အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း။ ၂၁၂
ထိုအသံနှင့်အတူ ထွက်ပေါ်လာသူမှာ မျက်နှာထက်၌ ပူပြင်းလှသော နေရောင်အောက်တွင် အက်ကွဲကြောင်းထနေသည့် မြေပြင်အလား အရေးအကြောင်းများ ပြည့်နှက်နေသော အဘွားအိုတစ်ဦးပင်။
သူမသည် အလွန်အမင်း စိတ်လောနေသည့်အလား လျှောက်လှမ်းလာခဲ့ပြီး ဆယ်ပေခန့် ဝေးကွာသော အကွာအဝေးကို ခြေတစ်လှမ်းတည်းနှင့် ဖြတ်ကျော်လိုပုံပင်။
သူမ၏ အထူးခြားဆုံးသော သွင်ပြင်လက္ခဏာမှာ ထင်ရှားစွာပင် မှုန်ဝါးနေသော်လည်း စူးစိုက်မှုအားကောင်းဆဲဖြစ်သော မျက်ဝန်းအစုံပင်။
နီရဲလှသော တံခါးကြီး ပွင့်ဟသွားသည့်အခါ ဝမ်ပင်းသည် ထိုအဘွားအို၏ အကြည့်များက သူ၏ ရင်ဘတ်ကို ခွဲ၍ သူ့နှလုံးသားကို ဆွဲထုတ်ကြည့်နေသည့်အလား ခံစားလိုက်ရတော့သည်။
အထက်တန်း နက်နဲသောအဆင့်လား။
ဒါဟာ သံသယဖြစ်ဖွယ်မရှိဘဲ အထက်တန်း နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးပဲ။
ဝမ်ပင်းက လက်ဝါးချင်းယှက်လျက် ဂါရဝပြုရင်း ပြောလိုက်သည်။
"စီနီယာ... လာရောက် အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ"
အဘွားအိုက သူမ၏ အေးစက်လှသော အကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ရာ လုမီကို မြင်တွေ့သည့်အခါတွင်မူ မကျေမနပ်ဖြစ်သော အမူအရာ ပေါ်ပေါက်သွားခဲ့ပြီးမှ မေးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ"
ဝမ်ပင်းက အဘွားအို၏ မကျေမနပ်ဖြစ်နေသော အမူအရာကို လျစ်လျူရှုထားလိုက်ပြီး တည့်တည့်မတ်မတ်ပင် ဆိုလိုက်၏။
"စီနီယာ... ကျွန်တော်ကတော့ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းပါ။ အခုလို လာရောက်ရခြင်းရဲ့ ပထမဦးဆုံး ရည်ရွယ်ချက်ကတော့. ကျွန်တော့်ရဲ့ မရင့်ကျက်သေးတဲ့ တပည့်ဖြစ်သူ လုမီကိုယ်စား စီနီယာတို့ကို လာတောင်းပန်ဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ စီနီယာနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါခင်ဗျာ"
"ထားလိုက်တော့... နောက်တစ်ကြိမ်ကျရင် အဲဒီကောင်လေးရဲ့ မျက်လုံးတွေကို သေသေချာချာ ထိန်းခိုင်းထားလိုက်ဦး။ နေရာတကာ လျှောက်ပြီး စူးစိုက်မကြည့်ခိုင်းနဲ့"
အဘွားအိုက စကားပြောပြီးသည်နှင့် တံခါးကို ချက်ချင်း ပြန်ပိတ်ရန် ပြင်တော့သည်။
ဇန်ထိုင်ယဲ့ကမူ တောင်စောင့်ခွေးကြီးကို ကြည့်ရင်း မခွဲနိုင်မခွာရက်ဖြစ်သော အမူအရာကို ထုတ်ဖော်ပြသနေခဲ့ပြီး... ဟားဟားက အော်ဟစ်ကာ ဆော့ကစားပြနေခဲ့သဖြင့် သူမသည် ထွက်ခွာသွားရသည့်တိုင်အောင် နှမြောတသစွာဖြင့် ခြေတစ်လှမ်းလှမ်းတိုင်း နောက်သို့ လှည့်ကြည့်နေခဲ့ရှာသည်။
နီရဲလှသော တံခါးကြီး ပြန်လည်ပိတ်ဆို့သွားခဲ့ပြီးနောက် ဝမ်ပင်းသည် နောက်သို့ လှည့်လိုက်ပြီး ယွီမိုနှင့် အခြားလူများကို ဆိုလိုက်၏။
"သွားကြစို့... အရင်ဦးဆုံး တည်းခိုဖို့ နေရာတစ်ခု အရင်ရှာရအောင်"
ယွီမိုက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသဖြင့် အလျင်အမြန် မေးလိုက်သည်။ "ဂိုဏ်းချုပ်... ကျွန်တော်တို့က ဒီအတိုင်းပဲ ပြန်လှည့်ထွက်သွားတော့မလို့လားခင်ဗျာ"
"ဟုတ်တယ်..."
ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် လမ်းမအတိုင်း ခြေလှမ်းလှမ်း၍ ထွက်ခွာလာခဲ့တော့သည်။
ဝမ်ပင်းအတွက်မူ တစ်လုပ်တည်းနှင့် အဝစားရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ဝဲကရက် မှော်ဆရာတစ်ဦးကို သု့ဂိုဏ်းထဲသို့ ဆွဲဆောင်စည်းရုံးရန် ကိစ္စရပ်မှာ စကားလုံး တစ်ခွန်းစ၊ နှစ်ခွန်းစဖြင့် လွယ်ကူစွာ လုပ်ဆောင်နိုင်သောအရာ မဟုတ်ချေ။ ထို့အပြင် ယခုအခါတွင်မူ သူမ မည်သည့်နေရာ၌ နေထိုင်သည်ကို အတိအကျ သိရှိသွားခဲ့ပြီဖြစ်ရာ ခရီးစဉ်မစ်ရှင်အတွက်လည်း အချိန် ၁၉ ရက်ခန့် ကျန်ရှိနေသေးသည်။
ဇန်ထိုင်မိသားစု စံအိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် ဝမ်ပင်းသည် ၎င်းနှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုတွင် တည်းခိုရန် အခန်းတစ်ခန်း ရှာဖွေလိုက်တော့သည်။
တည်းခိုမည့် ကိစ္စရပ်များ အဆင်ပြေသွားခဲ့ပြီးနောက် ဝမ်ပင်းသည် သူ၏ဘေးနားရှိ လုကျန်းယီကို လှမ်း၍ မေးလိုက်၏။
"ဂိုဏ်းချုပ်လု... မင်း အဲဒီအဘွားအိုအကြောင်း ဘာတွေများ သိထားတာ ရှိလဲဟင်"
လုကျန်းယီက သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ပြောလိုက်သည်။
"ကျွန်တော် သူမအကြောင်း နည်းနည်းပါးပါးတော့ ကြားဖူးတယ်ဗျာာဒါပေမဲ့ သူမက ဖုန်းယွမ်မြို့တော်က ဖြစ်နေလိမ့်မယ်လို့တော့ တကယ် ထင်မထားခဲ့ဘူး။ သူမရဲ့ နာမည်အရင်းက ဇန်ထိုင်ချင်ရွှမ်းလို့ ခေါ်ကြပြီး... အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ ဝဲကရက် မှော်ဆရာတစ်ဦးပါ။ သူမ ဘယ်နေရာမှာပဲ ပေါ်လာပေါ်လာ... သူမနဲ့ သူမရဲ့မြေးမလေး နှစ်ယောက်တည်းပဲ ရှိတတ်တာ။ ဂိုဏ်းချုပ်ဝမ်... မင်းက သူမကို ဝဲကရက်မြေပုံ တစ်ခုလောက် ဖန်တီးခိုင်းဖို့ စိတ်ကူးနေတာတော့ မဟုတ်ဘူးမလား"
ဝမ်ပင်းက ခေါင်းခါယမ်းလိုက်၏။
"ငါက သူမကို မသေမျိုးဂိုဏ်းထဲ ဝင်ခိုင်းချင်တာ"
"ဂိုဏ်းချုပ်ဝမ်က တကယ့်ကို ရည်မှန်းချက် ကြီးမားတာပဲဗျာ။ ဒါပေမဲ့ ဒီကိစ္စကတော့ တကယ့်ကို ခက်ခဲလိမ့်မယ်။ ကြယ်သုံးပွင့်အဆင့် အင်အားစု တော်တော်များများက သူမကို ဆွဲဆောင်စည်းရုံးဖို့အတွက် သံတမန်တွေ စေလွှတ်ခဲ့ကြဖူးပေမဲ့ ဘယ်သူမှ တကယ် အောင်မြင်ခဲ့တာ မရှိဘူးဗျ"
လုကျန်းယီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ဝမ်ပင်းက ခဏမျှ တွေးတောလိုက်ပြီးနောက် ထပ်မံမေးမြန်းလိုက်ပြန်၏။
"သူမက ဘာဖြစ်လို့ ဘယ်အင်အားစုထဲကိုမျှ မဝင်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိတဲ့သူ ရှိလား"
လုကျန်းယီက မတတ်နိုင်ဘဲ ခပ်ဖွဖွ ပြုံးလိုက်မိပြီး "သူမက တကယ့်ကို ထူးဆန်းတဲ့ စရိုက်ရှိတဲ့သူဗျ။ အထူးသဖြင့် သူမရဲ့မြေးမလေးကို အသက်ထက်မက ချစ်မြတ်နိုးပြီး ရူးသွပ်လောက်တဲ့အထိ အလိုလိုက်ထားတာ။ ဝဲကရက် မှော်ဆရာတစ်ဦး ဖြစ်တာကြောင့်လည်း... သူမဟာ တစ်လ နှစ်လလောက်အထိ နေရောင်ခြည်ကို လုံးဝမမြင်ရဘဲ တံခါးပိတ် ကျင့်ကြံလေ့ရှိတယ်။ အင်အားစုအားလုံးကို ငြင်းပယ်ခဲ့ရတဲ့ အဓိက အကြောင်းပြချက်ကတော့ သူမ တံခါးပိတ်နေတဲ့ အချိန်အတွင်းမှာ သူမရဲ့မြေးမလေးရဲ့ အဆင်ပြေချောမွေ့မှုနဲ့ ကျင့်ကြံခြင်းအပိုင်းတွေမှာ သူတပါးရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံရမှာ စိုးရိမ်လို့ပဲ ဖြစ်ရမယ်။ သူမရဲ့ အဖိုးတန်လှတဲ့ မြေးမလေးကို လုံးဝ လက်လွှတ်မခံနိုင်တာပေါ့ဗျာ" ဟု ရှင်းပြလိုက်သည်။
ဝမ်ပင်းက "ဒါက ဘယ်သူမှ မယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်ပဲဗျ။ ဂိုဏ်းချုပ်လု... မင်းဒီထက် ပိုပြီး ခိုင်လုံတဲ့ သတင်းအချက်အလက် တစ်ခုခုကို ပြောပြတာက ပိုကောင်းလိမ့်မယ်" ဟု ဆိုလိုက်၏။
လုကျန်းယီသည် သူတစ်ပါး ကြားသွားမည်ကို စိုးရိမ်သည့်အလား ရုတ်ချည်းပင် သူ၏အသံကို တိုးလိုက်ပြီးမှ လျှို့ဝှက်စွာ ပြောလိုက်တော့သည်။
"ဒါဆိုရင်တော့... ကောလာဟလတစ်ခု ရှိသေးတယ်ဗျ၊ အဲဒါကတော့ သူမမှာ ကိုယ်ပိုင် စည်းမျဉ်းတစ်ခု ရှိတယ်တဲ့။ သူမရဲ့ လက်ထဲမှာရှိတဲ့ သေတ္တာလေးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးနိုင်တဲ့သူ ရှိမှသာ သူမအနေနဲ့ အဲဒီဂိုဏ်းထဲကို ဝင်ရောက်ဖို့အတွက် စဉ်းစားပေးမယ်လို့ ပြောကြတာပဲ"
တစ်ချိန်တည်းမှာပင် အစွန်းရောက်နယ်ပယ်တောင်၌
"မိတ်ဆွေနှစ်ဦးစလုံး... လမ်းခရီးမှာ ဘေးအန္တရာယ်ကင်းရှင်းပါစေဗျာ"
ပိုင်ဖုန်းသည် ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးနှစ်ဦးကို အစွန်းရောက်နယ်ပယ်တောင်အောက်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးနေခဲ့ရင်း "ပူးပေါင်းဆောင်ရွက်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့... မိတ်ဆွေတို့အနေနဲ့ ဂိုဏ်းထဲမှာ စကားကောင်းလေးတွေ အနည်းငယ် ပြောပေးဖို့ မျှော်လင့်ပါတယ်ဗျာ။ အကြီးအကဲစူးဘက်က ဘယ်လိုတောင်းဆိုမှုမျိုးပဲ ရှိရှိ... ကျွန်တော်တို့ အစွန်းရောက်နယ်ပယ်တောင်အနေနဲ့ သေချာပေါက် လိုက်လျောပေးသွားမှာ ဖြစ်ပါတယ်" ဟု ဆိုလိုက်၏။
"အကြီးအကဲစူးက မင်းတို့ဂိုဏ်းရဲ့ ကျင့်ကြံခြင်းဧရိယာကို သေသေချာချာ စစ်ဆေး အတည်ပြုပြီးသွားပြီဆိုရင်တော့... ဆုံးဖြတ်ချက်တစ်ခု သေချာပေါက် ထွက်ပေါ်လာမှာပါ။ အကယ်၍ အခြေအနေတွေက ဝမ်ပင်းပြောခဲ့သလိုသာ တကယ် ချို့ယွင်းချက်တွေ ရှိနေမယ်ဆိုရင်တော့... ကျွန်မတို့ စကားကောင်းပြောပေးတာကလည်း ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မီထျန်းဂိုဏ်းကတော့ စစ်မှန်တဲ့ အရည်အချင်းမရှိတဲ့သူတွေနဲ့ ဘယ်တော့မှ ပူးပေါင်းဆောင်ရွက်လေ့ မရှိလို့ပါပဲ"
ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးက ပြန်လည်ဖြေကြားပြီးနောက် အစွန်းရောက်နယ်ပယ်တောင်အောက်ရှိ လမ်းမပေါ်မှ လူအုပ်ကြီးကြားထဲသို့ အလျင်အမြန်ပင် တိုးဝင်၍ ပျောက်ကွယ်သွားခဲ့ကြတော့သည်။
အစွန်းရောက်နယ်ပယ်တောင် သို့မဟုတ် လင်းမိသားစု စံအိမ်ဆိုသည်မှာ တကယ့်ကို မဆိုးလှသော နေရာတစ်ခု ဖြစ်သည်မှာ မှန်သော်လည်း သူတို့ တောင်းဆိုချက်အရ အထက်အကြီးအကဲထံမှ ရရှိထားသော အမိန့်တော်မှာမူ ရေရှည်ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် အစွန်းရောက်နယ်ပယ်တောင်ကို သူတို့၏ လက်အောက်ခံဂိုဏ်းတစ်ခုအဖြစ် အသွင်ပြောင်းလဲ တိုးချဲ့ရမည်ဟူ၍ပင်။
လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်လာစေရန်အတွက်မူ သူတို့၏ အလုံးစုံသော အခြေခံအုတ်မြစ်မှာ သိသာထင်ရှားလှသော အစွမ်းအစ ရှိနေရန် လိုအပ်သည်။
တပည့်တွေကို မြေတောင်မြှောက်ပေးမယ့် ကျင့်ကြံခြင်းနယ်မြေတစ်ခုတည်းကို ကြည့်ရုံနဲ့တင် သိသာနေတာပဲ...
တကယ်လို့ အဲဒီနေရာမှာ ဝမ်ပင်းပြောသလို ချို့ယွင်းချက်တွေ အများကြီး ရှိနေရင်တော့... နောက်ပိုင်း ပူးပေါင်းဆောင်ရွက်တဲ့အခါ အစွန်းရောက်နယ်ပယ်က ပေါ်လာသမျှ အစွမ်းထက်ကျင့်ကြံသူတွေကို လိုက်ပြီး ပျိုးထောင်ပေးရင်းနဲ့ ငါတို့ မီထျန်းဂိုဏ်းရဲ့ အဖိုးတန်ကုန်ကြမ်းတွေ အလဟဿ ကုန်ဆုံးသွားရုံပဲ ရှိမှာပေါ့...
မီထျန်းဂိုဏ်းအနေဖြင့် ပို၍ အင်အားကြီးမားလာရန် ဆန္ဒရှိသည်မှာ မှန်သော်လည်း ၎င်းမှာ အသုံးမဝင်သော လက်အောက်ခံဂိုဏ်းများကို စည်းကမ်းမရှိဘဲ စုဆောင်းချင်သည်ဟူသော အဓိပ္ပာယ် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအရှေ့အိုင်ဒေသအတွင်း၌ အစွန်းရောက်နယ်ပယ်တောင်သည် အင်အားအကြီးမားဆုံးသော ဂိုဏ်းတစ်ခု လုံးဝ မဟုတ်သေးသောကြောင့်ပင်။
ထို့ကြောင့်ပင် သူတို့အနေဖြင့် အစွန်းရောက်နယ်ပယ်တောင်၏ အခြေအနေကို သေသေချာချာ ပြန်လည်သုံးသပ် အကဲဖြတ်ရန် လိုအပ်သည်။
ထိုအမျိုးသမီးနှစ်ဦး ထွက်ခွါသွားသည်နှင့်တစ်ပြိုင်နက် ပိုင်ဖုန်း၏ မျက်နှာအမူအရာမှာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပြီး သူ၏မျက်ဝန်းအစုံထဲ၌ အေးစက်လှသော လူသတ်ငွေ့များ ထင်ဟပ်လာခဲ့တော့၏။
"ဝမ်ပင်း... အခု ဘယ်မှာလဲ"
သူက သူ၏ဘေးနားရှိ အိမ်တော်ထိန်းကြီးကို လှမ်း၍ ဒေါသတကြီး အော်ဟစ်ကာ မေးလိုက်သည်။
ထိုအသံမှာ မိုးကြိုးပစ်ချလိုက်သည့်အလား ကျယ်လောင်လှသဖြင့်... အထက်တန်း နက်နဲသောအဆင့် ရှိသည့် အိမ်တော်ထိန်းကြီးပင်လျှင် တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး ပျာပျာသလဲဖြင့် ပြန်ဖြေလိုက်ရသည်။
"ကျွန်တော် လွှတ်လိုက်တဲ့သူရဲ့ သတင်းပေးချက်အရဆိုရင်... သူတို့တွေ မြို့ထဲမှာ အခြေချနေထိုင်နေကြပြီဗျ။ အခု ဖုန်းချင်းလမ်းမပေါ်မှာရှိတဲ့ ရှန်လုံတည်းခိုခန်းမှာ ရှိနေကြပါတယ်"
"ကောင်းတယ်... တကယ့်ကို ကောင်းတယ်..."
ပိုင်ဖုန်းသည် ယခုအခါတွင်မူ အမှန်တကယ်ပင် လူသတ်ချင်စိတ်များ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
သူက "ဒါနဲ့... ငါတို့ကို အခွန်လာဆက်တဲ့ အစောင့်အရှောက် လုံယီကော အခု ဘယ်မှာလဲ" ဟု မေးမြန်းလိုက်ပြန်၏။
"လုံယီက အခုလောလောဆယ် စံအိမ်ထဲမှာ ကျင့်ကြံနေပါတယ်ဗျ။ သူ တံခါးပိတ်ကျင့်ကြံနေတာ သုံးရက်ရှိပြီဖြစ်ပြီး... အထက်တန်း နက်နဲသောအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာပါ"
"သုံးရက်တောင် ရှိပြီဆိုတော့... သူ အခုလောက်ဆိုရင် သေချာပေါက် အဆင့်တက်သွားလောက်ပြီ"
"ကျွန်တော် သွားပြီး စစ်ဆေးပေးရမလားခင်ဗျာ"
"မလိုဘူး... ငါကိုယ်တိုင်ပဲ သွားလိုက်မယ်။ မင်းက ဒီကိစ္စရပ်တွေကို သေသေချာချာ ကိုင်တွယ်ထားလိုက်ဦး။ ပြင်ပဂိုဏ်းကိုတော့ အပြင်လူတွေ လွတ်လပ်စွာ ဝင်ထွက်ကြည့်ရှုခွင့် ပေးထားလိုက် ဒါပေမဲ့ အတွင်းဂိုဏ်းထဲက လျှပ်စီးရေကန်ကိုတော့ ဒီအတိုင်း လှမ်းကြည့်ရုံပဲ ခွင့်ပြုထားလိုက်ပါ။ ပါရမီထူးချွန်တဲ့သူတွေကို တွေ့ရင် သေသေချာချာ သတိထားကြည့်ပြီး မိတ်ဆွေဖွဲ့ စည်းရုံးပြီး ဂိုဏ်းထဲကို ချက်ချင်း သွင်းလိုက်"
ပိုင်ဖုန်းသည် ထိုသို့မှာကြားပြီးနောက် အစွန်းရောက်နယ်ပယ်တောင်၏ အတွင်းပိုင်းဆီသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ၎င်း၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသော သုံးထပ်ရှိသည့် ကျောက်စိမ်းအဆောက်အအုံကြီးဆီသို့ အလျင်အမြန် ခြေလှမ်းလှမ်းလာခဲ့တော့သည်။
လက်ရှိအချိန်တွင် ပထမထပ်၏ တံခါးကြီးမှာ တင်းကြပ်စွာ ပိတ်ဆို့ထားဆဲဖြစ်ပြီး ဘေးနားတွင် စောင့်ကြပ်နေကြသော အမျိုးသမီးအစေခံများမှာ ပိုင်ဖုန်း၏ လက်ဝှေ့ယမ်းပြမှုကြောင့် အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာသွားခဲ့ကြ၏။
ပိုင်ဖုန်းက ရှေ့သို့ တိုးသွားလိုက်ပြီး တံခါးကို ခပ်ဖွဖွ ခေါက်လျက် ပြောလိုက်သည်။
"အစ်ကိုလုံ... ကျွန်တော့်မှာ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါဗျာ"
"ဝင်ခဲ့ပါ..."
အတွင်းပိုင်းဆီမှနေ၍ တည်ငြိမ်လှသောအသံတစ်သံ ပြန်လည်ထွက်ပေါ်လာခဲ့၏။
ပိုင်ဖုန်းသည် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် တိုက်ရိုက်ပင် သုံးထပ်မြောက်သို့ တက်လှမ်းလာခဲ့ကာ လိုက်ကာများနှင့်သာ ကာရံထားသော အခန်းတစ်ခန်းထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
ထိုအခန်း၏ အလယ်ဗဟိုတွင်မူ အသက် ၃၀ ထက်မပိုပုံရပြီး ဆံပင်နီနီများနှင့် မျက်မှောင်လေးကုပ်ထားသော သတ်လတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။
"အစ်ကိုပိုင်... ဘာကိစ္စများ ရှိလို့လဲဟင်"
"အစ်ကိုလုံ... ကျွန်တော်တို့ သတ်ပစ်ရမယ့်သူတစ်ယောက် ရှိနေလို့ဗျ"
"ဘယ်သူလဲ..."
"ကြယ်ပွင့်မရှိတဲ့ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းပါ။ သူက ရှန်လုံ ဆုငွေထုတ်ထားတဲ့သူပေါ့ဗျာ။ အစ်ကိုသာ သူ့ကို သတ်ပစ်နိုင်မယ်ဆိုရင်... ဆုကြေးဖြစ်တဲ့ အဖြူရောင်သလင်းကျောက် ၅၀ ရဲ့ ထက်ဝက်ကို အစ်ကို့ကို ပေးပါ့မယ်"
"မင်းက ဒီလိုမျိုး မပြောပလောက်တဲ့ ကိစ္စအသေးအမွှားလေးအတွက်နဲ့ ငါ့ဆီကို တကူးတက လာခဲ့တာလား"
"သူ့ရဲ့ဘေးနားမှာ လုကျန်းယီ ရှိနေလို့ပါဗျာ။ ပြီးတော့ ကျွန်တော်ကလည်း ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အဓိက ကိုင်တွယ်နေရတာမို့လို့... အစ်ကို့ကိုပဲ အားကိုးရတော့မှာပါ"
"ရတယ်... ဒါပေမဲ့ ငါက အဖြူရောင်သလင်းကျောက် အပြား ၅၀ လုံးကို လိုချင်တာ။ ဒီလိုမျိုး ဆုကြေးပိုက်ဆံလိုက်ယူတာက ဘေးထွက်အလုပ် ဖြစ်တဲ့အတွက်... အားလုံးက ငါ့အပိုင်ပဲ ဖြစ်ရမယ်"
"ပြဿနာမရှိပါဘူးဗျာ... အစ်ကို သူ့ကို သတ်နိုင်ရင်ပဲ ရပါပြီ။ သူက အခုလောလောဆယ် ဖုန်းချင်းလမ်းမပေါ်က ရှန်လုံတည်းခိုခန်းမှာ ရှိနေတာမို့လို့ အဲဒီမှာ သွားရှာလို့ ရပါတယ်။ သူက အသက် ၁၈ နှစ်ဝန်းကျင်လောက်ရှိပြီး အဝတ်အစားအဖြူရောင်ကို ဝတ်ဆင်ထားတတ်တယ်။ ကြည့်ရတာတော့ အသက်ရှင်ရတာကို ငြီးငွေ့နေတဲ့ ပုံစံမျိုးပေါ့ဗျာ"
"ဒါနဲ့... လုကျန်းယီကိုကော ငါ သတ်ပစ်ရမလား"
"သူ့ကိုတော့ သင်ခန်းစာတစ်ခုလောက်ပဲ ပေးလိုက်ပါဗျာ သူတို့က ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တာကြောင့်... သူ့ကို သတ်ပစ်လိုက်ရင် ကျွန်တော်တို့ အစွန်းရောက်နယ်ပယ်တောင်အနေနဲ့ ပြန်လည်ရှင်းပြဖို့ တော်တော်လေး ခက်ခဲသွားလိမ့်မယ်"
"ကောင်းပြီ... ငါ လုံယီကလည်း အခုတင်ပဲ အထက်တန်း နက်နဲသောအဆင့်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာဆိုတော့... ငါ့ရဲ့ အစွမ်းအစအသစ်ကို စမ်းသပ်ဖို့အတွက် လက်တွေက တရွရွ ဖြစ်နေတာနဲ့ အတော်ပဲပေါ့။ ငါ မကြာခင်မှာပဲ သူ့ရဲ့ အသက်ကို အဆုံးစီရင်ပေးလိုက်မယ်။ မင်းရဲ့ ကိစ္စတွေကိုသာ မင်း သွားပြီး အာရုံစိုက်ထားလိုက်ပါတော့"
လုံယီက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ရှေ့ရှိ ဓားစင်ဆီသို့ လျှောက်လှမ်းသွားကာ စင်ပေါ်မှ ဓားတစ်လက်ကို ဆွဲယူလျက် ပြင်ဆင်နေခဲ့တော့သည်။
ပိုင်ဖုန်း ထွက်ခွာသွားပြီး မကြာမီအချိန်အတွင်းမှာပင် လုံယီသည်လည်း ထိုကျောက်စိမ်းအဆောက်အအုံကြီး၏ အပြင်ဘက်သို့ ခြေလှမ်းလှမ်းလျက် ထွက်ခွါလာခဲ့တော့သည်။