အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း ၁၉၅။ နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ်၊ ကြီးမားလှသော ပိုင်ဆိုင်မှုများ
ယခုအချိန်အထိ နတ်သစ်ပင် သစ်သီးများတွင် အစွမ်း ၂ မျိုး ရှိကြောင်း မုန်လဲ့ တွေ့ရှိခဲ့ရလေသည်။
ပထမ အစွမ်းမှာ စွမ်းအားကို မြှင့်တင်ပေးခြင်းပင်။
မှော်သားရဲများသည် နတ်သစ်ပင် သစ်သီးကို စားသုံးခြင်းဖြင့် နှစ်အနည်းငယ်အတွင်းမှာပင် မြင့်မြတ်သောနယ်မြေ မှော်သားရဲများ ဖြစ်လာနိုင်ကြောင်း နှင်းဆီ ဦးချို စပါးအုံးမြွေက အကောင်းဆုံး သက်သေပြချက်ပင် ဖြစ်လေသည်။
ဒါပေါ့ လူသားများလည်း စားသုံး၍ ရနိုင်လေသည်။
အဆင့်ကိုး အထွတ်အထိပ်တွင် တစ်ဆို့နေသော ပြိုင်ပွဲဝင် အများအပြားမှာ နတ်သစ်ပင် သစ်သီးကို စားသုံးပြီးနောက် မြင့်မြတ်သောနယ်မြေ အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်ကို မုန်လဲ့ ကိုယ်တိုင် တွေ့မြင်ခဲ့ရလေသည်။
ဒုတိယ အစွမ်းမှာ သွေးမျိုးဆက်ကို သန့်စင်ပေးခြင်းပင်။
အာဘေးက အကောင်းဆုံး သက်သေပြချက်ပင် ဖြစ်လေသည်။
အာဘေး၏ အဆိုအရ နတ်သစ်ပင် သစ်သီးကို မစားသုံးမီက သူမသည် ရွှေရောင် နဂါးလူသား သက်သက်သာ ဖြစ်ပြီး ရွှေနဂါးကြီးအဖြစ် လုံးဝ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် စားသုံးပြီးနောက်တွင်တော့ သူမ ပြောင်းလဲနိုင်ခဲ့လေပြီ။ သူမ၏ ခန္ဓာကိုယ်တွင်းရှိ ရွှေနဂါးကြီး သွေးမျိုးဆက် ပေါင်းစပ်မှုက ၇၀% ကို ကျော်လွန်သွားခဲ့လေသည်။
ထို့ကြောင့် နတ်သစ်ပင် သစ်သီးသည် သွေးမျိုးဆက်ကို တကယ်ပင် သန့်စင်ပေးနိုင်ကြောင်း ထင်ရှားလှပေသည်။
အခြားသော အစွမ်းများကိုမူ လောလောဆယ်တွင် မတွေ့ရှိရသေးပေ။ သို့သော် ဤအစွမ်း ၂ မျိုးတည်းဖြင့်ပင် နတ်သစ်ပင် သစ်သီးသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်နေပြီ ဖြစ်လေသည်။
သို့သော် မုန်လဲ့ကမူ စားသုံးရန် မရဲသေးပေ။
အဘယ်ကြောင့်နည်း။
"ကျောင်းအုပ်ကြီးရဲ့ အဆိုအရ ဆိုရင်..."
"နတ်သစ်ပင် သစ်သီးနဲ့ အသက်စွမ်းအင် အနှစ်သာရတွေ ထဲမှာ အသက်စွမ်းအင် မိခင်သစ်ပင်ကြီးရဲ့ နတ်ဘုရားသဘာဝ ပါဝင်နေနိုင်တယ်..."
မုန်လဲ့ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ "တကယ်လို့ နတ်ဘုရားသဘာဝ သာ ပါဝင်နေရင် အဲဒါက အဆိပ်ပြင်းပြင်းတွေပဲ..."
နတ်ဘုရားသဘာဝ ဆိုသည်မှာ အဘယ်နည်း။
နတ်ဘုရားသဘာဝ ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအင်တစ်မျိုး ဖြစ်လေသည်။
ထိုအထဲတွင် နတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒများ အကျင့်စရိုက်များ ယုံကြည်ချက်များ မှတ်ဉာဏ်များ နိယာမ အသိတရားများ လုပ်ဆောင်ပုံများ ဘက်လိုက်မှုများ စသည်တို့ ပါဝင်လေသည်။
ရှင်းရှင်းပြောရလျှင် နတ်ဘုရားသဘာဝ ဆိုသည်မှာ နတ်ဘုရားတစ်ပါး၏ နတ်ဘုရား ဝိညာဉ် အပိုင်းအစများနှင့် အတူတူပင် ဖြစ်ပြီး ထိုအထဲတွင် အချက်အလက် များစွာ ပါဝင်လေသည်။
သာမန်လူများအနေဖြင့် နတ်ဘုရားသဘာဝကို စုပ်ယူခြင်းဖြင့် စွမ်းအားများကို မြှင့်တင်နိုင်သည် သက်တမ်းကို ဆွဲဆန့်နိုင်သည် နိယာမ အသိတရားများကို တိုးပွားစေနိုင်ပြီး နတ်ဘုရားဖြစ်လာရန် ကြာချိန်ကို အများကြီး လျှော့ချနိုင်လေသည်။
သို့သော် နတ်ဘုရားသဘာဝကို စုပ်ယူရာတွင် သေစေနိုင်လောက်သော အန္တရာယ်တစ်ခု ရှိနေလေသည်။
ထိုအရာမှာ ကျဆုံးသွားသော နတ်ဘုရားများက သာမန်လူများ စုပ်ယူလိုက်သော နတ်ဘုရားသဘာဝမှ တစ်ဆင့် ပြန်လည် အသက်ရှင်လာနိုင်ပြီး ကိုယ်ခန္ဓာကို လုယူနိုင်ခြင်းပင် ဖြစ်လေသည်။
နတ်ဘုရားများ၏ နတ်ဘုရား ဝိညာဉ်မှာ သေဆုံးရန် ခဲယဉ်းလှသဖြင့် သေးငယ်သော နတ်ဘုရား ဝိညာဉ် အပိုင်းအစလေး တစ်ခုကပင်လျှင် နတ်ဘုရားများကို ပြန်လည် အသက်ရှင်လာနိုင်သည့် အခွင့်အရေးများ ပေးစွမ်းနိုင်လေသည်။
ဤသည်မှာ လုံးဝ နောက်ပြောင်နေခြင်း မဟုတ်ပေ။
စဉ်းစားကြည့်ပါ နတ်သစ်ပင် သစ်သီးနှင့် အသက်စွမ်းအင် အနှစ်သာရများထဲတွင် အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ နတ်ဘုရားသဘာဝများသာ တကယ် ပါဝင်နေမည်ဆိုပါက ၎င်းသည် အဆိပ်မဟုတ်လျှင် အဘယ်နည်း။
အနည်းဆုံးတော့ သေချာ မသိရသေးမီ အချိန်အထိ မုန်လဲ့ ကိုယ်တိုင် စားသုံးရဲမည် မဟုတ်သလို သူ့သူငယ်ချင်းများနှင့် မှော်အိမ်မွေးတိရစ္ဆာန်များကိုလည်း ကျွေးရဲမည် မဟုတ်ပေ။ သူတို့၏ စွမ်းအားက အားနည်းချင် အားနည်းနေပါစေ ဤကဲ့သို့ အန္တရာယ်မျိုးကိုတော့ အရင်ဆိုင်ခိုင်းမည် မဟုတ်ပေ။
"နတ်ဘုရားသဘာဝ..."
"နတ်ဘုရားသဘာဝ ရှိမရှိ ဘယ်လို စစ်ဆေးရမလဲ..."
"စစ်ဆေးကြည့်ဖို့တော့ ကောင်းသား..."
"ငါ့ဆီမှာ နတ်သစ်ပင် သစ်သီး တွေနဲ့ အသက်စွမ်းအင် အနှစ်သာရ တွေ အများကြီး ရှိနေတာကို ဒီအတိုင်း အလကား ဖြစ်သွားအောင်တော့ အဖြစ်မခံနိုင်ဘူး..."
"ဝုန်း..."
ထိုအချိန်တွင် မြေအောက်မီး ပုတ်သင်ညိုကြီးက ကြီးမားလှသော ခြေလှမ်းကြီးများဖြင့် ဝင်ရောက်လာပြီး ကြီးမားလှသော ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေရာ တိုင်ဒီ တစ်ယောက် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ရန်သူနှင့် ရင်ဆိုင်ရမည့် အတိုင်း ပြင်ဆင်နေလေသည်။
"သူဌေး... ကျွန်တော့် ကျောပေါ်ကို မြန်မြန် တက် အရင် ဆုတ်ကြမယ်..." တိုင်ဒီ က အလျင်စလို တိုက်တွန်းနေလေသည်။
"ဆုတ်မယ် ဟုတ်လား... ဘာလို့ ဆုတ်ရမှာလဲ..."
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်လေသည်။ "ကိုယ့်ဆီ အလိုလို ရောက်လာတဲ့ အသားတုံးကြီးကို မစားရင် သူ့ရဲ့ စေတနာ ကို စော်ကားရာ ကျနေမှာပေါ့..."
တိုင်ဒီ အနည်းငယ် ကြောင်အမ်းသွားလေသည်။
နောက်တစ်စက္ကန့်တွင် သူ လုံးဝ အံ့အားသင့်သွားလေတော့သည်။
ပတ်ဝန်းကျင်ရှိ မြက်ရိုင်းများက အရူးအမူး ကြီးထွားလာပြီးနောက် နူးညံ့ပြီး ခွန်အားကြီးမားသော မြက်ကြာပွတ်များ အဖြစ် ပြောင်းလဲသွားကာ ခန့်ညားလှသော မြေအောက်မီး ပုတ်သင်ညိုကြီး ဆီသို့ အလျင်စလို ပြေးဝင်သွားလေသည်။
"ဂါး..."
မြေအောက်မီး ပုတ်သင်ညိုကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ပါးစပ်မှ မီးတောက်များကို မှုတ်ထုတ်ကာ မြက်ကြာပွတ် အမြောက်အမြားကို လောင်ကျွမ်းစေရန် ကြိုးစားလေသည်။
သို့သော် ဘာမှ အသုံးမဝင်ပေ။ မြက်ကြာပွတ်များက မီးတောက်များကို ဖြတ်သန်းကာ မြေအောက်မီး ပုတ်သင်ညိုကြီး ကိုယ်ပေါ်သို့ ရစ်ပတ်သွားပြီး ကောက်ညှင်းထုပ် တစ်ထုပ်အလား ချက်ချင်း ချည်နှောင်လိုက်လေသည်။
"ဂါး..."
မြေအောက်မီး ပုတ်သင်ညိုကြီးက ကောင်းကင်ကို မော့ကာ ဟိန်းဟောက်ပြီး အရူးအမူး ရုန်းကန်နေသော်လည်း ပိုရုန်းကန်လေ မြက်ကြာပွတ်များက ပိုကျပ်လာလေ ဖြစ်ကာ နောက်ဆုံး ရလဒ်ကတော့ ပြောနေစရာပင် မလိုတော့ပေ။
မြေအောက်မီး ပုတ်သင်ညိုကြီးမှာ မြက်ကြာပွတ်များ၏ အတင်း ရစ်ပတ်ထားခြင်းကို ခံရကာ အသက်ရှူရပ်ပြီး သေဆုံးသွားလေတော့သည်။
"သေ... သေသွားပြီလား..."
တိုင်ဒီ အနည်းငယ် ကြောင်အမ်းသွားလေသည်။ "သူဌေး... သူ သေသွားပြီလား..."
"ဒါပေါ့ သေသွားပြီပေါ့..."
မုန်လဲ့က လက်ချောင်းများကို ညင်သာစွာ ခေါက်လိုက်ရာ မြက်ရွက်များက ချွန်ထက်သော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး မိနစ်အနည်းငယ် အတွင်းမှာပင် မြေအောက်မီး ပုတ်သင်ညိုကြီးကို အပိုင်းပိုင်း ခုတ်ထစ်ကာ အသားကင် စင်ပေါ်သို့ တင်လိုက်လေသည်။
"သူဌေး... သူက အဆင့်ကိုး မှော်သားရဲ မြေအောက်မီး ပုတ်သင်ညိုကြီး လေ... ဒီလို လွယ်လွယ်လေး အသတ်ခံလိုက်ရတာလား..."
"ဘာဖြစ်လို့လဲ..."
"ဒါပေမဲ့ သူဌေး က အခု အဲဒီလောက်တောင် အစွမ်းထက်နေပြီလား..."
မုန်လဲ့က မြေအောက်မီး ပုတ်သင်ညိုကြီးကို အလွယ်တကူ သတ်ဖြတ်လိုက်ခြင်းက တိုင်ဒီ ကို လုံးဝ အံ့အားသင့်သွားစေလေသည်။
တိုင်ဒီ က သိချင်စိတ် ပြင်းပြနေသော ကလေးငယ်လေး တစ်ယောက်အလား ဟိုမေး ဒီမေး မေးနေလေရာ အသားကင်ပင် သူ့အတွက် သိပ်ဆွဲဆောင်မှု မရှိတော့ပေ။
မြေအောက်မီး ပုတ်သင်ညိုကြီး၏ အသားကင်ကို စားပြီးသောအခါ အချိန် ၃ နာရီခန့် ကြာမြင့်သွားလေပြီ။ မုန်လဲ့က တိုင်ဒီ၏ ကျောပေါ်တွင် ထိုင်ကာ မှော်သားရဲ ရွာသို့ ပျံသန်းသွားလေသည်။
မုန်လဲ့က ချက်ချင်း အင်ပါယာ မြို့တော် သို့ မပြန်သေးဘဲ ရွာတွင် နှစ်ရက်ခန့် နေထိုင်ကာ စိတ်အပန်းဖြေရန် စီစဉ်ထားလေသည်။ ပြတ်တောက်သွားသော ဖလှယ်ရေးပြိုင်ပွဲ နှင့် ပတ်သက်၍ နောက်မှပဲ ဆက်ကြည့်ရမည်။
...
"အားလုံး သေချာ အားစိုက်ပြီး လုပ်ကြ... ပျော့တိပျော့ဖတ် တွေ မလုပ်ကြနဲ့..."
"မှတ်ထား... လေ့ကျင့်ဖို့ အခွင့်အရေး ဆိုတာ ရဖို့ မလွယ်ဘူး အနာဂတ်မှာ တိုးတက်ချင်ရင် မုန်လဲ့ လို အစွမ်းထက်တဲ့ သူတစ်ယောက် ဖြစ်ချင်ရင် ကြိုးစားပြီး လေ့ကျင့်မှ ရမယ်... နားလည်လား..."
"နားလည်ပါတယ်..."
"အရမ်း ကောင်းတယ်..."
"တစ်..."
"နှစ်..."
"တစ်..."
"နှစ်..."
ရွာထိပ်ရှိ ကွင်းပြင်ထဲမှ ကျယ်လောင်သော ခရာမှုတ်သံများ ထွက်ပေါ်လာပြီး လူကြီး လူငယ် တစ်စု ကွင်းပြင်ထဲတွင် ရပ်ကာ ဟာဒက်စ် အဖွဲ့မှူး၏ အမိန့်ပေးသံနှင့် အတူ လှုပ်ရှားမှုများ လုပ်ဆောင်နေသည်ကို အဝေးမှပင် တွေ့မြင်နိုင်လေသည်။
ဓားခုတ်သည်။
ဓားခုတ်သည်။
ဓားခုတ်သည်။
ဓားခုတ်သည်။
"ကလေးတွေတောင် လေ့ကျင့်နေကြတာပဲ... မဆိုးဘူး..."
မုန်လဲ့က ကျေနပ်စွာ ပြုံးလိုက်လေသည်။ တောင်တန်းများကြားတွင် နေထိုင်ခြင်းက အနာဂတ် မရှိပေ။ လေ့ကျင့်မှသာလျှင် ကျယ်ဝန်းသော လောကကြီးကို မြင်တွေ့နိုင်မည် ဖြစ်လေသည်။
ရွာသားများ လုပ်နေတာ မှန်ကန်ပေသည်။
"ဝှူး..."
"ဝှူး..."
တိုင်ဒီ က ကောင်းကင်မှ ဆင်းသက်လာရာ ရွာသားများ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။ အားလုံးက လှည့်ကြည့်လိုက်ကြပြီး ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကာ မျက်နှာပေါ်တွင် အံ့ဩဝမ်းသာသည့် အမူအရာများ ထွက်ပေါ်လာလေသည်။
"မုန်လဲ့..."
"ကိုကိုမုန်လဲ့..."
"ကိုကိုမုန်လဲ့ ပြန်လာပြီဟေ့..."
ထို့နောက် အားလုံး ဝိုင်းအုံလာကြလေသည်။
"နေ့လယ်က တိုင်ဒီ ကမန်းကတန်း ပျံထွက်သွားတာ တွေ့လို့ မှော်သားရဲ ဖမ်းဖို့ သွားတာ ထင်နေတာ... မင်းကို သွားကြိုတာ ကိုး..."
ဟာဒက်စ် အဖွဲ့မှူး အလွန် ဝမ်းသာနေလေသည်။ "ဒါနဲ့ မုန်လဲ့... ဂျိုအန်နာ တို့ ပြောတာ မင်းက အင်ပါယာ မြို့တော် မှာ ဖလှယ်ရေးပြိုင်ပွဲ သွားပြိုင်တာ ဆို... ဘယ်လိုလုပ်..."
"လမ်းမှာ မတော်တဆမှု နည်းနည်း ဖြစ်သွားလို့... မှော်သားရဲ တောအုပ် ကို ကိစ္စလေး နည်းနည်း သွားရှင်းရင်းနဲ့ ဒီကို ဝင်လာခဲ့တာပါ..."
မုန်လဲ့က ဟာဒက်စ် ကို အပေါ်အောက် အကဲခတ်လိုက်ပြီး ရယ်မောကာ မေးလိုက်လေသည်။ "အဖွဲ့မှူး... ခင်ဗျား အဆင့်လေး စစ်သည်တော် ဖြစ်သွားပြီလား..."
"ဟားဟား... ဒါတွေ အားလုံး မင်းပေးခဲ့တဲ့ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအင် ကျင့်စဉ် တွေကြောင့်ပါပဲ..."
ဟာဒက်စ် အဖွဲ့မှူး မျက်နှာတွင် အပြုံးများ ပြည့်နှက်နေလေသည်။ "ဒါပေါ့... လတ်တလော စားသောက်ရတာ ကောင်းလာတာ နဲ့လည်း ဆိုင်တာပေါ့ တိုင်ဒီ က နေ့တိုင်း တောထဲကို ပြေးပြီး ပြန်လာရင် မှော်သားရဲ တစ်ကောင် အမြဲတမ်း ပါလာတယ်လေ..."
"အဆင့်လတ် အဆင့်မြင့် မှော်သားရဲ အသားတွေကို နေ့တိုင်း စားနေရတော့ လေ့ကျင့်ရတာ ပိုမြန်တာပေါ့... အဲဒါကြောင့် ငါက အချိန်တို အတွင်းမှာ အဆင့် နှစ်ဆင့် တောင် တက်သွားတာလေ..."
"ဟုတ်ပါတယ် ဟုတ်ပါတယ်..."
မုန်လဲ့ လှည့်ကြည့်လိုက်ရာ ရွာသားများ၏ စွမ်းအားများ မတူညီသော အတိုင်းအတာ တစ်ခု အထိ မြင့်တက်လာသည်ကို တွေ့လိုက်ရလေသည်။ ယခင်က အလုပ်သင် စစ်သည်တော် များ အားလုံးနီးပါး အဆင့်နှစ် အဆင့်သုံး စစ်သည်တော် များ ဖြစ်လာကြပြီး စွမ်းအားများ အများကြီး မြင့်တက်လာကြလေသည်။
သာမန် ရွာသားများလည်း ယခင်ကထက် အများကြီး ပိုမို သန်မာလာကြပြီး ယခင်ကလို အာဟာရ ချို့တဲ့ကာ ပိန်ချုံးနေခြင်း မျိုး မရှိတော့ဘဲ အသားအရေများ ပြည့်ဖြိုးလာကာ သန်မာ တောင့်တင်းလာကြလေသည်။
"ဒါ ကောင်းတဲ့ ကိစ္စပဲ..."
မုန်လဲ့ ပြုံးလိုက်လေသည်။
"မုန်လဲ့... မင်း ပြန်လာဖို့ မလွယ်ဘူး ဆိုတော့ ဒီနေ့တော့ မင်းကို သေချာ ဧည့်ခံမှ ရမယ်..."
ဟာဒက်စ် က အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။ "ဒီနေ့ လေ့ကျင့်တာ ဒီလောက်ပဲ... အားလုံးကို မြန်မြန် သွားပြောလိုက်ကြ ဒီည မီးပုံပွဲ လုပ်မယ်... မုန်လဲ့ ပြန်လာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမယ်..."
"ဟေး... ဟာဒက်စ် အဖွဲ့မှူး သက်တော်ရာကျော် ရှည်ပါစေ..."
"ကိုကိုမုန်လဲ့ သက်တော်ရာကျော် ရှည်ပါစေ..."
ထိုနေ့ ညတွင် ရွာတွင် ကြီးကျယ်ခမ်းနားသော မီးပုံပွဲကြီး တစ်ခု ပြုလုပ်ခဲ့လေသည်။ အသားကင် အနံ့များ ရွာတစ်ခုလုံးကို လွှမ်းခြုံနေပြီး ရွာသားများက သီချင်းဆို ကခုန်ကာ အရက်သောက် အသားစားရင်း အလွန် ပျော်ရွှင်နေကြလေသည်။
အရသာရှိသော အသားကင်များကို စားရင်း ရွာသားများ၏ ရယ်မော ပျော်ရွှင်သံများကို နားထောင်ရင်း မုန်လဲ့၏ စိတ်အခြေအနေ တဖြည်းဖြည်း ကောင်းမွန်လာပြီး ရွာသားများနှင့် အတူတူ ရှားပါးလှသော ပျော်ရွှင်စရာ အချိန်လေးကို ဖြတ်သန်းနေလေတော့သည်။
...
ညနက်ပိုင်း။
အိမ်ဟောင်းလေး ထဲတွင် လှဲလျောင်းနေသော်လည်း မုန်လဲ့ အိပ်မပျော်နိုင်ပေ။ အဖိုးအို ထွက်သွားပြီ ဆိုတော့ နေ့ရက်တွေကို ဆက်ဖြတ်သန်းရဦးမည် ဖြစ်ပြီး အနာဂတ် အတွက် သေချာ စီစဉ်ထားရန် လိုအပ်လေသည်။
"ငါ့ရဲ့ စွမ်းအား က အားနည်းနေသေးတယ်... ငါသာ ပိုအစွမ်းထက်ခဲ့ရင် ကျောင်းအုပ်ကြီး သေရမှာ မဟုတ်ဘူး..."
"အဓိက အကြောင်းရင်း က စွမ်းအား ပြဿနာ ပဲ..."
"စနစ်... အရည်အချင်း မှတ်တမ်း မျက်နှာပြင် ကို ဖွင့်ပြစမ်း..."
ရွှစ်...
ပိုင်ရှင် - မုန်လဲ့
မျိုးနွယ် - လူသား (မီးနဂါး သွေးမျိုးဆက် ၅၃% ၊ မီးမိစ္ဆာ သွေးမျိုးဆက် ၄၈% ၊ ရွှေနဂါးကြီး သွေးမျိုးဆက် ၅၁% ၊ ရွှေရောင် နတ်ဘုရားသတ် ပုရွက်ဆိတ် သွေးမျိုးဆက် ၁၀% ၊ နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက် ၁၀%)
ပိုင်ဆိုင်မှု - နိယာမ အရင်းအမြစ် ကျောက်သလင်း ၃.၂ ခု
ခန္ဓာကိုယ်ကြံ့ခိုင်မှု - နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် (အဆင့်နိမ့်)
စိတ်စွမ်းအင် - မြင့်မြတ်သောနယ်မြေ (၁၀.၃၉၈ ဘီလီယံ / ၁၀၀၀ ဘီလီယံ)
မှော်စွမ်းအင် - မြင့်မြတ်သောနယ်မြေ (၁၀.၃၇၁ ဘီလီယံ / ၁၀၀၀ ဘီလီယံ)
နိယာမ နားလည်မှု - မီးဓာတ် နိယာမ (၀.၂%) လေဓာတ် နိယာမ (၀.၁%) မိုးကြိုးဓာတ် နိယာမ (၀.၁%) သတ္တုဓာတ် နိယာမ (၀.၂%) အလင်းဓာတ် နိယာမ (၀.၁%)
အခြား - အမြောက်အမြား
"ခန္ဓာကိုယ်ကြံ့ခိုင်မှု - နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် ဟုတ်လား..."
"အဆင့်နိမ့် ဟုတ်လား... ကိန်းဂဏန်းတွေ မရှိတော့ဘူးလား... ပျောက်သွားပြီလား..."
"ကိန်းဂဏန်းတွေ မရှိတော့ဘူး ဆိုတော့... ငါ နောက်ပိုင်း ငွေကြေးသုံးပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု ကို တိုက်ရိုက် အဆင့်မြှင့်လို့ မရတော့ဘူး ဆိုတဲ့ သဘောလား..."
"စနစ်... အဲဒီလိုလား..."
"တိကျတဲ့ ကိန်းဂဏန်း မရှိရင် ငွေကြေးသုံးပြီး အဆင့်မြှင့်လို့ မရပါဘူး..." စနစ် က တိကျတဲ့ အဖြေကို ပေးလိုက်လေသည်။
"ကောင်းပြီလေ... မရရင်လည်း မရဘူးပေါ့..."
မုန်လဲ့ က နှုတ်ခမ်း တွန့်ကွေးလိုက်လေသည်။ "သွေးမျိုးဆက် ပေါင်းစပ်မှု ကို ငွေကြေးသုံးပြီး အဆင့်မြှင့်လို့ ရရင် ရပြီ... ခန္ဓာကိုယ် ကို အဆင့်မြှင့်လို့ ရတာပဲလေ..."
"ဒါပေမဲ့ နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် ချင်း အတူတူ ငါ ဘာလို့ အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ကို မသတ်နိုင်ခဲ့တာလဲ..."
မုန်လဲ့ ၏ အကြည့်များက အေးစက်နေလေသည်။
အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက အားအနည်းဆုံး နတ်ဘုရားတစ်ဝက် ဖြစ်သော်လည်း အပင် အမျိုးအစား သက်ရှိများ၏ ခန္ဓာကိုယ်က အမြဲတမ်း ခံနိုင်ရည်နှင့် ကာကွယ်ရေး အလွန် ကောင်းမွန်သည့် နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် ရှိနေသည်ကိုတော့ သူ မသိခဲ့ပေ။
အဆင့်တူ နတ်ဘုရားတစ်ဝက်များပင် အပင် အမျိုးအစား နတ်ဘုရားတစ်ဝက်၏ ကာကွယ်ရေးကို ဖောက်ထွင်းရန် ခက်ခဲလှပေရာ မုန်လဲ့၏ ယခုမှ ရရှိလာသော နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် က အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ကို ဘယ်လိုလုပ် သတ်နိုင်မည်နည်း။
"ထားလိုက်တော့... ဒီကိစ္စကို ဆက်မတွေးတော့ဘူး..."
မုန်လဲ့ က ခေါင်းခါလိုက်ပြီး သူ၏ အကြည့်များက အနောက်တွင် ရှိသော စိတ်စွမ်းအင် အပိုင်းသို့ ရောက်သွားလေသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု ၃၄၀ ဘီလီယံ ရှိသည့် မြင့်မြတ်သောနယ်မြေ အဆင့်မှ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကန့်သတ်ချက် ၁၀၀၀ ဘီလီယံ ကို ကျော်လွန်ကာ နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် ရှိသည့် နတ်ဘုရားတစ်ဝက် အဆင့်သို့ ရောက်ရှိလာခြင်းမှာ အလွန် မြန်ဆန်ပြီး ကြီးမားလှသော အပြောင်းအလဲကြီး တစ်ခုပင် ဖြစ်လေသည်။
သို့သော် အားနည်းချက်ကတော့ အရမ်း သိသာလွန်းနေလေသည်။
အဲဒါကတော့ ဝိညာဉ်။
ဒါမှမဟုတ် စိတ်စွမ်းအင် ပေါ့။
ဝိညာဉ်က အရမ်း အားနည်းနေလို့သာ အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ကို အခွင့်အရေး ပေးလိုက်ရပြီး အဖိုးအို သေဆုံးသွားရသည် အထိ ဖြစ်ခဲ့ရခြင်းပင်။
"ဝိညာဉ် စွမ်းအား ကို သေချာပေါက် အဆင့်မြှင့်ရမယ်..."
"အားနည်းချက်က အရမ်း သိသာလွန်းနေလို့ မရဘူး..."
"ဝမ်းနည်းစရာက... ပိုက်ဆံ မလောက်ဘူး..."
မုန်လဲ့ အနည်းငယ် တွေဝေသွားပြီးနောက် အဖိုးအို ထားခဲ့သော ဟင်းလင်းပြင် လက်စွပ် ကို နောက်ဆုံးတော့ ထုတ်ယူလိုက်လေသည်။ ထိုအထဲတွင် အဖိုးအို တစ်သက်လုံး စုဆောင်းခဲ့သော ပိုင်ဆိုင်မှုများ ရှိနေလေသည်။
"ကျောင်းအုပ်ကြီး..."
မုန်လဲ့ သက်ပြင်းချလိုက်ပြီး စိတ်စွမ်းအင် ကို လွှတ်ထုတ်၍ ကြည့်လိုက်ရာ သူ လုံးဝ ကြောင်အမ်းသွားလေသည်။
"အ... ကြီးကြီးပဲ..."
ကြီးတယ် ဟုတ်လား။
ကြီးတယ် ဆိုတာ ထက်တောင် အများကြီး ပိုသေးတယ်။
တစ်ချက် ကြည့်လိုက်တာနဲ့ အဆုံးကို မမြင်ရဘူး။
ဟင်းလင်းပြင် လက်စွပ် ထဲတွင် ကီလိုမီတာ ရာချီ ရှည်လျားသော တိုက်ကြီး တစ်ခုလုံး ရှိနေလေသည်။
တိုက်ကြီး ပေါ်တွင် ရွှေတောင်ကြီးများ မှော်အမြုတေ အပုံကြီးများ မှော်သားရဲ အလောင်းကြီးများ ဒြပ်စင် ကျောက်သလင်း တောင်ကြီးများ အမြောက်အမြား ရှိနေလေသည်။
ရွှေတောင်ကြီးများက မြင့်မား ခန့်ညားလှပေသည်။
မှော်အမြုတေ များက သန်းချီ ရှိနေပြီး ရေတွက်၍ပင် မရနိုင်ပေ။
မှော်သားရဲ အလောင်းများက အဆင့်ကိုး မှော်သားရဲ မြင့်မြတ်သောနယ်မြေ မှော်သားရဲ အလောင်းများချည်းသာ ဖြစ်ပြီး ထိုအောက် အဆင့် အလောင်း တစ်လောင်းမျှ မရှိပေ။
အရောင်အသွေး စုံလင်သော မှော်သလင်းကျောက်များနှင့် တောက်ပနေသော ဒြပ်စင် ကျောက်သလင်း များက မုန်လဲ့ မျက်လုံးများပင် ပြာသွားလောက်အောင် တောက်ပနေလေသည်။
"ဒါက ကျောင်းအုပ်ကြီး တစ်သက်လုံး စုဆောင်းခဲ့တဲ့ ပိုင်ဆိုင်မှုတွေ လား... ဒါက အရမ်း... အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ်..."
မုန်လဲ့ အသက်ပြင်းပြင်း ရှူလိုက်မိပြီး ရင်ထဲတွင် ကြီးမားလှသော ကျေးဇူးတင်မှုများ ထွက်ပေါ်လာလေသည်။ "ကျောင်းအုပ်ကြီး... ကျေးဇူးတင်ပါတယ် ဒီပစ္စည်းတွေကို ကျွန်တော် ကောင်းကောင်း အသုံးချပါ့မယ်..."
ျ"စနစ်... ရွှေဒင်္ဂါး တွေ အားလုံးကို ရောင်းလိုက်..."
"ရွှစ်..."
ရွှေတောင်ကြီးများ တစ်ခုပြီး တစ်ခု ပျောက်ကွယ်သွားပြီး အရည်အချင်း မှတ်တမ်း မျက်နှာပြင် ပေါ်ရှိ ပိုင်ဆိုင်မှု ကိန်းဂဏန်း များက အရူးအမူး မြင့်တက်လာလေသည်။
နိယာမ အရင်းအမြစ် ကျောက်သလင်း ၄ ခု... ၅ ခု... ၆ ခု...
နိယာမ အရင်းအမြစ် ကျောက်သလင်း ၂၀... ၃၀... ၄၀...
အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ပိုင်ဆိုင်မှု က မုန်လဲ့ အရင်က ရှိခဲ့သည့် နိယာမ အရင်းအမြစ် ကျောက်သလင်း ၇၃ ခု ဆိုသည့် အမှတ်ကို ကျော်လွန်သွားပြီး ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် ဆက်လက် မြင့်တက်နေလေသည်။
နောက်ဆုံးတွင် ဤကိန်းဂဏန်းမှာ ၂၃၈ ခု သို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားလေသည်။
"နိယာမ အရင်းအမြစ် ကျောက်သလင်း ၂၃၅ ခု တောင် တိုးလာတာလား..."
"ဒါက ရွှေဒင်္ဂါး ၂၃.၅ ထရီလီယံ တောင် ရှိတာပဲ..."
"ရွှေဒင်္ဂါး ချည်းပဲ ဒီလောက် အများကြီး ရှိနေတာ... မှော်သားရဲ အလောင်းတွေ မှော်အမြုတေ တွေ မှော်သလင်းကျောက် တွေ ဒြပ်စင် ကျောက်သလင်း တွေ ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး..."