အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း ၁၂၅။ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း၊ ကြွားဝါတတ်သော ဝတုတ်လေး
"အဲဒီလိုဆိုရင်တော့ မင်း လုံးဝ စိတ်ပူစရာ မလိုပါဘူး" ဆရာဒက်ခ်က ခေါင်းခါကာ ပြုံး၍ ပြောလိုက်လေသည်။
"ဖလှယ်ရေးပြိုင်ပွဲရဲ့ ဆုကြေးတွေက မင်း စိတ်ကူးလို့မရအောင် များပြားလှတယ် အဲဒါကြောင့် စွမ်းအားရှင်တွေ အများကြီး ဝင်ပြိုင်ကြလိမ့်မယ်"
"ဒါကြောင့် ကျောင်းတွင်းကျောင်းသားတွေအပြင် ကျောင်းပြင်ပက ပြိုင်ပွဲဝင်တွေလည်း အများကြီး ရှိတယ် သူတို့က ပြိုင်ပွဲဝင်ခွင့်ရဖို့ ကျောင်းတွေမှာ နာမည်ခံပြီး ဝင်ကြတာပဲ"
"ပြီးတော့ ကျောင်းပြီးသင့်တဲ့ ကျောင်းသားဟောင်း အများကြီးကလည်း ကျောင်းမပြီးဘဲ ကျောင်းမှာ နှစ်တိုင်း ဆက်တက်နေကြတယ် သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း ပြိုင်ပွဲဝင်ခွင့် ရဖို့အတွက်ပဲ"
'ဒီလိုလည်း လုပ်လို့ရတာလား' မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီး "ဒီလိုဆိုရင် ကျွန်တော်တို့လို လက်ရှိကျောင်းသားတွေက အများကြီး နစ်နာတာပေါ့" ဟု ပြောလိုက်လေသည်။
"ဘာမှလုပ်လို့မရဘူး ဆုကြေးက အရမ်းများတာကိုး" ဆရာဒက်ခ်က ခေါင်းခါလိုက်ပြီး "အမှန်အတိုင်းပြောရရင် အသက်ကန့်သတ်ချက်သာ မရှိရင် ငါတောင် ဖလှယ်ရေးပြိုင်ပွဲ ဝင်ပြိုင်ချင်သေးတယ်" ဟု ပြောလိုက်လေသည်။
"မတရားဘူး ဒါက လုံးဝ မတရားဘူး" မုန်လဲ့ လုံးဝ စကားဆွံ့အသွားရလေသည်။ ဒါက ကျောင်းတော် ဖလှယ်ရေးပြိုင်ပွဲ ဟုတ်ပါသေးရဲ့လား။ ပြင်ပက စွမ်းအားရှင်တွေပါ အကုန်လာပြိုင်နေကြပြီ။
"ဒါကလည်း မတတ်နိုင်တဲ့ ကိစ္စပဲ လက်ရှိကျောင်းသားတွေက အသက်ငယ်ပြီး စွမ်းအားက ယေဘုယျအားဖြင့် အားနည်းတတ်ကြတယ် အဲဒီလိုဆိုရင် ဖလှယ်ရေးပြိုင်ပွဲက ကြည့်လို့မကောင်းသလို ပြိုင်ဆိုင်မှုလည်း နည်းသွားမှာပေါ့" ဆရာဒက်ခ်က ပြုံး၍ ဆက်ပြောလိုက်သည်။ "ဒါကြောင့် ပြိုင်ပွဲဝင် စံနှုန်းကို လျှော့ချပြီး စွမ်းအားရှင်တွေ အများကြီး ပါဝင်ခွင့် ပေးလိုက်ရတာပဲ"
"ဒါပေမယ့် အသက် ၃၀ အကန့်အသတ်တော့ ရှိပါသေးတယ် မဟုတ်ရင် ရှက်ရမှန်းမသိတဲ့ အဖိုးကြီးတွေပါ ထွက်လာကြလိမ့်မယ် အဲဒီလိုဆိုရင်တော့ ဆော့လို့မရတော့ဘူး"
"ကောင်းပါပြီ" မုန်လဲ့က ခေါင်းခါလိုက်ပြီး "ဆရာဒက်ခ် ဖလှယ်ရေးပြိုင်ပွဲက ဘယ်တော့ စမှာလဲ ဘယ်နေရာမှာ ကျင်းပမှာလဲ ပြီးတော့ ကျွန်တော် ဘာလုပ်ဖို့ လိုလဲ" ဟု မေးလိုက်လေသည်။
"တရားဝင်ပြိုင်ပွဲကတော့ လခွဲအကြာမှာ မြို့တော်မှာ ကျင်းပမှာ ဖြစ်တယ် ဒါပေမယ့် မြို့တော်ကို မသွားခင်မှာ ငါတို့ မီးနဂါးနိုင်ငံတော်က ကြိုတင်ပြီး လူရွေးချယ်ရလိမ့်မယ် အဲဒါကတော့ အရည်အချင်းစစ်ပြိုင်ပွဲပဲ" ဆရာဒက်ခ်က ရှင်းပြလေသည်။ "ဖလှယ်ရေးပြိုင်ပွဲရဲ့ စည်းမျဉ်းအရ နိုင်ငံတစ်ခုစီမှာ ပြိုင်ပွဲဝင်ခွင့် ငါးဆယ်ပဲ ရှိတယ် ဒီနေရာ ငါးဆယ်ကို အရည်အချင်းစစ်ပြိုင်ပွဲကနေ ရွေးချယ်မှာ ဖြစ်တယ်"
"နိုင်ငံတစ်ခုမှာ နေရာ ငါးဆယ်ပဲလား" မုန်လဲ့ တိတ်ဆိတ်သွားရလေသည်။
မီးနဂါးနိုင်ငံတော်ရဲ့ မြို့တော်တစ်ခုတည်းမှာတင် ကျောင်းတော် ခုနစ်ဆယ်ကျော် ရှိလေရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားပေါင်း တစ်သိန်းမက ရှိပေလိမ့်မည်။ ပြင်ပက စွမ်းအားရှင်တွေပါ ရှိနေသေးသဖြင့် ပြိုင်ဆိုင်မှုက တကယ်ကို ပြင်းထန်လှပေသည်။
"ဒါဆိုရင် ကျွန်တော်က အရည်အချင်းစစ်ပြိုင်ပွဲကို အရင် ဝင်ပြိုင်ရမှာပေါ့" မုန်လဲ့က မျက်ခုံးပင့်ကာ ပြောလိုက်လေသည်။
"ဟုတ်တယ်" ဆရာဒက်ခ်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "နှစ်ရက်အကြာမှာ တစ်ပတ်ကြာမယ့် အရည်အချင်းစစ်ပြိုင်ပွဲ စလိမ့်မယ် အဲဒီကနေ ရွေးချယ်ခံရတဲ့ ထူးချွန်သူတွေက ဆယ်ရက်မြောက်နေ့မှာ မြို့တော်ကို သွားပြီး မီးနဂါးနိုင်ငံတော် ကိုယ်စားပြုအဖြစ် ဖလှယ်ရေးပြိုင်ပွဲ ဝင်ပြိုင်ရလိမ့်မယ်" ဟု ပြောလိုက်လေသည်။
"ကျွန်တော် သိပါပြီ" မုန်လဲ့က ခေါင်းညိတ်လိုက်လေသည်။
"မုန်လဲ့ ဒီနှစ် အရည်အချင်းစစ်ပြိုင်ပွဲကို ဒေါ့ဂလပ်စ် မှော်ပညာကျောင်းတော်က တာဝန်ယူကျင်းပမှာ ဖြစ်တယ် နှစ်ရက်အကြာမှာ သွားပြိုင်ဖို့ မမေ့နဲ့ဦး"
"နားလည်ပါပြီ ဆရာဒက်ခ်"
မှော်ဆက်သွယ်ရေးစက်ကို ချလိုက်ပြီးနောက် မုန်လဲ့သည် သစ်သားဓာတ် နဂါးဘာသာစကား မှော်ပညာကို ဆက်လက် လေ့လာနေပြီး နှစ်ရက်အတွင်း သစ်သားဓာတ်ကို အပြီးသင်ယူရန် ကြိုးစားနေလေသည်။
နှစ်ရက်အကြာ နံနက်စောစောတွင် မုန်လဲ့သည် စောစောထကာ အားလုံးပြင်ဆင်ပြီးနောက် အပြင်သို့ ထွက်လာခဲ့လေသည်။
တိုက်ခန်းထဲမှ ထွက်လာသည်နှင့် ဝတုတ်လေးနှင့် ဒန်နီရယ်တို့ကို တွေ့လိုက်ရပြီး ၎င်းတို့နှစ်ဦးမှာ အလွန် စိတ်လှုပ်ရှားနေကြပေသည်။
"အစ်ကိုကြီး အရည်အချင်းစစ်ပြိုင်ပွဲရဲ့ ချန်ပီယံကတော့ အစ်ကိုကြီးကလွဲရင် ဘယ်သူမှ မဖြစ်နိုင်ဘူး ကျွန်တော်တို့ ကြိုတင် ဂုဏ်ပြုပါတယ်" ဝတုတ်လေးက ဟီးဟီး ရယ်ကာ ပြောလိုက်လေသည်။
"မင်းပြောသလို ဖြစ်ပါစေ" မုန်လဲ့က ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းကာ မှော်ကော်ဇောပျံကို ထုတ်လိုက်ရင်း "အတူတူ သွားကြစို့" ဟု ပြောလိုက်လေသည်။
"အစ်ကိုကြီးကလည်း တကယ်ပဲ ရွှေဒင်္ဂါး ဘီလီယံချီ ချမ်းသာနေတဲ့သူက ဒီလို ကော်ဇောစုတ်ကြီးကို စီးနေတုန်းပဲ အဆင့်အတန်း ကျမနေဘူးလား"
ဝတုတ်လေးက မှော်ကော်ဇောပျံကို မလိုချင်သလို ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ရွှေရောင် တောက်ပနေသည့် မှော်စွမ်းအင်သုံး ပျံသန်းယာဉ်တစ်စီးကို ထုတ်လိုက်လေသည်။ ၎င်း၏ အသွင်သဏ္ဌာန်မှာ လင်းယုန်ငှက်နှင့် တူသော်လည်း နဂါးခေါင်း ပါရှိပြီး တစ်ကိုယ်လုံးတွင် ရွှေရောင် နဂါးအကြေးခွံများ ပြည့်နှက်နေပေသည်။
စကားလုံး လေးလုံးတည်းဖြင့် ပြောရလျှင် အလွန် ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားလှပေသည်။
"သွားကြစို့ ကျွန်တော့်ယာဉ် စီးသွားရအောင်" ဝတုတ်လေးက ဆံပင်ကို ခါလိုက်ပြီး အလွန် ကြွားဝါသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဟာ ဒါက နောက်ဆုံးထွက် နဂါးလင်းယုန် မှော်ယာဉ် မဟုတ်ဘူးလား တစ်စီးကို ရွှေဒင်္ဂါး ငါးသန်းကျော် တန်တာကို ဝတုတ်လေး မင်း ဘယ်ကနေ ရလာတာလဲ" ဒန်နီရယ်မှာ ရုတ်တရက် ပေါ်လာသည့် ရွှေရောင်ယာဉ်ကြီးကို ကြည့်ကာ အံ့ဩမှင်တက်သွားရလေသည်။
"ဟားဟား ဒါက မကြာသေးခင်က အစ်ကိုကြီးနောက် လိုက်ရင်းနဲ့ ပိုက်ဆံနည်းနည်း ရလာလို့ပါ" ဝတုတ်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ဟီးဟီး မင်းလည်း သိပါတယ်" ဟု ပြောလိုက်လေသည်။
'ငါ ပေးတဲ့ ဆုကြေးတွေကို မင်းက ယာဉ်ဝယ်ဖို့ အကုန် သုံးပစ်လိုက်တာလား' မုန်လဲ့က ဝတုတ်လေးကို ကြည့်ကာ တွေးလိုက်မိသည်။ သူက ဝတုတ်လေးကို ဆုကြေးအိတ်နီ အကြိမ်ကြိမ် ပေးခဲ့ဖူးရာ စုစုပေါင်း နှစ်သန်း သုံးသန်းခန့် ရှိပေလိမ့်မည်။ အကုန် သုံးပစ်လိုက်တာလား။
"ကျွန်တော်က စားဖို့ သောက်ဖို့ ဝတ်ဖို့ မပူရတော့ ကျွန်တော့် အဆင့်အတန်းနဲ့ လိုက်ဖက်မယ့် ယာဉ်အကောင်းစားတစ်စီးပဲ လိုတော့တာ အမှန်အတိုင်းပြောရရင် အဘိုးကြီးရဲ့ ယာဉ်ကို ကျွန်တော် သွားရည်ကျနေတာ ကြာပြီ" ဝတုတ်လေးက ဟီးဟီး ရယ်ကာ ဆက်ပြောလေသည်။
"အမြဲတမ်း ခိုးစီးဖို့ ကြံစည်ပေမယ့် အဘိုးကြီးက အရမ်း စောင့်ကြည့်နေတော့ အခွင့်အရေး မရဘူး အဲဒါကြောင့် သူ့ထက် ပိုပြီး ခန့်ညားတဲ့ ယာဉ်တစ်စီး သေချာပေါက် ဝယ်မယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့တာ အခုတော့ နောက်ဆုံးမှာ ဆန္ဒပြည့်ဝသွားပြီဆိုတော့ ကျွန်တော် အရမ်း ပျော်တာပေါ့"
'ဖြုန်းတီးလိုက်တာ' မုန်လဲ့၏ နှုတ်ခမ်းများ တွန့်သွားရလေသည်။
"ဟားဟား သွားကြစို့" ဝတုတ်လေးက ယာဉ်တံခါးကို ဖွင့်ပေးလိုက်ပြီး "ဒီနေ့က အစ်ကိုကြီး အစွမ်းပြရမယ့် နေ့ပဲ အစ်ကိုကြီးရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်မယ့် ယာဉ်မျိုးကို စီးရမှာပေါ့" ဟု ပြောလိုက်လေသည်။
"အစ်ကိုကြီး ယာဉ်ပေါ်တက်ပါ"
ရွှေဒင်္ဂါး ငါးသန်းတန် မှော်ယာဉ်မှာ သဘာဝအတိုင်း အလွန် ခန့်ညားလှသဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားသည်နှင့် အားကျပြီး အံ့ဩနေကြသည့် အကြည့်များစွာကို ဆွဲဆောင်လိုက်လေသည်။
ဝတုတ်လေးကတော့ တမင်တကာ ကြွားဝါချင်သဖြင့် ကျောင်းဝင်းထဲတွင် အလွန် နှေးကွေးစွာ ပတ်မောင်းနေလေရာ ကျောင်းသားများ၏ အားကျမနာလို ဖြစ်နေကြသည့် အော်ဟစ်သံများစွာ ထွက်ပေါ်လာတော့သည်။ ထိုအော်ဟစ်သံများကို ကြားရသောအခါ ဝတုတ်လေး၏ ဂုဏ်မောက်မှုမှာ အလွန် ပြည့်ဝသွားပြီး ထိုအခါမှသာ အလွန် ကျေနပ်စွာဖြင့် ကျောင်းတော်မှ ထွက်ခွာလာခဲ့လေသည်။
အဲဒီနောက်မှာတော့... ထပ်ပြီး ကြွားဝါပြန်လေသည်။ လူများသည့် နေရာတွင် နှေးနှေးမောင်းပြီး လူနည်းသည့် နေရာတွင် မြန်မြန်မောင်းလေသည်။ ထိုသို့ ကြွားဝါနေသည့် ပုံစံကို ကြည့်ပြီး မုန်လဲ့မှာ ရိုက်ချင်စိတ် ပေါက်လာကာ "ဝတုတ်လေး မင်း ဒီလို အမြန်နှုန်းနဲ့ မောင်းနေရင် နောက်နှစ်ကျမှ ဒေါ့ဂလပ်စ် ကျောင်းကို ရောက်လိမ့်မယ်" ဟု ပြောလိုက်လေသည်။
"ဟီးဟီး" ဝတုတ်လေးက ရယ်လိုက်ပြီး ထိန်းချုပ်မောင်းတံကို ဆွဲလိုက်ရာ မှော်ယာဉ်မှာ ချက်ချင်း မြန်ဆန်သွားပြီး အလင်းတန်းတစ်ခုအလား ပျံသန်းသွားလေတော့သည်။ ထို့နောက် ၁၀ မိနစ်ခန့် အချိန်တိုအတွင်းမှာပင် ဒေါ့ဂလပ်စ် ကျောင်းတော်သို့ ရောက်ရှိသွားခဲ့သည်။
"မိနစ်ပိုင်းပဲ သွားရမယ့် လမ်းကို မင်းက တစ်နာရီလောက် အချိန်ဖြုန်းပစ်တယ်" မုန်လဲ့က နာရီကို ကြည့်လိုက်ပြီး "ဝတုတ်လေး မင်းလည်း တကယ်ပဲ" ဟု ပြောလိုက်လေသည်။
ဒေါ့ဂလပ်စ် ကျောင်းတော်တွင် လူများမှာ အလွန် ပြည့်နှက်နေပြီး ကျောင်းတံခါးဝတွင် လူတန်းကြီးများစွာ ရှိနေသဖြင့် မုန်လဲ့ အနည်းငယ် ခေါင်းကိုက်သွားရလေသည်။ 'ဒီလောက် လူအများကြီးကို ဘယ်အချိန်အထိ တန်းစီရမှာလဲ'
ဝတုတ်လေးကမူ "အစ်ကိုကြီး အပေါ်က စာတန်းကို ကြည့်လိုက် ပြိုင်ပွဲဝင်တွေအတွက် သီးသန့်လမ်း ရှိတယ်" ဟု ပြောလိုက်လေသည်။
မုန်လဲ့ လှမ်းကြည့်လိုက်ရာ ကျောင်းတံခါးဝတွင် စာတန်းအချို့ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရပြီး အဲဒီထဲက စာတန်းတစ်ခုပေါ်တွင် ရွှေရောင် စာလုံးကြီးများဖြင့် ရေးသားထားလေသည်။ "ပြိုင်ပွဲဝင်များ ဘေးတံခါး သီးသန့်လမ်းမှ ကြွပါ"
ကျန်သည့် စာတန်းများတွင်မူ အခြား အချက်အလက်များကို ပြသထားလေသည်။ ဥပမာ ကျောင်းပြင်ပလူများ ဝင်ရောက်ကြည့်ရှုပါက ပိုက်ဆံ ဘယ်လောက် ပေးရမည် အတွင်းထဲသို့ ဘယ်လိုသွားရမည် ဘယ်နေရာမှာ ထိုင်ရမည် စသဖြင့် ရေးသားထားလေသည်။
"ဟာ ကြည့်ရှုခက ရွှေဒင်္ဂါး ၂,၀၀၀ တောင် ပေးရတာလား"