← Chapters

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း (၃၃၆) မင်းတို့အားလုံး အတူတူ ဝင်လာရင်လည်း ရပါတယ်

စင်မြင့်အောက်ဘက်ရှိ မျိုးဆက်သစ် ပါရမီရှင် လေးယောက်၏ မျက်နှာများက အမျိုးမျိုး ပြောင်းလဲနေကြသော်လည်း တူညီသောအချက် တစ်ခုကတော့ အားလုံး၏ မျက်နှာထားများ အလွန် ဆိုးရွားနေခြင်း ပင်ဖြစ်သည်။

သို့သော် ဤနေရာတွင် သူတို့ ဝင်ရောက် စွက်ဖက်ရန် အရည်အချင်း မရှိသေးသဖြင့် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ ထုတ်ပြောရဲခြင်း မရှိကြချေ။

အမြင့်ဆုံး နေရာရှိ တမန်တော်ကြီး သုံးယောက် ကတော့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး အလွန် အချိတ်အဆက် မိမိဖြင့် အပြုံးတစ်ခု ကိုယ်စီ ဖန်တီးလိုက်ကြလေသည်။

ကျန်းချဲ့ကို ချီးကျူးပြီး သူတို့ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် နှိမ့်ချနေခြင်းမှာ တမန်တော်ကြီး သုံးယောက် ကြိုတင် တိုင်ပင်ထားသော ကိစ္စရပ် တစ်ခု ပင်ဖြစ်သည်။

ရည်ရွယ်ချက်မှာ တော်ဝင်နန်းတော်မှ အဆိုပြုထားသော ဤပါရမီရှင်များကို သိုင်းပညာပြိုင်ပွဲ မစတင်မီကတည်းက အရှုံးအနိုင် ခွဲခြားစေရန် ပင်ဖြစ်သည်။ အစစ်အမှန် ခေါင်းဆောင် တစ်ယောက်ကို ရွေးချယ်ရန် ဖြစ်သည်။ သို့မှသာ သိုင်းပညာပြိုင်ပွဲ အတွင်းသို့ ဝင်ရောက်ပြီးနောက် အချင်းချင်း သဘောထား ကွဲလွဲမှုများ မဖြစ်ပေါ်နိုင်မည် ဖြစ်လေသည်။

ထိုကဲ့သို့သော ကိစ္စမျိုးကို သူတို့ လုံးဝ မြင်တွေ့လိုခြင်း မရှိချေ။

တမန်တော်ကြီး များကြားတွင် အနည်းနှင့်အများ ဆိုသလို ပဋိပက္ခ အချို့ ရှိနေကြသော်လည်း အပြင်ပန်းတွင်တော့ အချင်းချင်း သင့်မြတ်ဟန် ပြသနိုင်ကြလေသည်။

ယခု တိုက်ပွဲက ခေါက်ရှန်း နတ်မင်းကြီး ၏ သိုင်းအဆင့် သတ်မှတ်ခြင်း အစီအစဉ် ကြီးနှင့် တိုက်ရိုက် သက်ဆိုင်နေလေသည်။ ထို့ကြောင့် သူတို့ အနေဖြင့် လုံးဝ ပေါ့ဆမှု မပြုရဲကြချေ။

"တမန်တော်ကြီးတို့ကို လျှောက်တင်ပါတယ် ကျန်းချဲ့ ရောက်ရှိနေပါပြီ..."

အခန်း တံခါး အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

မျက်တောင်တစ်ခတ် အတွင်း အကြည့် အားလုံးက တံခါးဝဆီသို့ တပြိုင်နက်တည်း ရောက်ရှိသွားကြလေသည်။

"သူ့ကို ဝင်လာခိုင်းလိုက်..."

ချန်ချင်းဖန် ၏ အသံက ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

"ချလပ်..."

အပေါ်ဆုံးထပ် ၏ တံခါးမကြီး က ဖြည်းညင်းစွာ ပွင့်ဟသွားပြီးနောက် ကျန်းချဲ့ ၏ လူရိပ် ထွက်ပေါ်လာလေသည်။ သူ၏ အကြည့်များက အခန်းအတွင်း တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် အထဲသို့ ဝင်ရောက်သွားလေသည်။

"လက်အောက်ငယ်သား ကျန်းချဲ့ တမန်တော်ကြီးချန် ကို ဂါရဝပြုပါတယ်..."

ကျန်းချဲ့ က လက်ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။

ချန်ချင်းဖန် က ဟားဟားဟား ဟု ရယ်မောလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နူးညံ့သိမ့်မွေ့သော စွမ်းအား တစ်ခုက ခါးညွှတ်ထားသော ကျန်းချဲ့ ကို ဆွဲတင်ပေးလိုက်လေသည်။ ထို့နောက် နှုတ်ခမ်းထောင့်တွင် ဖိနှိပ်၍ မရနိုင်သော အပြုံးများဖြင့် မိတ်ဆက်ပေးလိုက်လေသည်။

"ကိုယ့်လူတွေပဲ အားနာစရာ မလိုပါဘူး သူက အရှေ့ပိုင်းဒေသ ရဲ့ နဂါးပြာ တမန်တော် ဆန်တင်းကျိုး ပဲ သူကတော့ မြောက်ပိုင်းဒေသ ရဲ့ လိပ်နက် တမန်တော် ကျိုးဖူကုန်း တဲ့..."

"တမန်တော်ကြီး နှစ်ပါး ကို ဂါရဝပြုပါတယ်..."

ကျန်းချဲ့ က တစ်ယောက်ချင်းစီ ကို နှုတ်ဆက်လိုက်လေသည်။

အနက်ရောင် ရုံးတော် ၏ လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ ရှိသော တမန်တော်ကြီး များကို ရင်ဆိုင်ရချိန်တွင်တော့ ကျန်းချဲ့ အနေဖြင့် အလွန် ရိုသေ ကျိုးနွံစွာ ဆက်ဆံရလေသည်။ အဘယ်ကြောင့်ဆိုသော် ရာထူး အရ ဖြစ်စေ စွမ်းအား အရ ဖြစ်စေ သူတို့က ကျန်းချဲ့ ထက် အများကြီး သာလွန် နေသောကြောင့် ပင်ဖြစ်သည်။

"ဟားဟားဟား တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ ရုပ်ရည်သွင်ပြင်ပဲ ချီမိသားစု ရဲ့ သမက် ဆိုတဲ့ နာမည် နဲ့ တကယ်ကို လိုက်ဖက်တာပဲ..."

"ဟူး မင်းက တော်ဝင်နန်းတော် ကနေ ထွက်ပေါ်လာတာကို မြောက်ပိုင်း ချီမိသားစု က အရင်ဦးသွားလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး နှမြောစရာ ကောင်းလိုက်တာ တကယ်တော့ ကျုပ် ကျိုးဖူကုန်း မှာလည်း သမီး တစ်ယောက် ရှိသေးတယ်..."

ကျိုးဖူကုန်း နှင့် ဆန်တင်းကျိုး တို့က ကျန်းချဲ့ ကို အချိန်ခဏမျှ အကဲခတ် ကြည့်ရှု လိုက်ပြီးနောက် အလွန် ကျေနပ် သွားကြလေသည်။ သူတို့၏ ဝိညာဉ်အာရုံ အောက်တွင် ကျန်းချဲ့ ၏ တစ်ကိုယ်လုံးရှိ ကျင့်ကြံခြင်း စွမ်းအားများမှာ အပြင်သို့ လုံးဝ မထွက်ပေါ်ဘဲ တည်ငြိမ်နေသော်လည်း အခြေခံ အုတ်မြစ် ကတော့ အလွန် ခိုင်မာ နေလေသည်။

အထူးသဖြင့် ရုပ်ခန္ဓာ အတွင်း တွင် လုံးဝ အားနည်းခြင်း မရှိသော ကြောက်မက်ဖွယ် စွမ်းအား ကြီး တစ်ခု လှိုင်းထန် နေလေသည်။ ရုပ်ခန္ဓာ ကျင့်ကြံသူ ပင်ဖြစ်သည်။

သူတို့ နှစ်ယောက် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး မျက်ဝန်းများ ထဲတွင် ထင်တဲ့ အတိုင်းပဲ ဟူသော အမူအရာ များ ဖြတ်ပြေး သွားလေသည်။

ကျန်းချဲ့ ၏ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအား အကြောင်း ကောလာဟလ များကို သူတို့ ကြားဖူး ခဲ့ကြလေသည်။

အစပိုင်း တွင် အနည်းငယ် သံသယ ဝင်ခဲ့ကြသော်လည်း လူချင်း တွေ့ဆုံ ပြီးနောက် ကျန်းချဲ့ ၏ အလွန် ကြောက်မက်ဖွယ် ကောင်းသော ရုပ်ခန္ဓာ စွမ်းအား ကို အာရုံခံ မိလိုက်သော အခါ သူတို့၏ သံသယ များ အားလုံး ပျောက်ကွယ် သွားခဲ့လေသည်။

ချီစွမ်းအင် နှင့် ရုပ်ခန္ဓာ ပေါင်းစပ် ကျင့်ကြံခြင်း ပင်ဖြစ်သည်။ အမှန်တကယ် ပင် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအား ကို ပိုင်ဆိုင် ထားလေသည်။

သို့သော် ထိုအချက် ကပင် သူတို့၏ ခေါင်းထဲတွင် နောက်ထပ် အတွေး တစ်ခု ကို ဖြတ်ပြေး သွားစေခဲ့လေသည်။

'နှစ်အနည်းငယ် တိုတိုလေး အတွင်းမှာ ကျန်းချဲ့ က ရုပ်ခန္ဓာ ရော ကျင့်ကြံခြင်း ကိုပါ ဒီလို အဆင့်မျိုး ရောက်အောင် ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ'

'တကယ်ပဲ အစွမ်းထက် သူ တစ်ယောက် ဝင်စား တာများ ဖြစ်နေမလား'

"တမန်တော်ကြီး က မြှောက်ပြောလွန်း နေပါပြီ..."

ကျန်းချဲ့ က နှိမ့်ချစွာ ပြန်ပြော လိုက်လေသည်။

"မြှောက်ပြောတာ လုံးဝ မဟုတ်ပါဘူး ကျန်းချဲ့ မင်း မသိလို့ပါ ခုလေးတင် ဒီကောင် နှစ်ကောင် က ကျုပ်ကို ဘယ်လောက်တောင် အားကျ နေလဲ ဆိုတာ ဟားဟားဟား မင်း က ကျုပ်ကို အများကြီး မျက်နှာ ရစေခဲ့တာပဲ လာ ထိုင် မြန်မြန် ထိုင်..."

ချန်ချင်းဖန် က ကျန်းချဲ့ ကို အရှေ့သို့ လာရန် ခေါ်လိုက်ပြီး သူတို့ သုံးယောက် နှင့် အတူတူ ထိုင်စေလေသည်။

တမန်တော်ကြီး များ ၏ ဤမျှလောက် နွေးထွေး ပျူငှာ သော ဆက်ဆံရေး ကြောင့် ကျန်ရှိသော မျိုးဆက်သစ် ပါရမီရှင် လေးယောက် ၏ မျက်နှာထား မှာ ပို၍ပင် ဆိုးရွား သွားလေသည်။ သူတို့ ဤနေရာသို့ ရောက်ရှိပြီးနောက် အချင်းချင်း မိတ်ဆက် ရုံမှလွဲ၍ တမန်တော်ကြီး များ က သူတို့ကို လုံးဝ အဖက် မလုပ်ခဲ့ကြချေ။

ဤသည်မှာ ပုံမှန် အခြေအနေ တစ်ခု ဟုသာ ထင်မှတ် ခဲ့ကြလေသည်။ သို့သော် ကျန်းချဲ့ က ဘာလို့ ကွာခြား နေရတာလဲ...

သူတို့ အားလုံး၏ အကြည့်များ က ကျန်းချဲ့ အပေါ် သို့ တပြိုင်နက်တည်း ကျရောက် သွားပြီး မျက်ဝန်းများ ထဲတွင် ဒေါသ မီးတောက် များ ပင် ဖြတ်ပြေး သွားလေသည်။

ဤမျှလောက် ထင်ရှားသော အမူအရာ များကို ကျန်းချဲ့ ကိုယ်တိုင် ပင်လျှင် ကောင်းစွာ အာရုံခံ မိလိုက်လေသည်။ ချန်ချင်းဖန် တို့ကို တစ်ချက် ကြည့်လိုက်ပြီး ကျန်းချဲ့ ၏ မျက်မှောင် အနည်းငယ် ကျုံ့သွားကာ တမန်တော်ကြီး များ၏ ရည်ရွယ်ချက် ကို တွေးတော လိုက်လေသည်။

ဤကဲ့သို့ ခွဲခြား ဆက်ဆံ ခြင်း က လုံးဝ ပုံမှန် မဟုတ်ကြောင်း ထင်ရှား လှပေသည်။

အမြင့်ဆုံး နေရာ တွင် နဂါးပြာ တမန်တော် က အိမ်ရှင် အဖြစ် ဘယ်ဘက် ပထမဆုံး ခုံတွင် ထိုင်နေပြီး ချန်ချင်းဖန် ကတော့ ညာဘက် ပထမဆုံး ခုံတွင် ထိုင်နေလေသည်။ ကျိုးဖူကုန်း က နဂါးပြာ တမန်တော် ၏ အောက်ဘက် တွင် ထိုင်နေလေသည်။ သူတို့ ခေါ်ဆို သော နေရာ မှာ ညာဘက် ဒုတိယမြောက် ခုံ ပင်ဖြစ်သည်။

အချိန်ခဏမျှ စဉ်းစားခန်း ဝင်ပြီးနောက် တမန်တော်ကြီး များ အားလုံး က သူ့ကို ပြုံးရွှင်စွာ ကြည့်နေကြသည် ကို မြင်သောအခါ ကျန်းချဲ့ ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှား သွားပြီး ဤသည်မှာ သူတို့ တမင်သက်သက် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ချက်ချင်း ရိပ်မိ သွားလေသည်။ ထို့ကြောင့် အားနာ မနေတော့ဘဲ တည်ငြိမ်စွာ ဖြင့် ချန်ချင်းဖန် ၏ ဘေးတွင် ဝင်ထိုင် လိုက်လေသည်။

"ဒါနဲ့ မိတ်မဆက် ရသေးဘူး ဒီလူတွေ အားလုံး က အနက်ရောင် ရုံးတော် ကနေ သေချာ ရွေးချယ် ထားတဲ့ မျိုးဆက်သစ် ပါရမီရှင် တွေပဲ သူတို့လည်း သိုင်းပညာ ပြိုင်ပွဲ ကို ဝင်ပြိုင်ကြမှာ ဆိုတော့ အဲ့ဒီအချိန်ကျရင် ကျန်းချဲ့ မင်း အနေနဲ့ သူတို့ကို သေချာ စောင့်ရှောက် ပေးလိုက်ပါဦး..."

လေထု က အနည်းငယ် တိတ်ဆိတ် သွားသည် ကို မြင်သောအခါ ကျိုးဖူကုန်း က အလျင်စလို စကားစ ကာ တိတ်ဆိတ်မှု ကို ချိုးဖျက် လိုက်ပြီး နောက်ထပ် မီးတောက် တစ်ခု ကို ထပ်ထည့် လိုက်လေသည်။

ဤစကား ထွက်ပေါ် လာသည် နှင့် တစ်ပြိုင်နက် အောက်ဘက် ရှိ မျိုးဆက်သစ် ပါရမီရှင် လေးယောက် ၏ ရင်ထဲရှိ ဒေါသ မီးတောက် များကို လုံးဝ ဖိနှိပ် ထား၍ မရနိုင်တော့ချေ။

သူတို့ အားလုံး မှာ မာနထောင်လွှား သော စရိုက် ရှိသူ များ ဖြစ်ကြရာ ဤကဲ့သို့ အကြိမ်ကြိမ် အထင်သေး ခံရခြင်း ကို ဘယ်လိုလုပ် သည်းခံ နိုင်မည်နည်း။

အရေးအကြီးဆုံး မှာ သူတို့ အားလုံး ကျန်းချဲ့ ၏ စွမ်းအား ကို ကိုယ်တိုင် လုံးဝ မကြုံတွေ့ ဖူးဘဲ ဘယ်လိုလုပ် လက်ခံ နိုင်မည်နည်း... အခွံ သက်သက် ဂုဏ်သတင်း တွေ ကြောင့်လား...

"ဒီ မိတ်ဆွေ တွေ အားလုံး က အနက်ရောင် ရုံးတော် ရဲ့ သိုင်းပါရမီရှင် တွေပဲ စွမ်းအား တွေ လည်း သေချာပေါက် မသေးငယ် လောက်ဘူး ကျုပ် က ဘယ်လိုလုပ် စောင့်ရှောက် ပေးနိုင်မှာလဲ..."

ကျန်းချဲ့ သည် သူတို့ ၏ ရည်ရွယ်ချက် ကို ရိပ်မိ သော်လည်း ယခု အချိန် တွင် နှိမ့်ချ သည့် ဟန် ပြန်ပြော ရုံသာ တတ်နိုင်တော့လေသည်။

"အို ကျန်းချဲ့ မင်း က အရမ်း နှိမ့်ချ နေပါပြီ အရင်တုန်းက မင်းရဲ့ တိုက်ပွဲ ရလဒ် တွေကို ငါတို့ အားလုံး သိထားပါတယ် ဒီတစ်ကြိမ် မင်းအပေါ် မျှော်လင့်ချက် အကြီးဆုံး ထားထားတာ တကယ်လို့ မင်းသာ ပထမ နေရာ ကို ရခဲ့ရင် တော်ဝင်နန်းတော် အတွက် တကယ် ကို မျက်နှာ ရစေမှာပဲ..."

ကျိုးဖူကုန်း က ဟားဟားဟား ဟု ရယ်မော လိုက်လေသည်။

"တမန်တော်ကြီး လက်အောက်ငယ်သား မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ် တမန်တော်ကြီး ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်..."

နောက်ဆုံး တွင်တော့ လူ လေးယောက် ထဲမှ တစ်ယောက် က မိမိ ၏ ရင်ထဲရှိ မကျေနပ်မှု များကို ဖိနှိပ် ထားနိုင်ခြင်း မရှိတော့ဘဲ ရှေ့သို့ တစ်လှမ်း တိုးကာ တိုက်ရိုက် တောင်းဆို လိုက်လေသည်။ ကျန်ရှိသော သုံးယောက် ၏ အကြည့်များ လည်း သူ၏ အပေါ်သို့ ချက်ချင်း ရောက်ရှိ သွားကြလေသည်။

အရှေ့ပိုင်း တမန်တော် ဆန်တင်းကျိုး က ထိုလူ ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာ ပေါ်တွင် မည်သည့် ဝမ်းသာမှု သို့မဟုတ် ဒေါသထွက်မှု မျှ မရှိဘဲ အေးဆေး သော လေသံ ဖြင့် မေးလိုက်လေသည်။

"ဝူချွမ် မင်း ဘာတောင်းဆို ချင်လို့လဲ..."

ဝူချွမ် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ပြီး ခေါင်းငုံ့ ကာ လေးနက်စွာ ပြောလိုက်လေသည်။

"လက်အောက်ငယ်သား အနေနဲ့ သွေးပင်လယ် မိစ္ဆာနဂါး ကျန်းချဲ့ ရဲ့ နာမည် ကို ကြားဖူး နေတာ ကြာပါပြီ ဒီနေ့ တွေ့လိုက်ရတာ တကယ်ပဲ ထူးခြား လွန်းလှပါတယ် ဒါကြောင့် လက်အောက်ငယ်သား အနေနဲ့ ကျန်းချဲ့ ဆီကနေ လမ်းညွှန်မှု လေး နည်းနည်းလောက် တောင်းခံ ချင်လို့ပါ မျိုးဆက်တူ အချင်းချင်း သိုင်းပညာ ဖလှယ် တာပဲ မှတ်ယူပေးပါ..."

"လက်အောက်ငယ်သား လည်း ကျန်းချဲ့ နဲ့ သိုင်းပညာ ဖလှယ် ချင်ပါတယ်..."

"လက်အောက်ငယ်သား လည်း..."

ဝူချွမ် စကားပြော ပြီးနောက် အခြားသော သုံးယောက် ကလည်း အဆက်မပြတ် ဝင်ရောက် ပြောဆို ကြပြီး သူတို့ အားလုံး၏ ပစ်မှတ် မှာ ကျန်းချဲ့ ပင်ဖြစ်သည်။ သေချာသည် ကတော့ သူတို့၏ လေသံ တွင် ကျန်းချဲ့ ကို နှိမ့်ချ ပြောဆို ခြင်း မျိုး မပါဝင် ခဲ့ချေ။

သူတို့ အားလုံး သည် သွေးချောင်းစီး တိုက်ပွဲ များစွာ ကို ဖြတ်သန်း ပြီးမှ နာမည် ကျော်ကြား လာသူ များ ဖြစ်ကြရာ ဂုဏ်သတင်း အလွန် ကြီးမားသော ကျန်းချဲ့ အပေါ် အထင်သေး ခြင်း လုံးဝ မရှိဘဲ ဆန့်ကျင်ဘက် အနေဖြင့် အလွန် အလေးထား ကြလေသည်။

သို့သော် ၎င်းက သူတို့ လိုလိုလားလား အညံ့ခံ သည်ဟု ဆိုလိုခြင်း မဟုတ်ချေ။

ကျန်းချဲ့ ၏ အစစ်အမှန် စွမ်းအား ကို မမြင်တွေ့ ရသေးမီ အချိန်အထိ သူတို့ လုံးဝ အညံ့ခံ မည် မဟုတ်ချေ။ သူတို့ကို အနိုင်တိုက် နိုင်မှသာ ရလိမ့်မည်။

"ဒါက..."

ဆန်တင်းကျိုး ၏ မျက်နှာပေါ်တွင် တွေဝေ နေသော အမူအရာ ပေါ်လွင် လာပြီး ကျိုးဖူကုန်း၊ ချန်ချင်းဖန် တို့နှင့် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြလေသည်။ ထို့နောက် ကျန်းချဲ့ ၏ အပေါ်သို့ အကြည့် ရောက်သွားပြီး အချိန်ခဏမျှ စဉ်းစား ကာ လက်ယမ်း လိုက်လေသည်။

"ကျန်းချဲ့ က ရှန့်ဟိုင်မြို့ ကို အခုမှ ရောက်လာတာ ဆိုတော့ ဘယ်လိုလုပ် အလွယ်တကူ လက်ပါလို့ ဖြစ်မှာလဲ မင်းတို့ တကယ်ပဲ စမ်းသပ် ကြည့်ချင်တယ် ဆိုရင် သိုင်းပညာ ပြိုင်ပွဲ စတဲ့ အချိန်ကျရင် အခွင့်အရေး ရလာမှာပါ ဒီနေ့တော့ ထားလိုက်ပါတော့..."

"ဒါက..."

ဤစကား ကို ကြားသောအခါ လူ လေးယောက် စလုံး ၏ မျက်လုံးများ ကျဉ်းမြောင်း သွားကြလေသည်။

"မင်းတို့ ဘာဆိုလိုချင်လဲ ဆိုတာကို ကျုပ် သိပါတယ် ကျန်းချဲ့ မင်း ဘယ်လို ထင်လဲ..."

ချန်ချင်းဖန် က ရုတ်တရက် စကားပြော လာပြီး စကားလမ်းကြောင်း ကို ကျန်းချဲ့ ထံသို့ ဆွဲခေါ် လိုက်လေသည်။ အပြင်ပန်း တွင် ကျန်းချဲ့ ၏ သဘောထား ကို မေးမြန်း နေပုံ ရလေသည်။

သို့သော် ကျန်းချဲ့ ကတော့ ချန်ချင်းဖန် ၏ တကယ့် ဆိုလိုရင်း ကို ကောင်းစွာ နားလည် သဘောပေါက် လိုက်လေသည်။

ရည်ရွယ်ချက် မှာ သိုင်းပညာ ပြိုင်ပွဲ မစတင်မီ အချိန်အတွင်း ပဋိပက္ခ များနှင့် မကျေနပ်မှု များ အားလုံး ကို အပြည့်အဝ ဖြေရှင်း လိုခြင်း ပင်ဖြစ်သည်။ သိုင်းပညာ ပြိုင်ပွဲ စတင် သော အခါ တွင် မှ အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် နိုင်မည် မဟုတ်ပါလား။

မကျေမနပ် ဖြစ်နေသော မျိုးဆက်သစ် ပါရမီရှင် လေးယောက် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းချဲ့ က အသက် အနည်းငယ် ရှူစာ မျှ တွေဝေ သွားပြီး ခေါင်းညိတ် လိုက်လေသည်။

"ဒီ မိတ်ဆွေ တွေ က လက်ရည် စမ်းချင်နေမှတော့ ကျုပ် အနေနဲ့ မငြင်းဆန် သင့်ပါဘူး..."

ဆန်တင်းကျိုး က အလွန် ကျေနပ်စွာ ဖြင့် ခေါင်းညိတ် လိုက်လေသည်။ ဤသည်မှာ သူတို့ သုံးယောက် ကြိုတင် တိုင်ပင် ထားသော ကိစ္စရပ် ပင်ဖြစ်သည်။ ထို့နောက် ဝူချွမ် တို့ကို ကြည့်ကာ ပြောလိုက်လေသည်။

"ကျန်းချဲ့ က လက်ခံ နေမှတော့ လည်း ထားလိုက်ပါတော့ မင်းတို့ အချင်းချင်း သိုင်းပညာ ဖလှယ် ကြတာပေါ့ ဘယ်သူ အရင် လာမလဲ..."

ဝူချွမ် က ပထမဆုံး စကားပြော လိုက်ပြီး ကျန်းချဲ့ ကို စူးစိုက် ကြည့်နေလေသည်။

"လက်အောက်ငယ်သား အရင် စမ်းကြည့်ချင်ပါတယ်..."

"ကောင်းပြီ ဒါဆိုရင် မင်းတို့ နှစ်ယောက် အပြင်ဘက် သွားပြီး လက်ရည် စမ်းကြတာပေါ့..."

ကျိုးဖူကုန်း ၏ စကား ပင် မဆုံးသေးမီ ကျန်းချဲ့ က ချက်ချင်း ဖြတ်ပြော လိုက်လေသည်။ ဝူချွမ် တို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်...

"မလိုပါဘူး ဒီနေရာမှာပဲ လုပ်ကြတာပေါ့..."

"ဟင်..."

ကျိုးဖူကုန်း တို့၏ မျက်လုံးများ အနည်းငယ် လှုပ်ရှား သွားလေသည်။ ဝူချွမ် တို့မှာလည်း ရင်ထဲတွင် တုန်လှုပ် သွားပြီး ကျန်းချဲ့ ကို အံ့အားသင့်စွာ ဖြင့် စူးစိုက် ကြည့်နေကြလေသည်။

'ဒီနေရာမှာ လက်ရည် စမ်းမယ် ဟုတ်လား နောက်နေတာလား'

ဤ နန်းတော် အဆောက်အအုံ ပေါ်တွင် အစီအရင် များစွာ ချမှတ် ထားပြီး အလွန် ခိုင်မာ တောင့်တင်း သော်လည်း ရွှေအမြုတေ အဆင့် သိုင်းသခင် နှစ်ယောက် ၏ တိုက်ပွဲ ကိုတော့ သေချာပေါက် ခုခံ နိုင်စွမ်း ရှိမည် မဟုတ်ချေ။ မျက်တောင် တစ်ခတ် အတွင်း ဤ နေရာ တစ်ခုလုံး ပြိုကျ ပျက်စီး သွားနိုင်လေသည်။

ကျန်းချဲ့ ကတော့ အမြဲတမ်း မျက်နှာ သေဖြင့် သာ ရှိနေပြီး ဝူချွမ် ကို အေးဆေးစွာ တစ်ချက် ကြည့်လိုက်လေသည်။

"အဆင်သင့် ဖြစ်ပြီလား..."

"မင်း..."

ဝူချွမ် ၏ စကားသံ ပင် မဆုံးသေးချေ။

ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော ဖိအား ကြီး တစ်ခု ချက်ချင်း ပျံ့နှံ့ သွားပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံး ကို လွှမ်းခြုံ သွားလေသည်။ ထို့နောက် အလွန် ကြီးမားလှသော ဝိညာဉ်အာရုံ ကြီး တစ်ခု က ဝူချွမ် ၏ အပေါ်သို့ တိုက်ရိုက် ဖိနှိပ် ချလိုက်ရာ သူ၏ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ရလေသည်။

နောက်တစ်စက္ကန့် တွင် သူ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲ သွားပြီး ညည်းတွားသံ တစ်ချက် ထွက်ပေါ် လာကာ အနောက်သို့ ဆက်တိုက် ဆုတ်ခွာ သွားရလေသည်။ ထို့နောက် ကျန်းချဲ့ ကို အလွန် အံ့အားသင့် ထိတ်လန့်စွာ ဖြင့် စူးစိုက် ကြည့်နေပြီး မျက်ဝန်းများ ထဲတွင် မယုံကြည် နိုင်သော အမူအရာ များ ပြည့်နှက် နေလေသည်။

'တကယ်ကို ကြောက်စရာ ကောင်းတဲ့ ဝိညာဉ်အာရုံ ကြီး ပါလား...'

ဝူချွမ် သည် ကျန်းချဲ့ ကို ပထမဆုံး ထွက်ပြီး စိန်ခေါ် ရဲခြင်း မှာ သေချာပေါက် မိမိကိုယ်မိမိ ယုံကြည်ချက် အချို့ ရှိနေသောကြောင့် ပင်ဖြစ်သည်။ နဂါးပြာ ဌာနခွဲ ၏ အစွမ်းအထက်ဆုံးသော ရွှေအမြုတေ အဆင့် သိုင်းသခင် တစ်ယောက် အနေဖြင့် သူ၏ စွမ်းရည် များမှာ မျိုးဆက်တူ များ ထဲတွင် ထိပ်တန်း အဆင့် ၌ ရှိနေလေသည်။

သူ၏ အစွမ်းအထက်ဆုံးသော တိုက်ပွဲ ရလဒ် မှာ ဂုဏ်သတင်း ကြီးမားသော ဝါရင့် ရွှေအမြုတေ အဆင့် သိုင်းသခင် တစ်ယောက် ကို ထိပ်တိုက် ရင်ဆိုင် ကာ ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ် နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ ထိုအချိန်မှ စတင်၍ အရှေ့ပင်လယ် တွင် သူ၏ နာမည် ကြီးမား လာခဲ့ခြင်း ဖြစ်လေသည်။

ရုပ်ခန္ဓာ ပိုင်း ဆိုင်ရာ တွင် ဖြစ်စေ ဝိညာဉ်အာရုံ ပိုင်း ဆိုင်ရာ တွင် ဖြစ်စေ သူ သည် မျိုးဆက်တူ များ ထက် လုံးဝ မနိမ့်ကျ ဘူး ဟု မိမိကိုယ်မိမိ ယုံကြည် ထားလေသည်။

သို့သော် ခုလေးတင် ကျန်းချဲ့ ၏ ဝိညာဉ်အာရုံ က သူ့ကို ရုတ်တရက် လွှမ်းခြုံ လာပြီး တိုက်ရိုက် ဖိနှိပ် ချလိုက်လေသည်။ ၎င်းမှာ သူ့ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သော ဝိညာဉ်အာရုံ ကြီး ပင်ဖြစ်သည်။ အကယ်၍ ကျန်းချဲ့ သာ လက်မတွန့်ခဲ့ပါက ဤ ရုတ်တရက် တိုက်ခိုက်မှု လေး နှင့်တင် သူ့ကို အကြီးအကျယ် ဒဏ်ရာ ရရှိသွားစေနိုင်ကြောင်း ဝူချွမ် ကောင်းစွာ ခံစား လိုက်ရလေသည်။

မျက်နှာ ချက်ချင်း အလွန် ဆိုးရွား သွားလေသည်။

အကယ်၍ သူသာ ကျန်းချဲ့ နှင့် အချိန်အကြာကြီး တိုက်ခိုက် ပြီးမှ အရေးနိမ့် ခဲ့မည် ဆိုပါက ရင်ထဲတွင် မကျေမနပ် ဖြစ်နေမည် ဆိုလျှင်တောင် အနည်းဆုံးတော့ မျက်နှာ ပန်းလှ မည် ဖြစ်လေသည်။ သို့သော် သူ သည် တစ်ဖက်လူ ၏ ဝိညာဉ်အာရုံ ကိုပင် တောင့်မခံ နိုင်ဘဲ တိုက်ရိုက် အရေးနိမ့် သွားခဲ့ရလေသည်။

ဤသည်မှာ သူ အလွန် အသုံးမကျ သကဲ့သို့ ဖြစ်နေလေသည်။ ကျန်းချဲ့ ကို စူးစိုက် ကြည့်ရင်း အချိန်ခဏမျှ ဘာစကား မှ မပြောနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

ထိုနည်းတူ စွာပင် အခြားသော အနက်ရောင် ရုံးတော် မှ ပါရမီရှင် သုံးယောက် နှင့် အမြင့်ဆုံး နေရာ ရှိ တမန်တော်ကြီး သုံးယောက် မှာလည်း အလွန် အံ့အားသင့် သွားကြလေသည်။

ကျန်းချဲ့ ၏ အစွမ်းထက် ပုံကို သူတို့ အားလုံး သိရှိ ထားကြလေသည်။ မျက်တောင် တစ်ခတ် အတွင်း လဲ့ထင် ကို ဖိနှိပ် သတ်ဖြတ် နိုင်ခဲ့ခြင်း က ကျန်းချဲ့ ၏ အစွမ်းထက် မှု ကို အပြည့်အဝ သက်သေပြ နေလေသည်။ ထို့ကြောင့် ပင် သူတို့ အားလုံး က ကျန်းချဲ့ အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိ ခဲ့ကြခြင်း ဖြစ်လေသည်။

သူ့ကို ခေါင်းဆောင် တစ်ယောက် အဖြစ် တင်မြှောက် ကာ ကျန်ရှိသော လေးယောက် ကို ဖိနှိပ် ထိန်းချုပ် စေလိုခြင်း ပင်ဖြစ်သည်။

ထို့ကြောင့် ပင် ဝူချွမ် တို့၏ မကျေနပ်မှု များကို တမင်သက်သက် ဆွပေး ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ မစတင်မီ ကတည်းက အရှုံးအနိုင် ကို ခွဲခြား စေလိုခြင်း ပင်ဖြစ်သည်။ သို့သော် ဂုဏ်သတင်း ကြီးမားလှသော ဝူချွမ် တစ်ယောက် လုံးဝ တောင့်မခံ နိုင်လိမ့်မည် ဟု သူတို့ လုံးဝ ထင်မှတ် မထားခဲ့ကြချေ။

ကျန်းချဲ့ ၏ ဝိညာဉ်အာရုံ ကိုပင် တောင့်မခံ နိုင်ခဲ့ချေ။ ဤသည်မှာ အနည်းငယ်တော့ ထိတ်လန့်စရာ ကောင်းလွန်း နေလေသည်။

ဝူချွမ် သည် မည်သို့ပင် ဆိုစေ နဂါးပြာ ဌာနခွဲ မှ သေချာ ရွေးချယ် ထားသော ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်ပြီး စွမ်းအား အလွန် ကြီးမား လေသည်။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကြီး ဖြစ်လာရန် မျှော်လင့်ချက် ရှိသူ တစ်ယောက် ပင်ဖြစ်သည်။ သို့သော် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိ ခံရသော ဤ ပါရမီရှင် သည် ကျန်းချဲ့ ၏ အရှေ့တွင် တော့ အလွန် သေးငယ် နေသကဲ့သို့ ဖြစ်နေလေသည်။

လုံးဝ နှိုင်းယှဉ် ၍ မရနိုင်ချေ။

သူတို့ နှစ်ယောက် ၏ လက်ရည် စမ်းသပ်မှု မှာ လူကြီး နှင့် ကလေး ဆော့ကစား နေသည် နှင့် ပိုမို တူညီ နေလေသည်။ ရွှေအမြုတေ အဆင့် ချင်း အတူတူ ပင် ကွာဟမှု က ဒီလောက်တောင် ကြီးမား သလား... သို့သော် အမှန်တရား ကတော့ ဤအတိုင်း ပင်ဖြစ်သည်။

ထိုအထဲတွင် ချန်ချင်းဖန် ၏ မျက်နှာထား မှာ အလေးနက်ဆုံး ဖြစ်နေပြီး ကျန်းချဲ့ ကို အလွန် သေချာစွာ စူးစိုက် ကြည့်နေလေသည်။

အစောပိုင်း က ဖိအား ကြီး ကို သူ လည်း ကောင်းစွာ အာရုံခံ မိလိုက်လေသည်။ သူ့အတွက် တော့ ထို ဖိအား လေး မှာ တကယ်တမ်း ဘာမှ မဟုတ်လှချေ။ သို့သော် ပြဿနာ မှာ သူ၏ အာရုံခံစားမှု အောက်တွင် ကျန်းချဲ့ ၏ ဝိညာဉ်အာရုံ ဖိအား သည် သာမန် ရှန်ရှန်းအစောပိုင်း အဆင့် မဟာသိုင်းသခင် ကြီး တစ်ယောက် ထက် လုံးဝ မနိမ့်ကျ ဘူး ဆိုသည် ကို သိရှိ လိုက်ရသောကြောင့် ပင်ဖြစ်သည်။

ဤသည် ကမှ သူ့ကို တကယ် မျက်နှာ ပြောင်းလဲ သွားစေခဲ့သော အကြောင်းရင်း ပင်ဖြစ်သည်။

ရွှေအမြုတေ အဆင့် သာ ရှိသေးသော်လည်း ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကြီး နှင့် ယှဉ်ပြိုင် နိုင်သော ဝိညာဉ်အာရုံ ကို ပိုင်ဆိုင် ထားလေသည်။ လောက တစ်ခွင်လုံး တွင် ဤသို့ လုပ်ဆောင် နိုင်သူ ဘယ်နှစ်ယောက် များ ရှိမည်နည်း။

ကျန်းချဲ့ တစ်ယောက် လောက ၏ နံပါတ်တစ် ရွှေအမြုတေ အဆင့် တွင် ပြိုင်ဘက်ကင်း ဟူသော ဂုဏ်သတင်း များကို ရရှိ ထားသည် မှာ မဆန်းလှပေ။ မူလက သူ သည် ဤအထဲတွင် အနည်းငယ် ချဲ့ကား မှု များ ပါဝင် နေပြီး သိုင်းလောက မှ အလကား နေရင်း ပြဿနာ ရှာလိုသူ များ၏ ခေါ်ဝေါ်မှု သက်သက် သာ ဖြစ်သည် ဟု ထင်မှတ် ခဲ့လေသည်။

သို့သော် ယခု ကြည့်ရသလောက် တော့ သူ က ကျန်းချဲ့ ကို အထင်သေး နေခဲ့ဆဲ ပင်ဖြစ်သည်။

အခန်း အတွင်းရှိ ကျန်ရှိသော သူများ ၏ အံ့အားသင့် ထိတ်လန့် မှု နှင့် လေးနက် နေမှု များ နှင့် နှိုင်းယှဉ် ပါက ကျန်းချဲ့ ၏ အမူအရာ ကတော့ အမြဲတမ်း တည်ငြိမ် နေဆဲ ပင်ဖြစ်သည်။

သူ တမင်သက်သက် ဟန်ဆောင် နေခြင်း မဟုတ်ဘဲ သူ၏ ရင်ထဲတွင် လည်း ရွှေအမြုတေ အဆင့် သိုင်းသခင် အနည်းငယ် ကို လုံးဝ အရေးမစိုက် သောကြောင့် ပင်ဖြစ်သည်။

ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကြီး တစ်ယောက် နှင့် ကိုယ်တိုင် လက်ရည် စမ်းသပ် ခဲ့ဖူးသူ တစ်ယောက် အနေဖြင့် ကျန်းချဲ့ ၏ အမြင်အာရုံ များ လည်း အများကြီး မြင့်မား လာခဲ့ပြီ ဖြစ်လေသည်။ သာမန် သိုင်းသခင် များ မှာ အမှန်တကယ် ပင် သူ ကိုယ်တိုင် ထွက်ပြီး တိုက်ခိုက် ရန် မတန်လှချေ။

ချန်ချင်းဖန် တို့က တမင်သက်သက် လမ်းကြောင်း လွှဲပေး နေသဖြင့် သာ သူ အနေဖြင့် ဝင်မပါ ဘဲ မနေနိုင် ခဲ့ခြင်း ပင်ဖြစ်သည်။

"ဘယ်လိုလဲ..."

ဝူချွမ် တွေဝေ နေသည် ကို မြင်သောအခါ ချန်ချင်းဖန် က ပထမဆုံး စကားစ ကာ တိတ်ဆိတ်မှု ကို ချိုးဖျက် လိုက်ပြီး ဝူချွမ် ကို စူးစိုက် ကြည့်ကာ မေးလိုက်လေသည်။

နှုတ်ခမ်းထောင့် အနည်းငယ် လှုပ်ရှား သွားပြီးနောက် ဝူချွမ် က ကျန်းချဲ့ ကို လက်ယှက် ကာ အရိုအသေ ပေးလိုက်လေသည်။

"ကျန်းချဲ့ ရဲ့ စွမ်းအား က တကယ်ကို ကြီးမား လွန်းပါတယ် ကျုပ် အနေနဲ့ တကယ်ကို ယှဉ်နိုင်စွမ်း မရှိပါဘူး ခုလေးတင် စော်ကား မိတာတွေ ရှိရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

"ဟဲဟဲ အစ်ကိုဝူ အရမ်း ယဉ်ကျေးနေပါပြီ တကယ်တော့ ကျုပ်တို့ နှစ်ယောက် ကြားမှာ နည်းနည်းလေးပဲ ကွာဟ တာပါ ကိုယ့်ကိုယ်ကိုယ် အထင်မသေး ပါနဲ့..."

တစ်ဖက်လူ အညံ့ခံ သွားသော အခြေအနေ မျိုး တွင် ကျန်းချဲ့ လည်း အလွန် ရှားပါးစွာ ဖြင့် နှိမ့်ချ သော စကား ကို ပြန်ပြော လိုက်လေသည်။

"ကျန်းချဲ့ အရမ်း နှိမ့်ချ နေပါပြီ..."

ဝူချွမ် က ခေါင်းငုံ့ ထားပြီး နောက်ထပ် မကျေနပ်မှု များကို မပြသ ရဲတော့ချေ။

ကျန်းချဲ့ ၏ စွမ်းအား အရ ဆိုလျှင် သူ သည် အမှန်တကယ် ပင် ထို အရည်အချင်း ကို ပိုင်ဆိုင် ထားလေသည်။

တမန်တော်ကြီး များ က ဤမျှလောက် အထိ အလေးထား နေသည်မှာ မဆန်းလှပေ။ အမှန်တကယ် တော့ ကျန်းချဲ့ သည် ထိုသို့ အလေးထား ခံရလောက်အောင် အရည်အချင်း ပြည့်မီ နေသောကြောင့် ပင်ဖြစ်သည်။

"အစ်ကိုဝူ က ထပ်ပြီး လက်ရည် မစမ်းချင် တော့ဘူး ဆိုတော့ ခင်ဗျားတို့ သုံးယောက် က တစ်ယောက်ချင်း စီ လာမလား ဒါမှမဟုတ် အတူတူ ဝင်လာကြမလား..."

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် ညင်သာသော အပြုံးများ ပေါ်လွင် နေပြီး ကျန်ရှိသော သုံးယောက် ကို ကြည့်ကာ မေးလိုက်လေသည်။

ဤစကား ကို ကြားသောအခါ ကျန်ရှိသော သုံးယောက် စလုံး ၏ မျက်နှာထား ထပ်မံ ပြောင်းလဲ သွားကြလေသည်။

ထိုအထဲမှ နှစ်ယောက် မှာ ကျန်းချဲ့ ၏ ဝိညာဉ်အာရုံ အစွမ်း ကို ခုလေးတင် ကိုယ်တိုင် ကိုယ်ကျ ခံစား လိုက်ရသဖြင့် မိမိတို့ ယှဉ်ပြိုင် နိုင်စွမ်း မရှိကြောင်း ကို ကောင်းစွာ သိရှိ သွားကြပြီး နောက်ဆုတ် ရန် ပြင်လိုက်ကြလေသည်။ သို့သော် နောက်ဆုံး တစ်ယောက် ၏ အကြည့်များ ကတော့ အလွန် ပြတ်သား နေလေသည်။

တည်ငြိမ်သော လေသံ ဖြင့် ပြောလိုက်လေသည်။

"တစ်ယောက်တည်း နဲ့ သုံးယောက် ကို ရင်ဆိုင်မယ် ဟုတ်လား ကျန်းချဲ့ ရဲ့ လေသံ က တကယ်ကို ကြီးမားလွန်း နေပါပြီ..."

"အချိန်တွေ အရမ်း ကြန့်ကြာ သွားမှာကို မလိုလား လို့ သက်သက်ပါ သေချာတာကတော့ ခင်ဗျားတို့ တစ်ယောက်ချင်းစီ လာရင်လည်း ရပါတယ် ဒါဆိုရင် ဘယ်သူ အရင် စမလဲ..."

ကျန်းချဲ့ က ဆက်လက် ပြောလိုက်လေသည်။

"ဒီလိုဆိုမှတော့ ကျုပ် ဖုန်းရှောင်ဝူ ကပဲ အရင် လက်ရည် စမ်းကြည့်ပါ့မယ်..."

နောက်ဆုံး တစ်ယောက် က ခေါင်းမော့ လာပြီး တစ်လုံးချင်းစီ သေချာစွာ ပြောလိုက်လေသည်။

"ဒီလူက ကျုံးကျိုး အနက်ရောင် ရုံးတော် ဌာနချုပ် က လာတာ ချီလင် တမန်တော် ရဲ့ မွေးစားသားပဲ စွမ်းအား မသေးဘူး မွေးရာပါ ဝိညာဉ်အာရုံ အားကောင်းတဲ့ သူ တစ်ယောက်မို့လို့ ပေါ့ဆ နေလို့ မရဘူးနော်..."

ချန်ချင်းဖန် ၏ အသံ လွှဲပြောင်း ပို့ဆောင်မှု က ရုတ်တရက် ကျန်းချဲ့ ၏ နားထဲသို့ ရောက်ရှိ လာလေသည်။

ကျန်းချဲ့ က မသိမသာ ခေါင်းညိတ် လိုက်ပြီးနောက် ဖုန်းရှောင်ဝူ ကို လှည့်ကြည့် လိုက်လေသည်။ သူ၏ မျက်ခုံး ကြား တွင် အနက် နှင့် အဖြူရောင် နတ်ဘုရား သင်္ကေတ များ က ဖြည်းညင်းစွာ လင်းလက် လာလေတော့သည်။

All Chapters