အခန်း (၂၈၉၃-၂၅၉၄)
Vol. 260 Ch. 2593-2594
အခန်း (၂၅၉၃) - ကြည့်ရသလောက် ဒီကောင်က လူကောင်းတစ်ယောက်နဲ့ မတူဘူး
ဖမ်းဆီးရေးဌာန၏ ထိုအထက်လူကြီးသည် လာစဉ်ကလည်း ကမူးရှူးတိုး လာခဲ့ပြီး၊ ပြန်သွားသည့်အခါတွင်လည်း သုတ်ခြေတင် ပြန်သွားခဲ့လေသည်။
သူ ထွက်ခွာသွားပြီးနောက်တွင် ဟေးဆန်းက သူ၏ လက်အောက်ရှိ သူတော်စင်များကို ရှုပ်ထွေးလှသော အခြေအနေဆိုးကြီးကို ရှင်းလင်းသိမ်းဆည်းရန် ချက်ချင်းပင် ညွှန်ကြားတော့သည်။
“ဝေကွမ်ရှောက်တို့ တစ်စုမှာက ကိုယ်ပွား ရှိကြတယ်၊ ဇောင်ဟွမ်... မင်းတို့ လူတချို့ကို စေလွှတ်ပြီး သူတို့အားလုံးကို ပြန်ခေါ်လာခဲ့ကြချေ။”
“ကျန်ရှိနေတဲ့ အသက်စွမ်းအင်အဆင့် သူတော်စင်တွေအတွက်ကတော့... သူတို့ရဲ့ မိသားစုတွေဆီကို သတင်းပို့လိုက်ပါ၊ ပြီးရင်တော့ ကောင်းကောင်းမွန်မွန်ပဲ သင်္ဂြိုဟ်ပေးလိုက်ကြပါတော့။”
ဟေးဆန်းက မှာကြားလိုက်သည်။
“ဟုတ်ကဲ့။”
ဇောင်ဟွမ်က ခေါင်းညိတ်ပြလိုက်သည်။
လူသားမျိုးနွယ်စု ကျောင်းဆောင်မှ သူတော်စင်များ၏ မျက်နှာအမူအရာက အလွန်တရာ လေးနက်မှုံမှိုင်းနေခဲ့ကြသည်။
ထိုအချိန်အတွင်းမှာပင် သူတို့သည် အဆိပ်ဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရပါက... သံသရာထဲသို့ ဝင်ရောက်ခွင့် အရည်အချင်းပင် ရှိတော့မည် မဟုတ်ကြောင်းကို သိရှိသွားခဲ့ကြပြီ ဖြစ်သည်။
ဒါက ကျိုကျီတောင်၏ အသက်စွမ်းအင်အဆင့် သူတော်စင်များသည်... လုံးဝ ပြာကပြာ၊ မြေကမြေအဖြစ်သို့ ဘဝပြောင်းသွားခဲ့ရပြီ ဖြစ်ကြောင်းကို ရည်ညွှန်းနေပေသည်။
အသက်စွမ်းအင် အဆင့်နှင့် အထက်ရှိသော သူတော်စင်များသာလျှင် အသက်စွမ်းအင်ကို အသုံးပြု၍ အသက်ဘေးမှ လွတ်မြောက်နိုင်ကြလိမ့်မည်။
တစ်ဖန် ပြန်လည်နိုးထလာနိုင်မည့် အခွင့်အရေး ရှိပေသည်။
သို့သော် ယခုမျက်မှောက်၌ ရှိနေသော အတွင်းကမ္ဘာများ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့်...
ထို အသက်စွမ်းအင်အဆင့် သူတော်စင်များသည်လည်း အတွင်းကမ္ဘာတစ်ခုကို တစ်ဖန်ပြန်၍ ငြှိမ်းသတ်တည်ဆောက်ရန်အတွက် နည်းလမ်းကို အစမှ ပြန်လည်ရှာဖွေရတော့မည်မှာ သေချာလှပေရာ၊ အရာအားလုံးက အစကနေ ပြန်စရမည့် သဘောပင် ဖြစ်သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီး... ဒီတစ်ကြိမ်ကိစ္စက ယာယီအားဖြင့် ဖြေရှင်းနိုင်ခဲ့ပြီ ဆိုပေမယ့်၊ လူသားမျိုးနွယ်စု ကျောင်းဆောင် အထက်လူကြီးတွေရဲ့ ပေါ့ဆမှု တာဝန်ကိုတော့... ဆက်ပြီးတော့ အပြစ်ရှာ စုံစမ်းရပါလိမ့်မယ်။”
အကြီးအကဲအချို့က ရှေ့သို့ လှမ်းထွက်လာပြီး ပြောဆိုလိုက်ကြသည်။
ဟေးဆန်းက လက်ကို ဝှေ့ယမ်းပြလိုက်ကာ -
“ဒီကိစ္စက မင်းတို့ ပြောတာနဲ့ ဘာမှမဆိုင်ဘူး၊ ငါက ကျောင်းတော်အုပ်ချုပ်သူကြီး ဖြစ်တဲ့အတွက်... ငါ့ဘာသာ ဆုံးဖြတ်ချက် ရှိပြီးသားပဲ။”
“ဒီတစ်ကြိမ်မှာ ယင်သူတော်စင်ကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်ခဲ့တာဆိုတော့၊ ရွှေဟွေးကျောင်းတော်ကို ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမလဲ ဆိုတဲ့အပေါ်မှာ ငါ့ရဲ့ စကားတွေက သမာဓိခုံရုံးဘက်မှာ အလေးအနက် ရှိလိမ့်မယ်လို့ ထင်ပါတယ်။”
ထို့နောက်တွင် သူက ထိုအကြီးအကဲအချို့၏ သဘောထားက မည်သို့ ရှိမည်ကို ဂရုမစိုက်တော့ဘဲ၊ ဖန့်ချန်တို့တစ်စုကို တိုက်ရိုက် ဦးဆောင်ကာ ရှီးလူမျိုးစု ကျောင်းဆောင်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့တော့သည်။
ရှီးလူမျိုးစု ကျောင်းဆောင်၏ ကျောင်းအုပ်ကြီး ဖြစ်သော ဆုန်ချန်သောက်သည် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရပြီ ဖြစ်သော်လည်း၊ ယခုအချိန်တွင် အတင်းအကျပ် လိုက်ပါလာရန် အမိန့်ပေးခြင်း ခံလိုက်ရပြီး ဖန့်ချန်နှင့် လုပ်ငန်းတာဝန်များ လွှဲပြောင်းရယူရန်အတွက် တာဝန်ယူရတော့မည် ဖြစ်သည်။
လုပ်ငန်းစဉ်ကြီးတစ်ခုလုံး က အရှိန်အဟုန် အလွန်မြန်ဆန်လွန်းလှပေရာ၊ ဖန့်ချန်အနေဖြင့် ကရုဏာတောင်ဘက်က လူများနှင့် စကားလက်ဆုံမိတ်ဆက်ရန်ပင် အချိန်မရရှိခဲ့ပါချေ။
သို့သော် သူက အခြေအနေကို ကြည့်ကာ ဖန့်ကျစ်ရွှယ်ကို အမည်စာရင်းတစ်ခု လှမ်းပေးလိုက်ပြီး၊ သူမကို ထိုစာရင်းထဲတွင် ပါဝင်သော လူများအားလုံးကို အမြန်ဆုံး စုစည်းခေါ်ဆောင်ကာ ရှီးလူမျိုးစု ကျောင်းဆောင်သို့ လာရောက်တွေ့ဆုံရန် ခိုင်းစေလိုက်သည်။
ရွှေဟွေးကျောင်းတော်၊ ရှီးလူမျိုးစု ကျောင်းဆောင်။
အတွင်းကမ္ဘာတစ်ခုပြီးတစ်ခု ပေါ်ထွက်လာခြင်းနှင့်အတူ၊ စောစောကတည်းက သတင်းအချို့ ကြားသိထားကြသော ရှီးလူမျိုးစု ကျောင်းသားများသည် အသီးသီး လှမ်းထွက်လာခဲ့ကြသည်။
သူတို့၏ မျက်နှာအမူအရာများက ဝေခွဲမရဖြစ်ခြင်း၊ ဘာလုပ်ရမှန်းမသိ ဖြစ်ခြင်းများနှင့် ပြည့်နှက်နေခဲ့ကြပြီး၊ အချို့မှာမူ ဒေါသအဟုန်များ ထွက်ပေါ်နေခဲ့ကြသော်လည်း၊ ပိုမိုများပြားလှသော သူများကမူ ကြောက်ရွံ့ခြင်းနှင့် အရှက်ရခြင်းများ ဖြစ်ပေါ်နေခဲ့ကြသည်။
“ဆုန်ချန်သောက်... မင်းကိုယ်တိုင်ပဲ ပြောမလား၊ ဒါမှမဟုတ် ငါကပဲ ပြောရမလား။”
ဟေးဆန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
ဆုန်ချန်သောက်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်၊ ရှီးလူမျိုးစု ကျောင်းသားတစ်ဦးချင်းစီကို လှမ်းကြည့်လိုက်သည်။
ခေတ္တမျှ စိတ်အာရုံဝေဝါးသွားခဲ့ရပြီး၊ သူသည် ထိုရှီးလူမျိုးစု ကျောင်းသားများ၏ ကိုယ်ပေါ်မှ ယင်သူတော်စင်ကဲ့သို့သော ပုပ်စော်နံလှသည့် အနံ့အသက်များ ထွက်ပေါ်နေကာ ရက်စက်ကြမ်းကြုတ်သော အပြုံးများကို ဖော်ပြနေကြသည့်အလား မြင်ယောင်လာခဲ့ရသည်။
တစ်ခဏအတွင်းမှာပင် ချွေးစေးများ တရစပ် စီးကျလာခဲ့ရတော့သည်။
ချက်ချင်းပင် ဆုန်ချန်သောက် စိတ်ပြန်လည်ဝင်းပလာခဲ့ပြီး ညည်းတွားစွာ သက်ပြင်းချလိုက်သည်။
“ဒီတစ်ကြိမ်မှာ လူသားမျိုးနွယ်စု ကျောင်းဆောင်ရဲ့ ကျိုကျီတောင် တိုက်ခိုက်ခံခဲ့ရတယ်၊ ရင်ရှီအဆိပ်ရဲ့ ဘေးဒုက္ခကြောင့်မလို့... သူတော်စင် သောင်းချီပြီး သေဆုံးသွားခဲ့ရတယ်။”
ထိုနေရာရှိ အခြေအနေကြီးက အလွန်တရာ လေးလံမှုံမှိုင်းသွားခဲ့ရသည်။
“လှုပ်ရှားခဲ့တဲ့သူက... ယင်သူတော်စင်တွေရဲ့ လက်ချက်ပဲ၊ အဲဒီထဲက ယင်သူတော်စင် တစ်ယောက်ကတော့... ငါတို့ ရှီးလူမျိုးစု ကျောင်းဆောင်ရဲ့ ဆရာ ယန်ယွမ် ပဲ ဖြစ်တယ်။”
ဟင်းလင်းပြင်ထဲသို့ သွားရောက်ကာ အခြေအနေကို ကြည့်ရှုခြင်း မရှိကြသော ထိုရှီးလူမျိုးစု ကျောင်းသားများသည် ချက်ချင်းပင် အသက်ရှူသံများ တိတ်ဆိတ်သွားခဲ့ကြရပြီး၊ မျက်နှာအမူအရာများမှာ အလွန်တရာ ရှုပ်ထွေးသွားခဲ့ရသည်။
ရလဒ်ကို စောစောကတည်းက သိရှိထားကြသော အချို့သော ရှီးလူမျိုးစု သူတော်စင်များကမူ ယခုအချိန်တွင် ခေါင်းကို အသာအယာ ငုံ့ထားလိုက်ကြတော့သည်။
“ဒါပေမဲ့လည်း... ဒီကိစ္စကို စစ်ဆေးရေးဌာနဘက်က အတည်မပြုရသေးဘူး၊ အခုအချိန်မှာတော့ သံသယအဆင့်ပဲ ရှိသေးပြီး... အပြစ်ဒဏ် မစီရင်ရသေးပါဘူး။”
“ဒါပေမဲ့ ဒီအချိန်အတွင်းမှာတော့... စစ်ဆေးရေးဌာနက စစ်ဆေးရေးသူတော်စင် ဖန့်ချန်ကို ငါ့ရဲ့ ကျောင်းအုပ်ကြီး ရာထူးနေရာမှာ ယာယီ တာဝန်ယူခိုင်းလိုက်ပြီ။”
“ဒါက စစ်ဆေးရေးဌာနရဲ့ အမိန့်ဖြစ်လို့... မင်းတို့တွေ လုံးဝ နှောင့်ယှက်တာမျိုး၊ ပြဿနာရှာတာမျိုး မလုပ်ကြနဲ့။”
ပြောပြီးသည်နှင့် ဆုန်ချန်သောက်က မျက်လုံးများကို ပိတ်ထားလိုက်ကာ ဆက်လက်၍ စကားမဆိုတော့ချေ။
ရှီးလူမျိုးစု ကျောင်းဆောင်အတွင်း၌ လုံးဝ သေမင်းတမျှ ငြိမ်သက်သွားခဲ့ရသည်။
မျက်ဝန်းအစုံစုံတို့က ဤတစ်ခဏတွင် ဖန့်ချန်၏ ကိုယ်ပေါ်သို့ သေလုမတတ် စိုက်ကြည့်နေကြတော့သည်။
ဖန့်ချန်နှင့် ပတ်သက်၍ သူတို့သည် အလွန်တရာ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေသည်။
သို့သော် မူလက သေးငယ်လှသော လူသားမျိုးနွယ်စု ကျောင်းသားလေးတစ်ယောက်က ယခုအခါတွင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့ရပြီး၊ စစ်ဆေးရေးဌာန၏ စစ်ဆေးရေးသူတော်စင် ဖြစ်လာခဲ့ရုံမျှမက၊ အသက်စွမ်းအင် သူတော်စင်အဆင့် ကျင့်စဉ်ဖြင့် ရှီးလူမျိုးစု၏ ကျောင်းအုပ်ကြီး ရာထူးကို ယာယီ ဆက်ခံရလိမ့်မည်ဟု မည်သူက တွေးထင်မိပါ့မည်နည်း။
ဒါက ရေတွက်လို့မရသော ရှီးလူမျိုးစု ကျောင်းသားများအတွက် ရင်ထဲတွင် အလွန်တရာ အရှက်ရစရာကြီး ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
“ဖန့်ချန်... မင်းလည်း စကားနည်းနည်းလောက် ပြောလိုက်ဦးလေ၊ နောက်ပိုင်း အလုပ်လုပ်ရတာ အဆင်ပြေအောင်လို့။”
ဟေးဆန်းက ပြုံး၍ ဆိုလိုက်သည်။
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ထိုရှီးလူမျိုးစု သူတော်စင်များကို လှမ်းကြည့်လိုက်သည်။
“အမှန်တော့ ဘာမှ ပြောစရာ မရှိပါဘူး၊ ငါ့ကို ရှီးလူမျိုးစု ကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီး လုပ်ခိုင်းတာက... တကယ်ပဲ နည်းနည်းတော့ အရှက်ရဖို့ ကောင်းပါတယ်။”
ရှီးလူမျိုးစု ကျောင်းသားများ၏ မျက်လုံးထဲက ဒေါသအဟုန်များက ပိုမို၍ ပြင်းထန်လာခဲ့ရပြီး၊ မီးတောက်များ ထွက်ပေါ်လာတော့မတတ် ဖြစ်နေခဲ့ရသည်။
“ဒါပေမဲ့လည်း ကံကောင်းတာက... ဒီတစ်ကြိမ် ယာယီကျောင်းအုပ်ကြီး ရာထူးကို ဆက်ခံရတာက မင်းတို့ထဲက ပိုးကောင်အချို့ကို ဆွဲထုတ်ဖို့ သက်သက်ပဲ၊ ဒါက ငါ့ရဲ့ တာဝန်ပဲလေ။”
ထိုတစ်ကြိမ်တွင်မူ ရှီးလူမျိုးစု ကျောင်းသားများ၏ မျက်လုံးထဲက ဒေါသမီးတောက်များက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရပြီး၊ ရင်ထဲတွင် အေးစိမ့်လှသော အအေးဓာတ်များ တရစပ် ထွက်ပေါ်လာခဲ့ရတော့သည်။
“ကျန်တဲ့ ကိစ္စတွေကိုတော့...စီနီယာနျဲ့ချင့်ကိုပဲ ပြောလိုက်ကြတော့၊ သူကပဲ ဆုံးဖြတ်ချက် ချလိမ့်မယ်။”
“ငါလား။”
နျဲ့ချင့် ခေတ္တမျှ မှင်တက်သွားခဲ့ရသည်။
ဟေးဆန်းက ဆိုလိုက်သည်
“ကျောင်းအုပ်ကြီးမှာ ဆရာကို ရာထူးခန့်အပ်ပိုင်ခွင့် အာဏာ တကယ် ရှိပါတယ်။”
နျဲ့ချင့်က ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် အောက်က ရှီးလူမျိုးစု ကျောင်းသားများကို လှမ်းပြောလိုက်တော့သည်။
“ဒါဆိုရင် ငါကပဲ မင်းတို့ ရှီးလူမျိုးစု ကျောင်းဆောင်ရဲ့ ဆရာရာထူးကို ယာယီ တာဝန်ယူလိုက်မယ်၊ သာမန် အသေးအဖွဲ ကိစ္စတွေကိုတော့ ကျောင်းအုပ်ကြီးကို သွားပြီး မနှောင့်ယှက်ကြနဲ့၊ ကိစ္စရှိရင် ငါ့ကိုပဲ လာပြောကြ။”
ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်၊ သူက ထိုကာကွယ်ရေးဆရာများနှင့် တောင်ဆရာများကို လှမ်းကြည့်လိုက်သည်။
“မင်းတို့ အကုန်လုံး နားလည်ကြရဲ့လား။”
ထိုနေရာရှိ ရှီးလူမျိုးစု ကာကွယ်ရေးဆရာများနှင့် ရှီးလူမျိုးစု တောင်ဆရာများသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ကြရပြီးနောက်မှ အသီးသီး ခေါင်းညိတ်ပြလိုက်ကြသည်။
သူတော်စင်အပေါင်းတို့ နားလည်လိုက်ကြသည်မှာ... ဤတစ်ခဏမှစ၍ ရွှေဟွေးကျောင်းတော်၏ ရှီးလူမျိုးစု ကျောင်းဆောင်သည် အချိန်တိုအတွင်း နာမည်သာရှိပြီး အနှစ်သာရ မရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်ကြောင်းပင်။
“ဆွေ့ဟုန်ကျူး... မင်း ဒီအချိန်အတွင်းမှာ ဖန့်ချန်ရဲ့ လုပ်ငန်းတာဝန်တွေကို ဝိုင်းဝန်းကူညီပေးဖို့ တာဝန်ယူလိုက်။”
အောက်ကျိုချုံက ဆိုလိုက်သည်။
ဆွေ့ဟုန်ကျူး၏ စိတ်အာရုံ လှုပ်ခတ်သွားခဲ့ရပြီး၊ အောက်ကျိုချုံ၏ ဆိုလိုရင်းမှာ သူမကို ဖန့်ချန်အား ဘေးကင်းအောင် ကာကွယ်ပေးရန် ခိုင်းစေခြင်း ဖြစ်ကြောင်း ချက်ချင်းပင် နားလည်လိုက်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့။”
“ဒါနဲ့... ယန်ယွမ်ရဲ့ ကိုယ်ပွားက ဘယ်နေရာမှာ ပုန်းကွယ်နေလဲ ဆိုတာကိုလည်း အမြန်ဆုံး စုံစမ်းစစ်ဆေးလိုက်ဦး၊ ဒါပေမဲ့ လက်ရှိ လက်ထဲက ကိစ္စကိုပဲ အဓိကထားပြီး လုပ်ဆောင်ပါ။”
အောက်ကျိုချုံက ဖန့်ချန်ကို လှမ်းပြောလိုက်သည်။
ယန်ယွမ်၏ ကိုယ်ပွားကိုပါ စတင် စုံစမ်းစစ်ဆေးရတော့မည် တဲ့လား။
ဆုန်ချန်သောက်၏ မျက်နှာက အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ရသည်။
ရှီးလူမျိုးစု ကျောင်းသားများသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ရင်ထဲတွင် အေးစက်သွားခဲ့ရတော့သည်။
သူတို့သည် ကောလာဟလအချို့ကို ကြားဖူးထားကြသည်မှာ... စစ်ဆေးရေးဌာနက သင် ၏ ကိုယ်ပွားကို စတင် စုံစမ်းစစ်ဆေးပြီ ဆိုလျှင်တော့၊ ဒါက အသက်ရှင်ဖို့ နေ့ရက် သိပ်မကျန်တော့ကြောင်းကို ရည်ညွှန်းနေခြင်းပင်။
ကိစ္စက အလွန်တရာ ပြင်းထန်လွန်းလှပေပြီ။
“ဒါပေမဲ့လည်း...”
“စစ်ဆေးရေးဌာနက ဘာဖြစ်လို့ ဖန့်ချန်ကို ဒီကိစ္စကို စုံစမ်းစစ်ဆေးခိုင်းရတာလဲ။”
“သူက အသက်စွမ်းအင်အဆင့် အစောပိုင်း အဆင့်ပဲ ရှိတာကို... ဘာအရည်အချင်းနဲ့ ယန်ယွမ်ရဲ့ ကိုယ်ပွား ရှိနေတဲ့ နေရာကို စုံစမ်းနိုင်မှာလဲ။”
ရှီးလူမျိုးစု သူတော်စင်များ၏ မျက်လုံးထဲတွင် အထူးအဆန်းဖြစ်ရိပ်များ အသီးသီး ထွက်ပေါ်လာခဲ့ကြသည်။
ဟေးဆန်းသည်ပင်လျှင် စိတ်အာရုံ လှုပ်ခတ်သွားခဲ့ရပြီး တိုးညှင်းစွာ ဆိုလိုက်သည်။
“မင်းတို့ စစ်ဆေးရေးဌာနမှာ လူမရှိတော့ဘူးလား။ ဖန့်ချန်က အခု လက်ထဲမှာ ကိစ္စတွေ ဒီလောက်အများကြီး ရှိနေတာကို... ရှီးလူမျိုးစု ကျောင်းဆောင်ကိုလည်း စုံစမ်းရဦးမယ်၊ ယန်ယွမ်ရဲ့ ကိုယ်ပွားကိုပါ ထပ်ပြီး စုံစမ်းရဦးမယ် ဟုတ်လား။”
“ကျောင်းတော်အုပ်ချုပ်သူကြီး မသိသေးလို့ပါ၊ ဖန့်ချန်က ဒီလိုမျိုး ကိစ္စရပ်တွေမှာ အလွန်တရာ ထူးခြားတဲ့ ပါရမီ ရှိပါတယ်။”
“စစ်ဆေးရေးဌာန ကျန့်နန်ဒေသရဲ့ လိုက်လံဖမ်းဆီးရေးမှာ ပထမဆုံးသော သူတော်စင်လို့ အမည်ကျော်ကြားတဲ့ မုန့်ထျန်းရှု တောင်မှ မိမိကိုယ်ကို မမှီနိုင်ဘူးလို့ ဝန်ခံထားရပြီး... ဒီကောင်လေးကို မယှဉ်နိုင်ဘူးလို့ ကိုယ်တိုင် ပြောဆိုခဲ့ဖူးပါတယ်။”
အောက်ကျိုချုံက တည်ငြိမ်စွာ ဆိုလိုက်သည်။
ကွမ်းကျင့်ရှုနှင့် နျဲ့ချင့် အမှူးပြုသော သူတော်စင်များသည် တိတ်ဆိတ်နေခဲ့ကြပြီး... မုန့်ထျန်းရှုက ထိုကဲ့သို့သော စကားမျိုးကို ကိုယ်တိုင် မပြောဖူးသေးပါချေ မဟုတ်ပါလား။
သို့သော် သူတို့သည် ဖန့်ချန်၏ လိုက်လံဖမ်းဆီးရေး နည်းလမ်းများနှင့် ပတ်သက်၍မူ... အမှန်တကယ်ပင် အနည်းငယ် စွမ်းဆောင်ရည် ရှိကြောင်းကိုတော့ အသိအမှတ်ပြုကြပေသည်။
အတိအကျပင် ထိုအချိန်၌ ဖန့်ချန်က ကျောက်စိမ်းပြားတစ်ခုကို ရုတ်တရက် ထုတ်ပေးလိုက်သည်။
“အောက်ကျိုချုံ အကြီးကဲ.. ဒီထဲမှာ ယန်ယွမ်ဆရာရဲ့ ကိုယ်ပွား ရှိနေတဲ့ နေရာကို မှတ်တမ်းတင်ထားပါတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့တွေ စောင့်ဆိုင်းနေတဲ့ အချိန်တုန်းက... လမ်းကြုံလို့ စုံစမ်းထားခဲ့တာပါ။”
“……”
အောက်ကျိုချုံက တောင့်တင်းလှသော လက်ကို အသာအယာ မြှောက်လိုက်ပြီး ကျောက်စိမ်းပြားကို လှမ်းယူလိုက်ကာ စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။
နျဲ့ချင့် အမှူးပြုသော စစ်ဆေးရေးသူတော်စင်များသည်လည်း တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားခဲ့ရသည်။
ကွမ်းကျင့်ရှုက ရုတ်တရက် မေးမြန်းလိုက်သည်။
“ဖန့်ချန်... မင်း ငါ့ရဲ့ ကိုယ်ပွား ဘယ်မှာ ပုန်းနေလဲ ဆိုတာကိုရော သိလား။”
“အကြီးကဲ ကလည်း... ဘာစကားတွေ ပြောလိုက်တာလဲ၊ ကျွန်တော်က အကြီးကဲရဲ့ ကိုယ်ပွား ဘယ်မှာ ပုန်းနေမှန်း ဘယ်လိုလုပ်ပြီး သိပါ့မလဲ။”
“ယန်ယွမ်ကို စုံစမ်းရမိတာကလည်း... ကျွန်တော် သူ့ကို စောင့်ကြည့်နေခဲ့တာ ကြာပြီမလို့ပါ။”
“ပထမဆုံးအကြိမ် တွေ့ကတည်းက... ကြည့်ရသလောက် ဒီကောင်က လူကောင်းတစ်ယောက်နဲ့ မတူဘူး"
“ကျွန်တော် လမ်းကြုံလို့ ဆုန်ချန်သောက်ရဲ့ ကိုယ်ပွားကိုပါ စုံစမ်းထားလိုက်သေးတယ်။”
“သူသာ ယင်သူတော်စင်နဲ့ ပတ်သက်မှု ရှိနေတာ သေချာသွားတာနဲ့... စစ်ဆေးရေးဌာနက ပထမဆုံးသော အချိန်မှာတင် သူ့ကို ချက်ချင်း ဖမ်းဆီးနိုင်မှာ ဖြစ်ပါတယ်။”
ဖန့်ချန်က ပြုံးပြီး လက်သီးဆုပ် ဂါရဝပြုလိုက်ကာ၊ ထို့နောက်တွင် ဆုန်ချန်သောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဆုန်ချန်သောက်က အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ရပြီး၊ တစ်ကိုယ်လုံးတွင် အေးစိမ့်လှသော အအေးဓာတ်များ ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အခန်း (၂၅၉၄) - ဒီအရာက အများကြီးစားလို့ မကောင်းဘူး
“ဒီကောင်က စီနီယာယန်ယွမ်ရဲ့ ကိုယ်ပွား ပုန်းအောင်းနေတဲ့ နေရာကိုတောင် စုံစမ်းရုံတင်မကဘူး...”
“ငါတို့ရဲ့ ကျောင်းအုပ်ကြီးကိုပါ စုံစမ်းထားတာလား။”
တစ်ခဏအတွင်းမှာပင် ရှီးလူမျိုးစု ကျောင်းဆောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။
သူတော်စင်တိုင်းက အချင်းချင်း စိတ်အာရုံဖြင့် တိုးတိုးဖလှယ်ကာ ပြောဆိုနေကြပြီး၊ ဖန့်ချန်ကို လှမ်းကြည့်နေကြသည့် ၎င်းတို့၏ မျက်ဝန်းများထဲတွင် သံသယစိတ်များနှင့် အနည်းငယ်သော ကြောက်ရွံ့ထိတ်လန့်မှုများ ရောယှက်နေခဲ့ကြတော့သည်။
“ကောင်းပြီ... ဆုန်ချန်သောက်ကတော့ လောလောဆယ် ဘာပြဿနာမှ မရှိသေးဘူး၊ သူသာ ဒီကိစ္စနဲ့ ပတ်သက်မှုမရှိဘူး ဆိုရင်တော့... သူ့ရဲ့ ကိုယ်ပွားပုန်းအောင်းနေတဲ့ နေရာကိုလည်း ဂရုစိုက်မနေပါနဲ့တော့။”
အောက်ကျိုချုံက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ဒါကတော့ သဘာဝအတိုင်းပါပဲ။”
ဖန့်ချန်က အနည်းငယ် ဦးညွှတ်ပြလိုက်သည်။
ဆုန်ချန်သောက်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် တည်ငြိမ်စွာ ဆိုလိုက်လေသ
“ငါက ဖြောင့်မတ်မှန်ကန်စွာ လုပ်ဆောင်ခဲ့တာမလို့... စစ်ဆေးရေးဌာနက အသေသေချာချာ စုံစမ်းစစ်ဆေးမှာကို မကြောက်ဘူး။”
“ဒါဆိုရင်လည်း... ငါကပဲ လက်အောက်ကလူတွေကို ခေါ်ပြီး ရွှေဟွေးကျောင်းတော်ကြီးတစ်ခုလုံးကို နောက်ထပ်တစ်ကြိမ် အသေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရတော့မှာပေါ့။”
“ရင်ရှီအဆိပ် ပေါ်ထွက်လာတာက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး၊ ကျောင်းတော်ရဲ့ ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်ကြီးကိုလည်း... ဖွင့်လှစ်ရလိမ့်မယ်။”
“သူတော်စင်တွေအနေနဲ့ ဟင်းလင်းပြင်ထဲကို သွားလာချင်တယ် ဆိုရင်တော့... ကျောင်းတော်နဲ့ စစ်ဆေးရေးဌာနဘက်က ခွင့်ပြုချက် ရမှသာလျှင် သွားလို့ရလိမ့်မယ်။”
အောက်ကျိုချုံက ပြောပြီးသည်နှင့် ဟေးဆန်းကို လှမ်းကြည့်လိုက်သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီး... လူကြီးမင်းရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။”
“ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်ဟုတ်လား... ဩော်... ဖွင့်လှစ်သင့်နေပြီပဲ၊ မင်းတို့နှစ်ယောက်လုံး ဒီမှာရှိနေတာ အတော်ပဲ၊ ဒီအစီရင်ကို ဖွင့်ဖို့အတွက် စစ်ဆေးရေးမှူး နှစ်ယောက်ရဲ့ သက်သေပြုချက် လိုအပ်တယ်။”
ဟေးဆန်းက ဆိုလိုက်သည်
“အချိန်ဆွဲမနေကြနဲ့တော့... သွားကြစို့။”
ဟေးဆန်း၊ အောက်ကျိုချုံနှင့် ကွမ်းကျင့်ရှုတို့ ထွက်ခွာသွားပြီး မကြာမီမှာပင်၊ ကျောင်းတော်အတွင်းရှိ သူတော်စင်အားလုံးသည် မိမိတို့၏ ခန္ဓာကိုယ်ကြီး လေးလံထိုင်းမှိုင်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
မရေရာသော စိုးရိမ်စိတ်များနှင့်အတူ... ရုပ်ဝတ္ထုမရှိသော ဖိအားတစ်ခုက မိမိတို့၏ ကိုယ်ပေါ်သို့ သက်ရောက်လာသကဲ့သို့ ခံစားနေကြရသည်။
ကျောင်းဆောင်အသီးသီး၏ ကျောင်းအုပ်ကြီးများ၊ ကာကွယ်ရေးဆရာများ၊ တောင်ဆရာများနှင့် ကျောင်းသားများအားလုံးသည် ဤအခြေအနေကြောင့် ရင်တထိတ်ထိတ် ဖြစ်သွားခဲ့ကြရတော့သည်။
နျဲ့ချင့်က ဖန့်ချန်သည် ဤအကြောင်းကို သေချာစွာ နားမလည်သေးကြောင်း ရိပ်မိပုံရသဖြင့် ပြုံး၍ ရှင်းပြလိုက်သည်။
“ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်ဆိုတာ မဟာမိတ်အဖွဲ့ဘက်က သုတေသနပြုပြီး ထုတ်လုပ်ထားတာပဲ၊ အဓိကကတော့ သူတော်စင်တွေနဲ့ ဟင်းလင်းပြင်ကြားက ဆက်သွယ်မှုကို ပိတ်ပင်တားဆီးဖို့အတွက် သီးသန့်အသုံးပြုတာ။”
“ခွင့်ပြုချက် မရရှိထားဘူး ဆိုရင်တော့... သူတော်စင်တွေအနေနဲ့ အတွင်းကမ္ဘာကို ဖွင့်လှစ်ဖို့တောင်မှ အလွန်ခက်ခဲတဲ့ အရာဖြစ်သွားလိမ့်မယ်၊ အတွင်းကမ္ဘာကို မောင်းနှင်ပြီး ဟင်းလင်းပြင်ထဲမှာ သွားလာဖို့ဆိုတာကတော့ ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူးပေါ့။”
“ဒါပေမဲ့ ငါတို့လို ရာထူးအဆင့်အတန်းမျိုးနဲ့ ဆိုရင်တော့... သဘာဝအတိုင်း လုပ်ဆောင်ပိုင်ခွင့် အာဏာ ရှိလိမ့်မယ်၊ ခေတ္တလောက် စောင့်ကြည့်လိုက်။”
ဟင်းလင်းပြင်နှင့် ဆက်သွယ်မှုကို ပိတ်ပင်တားဆီးလိုက်တာ ဟုတ်လား...
ဖန့်ချန်က အနည်းငယ် စတင်စိတ်ဝင်စားလာခဲ့ပြီး၊ အတွင်းကမ္ဘာကို ထုတ်ဖော်ကာ စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
ရလဒ်အနေဖြင့် သူသည် မိမိနှင့် အတွင်းကမ္ဘာကြားက ဆက်သွယ်မှုက အမှန်တကယ်ပင် အလွန်တရာ အားနည်းသွားခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
ဆန်းကြယ်လှသော အင်အားတစ်ခုက... ထိုအရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည့်အလား။
သို့သော် စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်တွင်၊ သူ၏ ဆက်သွယ်မှုက ပြန်လည်ချောမွေ့သွားခဲ့ပြီး ယခင်ကထက် ဘာမှ ထူးခြားမှုမရှိတော့ချေ။
နျဲ့ချင့် အမှူးပြုသော စစ်ဆေးရေးသူတော်စင်များလည်း ထို့အတူပင်ဖြစ်ရာ၊ မိမိတို့ကိုယ်ပေါ်မှ ရုပ်ဝတ္ထုမရှိသော ဖိအားကြီးက ကွယ်ပျောက်သွားခဲ့ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
ဒါက သူတို့သည် ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်၏ ခွင့်ပြုချက်ရ စာရင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်းကို ရည်ညွှန်းနေပေသည်။
“ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်ကို သာမန်ရက်တွေမှာတော့ ဖွင့်လှစ်လေ့မရှိဘူး၊ ဘာလို့လဲဆိုတော့ တစ်ကြိမ် ဖွင့်လှစ်လိုက်တိုင်း အတွင်းကမ္ဘာ ကျောက်တုံးတွေကို ကုန်ဆုံးစေမှုက အလွန်ကြီးမားလွန်းလို့ပဲ။”
“ဒီအစီရင်ကြီးကို တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားဖို့ လိုအပ်တဲ့ အတွင်းကမ္ဘာ ကျောက်တုံးပမာဏက... ရွှေဟွေးကျောင်းတော်က ကျောင်းဆောင်အားလုံးကို တစ်နှစ်စာ ထောက်ပံ့ပေးတဲ့ ပမာဏနဲ့ ညီမျှတယ်။”
“ဒါပေမဲ့ အခုအချိန်မှာတော့ ရင်ရှီအဆိပ်ရဲ့ ကိစ္စကို သေသေချာချာ မသိရသေးသရွေ့... ရွှေဟွေးကျောင်းတော်ရဲ့ ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်ကတော့ အမြဲတမ်း ဖွင့်လှစ်ထားရလိမ့်မယ် ထင်တယ်။”
“အတွင်းကမ္ဘာ ကျောက်တုံးတွေ ကုန်ဆုံးမှုက အလွန်ကြီးမားတယ် ဆိုပေမဲ့လည်း... မဟာမိတ်အဖွဲ့ဘက်ကနေပြီးတော့ လိုအပ်တာတွေကို ပံ့ပိုးပေးလိမ့်မယ်။”
နျဲ့ချင့်က စကားပြောနေရင်းဖြင့် ဆုန်ချန်သောက်ကို တစ်ချက် လှမ်းကြည့်လိုက်ကာ အသာအယာ ပြုံး၍ ဆိုလိုက်လေသည်။
“ဒီတစ်ကြိမ်မှာတော့ ရှီးလူမျိုးစုရဲ့ ယင်သူတော်စင်ကြောင့်မလို့ ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်ကို ဖွင့်လှစ်ခဲ့ရတာဆိုတော့... မဟာမိတ်အဖွဲ့ရဲ့ သမိုင်းမှတ်တမ်းထဲမှာ... စာတစ်ကြောင်းလောက်တော့ အရေးသားခံရဖို့ သေချာသွားပြီပေါ့။”
ဆုန်ချန်သောက်၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားခဲ့ရပြီး၊ စိတ်ထဲတွင် အလွန်တရာ မသက်မသာ ဖြစ်သွားခဲ့ရသည်။
ရှီးလူမျိုးစုအနေဖြင့် ယခုတစ်ကြိမ်တွင်တော့ မျက်နှာ လုံးဝ ပျက်သွားခဲ့ရပြီ ဖြစ်သည်။
သူ့ရင်ထဲတွင် ရုတ်တရက် စိုးရိမ်ထိတ်လန့်စိတ်များ ဝင်ရောက်လာခဲ့ရသည်မှာ... ဤရှီးလူမျိုးစု ကျောင်းဆောင်အတွင်း၌ ယန်ယွမ်ကဲ့သို့သော အခြားသော ယင်သူတော်စင်များ ရှိနေဦးမလား ဆိုတာကို မသိနိုင်ခြင်းပင် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ဆုန်ချန်သောက်က ရုတ်တရက် ဆိုလိုက်သည်။
“ဖန့်ချန်... မင်းက စစ်ဆေးရေးဌာနရဲ့ သူတော်စင်တစ်ယောက်ဖြစ်ပြီးတော့၊ အမှုစုံစမ်းစစ်ဆေးတဲ့ နေရာမှာလည်း ထူးခြားတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတော့... ငါဆုန်ချန်သောက်လည်း မင်းကို အစွမ်းကုန် ကူညီပေးပါ့မယ်။”
“တကယ်လို့ ရှီးလူမျိုးစု ကျောင်းဆောင်ထဲမှာ အခြားသော ယင်သူတော်စင်တွေ ရှိနေသေးတယ် ဆိုရင်တော့... တစ်ယောက်မကျန် ဆွဲထုတ်ရလိမ့်မယ်။”
“ဒါဆိုရင်တော့ စီနီယာဆုန်ကို ကြိုတင်ပြီးတော့ ကျေးဇူးတင်ပါတယ်ဗျာ။”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်
“နေ့ရွေးနေတာထက်စာရင် အခုချက်ချင်းပဲ လုပ်လိုက်တာ အကောင်းဆုံးပါပဲ၊ စီနီယာဆုန်အနေနဲ့ စီနီယာယန်ယွမ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ သူတော်စင်တွေကို တစ်ယောက်ချင်းစီ ဖိတ်ခေါ်ပေးပါဦး။”
ဆုန်ချန်သောက်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်မှ အသာအယာ ခေါင်းညိတ်ပြလိုက်တော့သည်။
နောက်ပိုင်းကာလများတွင်မူ ရွှေဟွေးကျောင်းတော်ကြီးတစ်ခုလုံးသည် မကြုံစဖူးသော အခြေအနေဆိုးကြီးတစ်ခုထဲသို့ ရောက်ရှိသွားခဲ့ရတော့သည်။
ကျောင်းသားတိုင်း၊ ဆရာတိုင်း၊ ထို့အပြင် ကာကွယ်ရေးဆရာများ၊ ကျောင်းအုပ်ကြီးများနှင့် အကြီးအကဲများအားလုံးသည် ဟင်းလင်းပြင်ပိတ်ပင်ခြင်း အစီရင်ကြောင့် ဟင်းလင်းပြင်နှင့် ဆက်သွယ်၍ မရနိုင်ကြတော့ချေ။
အတွင်းကမ္ဘာကို မောင်းနှင်ဖို့ နေနေသာသာ... အတွင်းကမ္ဘာထဲကနေပြီးတော့ အတွင်းကမ္ဘာစွမ်းအား အချို့ကို ထုတ်ယူသုံးစွဲဖို့ရန်ပင် အလွန်တရာ ခက်ခဲလွန်းလှပေသည်။
သို့သော် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခြင်းနှင့်အတူ၊ ယုံကြည်စိတ်ချရသော သူတော်စင်အချို့ကမူ ဖန့်ချန်တို့ကဲ့သို့ပင် ခွင့်ပြုချက်ရ စာရင်းထဲသို့ ထည့်သွင်းခြင်း ခံလိုက်ရကြသည်။
တစ်ချိန်တည်းမှာပင် ရှီးလူမျိုးစု ကျောင်းဆောင်အတွင်း၌ အသေသေချာချာ စုံစမ်းစစ်ဆေးမှုများကလည်း အရှိန်အဟုန်ပြင်းစွာဖြင့် လုပ်ဆောင်နေခဲ့ကြသည်။
ပထမပိုင်းတွင်မူ ရှီးလူမျိုးစု ကျောင်းဆောင်အတွင်း၌ ကန့်ကွက်သံများစွာ ထွက်ပေါ်နေခဲ့သေးသည်။
သို့သော် ဖန့်ချန်က အခြားသော ယင်သူတော်စင် နှစ်ယောက်ကို ထပ်မံ၍ ဆွဲထုတ်ပြလိုက်နိုင်ပြီးနောက်တွင်မူ... ထိုကန့်ကွက်သံများက တဖြည်းဖြည်းနှင့် အားနည်းပျောက်ကွယ်သွားခဲ့ရတော့သည်။
……
……
ဟုန်ဟိုင်လူမျိုးစု ကျောင်းဆောင်၊ ရှင်းရှားတောင်ထွတ်။
ဖန့်ကျစ်ရွှယ်က ရှင်းရှားတောင်ထွတ်၏ ဆရာဖြစ်သူ၏ ရှေ့တွင် ရပ်နေရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ရှင်းရှားတောင်ထွတ် ဆရာ၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
“ကျောင်းသူ ဖန့်ကျစ်ရွှယ်... လူသားမျိုးနွယ်စုက ဖန့်ချန်ဟာ စစ်ဆေးရေးဌာနရဲ့ သူတော်စင်တစ်ယောက် ဖြစ်လာခဲ့ပြီး၊ အခုအချိန်မှာ ရှီးလူမျိုးစု ကျောင်းဆောင်မှာ အခြေစိုက်ပြီးတော့ ယင်သူတော်စင်တွေရဲ့ ကိစ္စကို အသေသေချာချာ စုံစမ်းစစ်ဆေးနေတယ်ဆိုတာကို ငါသိပါတယ်။”
“ဒါပေမဲ့လည်း... ဒီကိစ္စက ငါတို့ ဟုန်ဟိုင်လူမျိုးစုနဲ့ ဘာပတ်သက်မှု ရှိလို့လဲ၊ ဘာဖြစ်လို့ ငါတို့ ဟုန်ဟိုင်လူမျိုးစုရဲ့ ကျောင်းသားတွေကို ရှီးလူမျိုးစု ကျောင်းဆောင်ဆီကို ခေါ်ဆောင်သွားဖို့ လာပြီးတော့ ရှာရတာလဲ။”
“ဆရာ... အစ်ကိုကြီးဖန့်ချန်က ပြောပါတယ်၊ ဒီသတင်းကို သူတို့ရဲ့ ရှေ့မှောက်မှာတင် တိုက်ရိုက် အသိပေးသင့်လို့ပါ တဲ့။”
ဖန့်ကျစ်ရွှယ်က လက်သီးဆုပ် ဂါရဝပြု၍ ဆိုလိုက်သည်။
ထိုအချိန်၌ ဟုန်ဟိုင်လူမျိုးစုမှ သူတော်စင် အုပ်စုကြီးတစ်ခုက ခန်းမဆောင်ကြီးအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ကြသည်။
ထိုအထဲတွင် ဆရာများရော၊ ကျောင်းသားများပါ ပါဝင်နေခဲ့ကြသည်။
ဆရာတစ်ဦးက ဖန့်ကျစ်ရွှယ်ကို အေးစက်စွာ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ ရှင်းရှားတောင်ထွတ် ဆရာကို လှမ်းပြောလိုက်လေသည်။
“စစ်ဆေးရေးဌာနက ဖန့်ချန်က ငါတို့ ဟုန်ဟိုင်လူမျိုးစု ကျောင်းသားတွေကို လာရှာခိုင်းတယ်လို့ ကြားမိလို့။”
“မင်း စိတ်ချပါ... ငါတို့ ဟုန်ဟိုင်လူမျိုးစု သူတော်စင်တွေကတော့ လူသားမျိုးနွယ်စုတွေက ဒီအတိုင်း လျှောက်ပြီးတော့ အာဏာအလွဲသုံးစားလုပ်၊ ကိုယ်ကျိုးရှာနေတာကိုတော့ မျက်စိမှိတ်ပြီး ကြည့်နေမှာ မဟုတ်ဘူး။”
ထိုဆရာများနှင့် ကျောင်းသားများ အုပ်စုက ဖန့်ကျစ်ရွှယ်ကို ကြည့်နေသည့် မျက်ဝန်းများထဲတွင် ရန်လိုမုန်းတီးစိတ်များ ပြည့်နှက်နေခဲ့ကြသည်။
သို့သော် စစ်ဆေးရေးဌာန၏ တည်ရှိမှုက ၎င်းတို့ကို လုံလောက်စွာ တုန်လှုပ်ခြောက်ခြားစေနိုင်ပုံရပေရာ... စကားကိုသာ ထိုကဲ့သို့ ပြောဆိုနေကြသော်လည်း၊ ယခုကဲ့သို့သော ထိလွယ်ရှလွယ်သည့် အချိန်ကာလမျိုးတွင် ဖန့်ကျစ်ရွှယ်ကို အမှန်တကယ် လက်ရဲဇက်ရဲ လာရောက်တိုက်ခိုက်ရဲသူ တစ်ဦးမျှ မရှိခဲ့ပါချေ။
ရှင်းရှားတောင်ထွတ် ဆရာက မျက်မှောင်ကြုတ်လိုက်သည်။
“မင်းတို့တွေ ဒီကို ဘာလာလုပ်ကြတာလဲ။ ငါတို့ ဟုန်ဟိုင်လူမျိုးစုက ဒီကိစ္စနဲ့ ဘာမှမပတ်သက်ဘူးဆိုတာကို ငါယုံကြည်တယ်၊ ကျောင်းသူ ဖန့်ကျစ်ရွှယ် ဒီကို လာတာကလည်း... အဲဒီကိစ္စနဲ့ ပတ်သက်မှု ရှိမှာမဟုတ်ပါဘူး။”
“လူသားမျိုးနွယ်စုတွေက ကွယ်ရာမှာ လက်ရဲဇက်ရဲ လုပ်မှာကိုပဲ ကြောက်ရတာ။”
“ငါတို့ ဟုန်ဟိုင်လူမျိုးစုနဲ့ လူသားမျိုးနွယ်စုကြားက ရန်ငြိုးရန်စတွေက... နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့၊ ချေဖျက်ဖို့က လုံးဝ မလွယ်ကူတော့ဘူး။”
“ဒီနေ့ ငါတို့တွေ ဒီကို လာတာကလည်း... မင်းတို့အတွက် သက်သေပြုပေးဖို့ပဲ၊ တစ်ကယ်လို့ ခေါ်ဆောင်ခြင်းခံရတဲ့ ကျောင်းသားတွေက ရုတ်တရက်ကြီး သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့မယ် ဆိုရင်တော့... အနည်းဆုံးတော့ တရားမျှတမှုတစ်ခု ပြန်တောင်းလို့ရတာပေါ့။”
ဖန့်ကျစ်ရွှယ်က ထိုစကားကို ကြားလိုက်ရသည့်အခါ၊ သူမ၏ မျက်ဝန်းထဲတွင် အသာအယာ ပြုံးယောင်သန်းသွားခဲ့ရသည်။
ဤဟုန်ဟိုင်လူမျိုးစု သူတော်စင်များ၏ ရည်ရွယ်ချက်က... ခြိမ်းခြောက်ပြသရုံ သက်သက်မျှသာ ဖြစ်ပေရာ၊ သူမကို စောင့်ကြည့်နေသည့် မျက်လုံးပေါင်းများစွာ ရှိနေကြောင်းနှင့် ဇွတ်တရိုး လျှောက်မလုပ်ရန် သတိပေးနေခြင်း ဖြစ်သည်။
သို့သော် သူမက ဤအရာကို ဘာဖြစ်လို့ ဂရုစိုက်နေပါ့မည်နည်း။ ဒီကိစ္စက မူလကတည်းက အလွန်ကောင်းမွန်လှသော အရာတစ်ခု ဖြစ်ပေသည်။
ထိုအချိန်၌ ဟိုင်ရှင်းရှင်းသည် အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာခဲ့ပြီး၊ သူမ၏ ဘေးတွင် ဟိုင်တာရှင်းနှင့် ဟိုင်ရှောင်ရှင်းတို့လည်း လိုက်ပါလာခဲ့ကြသည်။
“ကျောင်းသူဖန့်...”
ဟိုင်ရှင်းရှင်းနှင့် ဟိုင်တာရှင်းတို့ နှစ်ဦးလုံးသည် ဖန့်ကျစ်ရွှယ်နှင့် တွေ့ဆုံဖူးကြသဖြင့် ချက်ချင်းပင် အနည်းငယ် အံ့အားသင့်သွားခဲ့ကြရသည်။
ဟိုင်ရှောင်ရှင်းကမူ မျက်လုံးကို အနည်းငယ် မှေးစိုက်လိုက်ပြီး၊ ဖန့်ကျစ်ရွှယ် ယနေ့ ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို စဉ်းစားတွေးတောနေပုံရသည်။
“ကျောင်းသူဖန့်... ကျောင်းသားဝမ်က အခုထိ ဟုန်ရှန်းခရုခွံတွေကို လိုအပ်နေသေးလို့တော့ မဟုတ်ပါဘူးနော်၊ ဒီအရာက အများကြီးစားလို့ မကောင်းဘူးဗျ။”
ဟိုင်တာရှင်းက ဆိုလိုက်သည်။
ဟုန်ရှန်းခရုခွံ ဟုတ်လား... ဖန့်ကျစ်ရွှယ် ခေတ္တမျှ မှင်တက်သွားခဲ့ရသည်။
မူလက ရန်လိုမုန်းတီးစိတ်များ ပြည့်နှက်နေခဲ့ကြသော ဟုန်ဟိုင်လူမျိုးစု သူတော်စင်များသည်လည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဖန့်ကျစ်ရွှယ်က အဓိကလူများကို မြင်တွေ့လိုက်ရပြီးနောက်၊ တိုက်ရိုက်ပင် ပြုံး၍ ဆိုလိုက်လေသည်။
“အစ်ကိုကြီးဖန့်ချန်က ဒီတစ်ကြိမ် စစ်ဆေးရေးဌာနရဲ့ စမ်းသပ်စစ်ဆေးမှုအတွင်းမှာ...ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး ကို သွားရောက်လေ့လာ နားလည်နိုင်မယ့် အခွင့်အရေးကို ရရှိခဲ့တယ်။”
“စစ်ဆေးရေးဌာနက သူ့ကို အတူတူ သွားရောက်လေ့လာ နားလည်ဖို့အတွက် သူတော်စင်အချို့ကို ခေါ်ဆောင်သွားခွင့် ပြုထားတာမလို့... ကျွန်မကို ရှင်တို့တွေကို ရှီးလူမျိုးစု ကျောင်းဆောင်ဆီ ခေါ်လာခဲ့ဖို့ လွှတ်လိုက်တာပါ၊ ရှီးလူမျိုးစုရဲ့ ကိစ္စတွေ ပြီးတာနဲ့... ချက်ချင်းပဲ ထွက်ခွာကြပါမယ်။”
“ဩော်... ဒါက မျက်လုံးကျင့်စဉ် နတ်ဘုရားစွမ်းအားတစ်ခုပဲ၊ အလွန်တရာ ထူးဆန်းပြီးတော့... ကောင်းကင်ငါးပါး ဘက်ကလည်း မျက်လုံးကိုးပါးကျင့်စဉ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတယ်၊ အရိုးရှင်းဆုံး ပြောရရင်တော့... အင်အားအကောင်းဆုံး မျက်လုံးကျင့်စဉ် ကိုးခုထဲက တစ်ခုလို့ နားလည်ထားလို့ရပါတယ်။”
ဖန့်ကျစ်ရွှယ်က သူတို့ နားမလည်မှာ စိုးရိမ်သဖြင့် အသေးစိတ် စကားတစ်ခွန်း ထပ်မံဖြည့်စွက်၍ ရှင်းပြလိုက်တော့သည်။