← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈။ နောက်ဆုံးနေ့၊ ဘုရင်ကြီး လာရောက်ကြည့်ရှုခြင်း

"ဝုန်း"

ပေတစ်ထောင် ရှည်လျားသော မိုးကြိုးနဂါးကြီး ပြင်းထန်စွာ ပြုတ်ကျလာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးနှင့်အတူ ကြမ်းတမ်းသော မိုးကြိုးများက တိုက်ပွဲစင်မြင့်ကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။

လျှပ်စစ်လှိုင်းများ ပြန့်ကျဲသွားပြီး မီးခိုးငွေ့များ လွင့်ထွက်လာလေသည်။

တစ်ကွင်းလုံးရှိ ပရိသတ်များမှာ တိုက်ပွဲကွင်း တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး နားများ အူသွားကာ ခဏတာ နားပင်းသွားသကဲ့သို့ ဖြစ်သွားလေသည်။

"ဖြန်း ဖြန်း ဖောက် ဖောက်"

ပြန့်ကျဲနေသော လျှပ်စစ်လှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဖုံးလွှမ်းခံထားရသော တိုက်ပွဲစင်မြင့် ပေါ်လာသောအခါ အားလုံးမှာ အံ့ဩမှင်တက်သွားကြလေသည်။

မီတာအနည်းငယ် မြင့်သော တိုက်ပွဲစင်မြင့်မှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် မည်းနက်နေသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေကာ မုန်လဲ့က ထိုတွင်းနက်ကြီး၏ အစွန်းတွင် ရပ်နေလေသည်။

စင်မြင့်ပေါ်ရှိ စစ်နဂါးအဖွဲ့နှင့် အခြားသူများမှာ ပျောက်ကွယ်သွားပြီး တွင်းနက်ကြီး၏ အောက်ခြေတွင်တော့ မည်းနက်နေသော 'သစ်တုံး' ဆယ်ခုကျော် တိတ်ဆိတ်စွာ လဲလျောင်းနေလေသည်။

၎င်းတို့ကို သစ်တုံးဟုပင် ခေါ်ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ တစ်ကိုယ်လုံးမှာ မည်းနက်နေပြီး မီးလောင်ထားသော သစ်တုံးများနှင့် အလွန် တူနေသောကြောင့်ပင်။

"ဘယ်... ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ"

"တိုက်ပွဲစင်မြင့် ဘယ်ရောက်သွားတာလဲ"

"စစ်နဂါးအဖွဲ့ကော"

"ခုနက မိုးကြိုးနဂါးက ဘယ်အဆင့် မှော်ပညာလဲ ဘာလို့ ဒီလောက်တောင် ကြောက်စရာ ကောင်းရတာလဲ တိုက်ပွဲစင်မြင့်ကိုတောင် ဖောက်ခွဲပစ်လိုက်တယ်"

"အဲဒါက အဆင့်ကိုး မှော်ပညာ... ရူးသွပ်မိုးကြိုးနဂါး ပဲ"

"ဘာ"

"အဆင့်ကိုး မှော်ပညာ"

"ရှူး"

ပရိသတ်များ အားလုံး အသက်ပြင်းပြင်း ရှူလိုက်မိကြလေသည်။ "ဒါကြောင့် ဒီလောက် ကြောက်စရာ ကောင်းနေတာကိုး အဆင့်ကိုး မှော်ပညာကိုး"

"ဒီကောင်လေးက အဆင့်ကိုး မဟာမှော်ဆရာကြီးလား"

"အဆင့်ကိုး မဟာမှော်ဆရာကြီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ပရိသတ်များ၏ အကြည့်များက မုန်လဲ့ အပေါ်သို့ ပြိုင်တူ ကျရောက်လာပြီး မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှု၊ ယုံကြည်နိုင်စရာ မရှိမှု၊ အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။

မြို့တော်တွင် အဆင့်ကိုး မဟာမှော်ဆရာကြီးများ မနည်းလှသော်လည်း အများစုမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ကြသည်။ မုန်လဲ့ကဲ့သို့ ငယ်ရွယ်သော အဆင့်ကိုး မဟာမှော်ဆရာကြီးမျိုးမှာ တစ်ခါမှ မကြားဖူးသလောက်ပင် ဖြစ်လေသည်။

မဟုတ်ဘူး။

မကြားဖူးတာ မဟုတ်ဘူး။

မကြာသေးခင်က တစ်ယောက် ကြားဖူးတယ်။

"မုန်လဲ့"

"သူက မုန်လဲ့လား"

ဘယ်သူက အော်လိုက်မှန်း မသိသော်လည်း တစ်ကွင်းလုံး ရုတ်တရက် ဆူညံသွားပြီး အားလုံးက မျက်လုံးပြူးကာ တွင်းနက်ကြီး၏ အစွန်းတွင် ရပ်နေသော လူငယ်လေးကို စိုက်ကြည့်နေကြလေသည်။ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် အံ့ဩချီးကျူးမှုများ ပြည့်နှက်နေလေသည်။

"အသက် ၁၆ နှစ်"

"အဆင့်ကိုး မဟာမှော်ဆရာကြီး"

"မီးနဂါး နိုင်ငံတော် သမိုင်းတစ်လျှောက် အတော်ဆုံး ပါရမီရှင်"

"မုန်လဲ့"

"သူက မုန်လဲ့ပဲ"

"မုန်လဲ့"

"မုန်လဲ့"

"မုန်လဲ့"

တစ်ကွင်းလုံးမှ ကြီးမားသော အားပေးသံကြီးများ ထွက်ပေါ်လာလေသည်။ မရေမတွက်နိုင်သော လူများက မုန်လဲ့၏ နာမည်ကို ကျယ်လောင်စွာ အော်ဟစ်နေကြလေသည်။

စိတ်လှုပ်ရှားမှု။

ကိုးကွယ်မှု။

အားပေးမှု။

အထူးသဖြင့် အထက်တန်းလွှာ အမျိုးသမီးများနှင့် သခင်မလေးများ၏ အကြည့်များမှာ အလွန် ပြင်းပြနေပြီး ထိုအကြည့်များက မုန်လဲ့ကို မျိုချတော့မတတ်ပင် ဖြစ်လေသည်။

တွင်းအောက်ခြေတွင် လဲလျောင်းနေသော သစ်တုံး ဆယ်ခုကျော်ကိုမူ မည်သူကမျှ ဂရုမစိုက်ကြတော့ပေ။

"ငါ အခု ဒီလောက်တောင် နာမည်ကြီးနေပြီလား"

မုန်လဲ့က စိတ်လှုပ်ရှားနေသော ပရိသတ်များကို ကြည့်ကာ ရုတ်တရက် အကြံတစ်ခု ရသွားလေသည်။ "အရင်ဘဝတုန်းက နာမည်ကြီးတွေက ပိုက်ဆံရှာတာ ပိုက်ဆံကောက်နေရသလိုပဲ ငါလည်း အဲဒီလို လုပ်လို့ ရမလား"

နာမည် ဘယ်လောက်ကြီးကြီး။

ကိုးကွယ်သူ ဘယ်လောက်များများ။

လက်တွေ့ ရွှေဒင်္ဂါးတွေ ဖြစ်မလာရင် အလကားပဲ။

"ဒါက ပိုက်ဆံရှာဖို့ လမ်းကြောင်းကောင်း တစ်ခုပဲ ဝတုတ်လေးနဲ့ တိုင်ပင်ကြည့်ပြီး ကြော်ငြာခတွေ ဘာတွေ ရမလားလို့ စဉ်းစားကြည့်ရမယ်..."

မုန်လဲ့က တိတ်တဆိတ် တွက်ချက်နေစဉ် အစီအစဉ်တင်ဆက်သူ ဂျင်မ် ပြေးလာပြီး မုန်လဲ့ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။

"အစီအစဉ်တင်ဆက်သူ ကျွန်တော် အောင်မြင်သွားပြီ မဟုတ်လား"

မုန်လဲ့က တည်ငြိမ်စွာ မေးလိုက်လေသည်။

"သေချာတာပေါ့ ဒါပေမယ့်..."

အစီအစဉ်တင်ဆက်သူ ဂျင်မ်က တွင်းအောက်ခြေရှိ သစ်တုံး ဆယ်ခုကျော်ကို လက်ညှိုးထိုးပြကာ ခါးသီးစွာ ပြုံးလိုက်လေသည်။ လူတစ်ရာ အုပ်စုဖွဲ့ တိုက်ပွဲမှာ ၁၀ ယောက် ချန်ထားရမည် ဖြစ်သော်လည်း ယခုမူ မုန်လဲ့ တစ်ယောက်တည်းသာ ကျန်တော့သည်။

ဒါက ပြဿနာ မဟုတ်ပေ။ ယခင်နှစ်များကလည်း ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ဖူးလေသည်။ သို့သော် ပြဿနာမှာ မုန်လဲ့ သတ်လိုက်သော ဆယ်ယောက်ကျော်ထဲတွင် နဂါးလူသား ၁၀ ယောက် ပါဝင်နေခြင်း ဖြစ်လေသည်။

ဤနဂါးလူသား ၁၀ ယောက်မှာ အလွန် နောက်ခံကြီးမားသူများ ဖြစ်ကြသည်။ အရည်အချင်းစစ်ပြိုင်ပွဲတွင် အသက်အန္တရာယ်ကို ဂရုမစိုက်ဟု ဆိုသော်လည်း သူတို့ ယနေ့ ဤနေရာတွင် သေဆုံးသွားပါက သူတို့၏ နောက်ကွယ်ရှိ လူများက လွယ်လွယ်နှင့် လက်လွှတ်မည် မဟုတ်ပေ။

"စိတ်ချပါ သူတို့ မသေပါဘူး"

အစီအစဉ်တင်ဆက်သူ မထင်မှတ်ထားသည်မှာ မုန်လဲ့က ခေါင်းခါကာ ပြုံး၍ ပြောလိုက်လေသည်။ "သတိလစ်သွားရုံပါ မင်း သေးတစ်ပေါက်လောက် ပန်းချလိုက်ရင် နိုးလာလိမ့်မယ်"

"တကယ်လား"

"သေချာတာပေါ့"

...

စင်မြင့်ထက် တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် မုန်လဲ့သည် တိုက်ပွဲကွင်းမှ တိုက်ရိုက် ထွက်ခွာလာခဲ့လေသည်။ နောက်ထပ် နှစ်ရက်တိတိ အုပ်စုဖွဲ့ တိုက်ပွဲများ ဆက်လက် ကျင်းပမည် ဖြစ်ပြီး အုပ်စုဖွဲ့ တိုက်ပွဲ ပြီးမှသာ နောက်တစ်ဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။

ဆိုလိုသည်မှာ နောက်ထပ် အနားယူရန် နှစ်ရက် အချိန်ရသေးသဖြင့် ထိုနှစ်ရက်အတွင်း ကြော်ငြာခ အနည်းငယ် ရှာရန် မုန်လဲ့ စဉ်းစားလိုက်လေသည်။

ထို့ကြောင့် မုန်လဲ့က ဝတုတ်လေးကို ဆက်သွယ်ပြီး ကြော်ငြာဖြင့် ပိုက်ဆံရှာမည့် အကြံအစည်ကို ပြောပြလိုက်ရာ ဝတုတ်လေးမှာ လုံးဝ နားမလည်နိုင် ဖြစ်သွားလေသည်။

ကြော်ငြာ။

ကြော်ငြာဆိုတာ ဘာလဲ။

စားလို့ ရသလား။

မုန်လဲ့ ချက်ချင်း ဆက်သွယ်ရေးစက်ကို ချလိုက်ပြီး စာကြည့်တိုက်သို့ ပြန်ကာ သစ်သားဓာတ် နဂါးဘာသာစကား မှော်ပညာကိုသာ ဆက်လက် လေ့လာနေလိုက်တော့သည်။ ကြော်ငြာဖြင့် ပိုက်ဆံရှာမည့် ကိစ္စကို ထပ်မပြောတော့ပေ။

တောက်။

ကောင်းကင်ယံတိုက်ကြီးမှာ နာမည်ကြီး ကြော်ငြာဆိုတဲ့ အသုံးအနှုန်း မရှိဘူးပဲ ဒါက တကယ်ကို နေရခက်တာပဲ။

...

မုန်လဲ့က စာကြည့်တိုက်ထဲတွင် နေပြီး ပြင်ပကိစ္စများကို ဂရုမစိုက်သော်လည်း အရည်အချင်းစစ်ပြိုင်ပွဲမှာမူ အလွန် အရှိန်အဟုန် မြင့်မားနေလေသည်။

နှစ်ရက်ကြာ ပြင်းထန်သော ယှဉ်ပြိုင်မှုများ အပြီးတွင် ပဏာမ စစ်ဆေးမှုနှင့် အုပ်စုဖွဲ့ တိုက်ပွဲများ ပြီးဆုံးသွားပြီး စုစုပေါင်း ၄၁၂ ယောက် အောင်မြင်သွားခဲ့လေသည်။

ထို့နောက် ဒုတိယအဆင့် ရွေးချယ်မှုကို စတင်လေသည်။

ဟာကွက်များစွာ ရှိသော အုပ်စုဖွဲ့ တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ဒုတိယအဆင့်မှာ ပို၍ တရားမျှတလေသည်။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်မှာ ကျပန်း နှစ်ယောက်ချင်း ယှဉ်ပြိုင်ရခြင်း ဖြစ်သောကြောင့်ပင်။

၄၁၂ ယောက်။

နှစ်ယောက်ချင်း ယှဉ်ပြိုင်ရမည်။

နိုင်သူက နောက်တစ်ဆင့်သို့ တက်မည်။

ရှုံးသူက ထွက်ရမည်။

နှစ်ရက်အကြာတွင် ၂၀၆ ယောက် ကျန်ရှိလေသည်။

နောက်ထပ် တစ်ရက်အကြာတွင် ၁၀၃ ယောက် ကျန်ရှိလေသည်။

အရည်အချင်းစစ်ပြိုင်ပွဲ၏ နောက်ဆုံးနေ့သို့ ရောက်ရှိလာခဲ့လေပြီ။

ထိုနေ့တွင် မုန်လဲ့က စောစောထကာ ဝတုတ်လေး၏ ဇိမ်ခံယာဥ်ဖြင့် ဒေါ့ဂလပ်စ် ကျောင်းတော်သို့ သွားခဲ့လေသည်။

ဝတုတ်လေးက ယနေ့ အလွန် စိတ်လှုပ်ရှားနေပြီး စကားများ အဆက်မပြတ် ပြောနေလေသည်။

"အစ်ကိုကြီး သတင်းကောင်းတစ်ခု ပြောပြမယ် ဘုရင်ကြီးနဲ့ မိဖုရားကြီး အပြင် အရွယ်ရောက်ပြီးတဲ့ မင်းသား မင်းသမီးတွေ အားလုံး ဒီနေ့ လာကြည့်ကြမယ်တဲ့"

"ဒါ့အပြင် မရေမတွက်နိုင်တဲ့ မှူးမတ်တွေ အရာရှိတွေ သူဌေးတွေနဲ့ ကျောင်းအုပ်ကြီးတွေ အားလုံးလည်း လာကြမယ်တဲ့"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေ့က အရည်အချင်းစစ်ပြိုင်ပွဲ စကတည်းက အခမ်းနားဆုံးနေ့ပဲ မင်း သေချာ ကြိုးစားပြရမယ် မင်းသမီး တစ်ပါးပါးက သဘောကျသွားရင် တစ်သက်လုံး ပင်ပန်းခံစရာ မလိုတော့ဘူး"

"ဟီးဟီး တခြား မင်းသမီးတွေဆိုရင်တော့ ထားလိုက်ပါတော့ နံပါတ် ၉ မင်းသမီးရဲ့ မျက်နှာသာပေးမှုကို ရခဲ့ရင်တော့ မင်း ချမ်းသာပြီပဲ"

"မင်း ရူးနေတာလား"

မုန်လဲ့က မျက်စိစွေကြည့်လိုက်ပြီး "ငါက မင်းသမီး တစ်ပါးကို ကပ်ပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ လိုမယ်လို့ မင်း ထင်နေတာလား" ဟု ပြောလိုက်လေသည်။

"အဲ"

ဝတုတ်လေး ကြောင်အမ်းသွားပြီး "ဒါလည်း ဟုတ်တာပဲ အစ်ကိုကြီးက အသက် ၁၆ နှစ် မပြည့်ခင်မှာတင် အဆင့်ကိုး မဟာမှော်ဆရာကြီး ဖြစ်နေပြီဆိုတော့ အနာဂတ်မှာ သေချာပေါက် မြင့်မြတ်သောနယ်မြေကို ရောက်မှာပဲ အနာဂတ်က အကန့်အသတ် မရှိဘူးလေ" ဟု ပြန်ပြောလိုက်လေသည်။

လမ်းတစ်လျှောက် စကားပြောရင်း လာခဲ့ရာ နောက်ဆုံးတွင် ဒေါ့ဂလပ်စ် ကျောင်းတော်သို့ ရောက်ရှိသွားခဲ့သည်။ ယနေ့ ဒေါ့ဂလပ်စ် ကျောင်းတော်မှာ ယခင်နေ့များနှင့် လုံးဝ ကွဲပြားနေလေသည်။

မီတာ တစ်ထောင် ပတ်လည်အတွင်း လုံးဝ လုံခြုံရေး တင်းကျပ်ထားလေသည်။

ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော နန်းတွင်းသက်တော်စောင့်များက ခြေသုံးလှမ်း တစ်ကင်း ခြေငါးလှမ်း တစ်ကင်းဖြင့် ဒေါ့ဂလပ်စ် ကျောင်းတော်သို့ ဝင်ထွက်နိုင်သည့် လမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားလေသည်။

ကောင်းကင်ယံတွင်လည်း ခန့်ညားထည်ဝါသော နဂါးလင်းယုန် စစ်သည်များက လှည့်လည်ပျံသန်းနေပြီး ဒေါ့ဂလပ်စ် ကျောင်းတော်၏ လေပိုင်နက်ကို ပိတ်ဆို့ထားလေသည်။

ယခုအချိန်တွင် ဒေါ့ဂလပ်စ် ကျောင်းတော်သည် သံပုံးကြီး တစ်ခုအလား ဝိုင်းရံခံထားရပြီး ယင်ကောင် တစ်ကောင်ပင် ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ဝတုတ်လေးက ကျောင်းတော်နှင့် တစ်ကီလိုမီတာ အကွာတွင် ဆင်းသက်လိုက်ပြီး အရှေ့ရှိ နန်းတွင်းသက်တော်စောင့်များကို လက်ညှိုးထိုးပြကာ "ဒေါ့ဂလပ်စ် ကျောင်းတော်ကို လုံခြုံရေး တင်းကျပ်ထားတယ် အစ်ကိုကြီး ကျွန်တော် ဒီကနေပဲ ပို့လို့ရတော့မယ်" ဟု ပြောလိုက်လေသည်။

"ကျေးဇူးပဲ"

မုန်လဲ့က ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် "ဝတုတ်လေး မင်း ဒီနေ့ ပြိုင်ပွဲ လာကြည့်မှာလား" ဟု မေးလိုက်လေသည်။

ဝတုတ်လေး၏ မျက်နှာ ချက်ချင်း ပျက်သွားပြီး "ကျွန်တော်လည်း ဝင်ကြည့်ချင်တာပေါ့ ဒါပေမယ့် ကြည့်ရှုခက ရွှေဒင်္ဂါး တစ်သိန်းတောင် ဆိုတော့ ကျွန်တော် မတတ်နိုင်ဘူးလေ" ဟု ညည်းတွားလိုက်လေသည်။

အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပလာသည်မှာ ယနေ့ဆိုလျှင် ၇ ရက်မြောက်နေ့ ရှိပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်များ တစ်နေ့ထက်တစ်နေ့ နည်းပါးလာသော်လည်း လူအများ၏ စိတ်ဝင်စားမှုမှာမူ လျော့ကျမသွားဘဲ ပို၍ပင် မြင့်တက်လာလေသည်။

ထို့ကြောင့် ကြည့်ရှုခမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာလေသည်။

ရွှေဒင်္ဂါး ၂၀၀၀၊ ရွှေဒင်္ဂါး ၈၀၀၀၊ ရွှေဒင်္ဂါး ၁၆၀၀၀...

ယနေ့တွင်မူ ရွှေဒင်္ဂါး တစ်သိန်းအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

ရွှေဒင်္ဂါး တစ်သိန်း ဆိုသည်မှာ တကယ်တော့ မများလှပေ။

သို့သော် ဝတုတ်လေးမှာ ဤဇိမ်ခံယာဥ်ကို ဝယ်ရန် သူ၏ စုဆောင်းငွေ အားလုံးကို သုံးစွဲထားပြီး ဖြစ်ရာ ရွှေဒင်္ဂါး တစ်သိန်း ဟူသော ငွေကြေးပမာဏကို မည်သို့ ထုတ်နိုင်မည်နည်း။

"လာပါ မင်းက နေ့တိုင်း ငါ့ကို အကြိုအပို့ လုပ်ပေးနေတော့ ဒီကြည့်ရှုခ တစ်သိန်းကို ငါ ရှင်းပေးမယ်"

"တကယ်လား"

"မသွားချင်လည်း နေလေ"

"သွားမယ် သေချာပေါက် သွားမှာပေါ့ အစ်ကိုကြီး ငါ မင်းကို ချစ်တယ်"

All Chapters