← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁) မိန်းမပျိုလေး၏ အနမ်း

အရပ်ရှည်ရှည်နှင့် သွယ်လျသော မိန်းမပျိုလေးသည် သစ်သားတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်၍ သူမ၏ ရှည်လျားသော ခြေတံများဖြင့် ခြံဝင်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာသည်။

သူမ လျှောက်လှမ်းလာသည်နှင့်အမျှ သူမ၏ မြင်းမြီးပုံစံ ဆံပင်လေးမှာ စည်းချက်ကျကျ ယိမ်းနွဲ့နေတော့သည်။

မိန်းမပျိုလေး၏ ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေပြီး နွေဦးလေညင်းကို ခံစားနေရသကဲ့သို့ သို့မဟုတ် ရိုမန်တစ်ဆန်သော ဘဲလေးအကကို ကပြနေသကဲ့သို့ပင်ဖြစ်သည်။

ယနေ့တွင် မိန်းမပျိုလေးမှာ စိတ်အလွန်ကြည်နူးနေပုံရပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ပွင့်အာနေသော နှင်းကြာပန်းတစ်ပွင့်ပမာ ဝေဆာနေလေ၏။

ခြံဝင်းအတွင်း၌ အမဲလိုက်ခွေး နှစ်ကောင်မှာ အပြန့်သား လှဲလျောင်းနေကြပြီး တစ်ကောင်မှာ အမည်းရောင်ဖြစ်ကာ အခြားတစ်ကောင်မှာ အဖြူရောင်ဖြစ်သည်။

အမည်းရောင်ခွေးမှာ အရပ်မောင်းကောင်းပြီး ခွန်အားကြီးမားပုံပေါ်ကာ အဖြူရောင်ခွေးမှာလည်း တောင့်တင်းခိုင်မာပြီး ဩဇာတိက္ကမရှိလှသည်။

၎င်းတို့မှာ ကျားများနှင့် ကျားသစ်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသော ကြမ်းတမ်းသည့် ခွေးရိုင်းနှစ်ကောင်ပင် ဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ ထိုအမဲလိုက်ခွေး နှစ်ကောင်သည် မိန်းမပျိုလေး တံခါးတွန်းဖွင့်၍ ဝင်လာသည်ကို မြင်သော်လည်း လှုပ်လှုပ်ရှားရှားမရှိဘဲ ငြိမ်သက်စွာ လှဲလျောင်းနေကြခြင်းပင် ဖြစ်၏။

အမည်းရောင်နှင့် အဖြူရောင် ခွေးနှစ်ကောင်၏ အေးဆေးငြိမ်သက်နေမှုမှာ စောစောက ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သော ပညာတတ်လူငယ်မလေးအား ဆက်ဆံခဲ့သည့် ပုံစံနှင့် လုံးဝကို ကွဲပြားခြားနားနေလေသည်။

အမှန်စင်စစ် မိန်းမပျိုလေး ပေါ်လာပြီးနောက် အဖြူရောင်ခွေး၏ နားရွက်များမှာ အနည်းငယ် လှုပ်ရှားသွားပြီး မတ်တတ်ရပ်ကာ ပန်ကာရွက်ပမာ အမြီးကို တယမ်းယမ်းခါရမ်းလျက် အလွန်ပျော်ရွှင်နေပုံရသည်။

"ပိုင်လုံ လိမ္မာတယ်..."

"ဒီနေ့ အစ်ကိုလီနဲ့ တွေ့ဖို့ရှိတယ် နောက်မှ မင်းနဲ့ ကစားမယ်..."

မိန်းမပျိုလေးသည် ပြုံးလိုက်ပြီး ခါးကိုကိုင်းကာ အဖြူရောင်ခွေး၏ ခေါင်းကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် ၎င်းကို ရှောင်ကွင်း၍ လှေကားထစ်များအတိုင်း တက်ကာ သစ်သားအိမ်လေးထဲသို့ ဝင်ရောက်သွားလေသည်။

မိန်းမပျိုလေးမှာ ထိုအမည်းနှင့် အဖြူရောင် အမဲလိုက်ခွေးနှစ်ကောင်နှင့် အလွန်ရင်းနှီးနေပုံရ၏။

ထိုကြမ်းတမ်းသော ခွေးရိုင်းနှစ်ကောင်မှာ ရိုင်းစိုင်းစွာ ဟောင်ဟမ်းခြင်း၊ ကိုက်ခဲခြင်းတို့မရှိဘဲ ကြောင်ပေါက်စလေးများပမာ ခြံဝင်းအတွင်း၌ ယဉ်ကျေးစွာ လှဲလျောင်းနေကြသည်။

အကယ်၍ ကျိုးချွန်းယန်ဟု အမည်ရသော ပညာတတ်လူငယ်မလေးသာ ခြံဝင်းထဲတွင် ရှိနေသေးပြီး ဤမြင်ကွင်းကို မြင်လိုက်ရပါက အံ့အားသင့်ကာ ဆွံ့အသွားမည်မှာ အသေအချာပင်ဖြစ်သည်။

သူမအား သွားများဖြဲပြကာ ရိုင်းစိုင်းစွာ ဟောင်ဟမ်းခဲ့ကြသော ထိုခွေးရိုင်းနှစ်ကောင်မှာ လုအန်းနာ၏ ရှေ့တွင်မူ ဤမျှလောက် ယဉ်ကျေးသိမ်မွေ့နေပြီး ဖားယားနေကြသည်ပင် ဖြစ်သည်။

ကျိုးချွန်းယန်သာ ထိုနေရာတွင် ရှိနေသေးပါက ဒေါသထွက်ကာ မနာလိုဝန်တိုမှုများဖြင့် ပေါက်ကွဲသွားမည် ဖြစ်၏။

"ဘယ်သူလဲ..."

ခြေသံများကို ကြားလိုက်ရသဖြင့် ခြံဝင်းအတွင်းရှိ လီလန်သည် မျက်မှောင်ကြုတ်သွားသည်။

အခြားတစ်ယောက်ယောက် သူ၏အိမ်သို့ ထပ်ရောက်လာခြင်း ဖြစ်ရမည်။

"ထူးဆန်းတယ် ဟေးလုံနဲ့ ပိုင်လုံတို့ ဘာလို့ မဟောင်ကြတာလဲ..."

လီလန်သည် ချက်ချင်းပင် သိချင်စိတ် ပြင်းပြသွားတော့သည်။

ဟေးလုံနှင့် ပိုင်လုံဟူသော ကော့ကေးရှန်းခွေးများဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေးစနစ်မှာ အလုပ်သပိတ်မှောက်သွားခဲ့လေပြီ။

လူတစ်ယောက်အား ခြံဝင်းအတွင်းသို့ ဤသို့ပင် လွယ်လင့်တကူ ဝင်ခွင့်ပြုလိုက်သည်ပင်။

"အစ်ကိုလီ ကျွန်မပါ..."

လုအန်းနာ၏ နူးညံ့သော အသံလေးမှာ အိမ်ခန်းအတွင်းသို့ ပျံ့လွင့်လာ၏။

"ဆရာမလု..."

လီလန်မှာ အလွန်အံ့အားသင့်သွားလေသည်။

ချက်ချင်းဆိုသလိုပင် အရပ်ရှည်ရှည်နှင့် ချောမောသော လူရွယ်တစ်ဦးသည် တံခါးလိုက်ကာကို မတင်၍ ထွက်လာခဲ့သည်။

သူ၏ မျက်နှာသွင်ပြင်မှာ ပီပြင်ပြတ်သားပြီး မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် ထူးခြားသော သူရဲကောင်းအငွေ့အသက်များ ပါရှိကာ အနည်းငယ် ညိုမည်းသော ကြေးနီရောင် အသားအရေရှိသဖြင့် တောရိုင်းလူပုံစံသားရဲတစ်ကောင်ပမာ ဖြစ်နေလေသည်။

"ဆရာမလု ဘာကိစ္စများရှိလို့ ရောက်လာတာလဲ..."

လီလန်က ပြုံး၍ မေးလိုက်သည်။

လုအန်းနာကို မြင်လိုက်ရသည့်အခါ သူ၏အသံမှာလည်း နူးညံ့သိမ်မွေ့သွားပြီး လုအန်းနာကို ကြည့်သည့် သူ၏ အကြည့်များမှာလည်း အလွန် နူးညံ့ညင်သာနေလေ၏။

သို့သော် တစ်ချိန်တည်းမှာပင် သူက ချက်ချင်း ထူးဆန်းသလို ခံစားလိုက်ရသည်။

ကျိုးချွန်းယန် ထွက်သွားသည်မှာ သိပ်မကြာသေးခင်မှာပင် လုအန်းနာက သူ၏အိမ်သို့ ရောက်လာခဲ့ခြင်းဖြစ်ရာ ဤသည်မှာ တိုက်ဆိုင်လွန်းနေသည်ပင် ဖြစ်သည်။

"ဖြစ်နိုင်တာက..."

လီလန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားတော့သည်။

အံ့အားသင့်မှုများ ပြည့်နှက်နေသော သူ၏ အကြည့်များမှာ အရပ်မြင့်မြင့်ဖြင့် လုအန်းနာထံသို့ ကျရောက်သွားပြီး

"ဆရာမလု ခင်ဗျား အကုန်လုံးကို မြင်လိုက်တာလား..."

အသက်တစ်ချက် ရှူသွင်းပြီးနောက် လီလန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။

"အင်း ကျွန်မ မြင်လိုက်တယ်..."

လုအန်းနာက ကြက်ကလေး ဆန်စေ့ကောက်သကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

"ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး ဟိုကျိုးချွန်းယန်က အတင်းအကျပ်..."

လီလန်က ရှင်းပြရန် ပြင်လိုက်သော်လည်း ရှည်လျားသွယ်လျသော လက်ချောင်းလေးတစ်ခုက သူ၏ နှုတ်ခမ်းများပေါ်သို့ ဖိကပ်လာခဲ့သည်။

"အစ်ကိုလီ ဘာမှမပြောပါနဲ့ ကျွန်မ အကုန်သိပါတယ်..."

လုအန်းနာက သူ့ကို ပြုံးပြကာ ခေါင်းခါလိုက်၏။

ဆောင်းဦးရာသီမှ ရေပြင်ပမာ နူးညံ့နေသော သူမ၏ မျက်လုံးများထဲတွင် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေသည်။

ဘာမှပြောစရာမလိုသလို ဘာမှလည်း မေးစရာမလိုဘဲ သူမ၏ မျက်လုံးများက အဖြေပေးနေခဲ့ပြီဖြစ်သည်။

လီလန်က ခေါင်းညိတ်လိုက်ပြီး သိနေခြင်းက ပိုကောင်းသည်ဟု တွေးလိုက်ကာ လုအန်းနာ အထင်လွဲသွားမည်ကို သူက စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

အိမ်တွင် ပညာတတ်လူငယ်မလေးတစ်ယောက်၏ မြူဆွယ်ခြင်းကို ခံလိုက်ရသည့် ဤကိစ္စအား အခြားတစ်ယောက်ယောက်သာ အမှန်တကယ် မြင်တွေ့သွားပါက မြစ်ဝါမြစ်ထဲ ခုန်ချလျှင်ပင် သူ၏ နာမည်ပျက်ကို ဆေးကြောနိုင်မည် မဟုတ်ချေ။

တွေးကြည့်ရုံမျှဖြင့် လူပျိုနှင့် အပျို၊ မိန်းကလေးက သူမ၏ အဝတ်အစားများကိုပင် ချွတ်ထားပြီး သူတို့နှစ်ယောက်မှာ အလွန်နီးကပ်နေခဲ့ကြရာ လီလန်အနေဖြင့် ဘာမှမလုပ်ခဲ့လျှင်တောင် ရှင်းပြချင်ပါက ဘောင်းဘီပေါ်သို့ ရွှံ့များ ပေကျံသွားသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး မစင်မဟုတ်သော်လည်း မစင်ကဲ့သို့ပင် ဖြစ်နေမည်ဖြစ်သည်။

"ဆရာမလု..."

လီလန်က စကားဆက်ပြောရန် ပြင်လိုက်သည်။

သို့သော် လုအန်းနာက အရှေ့သို့ ကိုင်းညွတ်လာပြီး သူ၏ ပါးပြင်ကို ဖြည်းညင်းစွာ နမ်းရှိုက်လိုက်တော့သည်။

အနမ်းပေးပြီးနောက် သူမသည် ရှက်သွေးဖြာသွားပုံရကာ မျက်နှာလေးမှာ နီရဲလာပြီး

"အစ်ကိုလီ ကျေးဇူးတင်ပါတယ်..."

လုအန်းနာက အလွန်ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။

"ဟင်..."

လီလန်မှာ လန့်သွားလေသည်။

"ဘာအတွက် ကျေးဇူးတင်တာလဲ..."

သူ၏ရှေ့တွင် ရပ်နေသော ပညာတတ်လူငယ်မလေး လုအန်းနာသည် ခေါင်းကို မော့ကာ သူ့ကို ဆွဲဆောင်မှုရှိသော အပြုံးလေးတစ်ခု ပြုံးပြလိုက်သည်။

"ကျွန်မ မပြောပြဘူး..."

"အစ်ကိုလီ ကျွန်မ သွားတော့မယ်..."

လုအန်းနာသည် သူ့ကို လက်ပြနှုတ်ဆက်လိုက်ပြီး မျက်တောင်လေး ခတ်ပြကာ နောက်ပြောင်သည့် အပြုံးလေးတစ်ခု ပြုံးပြလိုက်ပြီးနောက် ခြံဝင်းထဲမှ ခြေလှမ်းသွက်သွက်ဖြင့် ပြေးထွက်သွားလေတော့သည်။

လီလန်သည် အနမ်းခံလိုက်ရသော သူ၏ ညာဘက်ပါးပြင်ကို ကိုင်ရင်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိ၏။

ဆရာမလုက သူ့ကို နမ်းရန်အတွက်သက်သက် ဤအထိ လာခဲ့ခြင်းပင်ဖြစ်မည်။

သို့သော် အလွန်လျင်မြန်စွာပင် လီလန်က ပြုံးလိုက်သည်။

သူနှင့် လုအန်းနာတို့ကြားရှိ မှုန်ဝါးဝါး ပြတင်းပေါက်စက္ကူလေးမှာ ထိုအနမ်းကြောင့် ဖောက်ထွင်းခံလိုက်ရပုံပေါ်လေသည်။

ရှက်တတ်သော မိန်းမပျိုလေးတစ်ယောက်သည် သူမ၏ ချစ်ခြင်းမေတ္တာကို အမြဲတမ်း ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် ဖော်ပြတတ်ပြီး ထင်ပေါ်ကျော်ကြားစွာ သို့မဟုတ် ကြီးကျယ်ခမ်းနားသော ဟန်ပန်များဖြင့် မဟုတ်ဘဲ လှပသော ပန်းတစ်ပွင့်ကို ခူးယူကာ သင့်ကို ပေးကမ်းခြင်းမျိုးဖြင့်သာဖြစ်သည်။

အရသာအရှိဆုံး ပန်းသီးတစ်ကိုက်ကိုလည်း သင့်အတွက် သူမက ချန်ထားပေးတတ်သည်။

ဥပမာအားဖြင့် သင်က နာရီတစ်လုံးဝယ်ချင်သည်ဟု ပြောပြီး သူမတွင် ပိုက်ဆံမရှိပါက သူမ၏ ဆံပင်၊ ရှည်လျားပြီး မည်းနက်ကာ တောက်ပနေသော ဆံပင်များကို ပေါင်နှံ၍ ငွေလုံလောက်အောင် စုဆောင်းကာ သင်ကြိုက်သော နာရီကို ဝယ်ပေးမည်ဆိုခြင်းမျိုးဖြစ်၏။

မိန်းမပျိုလေးတစ်ယောက်၏ ချစ်ခြင်းမေတ္တာသည် တဖြည်းဖြည်း ကြီးထွားလာတတ်ပြီး သစ်ပင်များစီတန်းနေသော လမ်းကလေးပေါ်သို့ နေရောင်ခြည် ကျရောက်လာသကဲ့သို့ ပထမတွင် အနည်းငယ်…ထို့နောက် နောက်ထပ် အနည်းငယ်နှင့် ထပ်၍ထပ်၍ အနည်းငယ်စီ…

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်တော့ ထိုချစ်ခြင်းမေတ္တာများသည် ရေအပြည့်ဖြည့်ထားသော ခွက်တစ်ခွက်ပမာ လျှံကျလာပြီး ထိန်းချုပ်၍မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

သင်က တစ်စုံတစ်ယောက်ကို သဘောကျမိသောအခါ သူတို့ကို သိစေချင်သော်လည်း အရာအားလုံးကိုတော့ အသိပေးချင်မည် မဟုတ်ပေ။

ဖြည်းဖြည်းချင်းစီက ပိုကောင်းလေသည်။

တောင်ပေါ်မှ စီးဆင်းနေသော ရေများကဲ့သို့ပင် အလောတကြီး လုပ်ရန်မလိုဘဲ တဖြည်းဖြည်းချင်း စီးဆင်းနေရုံသာ...အဆုံးတွင်တော့ အရာအားလုံး အဆင်ပြေသွားမည့် နေ့တစ်နေ့ ရောက်လာပေလိမ့်မည်။

ခြံဝင်း၏ အပြင်ဘက် နံရံနားတွင်။

ချွေးများရွှဲနစ်ကာ ပြေးထွက်လာသော လုအန်းနာကို မြင်လိုက်ရသည့်အခါ နံရံနားတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော တုံယွီရှုက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အန်းနာ နင် ဘာဖြစ်လာတာလဲ နင့်မျက်နှာက ဘာလို့ ပန်းသီးနီလေးလို ဖြစ်နေတာလဲ..."

လုအန်းနာသည် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ရှက်ရွံ့စွာဖြင့် မေးလိုက်၏။

"ဟုတ်လို့လား..."

"ဟုတ်တယ် နင့်ဘာသာနင် စမ်းကြည့်ပါလား နင် ဖျားနေတာလား..."

တုံယွီရှုက စိုးရိမ်တကြီးဖြင့် မေးလိုက်ပြီး လုအန်းနာ၏ နဖူးကို စမ်းကြည့်ရန် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လက်လှမ်းလိုက်လေသည်။

သို့သော် လုအန်းနာက လိမ္မာပါးနပ်စွာ ရှောင်တိမ်းလိုက်သည်။

လုအန်းနာက စကားကို ထစ်အစွာဖြင့် ပန်ကာတစ်လက်ပမာ ခေါင်းခါရမ်း၍ ပြောလိုက်၏။

"ဟင့်အင်း မဖျားပါဘူး..."

"ငါ.. ငါ ဘာမှမဖြစ်ပါဘူး..."

အိမ်အမိုးအောက်တွင် ခြေဖျားထောက်ကာ လီလန်၏ မျက်နှာကို ဖြည်းညင်းစွာ နမ်းရှိုက်ခဲ့သည်ကို တွေးမိရုံဖြင့်ပင်…

လုအန်းနာ၏ မျက်နှာမှာ ပို၍ပင် နီရဲလာတော့သည်။

"ငါ ဘာတွေလုပ်နေတာလဲ..."

"ငါ ဘယ်လိုလုပ် အဲ့လောက်တောင် ရဲတင်းသွားရတာလဲ..."

"တကယ်ပဲ တကယ်ပဲ နမ်း... နမ်းလိုက်မိတာလား..."

"အစ်ကိုလီက ငါ့ကို ပေါ့ပျက်ပျက်နိုင်တယ်လို့ ထင်သွားမလား..."

"သူက ငါ့ကို ကျိုးချွန်းယန်လိုမျိုးလို့ ထင်သွားမလား..."

"ဒုက္ခပါပဲ အရမ်း ရှက်စရာကောင်းတာပဲ..."

"အစ်ကိုလီကို ငါ ဘယ်လို မျက်နှာပြရတော့မလဲ..."

လုအန်းနာသည် ပါးပြင်များကို ဖုံးအုပ်ကာ မျက်လုံးများကို ပိတ်ထားလိုက်ပြီး သူမ၏ စိတ်ထဲတွင် ကစဉ့်ကလျား ဖြစ်နေတော့သည်။

"အန်းနာ…. အန်းနာ..."

"အန်းနာ နင် အဆင်ပြေရဲ့လား..."

တုံယွီရှုက သူမကို ဖက်လိုက်ပြီး လုအန်းနာ၏ ကျောကို ဖြည်းညင်းစွာ ပွတ်သပ်ပေးလိုက်သည်။

"ယွီရှု ငါ.. ငါ ထင်တာကတော့..."

လုအန်းနာက ရှက်ရွံ့စွာ ခေါင်းငုံ့ကာ စကားထစ်အစွာဖြင့် ပြောလိုက်၏။

"ဟင်..."

တုံယွီရှုက မျက်မှောင်ကြုတ်ကာ သူမကို ထူးဆန်းသလို ကြည့်လိုက်သည်။

"ငါ ချစ်မိသွားပြီထင်တယ်..."

လုအန်းနာ၏ မျက်လုံးများမှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ကျောက်ဘိုင်တောင်တန်းပေါ်တွင် ပွင့်အာနေသော အဖြူရောင် နှင်းကြာပန်းတစ်ပွင့်ပမာ အလွန် လှပနေတော့သည်။

All Chapters