အခန်း ၃၃၈
Vol. 34 Ch. 338
အခန်း (၃၃၈) ထိပ်ဆုံးဆယ်နေရာ၏ ဖြားယောင်းသွေးဆောင်မှု
ထျန်းချီနန်းဆောင်အတွင်း။
ချီရှောက်ယန်သည် ကျန်းချဲ့၏ လက်ထဲမှ စာရင်းစာအုပ်ကို ကိုင်ထားရင်း မျက်နှာအနည်းငယ် ပျက်ယွင်းနေလေသည်။ ဤတစ်ကြိမ် သိုင်းပညာပြိုင်ပွဲတွင် သူ၏စွမ်းအားဖြင့် ထိပ်ဆုံးနေရာများသို့ မရောက်နိုင်မှန်း သူသိထားသော်လည်း ဤမျှလောက်အထိ အဆင့်နိမ့်ကျနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
တိုက်ရိုက်ပင် အဆင့်နှစ်ဆယ်ကျော် နေရာသို့ ရောက်ရှိနေခြင်း ပင်ဖြစ်သည်။
ဤမျှသာဆိုလျှင် ပြဿနာမရှိလှသော်လည်း အရေးအကြီးဆုံးမှာ ကျန်ရှိသော အင်အားကြီး မိသားစုငါးခုမှ သခင်လေးများ အားလုံး၏ အဆင့်သတ်မှတ်ချက်က သူ့ထက် မြင့်မားနေခြင်းက သူ့ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ခြင်း ဖြစ်လေသည်။
မြောက်ပိုင်း ချီမိသားစု၏ သခင်လေး တစ်ယောက်အနေဖြင့် သူက နောက်ဆုံးအောက်ဆုံးတွင် ရပ်တည်နေရသည် မဟုတ်ပါလား။
"အစ်ကိုကြီးလည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်သေးမနေပါနဲ့ကွာ အခုဆို အစ်ကိုကြီးက အသက်သုံးဆယ်ကျော်ပဲ ရှိသေးတာလေ ကျန်တဲ့ မိသားစုတွေက ကောင်တွေက အသက်လေးဆယ်ကျော်နေကြပြီပဲ အစ်ကိုကြီးကိုသာ အချိန်နှစ်အနည်းငယ်လောက် ထပ်ပေးလိုက်ရင် သူတို့ကို ကျော်ဖြတ်ဖို့ဆိုတာ အရမ်းလွယ်ကူသွားမှာပါ..."
ကျန်းချဲ့က မျက်နှာပေါ်တွင် အပြုံးလေးဖြင့် ယောက်ဖဖြစ်သူကို နှစ်သိမ့်ပေးလိုက်လေသည်။
သို့သော် ထိုစကားများကြောင့် ချီရှောက်ယန်က သူ့ကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီး အားကိုးရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
"မင်းကောင်လေး သိုင်းပညာပြိုင်ပွဲ စတဲ့အချိန်ကျရင် အစ်ကိုကြီးကို ကူညီပေးရမယ်နော် ငါ့ရဲ့ အဆင့်သတ်မှတ်ချက်ကို အရမ်းကြီး အရုပ်ဆိုး အကျည်းတန် မသွားစေနဲ့..."
ယနေ့အချိန်အထိ ချီရှောက်ယန် အနေဖြင့် ကျန်းချဲ့သည် သူ၏ အကြီးမားဆုံးသော အကူအညီ ဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်လေသည်။ ယခုအချိန်တွင်ဖြစ်စေ နောင်တစ်ချိန် ချီမိသားစုကို ဦးဆောင်ရမည့် အချိန်တွင်ဖြစ်စေ ဤအချက်ကို သူ၏ဖခင်ဖြစ်သူက အစောကြီးကတည်းက သတိပေး ဆုံးမထားခဲ့ပြီး ဖြစ်လေသည်။
"စိတ်ချပါ အစ်ကိုကြီးရ ဘာပဲပြောပြော အစ်ကိုကြီးက ကျုပ်ရဲ့ အချစ်ဆုံးဆွေမျိုး ညီအစ်ကိုအရင်းလို ဖြစ်နေပြီပဲဟာ..."
ကျန်းချဲ့က ဟားဟားဟား ဟု ရယ်မောလိုက်လေသည်။ မျက်မှောက်ရှိ မြင်ကွင်းက အနည်းငယ် ရယ်စရာကောင်းနေသည်ဟု သူ ခံစားလိုက်ရသည်။ လွန်ခဲ့သော နှစ်ဝက်ခန့်က ချီရှောက်ယန် သည် အထက်စီးမှ နေ၍ သူ့ကို ဆက်ဆံခဲ့ပြီး ချီဝမ်ကျင်း ကြောင့်သာ သူ့ကို အဖက်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ အခြေအနေများ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
"မင်း ဒီစကားကို နားလည်ရင် ရပါပြီ ဒါနဲ့ ဒီတစ်ခေါက် ငါက အဲ့ဒီ မိသားစုတွေက သခင်လေးတွေနဲ့ သိုင်းပညာ ဖလှယ်ဖို့ သွားခဲ့တဲ့အချိန်မှာ သူတို့က မင်းကို တော်တော်လေး စိတ်ဝင်စားနေကြတာ မင်းက ဖိတ်ကြားချက်ကို ငြင်းလိုက်တော့ သူတို့လည်း တော်တော်လေး မကျေမနပ် ဖြစ်နေကြတယ် နောက်ပိုင်း လူချင်းတွေ့တဲ့အခါ ကိစ္စသေးသေးလေးတွေနဲ့ ပြဿနာ မဖြစ်စေနဲ့ဦးနော်..."
"ကျုပ်က ဘယ်လိုလူလဲဆိုတာ အစ်ကိုကြီး မသိလို့လား တခြားလူက ကျုပ်ကို လာမစော်ကားသရွေ့ ကျုပ်ကလည်း ဘယ်သူ့ကိုမှ သွားမစော်ကားပါဘူး..."
ဤသည်မှာ ကျန်းချဲ့၏ သဘောထား ပင်ဖြစ်သည်။ ယခုလက်ရှိ သူသည် အင်အားကြီး မိသားစုမှ သခင်လေးများ သို့မဟုတ် ဂိုဏ်းကြီးများမှ အတွင်းတပည့်များကို လုံးဝ ဂရုစိုက်နေရန် မလိုအပ်တော့ချေ။ တော်ဝင်နန်းတော် အတွင်းရှိ ထိပ်တန်း ပါရမီရှင် တစ်ယောက်အနေဖြင့် ကျန်းချဲ့၏ အဆင့်အတန်းမှာ တွေးထင်ထားသည်ထက် အများကြီး ပိုမို ကြီးမားနေလေသည်။ ဤအချက်ကို တမန်တော်ကြီးများက သူ့အပေါ် လေးစားသမှု ပြသခဲ့ခြင်းက အပြည့်အဝ သက်သေပြနေလေသည်။
"မင်းကတော့လေ..."
ချီရှောက်ယန်က ခေါင်းယမ်းလိုက်လေသည်။ ကျန်းချဲ့၏ စကားထဲမှ အဓိပ္ပာယ်ကို သူ ကောင်းစွာ ရိပ်မိလိုက်သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ အများကြီး ပြောဆိုခြင်း မပြုတော့ချေ။
"ဒါနဲ့ မင်းကို ပြောစရာ ကိစ္စတစ်ခု ရှိသေးတယ်..."
ချီရှောက်ယန်က ကျန်းချဲ့ကို ကြည့်ကာ ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စအချို့ကို ရုတ်တရက် သတိရသွားလေသည်။
"ဘာများလဲ..."
"မနက်ဖြန် ရှန့်ဟိုင် နန်းဆောင်မှာ လူငယ်တွေ စုဝေးပွဲလေး တစ်ခု ရှိတယ် အဲ့ဒါက အရင်ကတည်းက ရှန့်ဟိုင်မြို့ရဲ့ ထုံးစံတစ်ခုပဲ ရှန့်ဟိုင်မြို့က ဦးဆောင်ပြီး ကျင်းပပေးတာ သိုင်းပညာပြိုင်ပွဲကို ဝင်ပြိုင်မယ့် မျိုးဆက်သစ် ပါရမီရှင် အများစု သွားကြလိမ့်မယ် ပထမအချက်က သိုင်းပညာ ဖလှယ်ဖို့ ဒုတိယအချက်က တစ်ယောက်နဲ့ တစ်ယောက် စွမ်းအား အတိမ်အနက်ကို စမ်းသပ်ဖို့ပေါ့ မင်းရော သွားမလို့လား..."
"အားလုံး သွားကြမှာလား..."
"အများစုကတော့ သွားကြမှာပါ ဘာပဲဖြစ်ဖြစ် ဒီနေရာက ရှန့်ဟိုင်မြို့ ဆိုတော့ သူတို့ကို မျက်နှာ နည်းနည်းတော့ ပေးရမယ်လေ ဒါနဲ့ ဝမ်ကျင်းလည်း အဲ့ဒီကို သွားမလို့တဲ့ မင်း သူ့ကို အဖော်လိုက်ပေးရမယ် မဟုတ်လား..."
အဆက်မပြတ် ရင်းနှီးလာမှုများနှင့်အတူ ချီရှောက်ယန် အနေဖြင့် မိမိ၏ ယောက်ဖဖြစ်သူ၏ အကျင့်စရိုက်ကို အတော်လေး နားလည်လာခဲ့ပြီ ဖြစ်လေသည်။ မိမိ၏ အကျိုးစီးပွားနှင့် မပတ်သက်သော ကိစ္စရပ်များကို ဆိုလျှင် သူ လုံးဝ ဝင်ပါလေ့ မရှိချေ။ ဤကဲ့သို့ ပါရမီရှင်များ၏ စုဝေးပွဲမျိုးကို ဆိုလျှင် သူ ပို၍ပင် စိတ်ဝင်စားမည် မဟုတ်ချေ။
"မင်း သွားမလို့လား..."
ကျန်းချဲ့က ချီရှောက်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသံတိတ်နေသော မိမိ၏ စေ့စပ်ထားသူလေးဆီသို့ အကြည့်ကို ရွှေ့လိုက်လေသည်။ သူမ၏ စရိုက်က ချီနင်ပင်းနှင့် မတူဘဲ အများကြီး ပိုမို တည်ငြိမ် အေးချမ်း လှပေသည်။
"ရှန့်ဟိုင်မြို့ကို လာတာက ပြိုင်ပွဲဝင်မယ့် မျိုးဆက်သစ် ပါရမီရှင်တွေတင် မကဘူး အင်အားကြီး မိသားစုတွေက သခင်မလေးတွေလည်း အများကြီး ပါလာကြတယ် အဲ့ဒီအထဲမှာ ကျွန်မရဲ့ သူငယ်ချင်း တချို့လည်း ပါတယ်ဆိုတော့ ဒီအခွင့်အရေးမှာ သူတို့နဲ့ သွားတွေ့ချင်လို့ပါ..."
ချီဝမ်ကျင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားလေသည်။ ချီရှောက်ယန်နှင့် အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ဤစုဝေးပွဲ၏ အဓိက ရည်ရွယ်ချက်ကို သူ ချက်ချင်း သဘောပေါက်သွားလေသည်။ ဤသည်မှာ အချင်းချင်း သိုင်းပညာ ဖလှယ်ရန် သို့မဟုတ် မိတ်ဆွေဖွဲ့ရန် သက်သက်သာ လုံးဝ မဟုတ်ချေ။ မင်္ဂလာကိစ္စအတွက် အဆက်အသွယ် ပြုလုပ်မည့် အစီအစဉ်များစွာလည်း ပါဝင်နေမည်မှာ အသေအချာ ပင်ဖြစ်သည်။
မိသားစု တစ်ခုနှင့် တစ်ခု အကြား... မိသားစုများနှင့် ဂိုဏ်းမဲ့ သိုင်းပညာရှင်များ အကြား...
ပြောရမည်ဆိုလျှင် မိမိ၏ ကြီးမားလှသော အလားအလာများကို ပြသနိုင်သည်နှင့် တစ်ပြိုင်နက် ထိုမိသားစုကြီးများ၏ မျက်စိကျခြင်းကို ခံရမည် ဖြစ်လေသည်။ သိုင်းပညာပြိုင်ပွဲ မစတင်မီ အချိန်အတွင်းမှာပင် ထိုသိုင်းပါရမီရှင်များကို အလျင်စလို ဆွဲဆောင်စည်းရုံး ကြမည် ဖြစ်လေသည်။
"ဒီလိုဆိုမှတော့ မင်းနဲ့ အတူတူ လိုက်ခဲ့ပေးရတာပေါ့..."
ကျန်းချဲ့က သက်ပြင်းချကာ အားကိုးရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
အမှန်တကယ်တော့ သူကိုယ်တိုင်သည် သိုင်းပညာ ဖလှယ်ခြင်း သို့မဟုတ် မိတ်ဆွေဖွဲ့ခြင်း စသည့် ကိစ္စရပ်များကို သိပ်ပြီး စိတ်မဝင်စားလှချေ။ အထူးသဖြင့် သိုင်းပညာပြိုင်ပွဲ စတင်တော့မည့် အချိန်မျိုးတွင် ဖြစ်လေသည်။ မိတ်ဆွေ ဖွဲ့ခဲ့လျှင်တောင် ပြိုင်ပွဲအတွင်း ရင်ဆိုင်ရချိန်တွင် လက်ပါရမည် သာ မဟုတ်ပါလား။ သို့သော် ချီရှောက်ယန် နှင့် ချီဝမ်ကျင်း တို့က ပြောလာသဖြင့် သူ အနေဖြင့် လည်း ဆက်လက် ငြင်းဆန်ရန် မသင့်တော်တော့ချေ။
ရှန့်ဟိုင် နန်းဆောင်သို့ သွားရောက်ရမည် ဖြစ်သော်လည်း ကျန်းချဲ့သည် သတိကြီးစွာ ထားနေဆဲ ပင်ဖြစ်သည်။ လူအချို့ တမင်သက်သက် လာရောက် ရန်စပြီး အရှက်ခွဲခံရမည့် အခြေအနေမျိုးကို ကြိုတင် ကာကွယ်ထားခြင်း ပင်ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် ကျန်းချဲ့၏ တွေးတောမှုများ လုံးဝ မှားယွင်းသွားခဲ့လေသည်။
ရှန့်ဟိုင် နန်းဆောင်သို့ သွားရောက်ရန် အရည်အချင်း ပြည့်မီသူများမှာ အင်အားကြီး မိသားစုများမှ သခင်လေးများ၊ ဂိုဏ်းကြီးများမှ အတွင်းတပည့်များ သို့မဟုတ် သိုင်းလောက၏ သွေးချောင်းစီး တိုက်ပွဲများမှ ထွက်ပေါ်လာသော ဂိုဏ်းမဲ့ သိုင်းပညာရှင်များသာ ဖြစ်ကြရာ လူတိုင်း၏ စိတ်ရင့်ကျက်မှုမှာ အလွန် မြင့်မားလှပေသည်။ အချင်းချင်း ရန်ငြိုးများ ရှိနေလျှင်တောင် နေရာမရွေး အချိန်မရွေး ပေါက်ကွဲထွက်လာမည် မဟုတ်ချေ။ မာနထောင်လွှားပြီး သူတစ်ပါးကို အရှက်ခွဲလိုသော အဖြစ်အပျက်မျိုးမှာ အလွန် ရှားပါးလှပေသည်။ အထက်တန်းလွှာ ပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာနှင့် အမူအကျင့်များကို အလွန် အလေးထားကြလေသည်။
နောက်တစ်နေ့ ရှန့်ဟိုင် နန်းဆောင်...
အနည်းငယ် အနားယူပြီးနောက် သုံးယောက်သား သည် သူတို့၏ ခရီးစဉ် ဖြစ်သော ရှန့်ဟိုင် နန်းဆောင်သို့ ထွက်ခွာလာခဲ့ကြလေသည်။ သူတို့ အနေဖြင့် မည်သည့် ဖိတ်စာကိုမျှ ပြသရန် မလိုအပ်ချေ။ သူတို့၏ အချက်အလက်များမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ဘဲ အားလုံးက သိရှိနေကြပြီ ဖြစ်လေသည်။ တိုက်ရိုက် ဝင်ရောက်ခွင့် ပြုလိုက်ကြလေသည်။ ဤသည်မှာ အထူး အခွင့်အရေး တစ်ခုဟုပင် ဆိုနိုင်လေသည်။
မကြာမီမှာပင် သူတို့ သုံးယောက် သည် ရှန့်ဟိုင် နန်းဆောင်၏ အပေါ်ဆုံးထပ် သို့ ရောက်ရှိသွားခဲ့လေသည်။ ယခုအချိန်တွင် ထိုနေရာ၌ လူပေါင်း ရာချီ စုဝေးနေကြပြီး အချို့က ရယ်ရယ်မောမော စကားပြောဆို နေကြကာ အချို့ကတော့ လောကတစ်ခွင်မှ ပါရမီရှင်များ အကြောင်းကို ဆွေးနွေး နေကြလေသည်။ ထိုနေရာတွင် ကျန်းချဲ့သည် အလွန် ရင်းနှီးနေသော လူရိပ်တစ်ခုကိုပင် မြင်တွေ့လိုက်ရသေးလေသည်။
ဝေ့မိသားစု၏ ယခင် သခင်လေးဟောင်း... ဝေ့ကျွင်းကျဲ ပင်ဖြစ်သည်။
ကျန်းချဲ့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အပေါ်ဆုံးထပ်ရှိ လေထုမှာ ချက်ချင်း ရပ်တန့်သွားပြီး အလွန် လေးလံ ဖိစီးသွားလေသည်။ လူတိုင်း၏ အကြည့်များကလည်း ကျန်းချဲ့၏ အပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားကြလေသည်။ စပ်စုချင်စိတ်များ... ကြောက်ရွံ့ ရိုသေမှုများ... တည်ငြိမ်မှုများ ပါဝင်သလို... အချို့၏ မျက်နှာပေါ်တွင် အထင်သေး လှောင်ပြောင်မှုများ လည်း ပေါ်လွင်နေလေသည်။ အမူအရာ အမျိုးမျိုး အစုံအလင် ရှိနေကြလေသည်။
သို့သော် သေချာသော အချက်တစ်ချက်မှာ ကျန်းချဲ့သည် ယနေ့ ရှန့်ဟိုင် နန်းဆောင်၏ အဓိက ပစ်မှတ်များထဲမှ တစ်ယောက် ဖြစ်လာမည်မှာ အသေအချာ ပင်ဖြစ်သည်။ သိုင်းလောကသား များက လောက၏ နံပါတ်တစ် ပါရမီရှင် အဖြစ် သတ်မှတ်ထားခြင်း ခံရသူ တစ်ယောက် အနေဖြင့် ကျန်းချဲ့သည် လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားနိုင်လေသည်။ လူအများအပြား ကလည်း သူ့ကို အကြီးမားဆုံးသော ရန်သူ တစ်ယောက် အဖြစ် သတ်မှတ်ထားကြလေသည်။
ချီရှောက်ယန်က ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်လေသည်။ 'မင်းကောင်လေးက တကယ် အာရုံစိုက် ခံရတာပဲ ဒီကို ရောက်တာနဲ့ ဒီလောက် လူတွေ အများကြီးရဲ့ အာရုံစိုက်မှုကို ရနေပြီ' ဟု ပြောဆိုနေသည့် အလား ပင်ဖြစ်သည်။
"အစ်ကိုချီ ဒီလူက သိုင်းသူရဲကောင်းလေး ကျန်းချဲ့ ဆိုတာလား..."
လေထု တိတ်ဆိတ်နေစဉ် ရုတ်တရက် အသံတစ်သံက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်လေသည်။ ချည်ထည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေး ချောမောသော မျက်နှာ ရှိသည့် မျိုးဆက်သစ် ပါရမီရှင် တစ်ယောက်က အပြုံးများဖြင့် ရှေ့သို့ တိုးလာကာ ချီရှောက်ယန်နှင့် စကားပြောဆို လိုက်လေသည်။
"မှန်ပါတယ်..."
ချီရှောက်ယန်က ခေါင်းညိတ်လိုက်ပြီး ကျန်းချဲ့ဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်လေသည်။
"သူက ဟွမ်ဖူ မိသားစုရဲ့ သခင်လေး ဟွမ်ဖူပုလင်း လေ..."
"နာမည် ကြားဖူးနေတာ ကြာပါပြီ..."
ကျန်းချဲ့၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားလေသည်။
အနက်ရောင် ရုံးတော်၏ သိုင်းစာအုပ် ထဲတွင် ဟွမ်ဖူပုလင်း ၏ နာမည်က နံပါတ်ကိုး နေရာတွင် ရှိနေရာ သူသည် လုံးဝ နာမည်မရှိသော သာမန်လူ တစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှပေသည်။
"ကျုပ်ကမှ တကယ် နာမည် ကြားဖူးနေတာပါ အစ်ကိုကျန်း က အချိန်တိုလေး အတွင်းမှာ နာမည်ကြီး လာတာ ဖြစ်ပေမဲ့ အစ်ကိုကျန်း ရဲ့ နာမည် ကြီးမားပုံက မိုးကြိုးသံ လိုပဲ တော်တော်လေး ဟိန်းဟောက် နေတာ မနေ့ကတောင် အစ်ကိုကျန်း ဆီကို လူလွှတ်ပြီး ဖိတ်ခိုင်းလိုက်သေးတယ်..."
"အရင်က အရေးကြီးတဲ့ ကိစ္စလေးတွေ ရှိနေလို့ လာခွင့်မရခဲ့ဘူး..."
"ရပါတယ် ဘာမှမဖြစ်ပါဘူး ဒီနေ့ တွေ့ရတာလည်း အတူတူပါပဲ လာ အစ်ကိုကျန်း ကျုပ်က တခြား သိုင်းမိတ်ဆွေ တချို့နဲ့ မိတ်ဆက်ပေးမယ်..."
ဟွမ်ဖူပုလင်း က အလွန် ယဉ်ကျေးစွာဖြင့် ကျန်းချဲ့နှင့် ချီရှောက်ယန်တို့ကို ဖိတ်ခေါ်ကာ မိသားစုကြီးများမှ သခင်လေးများ ရှိနေသော အစုအဖွဲ့လေးဆီသို့ ခေါ်ဆောင်သွားပြီး စကားစမြည် ပြောဆိုကြလေသည်။
ယဲ့မိသားစု သခင်လေး၊ ယွမ်မိသားစု သခင်လေး စသည်ဖြင့် လူတိုင်းက အပြင်ပန်းတွင် ကျန်းချဲ့ကို အလွန် ယဉ်ကျေးစွာ ဆက်ဆံကြလေသည်။
ချီဝမ်ကျင်း ကတော့ ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အင်အားကြီး မိသားစုများမှ သခင်မလေးများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး သူမနှင့် ကျန်းချဲ့တို့၏ မင်္ဂလာကိစ္စ အကြောင်းကို အလွန် စပ်စုချင်စိတ်များဖြင့် မေးမြန်းနေကြလေသည်။ မိသားစုမှ လူကြီးများက သူမကို ဥပမာပေးပြီး အဆက်မပြတ် ပြောဆိုနေကြသဖြင့် လတ်တလော အချိန်များတွင် သူတို့ အလွန် ဒုက္ခရောက်နေရကြောင်း ညည်းညူနေကြလေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ချီဝမ်ကျင်း မှာလည်း အလွန် အားကိုးရာမဲ့ ဖြစ်နေရလေသည်။ အဘယ်ကြောင့်ဆိုသော် အစပိုင်းက မင်္ဂလာကိစ္စမှာ သူမ ကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ မိသားစု၏ အစီအစဉ်ကို နာခံခဲ့ရခြင်း သက်သက်သာ ဖြစ်သောကြောင့် ပင်ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ လုကျဲယွင် သည်လည်း ကျန်းချဲ့ကို အာရုံစိုက် ကြည့်နေလေသည်။ အချိန်ခဏမျှ အကဲခတ် ကြည့်ရှုပြီးနောက် သူ၏ မျက်လုံးများ အနည်းငယ် တွေဝေသွားလေသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့သော သူမျိုး လုံးဝ မရှိခဲ့ကြောင်းကို သူ အပြည့်အဝ အတည်ပြု နိုင်လေသည်။ တစ်ဖက်လူ၏ ရုတ်တရက် နာမည်ကျော်ကြားလာမှုက သူ့ကို အနည်းငယ် သံသယ ဝင်စေခဲ့လေသည်။
"အစ်ကိုဝေ့ ခဏနေရင် ကျုပ်ကို မိတ်ဆက်ပေးလို့ ရမလား..."
အချိန်ခဏမျှ စဉ်းစားပြီးနောက် လုကျဲယွင် သည် ကျန်းချဲ့နှင့် အနီးကပ် ဆက်သွယ်ကာ ဤလူ၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို စမ်းသပ် ကြည့်လိုဆဲ ပင်ဖြစ်သည်။ ကျန်းချဲ့ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရချိန်တွင် ဘာကြောင့်မှန်း မသိဘဲ သူ၏ ရင်ထဲတွင် ကြိုတင် ခံစားမှု တစ်ခု ဖြစ်ပေါ်နေခဲ့လေသည်။ ကျန်းချဲ့ သည် လုံးဝ ထူးခြား ကွဲပြား နေလေသည်။ သူ၏ နောင်တစ်ချိန် အနာဂတ် နှင့်ပင် တိုက်ရိုက် သက်ဆိုင်နေမည်ဟု ခံစားနေရလေသည်။
ဝေ့ကျွင်းကျဲ မှာ အနည်းငယ် အနေရခက် သွားလေသည်။ ခုလေးတင် ကျန်းချဲ့ ဝင်လာချိန်က သူ့ကို တစ်ချက် ကြည့်သွားခဲ့ပြီး သူကလည်း ကျန်းချဲ့ကို နှုတ်ဆက်ခဲ့သော်လည်း ကျန်းချဲ့က သူ့ကို သိပ်ပြီး စိတ်ဝင်စားပုံ မရချေ။ အကယ်၍ ခဏနေ မိတ်ဆက်ပေးချိန်တွင် ကျန်းချဲ့က သူ့ကို မျက်နှာ မပေးခဲ့ပါက သူ အကြီးအကျယ် မျက်နှာပျက် ရမည်မှာ အသေအချာ ပင်ဖြစ်သည်။
"ခဏလောက် စောင့်ပါဦး အစ်ကိုကျန်း စကားပြောလို့ ပြီးသွားတဲ့အချိန်ကျမှ ကျုပ်တို့ သွားကြတာပေါ့..."
ဝေ့ကျွင်းကျဲ က တိုးညှင်းစွာ ပြောလိုက်လေသည်။
ဝေ့ကျွင်းကျဲ ကို သံသယ မျက်လုံးများဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် လုကျဲယွင် က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အတင်းအကျပ် မတိုက်တွန်း တော့ချေ။ သို့သော် သူ၏ အကြည့်များကတော့ အလိုအလျောက် ပင် ကျန်းချဲ့၏ လူရိပ် အနောက်သို့ လိုက်ပါနေပြီး မျက်နှာပေါ်တွင် စဉ်းစားခန်း ဝင်နေသော အမူအရာများ ပေါ်လွင်နေလေသည်။
"အစ်ကိုကျန်း အနေနဲ့ သိုင်းပညာပြိုင်ပွဲ ကို ဘယ်လို ထင်မြင်ပါသလဲ..."
အချိန်ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ဟွမ်ဖူပုလင်း က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ အခြားသော မိသားစုကြီးများမှ သခင်လေးများ ကလည်း အချိန်ကိုက် ပင် စကား ဆက်မပြောကြတော့ဘဲ ဦးဆောင်မှုကို ဟွမ်ဖူပုလင်း ထံသို့ လွှဲပြောင်း ပေးလိုက်ကြလေသည်။
ချီရှောက်ယန် နှင့် အချင်းချင်း တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းချဲ့၏ မျက်လုံးများ လှုပ်ရှားသွားကာ ခေါင်းယမ်းလိုက်လေသည်။
"သိုင်းမိတ်ဆွေ ဟွမ်ဖူပုလင်း က ဘာကို ဆိုလိုချင်တာလဲ ဆိုတာ မသိဘူးဗျ..."
"ကျုပ်လည်း စကားကို လှည့်ပတ် မပြောနေတော့ပါဘူး တကယ်တော့ အရင်တုန်းက အစ်ကိုကျန်း ကို ဖိတ်ခေါ်ခဲ့တာက ကိစ္စ တစ်ခုတည်း အတွက်ပါပဲ အဲ့ဒါက မဟာမိတ် ဖွဲ့ဖို့ပါ..."
"မဟာမိတ် ဖွဲ့မယ်..."
ဟွမ်ဖူပုလင်း က လေးနက်စွာဖြင့် ခေါင်းညိတ် လိုက်လေသည်။
"မှန်ပါတယ် မဟာမိတ် ဖွဲ့မယ် သိုင်းပညာပြိုင်ပွဲ အကြောင်းကို အစ်ကိုကျန်း လည်း လေ့လာထားပြီးသား ဖြစ်မှာပါ အစပိုင်းက ကောင်းကင်လှေကားထစ် ကို တက်ရတာကလွဲရင် လျှို့ဝှက်နယ်မြေ ထဲကို ဝင်သွားပြီးတဲ့နောက် ထိပ်ဆုံး ဆယ်နေရာ ကို လုယူရတာပဲလေ..."
"ဒါပေမဲ့ နေရာတွေက အကန့်အသတ် ရှိနေတယ် ယခင်က ကျင်းပခဲ့တဲ့ သိုင်းပညာပြိုင်ပွဲ သမိုင်း တစ်လျှောက်လုံးမှာ ဒီတစ်ကြိမ်လောက် ခမ်းနားကြီးကျယ်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး တာ့လေ့ယင် ဘုန်းကြီးကျောင်းက ဆန်းကျန့် ဘုန်းကြီး ဝူကျီ နန်းတော်က လီရွှမ်ကျန်း ထျန်းကျန့်တောင်က ချန်ဖျင် ပိုင်လု စာသင်ကျောင်းတော်က ကျန်းဖျင် နဲ့ တခြား များပြားလှတဲ့ ပါရမီရှင် တွေ အားလုံးရဲ့ စွမ်းအားက အလွန် ကြောက်စရာ ကောင်းတယ်..."
"ပြီးတော့ သူတို့ အားလုံးမှာလည်း အကူအညီ ပေးမယ့်သူတွေ ရှိနေကြတယ် ဗုဒ္ဓဘာသာဂိုဏ်း က တစ်ဖွဲ့ တာအိုဂိုဏ်း က တစ်ဖွဲ့ ကျုပ် သိရသလောက်တော့ သူတို့ကို ကူညီမယ့်သူတွေ အသီးသီး ရှိနေကြတယ်..."
"အဲ့ဒီလိုသာ ဆိုရင် ကျုပ်တို့ အင်အားကြီး မိသားစု က သခင်လေးတွေ အနေနဲ့ အင်အား နည်းနည်းတော့ နိမ့်ကျသွားပြီ ဒါကြောင့် ကျုပ် တွေးမိတာက ကျုပ်တို့ အားလုံး ပူးပေါင်းပြီး ထိပ်ဆုံး ဆယ်နေရာ ကို လုယူကြဖို့ပါပဲ..."
ဤစကားကို ကြားပြီးနောက် ကျန်းချဲ့ သည် ဟွမ်ဖူပုလင်း တို့၏ ရည်ရွယ်ချက်ကို ကောင်းစွာ သဘောပေါက် သွားခဲ့လေသည်။
သူတို့က အင်အား ငှားရမ်း လိုကြခြင်း ပင်ဖြစ်သည်။
သူ၏ အင်အားကို အသုံးပြု၍ ထိပ်ဆုံး ဆယ်နေရာ ကို လုယူလိုကြခြင်း ဖြစ်လေသည်။
သို့သော် ပြဿနာမှာ ဤသည်က ကျန်းချဲ့ အတွက် မည်သည့် အကျိုးအမြတ်မျှ မရှိခြင်း ပင်ဖြစ်သည်။
သူ၏ စွမ်းအားဖြင့် လောကတစ်ခွင်မှ သူရဲကောင်းများကို ဖိနှိပ်မည် ဟု ဆိုခြင်းက အနည်းငယ် ချဲ့ကားရာ ရောက်ကောင်း ရောက်နိုင်သော်လည်း နေရာတစ်ခုကို အလွယ်တကူ လုယူရန် အတွက်ကတော့ လုံးဝ ပြဿနာ မရှိချေ။ ထို့အပြင် အနက်ရောင် ရုံးတော်မှ ထိုကောင်များ၏ အကူအညီ လည်း ရှိနေသေးသည် မဟုတ်ပါလား။
သို့သော် ဟွမ်ဖူပုလင်း တို့မှာကော...
ဟွမ်ဖူပုလင်း သည် ဟွမ်ဖူ မိသားစု၏ သခင်လေး ဖြစ်သော်လည်း သူ၏ စွမ်းအားက အလွန်ဆုံး ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်ရုံ သာ ရှိလေသည်။ အခြားသော ယဲ့မိသားစု သခင်လေး နှင့် ယွမ်မိသားစု သခင်လေး ဆိုသူများ မှာလည်း သူ၏ ယောက်ဖ ဖြစ်သူထက် အနည်းငယ် သာလွန်ရုံ မျှသာ ရှိလေသည်။
ကျန်းချဲ့ အနေဖြင့် ဘယ်လိုလုပ်ပြီး မိမိကိုယ်ကို စွန့်လွှတ်ကာ သူတို့ကို သွားရောက် ကူညီနိုင်မည်နည်း။ သူ ယခုတစ်ကြိမ် လာရောက်ခြင်းမှာ ပထမ နေရာ အတွက် ပင်ဖြစ်သည်။
အလားတူပင် သံသယ မျက်လုံးများ ပေါ်လွင်နေသူမှာ ချီရှောက်ယန် လည်း ပါဝင်လေသည်။ သူက ယဲ့မိသားစု သခင်လေး တို့ကို တစ်ချက် စူးစိုက် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အနည်းငယ် မကျေနပ်မှုများ ပေါ်လွင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ဤမတိုင်မီက သူ လုံးဝ မသိရှိခဲ့သောကြောင့် ပင်ဖြစ်သည်။
ဟွမ်ဖူပုလင်း တို့က သူ့ကို အဖက် မလုပ်ကြောင်း ထင်ရှားလှပေသည်။
ယဲ့မိသားစု သခင်လေး က ကျန်းချဲ့ စဉ်းစားခန်း ဝင်နေသည်ကို မြင်သောအခါ အလျင်စလို စကားပြော လိုက်လေသည်။
"အစ်ကိုကျန်း သာ ဒီတစ်ကြိမ်မှာ ကျုပ်တို့ကို ကူညီပေးမယ် ဆိုရင် ကိစ္စ ပြီးသွားတဲ့အခါ ကြီးမားတဲ့ ဆုလာဘ် တွေကို သေချာပေါက် ပေးပါ့မယ် ကောင်းကင်နဲ့ မြေကြီး က ရတနာတွေပဲ ဖြစ်ဖြစ် မှော်ဆေးလုံး တွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင်..."
ဤနေရာ သို့ ရောက်သောအခါ သူက အဝေး တစ်နေရာ တွင် စုဝေး နေကြသော အင်အားကြီး မိသားစု များမှ သခင်မလေး များ ရှိရာသို့ တစ်ချက် လှမ်းကြည့် လိုက်လေသည်။ ကျန်းချဲ့ ကို အရိပ်အမြွက် ပြလိုက်ခြင်း ပင်ဖြစ်သည်။
ကျန်းချဲ့ သာ ကူညီ မည် ဆိုပါက ဤကိစ္စ ကြောင့် ချီမိသားစု က မကျေမနပ် ဖြစ်မည် ဆိုလျှင်တောင် သူတို့ အနေဖြင့် ကျန်းချဲ့ နှင့် မင်္ဂလာကိစ္စ စီစဉ် ပေးနိုင်လေသည်။ အင်အားကြီး မိသားစု ခြောက်ခု ထဲတွင် မြောက်ပိုင်း ချီမိသားစု သည် အမြဲတမ်း အလယ်အလတ် အောက်ပိုင်း တွင်သာ ရှိခဲ့လေသည်။ ဟွမ်ဖူ မိသားစု နှင့် ယဲ့မိသားစု တို့၏ အင်အား ကို လုံးဝ မမီချေ။ သူတို့က ပိုမို ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ပင်ဖြစ်သည်။
"ဟုတ်ပါတယ် အစ်ကိုကျန်း အနေနဲ့ ကျုပ်တို့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ် ကျုပ်တို့ လိုချင်တာက အများကြီး မဟုတ်ပါဘူး ကျုပ်တို့ သုံးယောက် အနေနဲ့ ထိပ်ဆုံး ဆယ်နေရာ ထဲက တစ်နေရာ ကို ရရင်ပဲ လုံလောက်ပါပြီ အဲ့ဒီအချိန်ကျရင် အစ်ကိုကျန်း အနေနဲ့ ထိပ်ဆုံး ငါးနေရာ ဒါမှမဟုတ် သုံးနေရာ အထိ ရအောင် ကျုပ်တို့က အစွမ်းကုန် ကူညီပေးပါ့မယ်..."
ယွမ်မိသားစု သခင်လေး ယွမ်ချူ ကလည်း ဝင်ရောက် ထောက်ခံ လိုက်လေသည်။
"ဒါကတော့ ခင်ဗျားတို့ကို စိတ်ပျက်အောင် လုပ်ရတော့မယ် ထင်တယ် ကျုပ်က တော်ဝင်နန်းတော် ရဲ့ အရာရှိ တစ်ယောက် ဖြစ်ပြီး ခေါက်ရှန်း နတ်မင်းကြီး ရဲ့ အမိန့်ကိုလည်း ရယူထားတယ်လေ တခြား တာဝန်တွေလည်း ရှိသေးတယ် ဒါ့အပြင် အဲ့ဒီအချိန်ကျရင် ကျုပ်က အစ်ကိုကြီး ကိုလည်း အစွမ်းကုန် ကူညီပေးရဦးမှာ ဆိုတော့ ခင်ဗျားတို့ကို ကူညီပေးနိုင်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ် ထင်တယ်..."
ကျန်းချဲ့ က တိုက်ရိုက်ပင် ငြင်းဆန် လိုက်လေသည်။
ဘယ်လို အဆင့်အတန်း မျိုးကများ သူ့ကို အကူအညီ တောင်းရဲတာလဲ...
နေရာ သုံးနေရာ တဲ့ တကယ်ကို ပေါ့ပေါ့ပါးပါး ပြောထွက်လိုက်တာပဲ...
သူ့ကို ဂိုဏ်းမဲ့ သိုင်းပညာရှင် တစ်ယောက်လို သဘောထားပြီး စိတ်ကြိုက် ချယ်လှယ် လို့ ရမယ် ထင်နေတာပဲ...
"အစ်ကိုကျန်း အနေနဲ့ ကြိုက်တဲ့ တောင်းဆိုချက် တစ်ခုကို တောင်းဆိုလို့ ရပါတယ် အစ်ကိုကျန်း သာ ကူညီပေးဖို့ သဘောတူမယ် ဆိုရင် ကျုပ်က အစ်ကိုကျန်း ရဲ့ တောင်းဆိုချက်ကို သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်..."
ဟွမ်ဖူပုလင်း က လေးနက်စွာဖြင့် ပြောလိုက်လေသည်။
အရှေ့ပင်လယ် သို့ မလာရောက်မီ အချိန်က မိသားစု ခေါင်းဆောင် က သူ့ကို ကိုယ်တိုင် သေချာ မှာကြားခဲ့လေသည်။ မည်သည့် နည်းလမ်းကို အသုံးပြုရသည် ဖြစ်စေ ထိပ်ဆုံး ဆယ်နေရာ ထဲမှ တစ်နေရာကို ရအောင် ယူရမည်ဟု ဆိုခဲ့လေသည်။ ယခုတစ်ကြိမ် သိုင်းပညာပြိုင်ပွဲ မှာ ယခင် အကြိမ်များနှင့် မတူညီဘဲ သိုင်းပညာရှင်များ အတွက် အလွန် ကြီးမားသော အကူအညီများ ရှိနေလေသည်။
မိသားစု ခေါင်းဆောင် က မည်သည့် အကျိုးအမြတ်များ ရရှိမည်ကို တိတိကျကျ မပြောခဲ့သော်လည်း ဟွမ်ဖူပုလင်း သည် မိသားစု ခေါင်းဆောင် ၏ လေသံမှ တစ်ဆင့် ဤကိစ္စကို မည်မျှအထိ အလေးထားကြောင်း ကောင်းစွာ ခံစားမိခဲ့လေသည်။ ထို့ကြောင့် ထိပ်ဆုံး ဆယ်နေရာ ကို သူ သေချာပေါက် ရယူလိုခြင်း ပင်ဖြစ်သည်။
ပုံမှန် အားဖြင့် သူ၏ စွမ်းအား အရ ဆိုလျှင် ထိပ်ဆုံး ဆယ်နေရာ ကို လုယူရန် ဆိုသည်မှာ လုံးဝ ပြဿနာ မရှိချေ။
သို့သော် ပြဿနာမှာ သူ စုဆောင်း ရရှိထားသော သတင်း အချက်အလက် များ အရ ဤတစ်ကြိမ် ပြိုင်ပွဲက အနည်းငယ် ထူးဆန်းနေခြင်း ပင်ဖြစ်သည်။ အခြားသော ပြိုင်ဘက် များ၏ စွမ်းအားက အလွန် ကြောက်စရာ ကောင်းလွန်း နေလေသည်။ ဗောဓိသတ် ဝင်စားခြင်း... မွေးရာပါ သူတော်စင် ခန္ဓာကိုယ်... စသည်တို့က သာမန် လူများ လုံးဝ ယှဉ်ပြိုင် နိုင်သော အရာများ မဟုတ်ချေ။ ထို့ကြောင့် သူ သည် မဟာမိတ် ဖွဲ့ရန် တွေးတော ခဲ့ခြင်း ပင်ဖြစ်သည်။
ယဲ့မိသားစု သခင်လေး နှင့် ယွမ်မိသားစု သခင်လေး တို့ကို အရင်ဆုံး ဆွဲဆောင် စည်းရုံး ကာ အတူတကွ ပူးပေါင်း ခဲ့ကြလေသည်။
သို့သော် ထိုမျှနှင့် သူတို့ စိတ်မအေး နိုင်ကြသေးချေ။
နောက်ဆုံး တွင်တော့ ဂုဏ်သတင်း အလွန် ကြီးမားနေသော ကျန်းချဲ့ အပေါ်သို့ ပစ်မှတ် ထားလိုက်ကြလေသည်။ သူတို့ သည် ကျန်းချဲ့ ကို ယခင်က လုံးဝ မမြင်ဖူး ခဲ့သလို အဆက်အသွယ် လည်း မရှိခဲ့ကြချေ။ သို့သော် ကျန်းချဲ့ ၏ အစွမ်းထက် ပုံကိုတော့ အားလုံး ကောင်းစွာ သိရှိ ထားကြလေသည်။
ဤတစ်ကြိမ် သိုင်းပညာပြိုင်ပွဲ တွင် သေချာပေါက် ထိပ်ဆုံး ငါးယောက် သို့မဟုတ် သုံးယောက် အတွင်း ဝင်ရောက် နိုင်မည့် သူတစ်ယောက် ပင်ဖြစ်သည်။
အကယ်၍ သူသာ ကူညီ မည် ဆိုပါက ထိပ်ဆုံး ဆယ်နေရာ ကို လုယူရန် က အများကြီး ပိုမို လွယ်ကူ သွားမည် ဖြစ်လေသည်။ ထို့ကြောင့် ပင် သူတို့ သည် ကျန်းချဲ့ ရှန့်ဟိုင်မြို့ သို့ ရောက်ရှိ လာကြောင်း သိရှိ သည်နှင့် တစ်ပြိုင်နက် ဖိတ်စာ ကို ချက်ချင်း ပို့ဆောင် ခဲ့ကြခြင်း ဖြစ်လေသည်။
သို့သော် နှမြောစရာ ကောင်းသည်မှာ ကျန်းချဲ့ က သူတို့ကို မျက်နှာ မပေးခဲ့သဖြင့် ယခု ရှန့်ဟိုင် နန်းဆောင် အတွင်း တွင်သာ လိုက်လံ စကားပြော ရုံသာ တတ်နိုင်တော့လေသည်။