော်သားရဲ တစ်ကောင်ကို စီးတော်ယာဉ် အဖြစ် အသုံးပြုနိုင်မှာ သေချာတယ်" ဟု ဆိုသည်။
အဖိုးအိုက နှုတ်ခမ်းတွန့်လိုက်သော်လည်း မငြင်းဆန်ချေ။ မုန်လဲ့၏ မှော်ပညာ ပါရမီက အလွန် ကောင်းမွန်ပြီး စွမ်းအား တိုးတက်မှု အမြန်နှုန်းကလည်း သူ တစ်ခါမှ မမြင်ဖူးလောက်အောင် မြန်ဆန်လှပေသည်။
မြင့်မြတ်သော နယ်မြေ။
သူ့အတွက်တော့ အိပ်မက် မဟုတ်ချေ။
တစ်ဖက်တွင်...
နောက်ထပ် မှော်သားရဲ တစ်ကောင်က ဟိန်းဟောက်ကာ တောအုပ်ထဲမှ ထွက်လာပြန်သည်။ တစ်ကိုယ်လုံး ရွှေရောင် တောက်ပနေပြီး နွားကိုယ်လုံးနှင့် ကင်းမြီးကောက် ခြေထောက်များ ပါရှိကာ ဧရာမ သတ္တဝါကြီး တစ်ကောင် ဖြစ်ပြီး တောအုပ်ကို ဖိချိတ်ကာ ရှေ့သို့ တိုးလာနေသည်။
ဆယ်မီတာကျော် မြင့်သော သစ်ပင်ကြီးများက သူ၏ ရှေ့တွင် ခွေးမြီးကောက် မြက်ပင်များအလား ဖြစ်နေပြီး ညင်သာစွာ တိုက်မိရုံဖြင့် အမြစ်မှ ကျွတ်ထွက်သွားကာ အလယ်မှ ကျိုးကျသွားတော့သည်။
အရမ်း ကြမ်းတမ်းတယ်။
အရမ်း ရူးသွပ်တယ်။
"ဒါက မြင့်မြတ်သော နယ်မြေ မှော်သားရဲ ရွှေရောင် ကျောကုန်း နွားကင်းမြီးကောက်ပဲ"
အဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "စွမ်းအား အရမ်း ကြီးမားတဲ့ မျိုးစပ် မှော်သားရဲ တစ်ကောင်ပဲ၊ မျိုးနွယ်စု မရှိဘူး၊ ရှားပါးတဲ့ အဖိုအမ နှစ်မျိုးစလုံး ပါတဲ့ မှော်သားရဲ မျိုးပဲ။ တစ်သက်လုံးမှ သားပေါက်လေး တစ်ကောင်ပဲ မွေးနိုင်တယ်"
"အဖိုအမ နှစ်မျိုးစလုံး ပါတဲ့ မှော်သားရဲ..."
မုန်လဲ့ ကြောင်အမ်းသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။ လောကကြီးက အလွန်ကျယ်ဝန်းပြီး အံ့သြဖွယ်ကောင်းလှပေသည်။
"အဲဒါက မြင့်မြတ်သော နယ်မြေ မှော်သားရဲ တိုက်တန် ကြယ်နွားပဲ။ အင်းဆက် အမျိုးအစား မှော်သားရဲ တစ်ကောင် ဖြစ်ပြီး ခွန်အား ကြီးမားကာ ကာကွယ်ရေး စွမ်းရည် လည်း အလွန် ကောင်းမွန်တယ်။ ခွန်အား ကိုပဲ ပြောရရင် မြေကြီး ဝက်ဝံတွေထက် နည်းနည်းလေးမှ မလျော့ဘူး"
"ကျောင်းအုပ်ကြီး ဟိုတစ်ကောင်ကရော"
"အဲဒါက သံမဏိ ဧရာမ မိကျောင်းပဲ၊ ရေဓာတ် မြင့်မြတ်သော နယ်မြေ မှော်သားရဲပဲ၊ မြစ်တွေ ရေကန်တွေ ထဲက အရှင်သခင်ပဲ၊ ရေထဲမှာ ဆိုရင် မြင့်မြတ်သော နယ်မြေ အထွတ်အထိပ် အဆင့် ရှိတဲ့ သူတောင် သူ့ကို သတ်ဖို့ ခက်တယ်"
ကြောက်မက်ဖွယ် ကောင်းသော မှော်သားရဲ တစ်ကောင်ပြီး တစ်ကောင် မိုးရွာပြီးနောက် မှိုများ ထွက်လာသကဲ့သို့ ပေါ်လာကြပြီး ဖြတ်သွားရာ လမ်းတစ်လျှောက်တွင် မြေကြီးများ တုန်လှုပ်ကာ သစ်ပင်များ ကျိုးပဲ့ကုန်သည်။ ရှေးဟောင်း သစ်ပင်ကြီး ဘယ်နှစ်ပင်လောက် ကံဆိုးသွားလဲ မသိတော့ချေ။
ဤမြင်ကွင်းက တောအုပ်ထဲရှိ စွန့်စားသူများကို အလွန်အမင်း ထိတ်လန့်သွားစေပြီး စွန့်စားသူ အများအပြားမှာ အသက်လု ထွက်ပြေးနေကြကာ ခြေထောက် နှစ်ချောင်းတည်း ပါလာသည်ကိုပင် မကျေမနပ် ဖြစ်နေကြတော့သည်။ ထိုအထဲတွင် မြင့်မြတ်သော နယ်မြေ မှော်သားရဲ များနှင့် နီးလွန်းသဖြင့် အလွယ်တကူ ရိုက်သတ်ခံလိုက်ရသော ကံဆိုးသူများလည်း ပါဝင်ပေသည်။
အချုပ်အားဖြင့် ပြောရလျှင် မှော်သားရဲ တောအုပ် တစ်ခုလုံး လုံးဝ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။
"၆ ကောင်"
"မြင့်မြတ်သော နယ်မြေ မှော်သားရဲ ၆ ကောင်တောင်"
"ဒီကောင်တွေ ဘာဖြစ်နေကြတာလဲ"
ရူးသွပ်စွာ ဟိန်းဟောက်နေသော မြင့်မြတ်သော နယ်မြေ မှော်သားရဲများကို ကြည့်ကာ အဖိုးအို၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ "သူတို့ အားလုံးက မှော်သားရဲ တောင်တန်းရဲ့ အရှေ့တောင်ဘက်မှာ အခြေချနေတဲ့ အရှင်သခင် တွေချည်းပဲ၊ ပုံမှန်ဆို အသိုက်ထဲမှာပဲ အိပ်နေကြတာ အပြင်ထွက်တာ အရမ်း ရှားတယ်၊ ဒီနေ့ ဘာလို့ အကုန်လုံး အတူတူ ထွက်လာကြတာလဲ"
"ဘာတွေကများ သူတို့ကို ဒီလောက် အထိ ဆွပေးလိုက်တာလဲ"
"နယ်စပ်ကို ဝင်တိုက်မယ့် သားရဲလှိုင်းလုံး ကြီးတော့ မဖြစ်ပါစေနဲ့ မဟုတ်ရင် လူတွေ အများကြီး ထပ်သေရဦးမယ်..."