အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း ၁၉၈။ နဂါးနက်ကို ခြေဖြင့်နင်းခြင်း၊ မုန်တိုင်း နဂါးကြီး
"မင်းတို့ ငါ့ကို သတ်မလား... ငါက မင်းတို့ကို သတ်ရမလား"
ဤစကားသံ ထွက်ပေါ်လာသည်နှင့် ပြင်းအားအဆင့် ၁၀ ရှိသော မြေငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ ခန်းမအတွင်းရှိ မှူးမတ်များ၊ အရာရှိများနှင့် မြင့်မြတ်သောနယ်မြေ စွမ်းအားရှင် ထောင်ချီတို့မှာ အလွန်တရာ အံ့ဩဒေါသထွက်သွားကြလေသည်။
"ရူးသွားပြီ"
"သူ ရူးသွားပြီ"
လူအားလုံး အသက်ရှူအောင့်လိုက်မိကြပြီး မုန်လဲ့အား အရူးတစ်ယောက်အလား ကြည့်နေကြလေသည်။
၁၆ နှစ် အရွယ် မြင့်မြတ်သောနယ်မြေလေး တစ်ယောက်။
အမွေးတောင် မစုံသေးသည့် ကလေးငယ်လေး တစ်ယောက်။
ဤမျှ များပြားလှသော မြင့်မြတ်သောနယ်မြေများ ရှေ့တွင် အင်ပါယာ၏ အလေးနက်ဆုံး နေရာ၌ ဤကဲ့သို့သော စကားမျိုးကို ပြောရဲသည် ဟုတ်လော။
ဤသည်ကား မည်မျှတိုင်အောင် ရိုင်းစိုင်းလွန်းသနည်း။
ဤသည်ကား မည်မျှတိုင်အောင် မောက်မာလွန်းသနည်း။
ဤသည်ကား မည်မျှတိုင်အောင် မိုက်မဲလွန်းသနည်း။
"အမွေးတောင် မစုံသေးတဲ့ ကလေးလေး... မင်းက ဒီလောက်တောင် ရိုင်းစိုင်းရဲတယ် လား"
ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က နဂါးပလ္လင်ကို လက်ဖြင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ "ရွှေရောင် သံချပ်ကာ အစောင့်တွေ... ဘယ်မှာလဲ... သူ့ကို အခု ချက်ချင်း မဖမ်းသေးဘဲ ဘာလုပ်နေကြတာလဲ"
"အမိန့်တော် အတိုင်းပါ"
ရွှေရောင် သံချပ်ကာ အစောင့် ဆယ်ယောက်ကျော်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်ပြီးနောက် မုန်လဲ့ဆီသို့ အုံခဲပြေးဝင်သွားကြလေသည်။
"ငြိမ်ငြိမ်နေစမ်း"
"ဒူးထောက်လိုက်စမ်း"
"အဖမ်းခံလိုက်စမ်း"
အစည်းအဝေးခန်းမကို စောင့်ကြပ်ရသော အစောင့်များအနေဖြင့် သူတို့အားလုံးက မြင့်မြတ်သောနယ်မြေ တစ်ဝက်အဆင့် စွမ်းအားများ ရှိကြလေသည်။ လူအများကြီး ပေါင်းပြီး တိုက်ခိုက်မည်ဆိုပါက မြင့်မြတ်သောနယ်မြေများပင် အရှုံးပေးရမည်သာ ဖြစ်လေသည်။
သို့သော် ယခုအချိန်တွင်တော့ သူတို့ သေချာပေါက် ကံဆိုးကြတော့မည် ဖြစ်လေသည်။
ရွှေရောင် သံချပ်ကာ အစောင့်များက မုန်လဲ့ကို ဖမ်းရန် အတင်း ပြေးဝင်လာသည့် အချိန်မှာပင် မုန်လဲ့၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှု ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာရာ ရွှေရောင် သံချပ်ကာ အစောင့်များမှာ ချက်ချင်း လွင့်ထွက်သွားပြီး သွေးများ အန်ထုတ်ကာ တစ်ယောက်မျှ မလှုပ်နိုင်တော့ဘဲ အသက်ပါ ထွက်သွားကြလေသည်။
"ဘာ"
"သေသွားပြီလား"
ခန်းမအတွင်းရှိ လူများအားလုံး တစ်ကိုယ်လုံး တုန်ခါသွားကြလေသည်။
"မင်း... မင်း ဘယ်လိုလုပ် ရဲတာလဲ... မင်း ဘယ်လိုလုပ် ရဲတာလဲ"
ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး မျက်နှာအမူအရာများ ပျက်ယွင်းကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "သူ့ကို ဖမ်း... သူ့ကို အခု ချက်ချင်း ဖမ်း"
"ကျောင်းအုပ်ကြီး ဖရက်ဒ်... ဒါ မင်းတို့ မီးနဂါး မှော်အကယ်ဒမီ က ပြုစုပျိုးထောင် ထားတဲ့ ကျောင်းသားကောင်း ပဲ"
လူတစ်ယောက် ရုတ်တရက် ထွက်လာပြီး ကျောင်းအုပ်ကြီး ဖရက်ဒ်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ကာ မုန်လဲ့ကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။
"မင်းလို ရူးသွပ်နေတဲ့ ကောင်စုတ်လေး က တကယ်ကို သတ္တိ အရမ်း ကောင်းလွန်းတယ်... အခု ချက်ချင်း အဖမ်းမခံသေးဘူးလား"
"ခင်ဗျား က ဘယ်သူလဲ"
မုန်လဲ့က အရှေ့တွင် ပေါ်လာသော အမည်းရောင် ဆံပင်၊ အမည်းရောင် ဦးချိုနှင့် အဘိုးအိုကို ကြည့်ကာ မေးလိုက်လေသည်။
"နဂါးနက် နိုင်ငံ... နဂါးနက် အကယ်ဒမီ ရဲ့ ကျောင်းအုပ်ကြီး... အန်ဂတ်စ်"
အန်ဂတ်စ်က တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ရိုင်းစိုင်းတဲ့ ကောင်စုတ်လေး... အခု ချက်ချင်း ဒူးထောက်ပြီး ဧကရာဇ်မင်းမြတ် ဆီမှာ ခွင့်လွှတ်ပေးဖို့ တောင်းပန်... မဟုတ်ရင်တော့ ငါ ရက်စက်တာကို အပြစ်မတင်နဲ့"
"ရက်စက်မယ် ဟုတ်လား... ဘယ်လို ရက်စက်မှာလဲ"
မုန်လဲ့က လက်ချောင်းများကို ညင်သာစွာ ခေါက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ကျွန်တော် တကယ်ကို မြင်ဖူးချင်တယ်"
"သတ္တိ အရမ်း ကောင်းတာပဲ"
အန်ဂတ်စ် မျက်လုံးပြူးသွားပြီး ရင်ထဲတွင် ဒေါသထွက်မည့်အစား အလွန် ဝမ်းသာသွားလေသည်။ "ကောင်လေး... မင်းဘာသာ သေချင်နေမှတော့... ငါ မင်းကို ဒီမှာတင် သတ်ပစ်မယ်... ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ဘူး"
စကားဆုံးသည်နှင့် အန်ဂတ်စ်က ရုတ်တရက် ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်လဲ့ အရှေ့သို့ ရောက်လာလေသည်။ အခြားသော လှုပ်ရှားမှုများ လုံးဝ မရှိဘဲ ရိုးရှင်းပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သီးတစ်ချက်သာ ဖြစ်လေသည်။
ဤလက်သီး တစ်ချက်တည်းနှင့်တင် လုံလောက်လှပေသည်။
"ဒီကောင် က အရင် ဦးသွားပြန်ပြီ"
အခြားသော တိုက်ခိုက်ရန် ပြင်ဆင်နေသည့် မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်များ အားလုံး ရပ်တန့်သွားကြပြီး ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားကြလေသည်။
အန်ဂတ်စ်က အရင် ဦးသွားသည်ကို သူတို့ မကျေမနပ် ဖြစ်နေသော်လည်း အန်ဂတ်စ်၏ စွမ်းအားကိုတော့ သူတို့အားလုံး အသိအမှတ် ပြုကြလေသည်။
အန်ဂတ်စ်က ဝါရင့် မြင့်မြတ်သောနယ်မြေ တစ်ယောက်ဖြစ်ပြီး နာမည်ကြီးနေသည်မှာ နှစ်ရာနှင့်ချီ ရှိနေပြီဖြစ်ကာ သူ၏ စွမ်းအားက မည်မျှတိုင်အောင် နက်ရှိုင်းသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။
အထူးသဖြင့် သူက သွေးသန့် နဂါးနက် တစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်က အလွန်ကို ကြံ့ခိုင်လွန်းလှသဖြင့် သူ့ကို အနိုင်ရမည်ဟု ရဲရဲကြီး ပြောရဲသူ ဤနေရာတွင် လက်ချိုးရေ၍ ရနိုင်လေသည်။ သူ ဝင်ပါပြီ ဆိုမှတော့ တခြားသူများ ဝင်ပါရန် အကြောင်း မရှိတော့ပေ။
သို့သော် နောက်တစ်စက္ကန့်တွင် လူအားလုံး မျက်လုံးပြူးသွားကြပြီး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြလေသည်။
မုန်လဲ့က ရှောင်တိမ်းခြင်း လုံးဝ မရှိဘဲ ညာဘက်လက်ကို ဆန့်ထုတ်ကာ ပင်ပေါင်ဘောလုံးကို ဖမ်းသကဲ့သို့ အန်ဂတ်စ် ကျောင်းအုပ်ကြီး၏ လက်သီးကို အသာအယာ ဖမ်းဆုပ်လိုက်လေသည်။
အရှိန်အဝါများ အားလုံး...
ခွန်အားများ အားလုံး...
ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းများ အားလုံး...
ဤအခိုက်အတန့်လေးမှာတင် အားလုံး ပျောက်ကွယ်သွားပြီး အစကတည်းက မရှိခဲ့သည့် အတိုင်း ဖြစ်သွားလေသည်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အန်ဂတ်စ် အလွန် အံ့အားသင့်သွားလေသည်။
"နဂါးနက် အကယ်ဒမီ ရဲ့ ကျောင်းအုပ်ကြီး က ဒီလောက်ပဲ ရှိတာလား"
မုန်လဲ့က ခေါင်းခါလိုက်ပြီး ညာဘက်ခြေထောက်ကို အသာအယာ ကန်ထုတ်လိုက်ရာ တုံးလုံးကျသံနှင့်အတူ အန်ဂတ်စ်မှာ အမြောက်ဆံ တစ်ခုအလား နာကျင်စွာ အော်ဟစ်ပြီး လွင့်ထွက်သွားလေသည်။
ထို့နောက် ဧကရာဇ်၏ ခေါင်းပေါ်ရှိ နဂါးပန်းပု နံရံကြီးကို ဝင်တိုက်မိပြီး ရွှေဖြင့် ပြုလုပ်ထားသော ခန့်ညားလှသည့် ဧရာမ နဂါးကြီး ပန်းပုနံရံပေါ်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားကာ အန်ဂတ်စ် တစ်ကိုယ်လုံး နံရံထဲသို့ စိုက်ဝင်သွားလေတော့သည်။
တိတ်ဆိတ်သွားလေသည်။ ခန်းမ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
လူအားလုံးက နံရံထဲတွင် စိုက်ဝင်နေသော အန်ဂတ်စ်ကို ကြောင်အမ်းအမ်း ကြည့်နေကြပြီး အားလုံး မျက်လုံးပြူးကာ ပါးစပ် အဟောင်းသား ဖြစ်နေကြလေသည်။
တစ်ချက်တည်း...
အန်ဂတ်စ် ကျောင်းအုပ်ကြီးကို လွင့်ထွက်သွားအောင် လုပ်လိုက်သည် ဟုတ်လော။
လူအုပ်ထဲမှ ကျောင်းအုပ်ကြီး ဖရက်ဒ်နှင့် စစ်နဂါး ကျောင်းအုပ်ကြီးတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အလွန် အံ့အားသင့်မှုများနှင့် ယုံကြည်နိုင်စရာ မရှိမှုများကို အပြန်အလှန် မြင်တွေ့လိုက်ကြရလေသည်။
"ဖရက်ဒ်... မုန်လဲ့ က ဘယ်တုန်းကများ ဒီလောက်တောင် အစွမ်းထက်သွားတာလဲ"
စစ်နဂါး ကျောင်းအုပ်ကြီးက တံတွေး မြိုချလိုက်လေသည်။
"ငါ... ငါလည်း မသိဘူးလေ"
ဖရက်ဒ်က တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ မျက်နှာ အမူအရာများက အလွန်ကို ထူးဆန်းနေလေသည်။
ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြီး အန်ဂတ်စ်က နံရံထဲမှ ကိုယ်တိုင် ဆွဲနှုတ်လိုက်လေသည်။ နှုတ်ခမ်းထောင့်တွင် သွေးများ ထွက်နေပြီး မုန်လဲ့ကို ဒေါသတကြီး စိုက်ကြည့်နေကာ မျက်လုံးများထဲတွင် ဒေါသ မီးတောက်များ တောက်လောင်နေလေသည်။
"ခုနကတော့ မင်းကို အထင်သေးသွားမိတယ်... ဒါပေမဲ့... မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ ကောင်လေး... အပြင်ကို ထွက်လာရဲလား"
"ဘာလို့ မရဲရမှာလဲ"
မုန်လဲ့ မျက်ခုံးပင့်လိုက်ပြီး ခန်းမ အပြင်သို့ အရင်ဆုံး ထွက်သွားလေသည်။
အန်ဂတ်စ်လည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အနောက်မှ လိုက်သွားလေသည်။
"မြန်မြန်... လိုက်သွားကြ... သူ့ကို အလွတ် မပေးနဲ့"
ခန်းမ အတွင်းရှိ လူများလည်း အလျင်စလို လိုက်ထွက်သွားကြလေသည်။ သူတို့ အပြင်သို့ ရောက်လာသောအခါ မုန်လဲ့နှင့် အန်ဂတ်စ်တို့ လေထဲတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်ကို တွေ့လိုက်ရလေသည်။
"ကောင်လေး... မင်းက သာမန် မြင့်မြတ်သောနယ်မြေ တွေထက် အများကြီး ပိုအစွမ်းထက်တယ် ဆိုတာကို ငါ ဝန်ခံပါတယ်... ပြီးတော့ သမိုင်းမှာ နံပါတ်တစ် ဖြစ်တဲ့ တိုင်မွန်ဘာတန် ထက်တောင် ပိုတော်သေးတယ် ဆိုတာကိုလည်း ဝန်ခံပါတယ်... ဒါပေမဲ့... မင်း သေချာပေါက် သေရမယ်"
အန်ဂတ်စ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ အသံက မိုးခြိမ်းသံ အလား ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်း အသွင်ပြောင်းသွားလေသည်။
အရှည် မီတာ ၆၀ ကျော် ရှိပြီး တစ်ကိုယ်လုံး အမည်းရောင် အကြေးခွံများ၊ ချွန်ထက်သော လက်သည်းများနှင့် ချွန်ထက်သော အစွယ်များ ရှိသည့် ဧရာမ နဂါးနက်ကြီး တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာလေသည်။
သွေးသန့် နဂါးအရှိန်အဝါ ကြီးတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသော မီးခိုးလုံးကြီး အလား ချက်ချင်း ပေါက်ကွဲထွက်လာပြီး နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားကာ အရပ်မျက်နှာ အသီးသီး သို့ ပြန့်နှံ့သွားလေသည်။
"နဂါးနက်... အဲဒါ သွေးသန့် နဂါးနက် ပဲ... ဟိုဘက်မှာ ဘာတွေ ဖြစ်နေတာလဲ"
နန်းတော် အတွင်းရှိ အခြားသူများ အားလုံး အလွန် အံ့အားသင့်သွားကြပြီး ကောင်းကင်ပေါ်ရှိ အန်ဂတ်စ်ကို လှမ်းကြည့်နေကြလေသည်။
"သေလိုက်စမ်း..."
အန်ဂတ်စ်က ပါးစပ်ကို ဟလိုက်ပြီး မည်းနက်နေသော နဂါး မီးတောက်များကို မှုတ်ထုတ်လိုက်ရာ မုန်လဲ့ဆီသို့ ချက်ချင်း လွှမ်းခြုံသွားလေသည်။
နဂါးနက်၏ နဂါးမီးတောက်များမှာ ကြောက်မက်ဖွယ်ကောင်းသော အက်ဆစ်ရည်များ ဖြစ်ပြီး ကြောက်စရာကောင်းသော လောင်ကျွမ်းနိုင်စွမ်းများ ပါဝင်လေသည်။ ယင်းနှင့်သာ ထိသွားပါက မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်များပင် အရိုးစုအဖြစ် ပြောင်းသွားနိုင်ပြီး စွမ်းအားက အလွန် ကြောက်စရာ ကောင်းလှပေသည်။
"ဒီလောက်လေးပဲလား"
မုန်လဲ့က ခေါင်းခါလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အရှေ့မှ ရောက်လာသော နဂါးနက် မီးတောက်များကို အလွယ်တကူ ရှောင်တိမ်းလိုက်လေသည်။
ထို့နောက် အန်ဂတ်စ်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားလေသည်။ အမြန်နှုန်းက နှေးကွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန် မြန်ဆန်လှပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အန်ဂတ်စ်၏ ခေါင်းပေါ်သို့ ရောက်ရှိသွားလေသည်။
"အန်ဂတ်စ် ကျောင်းအုပ်ကြီး... နှုတ်ဆက်ပါတယ်"
မုန်လဲ့က အသာအယာ ခြေဖြင့် နင်းချလိုက်လေသည်။
"မကောင်းတော့ဘူး"
အန်ဂတ်စ် အလွန် အံ့အားသင့်သွားပြီး တောင်ပံများကို ခတ်ကာ ရှောင်တိမ်းရန် ပြင်လိုက်လေသည်။ သို့သော် ဤအတွေးလေး ဝင်လာသည့် အချိန်မှာပင် မုန်လဲ့၏ ခြေထောက်က ညင်သာစွာ ကျဆင်းလာပြီး သူ၏ ခေါင်းပေါ်သို့ နင်းချလိုက်လေသည်။
ကြီးမားလှသော ခွန်အားများ ပေါက်ကွဲထွက်လာပြီး အန်ဂတ်စ်မှာ နာကျင်စွာ အော်ဟစ်ရန် အချိန်ပင် မရလိုက်ဘဲ နဂါးခေါင်း ချက်ချင်း ပေါက်ကွဲထွက်သွားကာ သံတူကြီးနှင့် ထုခံလိုက်ရသော ဖရဲသီး အလား ဖြစ်သွားလေသည်။
ဦးနှောက်များ ပွင့်ထွက်သွားပြီး သွေးများ ပန်းထွက်သွားလေသည်။
ဧရာမ နဂါးခန္ဓာကိုယ် ကြီးက ကောင်းကင်မှ ကျဆင်းလာပြီး ညီညာသော ကွင်းပြင်ပေါ်သို့ ပြုတ်ကျလာကာ ကွင်းပြင်တွင် ကျင်းကြီး တစ်ခု ဖြစ်ပေါ်သွားလေသည်။
နဂါးခန္ဓာကိုယ် ကြီး လုံးဝ မလှုပ်ရှားတော့ဘဲ သေချာပေါက် သေဆုံးသွားပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်လေသည်။ ပေါက်ကွဲ ထွက်သွားသော နဂါးခေါင်း ကြီးကတော့ အလွန် ကြောက်စရာ ကောင်းနေလေသည်။
ဤအခိုက်အတန့်တွင် လူအားလုံး ကြောင်အမ်းသွားကြလေသည်။
"အန်ဂတ်စ် ... တစ်ချက်တည်း နဲ့ အသတ်ခံလိုက်ရတာလား... ဒါက ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ... အို... နဂါးနတ်ဘုရား..."
ခဏတာ အံ့အားသင့် ငြိမ်သက်သွားပြီးနောက် ကွင်းပြင် တစ်ခုလုံး ဆူညံသွားလေသည်။
လူအားလုံးက နဂါးခေါင်း ပေါက်ကွဲထွက်သွားပြီး ချက်ချင်း သေဆုံးသွားသော အန်ဂတ်စ် ကျောင်းအုပ်ကြီးကို ကြည့်ကာ အသက်ရှူအောင့်လိုက်မိကြလေသည်။
အန်ဂတ်စ် ကျောင်းအုပ်ကြီး လေ။
သူက နာမည်ကြီးနေသည်မှာ နှစ်ရာနှင့်ချီ ရှိနေပြီဖြစ်သည့် ဝါရင့် မြင့်မြတ်သောနယ်မြေ တစ်ယောက်လေ။
ထို့အပြင် အသန့်စင်ဆုံး သွေးမျိုးဆက် ရှိသည့် သွေးသန့် နဂါးနက် တစ်ကောင်လေ။
သူ၏ စွမ်းအားက မြင့်မြတ်သောနယ်မြေ နောက်ပိုင်းအဆင့်ကိုပင် ရောက်နေပြီလေ။
အခုတော့... ခြေတစ်ချက် နင်းလိုက်တာနဲ့ ခေါင်း ပေါက်ကွဲထွက်သွားပြီး ချက်ချင်း အသတ်ခံလိုက်ရသည် ဟုတ်လော။
ဒါက ဘယ်လောက်တောင် အစွမ်းထက်လိုက်သနည်း။
အကယ်၍ တခြား တစ်ယောက်ယောက်က သူ့ကို သတ်သွားသည်ဆိုလျှင် ထားလိုက်ပါတော့... အခု သူ့ကို သတ်သွားသည့် သူက အသက် ၁၆ နှစ် အရွယ် ကလေးလေး တစ်ယောက်လေ။
အသက် ၁၆ နှစ် အရွယ် ကလေးလေး လေ။
မည်သူကများ ယုံကြည်နိုင်မည်နည်း။
မည်သူကများ ယုံကြည်ရဲမည်နည်း။
မည်သို့ လုပ်၍ ယုံကြည်နိုင်မည်နည်း။
အချိန် ခဏလေး အတွင်းမှာပင် ဧကရာဇ်မင်းမြတ်၊ မှူးမတ်များ၊ အရာရှိများနှင့် မြင့်မြတ်သောနယ်မြေ ထောင်ချီက ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်နေသော ပုံရိပ်လေးကို ကြည့်ကာ မျက်လုံးများထဲတွင် ယုံကြည်နိုင်စရာ မရှိမှုများ ပြည့်နှက်နေကြလေသည်။
"ငါ ကြားဖူးတာတော့"
လူတိုင်း၏ ထူးဆန်းသော သတ္တဝါကြီး တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြည့်နေကြသော အကြည့်များကြားတွင် မုန်လဲ့က စကားစလိုက်လေသည်။
သူ၏ အသံက တည်ငြိမ်နေသော်လည်း နန်းတော် အထက်တွင် ပဲ့တင်ထပ်နေပြီး နန်းတော် နေရာ အနှံ့အပြားသို့ ရှင်းလင်းစွာ ရောက်ရှိသွားလေသည်။
"ငါတို့ နဂါးနတ်ဘုရား အင်ပါယာ မှာ နဂါးသတ် သူရဲကောင်း ဆိုတာ မရှိဘူး လို့ ငါ ကြားဖူးတယ်... ဘာလို့လဲဆိုတော့ သွေးသန့် နဂါး တွေကို ရန်စရဲတဲ့ သူတိုင်း က အားလုံး သေကုန်ကြလို့ပဲ တဲ့... ဒီနေ့ ငါ နဂါးနက် တစ်ကောင် ကို သတ်လိုက်ပြီ ဆိုတော့... ငါက ငါတို့ နဂါးနတ်ဘုရား အင်ပါယာ ရဲ့ တစ်ဦးတည်းသော နဂါးသတ် သူရဲကောင်း ဖြစ်သွားပြီလို့ ပြောလို့ ရမလား"
"နဂါးသတ် သူရဲကောင်း"
လူတိုင်း ကြားသောအခါ နှုတ်ခမ်း တွန့်ကွေးသွားကြပြီး ရင်ထဲတွင် အလွန် ဒေါသထွက်သွားကြလေသည်။ ဤသည်ကား အလွန်ကို ရိုင်းစိုင်းလွန်းသည်၊ အလွန်ကို မောက်မာလွန်းသည် မဟုတ်ပါလော။
"ခွေးကောင်... သေနာ ကောင်စုတ်လေး"
ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ခါနေပြီး မျက်နှာများပင် ပျက်ယွင်းနေလေသည်။
"သူ့ကို သတ်... သူ့ကို ငါ့ရှေ့မှာ သတ်... သူ့ကို ငါ သေအောင် သတ်မယ်... သူ့ကို အပိုင်းပိုင်း အစအစ ဖြစ်သွားအောင် ခုတ်ထစ်ပစ်မယ်... သူ့ကို အသေဆိုး နဲ့ သေအောင် လုပ်မယ်"
"ဒါက..."
မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်များ အားလုံး အနည်းငယ် တွေဝေသွားကြလေသည်။ မုန်လဲ့က ခြေတစ်ချက်တည်းနှင့် အန်ဂတ်စ်ကို သတ်လိုက်ခြင်းက မြင့်မြတ်သောနယ်မြေ နောက်ပိုင်း အဆင့်၏ ကြောက်စရာကောင်းသော စွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်လေသည်။
သူတို့ အခု သွားလျှင် အလကား သွားသေတာနှင့် အတူတူပဲ မဟုတ်ပါလော။
"ကျောင်းအုပ်ကြီး လူခ်... ဒီကောင်စုတ်လေး ဒီလောက် ရိုင်းစိုင်းနေတာကို ဒီအတိုင်း ကြည့်နေတော့မှာလား"
ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ကျောင်းအုပ်ကြီး လူခ်တို့ကို ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
ဤနေရာတွင် ရှိနေသော သူများထဲတွင် ကျောင်းအုပ်ကြီး လူခ်၏ စွမ်းအားက အသေချာဆုံး၊ အစွမ်းအထက်ဆုံး ဖြစ်လေသည်။ သူ မလုပ်လျှင် မည်သူ လုပ်မည်နည်း။
"ဧကရာဇ်မင်းမြတ်... ကျွန်တော် နားလည်ပါပြီ"
ကျောင်းအုပ်ကြီး လူခ်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မုန်လဲ့ အရှေ့သို့ ရောက်လာကာ မျက်နှာက အေးစက်နေလေသည်။
"မုန်လဲ့... မင်းက မီးနဂါး သွေးမျိုးဆက် ရှိတယ် ပြီးတော့ တော်ဝင် မိသားစုဝင် လည်း ဖြစ်တယ်... ဒါပေမဲ့ ဒီလောက်တောင် ရူးသွပ်ပြီး သွေးသန့် နဂါး တွေကို အရူးအမူး သတ်ဖြတ်နေတယ်..."
"တော်ပါတော့... အပို စကားတွေ ဆက်မပြောပါနဲ့တော့ ကျွန်တော် နားထောင်ရတာ နားတောင် အူနေပြီ"
မုန်လဲ့က လက်ကာပြလိုက်ပြီး ဒေါသထွက်နေသော ကျောင်းအုပ်ကြီး လူခ်၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"လက်တွေ့ပဲ ပြလိုက်ပါ"
"ရိုင်းစိုင်းလိုက်တာ"
ကျောင်းအုပ်ကြီး လူခ် မျက်နှာ မည်းမှောင်သွားပြီး လက်ထဲတွင် မှော်တုတ်တံ တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကီလိုမီတာ အနည်းငယ် အတွင်းရှိ လေဓာတ် စွမ်းအင်များ ချက်ချင်း စုဝေးလာပြီး ၁၀ မီတာခန့် ရှည်လျားသော အစိမ်းရောင် လေဓား တစ်လက် ဖြစ်ပေါ်လာလေသည်။
"အတိုင်းအတာမဲ့ လေဓား... သွားစမ်း"
ကျောင်းအုပ်ကြီး လူခ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ အစိမ်းရောင် လေဓားက လေဟာနယ်ကို ဆုတ်ဖြဲကာ လျှပ်စီး အလား မြန်ဆန်သော အမြန်နှုန်းဖြင့် မုန်လဲ့ဆီသို့ အလျင်စလို ပြေးဝင်လာလေသည်။ အမြန်နှုန်းက အလွန်ကို မြန်ဆန်လွန်းလှသဖြင့် သာမန် မျက်စိဖြင့် ကြည့်၍ပင် မရနိုင်ပေ။
"အထွတ်အထိပ် သူတော်စင် မှော်ဆရာ နဲ့ တူပါပေတယ်"
ပြေးဝင်လာသော အတိုင်းအတာမဲ့ လေဓားကို ကြည့်ပြီး မုန်လဲ့၏ မျက်နှာပေါ်တွင် ချီးကျူးသည့် အမူအရာ ထွက်ပေါ်လာလေသည်။ ထို့နောက် ညာဘက်လက်ကို ဆန့်ထုတ်ကာ သာမန် အတိုင်းလေး ဖမ်းဆုပ်လိုက်လေသည်။
"သူ ဘာလုပ်ချင်တာလဲ"
"အတိုင်းအတာမဲ့ လေဓား ကို အတင်း ဖမ်းမလို့လား"
"အရူးပဲ"
"သူက လုံးဝ အရူးပဲ"