အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း။ ၂၁၁
"ရယူမယ်"
ဝမ်ပင်းက ဆုလာဘ်ကို လက်ခံရရှိပြီးနောက် ၎င်းတို့ကို သိုလှောင်လက်စွပ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်၏။
ယခင်က ဟန်ဝမ်ထံမှ လုယူခဲ့သော တံဆိပ်ပြား အပါအဝင်ဆိုလျှင် ယခုအခါ၌ သူ၏ကိုယ်ပေါ်တွင် ပါရမီရှင်ဆယ်ဦး တံဆိပ်ပြားသုံးခုအထိ ရှိနေပြီ ဖြစ်သည်။
ဤပါရမီရှင်ဆယ်ဦး တံဆိပ်ပြား၏ အဖိုးတန်ပုံကိုမူ သူ ဟွမ်လီမြို့တော်၌ ရှိနေစဉ်ကတည်းက ကောင်းစွာ သိရှိထားခဲ့ပြီး ဖြစ်သည်။
အမှန်တကယ်တော့ ဤပါရမီရှင်ဆယ်ဦး တံဆိပ်ပြားများသည် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ က ထုတ်ဝေခဲ့ခြင်း မဟုတ်ပေ။
၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက ရှေးဟောင်းခေတ်မှ ဆင်းသက်လာခဲ့သော အရာများ ဖြစ်ကြသည်။
ယခုခေတ်ကာလတွင်မူ ထိုတံဆိပ်ပြားများကို ပြုလုပ်ရန် အသုံးပြုခဲ့သော ကုန်ကြမ်းပစ္စည်းများကို မည်သည့်နေရာတွင်မှ ရှာဖွေ၍မရတော့ကြောင်း ပြောစမှတ်ပြုကြ၏။
လောကထဲတွင် လှည့်လည်ပျံ့နှံ့နေသော ပါရမီရှင်ဆယ်ဦး တံဆိပ်ပြား စုစုပေါင်းမှာ ၂၀ ဝန်းကျင်ခန့်သာ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သူမျှ အတိအကျ အရေအတွက်ကို မသိရှိကြပေ။
ဤတံဆိပ်ပြား တစ်ခုတည်းရှိရုံမျှဖြင့် မည်သည့် ကျင့်ကြံခြင်းအဆင့် သို့မဟုတ် အသက်အရွယ် ကန့်သတ်ချက်မှမရှိဘဲ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲသို့ လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ပြောကြသည်။
အရေးကြီးဆုံးအချက်မှာ ကျင့်ကြံခြင်းအဆင့်ကို ကန့်သတ်မထားခြင်းပင်။
ဆိုလိုသည်မှာ ပါရမီရှင်ဆယ်ဦး တံဆိပ်ပြားကို ပိုင်ဆိုင်ထားမည်ဆိုပါက နက်နဲသောအဆင့်သို့ ရောက်ရှိနေသူများပင်လျှင် ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိနေခြင်းပင်။
ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့က သတ်မှတ်ထားသော အသက် ၁၅ နှစ်အောက်ဖြစ်ရမည်၊ ကျင့်ကြံခြင်းအဆင့် ၁၃ အောက် ဖြစ်ရမည်ဟူသော ကနဦး စည်းမျဉ်းစည်းကမ်းများအားလုံးက ထိုပါရမီရှင်ဆယ်ဦး တံဆိပ်ပြား၏ ရှေ့မှောက်၌ အဓိပ္ပာယ်မဲ့သွားကြရတော့သည်။
ဝမ်ပင်းသည် စနစ်က ဘာဖြစ်လို့ သူ့ကို ဤပါရမီရှင်ဆယ်ဦး တံဆိပ်ပြားအား ဆုလာဘ်အဖြစ် ပေးတာလဲဟူသောအချက်ကို စဉ်းစားမိပြီး ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
ဤအရာ၏ နောက်ကွယ်တွင် အရှေ့အိုင်ဒေသတစ်ခုလုံး မသိရှိသေးသော ပိုမိုနက်ရှိုင်းဆန်းကြယ်လှသည့် လျှို့ဝှက်ချက် တစ်ခုခု သေချာပေါက် ရှိနေလိမ့်မည်ဟု သူ ခံစားလိုက်ရ၏။
စူပါဂိုဏ်းတော်စနစ် အနေဖြင့် ရွှေဒင်္ဂါးပြားများဖြင့်သာ တန်ဖိုးဖြတ်နိုင်မည့် သာမန်အရာတစ်ခုအတွက် ဘေးထွက်မစ်ရှင်တစ်ခုကို တမင်သက်သက် ဖန်တီးပေးလိမ့်မည် မဟုတ်ချေ။
ဝမ်ပင်းသည် သူ၏ စိတ်ကူးပေါက်ရာ အတွေးစများကို ဘေးဖယ်ထားလိုက်ပြီးနောက် သူ၏စိတ်ထဲ၌ ဝဲကရက် မှော်ဆရာကို ရှာဖွေရမည့် ခရီးစဉ်မစ်ရှင်ကို ပြန်လည်သတိရလိုက်မိသည်။
ဤသည်ကသာ လက်ရှိအချိန်တွင် အရေးကြီးဆုံး ကိစ္စရပ် ဖြစ်သည်။
ပါရမီရှင်ဆယ်ဦး တံဆိပ်ပြား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်မည့် ကိစ္စကိုမူ ခရီးစဉ်မစ်ရှင် ပြီးမြောက်သွားပြီးနောက် အချိန်အားလပ်မှသာ လေ့လာကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။
"သွားကြစို့..."
ဝမ်ပင်းက လျှပ်စီးရေကန်ဘေးတွင် စောင့်ဆိုင်းနေသော ယွီမိုကို လှမ်း၍ ပြောဆိုလိုက်ပြီးနောက် သူတို့ လာခဲ့သော လမ်းကြောင်းအတိုင်း ခြေလှမ်းလှမ်း၍ ထွက်ခွာလာခဲ့တော့သည်။
ဝမ်ပင်း ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လုကျန်းယီသည်လည်း ထိုနေရာ၌ ဆက်မနေချင်တော့ပေ။
သူ မြင်တွေ့သင့်သမျှကိုလည်း မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သလို မမြင်တွေ့သင့်သောအရာများကိုလည်း အစွန်းရောက်နယ်ပယ်တောင်မှ လူများက သူ့ကို ပေးကြည့်ကြမည် မဟုတ်ချေ။ သို့သော်လည်း သူသည် ဝမ်ပင်း၏ နောက်မှလိုက်ပါလျက် တောင်အောက်သို့ ဆင်းလာခဲ့စဉ်အတွင်း မတတ်နိုင်ဘဲ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်မိသေးသည်။
အစွန်းရောက်နယ်ပယ်တောင်မှ လူများက သူတို့ကို လိုက်လံတိုက်ခိုက်ခြင်း မပြုကြပေ။
သူတို့က ဝမ်ပင်းကို ဒီအတိုင်း တောင်အောက်သို့ အေးအေးဆေးဆေး ပေးဆင်းတော့မလို့လား။
အစွန်းရောက်နယ်ပယ်တောင်မှ လူများ လိုက်လံတိုက်ခိုက်ခြင်းမရှိသည်ကို မြင်ရသဖြင့် လုကျန်းယီသည် သူ၏ခြေလှမ်းများကို ပိုမိုမြန်ဆန်စေလိုက်ပြီး လူအုပ်ကြီးကို ဦးဆောင်လျက် တောင်အောက်သို့ ဆင်းသက်လာခဲ့ကြတော့သည်။
သူတို့ အစွန်းရောက်နယ်ပယ်တောင်အောက်သို့ ရောက်ရှိလာခဲ့ကြသည့် အချိန်တွင်ပင် ဝမ်ပင်းက လှမ်း၍ မေးလိုက်၏။
"ဂိုဏ်းချုပ်လု... ဖုန်းယွမ်မြို့တော်ထဲမှာ ဝဲကရက် မှော်ဆရာရှိနိုင်မယ့် နေရာမျိုးကို မင်း သိတာရှိမလား"
လုကျန်းယီက ခေါင်းခါယမ်းလိုက်သည်။
ဝမ်ပင်းက ဒါကို ဘာဖြစ်လို့ မေးနေရတာလဲဟူသောအချက်ကို သူ မသိရှိသော်လည်း တည်ငြိမ်စွာပင် ပြန်ဖြေခဲ့သည်။
"ဝဲကရက် မှော်ဆရာ ဟုတ်လား... ကျွန်တော် တကယ်ပဲ မသိပါဘူးဗျာ။ သို့သော်လည်း ဝဲကရက် မှော်ဆရာတစ်ယောက်က ဖုန်းယွမ်မြို့တော်လို နေရာမျိုးမှာ အခြေချနေထိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ ရှိခဲ့မယ်ဆိုရင်တောင် ခဏတဖြုတ် ဖြတ်သန်းသွားလာတာမျိုးပဲ ဖြစ်ပါလိမ့်မယ်"
ဝဲကရက် မှော်ဆရာဆိုသည်မှာ အလွန်တရာ မြင့်မြတ်လှသော ဂုဏ်ပုဒ်အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သေးငယ်လှသော ဖုန်းယွမ်မြို့တော်သာမက အရှေ့အိုင်ဒေသတစ်ခုလုံးပင်လျှင် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ဦးကို ဆွဲဆောင်ထိန်းသိမ်းထားနိုင်စွမ်း မရှိပေ။
"ဒါဆိုရင်တော့... တကယ့်ကို သမုဒ္ဒရာထဲမှာ အပ်ရှာရသလို ဖြစ်နေပြီပဲ"
ဝမ်ပင်းက ထိုသို့ပြောပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့ရပြီး သူ၏ စိတ်ကူးအတွေးများမှာ ဝေးကွာလှသော နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့တော့သည်။
ဝမ်ပင်း ငြိမ်သက်သွားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ လုမီက ဘေးမှနေ၍ အလျင်အမြန် ဝင်ရောက်ပြောဆိုလိုက်၏။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် သိတယ်"
လုကျန်းယီသည် သူ၏သားဖြစ်သူ၏ ယုံကြည်မှုအပြည့်ရှိနေသော စကားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး ချက်ချင်းပင် မေးလိုက်တော့သည်။
"ဝဲကရက် မှော်ဆရာက ဘယ်မှာလဲ"
လုမီက "လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက... ကျွန်တော် ဖုန်းယွမ်မြို့တော်ရဲ့ မြို့တော်ဝန်ငယ်လေးနဲ့အတူ ဈေးဝယ်ထွက်ရင်း လမ်းလျှောက်နေတုန်း... တကယ့်ကို ဒေါသကြီးပြီး အကျိုးအကြောင်းမရှိတဲ့ အဘွားအိုတစ်ယောက်နဲ့ တိုးခဲ့ဖူးတယ်ဗျ။ ကျွန်တော်တို့က သူ့ရဲ့ လှပချောမောတဲ့ မြေးမလေးကို တစ်ချက်ပဲ လှမ်းကြည့်မိတာကို... သူက ကျွန်တော်တို့ကို လူမိုက်တွေ၊ လူပေလူတေတွေဆိုပြီး လှမ်းဆဲတော့တာပဲ။ အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းတွေက အဲဒီအဘွားအိုကို သင်ခန်းစာတစ်ခုခု ပေးချင်တာနဲ့... ဖုန်းယွမ်မြို့တော်ရဲ့ ဒုတိယမြို့တော်ဝန်ကိုပါ လှမ်းခေါ်လိုက်ကြသေးတယ်။ ဒါပေမဲ့... အဲဒီဒုတိယမြို့တော်ဝန်က အဘွားအိုကို မြင်လိုက်ရတဲ့အချိန်မှာတော့... ချက်ချင်းပဲ ဦးညွှတ်လိုက်ပြီး ထပ်ခါတလဲလဲ တောင်းပန်တော့တာပဲဗျာ။ နောက်မှ ကျွန်တော် မြို့တော်ဝန်ငယ်လေးရဲ့ ပါးစပ်ကနေတစ်ဆင့် ပြန်ကြားရတာကတော့... အဲဒီအဘွားအိုက အမှန်တကယ်တော့ ဝဲကရက် မှော်ဆရာတစ်ယောက် ဖြစ်နေလို့တဲ့..." ဟု ရှင်းပြလိုက်၏။
လုကျန်းယီသည် သူ၏သားဖြစ်သူ စကားလုံးများ၏ အဓိက အချက်အလက်ကို မတွေ့ရှိဘဲ တိုက်ရိုက်ပင် ကြိမ်းမောင်းလိုက်တော့သည်။
"မင်းက သူရဲ့ မြေးမလေးကို တစ်ချက်တည်းပဲ ကြည့်ခဲ့တာ သေချာလို့လား"
လုမီက ကတိသစ္စာပြုမည့် အမူအရာဖြင့် အလျင်အမြန် ရှင်းပြလိုက်၏။
"ကျွန်တော် တကယ်ပဲ တစ်ချက်တည်း ကြည့်ခဲ့တာပါ အဖေရာ အပြုံးတစ်ခုတောင် မျက်နှာပေါ် မပေါ်ရသေးပါဘူးဗျာ။ အဖေရယ်... ကျွန်တော် ဘယ်လိုလူပဲဖြစ်ဖြစ် အဖေနဲ့အတူ ရှိနေတဲ့အချိန်မှာ အဖေ့ကို အရှက်ကွဲအောင်တော့ လုပ်မှာ မဟုတ်ပါဘူး"
ဝမ်ပင်းကမူ သူတို့သားအဖနှစ်ဦး၏ စကားဝိုင်းကို ကြည့်ရင်း မတတ်နိုင်ဘဲ ခပ်ဖွဖွ ရယ်မောလိုက်မိတော့သည်။
သူက ချက်ချင်းပင် "လုမီ... အဲဒီအဘွားအိုက အခုလောလောဆယ် ဘယ်နေရာမှာ ရှိနေလဲဆိုတာ မင်း သိလားဟင်" ဟု မေးလိုက်သည်။
"မြန်မြန်ပြောစမ်း..."
ဖခင်ဖြစ်သူ၏ ကြိမ်းမောင်းမှုကို ခံလိုက်ရသဖြင့် လုမီက ပျာပျာသလဲဖြင့် အလျင်အမြန် ပြောလိုက်တော့သည်။
"အဲဒီအဘွားအိုနဲ့ သူရဲ့မြေးမလေးက မိသားစုကြီးတစ်ခုရဲ့ စံအိမ်ထဲမှာ သွားပြီး တည်းခိုနေကြတာဗျ။ ဖုန်းယွမ်မြို့တော်ရဲ့ မြို့တော်ဝန်ငယ်လေး ပြောပြချက်အရဆိုရင်တော့... အဲဒီအဘွားအိုက ဒီမြို့မှာ အိမ်တစ်လုံး ရှိပုံပဲ"
"ငါ့ကို အဲဒီနေရာဆီ အခုချက်ချင်း ခေါ်သွားပေးပါ"
ဝမ်ပင်းသည် ချက်ချင်းပင် အတိုင်းမသိ ဝမ်းမြောက်သွားခဲ့ရတော့သည်။
ထို့ကြောင့်ပင် ဝမ်ပင်းသည် လုမီ စီစဉ်ပေးသော မြင်းရထားကို စီးနင်းလိုက်ပါလျက် သူ နောက်ဆုံး မြင်တွေ့ခဲ့ရသော အဘွားအို ရှိရာအရပ်ဖြစ်သည့် ကြီးမားလှသော ခြံဝင်းကြီးတစ်ခု၏ အပြင်ဘက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြတော့၏။
ထိုခြံဝင်းကြီး၏ တံခါးဝတွင်မူ နီရဲလှသော ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားပြီး ၎င်းအပေါ်တွင် ရွှေရောင်စာလုံးကြီး လေးလုံးဖြင့် "ဇန်ထိုင်မိသားစု စံအိမ်" ဟု ထင်ရှားစွာ ရေးထိုးထားသည်။
"သွား... တံခါးသွားခေါက်စမ်း"
လုကျန်းယီက သူ၏ဘေးနားရှိ လုမီကို ချက်ချင်းပင် ညွှန်ကြားလိုက်ရင်း တစ်ချိန်တည်းမှာပင် သူ၏ အဝတ်အစားများနှင့် ဆံပင်များကို သေသေချာချာ ပြန်လည်၍ ပြင်ဆင်လိုက်၏။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံများ ဆက်တိုက် ထွက်ပေါ်သွားခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် ကြီးမားလှသော တံခါးကြီးသည် ကျွိဟူသော အသံနှင့်အတူ ပွင့်ဟသွားခဲ့ပြီး မိန်းကလေးငယ်တစ်ဦးက သူမ၏ ခေါင်းလေးကို ပြူထွက်လျက် ကြည်လင်တောက်ပလှသော မျက်ဝန်းအစုံဖြင့် လုမီကို စိုက်ကြည့်လိုက်တော့၏။
အမှန်အတိုင်းပြောရလျှင် ထိုမိန်းကလေးငယ်၏ သွင်ပြင်မှာ ရေကန်ထဲမှ ရုန်းထွက်လာသော ကြာပန်းတစ်ပွင့်အလား အလွန်တရာ စင်ကြယ်ကာ သန့်ရှင်းသည်။
နံနက်ခင်း ဆီးနှင်းစက်များက သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးအားလုံးကို ဆေးကြောသန့်စင်ပေးထားသည့်အလားပင်။
သို့သော်လည်း လွန်ခဲ့သော စက္ကန့်ပိုင်းက ညင်သာကြည်လင်နေခဲ့သော သူမ၏ မျက်ဝန်းအစုံမှာ နောက်တစ်ခဏ၌မူ ရုတ်ချည်း ပြောင်းလဲသွားခဲ့ရတော့သည်။
"လူယုတ်မာ..."
ထိုမိန်းကလေးငယ်က လုမီကို ဒေါသတကြီး အော်ဟစ်လိုက်ပြီး တံခါးကို ပြန်လည်ပိတ်ဆို့ရန် ကြိုးစားတော့၏။
လုမီက ခါးသက်စွာ ပြုံးလိုက်မိပြီး သူ၏လက်ဖြင့် တံခါးကို အလျင်အမြန် လှမ်း၍ ကာကွယ်လိုက်ရင်း ဝမ်ပင်းထံသို့ လှမ်း၍ အော်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် သူမကို ရှာတွေ့ပြီဗျ"
ထိုမိန်းကလေးငယ်သည် ဝမ်ပင်းနှင့် အခြားလူများကို တစ်ချက် မျက်မှန်းဆလိုက်ပြီးနောက် ချက်ချင်းပင် ဒေါသတကြီး ပြောလိုက်တော့သည်။
"သူက သမီးကို အရင်ဆုံး လာပြီး စူးစိုက်ကြည့်တာ မို့လို့... အဘွားက သူ့ကို လှမ်းပြီး ကြိမ်းမောင်းခဲ့တာလေ။ အခု ရှင်တို့က သူ့အတွက် ကလဲ့စားချေပေးဖို့ လာတာဆိုရင်... ရှင်တို့လည်း လူဆိုးတွေပဲ ဖြစ်ရမယ်"
လုကျန်းယီက အနေခက်စွာဖြင့် ခပ်ဖွဖွ ရယ်မောလိုက်မိပြီး လုမီကို ချက်ချင်းပင် စူးစိုက်ကြည့်ကာ "လုမီ... နောက်ကို ဆုတ်လိုက်စမ်း" ဟု မောင်းထုတ်လိုက်တော့၏။
"ဟုတ်ကဲ့ပါ အဖေ..."
လုမီက အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာပေးလိုက်ရတော့သည်။
ထိုအခါမှသာ ဝမ်ပင်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး တောင်စောင့်ခွေးကြီးကလည်း သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
ထိုမိန်းကလေးငယ်သည် ဝမ်ပင်းကို မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ သူမ၏ မျက်နှာထက်၌ သတိထားနေဆဲဖြစ်သော အမူအရာများ ရှိနေဆဲဖြစ်ပြီး ဝမ်ပင်းကို အချိန်မရွေး မကောင်းမှုတစ်ခုခု ပြုလုပ်တော့မည့် လူဆိုးတစ်ဦးအလား သတ်မှတ်ထားပုံပင်။
သို့သော်လည်း သူမသည် ဝမ်ပင်း၏ ဘေးနားရှိ တောင်စောင့်ခွေးကြီးကို မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ သူမ၏ အေးစက်ခက်ထန်နေသော အကြည့်များမှာ ရုတ်ချည်းပင် နူးညံ့ကာ ပျော့ပျောင်းသွားခဲ့ရတော့သည်။
ဝမ်ပင်းသည် ဤမြင်ကွင်းကို ကြည့်ရုံမျှဖြင့်... ဤမိန်းကလေးငယ်မှာ တိရစ္ဆာန်လေးများကို အလွန်အမင်း ချစ်ခင်မြတ်နိုးတတ်သူတစ်ဦး ဖြစ်ရမည်ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်လိုက်၏။
ပုံမှန်အားဖြင့် တိရစ္ဆာန်များကို ချစ်တတ်သောသူများသည် ကြင်နာတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားကြသည်။
သူ ရှေ့သို့ လှမ်းလျှောက်လိုက်ရင်း စနစ်၏ စွမ်းဆောင်ရည်ကို အသုံးချကာ သူမ၏ အခြေခံအချက်အလက်များကို ပေါ့ပေါ့ပါးပါးဖြင့်ပင် စစ်ဆေးကြည့်ရှုလိုက်တော့သည်။
သူမ၏ နာမည်၊ အသက်နှင့် ကျင့်ကြံခြင်းအဆင့်များကို သိရှိလိုက်ရသည့် အခါတွင်မူ ဝမ်ပင်းသည် ဤနေရာ၌ ဝဲကရက် မှော်ဆရာတစ်ယောက် သေချာပေါက် ရှိနေလိမ့်မည်ဟူသောအချက်ကို အကြွင်းမဲ့ ယုံကြည်သွားခဲ့ရတော့၏။
[ပါရမီအရည်အချင်း - ကြယ်လေးပွင့်အဆင့်]
[အသက် ၁၄ နှစ်၊ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်၁၁]
ဒီလောက်အထိ ပါရမီထူးချွန်တဲ့ မိန်းကလေးကို အခြေခံအုတ်မြစ် ဒီလောက်ခိုင်မာအောင် ပျိုးထောင်ပေးနိုင်တဲ့သူက တစ်ဦးတည်းသော ဝဲကရက် မှော်ဆရာကလွဲလို့ အရှေ့အိုင်ဒေသတစ်ခုလုံးမှာ ဘယ်သူ ရှိနိုင်ဦးမှာလဲ...
ဝမ်ပင်း စကားမပြောရသေးမီမှာပင်... ထိုမိန်းကလေးငယ်ဖြစ်သော ဇန်ထိုင်ယဲ့က စူးစမ်းလိုစိတ်အပြည့်ဖြင့် လှမ်း၍ မေးလိုက်သည်။
"အစ်ကို... ဒီခွေးကြီးက အစ်ကို့ရဲ့ ခွေးလားဟင်"
"ဟုတ်တယ်..."
ဝမ်ပင်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
ဇန်ထိုင်ယဲ့က ဝမ်းသာအားရဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။
"သူက တကယ့်ကို ချစ်စရာကောင်းတာပဲ။ သူ့နာမည်က ဘယ်လိုခေါ်လဲဟင်"
"ဟားဟား... သူ့နာမည်က ဟားဟားလို့ ခေါ်တယ်"
"အို... တကယ့်ကို ချစ်စရာကောင်းတဲ့ နာမည်လေးပဲနော်"
ဇန်ထိုင်ယဲ့သည် မျက်မှောင်လေးကုပ်ကာ ချိုသာစွာ ပြုံးလိုက်မိပြီး... တံခါးနောက်ကွယ်မှနေ၍ သူမ၏ လက်ချောင်းလေးများကို ဆန့်ထုတ်လျက် တောင်စောင့်ခွေးကြီးကို စနောက်ကာ သူမထံသို့ လာရန် မြှူဆွယ်လိုက်ရင်း ရေရွတ်လိုက်တော့သည်။
"သမီးလည်း ခွေးလေးတစ်ကောင်လောက် မွေးချင်တာ... ဒါပေမဲ့ အဘွားက ဘယ်လိုမှ ခွင့်မပြုဘူးလေ"
ဝမ်ပင်းသည် ဘေးမှနေ၍ ဟားဟားဟုခေါ်သော တောင်စောင့်ခွေးကြီးကို တစ်ချက်ကြည့်လိုက်ရင်း စိတ်ထဲမှနေ၍ မတတ်နိုင်ဘဲ ခပ်ဖွဖွ ရယ်မောလိုက်မိတော့သည်။
ဤတောင်စောင့်ခွေးကြီးက ကြည့်ရသည်မှာ မိန်းကလေးများကို ဆွဲဆောင်သည့်နေရာတွင် တကယ့်ကို ထူးချွန်လှသော ပါရမီရှင်ကြီးတစ်ဦး ဖြစ်နေခဲ့ခြင်းပင်။
ဒါကို ငါ ဘာဖြစ်လို့ အရင်က သတိမထားမိခဲ့ရတာလဲ။
ဝမ်ပင်းသည် သူမ၏ စိတ်ဝင်စားမှုကို ပိုမိုဆွဲဆောင်ရန်အတွက် တောင်စောင့်ခွေးကြီးထံသို့ အမိန့်ပေးလိုက်တော့သည်။
"ဟားဟား... ညီမလေးကို အစွမ်းတစ်ခုလောက် ပြလိုက်စမ်း မတ်တတ်ရပ်လိုက်ဦး"
တောင်စောင့်ခွေးကြီးသည် ချက်ချင်းပင် ဝုတ် ဝုတ်ဟု နှစ်ချက်မျှ ဟောင်လိုက်ပြီးနောက် သူ၏ နောက်ခြေနှစ်ဖက်ဖြင့် တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်ကာ ဇန်ထိုင်ယဲ့ရှိရာ အရပ်မျက်နှာဆီသို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့တော့၏။
ယင်းကို မြင်လိုက်ရသည့်အခါ ဝမ်ပင်းက စိတ်ထဲမှနေ၍ သဘောကျစွာ ရယ်မောလိုက်မိတော့သည်။
ကောင်မလေးရေ... မင်းကတော့ ငရဲခွေးကြီးတစ်ကောင်ကို အိမ်မွေးခွေးလေးတစ်ကောင်အဖြစ် ပြောင်းလဲပစ်နိုင်တဲ့ ပထမဦးဆုံးသော ပုဂ္ဂိုလ်ပဲ...
ဇန်ထိုင်ယဲ့သည် ထိုမြင်ကွင်းကြောင့် အလွန်အမင်း သဘောကျသွားခဲ့ရပြီး ခစ်ခစ်ဟု ရယ်မောနေခဲ့တော့၏။
သို့သော်လည်း ထိုခဏ၌ပင် တံခါးအတွင်းပိုင်းဆီမှနေ၍ လေးလံလှသော ခြေသံအချို့နှင့်အတူ အေးစက်လှသော ကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာခဲ့ရာ ဇန်ထိုင်ယဲ့၏ ရယ်မောသံများမှာ ရုတ်ချည်းပင် ရပ်တန့်သွားခဲ့ရတော့သည်။။
"ငါ့အိမ်ရဲ့ အပြင်ဘက်မှာ... ဘယ်သူတွေက လာပြီး ဆူညံပွက်လောရိုက်နေကြတာလဲ..."