← Chapters

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း (၃၃၇) နှစ်ရှစ်ရာကြာ နိုင်ငံတော် ကံကြမ္မာ

စကားသံဆုံးသည်နှင့် ဖုန်းရှောင်ဝူက ဦးစွာစတင်တိုက်ခိုက်လိုက်လေသည်။ သူ၏ မျက်လုံးများမှ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာပြီး သူ၏ သူငယ်အိမ်တစ်ခုလုံးမှာလည်း အေးစက်သော ဒေါင်လိုက်သူငယ်အိမ်အဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် အလွန်ပြင်းထန်သော ဝိညာဉ်အာရုံတိုက်ခိုက်မှုကြီးတစ်ခုက ကျန်းချဲ့ကို ရုတ်တရက် လွှမ်းခြုံသွားလေတော့သည်။

ဤနေရာသည် အပြင်ဘက်လောက မဟုတ်သောကြောင့် အကြီးအကျယ် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။

ကျန်းချဲ့က ဝိညာဉ်အာရုံဖြင့် လူကို ဖိနှိပ်ခဲ့သည်ကို မြင်တွေ့ထားသဖြင့် ဖုန်းရှောင်ဝူအနေဖြင့်လည်း သူတစ်ပါး၏ နည်းလမ်းကို အသုံးပြုကာ ထိုသူအား ပြန်လည်တုံ့ပြန်လိုခြင်း ဖြစ်သည်။ ဝိညာဉ်အာရုံ တိုက်ခိုက်မှုဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်း ကျန်းချဲ့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိစေလိုခြင်း ဖြစ်လေသည်။

လောကတစ်ခွင်မှ သူရဲကောင်းများကို အထင်မသေးစေရန် သတိပေးလိုခြင်းလည်း ဖြစ်ပေသည်။

ဖုန်းရှောင်ဝူ စတင်လှုပ်ရှားလိုက်သည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ပုံသဏ္ဌာန်မဲ့သော လှိုင်းဂယက်တစ်ခုက ကျန်းချဲ့၏ ခန္ဓာကိုယ်ပတ်လည်တွင် လွှမ်းခြုံသွားလေသည်။ သူသည် ချီရွှယ်မိစ္ဆာသခင်နှင့် အချိန်အတော်ကြာ အတူတကွ ရှိနေခဲ့သဖြင့် ဝိညာဉ်အာရုံတိုက်ခိုက်မှုများကို ကာကွယ်မည့် နည်းလမ်းများစွာကို တောင်းခံသင်ယူထားခဲ့ပြီး ဖြစ်လေသည်။

ဖုန်းရှောင်ဝူ၏ အကြည့်တစ်ချက် ရောက်ရှိလာသည့် အချိန်မှာပင် တစ်ဖက်လူ၏ ကြံစည်မှုကို သူ ကောင်းစွာ သိရှိလိုက်လေသည်။

ဝိညာဉ်အာရုံ တိုက်ခိုက်မှုဆိုသည်မှာ ပုံသဏ္ဌာန်မဲ့ အရောင်အဆင်းမဲ့ ဖြစ်ပေသည်။ ပတ်ဝန်းကျင်ရှိ လူများမှာလည်း အာရုံခံသိရှိနိုင်ရုံ သက်သက်သာ ဖြစ်လေသည်။

သို့သော် စတင်တိုက်ခိုက်လိုက်ပြီးနောက် ဖုန်းရှောင်ဝူ၏ မျက်နှာထားမှာ ချက်ချင်း တည်တင်းသွားပြီး ရင်ထဲတွင် အမြင့်ဆုံးအထိ သတိဝင်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ အလွန် ဂုဏ်ယူဝင့်ကြွားရသော ဝိညာဉ်အာရုံ တိုက်ခိုက်မှုမှာ ကျန်းချဲ့၏ ကာကွယ်ရေးကို လုံးဝ ထိုးဖောက်နိုင်ခြင်း မရှိကြောင်းကို တွေ့ရှိလိုက်ရသောကြောင့် ပင်ဖြစ်သည်။

သူ အစွမ်းကုန် မထုတ်ရသေးခြင်း ဆိုသည့် အကြောင်းပြချက် ပါဝင်နေသော်လည်း ဤအချက်ကပင် ကျန်းချဲ့၏ အစွမ်းထက်မြက်မှုကို သိရှိနိုင်ရန် လုံလောက်နေပေပြီ။

ဖုန်းရှောင်ဝူ၏ တိုက်ကွက်ကို ဟန့်တားလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ တန်ပြန်တိုက်ခိုက်မှုက ချက်ချင်း ရောက်ရှိလာလေသည်။ မျက်ခုံးနှစ်ခုကြားမှ အဖြူနှင့် အနက်ရောင် နတ်ဘုရားသင်္ကေတများ လင်းလက်လာပြီး မျက်တောင်တစ်ခတ်အတွင်း အဖြူနှင့် အနက်ရောင် ရောယှက်နေသော ယင်ယန် မိစ္ဆာမီးတောက်များက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုန်းရှောင်ဝူနှင့်တကွ ကျန်ရှိနေသော ပါရမီရှင်များ အားလုံးကို ထိုမီးတောက်များက လွှမ်းခြုံသွားလေတော့သည်။

ကျန်းချဲ့၌ သူတို့နှင့် တစ်ယောက်ချင်းစီ လက်ရည်စမ်းသပ်ရန် စိတ်ရှည်သည်းခံမှု မရှိတော့ချေ။ သူတို့ကို အညံ့ခံစေချင်မှတော့ အားလုံး အတူတူ ဝင်လာကြတာပဲ အကောင်းဆုံး ဖြစ်ပေမည်။

ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးများကိုပင် ဒဏ်ရာရစေနိုင်သော ယင်ယန် မိစ္ဆာမီးတောက်၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး သာမန် ရွှမ်တန်အဆင့် သိုင်းသခင်များအနေဖြင့် လုံးဝ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဝူချွမ်နှင့် ဖုန်းရှောင်ဝူတို့သည် ရွှမ်တန်အဆင့်တွင် ထူးချွန်ပြောင်မြောက်သူများ ဖြစ်ကြသော်လည်း ရှန်ရှန်းအဆင့် စွမ်းအားပါဝင်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင်တော့ ချက်ချင်း မျက်နှာပျက်သွားကြလေသည်။

အခြားအရာများကို တွေးတောနေရန် အချိန်မရတော့ဘဲ ကိုယ်စီ ကာကွယ်ရေး ချီစွမ်းအင်အလွှာများကို အလျင်စလို ဖွင့်လှစ်လိုက်ကြလေသည်။

"ဒီလောက်ဆို တော်လောက်ပြီထင်တယ်..."

ကျန်းချဲ့က တစ်ယောက်တည်းဖြင့် လေးယောက်ကို ရင်ဆိုင်ကာ လူအားလုံးကို မီးပင်လယ်ထဲတွင် လွှမ်းခြုံထားသည်ကို မြင်သောအခါ နဂါးပြာတမန်တော် ဆန်တင်းကျိုးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလွန်ကြီးမားလှသော စွမ်းအားကြီးတစ်ခု ချက်ချင်း ကျဆင်းလာလေသည်။

စိတ်ကူးတစ်ချက်အတွင်းမှာပင် ကျန်းချဲ့ ဖန်တီးထားသော မီးပင်လယ်ကြီးကို လူစုခွဲပစ်လိုက်လေသည်။

ပတ်ဝန်းကျင်တွင် ဝူချွမ်၊ ဖုန်းရှောင်ဝူတို့ အနည်းငယ် ဖရိုဖရဲ ဖြစ်သွားသည်မှလွဲ၍ ကျန်ရှိသော မည်သည့်အရာမျှ မီးပင်လယ်၏ ရိုက်ခတ်မှုကို မခံခဲ့ရဘဲ ကြမ်းပြင်ပေါ်တွင် မီးလောင်ကျွမ်းထားသော အမည်းရောင် အကွက်အချို့သာ ကျန်ရစ်ခဲ့လေသည်။

ဆန်တင်းကျိုးကို လှည့်၍ တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းချဲ့က ပြုံးလိုက်ကာ ဘာစကားမှ ထပ်မပြောတော့ချေ။ မိမိ၏ စွမ်းရည်ကို အနည်းငယ် ထုတ်ဖော်ပြသလိုက်ခြင်းကပင် လုံလောက်နေပြီ ဖြစ်လေသည်။

ကျိုးဖူကုန်းက ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။

အခြားအရာများကို ထည့်မပြောလျှင်တောင် ကျန်းချဲ့၏ ဤမိစ္ဆာမီးတောက် နတ်စွမ်းရည် တစ်ခုတည်းကပင် အခြေအနေကို ထိန်းချုပ်နိုင်သော စွမ်းရည်တစ်ခု ဖြစ်နေလေပြီ။ သာမန် ရွှမ်တန်အဆင့် သိုင်းသခင်များအနေဖြင့် သေချာပေါက် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။

ထိတာနဲ့ ဒဏ်ရာရပြီး လောင်ကျွမ်းတာနဲ့ သေဆုံးနိုင်သည်ဟုပင် ဆိုနိုင်ပေသည်။

"ဘယ်လိုလဲ... မင်းတို့အားလုံး အညံ့ခံပြီလား..."

ဆန်တင်းကျိုးက ခံစားချက်ကင်းမဲ့စွာဖြင့် ဖုန်းရှောင်ဝူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ ဖိအားများကလည်း မသိမသာ ပျံ့နှံ့ထွက်ပေါ်နေလေသည်။

ဖုန်းရှောင်ဝူတို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြလေသည်။

ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေကြသေးသော်လည်း ကျန်းချဲ့၏ ဤစွမ်းရည်မှာ အမှန်တကယ်ပင် အစွမ်းထက်မြက်ကြောင်းကို သူတို့ ဝန်မခံဘဲ မနေနိုင်ကြချေ။ အစောပိုင်းက ရှိနေခဲ့သော ယှဉ်ပြိုင်လိုစိတ်များမှာလည်း ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ အစအဆုံး ကျန်းချဲ့က နှစ်ကြိမ်သာ လက်ပါခဲ့ခြင်း ဖြစ်သည်။ တစ်ကြိမ်မှာ ဝိညာဉ်အာရုံဖြင့် လွှမ်းခြုံကာ ဝူချွမ်ကို လုံးဝ လက်တုံ့မပြန်နိုင်အောင် ပြုလုပ်ခဲ့ပြီး နောက်တစ်ကြိမ်မှာတော့ မိစ္ဆာမီးတောက် နတ်စွမ်းရည်ဖြင့် သူတို့အားလုံးကို အလွန် ဖရိုဖရဲ ဖြစ်သွားစေခဲ့လေသည်။

အရေးအကြီးဆုံးမှာ ကျန်းချဲ့သည် သူ၏ နေရာမှ တစ်ချက်လေးပင် မလှုပ်ရှားခဲ့ခြင်း ပင်ဖြစ်သည်။ နေရာမှာ ထိုင်လျက်သားဖြင့်ပင် သူတို့ကို ဤမျှလောက် အခြေအနေထိ ရောက်အောင် ဖိအားပေးနိုင်ခဲ့လေသည်။

ဤအချိန်တွင် သူတို့အားလုံး၏ ရင်ထဲ၌ အတွေးတစ်ခု တပြိုင်နက်တည်း ဖြတ်ပြေးသွားခဲ့ကြလေသည်။

'တကယ်လို့ ငါတို့လေးယောက် အတူတကွ ပူးပေါင်း တိုက်ခိုက်မယ် ဆိုရင်တောင် ကျန်းချဲ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူးပဲ...'

ဤမျှလောက် ကြီးမားသော ကွာဟမှု ရှိနေသည့် အခြေအနေမျိုးတွင် ဆက်လက် ယှဉ်ပြိုင်နေရန် မည်သည့် လိုအပ်ချက်မျှ မရှိတော့ချေ။

"အစ်ကိုကျန်းရဲ့ စွမ်းရည်က တကယ်ကို ထူးခြားပြောင်မြောက်ပါပေတယ်... ကျုပ်ဝူချွမ် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အညံ့ခံပါတယ်..."

ဝူချွမ်က ပထမဆုံး ခေါင်းငုံ့ အညံ့ခံလိုက်ပြီး ကျန်းချဲ့ကို လက်ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။

တကယ်တော့ စောစောက အရေးနိမ့်ပြီးကတည်းက သူ အညံ့ခံသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ကျန်းချဲ့က ဤတစ်ကြိမ် တိုက်ခိုက်မှုတွင် သူ့ကိုပါ ထည့်သွင်း လွှမ်းခြုံလိုက်သဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ အညံ့ခံရုံသာ ရှိတော့လေသည်။

အနည်းငယ် မျက်နှာပန်းမလှ ဖြစ်ရသော်လည်း တစ်ဖက်လူက တကယ် အစွမ်းထက်နေမှတော့ ဘာတတ်နိုင်မည်နည်း။

ယခုအချိန်တွင် သေချာ ပြန်တွေးကြည့်သောအခါ တမန်တော်ကြီးများက ကျန်းချဲ့ကို ဤမျှလောက် မျက်နှာသာ ပေးနေသည်မှာ လုံးဝ အပြစ်ဆိုစရာ မရှိချေ။ အကယ်၍ သူတို့သာ ကျန်းချဲ့ကဲ့သို့သော စွမ်းရည်မျိုး ရှိနေမည်ဆိုပါက တမန်တော်ကြီးများ၏ အလေးထားမှုကို သေချာပေါက် ခံရမည်မှာ အသေအချာ ပင်ဖြစ်သည်။

"ကျုပ်ချန်ကလည်း အညံ့ခံပါတယ်..."

"ကျုပ်ဝမ်ကလည်း အညံ့ခံပါတယ်..."

ဖုန်းရှောင်ဝူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ မျက်နှာထားမှာ ယခင်က တစ်ခါမှ မဖြစ်ဖူးလောက်အောင် လေးနက်တည်ကြည် နေလေသည်။ သူသည် မိမိကိုယ်မိမိ လုံလောက်အောင် အစွမ်းထက်ပြီဟု ထင်မှတ်ထားခဲ့ပြီး ကျုံးကျိုး ဌာနချုပ်၏ ရွှမ်တန်အဆင့် သိုင်းသခင်များထဲတွင် အထူးချွန်ဆုံး တစ်ယောက် ဖြစ်လေသည်။

အသက် ခြောက်ဆယ်အောက်တွင် သူ၏ စွမ်းအားမှာ နံပါတ်တစ်ဟုပင် ခေါ်ဆိုနိုင်လေသည်။ သို့သော် သူ့ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော သူတစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

အသက်အရွယ်က သူ့ထက် ငယ်ရွယ်ရုံသာမက စွမ်းအားကလည်း သူ့ကို အပြတ်အသတ် ကျော်လွန်နေလေသည်။

ရင်ထဲတွင် ချက်ချင်းပင် ရှုံးနိမ့်သွားပြီ ဟူသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး သက်ပြင်းသဲ့သဲ့ တစ်ချက် ချလိုက်လေသည်။ ထို့နောက် ကျန်းချဲ့ကို လက်ယှက်ကာ အရိုအသေ ပေးလိုက်သော်လည်း ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာသာ နေလိုက်လေသည်။

"ကျုပ်တို့အားလုံးက တော်ဝင်နန်းတော်အတွက် အလုပ်လုပ်ပေးနေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါပဲ... ဒီတစ်ခေါက် လက်ရည်စမ်းကြတာကို ရင်ထဲ သိပ်ပြီး ထည့်မထားကြပါနဲ့... တကယ်လို့ ခင်ဗျားတို့က ရင်ထဲ ထည့်ထားမယ်ဆိုရင်လည်း ကျုပ်က ဂရုစိုက်နေမှာ မဟုတ်ပါဘူးလေ..."

ကျန်းချဲ့က လက်ယှက်ကာ ပြန်လည် နှုတ်ဆက်လိုက်ပြီး ပြုံးစစ အမူအရာဖြင့် လူအားလုံးကို ဝေ့ကြည့်လိုက်လေသည်။

"ဒီတစ်ကြိမ် အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲက အရမ်းကို အရေးကြီးတယ်... ခေါက်ရှန်း နတ်မင်းကြီးရဲ့ အမိန့်တော်ပဲ... ခင်ဗျားတို့အနေနဲ့ ဒီတစ်ကြိမ်မှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်မယ်ဆိုရင် နတ်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရရှိလိမ့်မယ်... ဒါပေမဲ့ လောကတစ်ခွင်က ပါရမီရှင်တွေဆိုတာ မြစ်ထဲက ငါးတွေလိုပဲ ဘယ်လောက်များလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... တော်ဝင်နန်းတော်ကလည်း ခေတ်အဆက်ဆက် သိုင်းလောကနဲ့ ရန်ဘက် ဖြစ်လာခဲ့တာဆိုတော့ ခင်ဗျားတို့ ဝင်ပြိုင်တဲ့အခါ ပစ်မှတ်ထား ခံရနိုင်ချေ အရမ်းများတယ်... ဒါကြောင့်မို့လို့ ဒီတစ်ခေါက် ပြိုင်ပွဲမှာ ကျန်းချဲ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်တယ်... မင်းတို့ သိုင်းပညာပြိုင်ပွဲ လျှို့ဝှက်နယ်မြေထဲ ဝင်သွားရင် ကျန်းချဲ့ရဲ့ အမိန့်ကို သေချာပေါက် နာခံရမယ်..."

ကျိုးဖူကုန်းက ရည်ရွယ်ချက် အောင်မြင်သွားပြီ ဖြစ်ကြောင်းကို မြင်သောအခါ သူတို့၏ အကြံအစည်များကို ထုတ်ပြောလိုက်ပြီး ကျန်းချဲ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်လေသည်။

အကယ်၍ ယခင်ကသာ ဆိုပါက သူတို့ သေချာပေါက် အညံ့ခံမည် မဟုတ်ဘဲ လမ်းခုလတ်တွင်ပင် အချင်းချင်း ခြေထိုးခံမှုများ ပြုလုပ်ကြမည်မှာ အသေအချာ ပင်ဖြစ်သည်။ သို့သော် ယခုအခါ ကျန်းချဲ့၏ အစစ်အမှန် စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရပြီးနောက် သူတို့၏ ရင်ထဲတွင် မည်သည့် ဆန့်ကျင်လိုစိတ်မျှ မရှိတော့ချေ။

ကိုယ်စီ ခေါင်းညိတ်ကာ သဘောတူ လက်ခံလိုက်ကြလေသည်။

ချန်ချင်းဖန်တို့က အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီး ဤကိစ္စနှင့် ပတ်သက်၍ အလွန် ကျေနပ်နေကြလေသည်။

တော်ဝင်နန်းတော်မှ စေလွှတ်မည့်သူများမှာ အနက်ရောင် ရုံးတော် တစ်ခုတည်း မဟုတ်ဘဲ အခြားသော မျိုးဆက်သစ် ပါရမီရှင်များလည်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း သူတို့မှာ အနက်ရောင် ရုံးတော်၏ လက်အောက်မှ ဖြစ်သဖြင့် အချင်းချင်း သေချာပေါက် ညီညွတ်ကြရမည် ဖြစ်လေသည်။

သိုင်းပညာပြိုင်ပွဲတွင် အသာစီးရရန်အတွက် အစစ်အမှန် ခေါင်းဆောင် တစ်ယောက်ကို မဖြစ်မနေ ရွေးချယ်ရမည် ဖြစ်လေသည်။ ထိုခေါင်းဆောင်မှာလည်း အခြားသူများကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အညံ့ခံသွားစေနိုင်စွမ်း ရှိရမည် ဖြစ်လေသည်။

"ဒါက အနက်ရောင် ရုံးတော်ကနေ စုဆောင်းရရှိထားတဲ့ သိုင်းလောကက ပါရမီရှင် တချို့ရဲ့ သတင်းအချက်အလက်တွေပဲ... မင်းတို့ သေချာ ကြည့်ထားကြပါ... ကြိုတင် ပြင်ဆင်ထားမှ အဲ့ဒီအချိန်ကျရင် အထိတ်တလန့် မဖြစ်ဘဲ အစွမ်းထက်တဲ့ ရန်သူတွေကို အမှားမှားအယွင်းယွင်း သွားမစော်ကားမိမှာ..."

ဆန်တင်းကျိုးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အင်္ကျီလက်စ အတွင်းမှ စာအုပ် ငါးအုပ်က လေထဲတွင် ပျံဝဲသွားပြီး ကျန်းချဲ့တို့၏ လက်ထဲသို့ အသီးသီး ကျရောက်သွားလေသည်။

ကျန်းချဲ့က ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်ရာ ထိုစာမျက်နှာပေါ်တွင် ထင်ရှားစွာ ရေးသားထားသည်မှာ...

တာ့လေ့ယင် ဘုန်းကြီးကျောင်းမှ ဆန်းကျန့် ဘုန်းကြီး...

လွန်ခဲ့သော နှစ်တစ်ရာက ကျင်းချန် ဗောဓိသတ် ဝင်စားသူဟု သံသယရှိရ... ဆန်းကျန့် ကျမ်းစာ အစစ်အမှန်ကို ကျင့်ကြံထားပြီး ကျင်းချန် ဓမ္မခန္ဓာကို ပိုင်ဆိုင်ထား... နဝမအဆင့် သံတောင်ဝှေးကို ကိုင်ဆောင်ကာ ခရမ်းရောင် ရွှေသပိတ်ကို ခေါင်းပေါ်တွင် တင်ထား... ကာကွယ်ရေး သင်္ကန်းကို ဝတ်ဆင်ထားပြီး ချီစွမ်းအင်နှင့် ရုပ်ခန္ဓာကို ပေါင်းစပ် ကျင့်ကြံထားကာ ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထား...

ဒုတိယ စာမျက်နှာ...

ရွှမ်ထျန်း ဝူကျီ နန်းတော်မှ လီရွှမ်ကျန်း... မွေးရာပါ တာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ယွီချင်း ရတနာကျမ်းကို ကျင့်ကြံထား...

တတိယ စာမျက်နှာ...

ထျန်းကျန့် တောင်မှ ချန်ဖျင်...

စာအုပ်မှာ စုစုပေါင်း စာမျက်နှာ ငါးဆယ်ကျော် ရှိပြီး အလယ်ပိုင်းဒေသ ပြည်နယ် ဆယ့်နှစ်ခု၊ နတ်ဘုရားဂိုဏ်းကြီး ငါးဂိုဏ်း၊ အင်အားကြီး မိသားစု ခြောက်ခု၊ ဂိုဏ်းခုနစ်ဂိုဏ်းနှင့် အဖွဲ့ရှစ်ဖွဲ့ အပါအဝင် ဂိုဏ်းမဲ့ ပါရမီရှင် အသီးသီး၏ သတင်းအချက်အလက်များကို ရေးသား မှတ်တမ်းတင် ထားလေသည်။

အသေးစိတ် အချက်အလက်များ အားလုံး အပြည့်အစုံ ပါဝင်သည်ဟု မဆိုနိုင်သော်လည်း အပေါ်တွင် ရေးသားထားသော အချက်အလက်များမှာ အလွန် များပြားလှပြီး သူတို့ အသုံးပြုသော နတ်လက်နက်များ၊ ကျင့်ကြံထားသော ကျင့်စဉ်များ သို့မဟုတ် နာမည်ကျော်ကြားသော တိုက်ကွက်များ အားလုံး ပါဝင်လေသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် လူတိုင်းမှာ သာမန် မဟုတ်ကြောင်း သိရှိနိုင်လေသည်။

ထိုအထဲတွင် ကျန်းချဲ့၏ ခဲအိုဖြစ်သူ ချီရှောက်ယန် လည်း ပါဝင်လေသည်။

သို့သော် အနက်ရောင် ရုံးတော်မှ ပြုစုထားသော ဤစာအုပ်များထဲတွင် ချီရှောက်ယန်မှာ စာမျက်နှာ နှစ်ဆယ်ကျော် နေရာတွင်သာ ပါဝင်ပြီး သူ၏ စွမ်းအား အဆင့်သတ်မှတ်ချက်မှာ အလယ်အလတ် အထက်ပိုင်းတွင်သာ ရှိလေသည်။

နောက်ဆုံး စာမျက်နှာကို ပိတ်လိုက်ပြီးနောက် ကျန်းချဲ့သည် ပါဝင် ယှဉ်ပြိုင်ကြမည့် ဤပါရမီရှင်များနှင့် ပတ်သက်၍ အကြမ်းဖျင်း သဘောတရား တစ်ခုကို နားလည် သဘောပေါက် သွားခဲ့ပြီ ဖြစ်လေသည်။ သို့သော် ကိုယ်တိုင်ကိုယ်ကျ ယှဉ်ပြိုင် တိုက်ခိုက်ရခြင်း မရှိသေးမီ အချိန်အထိ တစ်ဖက်လူ၏ အစစ်အမှန် စွမ်းအားမှာ မည်သို့ ရှိမည်ကို မည်သူကမျှ အတိအကျ မသိနိုင်ချေ။

"ဒီလူတွေထဲမှာ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် အများစုက ဘာမှ မဟုတ်ပါဘူး... တကယ် ဂရုစိုက်ရမှာက ပထမဆုံး စာမျက်နှာ ဆယ်ရွက်ထဲမှာ ပါတဲ့သူတွေပဲ... အထူးသဖြင့် ဆန်းကျန့် ဘုန်းကြီးနဲ့ လီရွှမ်ကျန်း တို့လို လူမျိုးတွေပေါ့... သူတို့ထဲက ဘယ်သူမဆို ယခင်က ကျင်းပခဲ့တဲ့ သိုင်းပညာပြိုင်ပွဲတွေမှာဆိုရင် သူရဲကောင်း အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိကြတယ်... ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘာအကြောင်းကြောင့် လောကတစ်ခွင်လုံးက ပါရမီရှင်တွေ တစ်နေရာတည်းမှာ စုဝေးရောက်ရှိ လာကြတာလဲ မသိဘူး... ဒီတစ်ကြိမ် ပြိုင်ပွဲက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ အကြိတ်အနယ် အရှိဆုံး တိုက်ပွဲကြီးတစ်ခု ဖြစ်လာမှာ အသေအချာပဲ..."

ချန်ချင်းဖန်က သူ၏ အမြင်များကို ရှင်းပြနေလေသည်။

ကျိုးဖူကုန်းတို့ကလည်း အဆက်မပြတ် သက်ပြင်းချ နေကြလေသည်။ အနက်ရောင် ရုံးတော်၏ ဌာန အသီးသီးမှ ခေါင်းဆောင်များ အနေဖြင့် သူတို့၏ လက်ထဲတွင် များပြားလှသော သတင်းအချက်အလက်များ ရှိနေကြသဖြင့် ယခုတစ်ကြိမ် သိုင်းပညာပြိုင်ပွဲကို ဤမျှလောက်အထိ အလေးထားနေကြခြင်း ပင်ဖြစ်သည်။

"ဒီလိုဖြစ်နေမှပဲ ဒီကို လာရကျိုးနပ်တော့မှာပေါ့..."

ကျန်းချဲ့က ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ယုံကြည်ချက်များ ပြည့်နှက်နေလေသည်။

ဤသည်မှာ ယွဲ့ပြည်နယ်မှ ထွက်ခွာလာပြီး လောကတစ်ခွင်ရှိ သူရဲကောင်း အသီးသီးနှင့် ရင်ဆိုင်ရမည့် ပထမဆုံး အကြိမ်ဖြစ်ရာ သူ၏ ရင်ထဲတွင်လည်း တိုက်ခိုက်လိုစိတ်များ ပြင်းပြနေလေသည်။ ဤမျှလောက် များပြားလှသော အစွမ်းထက်သူများ စုဝေးနေမှသာ သူ၏ နံပါတ်တစ် ဆိုသော ဂုဏ်ပုဒ်၏ အစစ်အမှန် တန်ဖိုးကို အပြည့်အဝ ပြသနိုင်မည် မဟုတ်ပါလား။

ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့၏ ယုံကြည်ချက်မှာ လုံးဝ အားနည်းခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းရည်များမှာလည်း အလွန် ထူးခြား ပြောင်မြောက်နေသောကြောင့် ပင်ဖြစ်သည်။ မိမိ၏ စွမ်းရည်ကို သက်သေပြရန် လူတစ်ယောက်ကို ရှာဖွေရမည့် အချိန်ပင် ဖြစ်လေသည်။

သူသည် အထူးစွမ်းအားများကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သော်လည်း ထိပ်ဆုံးတွင် ရှိနေသော ထိုသူများမှာလည်း သာမန် လူများ မဟုတ်ကြချေ။ အချို့မှာ အစွမ်းထက်သူများ ဝင်စားခြင်း ဖြစ်ပြီး အချို့မှာလည်း မွေးရာပါ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြကာ အမျိုးမျိုးသော နောက်ခံ သမိုင်းကြောင်းများ ကိုယ်စီ ရှိနေကြလေသည်။

သို့သော် ထိုသို့ ဖြစ်နေမှသာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမည် မဟုတ်ပါလား။ အနည်းဆုံးတော့ ကျန်းချဲ့အနေဖြင့် ထိုသို့ပင် တွေးတော ထားလေသည်။

ကျန်းချဲ့၏ ယုံကြည်ချက်များနှင့် နှိုင်းယှဉ်ပါက ဖုန်းရှောင်ဝူတို့၏ မျက်နှာထားများမှာ အလွန် လေးနက် တည်ကြည်နေလေသည်။ မွေးရာပါ သူတော်စင် ခန္ဓာကိုယ်၊ ဗောဓိသတ် ဝင်စားခြင်း ဟူသော စကားလုံးများက သူတို့ကို အလွန် ကြီးမားလှသော ဖိအားများကို ပေးစွမ်းနေကြောင်း ထင်ရှား လှပေသည်။

သူတို့အားလုံးက ကျန်းချဲ့ကိုပင် မကြာခဏ ခိုးကြည့် နေမိကြလေသည်။ ကျန်းချဲ့ကဲ့သို့သော သူမျိုးမှသာ ဤ အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် ရင်ဆိုင် ယှဉ်ပြိုင်နိုင်မည်ဟု ခံစား နေကြရလေသည်။

ရှန့်ဟိုင်မြို့... ဟိုင်ကျောက် ချောက်ကမ်းပါး...

ဤနေရာသည် ရှန့်ဟိုင်မြို့ အတွင်းတွင် တည်ရှိသော်လည်း ပင်လယ်ပြင်ကို မျက်နှာမူထားသော နေရာတစ်ခု ဖြစ်ပြီး ရှန့်ဟိုင်မြို့ တစ်ခုလုံး၏ အဓိက ဗဟိုချက်နေရာ လည်း ဖြစ်လေသည်။ နေ့စဉ်နှင့်အမျှ တိမ်တိုက်များဖြင့် လွှမ်းခြုံ ဖုံးကွယ်ထားပြီး အလွန် လျှို့ဝှက်ဆန်းကြယ်ကာ ထူးခြားသော အငွေ့အသက်များ ရှိနေလေသည်။

ချောက်ကမ်းပါး ထက်တွင် ပိန်ပါးသော လူရိပ်တစ်ခုသည် ငါးမျှားတံကို ကိုင်ဆောင်ကာ ထိုင်နေလေသည်။ ဖြူဖွေးသော ဆံပင်၊ ဖြူဖွေးသော ဝတ်ရုံနှင့်အတူ ခါးကိုင်းနေသော ခန္ဓာကိုယ်ကြောင့် အဝေးမှ လှမ်းကြည့်လျှင် သာမန် တောရွာမှ အဘိုးအို တစ်ဦးနှင့် အလွန် တူညီနေလေသည်။

သို့သော် ထိုအဘိုးအို၏ အနောက်တွင်တော့ မတ်မတ်ရပ်နေသော လူရိပ်တစ်ခု ရှိနေလေသည်။ အညိုရောင် ချည်ထည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ လေးထောင့်စတုရန်း ပုံစံရှိသော မျက်နှာပေါ်တွင် ဒေါသ မပါဘဲ ကြောက်ရွံ့ ရိုသေရသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေလေသည်။

ထိုနေရာတွင် မတ်တပ် ရပ်နေခြင်းကပင် မတ်စောက်သော တောင်ကမ်းပါးကြီး တစ်ခုအလား ဖြစ်နေပြီး ခါးကိုင်းနေသော အဘိုးအိုနှင့် လုံးဝ ဆန့်ကျင်ဘက် အသွင်အပြင်ကို ဖြစ်ပေါ်စေလေသည်။

အကယ်၍ ဤနေရာတွင် အခြား သူတစ်ယောက်သာ ရှိနေမည်ဆိုပါက သေချာပေါက် အကြီးအကျယ် အံ့အားသင့်သွားမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ချည်ထည် ဝတ်ရုံရှင်မှာ အခြားသူ မဟုတ်ဘဲ ရှန့်ဟိုင်မြို့၏ မြို့တော်ဝန် ရှန်ယွမ် ပင်ဖြစ်သောကြောင့် ဖြစ်လေသည်။

"ဆရာ... ဒီနေ့ရော ထူးခြားတာ တစ်ခုခု ရလား..."

အပြင်ဘက်လောကတွင် အလွန် ကြီးမားလှသော အရှိန်အဝါနှင့် ဩဇာအာဏာ ရှိသော ရှန်ယွမ်သည် ယခုအချိန်တွင်တော့ အလွန် ရိုသေ ကျိုးနွံသော အမူအရာကို ပြသနေပြီး အဘိုးအိုကို ကြည့်နေသော အကြည့်များမှာလည်း ကြောက်ရွံ့ ရိုသေမှုများ ပြည့်နှက်နေလေသည်။

အဖြူရောင် ဝတ်ရုံရှင် အဘိုးအိုက ငါးမျှားတံကို ဆွဲတင်လိုက်သည်နှင့် တစ်ပြိုင်နက်... ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေသော ရွှေရောင် အကြေးခွံပါ ငါးတစ်ကောင်သည် လေဟာနယ်ထက်တွင် အဆက်မပြတ် လူးလွန့် ရုန်းကန်နေလေသည်။ ထို့အပြင် လူစကားကိုပင် ပြောဆိုနိုင်ပြီး အလွန် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"သေချင်နေတဲ့ လူသား မျိုးနွယ်တွေ... မင်းတို့ ငါက ဘယ်သူလဲဆိုတာ သိလား... သေလမ်း ရှာနေကြတာလား..."

ရွှေရောင် အကြေးခွံပါ ငါးကြီး၏ ဆဲဆိုသံ ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက်... ရုတ်တရက် တစ်ခုခုကို အာရုံခံ မိလိုက်သကဲ့သို့ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး ခါးကိုင်းနေသော အဘိုးအို၏ ငါးထည့်သော ခြင်းတောင်းလေး ထဲသို့ အလွန် လိမ္မာစွာဖြင့် ဝင်ရောက်သွားလေတော့သည်။

တစ်ကျန်းခန့် ကြီးမားသော ရွှေရောင် အကြေးခွံပါ ငါးကြီးသည် တစ်ပေခန့်သာ ရှိသော ခြင်းတောင်းလေး ထဲသို့ ရောက်ရှိသွားချိန်တွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ထိုခြင်းတောင်းလေး အတွင်းတွင် သီးခြား ကမ္ဘာတစ်ခု ရှိနေသည့်အလား ဖြစ်နေလေသည်။

"ဒီ မိစ္ဆာမျိုးနွယ်တွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ဉာဏ်ကောင်းလာကြတယ်... ကောင်းတဲ့ ပစ္စည်းလေးတွေ မျှားဖို့တောင် တော်တော်လေး ခက်ခဲလာပြီပဲ..."

အဘိုးအိုက ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီး ယနေ့၏ ရလဒ်ကို သိပ်ပြီး မကျေနပ်သည့် ပုံစံမျိုး ရှိနေလေသည်။

ရှန်ယွမ်က ဆက်လက်၍ မြှောက်ပင့် ပြောဆိုခြင်း မပြုရဲတော့ဘဲ သူ၏ အကြည့်များက ငါးထည့်သည့် ခြင်းတောင်းလေး ဆီသို့ မျက်တောင် တစ်ခတ်စာမျှ ရောက်ရှိသွားခဲ့လေသည်။ ထိုခြင်းတောင်းလေး ထဲတွင် မိစ္ဆာမျိုးနွယ်၏ အလောင်း ဘယ်လောက်များများ ရှိနေမည်ကို သူ တစ်ယောက်တည်းသာ သိရှိလေသည်။

"ဒီကို လာတာ ဘာကိစ္စ ရှိလို့လဲ..."

အဖြူရောင် ဝတ်ရုံရှင် အဘိုးအိုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။

"ဆရာ... အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲ စတင်တော့မယ်... တပည့်တော် သီးသန့် လာပြီး သတင်းပို့တာပါ..."

အဘိုးအိုက အနည်းငယ် ကြက်သေသေသွားပြီး "ဪ... နောက်ထပ် နှစ်နှစ်ဆယ်တောင် ကုန်သွားပြန်ပြီလား..." ဟု ပြောလိုက်လေသည်။

"ဟုတ်ပါတယ်..."

"ဂျီချန်တောက်ရော ဒီတစ်ခေါက် ရောက်လာသလား..."

"ခေါက်ရှန်း နတ်မင်းကြီး မရောက်လာပါဘူး... သိုင်းအဆင့် သတ်မှတ်ချက် စာရင်း ကိစ္စကို ပြင်ဆင်နေလောက်တယ်... ဒီစာရင်းက လောကတစ်ခွင်လုံးရဲ့ အခြေအနေတွေနဲ့ သက်ဆိုင်နေတော့ သူကိုယ်တိုင်လည်း သေချာ ဂရုစိုက်နေရမှာပါ..."

"ဒီကောင်လေးက တကယ်ကို ဇွဲသတ္တိ ကောင်းတာပဲ... နိုင်ငံတော်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် ထိခိုက်အောင် လုပ်ပြီး လောကကြီးထဲကို ကံကြမ္မာ အရင်းအမြစ်တွေ ပျံ့နှံ့သွားအောင် လုပ်ရဲတယ်... အခု ကြည့်ရသလောက်တော့ တာ့ကျိုးရဲ့ ကံကြမ္မာလည်း ကုန်ခါနီး နေပြီပဲ..."

အဖြူရောင် ဝတ်ရုံရှင် အဘိုးအိုက အရှေ့ဘက်တွင် လှိုင်းထန်နေသော တိမ်ပင်လယ်ကြီးကို ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဒီလူက တကယ်ကို ကြီးမားတဲ့ ဇွဲသတ္တိမျိုး ရှိတာပါပဲ..."

ရှန်ယွမ် ပင်လျှင် ခေါက်ရှန်း နတ်မင်းကြီးကို အလွန် လေးစား အထင်ကြီး မိလေသည်။ အနည်းဆုံးတော့ သူသာ ဆိုလျှင် နိုင်ငံတော်၏ ကံကြမ္မာကို ကိုယ်တိုင် ထိခိုက်အောင် လုပ်မည့် ကိစ္စမျိုးကို လုံးဝ လုပ်ဆောင်ရဲမည် မဟုတ်ချေ။

"ဟုတ်တာပေါ့..."

"ဆရာ... ဒီတစ်ကြိမ်မှာရော ဂျီမိသားစုကို ထပ်ပြီး ကူညီဦးမှာလား..."

ရှန်ယွမ်က ရုတ်တရက် မေးလိုက်လေသည်။

"ဒီအိုကြီးက ဂျီမိသားစုအတွက် နိုင်ငံတော်ရဲ့ ကံကြမ္မာကို နှစ်ရှစ်ရာကြာ ဖွင့်ပေးခဲ့ပြီးပြီ... ဂျီမိသားစုနဲ့ ရှိခဲ့တဲ့ သံယောဇဉ်တွေလည်း ကုန်ဆုံးသွားခဲ့ပြီလေ... အခု ဂျီချန်တောက် ကိုယ်တိုင်က နှစ်နှစ်ရာစာ ကံကြမ္မာကို ဖျက်ဆီးလိုနေမှတော့ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်အရပဲလေ... ဒီအိုကြီး အတင်းအကျပ် ဝင်ပါနေမှာ မဟုတ်ဘူး..."

"တပည့်တော် နားလည်ပါပြီ..."

ရှန်ယွမ်က ခေါင်းညိတ်လိုက်လေသည်။

"ဒါနဲ့... ဒီတစ်ကြိမ် သိုင်းပညာပြိုင်ပွဲမှာ ထူးချွန်တဲ့ ပါရမီရှင်တွေရော ဘယ်သူတွေ ပါလဲ..."

"တာ့လေ့ယင် ဘုန်းကြီးကျောင်းက ဆန်းကျန့် ဘုန်းကြီးနဲ့ ချင်းထျန်းဂိုဏ်းက ချူဟယ် တို့က ထိပ်ဆုံးကို ရောက်ဖို့ မျှော်လင့်ချက် အများဆုံးပဲ... ဝူကျီ နန်းတော်က လီရွှမ်ကျန်းနဲ့ ထျန်းကျန့်တောင် ကလည်း အတွင်းတပည့်တွေ အသီးသီး စေလွှတ်ထားပါတယ်..."

"လေ့ယင် ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေက တကယ် ဉာဏ်ကောင်းတာပဲ... ကောင်းကင်ရဲ့ လျှို့ဝှက်ချက် တချို့ကိုတောင် ကြိုသိထားကြတယ်..."

"တပည့်တော်လည်း အဲ့ဒီလိုပဲ ထင်မိပါတယ်... အဲ့ဒီ ဆန်းကျန့် ဘုန်းကြီးရဲ့ ယခင်ဘဝက သက်တမ်း မကုန်ဆုံးသေးတာ သေချာပေမဲ့ တမင်သက်သက် စွန့်စားပြီး ဝင်စားခဲ့တယ်ဆိုတာက တကယ့်ကို ရှုပ်ထွေး ပရမ်းပတာ ဖြစ်နေတဲ့အချိန်မှာ အခွင့်ကောင်း ယူဖို့ ဖြစ်ရမယ်..."

"ဟဲဟဲဟဲ..."

"ချင်းထျန်းဂိုဏ်း ဘက်ကိုရော ဒီတစ်ခေါက် တားဆီးရမလား..."

"မလိုပါဘူး... ဖြစ်လာမယ့်အတိုင်း သဘာဝအတိုင်းပဲ ထားလိုက်ပါ... ဂျီချန်တောက်တောင် ဘာမှ ဝင်မစွက်ဖက်ဘူး မဟုတ်လား... ပိုလုပ်လေလေ လမ်းကြောင်းလွဲသွားလေလေပဲ ဖြစ်မှာ... ငြိမ်ငြိမ်လေး စောင့်ကြည့်နေလိုက်တာ အကောင်းဆုံးပဲ..."

"ဟုတ်ကဲ့ပါ..."

"ဒီလူတွေကလွဲရင် တခြား ထူးချွန်တဲ့သူတွေ မရှိတော့ဘူးလား... ပျံ့နှံ့ထွက်သွားတဲ့ နိုင်ငံတော်ရဲ့ ကံကြမ္မာ အရင်းအမြစ်တွေက နတ်ဘုရားဂိုဏ်းကြီးတွေနဲ့ အင်အားကြီး မိသားစုတွေကိုပဲ အသာစီး ရစေမှာတော့ မဟုတ်ပါဘူး..."

အဘိုးအိုက ရှန်ယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ အပြင်ပန်းတွင် တည်ငြိမ် အေးချမ်းနေပုံ ရသော်လည်း ရှန်ယွမ်ကို အလွန် ကြီးမားလှသော ဖိအားကြီး တစ်ခုကို ခံစားလိုက်ရစေပြီး အလျင်စလို ပြန်ပြောလိုက်လေသည်။

"ရှိပါတယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သိုင်းလောကမှာ လူအနည်းငယ် ထူးချွန်စွာ ထွက်ပေါ်လာခဲ့ပါတယ်... တစ်ယောက်က မြောက်ပိုင်း ချီမိသားစုရဲ့ သမက်ဖြစ်တဲ့ ကျန်းချဲ့ပါ... နှစ်အနည်းငယ်လောက် ကျင့်ကြံရုံနဲ့ ရွှမ်တန်အဆင့်မှာ ပြိုင်ဘက်ကင်းဆိုတဲ့ နာမည်ကို ရထားတယ်... အစွမ်းထက်သူ တစ်ယောက် ဝင်စားတာ ဖြစ်လောက်တယ်... အခု တော်ဝင်နန်းတော်အတွက် အလုပ်လုပ်ပေးနေတယ်... နောက်တစ်ယောက်ကတော့ လုကျဲယွင်လို့ ခေါ်တယ်... သာမန် မိသားစုကနေ ဆင်းသက်လာတာ ဖြစ်ပေမဲ့ ထူးခြားတဲ့ ကံကြမ္မာတွေ အဆက်မပြတ် ရရှိနေသူပါ..."

ရှန်ယွမ်၏ ရှင်းပြချက်များကို နားထောင်ရင်း အဖြူရောင် ဝတ်ရုံရှင် အဘိုးအိုက ညင်သာစွာ ပြုံးလိုက်လေသည်။

"ဒါမှ တကယ့် သိုင်းလောကပေါ့... သူရဲကောင်းတွေ တစ်နေရာတည်းမှာ စုဝေးရောက်ရှိ နေကြတာ... မဆိုးဘူး မဆိုးဘူး..."

"ဒါဆိုရင် ဆရာရော ဒီတစ်ခေါက် ပြိုင်ပွဲကို သွားကြည့်ဦးမလား..."

ရှန်ယွမ်က အလျင်စလို ဆက်လက် မေးလိုက်လေသည်။

အဖြူရောင် ဝတ်ရုံရှင် အဘိုးအိုက လက်ယမ်းကာ မသွားလိုကြောင်း ပြသလိုက်ပြီးနောက် ကျောက်တုံးကြီး၏ ဘေးတွင် သက်သောင့်သက်သာဖြင့် မှီချလိုက်လေသည်။

"လောကအိမ်မက်ကြီးကနေ ဘယ်သူအရင် နိုးထလာမလဲ... ကိုယ့်ဘဝကိုတော့ ကိုယ်တိုင် အသိဆုံးပါပဲ…”

All Chapters