အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း ၁၂၆။ မြေဆွဲအား ဟင်းလင်းပြင်၊ စင်မြင့်ထက်မှ အုပ်စုဖွဲ့ တိုက်ပွဲ
လေးနှစ်တစ်ကြိမ် ကျင်းပသော ကျောင်းတော် ဖလှယ်ရေး ပြိုင်ပွဲကြီးမှာ နဂါးနတ်ဘုရား အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်စေသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်လေသည်။ မရေမတွက်နိုင်သော ကျောင်းတော်များ မရေမတွက်နိုင်သော ပါရမီရှင်များ မရေမတွက်နိုင်သော စွမ်းအားရှင်များ ပါဝင်ကြမည်ဖြစ်ပြီး မရေမတွက်နိုင်သော မှူးမတ်များ ကုန်သည်များနှင့် သာမန်ပြည်သူများကို ဆွဲဆောင်ထားနိုင်လေသည်။
ဤပြိုင်ပွဲ၏ စိတ်ဝင်စားမှု မြင့်မားပုံမှာ ကမ္ဘာပေါ်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲထက်ပင် အဆပေါင်းများစွာ သာလွန်ပေသည်။ ဤအချက်ကို ယနေ့ ကျင်းပသော အရည်အချင်းစစ် ပြိုင်ပွဲကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။
လူအုပ်ကြီးမှာ ပင်လယ်ပြင်အလား ပြည့်နှက်နေပြီး အလွန် စည်ကားသိုက်မြိုက်လှသည်။ ရွှေဒင်္ဂါး ၂၀၀၀ အထိ ပေးရသော ကြည့်ရှုခကပင် လူအများ၏ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပေ။
"တစ်ယောက်ကို ရွှေဒင်္ဂါး ၂၀၀၀"
"တစ်ရက်တည်းနဲ့တင် ရွှေဒင်္ဂါး သန်းရာချီပြီး မမြတ်သွားဘူးလား"
မုန်လဲ့ ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်မိသည်။ သူကိုယ်တိုင် အသေအလဲ ကြိုးစားရှာဖွေမှ ရွှေဒင်္ဂါး ဘီလီယံအနည်းငယ်သာ ရခဲ့သော်လည်း ဒေါ့ဂလပ်စ် ကျောင်းတော်ကမူ အေးအေးဆေးဆေး ထိုင်နေရုံဖြင့် သန်းရာချီ ရနေသည်မဟုတ်ပါလော။
"လူတစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ရင် သေချင်စရာပဲ"
မုန်လဲ့က ဝတုတ်လေးကို နှုတ်ဆက်လိုက်ပြီး ပြိုင်ပွဲဝင်များအတွက် သီးသန့် ပြင်ဆင်ထားသော လမ်းကြောင်းဆီသို့ လျှောက်သွားလိုက်လေသည်။
ကြီးမားလှသော ပရိသတ်အရေအတွက်နှင့် ယှဉ်လျှင် ပြိုင်ပွဲဝင် အရေအတွက်မှာ အလွန် နည်းပါးလှပေသည်။ မုန်လဲ့သည် ဒေါ့ဂလပ်စ် ကျောင်းတော်ထဲသို့ ဝင်ရောက်လာပြီး စာရင်းသွင်းသည့်နေရာသို့ ရောက်ရှိလာခဲ့သည်။
စာရင်းသွင်းရန် တန်းစီစောင့်ဆိုင်းနေသော ပြိုင်ပွဲဝင်များ မနည်းလှသော်လည်း အများစုမှာ ခန္ဓာကိုယ် တောင့်တင်းသန်စွမ်းသော စစ်သည်တော်များသာ ဖြစ်ကြလေသည်။
မှော်ဆရာများမှာမူ စစ်သည်တော်များ၏ ဆယ်ပုံတစ်ပုံပင် မရှိချေ။ မဟုတ်သေး အဆနှစ်ဆယ်ပုံ တစ်ပုံပင် မရှိပေ။
"မင်္ဂလာပါ မှော်တံဆိပ်လေး ပြပေးပါ"
"ရော့"
မုန်လဲ့က မှော်တံဆိပ်ကို ကမ်းပေးလိုက်လေသည်။
စာရင်းသွင်းရာတွင် တာဝန်ကျသော ကျောင်းသားက လှမ်းယူလိုက်ပြီး ကတ်ဖတ်စက်နှင့် တူသော မှော်ပစ္စည်းတစ်ခုပေါ်တွင် ဖြည်းညင်းစွာ ပွတ်ဆွဲလိုက်သည်။ တီတီ ဟူသော အသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် မုန်လဲ့၏ ကိုယ်ရေးအချက်အလက်များ ထွက်ပေါ်လာလေသည်။
မှော်တံဆိပ်။
ကမ္ဘာပေါ်ရှိ ကျောင်းသားကတ် သို့မဟုတ် မှတ်ပုံတင်ကတ်နှင့် ဆင်တူပြီး ၎င်း၏အထဲတွင် ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များ အားလုံးကို သိမ်းဆည်းထားလေသည်။
အမည် အသက် ကျောင်းတော်...
"မုန်လဲ့ အသက် ၁၆ နှစ် မီး အင် ခင်ဗျားက မုန်လဲ့လား"
တာဝန်ကျ ကျောင်းသားက အံ့ဩတကြီး အော်ဟစ်လိုက်ပြီး မုန်လဲ့ကို အလွန် ဝမ်းသာအားရ ကြည့်လိုက်လေသည်။ ထိုအကြည့်များမှာ သူ၏ လေးစားအားကျရသူကို မြင်တွေ့လိုက်ရသကဲ့သို့ အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေပုံပေါ်လေသည်။
ထိုအော်ဟစ်သံက အနည်းငယ် ကျယ်လောင်သွားသဖြင့် တန်းစီစောင့်ဆိုင်းနေသော ပြိုင်ပွဲဝင်များက လှည့်ကြည့်လာကြပြီး မုန်လဲ့ကို ပြိုင်တူ ကြည့်လိုက်ကြလေသည်။
"ကျွန်တော့်ကို သိလို့လား"
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားလေသည်။
"သိတာပေါ့ သိတာပေါ့"
ထိုကျောင်းသားက အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး စကားများပင် ထစ်ငေါ့လာလေသည်။ "မြို့တော်တစ်ခုလုံးမှာ အစ်ကိုကြီးကို မသိတဲ့သူ ဘယ်သူရှိလို့လဲ အစ်ကိုကြီးက ကျွန်တော်တို့ မီးနဂါး နိုင်ငံတော် သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး အဆင့်ကိုး မဟာမှော်ဆရာကြီးလေ ပုရွက်ဆိတ်လှိုင်းလုံးကြီးကို နောက်ဆုတ်သွားအောင် လုပ်ခဲ့တဲ့ သူရဲကောင်းကြီးကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ"
"အိုကေ သတင်းပျံ့တာ တော်တော် မြန်တာပဲ"
မုန်လဲ့ ပြုံးလိုက်လေသည်။
"သူက မုန်လဲ့လား တကယ်ပဲ ငယ်ရွယ်တာပဲ"
"မုန်လဲ့တောင် လာပြိုင်လိမ့်မယ်လို့ မထင်ထားဘူး အရည်အချင်းစစ်ပြိုင်ပွဲမှာ သူနဲ့ မဆုံပါစေနဲ့လို့ပဲ ဆုတောင်းရမယ် မဟုတ်ရင်တော့ ကံဆိုးပြီပဲ"
"မုန်လဲ့ ဆိုတာ ဘယ်သူလဲ အရမ်း စွမ်းလို့လား"
"ဟာ မင်းက မုန်လဲ့ကိုတောင် မသိဘူးလား"
စာရင်းသွင်းနေသော ပြိုင်ပွဲဝင်များက လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြလေသည်။
မုန်လဲ့။
မကြာသေးမီက မြို့တော်တွင် နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ အသက် ၁၆ နှစ်ပင် မပြည့်သေးဘဲ အဆင့်ကိုး မဟာမှော်ဆရာကြီး ဖြစ်လာခဲ့ပြီး ပုရွက်ဆိတ်လှိုင်းလုံးကြီးကို တစ်ယောက်တည်း အင်အားဖြင့် နောက်ဆုတ်သွားစေခဲ့သူ ဖြစ်ရာ မည်မျှပင် အံ့မခန်း ပါရမီရှင် ဖြစ်နေမည်နည်း။
ထို့ကြောင့် သူ့ကို မရေမတွက်နိုင်သော လူများက မီးနဂါး နိုင်ငံတော် သမိုင်းတစ်လျှောက် လေ့ကျင့်မှု အမြန်နှုန်း အမြန်ဆုံး အသက်အငယ်ဆုံး လေ့ကျင့်သည့် အချိန်အတိုဆုံး အဆင့်ကိုး မဟာမှော်ဆရာကြီး အဖြစ် သတ်မှတ်ထားကြလေသည်။
အကောင်းဆုံး သုံးခု ဆိုသည်မှာ မည်မျှ ကြီးမြတ်သော ဂုဏ်ကျက်သရေ ဖြစ်သနည်း။
ခဏတာအတွင်း ပြိုင်ပွဲဝင်များက မုန်လဲ့ကို ကြည့်ရှုနေကြသည့် အကြည့်များမှာ အလွန် ရှုပ်ထွေးနေလေသည်။ အချို့က မျက်နှာတည်သွားကြပြီး အချို့က နှာခေါင်းရှုံ့ကြကာ အချို့က အားကျမနာလို ဖြစ်နေကြပြီး အချို့ကမူ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေကြလေသည်။
မုန်လဲ့။
သေချာပေါက် ပြိုင်ဘက်ကောင်း တစ်ယောက်ပင် ဖြစ်လေသည်။
လူအများအပြား၏ စိုက်ကြည့်ခြင်းကို ခံနေရသော်လည်း မုန်လဲ့ကမူ တည်ငြိမ်အေးဆေးစွာပင် ရှိနေလေသည်။ ကောင်းကင်ယံတိုက်ကြီးသို့ စရောက်ခါစကသာ ဆိုလျှင် သူ အလွန် နေရခက်ပြီး စိုးရိမ်ထိတ်လန့်နေမိမည် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ...
လေပြေလေညင်း တိုက်ခတ်သွားသကဲ့သို့ တည်ငြိမ်နေလေသည်။
"မုန်လဲ့ အစ်ကိုကြီး စာရင်းသွင်းလို့ ပြီးပါပြီ"
"ကျေးဇူးပဲ"
စာရင်းသွင်းသည့် နေရာမှ ထွက်ခွာလာပြီးနောက် မြေပြင်ပေါ်ရှိ အမှတ်အသားများနှင့် လမ်းညွှန်များအတိုင်း လိုက်လာရာ ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
နန်းတော်တွင် တံခါးကြီး နှစ်ပေါက် ရှိလေသည်။
ဘယ်တစ်ပေါက် ညာတစ်ပေါက်။
အလယ်တွင် သတင်းအချက်အလက် ဆိုင်းဘုတ်တစ်ခု စိုက်ထူထားလေသည်။
"စစ်သည်တော်များ ဘယ်ဘက်တံခါးမှ ဝင်ပါ"
"မှော်ဆရာများ ညာဘက်တံခါးမှ ဝင်ပါ"
"ဤအဆင့်မှာ အခြေခံစွမ်းအားကို စစ်ဆေးမည့် ပဏာမ အဆင့် ဖြစ်သည်"
"အဆင့်ခုနစ်အထက် စွမ်းအားရှင်များသာ ဖြတ်သန်းနိုင်မည် ဖြစ်ပြီး အဆင့်ခုနစ် စွမ်းအား မရှိသူများ သတိပြု၍ ဝင်ပါ မဟုတ်ပါက အသက်အန္တရာယ် ရှိနိုင်သည်"
"အဆင့်ခုနစ် အသက်အန္တရာယ် ရှိနိုင်တယ်"
မုန်လဲ့ မျက်ခုံးပင့်လိုက်မိပြီး အနည်းငယ် အံ့အားသင့်သွားလေသည်။
အဆင့်ခုနစ် ဆိုသည်မှာ သိပ်မစွမ်းဟု ထင်ရသော်လည်း လက်ရှိ ကျောင်းသားများ ရောက်ရှိနိုင်သည့် အဆင့်မျိုး မဟုတ်တော့ပေ။ ဤတစ်ဆင့်တည်းနှင့်ပင် လက်ရှိ ကျောင်းသားများ အားလုံးနီးပါးကို ပြုတ်ကျသွားစေနိုင်ပေသည်။
သေချာပေါက် သူကဲ့သို့သော ပါရမီရှင်များ မပါဝင်ပေ။
"အနည်းဆုံး အဆင့်ခုနစ်"
ပြိုင်ပွဲဝင် အများအပြား၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားကြလေသည်။ ထိုအချိန်တွင် ဘယ်ဘက်တံခါးထဲမှ လူတစ်ယောက် ရုတ်တရက် ထွက်ပြေးလာလေသည်။
ထိုလူမှာ အပြင်သို့ ပစ်ပေါက်ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားပြီး ရင်ဘတ်များ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အသက်ပြင်းပြင်း ရှူနေလေသည်။
တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး အလွန် သနားစရာကောင်းသော အခြေအနေသို့ ရောက်နေလေသည်။
"ဘာဖြစ်တာလဲ"
"မအောင်မြင်ဘူးလား"
ပြိုင်ပွဲဝင်များက ထိုလူကို ဝိုင်းကြည့်လိုက်ကြလေသည်။ ဧရာမပုဆိန်ကြီးကို ကိုင်ဆောင်ထားသော လူသန်ကြီးတစ်ယောက်က အရှေ့သို့ တိုးလာပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။ "အစ်ကိုကြီး ဘာဖြစ်လာတာလဲ ဘာလို့ ဒီလောက်တောင် သနားစရာ ကောင်းနေရတာလဲ"
ထိုလူက ခါးသီးစွာ ပြုံးလိုက်ပြီး ကြောက်လန့်တကြားဖြင့် ပြန်ဖြေလေသည်။ "မြေဆွဲအား ဟင်းလင်းပြင် အထဲမှာ မြေဆွဲအား ဟင်းလင်းပြင် ရှိတယ် စွမ်းအားမပြည့်မီတဲ့သူတွေ သတိထားပြီးမှ ဝင်ကြနော်"
"မြေဆွဲအား ဟင်းလင်းပြင်"
အားလုံး၏ မျက်နှာများ အနည်းငယ် ပျက်ယွင်းသွားကြလေသည်။
"ငါ အထဲဝင်သွားတော့ အတွင်းကို ရောက်လေလေ မြေဆွဲအားက ပိုပြင်းလေလေပဲ တစ်ဝက်လောက် ရောက်တော့ တစ်ကိုယ်လုံး အရမ်း လေးလံလာပြီး အရိုးတွေတောင် ကျိုးတော့မလို ဖြစ်လာတယ် ဘာမှလုပ်မရတဲ့အဆုံး ငါ နောက်ပြန်ဆုတ်လာခဲ့ရတာပဲ"
"ဒီလောက်တောင် ကြောက်စရာကောင်းတာလား"
ပုဆိန်ကိုင် လူသန်ကြီးက အလျင်စလို မေးလိုက်လေသည်။ "အစ်ကိုကြီးရဲ့ စွမ်းအားက ဘယ်အဆင့်လဲ"
"အဆင့်ခြောက် နှောင်းပိုင်း"
"အဆင့်ခြောက် နှောင်းပိုင်းတောင် တစ်ဝက်ပဲ သွားနိုင်တာလား"
ပြိုင်ပွဲဝင်များ ထိုစကားကို ကြားသောအခါ နောက်ဆုတ်ချင်စိတ်များ ပေါက်လာကြလေသည်။ သူတို့ထဲမှ အများစုမှာ ဤလူထက် သိပ်ပြီး မစွမ်းကြပေ။ ဤလူပင် တစ်ဝက်အထိသာ သွားနိုင်သည်ဆိုလျှင်...
"မြေဆွဲအား ဟင်းလင်းပြင်"
မုန်လဲ့ ချက်ချင်း သဘောပေါက်သွားလေသည်။ "ဒီအဆင့်က တကယ်ပဲ အခြေခံစွမ်းအားကို စစ်ဆေးတာကိုး"
စစ်သည်တော်များ၏ အခြေခံဆိုသည်မှာ အဘယ်နည်း။
သေချာပေါက် ခန္ဓာကိုယ် ကြံ့ခိုင်မှုပင် ဖြစ်လေသည်။
မြေဆွဲအားကို အသုံးပြု၍ စစ်ဆေးခြင်း ဖြစ်လေသည်။
ခန္ဓာကိုယ် ကြံ့ခိုင်သူများက အောင်မြင်မည်။
ခန္ဓာကိုယ် အားနည်းသူများက ကျရှုံးမည်။
အစစ်အမှန် စွမ်းအားကို စစ်ဆေးခြင်း ဖြစ်ရာ အလိမ်အညာဖြင့် ဖြတ်သန်း၍ မရနိုင်ပေ။
"မြေဆွဲအား ဟင်းလင်းပြင် ဆိုတာ တစ်ခါမှ မကြုံဖူးသေးဘူး"
မုန်လဲ့၏ မျက်လုံးများ လည်သွားပြီး ဘယ်ဘက်တံခါးထဲသို့ ဝင်သွားလေတော့သည်။
"အဲ"
"သူက မှော်ဆရာ မဟုတ်ဘူးလား ဘာလို့ စစ်သည်တော် အပေါက်ကနေ ဝင်သွားတာလဲ"
မုန်လဲ့၏ ရွေးချယ်မှုကြောင့် သူ့ကို အမြဲ စောင့်ကြည့်နေသော ပြိုင်ပွဲဝင်များမှာ လုံးဝ နားမလည်နိုင် ဖြစ်သွားကြလေသည်။ မှော်ဆရာ တစ်ယောက် ဖြစ်လျက်နှင့် မှော်ဆရာ လမ်းကြောင်းက မသွားဘဲ စစ်သည်တော် တံခါးက ဝင်သွားသည်မှာ မည်သို့သော ကိစ္စနည်း။
မြေဆွဲအား ဟင်းလင်းပြင် ဆိုသည်မှာ အပြင်ပန်းကြည့်လျှင် ပိတ်လှောင်ထားသော စင်္ကြံလမ်းတစ်ခု သို့မဟုတ် ဥမင်လှိုဏ်ခေါင်း တစ်ခုနှင့် တူလေသည်။ မြေပြင် နံရံနှင့် မျက်နှာကြက်များပေါ်တွင် မြေဆွဲအား မှော်အစီအရင်များကို ရေးဆွဲထားပြီး အချိန်တိုင်း မြေဆွဲအားများကို သက်ရောက်စေလေသည်။
ထိုအထဲသို့ ဝင်ရောက်သွားပြီးနောက် မုန်လဲ့သည် တစ်ကိုယ်လုံး လေးလံသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်မြင်မရသော သံကြိုးများ ခတ်ထားခံရသကဲ့သို့ ဖြစ်နေလေသည်။ ဤသည်မှာ မြေဆွဲအားပင် ဖြစ်သည်။
နေရာတိုင်းတွင် ရှိနေသော မြေဆွဲအား။
ဤမျှလောက် မြေဆွဲအားလေးက မုန်လဲ့အတွက်မူ သေချာပေါက် ဘာမှမဟုတ်ပေ။ သူက အေးအေးဆေးဆေး လမ်းလျှောက်နေသကဲ့သို့ ရှေ့သို့ ဆက်သွားနေလေသည်။
ထို့နောက် ဘာမှမဖြစ်သကဲ့သို့ မြေဆွဲအား ဟင်းလင်းပြင်ထဲမှ တစ်ဟုန်ထိုး ထွက်လာခဲ့ပြီး ပဏာမ အဆင့် စစ်ဆေးမှုကို အောင်မြင်သွားခဲ့လေသည်။
ထို့နောက် တိုက်ပွဲကွင်းနှင့် တူသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။ အရှေ့တွင် မြေပြင်မှ မီတာအနည်းငယ် မြင့်သော တိုက်ပွဲစင်မြင့် တစ်ခုရှိပြီး ပတ်ပတ်လည်တွင် ပရိသတ်များ အတန်းလိုက် ထိုင်နေကြလေသည်။
ဤမြင်ကွင်းကို သူ ရင်းနှီးနေလေသည်။ ယခင်က မီးတောက် တိုက်ပွဲကွင်းတွင် ဝင်ပြိုင်စဉ်ကလည်း ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လေသည်။
"တိုက်ပွဲကွင်းကို ဘယ်လိုလုပ် ရောက်လာတာလဲ"
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားလေသည်။
ပရိသတ်ခုံပေါ်မှ ကြည့်ရှုသူများကမူ ကြောင်အမ်းမနေကြပေ။ သူတို့က မုန်လဲ့ကို ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ တောက်ပနေကြလေသည်။
"နံပါတ် ၁၀၀ မြောက် ရောက်လာပြီ"
"ဟားဟား နံပါတ် ၁၀၀ မြောက် ရောက်လာပြီ"
"နောက်ဆုံးတော့ လူ ၁၀၀ ပြည့်သွားပြီ ပြိုင်ပွဲကို မြန်မြန် စလိုက်တော့"
"ဘာဖြစ်တာလဲ"
မုန်လဲ့ အနည်းငယ် ခေါင်းမူးသွားလေသည်။ "ဘာ ၁၀၀ လဲ"
"ဒီက ပြိုင်ပွဲဝင်"
မုန်လဲ့ လုံးဝ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် ဝန်ထမ်းတစ်ဦးက အမြန် ပြေးလာလေသည်။ "ဒီက လူကြီးမင်း ခင်ဗျားက ပဏာမ စစ်ဆေးမှုကို အောင်မြင်တဲ့ နံပါတ် ၁၀၀ မြောက် ပြိုင်ပွဲဝင် ဖြစ်ပါတယ် ကျေးဇူးပြုပြီး တိုက်ပွဲစင်မြင့်ပေါ်ကို အခုချက်ချင်း တက်ပါ အခုချက်ချင်း စတင်မယ့် အုပ်စုဖွဲ့ တိုက်ပွဲကို ပြင်ဆင်ပါ"
ထိုဝန်ထမ်း၏ ရှင်းပြချက်ကို နားထောင်ပြီးမှသာ မုန်လဲ့ ဘာဖြစ်နေမှန်း သဘောပေါက်သွားလေသည်။
ပဏာမ စစ်ဆေးမှု ပြီးနောက် စင်မြင့်ထက် တိုက်ပွဲ ဖြစ်လေသည်။ စင်မြင့်ထက် တိုက်ပွဲမှာ တစ်ယောက်ချင်း ယှဉ်ပြိုင်ရခြင်း မဟုတ်ဘဲ လူတစ်ရာ အုပ်စုဖွဲ့ တိုက်ပွဲပင် ဖြစ်လေသည်။
ပြိုင်ပွဲဝင် ၁၀၀ ကို တစ်အုပ်စု ဖွဲ့၍ ပြင်းထန်သော အုပ်စုဖွဲ့ သတ်ဖြတ်မှုများ ပြုလုပ်ရမည် ဖြစ်ပြီး နောက်ဆုံးတွင် စင်မြင့်ပေါ်၌ ၁၀ ယောက်သာ ကျန်ရစ်မည် ဖြစ်လေသည်။
ထို ၁၀ ယောက်မှာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရမည် ဖြစ်လေသည်။
မုန်လဲ့မှာ ကံမကောင်းစွာဖြင့် ပဏာမ စစ်ဆေးမှုကို အောင်မြင်သော နံပါတ် ၁၀၀ မြောက် လူဖြစ်နေသဖြင့် အုပ်စုဖွဲ့ တိုက်ပွဲကို ချက်ချင်း ဝင်ပြိုင်ရမည် ဖြစ်ပြီး နားနေချိန်ပင် မရလိုက်ချေ။
"အုပ်စုဖွဲ့ တိုက်ပွဲ ဒီအကြံကို ဘယ်ကောင် စဉ်းစားလိုက်တာလဲ"
မုန်လဲ့ လုံးဝ စကားဆွံ့အသွားသော်လည်း တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ကျန်ရှိသော ပြိုင်ပွဲဝင် ၉၉ ယောက်၏ ရန်လိုသော အကြည့်များကို မုန်လဲ့ ခံစားလိုက်ရလေသည်။
လူ ၁၀၀ အုပ်စုဖွဲ့ တိုက်ပွဲ။
၁၀ ယောက်သာ ချန်ထားမည်။
အားလုံးက ရန်သူများသာ ဖြစ်ကြလေသည်။
"ဧည့်သည်တော်များ ခင်ဗျာ"
"ပရိသတ်များ ခင်ဗျာ"
"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ"
"ဒီနှစ် ဖလှယ်ရေးပြိုင်ပွဲရဲ့ အရည်အချင်းစစ်ပြိုင်ပွဲကို ရောက်ရှိလာကြတဲ့ အားလုံးကို ကြိုဆိုပါတယ် ကျွန်တော်ကတော့ ဒီနေ့ရဲ့ အစီအစဉ်တင်ဆက်သူ ဂျင်မ် ပါ"
မှော်ဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း နဂါးလူသား တစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာပြီး တိုတောင်း၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြိုင်ပွဲအကြို မိန့်ခွန်းကို ပြောကြားလိုက်လေသည်။
ထို့နောက် သူက အုပ်စုဖွဲ့တိုက်ပွဲ၏ စည်းမျဉ်းများကို ရှင်းပြလေသည်။ စည်းမျဉ်းဟု ဆိုသော်လည်း တကယ်တမ်းတွင် စည်းမျဉ်း မရှိပေ။ အဓိက အချက် တစ်ချက်တည်းသာ ရှိလေသည်။
တတ်နိုင်သမျှ စင်မြင့်ပေါ်တွင် ကျန်ရှိနေအောင် နေရန်ပင် ဖြစ်လေသည်။
သိုသိုသိပ်သိပ် နေသည်ဖြစ်စေ အင်အားသုံး၍ ဖိနှိပ်သည်ဖြစ်စေ စင်မြင့်ပေါ်တွင် ကျန်ရှိနေနိုင်ပါက အောင်ပွဲခံနိုင်မည် ဖြစ်လေသည်။
ဤကဲ့သို့သော ပြိုင်ပွဲစနစ်မှာ သိသိသာသာကို မတရားပေ။ အခြေခံ စစ်ဆေးမှုကို နောက်ဆုံးမှ အောင်မြင်လာသော မုန်လဲ့ကဲ့သို့သော ပြိုင်ပွဲဝင်များအတွက် ပို၍ပင် မတရားပေ။
ထို့အပြင် ဟာကွက်များစွာလည်း ရှိလေသည်။ သိကျွမ်းသူများ အုပ်စုဖွဲ့ခြင်း အားနည်းသူများ ပူးပေါင်းခြင်း အစွမ်းထက်သူများ ပစ်မှတ်ထားခံရခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆုံးတွင် စင်မြင့်ပေါ်၌ ကျန်ရစ်သူများမှာ အစွမ်းအထက်ဆုံးသူများ မဟုတ်နိုင်ချေ။
သို့သော် မတတ်နိုင်ပေ။ ဤသည်ကပင် စည်းမျဉ်း ဖြစ်လေသည်။
အလွှာအတန်း ခွဲခြားမှု ကြီးမားပြီး အစွမ်းထက်သူများကိုသာ လေးစားသော ဤလောကတွင် တရားမျှတမှု ဆိုသည်မှာ ဘယ်သောအခါမှ မရှိခဲ့ပေ။
"အခု အရည်အချင်းစစ်ပြိုင်ပွဲရဲ့ ပထမဆုံး စင်မြင့်ထက် တိုက်ပွဲကို တရားဝင် စတင်ကြောင်း ကြေညာပါတယ်"
"ဝုန်း"
အစီအစဉ်တင်ဆက်သူ၏ အသံ ဆုံးသွားသည်နှင့် တစ်ကွင်းလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး မရေမတွက်နိုင်သော မျက်လုံးများက တိုက်ပွဲစင်မြင့်ဆီသို့ ပြိုင်တူ ကြည့်လိုက်ကြလေသည်။
အစက တိတ်ဆိတ်နေသော တိုက်ပွဲစင်မြင့်မှာမူ ပေါက်ကွဲသွားလေတော့သည်။