← Chapters

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း (၃၃၂) အရှေ့ပင်လယ်သို့ သွားရောက်ခြင်း... မျိုးဆက်တူများကို ဖိနှိပ်လွှမ်းမိုးမည်

"ဘယ်တော့ ထွက်သွားမှာလဲ..."

မြို့တော်ဝန်အိမ်တော်အတွင်းရှိ လသာဆောင်တစ်ခုပေါ်တွင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ချီဝမ်ကျင်းက အဝေးသို့လှမ်းကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

သူမက အဝေးကို ကြည့်နေသော်လည်း ကျန်းချဲ့ကတော့ သူမကို စူးစိုက်ကြည့်နေလေသည်။

ချီဝမ်ကျင်း၏ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော သူရဲကောင်းပုံစံကို ကျန်းချဲ့ သဘောကျသလို ဂုဏ်ကျက်သရေရှိလှပြီး အချိုးအစားပြေပြစ်လှသော နန်းတွင်းဝတ်စုံရှည်ဖြင့်ပုံစံကိုလည်း ကျန်းချဲ့ အလွန်သဘောကျမိလေသည်။

ချီနင်ပင်းနှင့် နှိုင်းယှဉ်ပါက ချီဝမ်ကျင်း၏ အရပ်အမောင်းက ပိုမိုမြင့်မားပြီး ခန္ဓာကိုယ်အချိုးအစားကလည်း ပိုမိုပြည့်ဖြိုးလှပပေသည်။

သူမ၏ တစ်ကိုယ်လုံးတွင် ပြင်းပြလှသော ဆွဲဆောင်မှုများ အပြည့်အဝ ရှိနေလေသည်။

မရနိုင်တာက အကောင်းဆုံးပဲဆိုတဲ့ အတွေးမျိုးကြောင့်လားတော့မသိ မည်သို့ပင်ဆိုစေ ယခုအခါ ကျန်းချဲ့အနေဖြင့် သူမနှင့် အမြန်ဆုံး နီးစပ်လိုနေမိလေသည်။

သို့သော် ဤကိစ္စမှာ အလွန်ခက်ခဲကြောင်းကိုလည်း သူ ကောင်းစွာ သိရှိထားလေသည်။

အကယ်၍ သူနှင့် ချီနင်ပင်းတို့၏ကိစ္စသာ ပေါက်ကြားခြင်း မရှိခဲ့ပါက ကျန်းချဲ့အနေဖြင့် သူမနှင့် အလွယ်တကူ နီးစပ်နိုင်မည်ဖြစ်သော်လည်း ယခုအခါ သူမ၏အပြင်ပန်းတွင် ဘာမှမပြောသော်လည်း ရင်ထဲတွင်တော့ အဖုအထစ်တစ်ခု ရှိနေခဲ့ပြီဖြစ်သည်။

ရင်းနှီးမှု၏အနောက်တွင် နောက်ဆုံး ကာကွယ်ရေးစည်းတစ်ခု ရှိနေဆဲပင်ဖြစ်သည်။

"ကိစ္စတွေအားလုံး စီစဉ်ပြီးသွားပြီ မနက်ဖြန် စထွက်မယ်..."

ချီဝမ်ကျင်း၏ ခန္ဓာကိုယ်မှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကျန်းချဲ့က လက်နောက်ပစ်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲအတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်လေသည်။

ချန်ချင်းဖန်ကလည်း အမြန်ဆုံး အရှေ့ပင်လယ်သို့ လာရောက်ရန် လူလွှတ်၍ အကြောင်းကြားခဲ့ပြီဖြစ်သည်။

လက်ရှိ ထျန်းနန်မြို့တွင် အရာအားလုံး အဆင်ပြေချောမွေ့နေလေသည်။

နင်မြို့စားအိမ်တော်၏ကိစ္စလည်း အပြည့်အဝ ဖြေရှင်းပြီးစီးသွားခဲ့ပြီဖြစ်သည်။ တော်ဝင်နန်းတော်ဘက်မှ အမိန့်စာ မကျလာသေးသော်လည်း အမှားအယွင်းမရှိ ချောမွေ့စွာ ပြီးဆုံးသွားမည်ကို ကျန်းချဲ့ သိရှိထားလေသည်။ သူ၏ အစွမ်းကုန် သွန်သင်ဆုံးမမှုများအောက်တွင် နင်မြို့စားကတော်လည်း ယခုအခါ ကံကြမ္မာကို အပြည့်အဝ လက်ခံသွားခဲ့ပြီဖြစ်ပြီး ကျန်းချဲ့အတွက် အင်အားစုတစ်ခု တည်ဆောက်ရန် အစွမ်းကုန် ကူညီပေးနေလေပြီ။

ထို့အပြင် ကျန်းချဲ့နှင့် လင်ယွမ် ဝေ့မိသားစုတို့ကြားရှိ အနည်းငယ်သော ပဋိပက္ခကို ဖြေရှင်းပေးရန်အတွက် ကိုယ်တိုင် စာရေးကာ ပေးပို့ခဲ့သေးလေသည်။

ထျန်းနန်ဘက်မှ သတင်းများမှာလည်း လောကတစ်ခွင်လုံးသို့ ပျံ့နှံ့နေပြီဖြစ်ပြီး သူတွင် နဂါးကြောစွမ်းအင် ရှိနေကြောင်းလည်း ဖုံးကွယ်ထား၍ မရတော့ချေ။ သို့သော် ယခုအချိန်အထိ မည်သူကမျှ သူ့ကို လာရောက် စမ်းသပ်ရဲခြင်း မရှိသေးချေ။ လူတိုင်းက သူ ယခုအခါ ဂုဏ်သတင်း အလွန်ကြီးမားနေကြောင်းကို သိရှိထားကြလေသည်။

ထို့အပြင် မဟာသိုင်းသခင်ကိုပင် တုံ့ပြန်သတ်ဖြတ်နိုင်စွမ်းရှိရာ စွမ်းအားမလုံလောက်သောသူများအနေဖြင့် ရင်ထဲတွင်သာ လိုချင်တပ်မက်နေရုံ သက်သက်သာ တတ်နိုင်ကြလေသည်။

တောင်ပိုင်းစောင့်မြို့စား လီချန်ကော ဘက်မှလည်း လတ်တလောတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိသေးချေ။

ထို့ကြောင့် သူ့အတွက် မည်သည့် စိုးရိမ်ပူပန်စရာမျှ မရှိတော့ချေ။

တစ်ခုတည်းသော မသေချာသည့်အရာမှာ သူ မပြန်လာမီ ချီနင်ပင်းအနေဖြင့် အောင်မြင်စွာ ရွှေအမြုတေ တည်ဆောက်နိုင်ပါ့မလား ဆိုသည်ပင်ဖြစ်သည်။

ဤကိစ္စကို ကျန်းချဲ့က အလွန် အလေးထားလေသည်။

သူ၏စွမ်းအားအရဆိုလျှင် ရွှမ်တန်အဆင့် သိုင်းသခင်များထဲတွင် လောကတစ်ခွင်လုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် အစွမ်းအထက်ဆုံးသူများထဲတွင် ပါဝင်နေလေပြီ။ အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲတွင် ချို့ယွင်းချက် တစ်ခုခုရှိခဲ့လျှင်တောင် သူသည် ထိုက်ယန် ဝိညာဉ်စွမ်းအင်ကို သေချာပေါက် ရရှိမည်သာ ဖြစ်လေသည်။

အဖြစ်နိုင်ဆုံးကတော့ ကျန်းချဲ့၏ ယခုတစ်ကြိမ် သွားရောက်မှုမှာ လောကရှိ ပါရမီရှင်များကို သွားရောက် ဖိနှိပ်ရန်ပင်ဖြစ်သည်။

ကျန်းချဲ့အနေဖြင့် လောကကြီးက အလွန်ကျယ်ဝန်းပြီး ပါရမီရှင်မျိုးစုံ ထွက်ပေါ်လာနိုင်ကြောင်း ကောင်းစွာ သိရှိထားလေသည်။ နတ်ဘုရားဂိုဏ်းများ... တော်ဝင်မိသားစုများ... အင်အားကြီး မိသားစုများနှင့် ဂိုဏ်းကြီးများတွင် သေချာပေါက် အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင်များ ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် သူကတော့ အလွန် ယုံကြည်ချက် ရှိနေဆဲပင်ဖြစ်သည်။

ချီစွမ်းအင်နှင့် ရုပ်ခန္ဓာ ပေါင်းစပ်ကျင့်ကြံခြင်း... ယင်ယန် မိစ္ဆာမီးတောက်... ပြီးပြည့်စုံသော ရွှေအမြုတေ... ထို့အပြင် တောင်တန်းဖိနှိပ်သော နတ်ဘုရားကြေးဒယ်အိုးနှင့် ကပ်ဆိုးတစ်သောင်း မိစ္ဆာဓားတို့ ရှိနေလေသည်။

ယခုအခါ ကျန်းချဲ့သည် အစွမ်းအထက်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဟု ဆိုနိုင်လေသည်။ ရှန်ရှန်းအစောပိုင်းအဆင့် မဟာသိုင်းသခင်ကိုပင် သူ သတ်ဖြတ်နိုင်ခဲ့ရာ ဤလောကတွင် သူ့ကို ယှဉ်ပြိုင်နိုင်မည့်သူ ဘယ်နှစ်ယောက်ရှိမည်လဲ ဆိုသည်ကို သူ တကယ်ကို မယုံကြည်နိုင်ပေ။

ကျန်းချဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ချီဝမ်ကျင်းက အချိန်ခဏမျှ တွေဝေသွားပြီး ရုတ်တရက် ပြောလိုက်လေသည်။

"ဒီတစ်ခေါက် ကျွန်မလည်း လိုက်ခဲ့မယ်..."

"မင်းလည်း ဝင်ပြိုင်မလို့လား..."

ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားလေသည်။

ချီဝမ်ကျင်းက ခေါင်းယမ်းလိုက်လေသည်။

"ကိုယ့်အခြေအနေကိုယ် သိပါတယ် လက်ရှိစွမ်းအားက လောကရဲ့ ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ မလုံလောက်သေးဘူး ဒီတစ်ခေါက် လိုက်သွားတာက ဗဟုသုတရအောင်လို့ သက်သက်ပါပဲ..."

"ကောင်းပြီလေ ဒါဆိုလည်း အတူတူ သွားကြတာပေါ့ မင်းရဲ့ခင်ပွန်းက လောကရဲ့ ပါရမီရှင်တွေကို ဘယ်လိုများ လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ ဖိနှိပ်သွားမလဲဆိုတာကို ဒီတစ်ခေါက် သေချာကြည့်ထားလိုက်..."

ကျန်းချဲ့၏ တစ်ကိုယ်လုံးတွင် အလွန်ကြီးမားလှသော ယုံကြည်ချက်များ ပြည့်နှက်နေလေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ချီဝမ်ကျင်းမှာ အံ့အားသင့်သွားခြင်း မရှိချေ။

တကယ်တမ်းတွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ထင်မြင်မိလေသည်။ မဟာသိုင်းသခင်ကိုပင် ပြန်လည်သတ်ဖြတ်နိုင်ခဲ့သော ကျန်းချဲ့အနေဖြင့် ဤကဲ့သို့ ပြောဆိုရန် အပြည့်အဝ အရည်အချင်းရှိလေသည်။

သို့သော် ခင်ပွန်း ဟူသော စကားလုံးကတော့ သူမ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းတန်းများ လင်းလက်သွားစေခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်လေသည်။

"ဒီတစ်ခေါက် သွားရင် ကျွန်မလည်း မိသားစုဆီ ခဏပြန်ဝင်ပြီး ရှင်နဲ့ကျွန်မရဲ့ မင်္ဂလာကိစ္စကို အဖေ့ဆီ တင်ပြရမယ်..."

"ကိုယ့်ကို လက်ထပ်ဖို့ အရမ်းလောနေပြီလား..."

ကျန်းချဲ့၏ မျက်လုံးများထဲတွင် နောက်ပြောင်ချင်သော အမူအရာများ ဖြတ်ပြေးသွားလေသည်။

"နင်ပင်းက တစ်ခါတလေ ဆိုးသွမ်းတတ်ပေမဲ့ စိတ်ထားလေးက ကောင်းပါတယ် သူ့ရဲ့စိတ်တွေအားလုံးက ရှင့်အပေါ်မှာပဲ ရောက်နေတယ်ဆိုတာကိုလည်း ကျွန်မ သိပါတယ် ဒါကြောင့် ရှင်တို့နှစ်ယောက်ပဲ လက်ထပ်လိုက်ကြပါ မဟုတ်ရင် အဖေနဲ့ မိသားစုက ရှင် လှေနှစ်စင်းနင်းထားတာကို သိသွားရင် သေချာပေါက် ဒေါသထွက်ကြလိမ့်မယ်..."

ချီဝမ်ကျင်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး နောက်ဆုံးတွင် နောက်ဆုတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

သူမအနေဖြင့် သူမကြောင့် ညီမဖြစ်သူနှင့် မိသားစုကြား အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားမည်ကို လုံးဝ မလိုလားချေ။ ထို့အပြင် ချီမိသားစုက အလွန်မျှော်လင့်ချက်ထားသော သမက်တစ်ယောက်အနေဖြင့် မိသားစုနှင့် ပြဿနာများ ဖြစ်ပေါ်သွားမည်ကိုလည်း မလိုလားချေ။

ဤစကားကို ပြောထွက်လိုက်ရသဖြင့် သူမ၏ရင်ထဲတွင် အနည်းငယ် နာကျင်သွားရသော်လည်း ပြောပြီးသွားချိန်တွင်တော့ အများကြီး ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။

လတ်တလော အချိန်များတွင် ဤကိစ္စကို သူမ အမြဲတမ်း စဉ်းစားနေခဲ့မိလေသည်။ သူမနှင့် ချီနင်ပင်းတို့ နှစ်ယောက်စလုံး ကျန်းချဲ့ကို လက်ထပ်မည်ဟု ဖခင်ဖြစ်သူအား ပွင့်ပွင့်လင်းလင်း ပြောပြရန် စဉ်းစားခဲ့သော်လည်း နောက်ဆက်တွဲ ပြဿနာများကို တွေးမိသောအခါ သူမ လုံးဝ လက်မခံနိုင်အောင် ဖြစ်ခဲ့ရလေသည်။

ဤစကားကို ကြားသောအခါ ကျန်းချဲ့၏ မျက်မှောင်အနည်းငယ် ကျုံ့သွားလေသည်။

"ချီမိသားစုရဲ့ ဒေါသကို ကိုယ်ပဲ တာဝန်ယူ ဖြေရှင်းပါ့မယ် တခြားကိစ္စတွေကို မင်း ဝင်ပါစရာ မလိုပါဘူး ဒီကိစ္စက အစောကြီးကတည်းက သတ်မှတ်ပြီးသားပါ ဝမ်ကျင်း မင်း ကတိဖျက်ချင်တာတော့ မဟုတ်ဘူးမလား..."

"ကျွန်မ ဘယ်တုန်းက ရှင့်ကို ကတိပေးခဲ့လို့လဲ..."

"အရင်တစ်ခေါက်က မင်း ငြင်းမဆန်ခဲ့တာက လက်ခံတာပဲလေ..."

ချီဝမ်ကျင်း... '...'

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ချီဝမ်ကျင်းက ရင်ထဲမှ ခံစားချက်များကို ဖိနှိပ်ကာ လေးနက်စွာ ပြောလိုက်လေသည်။

"ကျန်းချဲ့ ရှင် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ဒီကိစ္စက အဲ့ဒီလို ပြောလို့ရတာ မဟုတ်ဘူး ရှင် ဘာလိုချင်လဲဆိုတာကို ကျွန်မ သိပါတယ် ကျွန်မ ကိုယ်တွင်းက ဝိညာဉ်စွမ်းအင်ကို ရှင့်ကို ပေးပါ့မယ် အဲ့ဒီလောက်ဆိုရင် မလုံလောက်သေးဘူးလား..."

"တကယ်လား..."

ကျန်းချဲ့က ဟန်ဆောင်ပြီး ဝမ်းသာသွားသည့်ပုံစံဖြင့် မေးလိုက်လေသည်။

ချီဝမ်ကျင်း၏ မျက်နှာ မည်းမှောင်သွားပြီး ကျန်းချဲ့ကို လှည့်မကြည့်တော့ဘဲ ပြောလိုက်လေသည်။

"တကယ်ပေါ့..."

"ဟဲဟဲဟဲ တော်တော်လေး စိတ်တိုသွားပြီ မဟုတ်လား ကိုယ်တိုင်လည်း လက်မလွှတ်ချင်ဘဲနဲ့ ဘာလို့ ပါးစပ်က အတင်း ငြင်းနေရတာလဲ..."

ချီဝမ်ကျင်း၏ ဟန်ဆောင်မှုများကို ကြည့်ရင်း ကျန်းချဲ့က ပြုံးလိုက်ပြီး ရှေ့သို့တိုးကာ သူမ၏ ခါးလေးကို ဖက်လိုက်လေသည်။

"ရှင် ဘာလုပ်မလို့လဲ..."

ချီဝမ်ကျင်း၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်နှာထား ပြောင်းလဲသွားလေသည်။

"ဝမ်ကျင်း မင်းလည်း အထီးကျန်စွာနဲ့ အိုမင်းသွားတာမျိုး မလိုချင်ဘူး မဟုတ်လား..."

ချီဝမ်ကျင်းက နှုတ်ခမ်းကို ကိုက်ကာ တင်းမာစွာ ပြောလိုက်လေသည်။

"ကျွန်မရဲ့ စိတ်တွေအားလုံးက ကျင့်ကြံခြင်း လမ်းစဉ်ပေါ်မှာပဲ ရှိတယ်..."

"ကိုယ်လည်း ကျင့်ကြံခြင်း လမ်းစဉ်ပေါ်မှာပဲ ရှိတာပါ ဒါဆိုရင် ဝိညာဉ်စွမ်းအင်ကို အရင် ထုတ်ယူလိုက်ရမလား..."

"ရှင်..."

ချီဝမ်ကျင်းက ဒေါသတကြီးဖြင့် ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်လေသည်။ သူမ လက်ထဲတွင်သာ လှံရှည်တစ်လက် ရှိနေမည်ဆိုပါက မည်သို့ပင်ဖြစ်စေ ကျန်းချဲ့ကို တစ်ချက်လောက်တော့ ထိုးစိုက်လိုက်မည်မှာ အသေအချာပင်ဖြစ်သည်။

'ဒီစကားက ဘယ်လို စကားမျိုးလဲ ထုတ်ယူမယ် ဟုတ်လား ဘယ်လို ထုတ်ယူမှာလဲ...'

'သူမက အဲ့ဒီလောက် လွယ်တဲ့ မိန်းမမျိုးလို့ ထင်နေတာလား...'

"မင်း ဘာတွေ စိုးရိမ်နေလဲဆိုတာကို ကိုယ် သိပါတယ် စိတ်ချပါ မင်းအဖေ သဘောတူအောင် ကိုယ် ပြောနိုင်ပါတယ်..."

"ဘယ်လို ပြောမှာလဲ..."

"မင်းရော နင်ပင်းရော နှစ်ယောက်စလုံး ကိုယ်ဝန်ရသွားရင် အဘိုးကြီးချီ လည်း မတတ်သာဘဲ လက်ခံရမှာပဲလေ..."

"ရှင် တကယ်ကို ယုတ်မာတာပဲ ကျွန်မအဖေက ရှန်ရှန်းအထွတ်အထိပ်အဆင့် မဟာသိုင်းသခင်ကြီးနော် အဲ့ဒီအချိန်ကျရင် ရှင် အဲ့ဒီလို လုပ်ရဲရင် ဟွန့် အဖေ ရှင့်ကို သေချာပေါက် ရိုက်သတ်လိမ့်မယ်..."

ချီဝမ်ကျင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း ကတိတစ်ခု ထားကြတာပေါ့ တကယ်လို့ ကိုယ်သာ မင်းအဖေ သဘောတူအောင် ပြောနိုင်ရင် နောက်ပိုင်းကျရင် မင်းလည်း နင်ပင်းလိုမျိုးပဲ နေရမယ် သေချာတာကတော့ မင်းဆီက ဝိညာဉ်စွမ်းအင်ကို အရင် ပေးရမယ်..."

"ရှင်က ရှန်ရှန်းအဆင့်ကို ရောက်တဲ့အထိ စောင့်ချင်တာလား..."

"မှန်တယ်..."

"ဒါဆိုရင် ကျွန်မနဲ့ နင်ပင်းက ဘယ်အချိန်အထိ စောင့်နေရမှာလဲ..."

ချီဝမ်ကျင်းက မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။

သူမ၏အမြင်တွင်တော့ အဆင့်ကြီးတစ်ခုကို ထိုးဖောက်ရန်ဆိုသည်မှာ လွယ်ကူသောကိစ္စတစ်ခု မဟုတ်ချေ။ မဟုတ်ပါက လောကတစ်ခွင်လုံးတွင် မဟာသိုင်းသခင်များ ဤမျှလောက် ရှားပါးနေမည် မဟုတ်ချေ။ သိုင်းသခင် အများအပြားသည် ဤအကန့်အသတ်တွင် တစ်သက်လုံး ပိတ်မိနေတတ်ကြလေသည်။

"တစ်နှစ် အလွန်ဆုံး တစ်နှစ်ပါပဲ..."

ကျန်းချဲ့ကို အလွန်လေးနက်စွာ အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် ချီဝမ်ကျင်း၏ မျက်လုံးများ လှုပ်ရှားသွားလေသည်။

"ကောင်းပြီလေ အဲ့ဒီအချိန်ကျမှပဲ ပြောကြတာပေါ့..."

"အချိန်ကျမှ ပြောဖို့ မဟုတ်ဘူး ကိုယ် မင်းအဖေကို သဘောတူအောင် ပြောပြီးတာနဲ့ မင်းက နင်ပင်းနဲ့ အတူတူ ကိုယ့်ကို လက်ထပ်ရမယ်..."

ကျန်းချဲ့က တစ်လုံးချင်းစီ သေချာစွာ ပြောလိုက်ပြီး အလွန်လေးနက်သော အမူအရာ ရှိနေလေသည်။

"လက်ထပ်ပြီးသွားရင် ရှင့်ကို အတူတူ ပြုစုပေးရဦးမှာလား..."

ချီဝမ်ကျင်းက ကျန်းချဲ့၏ အတွေးများကို ရိပ်မိသွားသဖြင့် မျက်နှာထား ချက်ချင်း တည်တင်းသွားလေသည်။

"မင်းတို့ နှစ်ယောက်တည်း မဟုတ်ဘူး အဲ့ဒီအချိန်ကျရင် တခြား ညီမလေးတွေလည်း ရှိလာနိုင်သေးတယ်..."

ကျန်းချဲ့က သူမကို နောက်ပြောင်လိုက်လေသည်။

ချီဝမ်ကျင်း၏ မျက်နှာ ချက်ချင်းပြောင်းလဲသွားပြီး ကျန်းချဲ့ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်လေသည်။

"ရှင် အိမ်မက် မက်နေလိုက် ကျွန်မက အလွန်ဆုံး နင်ပင်းနဲ့ပဲ ဟွန့် ကျွန်မ လက်မထပ်တော့ဘူး ရှင် ကျွန်မအဖေကို သဘောတူအောင် ပြောနိုင်ရင်တောင် ကျွန်မ လက်မထပ်ဘူး ဝိညာဉ်စွမ်းအင်ကိုပဲ ပေးမယ် တခြားကိစ္စတွေကိုတော့ ရှင် တွေးတောင် မတွေးနဲ့..."

"ဒီလိုလား ဒါဆိုလည်း ပြီးရောလေ အဲ့ဒီအချိန်ကျရင် မင်းနဲ့ နင်ပင်း အတူတူပဲ တခြားလူတွေ မပါစေရဘူး..."

"ထွက်သွားစမ်း..."

မထွက်ခွာမီ နောက်ဆုံးအနေဖြင့် ကျန်းချဲ့သည် ချီနင်ပင်း၊ ဟွမ်ရှန်းရှန်း တို့နှင့်အတူ ရူးသွပ်စွာ ပျော်ပါးခဲ့ပြီး တစ်ညလုံး ပြီးမှသာ ရပ်တန့်လိုက်လေသည်။ တိုက်ပွဲကလည်း သေချာပေါက် အလွန် ပြင်းထန်ခဲ့လေသည်။

ဒုတိယနေ့ မနက်ခင်းတွင်တော့ ကျန်းချဲ့ တစ်ယောက်တည်းသာ မတ်တပ်ရပ်နိုင်တော့လေသည်။

ချီဝမ်ကျင်းကတော့ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ခံစားရမည့် အကျိုးသက်ရောက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် ညတွင်းချင်းပင် မြို့တော်ဝန်အိမ်တော်မှ ထွက်ခွာသွားပြီး မြို့အပြင်ဘက် တိတ်ဆိတ်သော နေရာတစ်ခုတွင် တစ်ညလုံး ပုလွေမှုတ်နေခဲ့လေသည်။

ထျန်းနန်မြို့ကို ကျန်းချဲ့က ကောင်းချီနျန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ချီထျန်းဟယ်ကလည်း ထိုနေရာတွင် ဆက်လက်နေထိုင်ကာ ချီနင်ပင်း၏ တံခါးပိတ်ကျင့်ကြံနေမှုကို စောင့်ကြပ်ကာကွယ်ပေးနေလေသည်။ ကျန်းချဲ့ကတော့ ချီဝမ်ကျင်း၊ ချီရွှယ်မိစ္ဆာသခင် တို့နှင့်အတူ ခရီးထွက်လာခဲ့လေသည်။

သေချာသည်ကတော့ သူတို့သည် လမ်းလျှောက်၍ ခရီးသွားခြင်း မဟုတ်ချေ။

ကျန်းချဲ့သည် အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲသို့ သွားရောက်မည်ကို သိရှိသွားပြီးနောက် ချီမိသားစုက မဟာသိုင်းသခင်အဆင့် စွမ်းအားရှိသော ကောင်းကင်ယံ လင်းယုန်ကြီးကို လွှတ်ပေးကာ သူတို့နှစ်ယောက်အတွက် စီးတော်ယာဉ်အဖြစ် အသုံးပြုစေခဲ့လေသည်။

အင်အားကြီး မိသားစုခြောက်ခုထဲမှ တစ်ခုအဖြစ် ချီမိသားစု၏ ဂုဏ်သိက္ခာက အပြည့်အဝ ရှိနေလေသည်။

နှစ်ရက်တည်းသော အချိန်တိုအတွင်းမှာပင် ကျန်းချဲ့နှင့် ချီဝမ်ကျင်းတို့သည် ယွဲ့ပြည်နယ်တစ်ခုလုံးကို ဖြတ်ကျော်ကာ ပေလင်ဒေသသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေသည်။ ကောင်းကင်ယံမှ ပျံသန်းလာစဉ်အတွင်း ကျန်းချဲ့သည် ထိုက်အန်းဒေသသို့လည်း လမ်းကြုံ ဝင်ရောက်ခဲ့သေးလေသည်။

ယန်ဂူခရိုင်ကို ကြည့်ရှုခဲ့သလို ထိုက်ရှန်းမြို့ကိုလည်း သွားရောက် ကြည့်ရှုခဲ့လေသည်။

ထိုနေရာတွင် သူ၏ အတိတ်မှတ်ဉာဏ်များ ရှိနေလေသည်။

ထို့အပြင် ထိုနေရာတွင် သူ၏ မိတ်ဟောင်းဆွေဟောင်းများလည်း ရှိနေဆဲပင်ဖြစ်သည်။ ယခင်က သူ၏ ကျေးဇူးရှင်ဖြစ်ခဲ့သော လျိုကျစ် သည်လည်း ယခုအခါ သူ၏အကူအညီဖြင့် မွေးရာပါအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး လူတိုင်းလေးစားရသော မွေးရာပါ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။

ကျန်းချဲ့ ကဲ့သို့သော ကျောထောက်နောက်ခံကြီး ရှိနေသဖြင့် ယွဲ့ပြည်နယ်တစ်ခုလုံးတွင် သူ့ကို လာရောက် စော်ကားရဲသူ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှပေသည်။

ထို့အပြင် မြို့စားကတော်ကျူးနှင့် သမီးဖြစ်သူလည်း ရှိနေသေးလေသည်။

သို့သော် ယခင်တစ်ကြိမ် နှုတ်ဆက်ပြီးနောက် သူတို့၏ သဘောထားကို ကျန်းချဲ့ ကောင်းစွာ သိရှိသွားခဲ့ပြီး သူ့နောက်သို့ လိုက်ပါကာ လေလွင့်မသွားချင်ကြကြောင်း သဘောပေါက်သွားသဖြင့် သူတို့ကြားရှိ ပတ်သက်မှုမှာလည်း အပြီးတိုင် လမ်းခွဲသွားခဲ့ပြီ ဖြစ်လေသည်။

အားလပ်ချိန်များတွင် ကျန်းချဲ့သည်လည်း အနည်းငယ် ဝမ်းနည်းနေမိတတ်လေသည်။

သို့သော် သူ၏ စိတ်နေသဘောထားအရ လျင်မြန်စွာပင် ပြန်လည်ကောင်းမွန်သွားတတ်လေသည်။

ဤလောကတွင် သူ စွန့်လွှတ်၍မရနိုင်သော အရာဆိုသည်မှာ မရှိချေ။ ကျင့်ကြံခြင်းလမ်းစဉ် အောင်မြင်ရန်နှင့် အာဏာ၏ အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် ကျန်းချဲ့၏ အနောက်တွင် လူအချို့ သေချာပေါက် ကျန်ရစ်ခဲ့ရမည်သာ ဖြစ်လေသည်။

မကြာမီမှာပင် ကျန်းချဲ့သည် မြောက်ပိုင်း ချီမိသားစုသို့ ရောက်ရှိသွားခဲ့လေသည်။

လာရောက် ကြိုဆိုသူမှာ ယောက်ဖဖြစ်သူ ချီရှောက်ယန် ပင်ဖြစ်သည်။

ချီမိသားစု၏ သခင်လေးတစ်ယောက်အနေဖြင့် ချီရှောက်ယန်သည် ချီမိသားစု၏ မျက်နှာစာအဖြစ် အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် သေချာပေါက် သွားရောက်ရမည် ဖြစ်လေသည်။

ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက ယခုအခါ သူသည်လည်း ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ထို့အပြင် ကောင်းကင်နှင့်မြေကြီး၏ သိုင်းစိတ်ဆန္ဒကိုလည်း နားလည် သဘောပေါက်ထားပြီ ဖြစ်လေသည်။

"နင်ပင်းရော ဘာလို့ အတူတူ မပါလာတာလဲ..."

နှုတ်ဆက်ပြီးနောက် ချီရှောက်ယန်က အနည်းငယ် ဂရုတစိုက်ဖြင့် မေးလိုက်လေသည်။

"နင်ပင်းက အခု အဆင့်တက်ဖို့ ပြင်ဆင်နေတယ် တံခါးပိတ်ကျင့်ကြံနေပြီလေ..."

ကျန်းချဲ့ကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး ချီဝမ်ကျင်းက မျက်နှာသေဖြင့် ရှင်းပြလိုက်လေသည်။

"ဪ..."

ချီရှောက်ယန်က ခေါင်းညိတ်လိုက်သော်လည်း မျက်ဝန်းများထဲတွင်တော့ သံသယအနည်းငယ် ရှိနေဆဲပင်ဖြစ်သည်။

ယခင်အကြိမ်ကတည်းက နင်ပင်းနှင့် ကျန်းချဲ့တို့ အခြေအနေ သိပ်မမှန်ကြောင်း သူ သတိထားမိခဲ့လေသည်။ အိမ်သို့ ပြန်မလာဘဲ ထျန်းနန်မြို့တွင် အမြဲတမ်း နေထိုင်နေသလို အထူးသဖြင့် ကျန်းချဲ့ဟူသော ယောက်ဖ ၏ဘေးတွင် အမြဲတမ်း ကပ်နေခဲ့လေသည်။ တော်သေးသည်မှာ ဝမ်ကျင်းလည်း ရောက်သွားခဲ့ခြင်း ပင်ဖြစ်သည်။

'ကျန်းချဲ့အပေါ် ခံစားချက်လေးတွေ ရှိနေတယ်ဆိုရင်တောင် အချိန်တန်ရင် ဖြတ်ပစ်သင့်ပြီလေ...'

ကျန်းချဲ့ဟူသော ယောက်ဖကို သူ အလွန်သဘောကျသော်လည်း ညီမနှစ်ယောက်စလုံး၏ ခင်ပွန်းအဖြစ်တော့ လုံးဝ မနှစ်မြို့နိုင်ချေ။

"အစ်ကိုကြီး အရင်တုန်းက ကျုပ်တို့ ယှဉ်ပြိုင်ခဲ့ကြတုန်းက ကျုပ်ကို အများကြီး သင်ပြပေးခဲ့တယ် အခု အစ်ကိုကြီးလည်း ရွှေအမြုတေအဆင့်ကို ရောက်နေပြီဆိုတော့ သိုင်းစိတ်ဆန္ဒကိုလည်း နားလည်နေပြီပဲလေ ကျုပ်တို့ နောက်တစ်ခေါက်လောက် ထပ်ပြီး လက်ရည်စမ်းကြည့်ကြမလား..."

ချီရှောက်ယန် စကားမပြောသည်ကို မြင်သောအခါ ကျန်းချဲ့က ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။

လောလောဆယ် ကိစ္စအားလုံးကို ဖွင့်ပြောရန် အချိန်မကျသေးချေ။ ချီမိသားစုက သူ့ကို ဘာမှ မလုပ်နိုင်ဘူးဆိုသော်လည်း သူ လိုချင်သည်မှာ ထိုအရာမဟုတ်ဘဲ အခြေအနေအားလုံးကို မိမိ၏ လက်ထဲတွင် အခိုင်အမာ ဆုပ်ကိုင်ထားလိုခြင်း ပင်ဖြစ်သည်။

ချီရှောက်ယန်က ကျန်းချဲ့ကို အားကိုးရာမဲ့စွာဖြင့် မျက်စောင်းထိုးကြည့်လိုက်လေသည်။

"မင်းက လဲ့ထင်ကို အလွယ်တကူ ဖိနှိပ်လိုက်တယ်ဆိုတဲ့ သတင်းကို ငါ မသိဘူးလို့များ ထင်နေလား ဟွန့် အရင်က ရှုံးကြွေး ပြန်ဆပ်ချင်နေတာ မဟုတ်လား နောက်ဘဝ ပြောင်းမှပဲ ဆပ်တော့ ဘာပဲဖြစ်ဖြစ် မင်းနဲ့တော့ ငါ လုံးဝ မယှဉ်ပြိုင်ဘူး..."

အကယ်၍ လဲ့ထင်၏ကိစ္စသာ မရှိခဲ့ပါက ချီရှောက်ယန်အနေဖြင့် ကျန်းချဲ့နှင့် သေချာပေါက် လက်ရည်စမ်းသပ်မိမည်သာ ဖြစ်လေသည်။

သို့သော် လဲ့ထင်၏ကိစ္စကို ကြားပြီးနောက်တွင်တော့ သူနှင့် ကျန်းချဲ့ကြားရှိ ကွာဟမှုက အလွန်ကြီးမားလွန်းကြောင်း သူ ကောင်းစွာ သဘောပေါက်သွားခဲ့လေသည်။

'ယှဉ်ပြိုင်ခြင်းလို့တောင် ခေါ်လို့မရဘူး တစ်ဖက်သတ် အနိုင်ကျင့်ခံရမှာ သေချာတယ်...'

'ယောက်ဖကြီးတစ်ယောက်အနေနဲ့ ငါ့မှာလည်း ဂုဏ်သိက္ခာ ရှိတယ်လေ...'

'ဘယ်လိုလုပ်ပြီး ကျန်းချဲ့ဆီ သွားပြီး အနိုင်ကျင့်ခံရမှာလဲ...'

"အဲ့ဒါတွေက ကောလာဟလတွေပါဗျာ တကယ်တော့ ကျုပ်တို့ နှစ်ယောက်ရဲ့ စွမ်းအားက သိပ်မကွာပါဘူး..."

ကျန်းချဲ့၏ မျိုးဆက်တူများထဲတွင် တစ်ခုတည်းသော ဖိနှိပ်ခံရမှုမှာ ချီရှောက်ယန်နှင့် ယှဉ်ပြိုင်ခဲ့စဉ်က ပင်ဖြစ်သည်။ ထိုအချိန်က တစ်ဖက်လူသည် ကျင့်ကြံခြင်းအဆင့်ကို အားကိုးပြီး သူ့ကို အပြတ်အသတ် ဖိနှိပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။

"ကျန်းချဲ့ မင်း အစ်ကိုကြီးကို အရူးများ ထင်နေလား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"တော်ကြတော့ အိမ်ပြန်ကြရအောင် ခဏနေရင် အဖေ စောင့်နေရလို့ ဒေါသထွက်နေဦးမယ်..."

ချီဝမ်ကျင်းက သူတို့နှစ်ယောက်၏ စကားဝိုင်းကို ဖြတ်ကာ ချီမိသားစုဆီသို့ ဦးဆောင်ခေါ်သွားလေသည်။

"ကောင်းပြီလေ နောက်မှ အခွင့်အရေးရရင် အစ်ကိုကြီးနဲ့ လက်ရည်စမ်းကြည့်တာပေါ့..."

"ငါ ရှန်ရှန်းအဆင့်ကို ရောက်တဲ့အချိန်ကျရင် မင်းနဲ့ သေချာပေါက် ယှဉ်ပြိုင်မယ်..."

ချီရှောက်ယန်က ကျန်းချဲ့ကို မျက်စောင်းထိုးကြည့်လိုက်လေသည်။ အစ်ကိုကြီးတစ်ယောက်၏ ဂုဏ်သိက္ခာကို အစွမ်းကုန် ထိန်းသိမ်းလိုသော်လည်း စွမ်းအားချင်း မယှဉ်နိုင်သဖြင့် အချိန်ဆွဲရုံသာ တတ်နိုင်တော့လေသည်။

ချီမိသားစုအတွင်း။

ကျန်းချဲ့၏ လာရောက်မှုမှာ ယခုအခါ အလွန်ဂုဏ်သရေရှိသော ဧည့်သည်တော်တစ်ယောက်အဖြစ် သတ်မှတ်ခံရလေသည်။ အကြီးအကဲချုပ် ချီထျန်းကျုံးနှင့် အခြားသော မိသားစုအတွင်းရှိ အကြီးအကဲများက ကျန်းချဲ့ကို ကိုယ်တိုင် ဧည့်ခံကြလေသည်။

မျက်နှာသာ အပြည့်အဝ ပေးထားခြင်း ပင်ဖြစ်သည်။

ချီမိသားစု၏ လူငယ်တပည့်များမှာလည်း ယခုအခါ ကျန်းချဲ့၏အကြောင်းကို တွေးမိတိုင်း အလွန်ဂုဏ်ယူ ဝင်ကြွားနေကြလေသည်။

မည်သို့ပင်ဆိုစေ ကျန်းချဲ့မှာ လောက၏ နံပါတ်တစ် ပင်မဟုတ်ပါလား။

သိုင်းလောကသားများက မြှောက်ပင့်ပြောဆိုနေကြခြင်း ဖြစ်ပြီး လက်မခံသူများ ရှိနေလျှင်တောင် ကျန်းချဲ့၏ စွမ်းအားနှင့် တိုက်ပွဲရလဒ်များက ဤနေရာတွင် အထင်အရှား ရှိနေလေရာ ချီမိသားစုအတွက် မျက်နှာ အများကြီး ရစေခဲ့လေသည်။

အထက်အောက် လူတိုင်းက ကျန်းချဲ့နှင့် လက်ထပ်လိုက်ခြင်းသည် ချီမိသားစု၏ လွန်ခဲ့သော နှစ်တစ်ရာအတွင်း အတန်ဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြလေသည်။

ကျန်းချဲ့ကို ချီမိသားစု၏ ဂုဏ်ကျက်သရေဆောင်အဖြစ် လူတိုင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြလေသည်။

ယခင်က ချီမိသားစုသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က အခြေအနေကို ပြန်လည်တွေးတောမိလေသည်။ ထိုအချိန်က ကျန်းချဲ့သည် မည်သည့် ပစ်မှတ်ထားမှုမျိုးမှ မခံခဲ့ရသော်လည်း ချီမိသားစု၏ သခင်မလေးနှင့် လက်ထပ်မည့်ကိစ္စကြောင့် ချီမိသားစုဝင် အများအပြား၏ရင်ထဲတွင် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။

ထိုအရာများကို ပြန်တွေးမိတိုင်း ရင်ထဲတွင် အလွန်ခံစားရခက်လှပေသည်။

တကယ်ကို လောကဓံတရားပါပဲလေ...

မက်မွန်ခြံဝင်းအတွင်း။

ချီကျန်းနန်နှင့် ကျန်းချဲ့တို့သည် ချီမိသားစု၏ တန်ဖိုးကြီး လဖက်ရည်ကို သောက်သုံးရင်း စကားစမြည် ပြောဆိုနေကြပြီး လေထုမှာ အလွန်ကောင်းမွန်နေလေသည်။

မိမိမိသားစုကို မျက်နှာရစေခဲ့သော ဤသမက်ကို ကြည့်ရင်း အမြဲတမ်း တည်ကြည်ခက်ထန်နေတတ်သော ချီကျန်းနန်၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်လာလေသည်။

"ဘယ်လိုလဲ ဒီတစ်ခေါက် အရှေ့ပင်လယ်ကို သွားတာ ရည်မှန်းချက်က ဘယ်လိုရှိလဲ..."

လဖက်ရည်ခွက်ကို ချလိုက်ပြီး ကျန်းချဲ့က လေးနက်စွာဖြင့် ပြန်ဖြေလိုက်လေသည်။

"ဒီတစ်ခေါက် အရှေ့ပင်လယ်ကို သွားတာက မျိုးဆက်တူတွေကို ဖိနှိပ်လွှမ်းမိုးဖို့ပဲ..."

"ဒီလောက်တောင် ယုံကြည်ချက် ရှိတာလား..."

"မဟုတ်ရင် ချန်ချင်းဖန်က ဘာလို့ ခရီးအဝေးကြီးကနေ လာပြီး ကျုပ်ကို ဖိတ်ခေါ်ပါ့မလဲ..."

"ကောင်းတဲ့ ကောင်လေး တကယ်လို့ မင်းသာ မျိုးဆက်တူတွေကို အမှန်တကယ် ဖိနှိပ်လွှမ်းမိုးနိုင်ခဲ့ရင် တင်တောင်းမယ့် ပစ္စည်းတွေကို ဦးလေး အားလုံး ကင်းလွတ်ခွင့် ပေးမယ်…”

All Chapters