အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း ၁၀၆။ မာနကြီးတာလား၊ ဥက္ကာပျံ ပြုတ်ကျလာခြင်း
မှော်ကော်ဇောပျံသည် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မြောက်မြစ်ဂိတ်ပေါက်သို့ ရောက်ရှိလာရာ လူတိုင်းက ကော်ဇောပျံပေါ်ရှိ ချောမောသော လူငယ်လေးကို အလိုအလျောက် ကြည့်လိုက်ကြသည်။
အသားမည်းသွားတယ်။
ပိန်လည်း ပိန်သွားတယ်။
ဒါပေမယ့် ပိုပြီး သန်မာလာတယ်။
အထူးသဖြင့် မျက်လုံးနှစ်လုံးက ကြယ်ရောင်များအလား တောက်ပနေပြီး အလွန် တောက်ပကာ ဆွဲဆောင်မှုရှိသော အလင်းတန်းများနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
"ဆရာ ဒက်ခ်... မတွေ့ရတာ ကြာပြီ"
မုန်လဲ့က မှော်ကော်ဇောပျံပေါ်မှ ခုန်ဆင်းကာ ဒက်ခ် နိုဝေးကို မှော်ဆရာ အရိုအသေ ပေးလိုက်သည်။ သူက ဤတင်းကျပ်သော အတန်းပိုင် ဆရာကို အလွန် လေးစားပေသည်။
"ကောင်းတယ် ကောင်လေး... ဘာသံမှ မကြားရဘဲ မှော်သားရဲတောအုပ်ထဲ ရောက်သွားတယ်... သတ္တိ တော်တော် ကောင်းတာပဲ... ပုရွက်ဆိတ် လှိုင်းလုံးကြီးရဲ့ အစားခံရမှာကိုတောင် မကြောက်ဘူးလား"
ဒက်ခ် နိုဝေးက မုန်လဲ့ကို ကြည့်ကာ မျက်နှာပေါ်တွင် ကျေနပ်မှုများ ပေါ်လာသည်။ မုန်လဲ့သည် ပါရမီရှင် မှော်ဆရာ တစ်ယောက်အပေါ် သူထားရှိသော မျှော်လင့်ချက် အားလုံးနှင့် ကိုက်ညီပေသည်။ ပါရမီကောင်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း စသည်ဖြင့် အားလုံး ပြည့်စုံပေသည်။
တကယ်ကို ပြီးပြည့်စုံတာပဲ။
"ဆရာ့ကို စိတ်ပူစေမိပြီ"
မုန်လဲ့က ပြုံးလိုက်ပြီးနောက် ဝတုတ်လေးတို့ ၃ ယောက်ကို လှည့်ကြည့်လိုက်သည်။ သူ နှုတ်ဆက်ဖို့ အချိန်တောင် မရလိုက်ဘဲ ဝတုတ်လေးက ပြေးလာပြီး ဖက်လိုက်ရာ ဝတုတ်လေး၏ ရွှေရောင် သံချပ်ကာက မုန်လဲ့၏ မျက်လုံးများပင် ပြာသွားတော့မတတ် ဖြစ်သွားစေပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကလည်း မုန်လဲ့၏ ကိုယ်ပေါ်သို့ ဖိကျလာတော့သည်။
မုန်လဲ့မို့လို့သာ တော်သေးသည်။ တခြားသူသာဆိုလျှင် ဝတုတ်လေး ဖိချလိုက်မှုကြောင့် အသက်ရှူကျပ်ပြီး သေသွားမည် မဟုတ်ပါလော။
"အစ်ကိုကြီး... အစ်ကိုကြီးကို တွေ့ရတာ အရမ်း ဝမ်းသာတာပဲ"
ဝတုတ်လေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျွန်တော်က ဒီအတိုင်း လျှောက်ပြောလိုက်တာ အစ်ကိုကြီး တကယ် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး၊ ကျွန်တော် အရမ်း ဝမ်းသာတယ်... အစ်ကိုကြီး အရမ်း သစ္စာရှိတာပဲ"
သစ္စာရှိတာ ဟုတ်လား။
ငါက ပုရွက်ဆိတ် လှိုင်းလုံးကြီးအတွက် လာတာလို့ ပြောလို့ ရမလား။
မုန်လဲ့ မျက်လုံး လှန်ပြလိုက်ပြီး ဝတုတ်လေးကို ရွံရှာစွာ တွန်းဖယ်လိုက်ကာ "မင်း ပုရွက်ဆိတ် လှိုင်းလုံးကြီးကို ကာကွယ်ရင်လည်း ကာကွယ်လေ၊ ဘာလို့ ဒီလောက်တောင် မျက်စိနောက်စရာ ကောင်းအောင် ဝတ်ထားရတာလဲ ကြွားနေတာလား" ဟု မေးလိုက်သည်။
"ဟီးဟီး... ဒါကို အစ်ကိုကြီး နားမလည်ဘူး မဟုတ်လား"
ဝတုတ်လေးက ရင်ဘတ်ပေါ်ရှိ ရွှေရောင် အကြေးခွံများကို ပုတ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "ဒါက ထိပ်တန်း မှော်သံချပ်ကာလေ... အပေါ်မှာ မှော်အစီအရင် ၄၈ ခုတောင် ရေးဆွဲထားတာ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာမက မှော်စွမ်းအင်တွေကိုလည်း အလိုအလျောက် စုစည်းပေးပြီး မှော်ပညာ အသုံးပြုတဲ့ အချိန်ကိုလည်း တိုစေတယ်"
"ကောင်းပြီလေ... မင်း ချမ်းသာတော့လည်း မင်း အကြောင်းပြချက်နဲ့ မင်းပေါ့"
မုန်လဲ့က ဒီကောင်နှင့် စကားဆက်မပြောချင်တော့ဘဲ အာဘေးနှင့် ထန်နာတို့ကို ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။ အာဘေးက ခံစားချက်မဲ့နေပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြရုံသာ ပြုလုပ်ကာ ယခင်အတိုင်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။
ထန်နာကတော့ အလွန် ဖော်ရွေပြီး မျက်နှာပေါ်တွင် ချိုသာသော အပြုံးများ ပေါ်လာကာ "ကျောင်းသား မုန်လဲ့... တစ်လကျော် မတွေ့ရတာ ပိုပြီး စွမ်းလာသလိုပဲနော်" ဟု ပြောလိုက်သည်။
"မဆိုးပါဘူး"
မုန်လဲ့ ပြုံးလိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလာသော ပုရွက်ဆိတ် လှိုင်းလုံးကြီးကို ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး လောဘတကြီး ကြည့်လိုက်သည်။
ဒီလောက်များတဲ့ သွေးစုပ် သံမဏိ ပုရွက်ဆိတ်တွေကို အကုန် သတ်ပစ်လိုက်ရင် ငါ့ရဲ့ ချမ်းသာကြွယ်ဝမှုက ဘယ်လောက်တောင် တိုးလာမလဲ။
အနည်းဆုံးတော့ သန်းရာဂဏန်းလောက် တိုးလာမှာ သေချာတယ်။
"မုန်လဲ့... ငါတို့နဲ့ အတူတူ ဆုတ်ခွာရအောင်"
မုန်လဲ့၏ အကြည့်ကို သတိထားမိသွားသောအခါ ဒက်ခ် နိုဝေးက သက်ပြင်းချလိုက်ပြီး "ကျောင်းဖွင့်ဖို့လည်း နီးနေပြီဆိုတော့ မင်း ငါတို့နဲ့ အတူတူ ကျောင်းကို ပြန်လိုက်ခဲ့ပါ၊ ပိုပြီး လုံခြုံတာပေါ့" ဟု ပြောလိုက်သည်။
"ဆုတ်ခွာမယ် ဟုတ်လား... ဘာလို့ ဆုတ်ခွာရမှာလဲ"
မုန်လဲ့ ကြောင်အမ်းသွားပြီး "ပုရွက်ဆိတ် လှိုင်းလုံးကြီးက အရမ်း ပြင်းထန်နေတာ၊ ကျွန်တော်တို့သာ ဆုတ်ခွာသွားရင် မြို့ထဲက ပြည်သူတွေ ဒုက္ခရောက်ကုန်မှာပေါ့" ဟု မေးလိုက်သည်။
ဒက်ခ် နိုဝေး ပါးစပ် ဟသွားသော်လည်း ဘာပြောရမှန်း မသိဖြစ်သွားသည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း အတော်ဆုံး ကျောင်းသား၏ အရှေ့တွင် သူ စကားပြောရ ခက်နေပေသည်။
မြို့ကို မကာကွယ်နိုင်တော့သဖြင့် မြို့ထဲမှ ပြည်သူများကို ပုရွက်ဆိတ် လှိုင်းလုံးကြီး၏ အစားခံရရန် ပစ်ထားခဲ့ရမည်ဟု မုန်လဲ့ကို ပြောပြရမည်လော။
"မဆုတ်ခွာရင်ကော ဘာလုပ်နိုင်မှာလဲ"
ထိုအချိန်တွင် တိတ်ဆိတ်နေသော မြို့စား ဆက်စီယာက စကားပြောလာသည်။ သူမက အေးစက်စက် အသံဖြင့် "ပုရွက်ဆိတ် လှိုင်းလုံးကြီးက မိုင် ၃၀၀ လောက် ကျယ်ပြန့်တယ်၊ ကာကွယ်ရေး လမ်းကြောင်းက အရမ်း ရှည်လွန်းတယ်၊ စစ်ကူတွေကလည်း အချိန်မီ ရောက်မလာနိုင်ဘူး၊ မဆုတ်ခွာရင် ဒီမှာ သေဖို့ စောင့်နေရမှာလား" ဟု ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ"
မုန်လဲ့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး နားလည်ကြောင်း ပြသလိုက်ကာ ဒက်ခ် နိုဝေးကို လှည့်ကြည့်ပြီး "ဆရာ ဒက်ခ်... ကျွန်တော် ဆရာတို့နဲ့ အတူတူ ပြန်မလိုက်နိုင်တာကို ခွင့်လွှတ်ပါ" ဟု ပြောလိုက်သည်။
"ပြန်မလိုက်ဘူး ဟုတ်လား"
ဒက်ခ် နိုဝေး ကြောင်အမ်းသွားပြီး "ဒါဆို မင်း ဘာလုပ်ချင်လို့လဲ" ဟု မေးလိုက်သည်။
"ပုရွက်ဆိတ် လှိုင်းလုံးကြီးကို ဖျက်ဆီးမယ်"
မုန်လဲ့က ထိုစကား ၄ ခွန်းကို ပြောလိုက်ပြီးနောက် မှော်ကော်ဇောပျံပေါ်သို့ ခုန်တက်ကာ ပိုးဖလံ မီးတိုးသကဲ့သို့ ပုရွက်ဆိတ် တပ်မတော်ကြီးဆီသို့ ပြေးဝင်သွားတော့သည်။
"မင်း ဘာလုပ်နေတာလဲ... ပြန်လာ မြန်မြန် ပြန်လာ"
ဒက်ခ် နိုဝေး ဤမြင်ကွင်းကို မြင်သောအခါ မျက်နှာ ပျက်သွားပြီး အမြန် အော်ဟစ် တားဆီးလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်ကာ မုန်လဲ့က အဝေးသို့ ရောက်နေပြီ ဖြစ်သည်။
"ဟွန်း... သတ္တိ ရှိတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် အရမ်း တုံးအလွန်းတယ်"
မြို့စား ဆက်စီယာက နှာခေါင်းရှုံ့လိုက်ပြီး "အဆင့်ငါး မှော်ဆရာလေး တစ်ယောက်တည်းနဲ့ ပုရွက်ဆိတ် တပ်မတော်ကြီးကို ဖျက်ဆီးချင်နေတာ တကယ်ပဲ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းတယ်၊ ဘာမှ မသိဘဲ လျှောက်လုပ်နေတာပဲ" ဟု ပြောလိုက်သည်။
"အစ်ကိုကြီး"
"ဒီကောင်"
"ကျောင်းသား မုန်လဲ့"
ဝတုတ်လေး၊ အာဘေးနှင့် ထန်နာတို့ ၃ ယောက်က မုန်လဲ့၏ ကျောပြင်ကို ကြည့်ကာ အလွန် စိုးရိမ်နေကြသည်။ အာဘေးက ယခင်ကကဲ့သို့ ခံစားချက်မဲ့နေသည့် ပုံစံမျိုး မဟုတ်တော့ဘဲ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။ "ဒီအရူး ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေလဲ မသိဘူး၊ သေချင်ရင်တောင် ဒီလို သွားမသေနဲ့လေ"
"ညီလေး ဟတ်... သူက မင်းတို့ အတန်းက ပါရမီရှင် ဆိုတာလား"
၄ နှစ်မြောက် ကျောင်းသားဟောင်း တစ်ယောက်က အံ့အားသင့်စွာ မေးလိုက်သည်။ "သူက အရမ်း စိတ်လိုက်မာပါ လုပ်လွန်းတယ်... ဒီလို ပုရွက်ဆိတ် တပ်မတော်ကြီးထဲကို ပြေးဝင်သွားတာ သေချင်လို့ သွားတာနဲ့ ဘာကွာလို့လဲ"
"သစ်ပင်ကို တုန်လှုပ်စေချင်တဲ့ ပုရွက်ဆိတ်လိုပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းတယ်၊ မှော်ပညာ ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း ဒီလောက် ဉာဏ်နည်းတာတော့ သနားဖို့ ကောင်းတယ်"
"ဒါက ပထမနှစ်ရဲ့ အတော်ဆုံး ကျောင်းသားလား... ဟင်း... ဒီလောက်ပါပဲ..."
"ပါးစပ်ပိတ်ထားကြစမ်း"
ဝတုတ်လေး မျက်နှာ မည်းသွားပြီး လုံးဝ ဒေါသပေါက်ကွဲသွားတော့သည်။ "အသုံးမကျတဲ့ ကောင်တွေ... ခက်ခက်ခဲခဲနဲ့မှ အဆင့်လေး မှော်ဆရာ ဖြစ်လာတာကို သူများတွေကို လှောင်ရဲသေးတယ်"
"ဟင်း... ငါတို့ရဲ့ မှော်ပညာ ပါရမီက သူ့လောက် မကောင်းတာ အမှန်ပါပဲ"
ကျောင်းသားဟောင်း တစ်ယောက်က ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။ "ဒါပေမယ့် ငါတို့က သူ့လို နိုင်မှာ မဟုတ်ဘူး မှန်း သိသိကြီးနဲ့ အသေခံဖို့ မသွားဘူး၊ အဲဒါကို ဘာလို့ ခေါ်လဲ သိလား... အဲဒါကို တုံးအတာလို့ ခေါ်တယ်... အရူးလို့ ခေါ်တယ်"
"ဟုတ်တယ်... ကျောင်းတော်က မှော်ဆရာ တစ်ယောက် ဖြစ်လာဖို့ ဘယ်လောက်တောင် ခက်ခဲလဲ ဆိုတာ မင်း သိလား"
နောက်ထပ် ကျောင်းသားဟောင်း တစ်ယောက်ကလည်း လေးနက်စွာ ပြောလိုက်သည်။ "အကောင်းဆုံး ပတ်ဝန်းကျင်၊ အကောင်းဆုံး ပစ္စည်းတွေ၊ အကောင်းဆုံး ဆရာတွေ၊ အရင်းအမြစ်တွေ အများကြီး အကုန်ခံပြီး ဘယ်လောက်တောင် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့မှ မှော်ဆရာ တစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ပေးရတာလဲ၊ ဒီလိုမျိုး သွားပြီး အသေခံဖို့လား"
"မင်းတို့ကို ပြောပြမယ်... မင်းတို့ရဲ့ အသက်က မင်းတို့ တစ်ယောက်တည်းနဲ့ ဆိုင်တာ မဟုတ်ဘူး၊ ကျောင်းတော်နဲ့ ဆိုင်တယ်... နိုင်ငံတော်နဲ့ ဆိုင်တယ်... ပြီးတော့ နဂါးသွေး တံတိုင်း..."
"အားလုံး ပါးစပ်ပိတ်ထားကြစမ်း"
"တိတ်တိတ်နေကြ"
ထိုအချိန်တွင် ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံ နှစ်ခု ထွက်ပေါ်လာပြီး စကားပြောနေသော ကျောင်းသားဟောင်းများကို တားဆီးလိုက်သည်။ လူတိုင်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ ဆရာ ဒက်ခ်နှင့် မြို့စား ဆက်စီယာတို့က မုန်လဲ့ကို အလွန်အမင်း အံ့အားသင့်စွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
အံ့အားသင့်နေတာလား။
ဘာတွေ အံ့အားသင့်စရာ ရှိလို့လဲ။
ကျောင်းသားဟောင်းများ၊ ဝတုတ်လေး၊ အာဘေးတို့ အားလုံး ၎င်းတို့၏ အကြည့်များအတိုင်း လိုက်ကြည့်လိုက်ရာ ယုံကြည်နိုင်စရာ မရှိသော မြင်ကွင်းကို တွေ့လိုက်ရတော့သည်။
မုန်လဲ့သည် မှော်ကော်ဇောပျံပေါ်တွင် မတ်မတ်ရပ်နေပြီး ဆံပင်များ လွင့်ပျံနေကာ မှော်ဝတ်ရုံကလည်း လေထဲတွင် လွင့်ပျံနေပြီး သူရဲကောင်းဆန်ကာ ချောမောသော အသွင်အပြင် ရှိပြီး မိန်းကလေးများကို ဆွဲဆောင်နိုင်သည့် အရည်အချင်းများ ပေါ်လွင်နေပေသည်။
သို့သော် ဤသည်မှာ အဓိက မဟုတ်ချေ။
အဓိက အချက်မှာ သူ၏ ခေါင်းပေါ်တွင် အချင်း မီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော ကြီးမားသည့် မီးလုံးကြီး ၁၀ လုံး ပေါ်လွင်နေခြင်းပင် ဖြစ်သည်။ ၎င်းတို့မှာ အလွန် ကြီးမားပြီး အလွန် ပူပြင်းကာ မျက်စိကျိန်းမတတ် တောက်ပနေပြီး အလွန် ကြီးမားသော အပူချိန်ကို ထုတ်လွှတ်နေကာ ကောင်းကင်ယံတွင် တောက်ပနေသော နေမင်းကြီးကိုပင် အရောင်မှိန်သွားစေသည်။
"ဒါ... ဒါ... ဒါ..."
ဝတုတ်လေးတို့ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး အားလုံး အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။
ဒက်ခ် နိုဝေး၊ မြို့စား ဆက်စီယာတို့မှာ အခြားသူများထက် ပို၍ပင် အံ့အားသင့်ကာ ထိတ်လန့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော်။
သူတို့ ဤမှော်ပညာကို မှတ်မိသောကြောင့်ပင်။
အဆင့်ကိုး မှော်ပညာ။
ကောင်းကင်မီးတောက် ဥက္ကာပျံ။
"ဆရာ ဒက်ခ်... သူက အဆင့်ငါး မှော်ဆရာလို့ ပြောတာ မဟုတ်ဘူးလား" ဆက်စီယာ၏ အကြည့်များ တောင့်တင်းနေပြီး "ဒါပေမယ့် ဒါက..." ဟု မေးလိုက်သည်။
"ကျွန်... ကျွန်တော်လည်း မသိဘူးလေ"
ဒက်ခ် နိုဝေးက သူ့ကိုယ်သူ အတင်း ဆိတ်ဆွဲကာ စိတ်ကူးယဉ် နေခြင်း ဖြစ်မည်ကို သံသယ ဝင်နေတော့သည်။
မုန်လဲ့။
အသက် ၁၆ နှစ်တောင် မပြည့်သေးတဲ့ လူငယ်လေး တစ်ယောက်။
လွန်ခဲ့တဲ့ တစ်လကမှ အဆင့်ငါး မှော်ဆရာလေ။
အခု ရုတ်တရက်ကြီး အဆင့်ကိုး မှော်ပညာကို သုံးလိုက်တာလား။
နဂါးနတ်ဘုရား... မင်း ငါ့ကို နောက်နေတာလား။
"အစ်... အစ်ကိုကြီး သူ... သူ..."
ဝတုတ်လေး၏ ပါးစပ်က ဘဲဥတစ်လုံး ဆန့်လောက်အောင် အကျယ်ကြီး ဟနေပြီး အာဘေးနှင့် ထန်နာတို့လည်း သူ့ထက် မသာလှဘဲ ပါးစပ် အဟောင်းသား ဖြစ်ကာ ကြောင်အမ်းသွားကြတော့သည်။
ကျောင်းသားဟောင်း အချို့ဆိုလျှင် သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်နေပြီး သူတို့ တစ်သက်လုံး ဤမျှ ကြီးမားသော မီးလုံးကြီးများကို မမြင်ခဲ့ဖူးကြချေ။
"ကောင်းကင်မီးတောက် ဥက္ကာပျံ... ပြုတ်ကျစမ်း"
လူတိုင်း မျက်စိရှေ့တွင်ပင် မုန်လဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ တောက်ပနေသော နေမင်းကြီး ၁၀ စင်းက ဥက္ကာပျံများအလား ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
"ဝုန်း..."
ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်မည့် ကြီးမားသော ပေါက်ကွဲသံကြီးများနှင့်အတူ တောက်ပနေသော ကောင်းကင်ယံက ရုတ်တရက် မှောင်မိုက်သွားပြီး တောင်ကြီးများအလား ကြီးမားသော မှိုပွင့်ပုံစံ တိမ်တိုက်ကြီး ၁၀ ခုက ကောင်းကင်ယံသို့ မြင့်တက်သွားကာ နေရောင်ခြည်ကို ဖုံးကွယ်သွားပြီး ကောင်းကင်ယံကို ညစ်ညမ်းသွားစေတော့သည်။