← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀။ ဒါက နတ်ဘုရားမှော်ပညာပဲ၊ နတ်ဘုရားသတ်ကြွက် အဖြစ် ပြောင်းလဲခြင်း

ကောင်းကင်ထောက် အသက်စွမ်းအင် မိခင်သစ်ပင်ကြီးအောက်ရှိ ရွှေရောင်အကာအကွယ် အတွင်း၌ကား အားလုံးသောသူတို့မှာ မျှော်လင့်ချက်မဲ့ကာ စိတ်ပျက်အားငယ်နေကြလေသည်။ လူအများစုမှာ သူတို့၏ ရင်တွင်းမှ ပေါက်ကွဲထွက်လာသော ဒေါသတရားများကို မုန်လဲ့အပေါ်သို့သာ အပြစ်ပုံချနေကြတော့သည်။

"ခွေးကောင်..."

"သူ့ကြောင့်ချည်းပဲ... သူသာ မဟုတ်ရင် ငါတို့ ဒီလို အခြေအနေမျိုး ဘယ်ရောက်ပါ့မလဲ..."

"ငါတို့တော့ ဒီကောင်စုတ်လေးကြောင့် ဒုက္ခရောက်ပြီ..."

"ပြီးပြီ... အကုန် ပြီးပြီ..."

"သနားစရာကောင်းတဲ့ ဒီလူမိုက်ကြီးကများ ပြန်လည်ခုခံဖို့ တွေးနေသေးတယ် ဟုတ်လား... ရယ်စရာပဲ... ရယ်ရလွန်းလို့ သေတော့မယ်... သနားဖို့ ကောင်းလိုက်တာ..."

"ဝုန်း..."

ထိုအခိုက်အတန့်၌ နတ်ဘုရားနယ်ပယ်၏ အကြွင်းမဲ့ ချုပ်နှောင်ထားခြင်းကို ခံရကာ လက်ချောင်းတစ်ချောင်းမျှပင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေသော မုန်လဲ့ထံမှနေ၍ ပြာလဲ့လဲ့ အမည်းရောင် အငွေ့တန်းများ ရုတ်တရက် ထွက်ပေါ်လာလေသည်။ တဟုန်းဟုန်း တောက်လောင်နေသော ပြာလဲ့လဲ့ မီးတောက်ကြီးများအလား၊ ကောင်းကင်သို့ လွင့်တက်သွားသော မီးခိုးလုံးကြီးများအလား မုန်လဲ့၏ တစ်ကိုယ်လုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ရစ်ပတ်ဖုံးလွှမ်းသွားလေတော့သည်။

"ဝုန်း..."

မုန်လဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါတို့မှာ အတားအဆီးမဲ့စွာဖြင့် အရူးအမူး မြင့်တက်လာလေသည်။

၁၀... ၅၀... ၉၈... ၉၉...

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူ၏ အရှိန်အဝါက အဆပေါင်း ရာချီ ထောင်ချီ၍ ပေါက်ကွဲထွက်လာလေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြီးတစ်ခုက အရပ်မျက်နှာ အသီးသီးသို့ လှိုင်းတံပိုးများအလား ရိုက်ခတ်သွားပြီး လူတိုင်း၏ ရင်ဘတ်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ဖိကျလာလေသည်။

"ဝုန်း..."

လူအများမှာ အသက်ရှူရ ကျပ်တည်းသွားကြပြီး တောင်ကုန်းကြီးတစ်လုံး ဖိချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူတို့၏ မျက်လုံးများထဲတွင် အံ့ဩထိတ်လန့်မှုများ အပြည့်အဝ ထွက်ပေါ်လာကြလေသည်။

"ဘာဖြစ်တာလဲ..."

"ဒီကောင်လေး ဘာဖြစ်သွားတာလဲ..."

"မုန်လဲ့... နောက်တစ်ဆင့် တက်သွားပြန်ပြီလား..." အာဘေး၏ မျက်လုံးများ အရောင်လက်သွားလေသည်။

"ဟင်..." အသက်စွမ်းအင် မိခင်သစ်ပင်ကြီး အနည်းငယ် အံ့အားသင့်သွားလေသည်။ "ဒီကောက်ကျစ်တဲ့ လူသားက သေခါနီးမှ အဆင့်တက်သွားတာလား... စိတ်ဝင်စားစရာပဲ..."

ထိုစဉ် လူတိုင်း၏ နားစည်ကို ဖောက်ထွင်းလုမတတ်၊ ဝိညာဉ်ကိုပါ ထိုးဖောက်သွားလုမတတ် စူးရှကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

လူအားလုံး၏ နားများ အူသွားပြီးနောက် မုန်လဲ့၏ ဦးခေါင်းထက်၌ အမွေးထူထူ သတ္တဝါကြီးတစ်ကောင်၏ ပုံရိပ်ယောင် ထွက်ပေါ်လာသည်ကို ထိတ်လန့်တကြား မြင်တွေ့လိုက်ကြရလေသည်။

တောက်ပနေသော အမွေးအမှင်များ...

ပြာလဲ့လဲ့ မည်းနက်နေသော အရေပြား...

ချွန်ထက် ကြောက်မက်ဖွယ်ကောင်းသော အစွယ်များ...

ရေခဲအလား အေးစက်နေသော မျက်လုံးများ...

"ဒါ... ဘာကြီးလဲ..." အသက်စွမ်းအင် မိခင်သစ်ပင်ကြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ဘာကြောင့်မှန်း မသိသော်လည်း ထိုပုံရိပ်ယောင်ဆီမှနေ၍ အရိုးထဲထိ စိမ့်ဝင်သွားစေသော အကြောက်တရားနှင့် ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေသော ထိတ်လန့်မှုများကို သူ ခံစားလိုက်ရလေသည်။ ဤခံစားချက်ကား သူ အားနည်းသေးငယ်စဉ် အချိန်တုန်းက အစွမ်းထက်လှသော မြင့်မြတ်သောနယ်မြေ မှော်သားရဲကြီးများကို ရင်ဆိုင်ခဲ့ရစဉ်က ခံစားချက်မျိုးပင်... အားနည်းသည်... အကူအညီမဲ့သည်... သနားစရာ ကောင်းလှသည်။

"မဖြစ်နိုင်ဘူး..."

"ငါက နတ်ဘုရားတစ်ဝက် တစ်ပါးလေ..."

"ငါ့ကို ကြောက်လန့်အောင် လုပ်နိုင်တဲ့ အရာ မရှိဘူး..."

"ဟုတ်တယ်... ငါ့ကို ကြောက်လန့်အောင် လုပ်နိုင်တဲ့ သက်ရှိ ဆိုတာ မရှိဘူး..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက အကြောက်တရားများကို ဖယ်ရှားလိုက်ပြီး စကားသံထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။

"မင်း ဘယ်သူပဲ ဖြစ်ဖြစ်... မင်း ဘာသွေးမျိုးဆက် ပါပါ... သေလိုက်စမ်း..."

လွှမ်းခြုံနိုင်စွမ်း ကြီးမားလှသော နတ်ဘုရားအရှိန်အဝါများက မုန်လဲ့အပေါ်သို့ ဖိကျလာပြီး ရွှေရောင်သစ်ကိုင်း တစ်ကိုင်းက အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချလာလေသည်။

သာမန်လူတို့၏ အမြင်တွင် သစ်ကိုင်းများက ပေါ့ပါးသွက်လက်ကာ နူးညံ့သည်ဟု ထင်ရသော်လည်း အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ ဤရွှေရောင်သစ်ကိုင်းမှာမူ အလွန်တရာ လေးလံပြီး ပြိုင်ဘက်ကင်းလောက်အောင် မြန်ဆန်လှပေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဒြပ်ထုနှင့် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းတို့ ပေါင်းစပ်လိုက်သောအခါ ဤသစ်ကိုင်းတွင် ပါဝင်သော စွမ်းအင်က မည်မျှ ကြီးမားမည်ကို ခန့်မှန်းကြည့်၍ ရနိုင်လေသည်။ ရွှေရောင်သစ်ကိုင်းနှင့်သာ အရိုက်ခံရပါက နတ်ဘုရားတစ်ဝက် အောက်အဆင့်များမှာ ချက်ချင်း သေဆုံးသွားမည်ဖြစ်ပြီး နတ်ဘုရားတစ်ဝက် အဆင့်များ မည်သို့ဖြစ်သွားမည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

"ရွှစ်..."

ရွှေရောင်သစ်ကိုင်းက လေထုကို ဆုတ်ဖြဲကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်လဲ့အရှေ့သို့ ရောက်ရှိလာပြီး သူ၏ ကိုယ်ပေါ်သို့ ရိုက်ချတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။

"ရွှစ်..."

အသက်လုရမည့် ထိုအချိန်လေးမှာပင် နတ်ဘုရားနယ်ပယ်၏ ချုပ်နှောင်ထားခြင်းကို ခံရသော မုန်လဲ့မှာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ လုံးဝ အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။

"ဘာ..." အသက်စွမ်းအင် မိခင်သစ်ပင်ကြီး လန့်သွားလေသည်။ "ငါ့ရဲ့ နတ်ဘုရားနယ်ပယ် ရဲ့ ချုပ်နှောင်မှု အောက်မှာ ပျောက်ကွယ်သွားတယ် ဟုတ်လား... ဒါ... ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ..."

"မဖြစ်နိုင်တာ မရှိဘူး... သစ်ပင်အိုကြီး..."

အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မုန်လဲ့က အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ အရှေ့တွင် ရုတ်ခြည်း ကိုယ်ထင်ပြလာလေသည်။

လက်ထဲတွင် ဖျက်ဆီးခြင်းတူကြီးကို မြှောက်ကိုင်ထားပြီး တူ၏ ပတ်လည်တွင် လေဆင်နှမောင်းများ ရစ်ပတ်နေကာ ဒေါသတကြီး ဟိန်းဟောက်၍ အရူးအမူး ထုချလိုက်လေသည်။

"ဝုန်း..."

ဖျက်ဆီးခြင်း တူကြီး၌ အတိုင်းအဆမရှိသော ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေပြီး အသက်စွမ်းအင် မိခင်သစ်ပင်ကြီး အပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားလေသည်။

ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ အသက်စွမ်းအင် မိခင်သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်ပင်ပင်စည်ပေါ်တွင် ကြီးမားလှသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။ သို့သော်လည်း အရပ်မည်မျှမြင့်မှန်းမသိ၊ မည်မျှတုတ်ခိုင်မှန်းမသိသော အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ ပင်စည်နှင့် ယှဉ်လိုက်ပါက ဤကျင်းကြီးဆိုသည်မှာ လူတစ်ယောက်၏ ကိုယ်ပေါ်ရှိ ချွေးပေါက်လေး တစ်ပေါက်မျှသာ ရှိပြီး သတိပြုမိရန်ပင် ခက်ခဲလှပေသည်။

"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး..."

သို့သော် အသက်စွမ်းအင် မိခင်သစ်ပင်ကြီးမှာမူ အလွန်တရာ အံ့အားသင့်သွားလေသည်။

သူက နတ်ဘုရားတစ်ဝက်အဆင့် သက်ရှိတစ်ကောင်ဖြစ်ပြီး အပင်အမျိုးအစား နတ်ဘုရားတစ်ဝက် ဖြစ်သဖြင့် သစ်ပင်ပင်စည်က ဖျက်ဆီး၍ မရနိုင်လောက်အောင် မာကျောလှပေသည်။ အဆင့်တူ နတ်ဘုရားတစ်ဝက်များပင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။ မြင့်မြတ်သောနယ်မြေ အဆင့်လေးက သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့ဆိုသည်မှာ ဝေးစွ။

သို့သော် မုန်လဲ့က လုပ်နိုင်ခဲ့လေသည်။

မြင့်မြတ်သောနယ်မြေ အဆင့်လေး တစ်ယောက်က သူ့ကို ဒဏ်ရာရသွားစေခဲ့လေသည်။

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးမှာ ဒေါသအမျက် ချောင်းချောင်းထွက်သွားလေသည်။

"သေနာ လူသား... မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးသည် ရွှေရောင် နွယ်ပင်များ အမြောက်အမြားကို လေထဲတွင် ကခုန်စေကာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားသော ရွှေရောင်ကြာပွတ်များအဖြစ် ပြောင်းလဲလိုက်လေသည်။ ထို့နောက် မုန်လဲ့အား အပိုင်းပိုင်း အစအစ ဖြစ်သွားစေရန် အရူးအမူး ရိုက်ချလာလေတော့သည်။

"သတ်..."

မုန်လဲ့၏ ခန္ဓာကိုယ်က လျှပ်စီးအလား မြန်ဆန်လွန်းလှပြီး ကောင်းကင်ယံကို ဖုံးလွှမ်းနေသော ကြာပွတ်များ ကြားတွင် လွတ်လပ်စွာ ဖြတ်သန်းသွားလာနေလေသည်။ ရွှေရောင်နွယ်ပင်များက အရူးအမူး ရိုက်ချနေသော်လည်း မုန်လဲ့၏ အင်္ကျီစွန်းလေးကိုပင် မထိခိုက်နိုင်ပေ။

ကြာပွတ် ထောင်သောင်းချီ ကြားထဲမှ ဖြတ်သွားသည်တိုင်အောင် အရိပ်လေးတစ်ခုကိုမျှ မထိမိသည်မှာ အံ့မခန်းပင် ဖြစ်လေသည်။

"သစ်ပင်အိုကြီး... သေလိုက်စမ်း..."

ကြာပွတ်များ အားလုံးကို ဖြတ်ကျော်ပြီးနောက် မုန်လဲ့က အသက်စွမ်းအင် မိခင်သစ်ပင်ကြီး အရှေ့သို့ ထပ်မံ ရောက်ရှိလာပြီး နောက်ထပ် ဒေါသတကြီးဖြင့် ထုချလိုက်ပြန်လေသည်။

"ဝှူး..."

လေပြင်းများ တိုက်ခတ်ကာ တိမ်များ လွင့်စင်သွားလေသည်။

"ဝုန်း..."

နောက်ထပ် ကျင်းကြီး တစ်ခု ထပ်ပေါ်လာပြန်လေသည်။

"ခွေးကောင်..."

"သေနာကောင်..."

"ငါ အရမ်း ဒေါသထွက်တယ်..."

"ငါ အရမ်း ဒေါသထွက်တယ်ကွ..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးမှာ ရူးသွပ်မတတ် ဒေါသထွက်နေလေသည်။

သူက နတ်ဘုရားတစ်ဝက် တစ်ပါးဖြစ်ပြီး ကောင်းကင်ယံတိုက်ကြီး၏ ထိပ်ဆုံး၌ ရပ်တည်နေသော သက်ရှိတစ်ကောင် ဖြစ်လေသည်။ ယခုကဲ့သို့ မြင့်မြတ်သောနယ်မြေ အဆင့်လေး တစ်ယောက်ကို ဘာမှမလုပ်နိုင်ပါက သူ၏ နတ်ဘုရားတစ်ဝက် ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် သွားထားရမည်နည်း။

"နတ်ဘုရားနယ်ပယ်..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မုန်လဲ့အပေါ်သို့ အရူးအမူး ဖိနှိပ်ချလိုက်လေသည်။

"ဝုန်း..."

မုန်လဲ့၏ ခန္ဓာကိုယ် အနည်းငယ် ရပ်တန့်သွားပြီး နေရာမှာတင် တောင့်တင်းသွားလေသည်။

"သေလိုက်စမ်း..."

ရွှေရောင် ကြာပွတ်များ အားလုံး အခွင့်အရေး ယူကာ ရိုက်ချလာလေသည်။

"ရွှစ်..."

မုန်လဲ့ ပြန်လှုပ်ရှားနိုင်သွားပြီး နေရာမှာတင် ထပ်မံ ပျောက်ကွယ်သွားပြန်လေသည်။

ထို့နောက်...

"ဝုန်း..."

တတိယမြောက် ကျင်းကြီး ထပ်ပေါ်လာပြန်လေသည်။

"ဒီကောင်စုတ်လေးက တကယ်... တကယ်ကို..."

"နဂါးနတ်ဘုရား ကို တိုင်တည်ပါတယ်... ငါ အိပ်မက် မက်နေတာလား..."

"အမြင်မှားတာလား... သေချာပေါက် အမြင်မှားတာပဲ..."

"အတုပဲ... ဒါက အတုပဲ... မုန်လဲ့ က ဘယ်လိုလုပ် နတ်ဘုရားတစ်ဝက် ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ... သူက မြင့်မြတ်သောနယ်မြေ အဆင့်လေးပဲ ရှိသေးတာလေ..."

လူအားလုံးမှာ အံ့အားသင့် မှင်သက်သွားကြလေသည်။

အဖိုးအို အာဘေး အခြားသော ပြိုင်ပွဲဝင်များနှင့် သံချပ်ကာ စစ်သည်တော် ထောင်ပေါင်းများစွာတို့မှာ ပြောစရာစကားပင် မဲ့သွားကြလေသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို မည်သူကများ မျှော်လင့်ထားခဲ့မည်နည်း။ နတ်ဘုရားတစ်ဝက် အဆင့်ရှိသော အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက မြင့်မြတ်သောနယ်မြေ အဆင့်လေးသာရှိသော မုန်လဲ့ကို ဘာမျှမလုပ်နိုင်ခြင်းကို မည်သူက ယုံကြည်နိုင်မည်နည်း။

ထို့အပြင် မုန်လဲ့ကဲ့သို့သော မြင့်မြတ်သောနယ်မြေမှာ အသက် ၁၆ နှစ်သာ ရှိသေးသည် မဟုတ်ပါလော။

"ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ..."

လူအားလုံး စဉ်းစား၍ မရအောင် ဖြစ်နေကြပြီး အဖိုးအို တစ်ယောက်သာ နှုတ်ခမ်း တွန့်ကွေးကာ ရင်ထဲမှာ လှိုင်းတံပိုးတွေ ထနေပါတယ်။

"ဒီကောင်စုတ်လေး က ရုတ်တရက် အစွမ်းထက်လာပြန်ပြီ... ဒါပေမဲ့ ဒီတစ်ခါတော့ အရမ်း လွန်လွန်းနေပြီ..."

"သေနာ ကောင်စုတ်လေး... မင်းကို ငါ သတ်မယ်..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးမှာ ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်နေလေသည်။

"နတ်ဘုရားနယ်ပယ်..."

မုန်လဲ့၏ ခန္ဓာကိုယ် အနည်းငယ် ရပ်တန့်သွားပြီး ထပ်မံ ချုပ်နှောင်ခံလိုက်ရပြန်လေသည်။

"နတ်ဘုရားမှော်ပညာ... အသက်စွမ်းအင် ရုပ်သိမ်းခြင်း..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ အမြောက်အမြား ထွက်ပေါ်လာပြီး ကြီးမားလှသော ရွှေရောင်အလင်းတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ မုန်လဲ့ကို ချက်ချင်း လွှမ်းခြုံသွားလေသည်။

ထို့နောက် လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအားတစ်ခုက မုန်လဲ့၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်များကို အရူးအမူး စုပ်ယူလေတော့သည်။

"နတ်ဘုရားမှော်ပညာ... ဒါက နတ်ဘုရားမှော်ပညာပဲ..." အဖိုးအိုက အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်လေသည်။ "ကောင်လေး... နတ်ဘုရားမှော်ပညာ ဆိုတာ နတ်ဘုရားစွမ်းအား ကို အခြေခံပြီး သုံးရတာ... နတ်ဘုရားစွမ်းအား မရှိတဲ့ ဘယ်သက်ရှိ အပေါ်မှာ မဆို အကြွင်းမဲ့ အကျိုးသက်ရောက်မှု ရှိတယ်..."

"နည်းလမ်း ရှာ... မြန်မြန် နည်းလမ်း ရှာ..."

"ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုရားနယ်ပယ် ရဲ့ ချုပ်နှောင်မှု ကနေ လွတ်အောင် ရုန်းထွက်ရမယ်... မဟုတ်ရင် နတ်ဘုရားမှော်ပညာ ရဲ့ စွမ်းအား အပြည့်အဝ ပေါ်လာရင် မင်း သေချာပေါက် သေရလိမ့်မယ်..."

"လှုပ်စမ်း..."

"ငါ့ကို လှုပ်စမ်း..."

မုန်လဲ့က အံကြိတ်ကာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အရူးအမူး လှုပ်ရှားနိုင်ရန် ကြိုးပမ်းနေလေသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းလှသည်မှာ ဤတစ်ကြိမ်တွင် နတ်ဘုရားနယ်ပယ်၏ စွမ်းအားက အလွန်တရာ ကြီးမားလွန်းနေသဖြင့် သူ၏ ခန္ဓာကိုယ်က လုံးဝ အမိန့်မနာခံတော့ခြင်းပင် ဖြစ်လေသည်။

"ဒီလိုမှတော့ ဒီနည်းပဲ သုံးရတော့မှာပေါ့..."

မုန်လဲ့ က တိုးတိုးလေး အော်ဟစ်လိုက်ပြီး နဖူးက သွေးကြောတွေ ထောင်တက်လာပါတယ်။

"နတ်ဘုရားသတ်ကြွက်... အဖြစ် ပြောင်းလဲခြင်း..."

"ဖူး..."

စကားဆုံးသည်နှင့် မုန်လဲ့၏ ခန္ဓာကိုယ်က လေလျှော့လိုက်သည့် အရုပ်လေးတစ်ရုပ်အလား ရုတ်ခြည်း ကျုံ့ဝင်သွားပြီး အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် အရပ် တစ်ပေခွဲခန့်သာ ကျန်ရှိတော့လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ အရေပြားပေါ်၌ ပြာလဲ့လဲ့ အမည်းရောင် အမွေးအမှင်များ အမြောက်အမြား ထွက်ပေါ်လာပြီး ပါးပြင်နှစ်ဖက်တွင် အမည်းရောင် နှုတ်ခမ်းမွေး ၃ ပင်စီ ထွက်လာကာ နောက်ပိုင်းတွင်လည်း သွယ်လျလှပသော အမြီးရှည်တစ်ချောင်း ထွက်ပေါ်လာလေသည်။

"ဝုန်း..."

အမည်းရောင် အငွေ့များက တစ်ကိုယ်လုံးကို ရစ်ပတ်သွားပြီး ကြီးမားလှသော သတ်ဖြတ်လိုစိတ်ကြီးတစ်ခု ပေါက်ကွဲထွက်လာလေသည်။

လက်ချောင်းဆယ်ချောင်းက ချွန်ထက်သော လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး မျက်လုံးများက မည်းနက် တောက်ပနေကာ ရှေ့သွားနှစ်ချောင်းကလည်း ရှည်လျား ချွန်ထက်လာပြီးနောက် နတ်ဘုရားသတ်ကြွက် လူသားအဖြစ်သို့ လုံးဝ ပြောင်းလဲသွားလေတော့သည်။

"ရှီး..."

မုန်လဲ့၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် နတ်ဘုရားနယ်ပယ်၏ ချုပ်နှောင်မှုကို ဖောက်ထွက်သွားပြီး ရွှေရောင် အလင်းတန်းကြီး ထဲမှ တိုက်ရိုက် ပျောက်ကွယ်သွားလေသည်။

"အရမ်း မြန်တဲ့ အမြန်နှုန်းပဲ..."

"အရမ်း ကြောက်စရာကောင်းတဲ့ ကာကွယ်ရေးပဲ..."

မည်မျှလောက် ပေါ့ပါးသွက်လက်သွားမှန်းမသိသော ခန္ဓာကိုယ်နှင့် အဆပေါင်းများစွာ မြင့်တက်သွားသော ကာကွယ်ရေးစွမ်းအားတို့ကို ခံစားမိရင်း မုန်လဲ့၏ ရင်တွင်း၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများကလည်း ယခင်ကထက် အဆမတန် မြင့်တက်လာလေသည်။

ဤအချိန်၌ကား သူသည် အသက်စွမ်းအင် မိခင်သစ်ပင်ကြီးကို လုံးဝ ကြောက်ရွံ့ခြင်းမရှိတော့ဘဲ တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်များသာ လွှမ်းမိုးနေလေတော့သည်။

"သိမ်းလိုက်..."

ဖျက်ဆီးခြင်း တူကြီး ပျောက်ကွယ်သွားလေသည်။

မုန်လဲ့ က အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် နေရာပြောင်းသွားသလိုမျိုး အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ၏ ပင်စည်ပေါ်သို့ ထူးဆန်းစွာ ရောက်ရှိသွားလေသည်။

လက်သည်းဖြင့် ညင်သာစွာ ကုတ်လိုက်ရာ ဂျွတ် ဆိုသည့် အသံနှင့်အတူ အသက်စွမ်းအင် မိခင်သစ်ပင်ကြီး အပေါ်တွင် နက်ရှိုင်းသော အစင်းကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားလေသည်။

"အရမ်း ထက်တဲ့ လက်သည်းပဲ..."

မုန်လဲ့ ကိုယ်တိုင်ပင်လျှင် အံ့အားသင့်သွားပြီး မျက်လုံးများ အရောင်လက်သွားကာ လက်နှစ်ဖက်ဖြင့် ဆက်တိုက် ကုတ်ခြစ်လိုက်ရာ ဂျွတ် ဂျွတ် ဆိုသည့် အသံများနှင့်အတူ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

"တောက်... တောက်..."

ကျင်းနက်ကြီးထဲမှ ရွှေရောင် သစ်ပင်အရည်များ တစ်စက်ချင်းစီ ကျဆင်းလာပြီး ရင်ကို အေးမြသွားစေသော မွှေးကြိုင်သည့် အနံ့များ ထွက်ပေါ်လာကာ လူကို လန်းဆန်း တက်ကြွသွားစေလေသည်။

"အား..." အသက်စွမ်းအင် မိခင်သစ်ပင်ကြီး မှာမူ နာကျင်စွာ အော်ဟစ်လိုက်ပြီး ရွှေရောင် နွယ်ပင်များ အမြောက်အမြားက အရူးအမူး ရိုက်ချလာလေသည်။

မုန်လဲ့ က ကောင်းကင်မှ ရိုက်ချလာသော နွယ်ပင် အမြောက်အမြားကို ကြည့်ပြီး မျက်လုံး လှန်လိုက်ကာ၊

"လက်သည်း က ဒီလောက် ထက်နေမှတော့ ငါ ဘာလို့..."

ထိုသို့ တွေးလိုက်ပြီးနောက် မုန်လဲ့ က ခုနက တူးထားသော ကျင်းနက်ကြီး ထဲသို့ ချက်ချင်း ဝင်သွားလေသည်။

"ဂျွတ်... ဂျွတ်..."

လက်သည်း နှစ်ဖက်ဖြင့် အဆက်မပြတ် ကုတ်လိုက်ရာ ကျင်းက ပိုပို နက်လာလေသည်။

ထို့နောက် ရွှစ် ဆိုသည့် အသံနှင့်အတူ အထဲသို့ ဝင်သွားလေတော့သည်။

"ခွေးကောင်... မင်း ဘာလုပ်ချင်တာလဲ... အား..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီး အလွန် အံ့အားသင့်သွားပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်ရာ ကြီးမားလှသော သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်ပင် ပင်စည် လှုပ်ခါကာ သစ်ရွက်များ လှုပ်ခါပြီး မူးယစ်ဆေး စားထားသကဲ့သို့ ဖြစ်နေလေသည်။

"ငါ တူးမယ်..."

"ငါ တူးမယ်..."

"ငါ တူးမယ်..."

"ကာကွယ်ရေး အရမ်း ကောင်းတဲ့ သစ်ခေါက် နဲ့ ယှဉ်ရင် အထဲကတော့ တော်တော်လေး ပျော့တာပဲ..."

"အရမ်း မွှေးတဲ့ သစ်ပင် အရည်ပဲ... သောက်လို့ ရမလား မသိဘူး..."

"ကောင်စုတ်လေး... မင်း တကယ် လုပ်နိုင်တာပဲ..." အဖိုးအို၏ အသံ ထွက်ပေါ်လာပြီး အဆုံးမရှိသော စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။

"မြန်မြန်... သူ့ရဲ့ အသက်စွမ်းအင် အမြုတေ ကို ရှာ..."

"အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ကလည်း အပင် အမျိုးအစား သက်ရှိ ပဲ... သူ့ရဲ့ အသက်စွမ်းအင် အမြုတေ ကိုသာ ရှာတွေ့ရင် သူ့ကို သတ်လို့ ရနိုင်တယ်..."

"ဖြစ်နိုင်ချေ နည်းနည်းလေး ပဲ ရှိတယ် ဆိုပေမဲ့..."

"အခု အခြေအနေ အရ ဆိုရင် စွန့်စားကြည့်ဖို့ လုံးဝ တန်တယ်... တကယ်လို့ သူ့ကိုသာ သတ်နိုင်ရင် မင်းတော့ ချမ်းသာပြီပဲ..."

All Chapters