← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃။ နတ်သစ်ပင် ထပ်မံ ပေါ်လာခြင်း၊ သစ်သီး ငါးလုံး

နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှု ၃% သို့ ရောက်သွားသောအခါ ဖြစ်ပေါ်လာသော အပြောင်းအလဲများကလည်း ဘက်စုံ ထောင့်စုံမှပင် ဖြစ်လေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဘီလီယံ တစ်ရာခန့် ရုတ်တရက် မြင့်တက်သွားပြီး အံ့ဩစရာကောင်းသော ၃၄၀ ဘီလီယံသို့ ရောက်ရှိသွားကာ အမြန်နှုန်းနှင့် ကာကွယ်ရေးတို့လည်း ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်သွားလေသည်။

ခွန်အားများ ရုတ်တရက် မြင့်တက်သွားလေသည်။

အမြန်နှုန်းများ ရုတ်တရက် မြင့်တက်သွားလေသည်။

ကာကွယ်ရေးများ ရုတ်တရက် မြင့်တက်သွားလေသည်။

ရှေ့နောက် မျက်စိတစ်မှိတ် အတွင်း ဖြစ်ပေါ်သွားသော ဤအပြောင်းအလဲများကို အရိုက်ခံနေရသည့် ကာယကံရှင် မုန်လဲ့ကိုယ်တိုင် အရှင်းလင်းဆုံး ခံစားလိုက်ရလေသည်။

ယခင် တစ်ခဏက မွန်ဒေ့ အက်စ်တန်၏ ပြင်းထန်သော ရိုက်နှက်မှုများကြောင့် မုန်လဲ့က အရိုးထဲထိ နာကျင်မှုကို ခံစားနေရပြီး တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်ထွက်သွားတော့မည့် အတိုင်း ဖြစ်နေလေသည်။

သို့သော် ယခုအခါတွင်တော့ ပြင်းထန်သော နာကျင်မှုများက သိသိသာသာ လျော့ကျသွားပြီး သာမန် နာကျင်မှုမျိုးသာ ဖြစ်သွားကာ လုံးဝ ခံနိုင်ရည် ရှိသည့် အနေအထားတွင် ရှိနေလေသည်။

ဒါက ဘာကို ဆိုလိုတာလဲ။

မွန်ဒေ့ အက်စ်တန်၏ တိုက်ခိုက်မှုများ မလျော့ကျသွားသော်လည်း နာကျင်မှုများ လျော့ကျသွားခြင်းက မုန်လဲ့ ပိုပြီး ခံနိုင်ရည် ရှိလာသည် ဆိုသည်ကိုသာ သက်သေပြနေခြင်း ဖြစ်လေသည်။

ကာကွယ်ရေးက အများကြီး ပိုပြီး အစွမ်းထက်လာလေပြီ။

'အမြန်နှုန်းကကော ဘယ်အဆင့်ထိ ရောက်သွားပြီလဲ'

မုန်လဲ့၏ မျက်ခွံများ လှုပ်ရှားသွားပြီး လက်သီး ရောက်လာသည့် အချိန်မှာပင် ရှောင်တိမ်းလိုက်ကာ ကိုယ်ဟန် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မီတာ တစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိသွားလေသည်။

မွန်ဒေ့ အက်စ်တန်၏ လက်သီးက လေထဲသို့သာ ထိုးမိသွားပြီး ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ မြေကြီးပေါ်သို့ လဲကျတော့မလို ဖြစ်သွားလေသည်။ သူက မီတာ တစ်ရာခန့် အကွာအဝေးတွင် ရှိနေသော မုန်လဲ့ကို ကြည့်ပြီး မျက်နှာ ပြောင်းလဲသွားလေသည်။

'ရှောင်... ရှောင်သွားနိုင်တယ် ဟုတ်လား'

ခုနက ရှင်းရှင်းလင်းလင်း ရှောင်လို့ မရခဲ့ဘဲ အခုတော့ ရှောင်သွားနိုင်ခဲ့လေပြီ။

"မင်းရဲ့ တိုက်ခိုက်မှုတွေက တော်တော်လေး ထက်ရှတယ်... အထူးသဖြင့် အမြန်နှုန်းပဲ၊ ငါ တွေ့ဖူးသမျှ ပြိုင်ဘက်တွေ ထဲမှာ မင်းက အမြန်ဆုံးပဲ"

မုန်လဲ့က လေဟာနယ်ကို နင်းကာ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာသော ခွန်အားများကို ခံစားရင်း အသက်ပြင်းပြင်း ရှူလိုက်လေသည်။

"ဝမ်းနည်းစရာက... ငါက မင်းထက် ပိုမြန်တယ်"

"ရွှစ်..."

အသံက လေဟာနယ်တွင် ပဲ့တင်ထပ်နေဆဲမှာပင် အရိပ်အယောင်များ ဖြတ်သန်းသွားပြီး မုန်လဲ့က မွန်ဒေ့ အက်စ်တန်၏ အနောက်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

လက်ကို ကွေး၊ လက်သီးဆုပ်၊ ထိုးလိုက်လေသည်။

လှုပ်ရှားမှုများ အားလုံးက အလွန် မြန်ဆန်လွန်းသဖြင့် မွန်ဒေ့ အက်စ်တန် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ဗိုက်ကို လက်သီးဖြင့် အထိုးခံလိုက်ရလေသည်။

"ဝုန်း..."

ခွန်အားက တောင်ကြီး တစ်လုံးအလား ကြီးမားလှပေသည်။

အလွန် အစွမ်းထက်လှပေသည်။

"ဝေါ့..."

မွန်ဒေ့ အက်စ်တန်က သွေးများ အန်ထုတ်လိုက်ပြီး ခန္ဓာကိုယ်က ပုစွန်ဆိတ်လေး တစ်ကောင်အလား ကွေးကောက်သွားကာ ခုနက စားထားသော နွားဦးနှောက်များကိုပင် ပြန်အန်ထွက်လာမတတ် ဖြစ်သွားလေသည်။

လက်သီး တစ်ချက်။

လက်သီး တစ်ချက်တည်းနှင့် သူ့ကို ပြင်းထန်စွာ ဒဏ်ရာ ရသွားစေလေသည်။

"မင်းရဲ့ စွမ်းအားတွေက ဘာလို့ ဒီလောက် အများကြီး ရုတ်တရက် တက်လာတာလဲ"

မွန်ဒေ့ အက်စ်တန်က အံ့ဩထိတ်လန့်သွားပြီး ကြောင်အမ်းသွားလေသည်။

"ဒါက..."

"ဘယ်လို ဖြစ်သွားတာလဲ"

နဂါးနတ်ဘုရား ဘုရားကျောင်း အရှေ့ရှိ ပရိသတ်များမှာတော့ ပြိုလဲလုနီးပါး ဖြစ်နေကြလေသည်။ ဒါက တိုက်ပွဲလား၊ ရိုလာကိုစတာ စီးနေတာလား။ တစ်ခါတည်း ပြီးအောင် လုပ်လို့ မရဘူးလား၊ ဘာလို့ ဒီလောက်တောင် အတက်အကျတွေ များနေရတာလဲ။

နှလုံးက ခံနိုင်ရည် မရှိတော့ဘူးလေ။

...

ခွန်အားများ ရုတ်တရက် မြင့်တက်လာပြီး အမြန်နှုန်းများ ရုတ်တရက် မြင့်တက်လာသော မုန်လဲ့ကို ရင်ဆိုင်ရရာတွင် မွန်ဒေ့ အက်စ်တန်၏ ရလဒ်ကတော့ သတ်မှတ်ပြီးသား ဖြစ်သွားလေပြီ။ ဒါကတော့ အရိုက်ခံရဖို့ပင်တည်း။

"ရွှစ်..."

မုန်လဲ့က သရဲ တစ်ကောင်အလား တစ်ခါတလေ ဒီနေရာမှာ ပေါ်လာပြီး၊ တစ်ခါတလေ ဟိုနေရာမှာ ပေါ်လာကာ အရိပ်အယောင်များအလား အဆက်မပြတ် တိုက်ခိုက်နေလေသည်။

လက်သီး တစ်ချက်၊ ခြေထောက် နှစ်ချက်၊ တံတောင်ဆစ် သုံးချက်...

တိုက်ခိုက်မှု အစုအဝေးများ အပြီးတွင်တော့ မွန်ဒေ့ အက်စ်တန်မှာ အသားကျိတ်စက်ကြီး တစ်ခုအလား ဖြစ်သွားပြီး မုန်လဲ့၏ တစ်ဖက်သတ် ရိုက်နှက်မှုကို ထပ်မံ ခံလိုက်ရလေသည်။

သို့သော် ဤတစ်ခါတော့ အရင်ကနှင့် မတူတော့ပေ။

သူ ပြန်လည် မတိုက်ခိုက်နိုင်တော့ပေ။

ဒဏ်ရာတွေ စတင် ရလာလေသည်။

ထို့အပြင် ပြင်းထန်သော ဒဏ်ရာများ ဖြစ်လေသည်။

ပိုပိုပြီး ပြင်းထန်လာသော ဒဏ်ရာများ ဖြစ်လေသည်။

သွေးများ အန်ကာ ပြင်းထန်စွာ ဒဏ်ရာ ရနေသော မွန်ဒေ့ အက်စ်တန်ကို ကြည့်ပြီး ဘုရားကျောင်း အရှေ့ရှိ ပရိသတ်များ နောက်ဆုံးတော့ ဆန္ဒ ပြည့်ဝသွားကြလေသည်။

ဤတိုက်ပွဲတွင် အတက်အကျများ ထပ်မရှိတော့ပေ။

သို့သော်...

ပရိသတ်များကတော့ လုံးဝ မပျော်ရွှင်နိုင်ကြပေ။

"ရှုံးသွားပြီ"

"မွန်ဒေ့ အက်စ်တန် ရှုံးသွားပြီ"

"နဂါးနတ်ဘုရား ကို တိုင်တည်ပါတယ်... အဲဒီကောင်က မိစ္ဆာ လား၊ အသက် ၁၆ နှစ်ပဲ ရှိသေးတာတောင် မွန်ဒေ့ အက်စ်တန်က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလား"

"မွန်ဒေ့ အက်စ်တန်မှာ သွေးမျိုးဆက် နှစ်ခု ရှိတယ် မဟုတ်ဘူးလား... ခုနက ပုံစံပြောင်းတာက တစ်ခုတည်းပဲ ရှိသေးတယ်လေ၊ သူ့မှာ နောက်ထပ် သွေးမျိုးဆက် တစ်ခု ကျန်သေးတယ်လေ ဘာလို့ မထုတ်သုံးတာလဲ"

ထိုစကားများကို ကြားသောအခါ ကျောင်းအုပ်ကြီး လူခ်ကတော့ ခါးသီးစွာ ပြုံးနေလေသည်။ မွန်ဒေ့ အက်စ်တန်တွင် သွေးမျိုးဆက် နှစ်ခု ရှိသည်မှာ မှန်ပါသည်။ အခြား ကျားဖြူ သွေးမျိုးဆက်က ငရဲ ကျားဖြူ သွေးမျိုးဆက်ထက်ပင် ပို၍ အစွမ်းထက်ပါသေးသည်။

သို့သော် ပြင်းထန်စွာ ဒဏ်ရာ ရနေသော မွန်ဒေ့ အက်စ်တန် အနေဖြင့် ကျားဖြူ သွေးမျိုးဆက်ကို ဖွင့်လိုက်လျှင်တောင် မုန်လဲ့၏ ပြိုင်ဘက် ဟုတ်ပါသေးသလား။

"အရှုံးအနိုင် ပေါ်သွားပြီ"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က အနည်းငယ် သက်ပြင်းချလိုက်ပြီး "ဒီတိုက်ပွဲမှာ မွန်ဒေ့ အက်စ်တန် ရှုံးသွားပြီ" ဟု ညင်သာစွာ ပြောလိုက်လေသည်။

"အရှင်မင်းကြီး မြင်တဲ့ အတိုင်းပါပဲ"

ကျောင်းအုပ်ကြီး ဖရက်ဒ်က အနည်းငယ် ဦးညွှတ်လိုက်လေသည်။

"ကျောင်းအုပ်ကြီး ဖရက်ဒ်... မင်းတို့ အကယ်ဒမီက မုန်လဲ့က တကယ်ကို အရမ်း ထူးချွန်တာပဲ"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ချီးကျူးလိုက်ပြီးနောက် သံသယဖြစ်စွာဖြင့် "ဒါပေမဲ့ ကိုယ်တော် နားမလည်တာက ခုနက သူ့ရဲ့ အမြန်နှုန်းက ဘာလို့ ရုတ်တရက် မြင့်တက်သွားတာလဲ" ဟု မေးလိုက်လေသည်။

"ဒါကိုတော့ ကျွန်တော်လည်း မသိပါဘူး"

ဖရက်ဒ်က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး "သူက စွမ်းအားတွေကို ဖုံးကွယ်ထားတာ ဖြစ်နိုင်သလို အရေးကြီးတဲ့ အချိန်ကျမှ နိယာမ တစ်ခုခုကို ပိုပြီး နက်ရှိုင်းစွာ နားလည်သွားတာလည်း ဖြစ်နိုင်ပါတယ်" ဟု ပြောလိုက်လေသည်။

"ဟုတ်လား"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က မျက်မှောင်ကြုတ်လိုက်လေသည်။ ဤရှင်းပြချက်ကို သူ သိပ်မကျေနပ်သော်လည်း ဘာမှ ထပ်မမေးတော့ဘဲ မှော်အလင်းတန်း မျက်နှာပြင်ကို ဆက်ကြည့်နေလေသည်။

သူ ပြောခဲ့သလိုပင် အရှုံးအနိုင် ပေါ်သွားပြီ ဖြစ်လေသည်။

အကြိမ်အနည်းငယ် အပြီးတွင် ပြင်းထန်စွာ ဒဏ်ရာ ရနေသော မွန်ဒေ့ အက်စ်တန်က ထိရောက်သော တိုက်ခိုက်မှုများကို ထပ်မံ မလုပ်နိုင်တော့ဘဲ နောက်ဆုံးတွင် ပြင်းထန်သော ဒဏ်ရာများနှင့် မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။

"နောက်ဆုံးတော့ ပြီးသွားပြီ"

မုန်လဲ့ သက်ပြင်းချလိုက်လေသည်။

ပြောရမည် ဆိုလျှင် ဤကောင်က တကယ်ကို လက်ပေါက်ကပ်လှပေသည်။ အကယ်၍ နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၀ ခု သုံးပြီး နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှုကို မမြှင့်တင်ခဲ့လျှင် တကယ်ကို သတိလက်လွတ် ဖြစ်ပြီး သူ့ရဲ့ တစ်ဖက်သတ် ရိုက်နှက်မှုကို ခံရနိုင်ချေ ရှိလေသည်။

"နဂါးနတ်ဘုရား အင်ပါယာမှာ တကယ်ကို စွမ်းအားရှင်တွေ အများကြီး ပုန်းအောင်းနေတာပဲ"

မုန်လဲ့ အလွန် အံ့အားသင့်သွားလေသည်။ "ငါ ဒီလောက်တောင် လိမ်လည်ပြီး စွမ်းအားတွေ မြှင့်ထားတာတောင် ငါ့ကို ရိုက်နှက်နိုင်တဲ့ သူ ရှိနေသေးတယ်... နဂါးနတ်ဘုရား အင်ပါယာရဲ့ နောက်ခံက ဘယ်လောက်တောင် နက်ရှိုင်းလိုက်လဲ"

ဖလှယ်ရေးပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ သူတွေ အားလုံးက အသက် ၃၀ မကျော်သေးပါဘူး။

အသက် ၃၀ ဆိုတာက သက်တမ်း ရှည်လျားတဲ့ မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်တွေ အတွက်တော့ အစလေးပဲ ရှိပါသေးတယ်။

အသက် ၃၀ မကျော်သေးတဲ့ သူတွေတောင် ဒီလောက် အစွမ်းထက်နေရင် အသက် ၃၀ ကျော်တဲ့ အသက်ကြီးပိုင်း စွမ်းအားရှင်တွေဆို ဘယ်လောက်တောင် အစွမ်းထက်နေမလဲ။

"ငါက အားနည်းနေသေးတာပဲ"

"သေချာ ငွေကြေးတွေ သုံးပြီး ဆက်ကြိုးစားမှ ရမယ်"

မုန်လဲ့က မွန်ဒေ့ အက်စ်တန် ကိုယ်ပေါ်ရှိ ဟင်းလင်းပြင် လက်စွပ်များ အားလုံးကို ချွတ်ယူလိုက်ပြီးနောက် သူ့ကို ယုံကြည်ရသော လက်အောက်ငယ်သား လက်ထဲသို့ အပ်လိုက်လေသည်။

"ဆာကက်စ်... သူ့ကို လွှင့်ပစ်လိုက်"

"ဟုတ်ကဲ့ သူဌေး"

...

ထို့နောက် မုန်လဲ့က အေးအေးဆေးဆေး စောင့်နေသည့် ဘဝကို ပြန်လည် စတင်လိုက်လေသည်။

ရေကူးတယ်၊ ငါးမျှားတယ်၊ နေဆာလှုံတယ်၊ ပင်လယ်စာ စားတယ်၊ တစ်ခါတလေ မြှူဆွယ်လို့ ရောက်လာတဲ့ ကံဆိုးတဲ့ ကောင်တွေကို လုယက်တယ်... နေ့ရက်တွေက လွတ်လပ်ပြီး သက်တောင့်သက်သာ ရှိလှပါတယ်။

တစ်ခုတည်းသော ဝမ်းနည်းစရာ ကတော့ နေ့တိုင်း တိုးလာနေတဲ့ မှော်အမြုတေတွေကလွဲရင် ပိုင်ဆိုင်မှုတွေက လုံးဝ မပြောင်းလဲသလောက် ဖြစ်နေတာပါပဲ။ မုန်လဲ့က နဂါးနတ်ဘုရား မျှော်စင်မှာ မှော်သားရဲတွေကို သတ်ခဲ့ရတဲ့ အချိန်တွေကိုတောင် လွမ်းဆွတ်မိပါတယ်။

"ပျောက်ဆုံးနေသော တိုက်ကြီးထက်စာရင် နဂါးနတ်ဘုရား မျှော်စင်က ငါနဲ့ ပိုသင့်တော်တယ်... ဒီကျိန်စာသင့်နေတဲ့ ဖလှယ်ရေးပြိုင်ပွဲ မြန်မြန် ပြီးသွားရင် ကောင်းမယ်"

အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားပြီး မြှူဆွယ်လို့ ရောက်လာတဲ့ ငါးတွေကလည်း ပိုပို နည်းလာပါတယ်။ ဒီနေ့ ဆိုရင် ဆာကက်စ်က မနက်ကနေ ညနေ အထိ လေလွှတ်နေတာတောင် လူတစ်ယောက်မှ မရောက်လာပါဘူး။

"သုံးရက်"

"နောက်ထပ် သုံးရက် ဆိုရင် တစ်လ ပြည့်ပြီ"

"အဲဒီကျရင် ဒီကနေ ထွက်သွားလို့ ရပြီ"

မုန်လဲ့က ပက်လက်ကုလားထိုင် ပေါ်တွင် လှဲလျောင်းကာ နူးညံ့သော နေရောင်ခြည်ကို ခံယူရင်း အတက်အကျ ဖြစ်နေသော လှိုင်းလုံးကြီးများကို ကြည့်ကာ ပျင်းရိစွာ တွေးနေလေသည်။

ရုတ်တရက် အိုမင်းသော အသံတစ်ခုက နားထဲတွင် ထွက်ပေါ်လာပြီး စမ်းချောင်းလေး တစ်ခုအလား စိတ်နှလုံးထဲသို့ စီးဆင်းသွားလေသည်။

ထိုအခိုက်အတန့်တွင် မုန်လဲ့၏ စိတ်နှလုံးများ ငြိမ်းချမ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"ငါ့ကို ရိုသေကိုင်းရှိုင်းတဲ့ ကလေးတို့... ငါက နတ်သစ်ပင်ရဲ့ ဝိညာဉ်ပါ ဒီတိုက်ကြီးကို ဖန်တီးခဲ့ပြီး စောင့်ရှောက်နေတဲ့ သူပါ..."

"ဒီနှစ် မှည့်လာတဲ့ သစ်သီးတွေကို တိုက်ကြီး နေရာ အနှံ့ကို ပို့ပေးလိုက်ပါပြီ ကံကောင်းတဲ့ ကလေးတွေ ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်"

"ကံကောင်းကြပါစေ"

"ဘာ"

မုန်လဲ့ ရုတ်တရက် ခုန်ထလိုက်လေသည်။

"ဆာကက်စ်... မင်း ကြားလိုက်လား"

အဖြေ မရပါဘူး။

မုန်လဲ့ လှည့်ကြည့်လိုက်ရာ ဆာကက်စ်က မြေကြီးပေါ်တွင် ဒူးထောက်နေပြီး အဝေးကို စိတ်လှုပ်ရှားစွာ ကြည့်နေကာ မျက်လုံးများထဲတွင် ရူးသွပ်သော ကိုးကွယ်ယုံကြည်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။

"နတ်သစ်ပင်... နတ်သစ်ပင်ရဲ့ အသံပဲ"

"ကြီးမြတ်တဲ့ နတ်သစ်ပင်... ကျွန်တော်က သင့်ရဲ့ ကလေး ဆာကက်စ်ပါ၊ ကျွန်တော့်ရဲ့ ယုံကြည်မှုကို ရိုးသားစွာ ဆက်သပါတယ်... သင့်အတွက် ရင်ထဲကနေ ဆုတောင်းပေးပါတယ်..."

"..."

မုန်လဲ့ ဘာမှ မပြောတော့ဘဲ အဖိုးအိုကို ချက်ချင်း ဆက်သွယ်လိုက်လေသည်။ "ကျောင်းအုပ်ကြီး... ခုနက အသံကို ကြားလိုက်လား နတ်သစ်ပင်... အဲဒါ ဟိုနတ်သစ်ပင်ရဲ့ အသံပဲ"

"ကြားတယ်"

အဖိုးအို၏ အသံ ထွက်ပေါ်လာလေသည်။ "ကြားရုံတင် မကဘူး... သူ့ရဲ့ နေရာကိုပါ အကြမ်းဖျင်း သိလိုက်ပြီ"

"ဘာ... ကျောင်းအုပ်ကြီးက နတ်သစ်ပင်ရဲ့ နေရာကို သိလိုက်တယ် ဟုတ်လား" မုန်လဲ့ အလွန် အံ့အားသင့်သွားလေသည်။ "ကျောင်းအုပ်ကြီး... သူ ဘယ်မှာလဲ"

အဖိုးအို ခဏတဖြုတ် တိတ်ဆိတ်သွားပြီးနောက် တိုးညင်းစွာ ပြောလိုက်လေသည်။ "ငါတို့နဲ့ မဝေးဘူး ကီလိုမီတာ ၁၀၀ တောင် မပြည့်ဘူး"

"ဒီလောက် နီးတာလား"

မုန်လဲ့ တစ်ကိုယ်လုံး တုန်ခါသွားပြီး ပတ်ဝန်းကျင်ကို အလျင်စလို ကြည့်လိုက်လေသည်။

"မကြည့်နဲ့... မင်း ရှာတွေ့မှာ မဟုတ်ဘူး" အဖိုးအိုက တိုးညင်းစွာ ပြောလိုက်လေသည်။ "မုန်လဲ့ ငါ တော်တော်လေး စိတ်မအေးစရာ ခံစားချက် တစ်ခု ရနေတယ်"

"စိတ်မအေးဘူး"

မုန်လဲ့ ကြောင်အမ်းသွားလေသည်။

"နှင်းဆီ ဦးချို စပါးအုံးမြွေ ပြောခဲ့တဲ့ စကားတွေကို မင်း မှတ်မိသေးလား" အဖိုးအိုက လေးနက်စွာ မေးလိုက်လေသည်။ "နတ်သစ်ပင် သစ်သီးတွေနဲ့ ပတ်သက်တဲ့ ကိစ္စလေ"

"မှတ်မိတယ်... နှင်းဆီ ဦးချို စပါးအုံးမြွေ ပြောတာ နတ်သစ်ပင်က နှစ် ၁၀၀ မှ တစ်ခါ သစ်သီး သီးတယ် တစ်ခါသီးရင် ၉ လုံး သီးတယ်လို့ ပြောတယ်"

"သစ်သီးတွေ မှည့်သွားရင် နတ်သစ်ပင်က အဲဒီ ၉ လုံးကို တိုက်ကြီး နေရာ အနှံ့ကို ကျပန်း ပို့ပေးပြီး ကံကောင်းတဲ့ သက်ရှိတွေကို စားခိုင်းတယ်လို့ ပြောတယ်"

မုန်လဲ့က အလျင်စလို ခေါင်းညိတ်လိုက်ပြီး "ပြီးတော့ ပြီးခဲ့တဲ့ အကြိမ် သစ်သီး မှည့်ခဲ့တာက လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းကလို့ ပြောတယ်၊ နှင်းဆီ ဦးချို စပါးအုံးမြွေ ပြောခဲ့တဲ့ နှစ် ၁၀၀ ပြည့်ဖို့ ဆိုတာ ၇၅ နှစ်တောင် လိုသေးတယ် ဆိုတာကိုလည်း ကျွန်တော် မှတ်မိသေးတယ်"

"ကျောင်းအုပ်ကြီး... နတ်သစ်ပင်ရဲ့ သစ်သီးတွေက ဘာလို့ ၇၅ နှစ်တောင် စောပြီး မှည့်သွားတာလဲ ဒါက သိပ်မဖြစ်နိုင်ဘူးနော်"

"ဒါက ငါ စိတ်မအေး ဖြစ်ရတဲ့ အကြောင်းရင်းပဲ"

အဖိုးအို၏ အသံက လေးနက်နေလေသည်။ "ငါတို့ ပျောက်ဆုံးနေသော တိုက်ကြီးကို မလာခင်တုန်းက သစ်သီးတွေက နှစ် ၁၀၀ မှ တစ်ခါ မှည့်တာ"

"ငါတို့လည်း ရောက်လာရော ရုတ်တရက် စောပြီး မှည့်သွားတယ်"

"ဒါက နတ်သစ်ပင်က တမင်တကာ လုပ်တာလို့ ငါ သံသယ ရှိတယ်၊ တစ်ခုခု အကြံအစည် ရှိနေတာလည်း ဖြစ်နိုင်တယ်... ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စက တော်တော်လေး ထူးဆန်းတယ်"

"ဘာ အကြံအစည်များ ရှိနိုင်မှာလဲ"

မုန်လဲ့က သံသယဖြစ်စွာ မေးလိုက်လေသည်။ "ကျောင်းအုပ်ကြီး ပြောသလို ဆိုရင် ဒီနတ်သစ်ပင်က နတ်ဘုရား တစ်ဝက် ဖြစ်ဖို့ များတယ်... သူ့လို နတ်ဘုရား တစ်ဝက် အဆင့်အတန်းနဲ့ ဆိုရင် ကျွန်တော်တို့ အားလုံးကို တစ်ခါတည်း သတ်ပစ်လိုက်လို့ ရတာပဲ ဘာလို့များ အကြံအစည်တွေ လုပ်နေစရာ လိုသေးလို့လဲ"

"ဒါက ငါ စဉ်းစားလို့ မရတဲ့ အချက်ပဲ"

အဖိုးအိုက ဖြည်းညင်းစွာ ခေါင်းခါလိုက်လေသည်။ "ပြီးတော့ မင်းတို့တွေ ပျောက်ဆုံးနေသော တိုက်ကြီးမှာ မှော်သားရဲတွေကို အကြီးအကျယ် သတ်ဖြတ်နေကြလို့ ဒီတိုက်ကြီး ပေါ်က မှော်သားရဲတွေ အားလုံးနီးပါး မျိုးသုဉ်းသွားပြီ... နတ်သစ်ပင်က ဘာမှ မလုပ်ဘူး"

"မှော်သားရဲတွေ မျိုးသုဉ်းသွားတော့မှ လှုပ်ရှားလာတယ်"

"ထူးဆန်းတယ်... တကယ်ကို ထူးဆန်းလွန်းတယ်"

"ကျောင်းအုပ်ကြီး ဒါဆို ကျောင်းအုပ်ကြီး အမြင်က ဘယ်လိုလဲ"

မုန်လဲ့က ထပ်မေးလိုက်လေသည်။

"ငါ့အကြံပေးချင်တာကတော့ ပြန်ဆုတ်ဖို့ပဲ"

အဖိုးအိုက တိုးညင်းစွာ ပြောလိုက်လေသည်။ "မင်း ခဏခဏ ပြောလေ့ရှိတဲ့ စကား တစ်ခွန်း ရှိတယ် မဟုတ်လား လူကောင်း ဆိုတာ ပြိုကျမယ့် နံရံ အောက်မှာ မရပ်ဘူးတဲ့၊ နတ်သစ်ပင်က ဒီလောက် ထူးဆန်းနေမှတော့ အခု ထွက်သွားတာက အကောင်းဆုံး ရွေးချယ်မှုပဲ"

"ထွက်သွားမယ်"

မုန်လဲ့ တွေဝေသွားလေသည်။ "ဖလှယ်ရေးပြိုင်ပွဲတောင် မပြီးသေးဘူး... ကျွန်တော် အခု ထွက်သွားရင် စောစောစီးစီး ပြုတ်သွားမှာပေါ့"

"လူမိုက်"

အဖိုးအိုက ဆဲဆိုလိုက်လေသည်။ "ဖလှယ်ရေးပြိုင်ပွဲက ဘာအရေးကြီးလို့လဲ အသက်ရှင်ဖို့ကမှ ပထမပဲ... မင်းရဲ့ ပါရမီနဲ့ ဆိုရင် ငါ့ထက် သာသွားမယ့် နေ့ တစ်နေ့ ရောက်လာမှာ သေချာတယ် စိတ်ကူးလို့ မရနိုင်တဲ့ အဆင့်ကို ရောက်သွားမှာ သေချာတယ်"

"အဲဒီအချိန်ကျရင် ဘာမရနိုင်မှာ ရှိလို့လဲ"

"နယ်မြေတွေ၊ ပိုက်ဆံတွေ၊ အာဏာတွေ၊ အဆင့်အတန်းတွေ၊ မိန်းမတွေ... လိုချင်သလောက် ရနိုင်တယ်၊ ချန်ပီယံဆု လေး တစ်ခုကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ"

"ငါ့စကားကို နားထောင် အရင် ဆုတ်မယ်"

"ဘယ်လိုပဲ ဖြစ်ဖြစ် မှော်အလင်းတန်း မျက်နှာပြင် နေရာကို အရင် သွားထားရမယ် အရေးပေါ် အခြေအနေ ဖြစ်လာရင်တောင် ချက်ချင်း လုံခြုံစွာ ပြန်ဆုတ်နိုင်ဖို့"

"ကျောင်းအုပ်ကြီး စကားကို ကျွန်တော် နားထောင်ပါ့မယ်"

မုန်လဲ့ သဘောတူလိုက်ပြီး ဆာကက်စ်၏ ဖင်ကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။ "ထတော့... ဒီကနေ ထွက်သွားကြမယ်"

"ရွှစ်..."

ထိုအချိန်တွင် ရွှေရောင် အလင်းတန်းများက ဒီဘက်သို့ ရုတ်တရက် ပစ်လွှတ်လာပြီး အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် မုန်လဲ့ အရှေ့သို့ ရောက်ရှိလာလေသည်။

၁ လုံး၊ ၂ လုံး၊ ၃ လုံး...

ရွှေရောင် သစ်သီး ၅ လုံး ပင် ဖြစ်လေသည်။

All Chapters